မဲဆောက် လွှဲငွေပမာဏ သိန်းပေါင်းများစွာ ကျဆင်းသွား


နိုင်ငံခြားငွေဈေးများ ကျဆင်းမှုကြောင့် ထိုင်းမြန်မာနယ်စပ် မဲဆောက်ဒေသရှိ မြန်မာအလုပ်သမားများ နေရပ်သို့ ငွေပြန်ပို့သည့် ပမာဏမှာ တလအတွင်း ကျပ်သိန်းပေါင်း ၂၀၀၀ ကျော် ကျဆင်းသွားခဲ့ကြောင်း မဲဆောက်ရှိ ငွေလွှဲဆိုင်များက ပြောသည်။

mae-sot-mm-kyats

မြန်မာအလုပ်သမား ၂ သိန်းခန့်ရှိသည့် မဲဆောက်ဒေသတွင် မြန်မာနိုင်ငံ ဒေသအနှံ့သို့ အိမ်တိုင်ရာရောက် ငွေလွှဲ ပေးပို့သော လုပ်ငန်း ၄၀ ခန့်ရှိနေပြီး လုပ်ငန်းတခုလျှင် လစဉ် အနည်းဆုံး မြန်မာငွေ ကျပ်သိန်း ၁၀၀ ခန့်ကို လွှဲပေးရသည်ဟု ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူ ကိုအောင်က ပြောသည်။

“ကျနော်တို့လုပ်ငန်းက မြန်မာ အလုပ်သမားတွေအတွက် အဓိက အကျိုးဆောင် ပေးတာပါ။ ဒီလဆန်းက စပြီး မြန်မာငွေ ဈေးက တက်လာလိုက်တာ အရင်ကကျပ် ၁၀၀ ကို ၃ ဘတ်ကနေ အခုထိုင်းဘတ် ၄. ၁ အထိ ဖြစ်သွားတော့ ငွေမပို့နိုင်ကြတော့ဘူး။ မလွှဲမဖြစ်တဲ့ လူတွေပဲ ပို့ကြတော့ ဒီလဆိုရင် ငွေပို့တဲ့လူ ထက်ဝက်လောက်ကို နည်းသွားတယ်” ဟု သူက ဆိုသည်။

ယခင် လလယ်ခန့်မှ စတင်ဈေးတက်ခဲ့သည့် မြန်မာငွေဈေးမှာ ယခုလလယ်တွင် အနည်းငယ် ပြန်လည် ကျ ဆင်း လာသော်လည်း ယနေ့ မဲဆောက် – မြ၀တီ နယ်စပ်ကုန်သွယ်ရေး မြန်မာငွေ ပေါက်ဈေးမှာ ကျပ် ၁၀၀ လျှင် ၃. ၈၂ ဘတ်ရှိသည်။

မဲဆောက်ရှိ တီကေဖက်ရှင် အထည်ချုပ်စက်ရုံမှ မသန်းသန်းက “အိမ်ကိုတလ ကျပ် ၁ သိန်းခွဲ လစဉ်ပို့တယ် အရင်လက ၁ သိန်းကို ဘတ် ၃၀၀၀ စွန်းရုံလေးပဲ။ ဒီလမှာ လစာထုတ်ပြီး ငွေပို့မယ်လုပ်တော့ ၁ သိန်းကို ဘတ် ၄၁၀၀ ဖြစ်သွားတော့ ကျမကော၊ စက်ရုံက တခြားလူတွေပါ မပို့ဖြစ်တော့ဘူး” ဟု ပြောသည်။

မြန်မာငွေဈေး တက်နေသောကြာင့် ထိုင်းဘက်သို့ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ သစ်တော ထွက်ကုန်များနှင့် ချည်ထည်များ တင်ပို့နေသည့် လုပ်ငန်းများကို မြန်မာကုန်သည်များ ရပ်နားထားကြပြီး ရေရှည် လုပ်ကိုင်နေသည့် လုပ်ငန်းတွင် မိတ်မပျက်စေရေး အတွက် မပို့မဖြစ်သည့် ကုန်ပစ္စည်း တချို့ကိုသာ တင်ပို့နေသည်ဟု ရေထွက်ကုန်ပစ္စည်း တင်ပို့သည့် မြန်မာ ကုန်သည် တဦးက ရှင်းပြသည်။

မြန်မာငွေဈေး မြင့်တက်မှုကြောင့် မဲဆောက် – မြ၀တီ နယ်စပ်ကုန်သွယ်ရေးအရ နှစ်ဘက် အပြန်အလှန် ကုန်စည်တင်ပို့မှုမှာ ယခုလ ၅ ရက်နေ့မှ စတင်၍ ထက်ဝက်ကျော် ကျဆင်းသွားသည်ဟု ထိုင်း လှေဂိတ် ပိုင်ရှင်တဦးက ပြောသည်။

၎င်းက “မြန်မာကုန်ပစ္စည်းတွေ မ၀င်တော့ ထိုင်းကုန်တွေလည်း မထွက်ဘူး။ ကျနော့်ဂိတ်မှာ မြန်မာဘက်ကို ပစ္စည်းပို့တဲ့ စက်လှေကြီး ၁၅ စင်းရှိတယ်။ အခု ပစ္စည်းမပို့ရတာ ၂ ပတ်ရှိပြီ။ လှေ ၄ စင်းပဲ လူအကြိုအပို့နဲ့ မြန်မာ ကုန်သည်တွေ မ၀ယ်မဖြစ် ၀ယ်နေကြတဲ့ ကုန်ပစ္စည်းတချို့လောက်ကို ပို့နေရတယ်။ အရင်ကဆို လှေ ၁၅ စင်း နားချိန်ကိုမရှိဘူး” ဟု ပြောသည်။

မြန်မာကုန်သည်များ မဖြစ်မနေ၀ယ်ယူနေရသည့် ထိုင်းပစ္စည်းများမှာ မော်တော်ယာဉ်နှင့် ဆိုင်ကယ် အပိုပစ္စည်းများ၊ စားသုံးဆီ၊ ဟင်းချိုမှုန့် အပါအ၀င် စားသောက်ကုန် တချို့ဖြစ်ကြောင်း သိရသည်။

မြန်မာအာဏာပိုင်များက ထိုင်းမြန်မာ ချစ်ကြည်ရေး တံတား တစင်းဖြစ်သော မြဝတီ – မဲဆောက် တံတားကို ယမန်နှစ် ဇူလိုင်လယ်ခန့်မှ စတင်၍ အကြောင်းပြချက်မပေးဘဲ ပိတ်ထားခဲ့ပြီးနောက် နှစ်နိုင်ငံကြား ကုန်သွယ်ရေး ကျဆင်းခဲ့သည်။

ချစ်ကြည်ရေး တံတား မပိတ်ခင်ကာလက ထိုင်း-မြန်မာ ကုန်သွယ်မှုတန်ဖိုးသည် တနှစ်လျှင် အမေရိကန် ဒေါ်လာ ၄ ဒဿမ ၃ ဘီလီယံရှိပြီး မြန်မာက ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်ရှိကာ ထိုင်း နိုင်ငံမှ မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ တလလျှင် ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိခဲ့သည်ဟု သိရသည်။

နယ်စပ် ဖြတ်ကျော်သည့် ချစ်ကြည်ရေးတံတား ပိတ်ထားခဲ့သောကြောင့် ထိုင်းကုန်သည်ကြီးများ ဘက်မှ ဘတ် သန်းပေါင်းများစွာ နစ်နာခဲ့ရသော်လည်း စက်လှေဆိပ်များမှ တဆင့် ထိုင်း ကုန်ပစ္စည်းများ တင်ပို့မှု တန်ဖိုးသည် တလလျှင် ဘတ် သန်း ၇၀၀ ဖိုးခန့် ရှိခဲ့ကြောင်း၊ ယခု မြန်မာငွေဈေး တက်ခြင်းကြောင့် ကုန်ပစ္စည်း စီးဆင်းမှု ကျဆင်းကာ တလလျှင် ဘတ် သန်း ၃၀၀ ဖိုးခန့်သာ တင်ပို့ရတော့ကြောင်း ထိုင်းကုန်သည်ကြီး တဦးက ပြောသည်။

“မြန်မာငွေ ၁၀၀ ကို ထိုင်း ၃ ဘတ်လောက်အထိ ကျသွားမှပဲ အားလုံးပုံမှန်ပြန်ဖြစ်မယ်” ဟု သူက ဆိုသည်။

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

%d bloggers like this: