ပွင့်သောပန်းတိုင်း မွှေးစေချင်
‘‘ကလေးတွေ ပညာသင်ယူမည့် စာသင်ကျောင်းသည် ပန်းကလေးများ ဖူးပွင့်ရမည့် ဥယျာဉ်နှင့် တူရမည်’’(ဂျာမန်ပညာ ရှင်တစ်ဦး) ‘‘ကလေးများအား အကောင်းဆုံး ဆောင်ရွက်ပေးကြရန် လူသားတိုင်းတွင် တာဝန်ရှိသည်’’(ကုလသမဂ္ဂ ကလေးများအခွင့်အရေး ကြေညာစာတမ်းမှ)
‘‘ပညာခေတ်’’ ကိုရေးပါဆိုတော့ ရေငတ်တုန်းရေတွင်းထဲကျတာလား၊ စူဠလိပ်ကို ရေထဲလွှတ်လိုက်တာလားလို့ ပြန်မေးယူရတယ်။ ကိုယ်တိုင် နှစ်ပေါင်း ၂ဝ ကျော် ပညာရေးဌာနမှာ တာဝန်ထမ်းဆောင်ဖူးတာဆိုတော့ ပညာရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတာပေါ့။ ဒါပေမဲ့ အမြင့်ပိုင်းမဟုတ်ဘူး။ ကျောင်းဆရာစလုပ်စဉ်ကတည်းကလည်း မူလတန်းပြနဲ့စခဲ့တာဆိုတော့ မူလတန်းပညာရေးကိုပဲ ခုချိန်အထိ စိတ်ပါနေဆဲ။
ဒီတော့ ကိုယ်ကျင်လည်ခဲ့ဖူးရာ ဒေသတွေဆီ တစ်ခေါက်ပြန်သွားရင်း ကိုယ်တာဝန်ထမ်း ဆောင်စဉ်က အခြေအနေတွေနဲ့ လက်ရှိအခြေအနေတွေကိုပြန်ပြီး ထင်ဟပ်ကြည့်ချင်စိတ်တွေပေါ်လာတယ်။ ခု ကျွန်တော်တင်ပြမယ့် အချက်တွေဟာ ရန်ကုန် -ညောင်လေးပင်တဝန်း အဆင့်ဆင့်ခရီးသွားရင်း မိတ်ဟောင်းတွေဟောင်းတွေနဲ့လည်း ပြန်ဆုံ စကားလက်ဆုံတွေပြော၊ သူတို့ရင်တွင်း ဖြစ် ဝေဒနာလို့သတ်မှတ်ရမှာထက် စေတနာစကားတွေကို တစ်ဆင့်ပြန်ပြီး ဖောက်သည်ချလိုက်တာလို့ ဆိုနိုင်ပါတယ်။
ခရီးစဉ်အစ ကျပ်တန်တွေ
ထုံးစံအတိုင်း ကိုယ့်ခေတ်တုန်းကလို ကားလမ်းဘေးမှာ မနက်တိုင်းကားတားစီးနေကြတဲ့ ဆရာမလေးတွေရှိသေးသလား ဆိုပြီး အချိန်ကိုက်ထွက်ခဲ့တယ်။ သေချာတယ် သူတို့ကတော့ လမ်းတလျှောက်မှာ ရှိနေဆဲ။ ဆရာတွေကို ကားသမားတွေက အမျိုးမျိုးသောဝေါဟာရသစ်တွေနဲ့ နှိမ့် ချဆက်ဆံခဲ့ကြတာ ခုထိရှိနေတုန်းပါ။ ကျွန်တော်စီးလာတဲ့ကားက စပယ်ယာကတော့ ‘‘ဆွဲ ဆရာ ကျပ်တန်တွေ’’ တဲ့လေ။ ဒီခေတ်မှာ သူတို့ဝေါဟာရက တစ်ရာကို တစ်ကျပ်လို့သတ်မှတ်ခေါ်နေကြတာဆိုတော့ တစ်ရာဆိုပြီး မတင်တာပဲလို့ ကျွန်တော် အလွယ်နားလည်လိုက်ပါတယ်။
ခေတ်အဆက်ဆက် ‘‘ကြိမ်ခွေ’’ ‘‘ခဲမူးစေ့’’ ‘‘ကာလာ’’ တွေဆိုပြီး သူတို့ကို သင်ခဲ့တဲ့ဆရာ တွေကို သူတို့အမျိုးမျိုး စော်ကားခဲ့ကြပြီးပြီ။ ခုလည်း ‘‘ကျပ်တန်’’ တဲ့။
ခရီးစဉ်တစ်လျှောက် လူတိုင်း အနီးဆုံးခရီးကို စီးရင်တောင် နှစ်ရာကျပ်တောင်းပါတယ်။ သူတို့ကို ဘာကြောင့် မတင်ချင်ရတာလဲ။
‘‘နှစ်ရာဆို နှစ်ရာလည်း ပေးစီးကြတာ မဟုတ်ဘူး။ ကားပေါ်ရောက်မှ ငါးဆယ် ပေး တစ်ရာပေးနဲ့ ဦးနှောက်စားတယ်။ ဒါကြောင့် မတင်တာဘဲ ကောင်းတယ်’’တဲ့။ ဆရာတွေက စပယ်ယာတွေကို ဦးနှောက်သွားပြီးစားအောင်လုပ်တာ ဘာကြောင့်များပါလိမ့်။
ဦးနှောက်စားစေသူများ
မနက် ၇ နာရီပဲရှိသေးတယ်။ လမ်းဆုံမှာ ချမ်းတုံရင်း ကားတားဖို့တာစူနေကြပြီ။ ကားတားစီးသူတွေဟာ များသော အားဖြင့် ဆရာမတွေ များတယ်။ ဆရာတွေကိုသိပ်ပြီး မတွေ့ရဘူး။ ဆရာဦးရေ တဖြည်းဖြည်း နည်းပါးလာတာကြောင့်လား။ ဆရာတွေ ကားတွေ ဆိုင်ကယ်တွေ စီးနိုင်လို့များလား။
‘‘ဆရာတွေ ကားထွက်တားရင် ဘယ်ကားကရပ်ပေးမှာလဲ။ သူတို့လိုက်ချင်တယ်ဆိုတာတောင် သစ်ပင်ကွယ်လေးတွေမှာ ပုန်းခိုင်းထားရတယ်။ ကားရပ်မှ ပြေးတက်လေ’’ တဲ့။
ကျွန်တော်လည်း စိတ်မကောင်းလက်စနဲ့ ဘာကြောင့် ကားတားပြီးစီးရတာလဲ။ ဖယ်ရီစီးပါလား။ ဂိတ်စကနေ လိုင်းကား သွားစီးပါလားလို့ မေးကြည့်မိတော့ သူတို့အဖြေက ‘‘မစီးနိုင်လို့’’ ဆိုတာနဲ့ အချုပ်ပြောလိုက်လို့ရတယ်။
မူလတန်းပြဆရာတစ်ဦးရဲ့လစာဟာ တစ်ထောင်မပြည့်ဘူး။ မူလတန်းကျောင်းအုပ်ကြီးတစ်ယောက်ရဲ့လစာက တစ်ထောင် စွန်းစွန်း။ ‘‘ကျွန်တော်တို့ တစ်ပတ်ကို ကျောင်းငါးရက်တက်ရတယ်။ တစ်ရက်ကို လိုင်းကားစီးရင် အသွားနှစ်ရာ အပြန်နှစ်ရာ။ တစ်နေ့ လေးရာကုန်မယ်။ တစ်လကို ရက်ပေါင်း နှစ်ဆယ်ကျောင်းတက်ရတော့ ကားစရိတ်ကချည်းပဲ တစ်လရှစ်ထောင်။ ကျွန်တော်ရတဲ့လခနဲ့ မိသားစုဘယ်လိုလုပ်ကြမလဲ။ ဒါပေမယ့် ကျွန်တော်တို့ တစ်ရက်မပျက်ဘူး။ ဖြစ်အောင်သွားရတယ်’’။ ဒါက မူလတန်းကျောင်းအုပ်ကြီးရဲ့ ရင်ဖွင့်သံ။
‘‘ကျွန်မတို့ကတော့ ကားခပေးစီးရမယ်ဆိုရင် တကယ်မစီးနိုင်တာ။ ဒါကြောင့် စောစောထ၊ လမ်းဆုံထွက်၊ ကားတား၊ အသနားခံ။ ကြာတော့လည်း မရှက်တော့ပါဘူး။ တစ်ပြားမှမကုန်ဘဲ ကျောင်းရောက်တော့ မကောင်းဘူးလား။ လိုင်းကားတွေက ရပ်တင်ရင်တောင် အနည်းဆုံး တစ်ရာလောက်ပေးရမှာဆိုတော့ အလကားတင်တဲ့ကားတွေကိုပဲ အားကိုးနေကြရတယ်။ လူလိုနားလည်ပြီး စာနာစိတ်နဲ့တင်သွားတာတွေ အများကြီးရှိတယ်။ လူစိတ်မရှိဘဲ မဆဲရုံတမယ် အပြောခံရတာတွေလည်းရှိတော့ ရှိတာပေါ့။ ဒါပေမယ့် ကျွန်မတို့က နာတာရှည်တွေလေ။ ရိုးနေပြီ။ ’’ ဆရာမလေးတစ်ယောက်ရဲ့ ရယ်ရယ်မောမောပြောလိုက်တဲ့စကားမှာ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတဲ့ နာသုံးနာကို ရည်ညွှန်းပြီး နာတာရှည်တွေလို့ သုံးလိုက်တော့ စိတ်ထဲနင့်သွားမိတာတော့အမှန်။
ကျွန်တော် ပျဉ်ပုံရွာလောက်အရောက်မှာ ဆရာတစ်ယောက်နဲ့ ဖယ်ရီကိစ္စ မေးကြည့်မိ တယ်။
‘‘၁၉၉၇ လောက်အထိ သက်ဆိုင်ရာက စီစဉ်ပေးသေးတယ်။ နောက်ပိုင်းတော့ မရှိတော့ဘူး။ အရင်ကဆိုရင် အနောက်ပိုင်းဆို ထုံးကြီးလောက်အထိ၊ အရှေ့ပိုင်းဆိုရင် ပျဉ်ပုံလောက်အထိ ဝန်ထမ်းဖယ်ရီတွေစီစဉ်ပေးတော့ အဆင်ပြေတယ်။ အောက်မကျရဘူးပေါ့။ ခုတော့ မနက် မိုးလင်းရင် ကျောင်းလာဖို့ဆိုတာ စွန့်စားခန်းတစ်ခုကို ထွက်လာရသလိုပဲ’’ တဲ့။
ကျွန်တော်ကားပေါ်မှာ ကျောင်းသွား ကျောင်းပြန်ကိစ္စနဲ့ပဲ ရွာလည်ချင်သလိုလိုဖြစ်သွားတယ်။ ရှေ့မဆက်ချင်တော့လောက်အောင် ဖြစ်သွားတာကိုပြောတာပါ။ တစ်လကို ရတဲ့လစာနဲ့ ခရီးစရိတ်တင် ကုန်သလောက်ဖြစ်နေကြတော့ ကျွန်တော်သိချင်တဲ့ မိသားစုကိစ္စတွေ၊ စားဝတ် နေရေးကိစ္စတွေကို သူတို့ဘယ်လို ဖြေရှင်းကြပါလိမ့်ဆိုတဲ့ အတွေးနဲ့ တစ်ခါက သွားလာခဲ့ဖူးတဲ့ ကျောင်းလေးတွေဆီကို ခရီးဆက်ခဲ့တယ်။
ပညာခေတ်ရဲ့မြင်ကွင်းသစ်
ဒီဒေသတွေကို လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ကရောက်ရင် ယိုင်နဲ့နဲ့ ပြိုလုလု မူလတန်း ကျောင်းလေးတွေကိုပဲတွေ့ရလိမ့်မယ်။ ကျွန်တော်ကျင်လည်ခဲ့ဖူးတဲ့ ဒေသတွေဖြစ်လို့ လယ်ကွင်း တွေရဲ့ဘေး၊ တောအုပ်လေးတွေရဲ့အလွန်မှာ ရှိတတ်တဲ့ စာသင်ကျောင်းလေးတွေဟာ ခုတော့ အုတ်တိုက် တစ်ထပ်ကျောင်းသစ်လေးတွေ၊ ခြေတံရှည်သစ်သားဆောင် သွပ်မိုးတွေနဲ့ ဖြစ်ကုန်ပြီ။ ရောက်တဲ့ ဒေသအတော်များများမှာ မူလတန်းကျောင်းတွေ အတော်လေး သစ်လွင်လာရုံမျှမက မူလတန်းလွန် ကျောင်းတွေ၊ အလယ်တန်းကျောင်းတွေ၊ တွဲဘက်အထက်တန်းတွေအထိ မယုံကြည် နိုင်လောက်အောင် တိုးတက်မှုတွေကို ပီတိဖြစ်ခဲ့မိတာ အမှန်။
‘‘အစိုးရက ငွေချပေးတယ်။ ဒီကျောင်းဆောက်တော့ စုစုပေါင်း သိန်း ၂ဝ လောက်ကုန်သွားတယ်။ အစိုးရက ၁ဝ သိန်းပေးတယ်။ ရွာက ကျန်တဲ့ ၁ဝ သိန်းထည့်ဝင်ရတယ်။ ရွာကထည့်ဝင်ရတဲ့ ၁ဝ သိန်းဆိုတာလည်း သစ်တွေလှူကြ၊ သွပ်တွေ လှူကြ လုပ်အားတွေလှူကြဆိုတော့ သိပ်ပြီးတော့ မသိသာလှဘူး။ တစ်ခုပဲရှိတယ်။ အစပဲ။ အစမပျိုးပေးရင် ခုလောက်ထိ ဖြစ်လာမှာကို မဟုတ်ဘူး။ နိုင်ငံတော်ကနေ ငွေ ၁ဝ သိန်းတောင်ချပေးတယ်ဆိုတော့ ယုံတောင်မယုံဘူး။ တကယ်လုပ်တော့လည်း ကြည့်ဦးလေ ကျောင်းကြီးကပြီးသွားတာပဲ’’ ဒီစကားကိုပြောနေတဲ့ ကျေးရွာက ကျောင်းကော်မီတီ လူကြီးတစ်ယောက်ရဲ့ မျက်နှာဟာ နေရောင်ထဲမှာ ပီတိဖြာနေတာတော့အမှန်။
ကျွန်တော် သတိထားမိသလောက် မူလတန်းကျောင်းလေးတွေ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ၁၉၉၅ ခုနှစ်လောက်ကတည်းက အတော်လေးလှုပ်ရှားဆောင်ရွက်လာခဲ့ပါတယ်။ ဌာနဆိုင်ရာက ငွေလုံးငွေရင်းစိုက်ထုတ်ပေးပြီး ရပ်ကျေးတွေကပြည်သူတွေကလည်း ပူးပေါင်းထည့်ဝင်ပြီး ကျောင်းဆောက်လုပ်ရေးတွေ နယ်ဘက်မှာ အတော်လေးခေတ်စားလိုက်တယ်။ မဖြစ်ဖြစ် အောင် လုပ်ရမယ်ဆိုတဲ့ တွန်းအားတွေ၊ စိတ်ဓာတ်တွေနဲ့ နောက်ဆုံး အကောင်အထည်ဖော်လာခဲ့ကြတယ်။
ဒီကြားထဲမှာ အဓိကပြဿနာတွေကို ရင်အဆိုင်ရဆုံးကတော့ ကျောင်းအုပ်ကြီးတွေပေါ့။ ဌာနဆိုင်ရာက ကျောင်းအုပ်ကြီးတွေကို ငွေအပ်နှံတယ်။ ကျောင်းအုပ်ကြီးတွေက ရပ်ကျေးတွေပြန်ပြီး ကော်မီတီတွေဖွဲ့ စုပေါင်းလုပ်၊ ပူးပေါင်းလှုပ်ရှားစနစ်နဲ့ လက်တွေ့အကောင်အထည်ဖော်ခဲ့ကြရတာပါ။ ဒီနေရာမှာ မပါးနပ်တဲ့၊ မကိုင်တွယ်တတ်တဲ့၊ စည်းရုံးရေးညံ့တဲ့သူတွေကြောင့် မည်သို့ပင် အခက်အခဲရှိတယ်ဆိုပေမယ့် တစ်ယောက်မကောင်း တစ်ယောက်ပြောင်းပြီးတော့ လက်တွေ့အကောင်အထည်ဖော်ရေးကိုပဲ ဦးတည် ဆောင်ရွက်ခဲ့တာတွေလည်း ရှိခဲ့တယ်။
‘‘ကျွန်မတို့ကို ငွေတွေပုံပေးပြီး ကျောင်းဆောက်ခိုင်းတော့ အစပိုင်းမှာ အတော်လေး စိတ်လှုပ်ရှားရတာပေါ့။ ကျောင်းဆောက်ဖို့ နေနေသာသာ ခုံတောင် သံရိုက်တတ်တာမှမဟုတ်တာ။ နောက်ဆုံးတော့ စည်းရုံးရေးအဓိကဆိုတာ သိလာတယ်။ လုပ်တတ်ဖို့မလိုပါဘူး။ ဦးဆောင်တတ်ဖို့ပဲလိုတယ်ဆိုတာ တကယ့်လက်တွေ့မှာ သိလာရတယ်။ ကျွန်မကတော့ အဘတို့ ရေ ကျွန်မကို ကူပါဦးဆိုလိုက်တာနဲ့ ရွာလူကြီးတွေ ပျာယာခတ်ကုန်ပြီ’’ ဒါကတော့ မူလတန်းဆရာမကြီးတစ်ယောက်ရဲ့ ပြောဆိုချက်ပါ။
အတွင်းနဲ့အပြင် အထင်နဲ့အမြင်
ကျွန်တော်သင်ကြားရေးကို စိတ်ဝင်စားသူတစ်ယောက်ပါ။ အထူးသဖြင့်တော့ သင်ရိုးညွှန်းတန်းတွေရဲ့အခြေအနေ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ ကျော်တုန်းက သင်ရိုးညွှန်းတန်းတွေနဲ့ အခုဘာတွေ ကွဲပြားသွားပြီးလဲ။
‘‘ကျွန်တော်ကတော့ ချဉ်ပတ်အိုးကြီးနဲ့တူနေတယ်လို့ ထင်တယ်။ ပညာရေးမှာ အချဉ် ပေါက်နေတဲ့ သင်ရိုးကြီးကို ကျွန်တော် တို့ ခုထိသင်နေကြရတုန်းပဲ။ စာပိုဒ်လိုက်၊ စာကြောင်းလိုက် ပြောင်းလဲမှုလေးတွေ အနည်းငယ်လောက်ပဲ ရှိတယ်။ ခေါင်းစဉ်လောက်ပြောင်းပြီး အကြောင်းအရာပိုင်းလောက်မှာ ပြောင်းလဲမှုတွေသိပ်မရှိဘူး။ ခေတ်ကို အိုင်တီခေတ်လို့ပြောနေတယ်။ သင်ရိုးထဲမှာ ကလေးတွေအတွက် ကွန်ပျူတာဆိုတာ ဘာလဲဆိုတာလောက်တော့ အခြေခံကစပြီး ရှင်းပြတာတွေ ခုထိမပါသေးဘူး။ သင်ရိုးတွေကို ခေတ်နဲ့အမီ ပြင်ဆင်ဖို့ လိုပြီလို့ထင်တယ်’’ သင်ကြားရေးကိုစိတ်ဝင်စားတဲ့ မူလတန်းကျောင်းအုပ်ကြီးတစ်ယောက်ရဲ့ ရင်ဖွင့်စကားပါ။
ကျောင်းသင်ခန်းစာမှာ အမှားလေးတွေလည်း အများကြီးရှိနေသေးတယ်။ ပြင်ဆင်လေ အမှားမကင်းလေပဲ။ ‘‘စတုတ္ထတန်း မြန်မာစာဖတ်စာထဲက ရွှေတိဂုံစေတီတော်ထဲမှာ ‘ကမ္ဗည်း’ဆိုတဲ့ စာလုံး တစ်လုံးပါတယ်။ သတ်ပုံကျမ်းထဲမှာက ‘ကမ္ပည်း’ လို့ ဖြစ်နေတယ်။ ခုထိမပြင်သေးဘူး။ နောက်တစ်ချက်က ပထမတန်းမြန်မာဖတ်စာမှာ ၂ဝဝ၃ ခုနှစ်လောက်ကအထိ ကောက်စိုက်ပြိုင်ပွဲ ကျင်းပသည်ဆိုတဲ့ စာတန်းကိုထည့်ထားတယ်။ ဒီနှစ်ကျတော့ ကောက်ရိတ်ပြိုင်ပွဲကျင်းပသည်ဆိုပြီး ဖြစ်သွားတယ်။ ဘယ်တုန်းက ပြောင်းလိုက်မှန်းမသိတော့ ကျွန်မတို့က ‘စိုက်’ နဲ့သင်နေတာပေါ့။ ကျောင်းသားတွေက ‘ရိတ်’ ဆိုပြီးထထောက်လိုက်မှ ကျွန်မတို့ လည်း စာအုပ်အသစ်ကို ပြန်ယူကြည့်မိပြီး ပြင်လိုက်ရတယ်’’ ဒါကတော့ မူလတန်းသင်နေတဲ့ ဆရာမလေးတစ်ယောက်ရဲ့ ဆွေးနွေးချက်ပါ။
သင်ကြားရေးနဲ့ ပတ်သက်ပြီး ခုခေတ်မှာ ဆရာအတတ်သင်တန်းဆင်း ဆရာတွေများတယ်။ ကျောင်းတစ်ကျောင်းက ဆရာများရဲ့ ပညာရေးအခြေအနေပြဇယားကိုကြည့်လိုက်ရင် ဘွဲ့ရတွေ၊ ဆရာဖြစ် လက်မှတ်ရတွေများတာကြောင့် အရည်အသွေးကတော့ ပြောစရာမလိုပါဘူး။ ကျွန်တော်လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်လောက်က ဆရာဘဝအတွေ့အကြုံမှာ ကကြီး၊ ခခွေးသင်တော့ ဋသန်လျင်းချိတ် အရောက်မှာ ဘယ်လိုရေးရမှန်းမသိတော့ ဆက်ပြီး မသင်နိုင်တော့လို့ နောက်နေ့မှ ဆက်သင်မယ်လို့ ရှက်ရှက်နဲ့ ပြောခဲ့ရတဲ့အဖြစ်မျိုးတွေ ခုချိန်မှာမရှိနိုင်တော့ဘူးလေ။ တစ်ချိန်တုန်းက ဆရာရှားပါးချိန်ဆိုတော့ ဆရာဖြစ်ပြီးမှ ဆရာအတတ်ကို ပြန်သင်ကြရတဲ့အချိန် ဖြစ်ခဲ့တာကိုး။
ဒါတောင် ကျွန်တော့်နားနဲ့ ဆတ်ဆတ်လေးကြားလိုက်ရတဲ့ အမှားတစ်ခုကတော့ ဆရာမလေးတစ်ဦးက ‘‘သရရစ်အော’’ ဆိုပြီး ‘‘ဩ’’ အက္ခရာကို သင်ချလိုက်တာပါ။ ကျောင်းအုပ်ကြီးကတော့ ‘‘ဈေးကို သဝေထိုးစလုံးယပင့်ဇေ ဆိုပြီး ပေါင်းတာတွေ၊ ဈမျဉ်းဆွဲလို့ မခေါ်တတ်တာတွေ အများကြီးရှိသေးတယ်။ လက်တွေ့မှာ စိတ်ဝင်စားပြီး သင်ခန်းစာကို ကြိုတင်ပြင်ဆင်ခဲ့ရင်တော့ ဒီလိုအမှားမျိုးမရှိနိုင်ပါဘူး’’ လို့ထောက်ပြသွားတယ်။
ဒီအချိန်မှာ ကျွန်တော်က ကျောင်းနံရံမှာချိတ်ထားတဲ့ ပညာတန်ဆောင်ကားချပ် တစ်ခုဆီကို မျက်စိရောက်သွားမိတယ်။ ပုံပြခေါင်းစဉ်တစ်ခုမှာ ‘‘အဟာရ’’ လို့ထင်ရှားစွာ ရေးထားပါလား။ ကျွန်တော်က ဆရာကြီးကို ဇဝေဇဝါနဲ့ အမှန်လား အမှားလားလို့ ပြန်မေးယူရတယ်။ ‘‘မှားတာပေါ့ဗျ။ အမှန်က ‘အာဟာရ’ ဖြစ်ရမှာ။ အဲဒါ ပေါ့ဗျ အမှားတွေကို မြင်ပါများရင် အမှန်ဖြစ်သွားမှာ စိုးရိမ်ရတယ်’’။ ဒါဆို ဆရာကြီးတို့ မချိတ်ပဲထားလိုက်ပါလားလို့ ဆိုလိုက်တော့ ‘‘ပညာတန်ဆောင်က ထုတ်ပေးတဲ့ ကားချပ်တွေက မချိတ် ပြန်ရင်လည်း အပြစ်ဗျ။ ချိတ်ဆိုတော့လည်း ချိတ်လိုက်တာ ကောင်းပါတယ်လေ’’ တဲ့။
သင်ကြားရေးဆိုတာ
ကျောင်းအုပ်ကြီးရုံးခန်းထဲမှာ စီမံချက်တွေ လျာထားချက်တွေကို ကားချပ်တွေနဲ့ ရောင်စုံ မျဉ်းတွေ လိုင်းတွေဆွဲပြီး ဖော်ပြထားချက်တွေက စိတ်ဝင်စားစရာပါ။ သင်ကြားရေးကားချပ်တစ်ခုမှာ တစ်ပတ်စာသင်ချိန်ကို ဒီလိုဖော်ပြထားတာတွေ့လိုက်ရတယ်။
မြန်မာစာ ၇ ချိန်
အင်္ဂလိပ်စာ ၈ ချိန်
သင်္ချာ ၉ ချိန်
လူမှုရေး ၈ ချိန်
အထွေထွေသိပ္ပံ ၆ ချိန်
ဘဝတွက်တာကျွမ်းကျင်စရာ ၁ ချိန်
စာရိတ္တနှင့်လောကနီတိ ၁ ချိန်
သက်မွေးပညာ ၁ ချိန်
ကာယပညာ ၂ ချိန်
ရသပညာ ၁ ချိန်
ကျောင်းလုပ်ငန်းဆောင်ရွက်မှု ၁ ချိန်
ဖော်ပြခဲ့တာတွေကတော့ မူလတန်းကျောင်းသားတစ်ဦးအတွက် တစ်ပတ်သင်ကြားပေးမယ့် သတ်မှတ်ချက်အချိန်ဇယား ဖြစ်ပါတယ်။ စုစုပေါင်း တစ်ပတ်စာသင်ချိန် ၄၅ ချိန်၊ နာရီပေါင်း ၂၆.၁၅ နာရီ၊ တစ်နှစ်စာသင်ချိန် ၁၆၂ဝ ချိန်နဲ့ တစ်နှစ်စာသင်ချိန် နာရီပေါင်း ၉၄၅ နာရီရှိတယ်လို့လည်း သိရတယ်။
ကျောင်းသင်ဘာသာရပ် ၅ ဘာသာအပြင် အခြား ၆ ဘာသာကို တွဲပြီးသင်ကြားကြရတာဖြစ်ပေမယ့် ကျန်တဲ့ အခြား ဘာသာရပ်တွေမှာ တစ်ပတ်သင်ချိန် အတော်လေးနည်းတာကိုတွေ့ရတယ်။ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ကို အခြားဘာသာရပ်တွေထဲမှာ ဘာကိုသင်ရတာအကြိုက်ဆုံးလဲလို့ မေးကြည့်တော့ ဘဝတွက်တာကျွမ်းကျင်စရာကို သင်ရတာအကြိုက်ဆုံးလို့ဆိုပါတယ်။
‘‘အားလုံးကို ဘာတွေသင်ရမယ်ဆိုတာ သတ်မှတ်ချက်တွေ ပြဋ္ဌာန်းထားတာတွေ ရှိတယ်။ ဒါပေမဲ့ ကျောင်းသင်ရိုးကိုပဲ အဓိကထားသင်ကြတာများတယ်။ အချို့ဆရာတွေဆိုရင် အခြားဘာသာရပ်တွေကို မသင်တတ်ဘူးလို့တောင် ပြောကြတယ်။ စာရိတ္တနဲ့ လောကနီတိဆိုရင် ကျွန် တော်တို့က ငယ်ငယ်ကတည်းက ပြည်သူ့နီတိ သင်လာတာဆိုတော့ ကျောင်းမှာပြဋ္ဌာန်းထားတာတွေအပြင် ကလေးတွေကို ဘာပြောရမယ်ဆိုတာ သိတယ်။ ကလေးတွေစာရိတ္တကောင်းဖို့ ပုံပြင် လေးတွေပြောပြပါလားဆိုတာတောင် မနည်းခိုင်း နေရတယ်’’ လို့ ဆရာကြီးကေ ပြာပါတယ်။
ဆရာနဲ့ကျောင်းသား အချိုးညီမှုဆိုတာ
ကျွန်တော် မူလတန်းနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရကထုတ်ပြန်ထားတဲ့ စာရင်ဇယားတစ်ခုမှာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ မူလတန်းကျောင်းသားဦးရေ ၅ဝ၇၆၄၈၂ ယောက် ဆရာ ဦးရေ ၁၆၃၆ဝ၂ ယောက် လို့ တွေ့လိုက်ရပါတယ်။ မူလတန်းမှာရှိတဲ့ ဆရာနဲ့ ကျောင်းသားအချိုးဟာ (၁း၃၂) လို့ ဖော်ပြထားပါတယ်။
ကျွန်တော်ရောက်ခဲ့တဲ့ မူလတန်းကျောင်းကြီးတစ်ကျောင်းရဲ့ ကျောက်သင်ပုန်းပေါ်မှာကတော့
ကျောင်းသား ၇၉၉ ယောက်
ဆရာ ၁၃ ယောက်
ဆရာ အချိုး ကျောင်းသား (၁း ၆၆.၅၈) လို့ တွေ့လိုက်ရပါတယ်။
ကျွန်တော်ရောက်ခဲ့တဲ့ မူလတန်းလေးတွေဟာ များသောအားဖြင့် ကျောင်းလေးတွေဖြစ်ပါတယ်။ ကျောင်းသား ၁ဝဝ ဝန်းကျင်ခန့်နဲ့ ဆရာက ကျောင်းအုပ်ကြီးအပါအဝင် အများဆုံး ၃ ဦးလောက်သာဖြစ်နေတာများတယ်။ စာရင်းဇယားထုတ်ပြန်ချက်တွေနဲ့ အမှန်တကယ်နှုန်းတွေက ထက်ဝက်လောက် ကွာခြားနေတာနဲ့ပတ်သက်ပြီး ကျွန်တော်က စူးစမ်းကြည့်တော့
‘‘လက်ရှိ အကောင်အထည်ဖော်ခိုင်းနေတာက CCA လို့ ခေါ်တဲ့ ကလေးဗဟိုပြုသင်ကြားရေး။ ကျောင်းမှာ ဆရာက နှစ်ယောက် သုံးယောက်လောက်နဲ့ ဘယ်လိုမှ အကောင်အထည်ဖော်လို့ မဖြစ်နိုင်ဘူး။ ကလေးဗဟိုပြုသင်ကြားရေးဆိုတာ ကလေးတွေကို သင်လည်းသင်နိုင်ရမယ်။ ကလေးတွေကို မပြတ်အကဲဖြတ်တာတွေ လုပ်ပေးနေမှရမယ်။ ခုစာသင်ခန်းတွေရဲ့ အနေအထား က မြင်တဲ့အတိုင်းပဲ။ Hall type ဆိုတော့ အားလုံးကိုမြင်နေရတာ။ အာရုံစူးစိုက်မှုရအောင် မနည်းလုပ်ရတာတစ်မျိုး၊ ဝန်းကျင်ကို ငြိမ်အောင်ထိန်းရတာတစ်မျိုးဆိုတော့ အခက်အခဲလေးတွေရှိတယ်။ နောက်ပြီး သူငယ်တန်းကနေ စတုတ္ထတန်း အထိဆိုတော့ စာသင် ခန်း ၅ ခန်းခွဲ ထားရတယ်။ ငါးခန်းမှာ ဆရာငါးယောက်ရှိနေရင် ပြဿနာမဟုတ်ဘူး။ ဆရာနှစ်ယောက်လောက်နဲ့ တစ် ကျောင်း လုံးကို ထိန်းဖို့ဆိုတာကတော့ သိပ်မလွယ်ဘူး။ မလွယ်ဘူးပြောတာနော်။ မဖြစ်နိုင်ဘူးလို့ ပြောတာမဟုတ်ဘူး။ ဖြစ်အောင် လုပ်လာကြရတာ နှစ်ပေါင်းမနည်းတော့ဘူး’’ ကျောင်းအုပ်ဆရာမကြီးက သူရင်ဆိုင်ခဲ့ရတာတွေကို ပွင့်လင်းစွာပြောပြသွားတာပါ။
သင်ကြားနည်းစနစ်တွေဟာ အမျိုးမျိုးပြောင်းခဲ့ပါတယ်။ ဆရာဗဟိုပြုသင်ကြားရေးစနစ်ကနေ ကျောင်းသားဗဟိုပြုသင်ကြားရေးဆီကို အကောင်အထည်ဖော်နေတာ ကျွန်တော်ပညာရေးဌာနမှာ အမှုထမ်းစဉ်ကတည်းက ဖြစ်ပါတယ်။ ဒီစနစ်အောင်မြင်ဖို့အတွက်က ဆရာကျောင်းသားအချိုးဟာ သိပ်ပြီးအရေးကြီးတယ်။
ပဲခူးမြို့ပေါ်က နာမည်ကြီးကျောင်းကြီးတစ်ကျောင်းမှာဆိုရင် နှစ်စဉ်သူငယ်တန်း အပ်ရတဲ့ပြဿနာဟာ မိဘတိုင်းရင်ဆိုင်နေရတဲ့ သားသမီးပညာတတ်စေလိုတဲ့ ဒုက္ခတွေထဲမှာ တစ်ခုအပါအဝင်ပါ။ ဒီကျောင်းကိုမှ မအပ်ရရင် ပညာမတတ်တော့ဘူးလို့များ သတ်မှတ်နေရော့လားမသိ။ နည်းမျိုးစုံနဲ့ သူငယ်တန်းကိုလက်ခံလိုက်ကြတော့ သူငယ်တန်း လေးခန်း၊ တစ်ခန်း ကျောင်းသား ၈ဝ ဆိုပြီးဖြစ်ကုန်တယ်။ ဒီလိုကျောင်းမျိုးမှာ သူငယ်တန်းကလေး ၈ဝ ကို ဆရာတစ်ယောက်က ဘယ်လိုလုပ်သင်ကြပါသလဲ။
‘‘စာသင်ခန်းထဲမှာ ကြပ်နေတာတော့ အမှန်ပဲ။ လေးယောက်ထိုင်ခုံတစ်ခုံဆိုရင် ၆ ယောက် ၇ ယောက်လောက်ထိုင် ကြရတယ်။ ကြမ်းပေါ်မှာမှောက်ပြီး စာရေးဖို့ဆိုတာ နေရာလွတ်တောင်မရှိဘူး။ သင်ကြားရေးကတော့ ပြဿနာမရှိဘူး။ ဒီကျောင်းမှာ ထားဖို့ဆိုတာ မူကြိုတွေမှာကတည်းက အားလုံးသင်ရိုးတွေကျေလာမှရတယ်။ သူငယ်တန်းဆိုပြီး ဝလုံးရေးတတ်အောင်သင်နေရတာမျိုး ဒီကျောင်းမှာမရှိဘူး။ အခြေခံ အရေးအဖတ်တွေကတော့ ကလေးတွေက အပျော့’’ သူငယ်တန်းမှာ ထမင်းလာပို့တဲ့ မိဘတစ်ဦးနဲ့ တွေ့ဆုံခိုက် မှတ်သားလိုက်ရတာပါ။
ဒီလိုစာသင်ခန်းမျိုးနဲ့ ဒီလိုကျောင်းမျိုးတွေကျတော့ ကလေးဗဟိုပြုသင်ကြားရေးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ကျောင်းကကြီး၊ နာမည်ကကြီး၊ မိဘတွေကအပြိုင်အဆိုင်ဆိုတော့ ဒီကျောင်းရဲ့ မူလတန်း ဗဟိုပြုစနစ်ဟာ Parents centre ဖြစ်လောက်ပါတယ်။
စာမေးပွဲမရှိ အကျမရှိဆိုတော့
ကျွန်တော်တို့က စာမေးပွဲနဲ့ကြီးပြင်းလာ။ စာမေးပွဲနဲ့ပဲ ဘွဲ့တွေရလာဆိုတော့ စာမေးပွဲစနစ် မရှိတော့ဘူးလို့ ပြောသံကြား လိုက်ရချိန်မှာ အတော်လေးနားမလည်နိုင်လောက်အောင် ဖြစ်သွားရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မေးကြည့်ဖူးတယ်။
‘‘စာမေးပွဲမရှိ အကျမရှိစနစ်ဆိုတာ တကယ်ကောင်းတာ အမှန်ပဲ။ ဒါပေမဲ့ ခံယူချက်တွေ လုပ်နိုင်စွမ်းတွေ အများကြီးလိုတယ်။ တကယ်သင်နိုင်ရင် တကယ်အကဲဖြတ်မှုတွေလုပ်နိုင်ရင် သိပ်ပြီးလေးစားစရာကောင်းတယ်။ ကျောင်းသားကများ၊ အရည်အသွေးမရှိသူတွေကသင်၊ အစဉ် အလာနဲ့ စနစ်သစ်ကို သဘောမပေါက်၊ ဆရာတွေကမလုံလောက်လို့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး’’ ပညာရေးဝန်ထမ်းတစ်ဦးရဲ့ မှတ်ချက်ပါ။
မူလတန်းကျောင်းအုပ်ကြီးတစ်ယောက်ရဲ့ မှတ်ချက်ကတော့ ‘‘စာမေးပွဲမကျရဖူးဆိုတာကို မိဘတွေက ဘယ်လိုခံယူကြ တယ်တော့ မသိဘူး။ သတ္တိရှိရင် သူတို့သားသမီးတွေကို ချကြည့်ဆိုပြီး စိန်ခေါ်သလိုလိုလုပ်လာကြတယ်။ ကလေးတွေမှာ ဉာဏ်ရည် အနိမ့်အမြင့် ကွာခြားချက်တွေရှိတယ်။ အချို့လည်း အသက်တွေလိမ်ပြီး ကျောင်းလာအပ်ကြလို့ စောစီးစွာမခံယူနိုင်မှုတွေ အများ ကြီးရှိတတ်တယ်။ ဒီနှစ်မှာ သင်လို့မရပေမယ့် နောက်နှစ်တွေမှာ အဆင်ပြေသွားသူတွေလည်းရှိတယ်။ ဉာဏ်ရည်ချို့တဲ့လို့ အတန်း ချထားချင်တယ်။ ဒါပေမယ့်စနစ်က တတ်အောင်သင် အတန်းတင်ပေးဆိုတော့ လုပ်ရကိုင်ရတာ အများကြီးခက်တယ်’’ လို့ ညည်းညူသွားပါတယ်။
ကလေးတွေကို စာမေးပွဲမချရတာကြောင့် ပြန်လည်ကုစားတာတို့၊ ပြန်လည်သင်ကြားတာတို့ လုပ်ပေးကြရပါတယ်။ ဆိုလိုတဲ့သဘောက စာသင်နှစ်တစ်နှစ်မှာ အကဲဖြတ်စစ်ဆေးခြင်း (စာမေးပွဲမဟုတ်လို့ ပြောပါတယ်) ၅ ကြိမ်လောက် လုပ်ပေးကြရတယ်။ နောက်ဆုံးတော့ ပျှမ်းမျှအမှတ်ကို ၅ နဲ့ပြန်စားပြီး အမှတ်ပေး။ အတန်းတင်ပေးကြရတယ်။ ကျောင်းသားတစ်ယောက်က သတ်မှတ်ထားတဲ့ အမှတ်ကိုမပြည့်ဘူး၊ ကျောင်းပျက်ရက်တွေလည်းများနေတယ်ဆိုရင် သူ့ကို ဘယ်လိုကုစားကြပါသလဲ။
‘‘ထုံးစံအရကတော့ နွေရာသီ ကျောင်းပိတ်ရက်အတွင်း ပြန်ခေါ်ပေါ့။ ပြီးတော့ သူ့တစ် ယောက်တည်းဖြစ်စေ၊ သတ်မှတ်ထားတဲ့ အရည်အသွေးမပြည့်သူတွေအားလုံးကိုဖြစ်စေ ပြန်ခေါ်ပြီး ပြန်သင်ပေးကြရတယ်။ ကိုယ်ပိုင်နားရက်လေးတွေမှာ ဒီလိုလုပ်ပေး ကြတဲ့အထိ အခြအနေတွေ က ဖြစ် မဖြစ်ဆိုတာ ကျွန်မလည်း သိပ်သိချင်တာပဲ’’ လို့ ကျွန်တော့်အမေးကို ဆရာမလေးတစ်ဦးက အမေးနဲ့ပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။
ကျွန်တော်က ခု ဒီစာမေးပွဲမရှိ အကျမရှိဆိုတဲ့စနစ်ကို ကြိုက် မကြိုက် ကျောင်းအုပ်ကြီးတွေကို မေးကြည့်လိုက်တော့ သူတို့က ဘယ်လိုပြန်ပြောတယ်ထင်ပါသလဲ။
‘‘မကြိုက်သည်ဖြစ်စေ ကြိုက်သည်ဖြစ်စေ နိုင်ငံတော်ကချမှတ်ထားတဲ့ ပေါ်လစီတစ်ခုကို ကျွန်တော်တို့က တာဝန်ကျေပွန် အောင်လုပ်ပေးရမှာပဲဗျ။ အဲတစ်ခုပြောချင်တာက အခုအဲဒီစနစ် မရှိတော့ပြန်ဘူးတဲ့။ ၆ လပတ်နဲ့ အတန်းတင်စစ်ရမယ်ဆိုပြီး ဖြစ်နေပြန်ပြီ’’
‘‘ကျွန်တော်တို့ကတော့ စာမေးပွဲစနစ်နဲ့ဖြစ်ဖြစ် ၊ ဘာစနစ်နဲ့ဖြစ်ဖြစ် ကျောင်းသားတွေအတွက် တကယ်အကျိုးရှိနိုင်မယ့် စနစ်တွေကို ထိထိရောက်ရောက်ပြဋ္ဌာန်း ထိထိရောက် ရောက်လုပ်နိုင်မယ်ဆိုရင် ကောင်းမယ်ထင်တာပဲ။ ကျောင်းသားတွေအဖို့ကတော့ သူတို့ကြောက် စရာ မရှိတော့ဘူးဆိုတော့ ဆရာတွေကိုတောင် မလေးစားချင်သလိုလို ဖြစ်လာကြတယ်။ မိဘတွေက ငါ့သားသမီး ပညာတတ်တာ မတတ်တာကို သိပ်ပြီးအလေးမထားတော့ဘူး။ နှစ်ကုန်ရင် သူတို့သားသမီးတွေအတွက် အတန်းတင်ပေး စာရင်းထုတ်ပြန်လိုက်ရင် လာကြည့်ဖော်တောင်မရတော့ဘူး။ တက္ကသိုလ်ဝင်တန်းမှာ စာမေးပွဲစနစ်ရှိနေပြီး အောက်ခြေမှာ စာမေးပွဲမရှိဘူးဆိုတာကိုက တစ်ခုခုလိုနေသလိုလို ဟာနေသလိုလိုဖြစ်နေတယ်။ ကျောင်းတက်ရင် ဘာချည်းပဲဖြစ်နေနေ တစ်နှစ် တစ်တန်းတက်သွားမှာပဲဆိုတဲ့ အမြင်ကတော့ မကောင်းဘူးဗျာ’’တဲ့။
ကျောင်းသုံးစာအုပ်ဆိုတာ
ကျွန်တော်တို့ မူလတန်းအဆင့်လောက်တုန်းက ကျောင်းဖွင့်တော့မယ်ဆိုတာနဲ့ အမေက ဈေးထဲက ဦးမာရဂျမ်းဆိုတဲ့ ကုလားဆိုင်ကိုသွားပြီ။ အောင်စာရင်းမှာ နာမည်ပါရင် သူငယ်တန်း အောင် နှစ်တန်းအတွက် ပြဋ္ဌာန်းစာအုပ်တွေအားလုံး သူ့ဆိုင်မှာ ရောက်နေပြီ။
အချိန်မရွေး ရာသီမရွေး ဝယ်ချင်တဲ့အချိန်ဝယ်လို့ရတယ်။ ဈေးလည်း တင်ရောင်းတာမရှိဘူး။ တစ်အုပ်တစ်ကျပ် ရောင်းတဲ့စာအုပ်ဟာ ကျောင်းမဖွင့်မီဝယ်ဝယ်၊ နှစ်ကုန်ကာနီးဝယ်ဝယ် ဒီဈေးပဲ။ ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ကျောက်တံ၊ ကျောက်သင်ပုန်း၊ ကွန်ပါဗူးစတဲ့ ကျောင်းသုံးစာအုပ် စာရေးကိရိယာမှန်သမျှ နီးစပ်ရာကုန်စုံဆိုင်ကြီးတွေမှာ ဝယ်လို့ရတယ်။
ကျောင်းသုံးစာအုပ်နဲ့ စာရေးကိရိယာတွေကို နောက်ပိုင်းမှာ ကုန်သွယ်ရေးကနေကိုင်တယ်။ ဒီအထိလည်း ပြဿနာ သိပ်မရှိသေးဘူး။ ကိုယ့်ကျောင်းအတွက် လိုအပ်တဲ့စာအုပ်နဲ့ပစ္စည်းတွေကို ကျောင်းနဲ့ ကုန်သွယ်ရေး တိုက်ရိုက်ဆက်ဆံဝယ်ကြရတာဖြစ်လို့ ကျောင်းဖွင့်စရာသီအချိန်လေးမှာပဲ ဆရာတွေနည်းနည်းအလုပ်ရှုပ်လိုက်ကြရတယ်။ လက်ငင်းငွေပေး ပစ္စည်းယူစနစ် ဖြစ်တာကြောင့် အန္တရာယ်ကင်းတယ်။ ဆရာတွေလည်း နှစ်သက်ကြသေးတယ်။
လက်ရှိကတော့ ရည်ရွယ်ချက်ကောင်းပြီး မထိရောက်ဘူးလို့ ဆရာအများစုက ဝေဖန်သုံးသပ်ကြတယ်။
‘‘ကျောင်း နောက်ထပ်စာသင်နှစ်အသစ်ကိုမရောက်မီ နောက်နှစ်မှာဖြစ်နိုင်တဲ့ ကျောင်းသားခန့်မှန်းကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးတွေဆီ တင်ပြကြရတယ်။ ကျွန်တော်တို့မှာ အဲဒါ ပြဿနာ။ ကျောင်းသားဆိုတာက ကိုယ်ခန့်မှန်းထားသလောက် ဖြစ်ချင်မှ ဖြစ်လာနိုင်တာ။ အကျမရှိစနစ်ကြောင့် ဒီနှစ်သုံးတန်းအောင်တဲ့သူတွေဟာ နောက်နှစ်လေးတန်းတက်မှာပဲလို့ ပုံသေပြောလို့ မရဘူး။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်သွားတာတွေ၊ ကျောင်းပြောင်းသွားတာတွေ အများကြီးရှိနိုင်တယ်။”
“နောက်တစ်ချက်က သူငယ်တန်း ဘယ်နှယောက်ဝင်မယ်ပြောလို့မရဘူး။ ကိုယ်က ခန့်မှန်းတင်လိုက်ရင် အဲဒီခန့်မှန်းစာရင်းအတိုင်း စာအုပ်တွေယူရတယ်။ လိုတိုးပိုလျှော့ လုပ်လို့မရတာကြောင့် ပိုရင်အလကားပဲဆိုပြီး လျှော့မှာလိုက်ပြန်ရင် ကလေးတွေများလာလို့ ကိုယ်က ဘယ်မှာ စာအုပ်ရှာပေးရမှန်းမသိ ဖြစ်ကုန်တယ်။ စာအုပ်တွေကတော့ အလုံအလောက် ပေးတယ်။ မှာရင် မှာသလောက်ရတယ်။ ဒါပေမယ့် ပေးတဲ့အချိန်နဲ့ ဆရာကြီးတွေက တာဝန်ယူပြီးထိန်းသိမ်းရတာ သိပ်ကိုအန္တရာယ်ကြီးတယ်။ ဘာကြောင့်လဲဆိုတော့ နွေရာသီမှာကတည်းက စာအုပ်တွေကို ကျွန်တော်တို့ သက်ဆိုင်ရာကနေ သွားထုတ်ထားရတယ်။ ပထမအခက်အခဲက ထိန်းသိမ်းရတဲ့ပြဿနာ။ ကျောင်းမှာထားရင်လည်း အခိုးခံရရင်ဆိုတာ ထည့်တွက်ထားရတယ်။ ဒီတော့ ကိုယ့်အိမ် သို့မဟုတ် နီးစပ်တဲ့ ဆရာ ဆရာမတစ်ဦးဦး အိမ်မှာ သွားသိမ်းထားရတယ်’’
‘‘နောက်ပြဿနာက ကျောင်းမဖွင့်မီ စာအုပ်တွေ ရောင်းရတယ်။ ဌာနက ကိုယ့်ကိုအကြွေးပေးထားလို့ သိန်းနဲ့ချီပြီး စာအုပ်တွေကို ထိန်းထားရပေမယ့် ကိုယ်က ကလေးတွေကို ပြန်ပြီးစာအုပ် ဖြန့်ရာမှာ လက်လီစိတ်ရတာတွေ၊ ငွေမပြည့်လို့စောင့်ရတာတွေ၊ ပျောက်တာတွေ၊ စာအုပ်လိုလာတာတွေ အများကြီးရင်ဆိုင်ရတယ်။ အဆိုးဆုံးကတော့ ကျုပ်တို့က ငွေကြေးသိပ်ပြေလည်ကြတာမဟုတ်ဘူး။ ဒီတော့ ကျုပ်တို့သားသမီးတွေ ကျောင်းအပ်ဖို့ကိစ္စတွေ ဘာတွေ ညာတွေအတွက် ဒီစာအုပ်ဖိုးငွေတွေထဲကပဲ နှိုက်သုံးမိကြတယ်။ အဲဒီမှာ ပြဿနာကစတော့တာပဲ။ အချိန်တန်လို့ မြို့နယ်ပညာရေးမှူးတွေက ငွေတောင်း၊ ကျုပ်တို့ကမပေးနိုင်။ အဲဒါထက်ဆိုးတာက ငွေမအပ်နိုင်လို့ အရေးယူခံရနီးနီးဖြစ်နေတာတွေလည်း အများကြီးရှိတယ်’’
‘‘ဒီပြဿနာတွေကို ပြေလည်ဖို့ဆိုတာ အကောင်းဆုံးနည်းကတော့ ဆရာတွေကို စာပဲသင်ခိုင်း စာအုပ်မရောင်းခိုင်းနဲ့ပေါ့။ စာအုပ်တွေကို ကုန်သွယ်ရေးမဟုတ်လည်း ဘာအရေးလဲ။ ကျွန်မတို့မှာ ဂျီအီးစီဆိုတာ ဖွဲ့ထားတာပဲမဟုတ်လား။ ဂျီအီးစီဆိုတာ ကျွန်မတို့ ဆရာ ဆရာမတွေအတွက် သက်သာချောင်ချိအောင်လုပ်ပေးမယ်ဆိုပြီး ဖွဲ့ထားတာလေ။ ကုန်သွယ်ရေးလို အရင် တုန်းက ဆိုင်ဖွင့်ပြီး လုပ်နေတာရှိခဲ့ဖူးတယ်။ နောက်ပိုင်းတော့ ဆိုင်လည်းပျောက် အသင်းလည်းဘယ်ရောက်လို့ ဘယ်ပေါက်မှန်းတောင် မသိတော့ဘူး။ ကျွန်မယူဆချက်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်၊ သူ့အလုပ် သူလုပ်ကြရရင် ပြဿနာအကင်းဆုံးဖြစ်မယ်ထင်တယ်။ ကျွန်မတို့ လိုတဲ့အချိန်မှာ ကြိုက်သလိုဝယ်သုံးနိုင်ရင်တော့ အကောင်းဆုံးပဲ’’
ဆရာကြီး ဆရာမကြီးတွေမှာ စာသင်ရတာတစ်ဖက်၊ ကျောင်းတွေမှာစီမံခန့်ခွဲရတာတစ်ဖက်၊ စာအုပ်ထုတ်ရတာတစ်ဖက်နဲ့ ကျောင်းဖွင့်ရာသီတင်မက ကျောင်းမဖွင့်မီကတည်းက အလုပ်တွေနဲ့ရှုပ်ပွေနေရတာကြောင့် ကျောင်းဖွင့်ပြီး သုံးလလောက် သင်ကြားရေး ဘက်ကို ဘယ်လိုမှ တာစူလို့မရနိုင်ပါဘူး။ ဒီကြားထဲ နောက်ဆက်တွဲတွေအတွက် သောကပွေကြရတာတွေရှိသေးတယ်။ အဲဒါက အရောင်းတော်တဲ့ ဆရာကြီး ဆရာမကြီးတွေကို ထပ်ဆင့်အကယ်ဒမီ ပေးတဲ့ပွဲပါ။
‘‘နှစ်တိုင်း ရင်ဆိုင်နေကြရတယ်။ ကျောင်းသားတစ်ယောက် ခဲတံလေးချောင်းနှုန်း။ ခဲတံတစ်ချောင်းကို ၂၄ ကျပ်။ အားလုံးမယူမနေရဘဲ။ ကျောင်းဖွင့်တာနဲ့ ကျောင်းတစ်ကျောင်းမှာ ကျောင်းသား ၁ဝဝ ရှိရင် ခဲတံအချောင်း ၄ဝဝ ထုတ်သွားပေတော့။ သတ်မှတ်ထားတဲ့ရက် ခဲတံဖိုးငွေပြန်မသွင်းလို့ကတော့ အကြွေးတောင်းသလို အတောင်းခံရတော့မယ်။ နောက်ပြီး ရုံးကနေ အထုတ်လိုက်ရောက်လာတဲ့ ဗလာစာအုပ်တွေ။ ဟိုလူကရောင်းပေးပါဦး။ သည်လူကရောင်းပေးပါဦး။ အားကလည်းနာ။ ခင်ကလည်းခင်။ ပြီးတော့ …. ပြီးတော့လည်း ရောင်းပေးလိုက်ရတာပါပဲ။ စာရွက်တွေကညံ့။ ခဲတံနဲ့ရေးလို့ အရာမထင်။ ဒီခေတ်မှာ ဒီလောက် ကောင်းတဲ့ စာအုပ်အကောင်းနဲ့ အချောတွေပေါနေတာ။ ဒီလောက်ညံ့တဲ့စာအုပ်ကို စပယ်ရှယ်မှာချုပ်လာသလားတဲ့။ အဲဒါမိဘတွေက ဝေဖန်တာ”
“ခဲတံကလည်း အပြင်မှာတစ်ချောင်းမှ ၁ဝ နဲ့ ၁၂ ကျပ်လောက်ပေးရင်ရတယ်။ ကောင်းမှကောင်း။ ဘာဖြစ်လာသလဲဆိုတော့ မိဘတွေက ကျွန်မတို့ကို အမြင်စောင်းလာကြတယ်။ ဆရာတွေရိုက်စားနေပြီတဲ့လေ။ နှစ်တိုင်း ဒီရိုက်စားဘွဲ့ကိုရနေကြတာဆိုတော့ သီချင်းထဲကလို အသည်းတွေမာလို့ နာလည်း မနာနိုင်တော့ဘူးလို့ ဟစ်လိုက်ချင်တော့တယ်’’ ဆရာမကြီးရဲ့ ချက်ကျလက်ကျ မာန်ပါပါရင်ဖွင့်ချက်ကတော့ ကျွန်တော့်မှာ အငိုခက်ခက် အရယ်ခက်ခက်။ အကယ်ဒမီပေးပွဲအတွက်ဆိုရင်တော့ ကျွန်တော် အကယ်ဒမီတွေ ထပ်ဆင့်ပေးမိ မလားမသိဘူး။
ဟိုကြေး သည်ကြေး ဟိုပြေး သည်ပြေး
ကျောင်းဆိုတာက အများစုပေါင်းထားရတာ။ ကျောင်းသားနောက်ကွယ်မှာက မိဘဆိုတာရှိနေတာဆိုတော့ နည်းရောင်း များရောင်း တောင်းပြည့်ဆိုတဲ့မူကို လက်ကိုင်ထားကြရတာများတယ်။ များသောအားဖြင့် ဆရာတွေ ဆရာမတွေ လက်တွန့်တာက ‘‘အားကစားကြေး’’ ပါ။
‘‘တစ်နှစ်ကို မြို့နယ်အားကစားကြေး၊ ခရိုင်အားကစားကြေး၊ တိုင်းအားကစားကြေး သုံးကြိမ်လောက်ကောက်ပေးရတယ်။ တစ်ခါကောက်ရင် အနည်းဆုံး ၂ဝ ကျပ်လောက်ဆိုတော့ အကြိမ်ကြိမ်ကောက်ရခက်တာနဲ့ တစ်ခါတည်း အားကစားကြေး ဆိုပြီး လုံးကောက်ရတာရှိတယ်။ အဲဒါဆို မိဘတွေနဲ့ ပြဿနာတက်ရတော့တာပဲ။ ဟိုကြေး သည်ကြေးတွေ မပေးနိုင်လို့ ကျောင်း မလာတော့ဘူးဆိုတာတွေရှိလာလို့ ပိုက်ဆံကောက်မယ်ဆိုပြီး ပြောမထွက်တော့ဘူး။ တစ်နှစ်မှာ ကျောင်းရဲ့ ရံပုံငွေအနေနဲ့ ကောက်ခံ ခွင့်ရှိတာကလည်း ကျောင်းသားတစ်ယောက်ကို ၂၅ ကျပ်ပဲ’’
‘‘ဒါတင်မကသေးဘူးလေ ဆိုကရေးတီးပွဲ၊ ဝတ်ရွတ်ပွဲ၊ ကျောင်းကျန်းမာရေး၊ ဆွမ်းဆံစိမ်း၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကထိန်၊ သင်္ကြန်ဆိုတာတွေအတွက် ငွေကောက်ပေးနေရတာတွေ ရှိသေးတယ်။ လှုပ်ကိုမလှုပ်ရဲတော့ဘူး။ တစ်နှစ် တစ်နှစ် ကောက်ခံ ခိုင်းတာနဲ့ ကောက်လို့မရလို့ စိတ်ညစ်ရတာနဲ့ မကာမိဘူး။ သူတို့ကတော့လွယ်တယ်။ တစ်ဦး ၁ဝ ကျပ်ဆိုရင် ကျောင်းမှာ ၁ဝဝ ရှိရင် တစ်ထောင်ဖြတ်မယ်ချည်းပဲလုပ်နေတော့တာပဲ။ ဝန်ထမ်းလစာကနေ ဖြတ်လို့တောက်လို့မရဘူးဆိုတာကို သူတို့ကပဲမသိတာလား၊ ကျွန်တော်တို့ကပဲ မေ့နေတာလားတောင် မဆိုနိုင်တော့ဘူး’’
‘‘ပြောမဆုံးပေါင်တော့ ဖြစ်တော့မယ်ထင်တယ်။ အရင်က ကျောင်းတစ်ကျောင်းအတွက် နိုင်ငံတော်အလံ၊ သောက်ရေအိုးဖုံး၊ သောက်ရေခွက်၊ တံမြက်စည်း၊ ရေပုံး၊ စာကြည့်တိုက်အတွက် စာအုပ်၊ ကျောင်းခေါ်ကြိမ်ခ စာရင်းအားလုံး နိုင်ငံတော်ကနေ အလကားထုတ်ပေးတယ်။ ကျောင်းဖွင့်တော့မယ်ဆိုရင် ကျောင်းအတွက် ထုတ်ပေးတဲ့ပစ္စည်းတွေကို ထမ်းပြီးပြန်ရတယ်။ ခုတော့ ဘာပေးပေး ပိုက်ဆံပေးရတဲ့အပြင် အော်ဒါတစ်ရွက်ကိုတောင် ဘယ်လောက်ပေးရမယ်ဆိုပြီး ပြန် ကောက်တာတွေရှိနေတော့ နားကို မလည်တော့ဘူး’’
ကျွန်တော်တို့စကားဝိုင်းက လမ်းဘေးတစ်နေရာမှာရှိတဲ့ အကြော်တဲလေးတစ်ခုအတွင်းမှာပါ။ ကားစောင့်ရင်း စကားဝိုင်းဖွဲ့ နေကြတာပေါ့။ ကားတွေက တစ်စီးပြီးတစ်စီး တစ်ဝေါဝေါဖြတ် ကျော်သွားကြတယ်။ သူတို့ကလည်း တစ်စီးကိုမှ မတားဘူး။ ကားတွေကလည်း တစ်စီးမှ ဆရာ ဆရာမတွေဆိုပြီး ရပ်မပေးပါဘူး။
‘‘ဟေ့ ဟိုမှာ ဟိုမှာ လာနေပြီ။ နင်ထွက်တား’’
ခပ်ငယ်ငယ်ဆရာမလေးတစ်ယောက်ကို ဆရာကြီးက ပြောလိုက်တာ။ သူတို့ကတော့ ကုက္ကိုပင်ကြီးနောက်မှာ ကွယ်ရပ်နေကြတယ်။ ဆရာမလေးတစ်ယောက်ထွက်ပြီး ကားကိုတားတယ်။ မှန်လုံကားကြီးတစ်စီး ထိုးရပ်သွားတယ်။ ကုက္ကိုပင်ကွယ်နေတဲ့ ဆရာကြီး ဆရာမကြီးတွေက နောက်ကနေ အသော့လေးပြေးပြီး ကားပေါ်တက်လိုက်ကြတယ်။ စပယ်ယာရဲ့ စိတ်ပျက် လက်ပျက် အမူအယာကိုမြင်လိုက်ရတယ်။ ဆရာကြီးက ကားပေါ်ပြေးမတက်မီ ကျွန်တော့်ကိုပြောသွားတဲ့ စကားတစ်ခွန်းကတော့
‘‘ဒါ ကျွန်တော်တို့ရဲ့ နေ့စဉ် လှည့်ကွက်တွေလေ’’ တဲ့။
သူတို့အားလုံးကုန်ပြီး အကြော်တဲထဲမှာတစ်ယောက်တည်း ကျန်ခဲ့တယ်။ ကျွန်တော် ဒီည ပဲခူးမှာပြန်အိပ်မယ်။ မနက် မိုးလင်းမှ ရန်ကုန်ပြန်မယ်။ ဒီညတော့ ပညာရေးမှာ စိတ်ပါ လက်ပါ လှုပ်ရှားနေကြတဲ့ဆရာကြီး ဆရာမကြီးတွေနဲ့ စကားဝိုင်း ဖွဲ့ရဦးမယ်။
ပညာရေးမှာ ကျန်တဲ့ဆရာတွေ ဆရာမတွေက စိတ်မပါစွာနဲ့လှုပ်ရှားနေကြတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒီဆရာကြီးတွေ က နွေမရှိတဲ့ ဆရာတွေ။ ဆိုလိုတာက နွေရာသီကျောင်းပိတ်ရက်ဆိုတာ သူတို့မှာ ထားကိုမထားတာပါ။
‘‘အများသိကြတာက ဆရာတွေ နွေသုံးလလုံး အနားယူနေကြတာလို့ထင်ကြတယ်။ ကျွန် တော်တို့ကို ကျောင်းပိတ်တာက မတ်လ ၃၁ ရက်နေ့မှ။ စာမေးပွဲကိစ္စတွေ သိပ်မလုပ်ရတော့လို့ နားရမယ်မထင်လိုက်နဲ့။ အသုံးလုံး၊ သက်လွန်ပညာရေး၊ ရွေ့ရှား ပညာရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးဆိုတာတွေမှာ ကျွန်တော်တို့ ပါဝင်လှုပ်ရှားကြရသေးတယ်’’
ကျောင်းအုပ်ကြီးတွေနဲ့ ပြောတဲ့စကားတွေအထဲမှာ ကျွန်တော့်ရဲ့ စိတ်ဝင်စားမှုအထွဋ်အထိပ်ရောက်လာပြီလို့ ဆိုရမယ်။ အသုံးလုံးလှုပ်ရှားမှုဟာ မြန်မာတစ်နိုင်ငံလုံး အတော်လေးခရီးပေါက်ခဲ့တာကြောင့် စာမတတ်သူ မရှိတော့သလောက်ဖြစ်နေပြီလို့ ဆိုတယ်။ နွေရာသီမှာ ဆရာကြီးတွေပါဝင်လှုပ်ရှားရတာကတော့ နှစ်တိုင်း ‘‘စာဖတ်စွမ်းရည်ပြိုင်ပွဲ’’ တွေဖြစ်ပါတယ်။
‘‘အတော်များများ စာတတ်ကုန်ကြတာတော့အမှန်ပဲ။ စာဖတ်စွမ်းရည်ပြိုင်ဖို့ လူလိုက်ရှာရတာကတော့ အတော်လေး မလွယ်ဘူး။ ရွာတွေထဲမှာ လုပ်ငန်းခွင်တွေ၊ လယ်ထဲ ယာထဲတွေ ရောက်နေကြတော့ သက်ကြီးတွေရှာရတာ သိပ်မလွယ်ဘူး။ ရှိတဲ့သူတွေကလည်း စိတ်ဝင်စားသလားမပြောနဲ့ အိမ်သာထဲဝင်ပုန်းနေကြတော့ ကျွန်မတို့ဆို သူတို့မလာမချင်း ငုတ်တုတ်ထိုင် စောင့်လိုက်ရတာ မိုးကြီးစုပ်စုပ်ချုပ်တဲ့အထိ’’
ဆရာ ဆရာမတွေဟာ မတ်လလောက်ဆိုရင် ရပ်ကျေးတွေထဲဆင်းပြီး ကျောင်းနေနိုင်တဲ့ကလေးအရွယ်၊ ကျောင်းနေနိုင်မှု ရှိ မရှိ။ အရွယ်လွန်ပြီး ဘာဖြစ်လို့ကျောင်းမတက်တာလဲစတဲ့ ကိန်းဂဏန်းတွေနောက်ကို လိုက်ရတာလဲအမောပါ။ တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်းတွေ တောင်းကြည့်ရတယ်။ ကျောင်းနေစာရင်းနဲ့ တိုက်ကြည့်ရတယ်။ အသက် ၇ နှစ်လောက်ရှိပြီ။ သူငယ်တန်းတောင် မတက်ရသေးဘူးဆိုရင် သူတို့မျက်လုံးပြူးကြရပြီ။
‘‘ကျွန်မတို့ မိဘတွေကိုကျောင်းထားပေးဖို့ အာပေါက်မတတ်ပြောကြရတယ်။ ဘာဖြစ်လို့လဲ။ ငွေကြေးမတတ်နိုင်လို့လား။ ကျောင်းအလကားထားပေးမယ်။ ဘာလဲ အဝတ်အစားမရှိလို့။ ပေးဦးမယ်။ စာအုပ်တွေ။ မပူနဲ့။ အလကားရမယ် အဲဒီလောက်အထိ အာမခံချက်တွေပေးပြီးတော့ ကျောင်းကိုအချိန်တန်လို့ ရောက်မလာလို့ အိမ်ကိုလိုက်သွားတော့ သူတို့တဲမှာ တစ်ယောက်မှ မရှိကြတော့ဘူး။ ပြောင်းသွားပြီတဲ့လေ’’
နိုင်ငံတော်ကနေပြီး ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးကို စီမံချက်တွေနဲ့လှုပ်ရှားနေတာပါ။ လိုလေးသေး မရှိအောင် ထောက်ပံ့ပေးနေတဲ့ကြားထဲက မိဘတွေရဲ့ခံယူချက် တွေက ဘယ်လိုရှိနေကြပါသလဲ။
‘‘ကျွန်တော့်မှာ သားနှစ်ယောက်ရှိတယ်။ တစ်ယောက်က သုံးတန်း တစ်ယောက်လေးတန်းနဲ့ ထုတ်လိုက်ရတယ်။ ကျောင်းသိပ်ထားချင်တယ်။ ဒါပေမယ့် ရင်ထဲမှာမချိဘူး။ လက်ဖက် ရည်ဆိုင်မှာ သူတို့ကိုထားပြီး ငွေကြိုထုတ်ထားရတယ်။ ကျွန်တော် အလုပ် မလုပ်နိုင်တာ သုံးနှစ်ရှိသွားပြီ။ သူတို့အမေကလည်း မီးတွင်းက ထွက်တာမကြာသေးဘူး။ သားတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ရှာကျွေးနေကြတာ။ သူတို့ကျောင်းသွားရင် ကျွန်တော်တို့ဘာနဲ့ ထမင်းသွားစားကြရမလဲ’’
မီးရထားပေါ်ကကျပြီး ခြေတစ်ဖက်ပြတ်သွားတဲ့ ထရံရက်စားနေသူတစ်ဦးရဲ့ ရင်ဖွင့်ချက်ပါ။ သူတို့သားတွေကို မြို့က လက်ဖက်ရည်ဆိုင်တစ်ဆိုင်ပို့လိုက်ပြီး သူ့ခြေထောက်အတွက် ဆေးကုခဲ့ရတာတွေ သူပြောပြနေတာဟာ ကျွန်တော့်အတွက် ဇာတ်လမ်း တစ်ပုဒ်လို ဖြစ်ခဲ့ပါတယ်။
‘‘ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းထားနိုင်ဖို့ ကျွန်မတို့က လိုက်ပြီးစည်းရုံးရတာ လွယ်တော့မလွယ်ဘူး။ ကျွန်မတို့က ကျောင်းထားပေးမယ်၊ အဝတ်အစားတွေပေးမယ်။ စာအုပ် တွေပေးမယ်ပြောနေရုံနဲ့ ကျောင်းကို အလွယ်ရောက်လာကြမှာတော့ မဟုတ်ဘူး။ နောက်ကွယ်မှာ ကျွန်မတို့မသိနိုင်တဲ့ မိသားစုပြဿနာတွေက သူတို့မှာ အများကြီးရှိနေနိုင်တယ်’’ ဆရာမကြီး တစ် ယောက်ရဲ့ ပြောပြချက်ပါ။
ကျွန်တော် ခရီးစဉ်တလျှောက်မှာ ကားနဲ့သွားတာဖြစ်လို့ မြို့တိုင်းရွာတိုင်း ကားဂိတ်တွေ ရောက်တိုင်း ရေခဲရည်၊ ဖရဲသီး၊ မြေပဲပြုတ် ရောင်းနေကြတဲ့သူတွေဟာ အများစု ကလေးတွေဖြစ် နေကြပါတယ်။ ကျောင်းပိတ်ချိတ်မှာ အလုပ်တွေဝိုင်းလုပ်နေတယ်လို့ ပြောရင်ရသေးတယ်။ ခုတော့ ကျောင်းသွားတဲ့သူတွေက ကျောင်းသွားနေချိန်မှာ သူတို့မိဘတွေနဲ့ လက်တွဲပြီးဝမ်းစာရှာနေကြရတာ။
ကျွန်တော့်ခရီးစဉ်မှာ ကားခေတ္တနားတုန်း လမ်းဘေး လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ထိုင် ဖြစ်ခဲ့တယ်။ ဆိုင်မှာ စားပွဲထိုး လုပ်နေကြတာက ကလေးတွေ။ ဒီကြားထဲ လာပြီးတောင်းနေတဲ့ ကလေးတွေကလည်း ကျောင်းနေတဲ့အရွယ်တွေ။ ကျွန်တော်က ဆိုင်ရှင်ကို ကလေးတွေကိုဘာဖြစ်လို့ ခိုင်းတာလဲလို့ စူးစမ်းကြည့်မိတယ်။
‘‘ကလေးတွေက ခိုင်းရတာ ပေါ့ပါးတယ်။ နောက်ပြီး ပေးရတာလည်း သက်သာတယ်။ ဂျီးမများဘူး။ ထားသလိုနေ ပေးသလောက်ယူ ကျွေးသလိုစားတတ်တော့ ကျွန်တော်တို့က သူတို့ကိုပဲ ရှာခိုင်းရတယ်’’ တဲ့။
ကလေးသူငယ်တွေကို ဥပဒေအရ ခိုင်းရတယ် မခိုင်းရဘူးဆိုတဲ့ သဘောတရားတွေ သူတို့နားမလည်ကြဘူး။ ရွာတွေ ရပ်ကွက်တွေလှည့်ပြီး ကလေးခိုင်းဖို့ လိုက်လံစုဆောင်းနေကြတဲ့ ပွဲစားတွေကို သူတို့အားကိုးကြတယ်။ လက်ဖက်ရည်ဆိုင်၊ ထမင်း ဆိုင်၊ ခေါက်ဆွဲဆိုင် အတော် များများက ကလေးတွေကိုခေါ်လာမယ့် ပွဲစားတွေကိုပဲ မျှော်နေကြတယ်။ ဥပမာ ကလေးတစ် ယောက်ကို တစ်လ တစ်သောင်းပေးရမယ်ဆိုရင် ခေါ်လာတဲ့ပွဲစားက တစ်လစာ တစ်သောင်းကို ပွဲခအနေနဲ့ရတာကြောင့် ကလေးပွဲစားတွေပေါလာ တယ်လို့သိရတယ်။
‘‘ကျွန်မတို့ရွာတွေကို ကလေးပွဲစားတွေ ရောက်ရောက်လာတတ်တယ်။ ကျွန်မတို့က နေ့လည်ပိုင်းမှာ ပညာတတ်တွေ ဖြစ်အောင် သင်လိုက်ကြရတာ။ အဲဒီပွဲစားတွေက ညဘက်တွေမှာ အိမ်တွေကို တိတ်တဆိတ်ဝင်ပြီး မြို့တွေမှာ ဘယ်လိုနေရမယ်။ စားရမယ်။ လခကဘယ်လောက်ရမယ်ဆိုပြီး စည်းရုံရေးဆင်းလိုက်ကြတော့ ပျောက်ပျောက်သွားတဲ့ ကလေးတွေရှိလာတယ်။ များသောအားဖြင့် အတန်းကြီးလေးတွေ ပျောက်ကုန်တာသိပ်ဆိုးတယ်”
“ဒါနဲ့ သက်ဆိုင်ရာ လူကြီးတွေကို အဲဒီကိစ္စ အကူအညီတောင်းပြီး တင်ပြလိုက်မှ ပွဲစားတွေကို ခေါ်ယူသတိပေးတာတွေရှိလာလို့ နောက်ပိုင်း ပျောက်ကုန်တယ်။ မိဘတွေ အသိတရားရှိဖို့အများကြီး လိုသေးတယ်။ စီးပွားရေးပြဿနာဆိုတာ ငါတို့ရင်းသင့်တာလား ကလေးတွေကို ရင်ဆိုင်စေသင့်တာလားဆိုတာ သဘောပေါက်ဖို့ အများကြီးလိုသေးတယ်။ ကျွန်မကတော့ ရွာထဲမှာ ဒီပွဲစားတွေဝင်လာလို့ကတော့ ရဲတိုင်ပြီးဖမ်းခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်ထားရတယ်’’
ကျွန်တော်သိသလောက် ပညာရေးဌာနကလည်း ကျောင်းနေအရွယ်ကလေးတွေ ပညာသင်ကြားရေးနဲ့ပတ်သက်ပြီး တစ်နွေလုံးလောက်ကို လှုပ်ရှားနေကြတာပါ။ စာရင်းတွေ ကောက်။ စည်းရုံးရေးတွေဆင်း။ နောက်ဆုံး လိုအပ်တာတွေကို ထောက်ပံ့ပေး တဲ့အပြင် ကျောင်း တွေကိုရောက်လာကြတဲ့ကလေးတွေက မတတ်နိုင်ဘူးဆိုရင်တောင် ကျောင်းစာသင်နှစ်တစ် နှစ်တာပြီးဆုံးတဲ့အထိ တာဝန်ယူပေးပြီး အခမဲ့ပညာသင်စေတဲ့အထိ ဆောင်ရွက်ပေးနေတာ အထင်အရှားပဲ။ ဒီကြားထဲက ယိုပေါက်တွေရှိနေတာကတော့ စားဝတ်နေရေးကြောင့် ကလေးကို ခိုင်းနေရတဲ့ မိဘတွေပါ။
အဖေက အလုပ်မလုပ်။ အမေကထိုင်စား။ ဒီကြားထဲက လက်ဖက်ရည်ဆိုင်ထိုင်ပြီး နံပါတ် မျှော်တာကိုလည်းလုပ်တတ်သေး။ မှန်းချက်နဲ့ နှမ်းထွက်ကမကိုက်တော့ အိမ်က ကလေးတွေကို မျက်စောင်းထိုးလာပြီ။ ကျောင်းသွားမယ့်ကလေးတစ်ယောက်ကို ထမင်းလေးတောင် မကျွေးလိုက် နိုင်တဲ့ဘဝ။ မုန့်ဖိုးလေးတောင်မပေးနိုင်တဲ့ ဘဝ။ သူတို့တစ်လုံး နှစ်လုံး သုံးလုံးတွေအတွက်တော့ ဘယ်ကနေ ဘယ်လိုရှာလာမှန်းမသိ။ ပြောလိုက်ရင် ရာဂဏန်းမက ထောင်ဂဏန်းကစကြတယ်။ အကြွေးဆိုတာကို ထမင်းစား ရေသောက်လောက် သဘောထား။ ယူတော့ပြုံးပြ။ တောင်းရင်ရန် ဖြစ်ပြ။
အိမ်ရောက်တော့ စားစရာမရှိဘူးညည်းပြီး ထမင်းဆာနေတဲ့ ကလေးတွေကိုဟောက်။ ခဲတံဖိုးတောင်းတဲ့ကလေးကို ခေါင်းခေါက်။ မနက်ဖြန် ကျောင်းကို နှစ်ဆယ်မပေးရင် အရိုက်ခံရမှာလို့ ပြောတဲ့ သမီးအကြီးကို ပြန်ပြောလိုက်ပုံက ကျောင်းထွက်လိုက်တဲ့လေ။ ပြီးတော့ ‘‘ဟေ့ ငါ့ကို ၂ဝဝ ဖိုးလောက် ထည့်လိုက်ဦး’’ လို့ အိမ်ဘေးကို လှမ်းအော်လိုက်သေး။ စီးပွားမရှာတဲ့အဖေဖြစ်သူက ‘‘အေး နင်တို့ အဲဒီလို ပူညံ ပူညံလုပ်နေကြလို့ ငါစီးပွားမဖြစ်တာ’’ တဲ့။ အမယ်မင်း လောက။ မကြားရတာကမှ ကောင်းသေး။
ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော
ကျွန်တော် ကျောင်းတွေကိုရောက်တိုင်း သတိထားမိတဲ့ စာတန်းတစ်ခုက ‘‘ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့’’ ဆိုတဲ့ စာတန်းကိုပါ။ သိပ်မှန်တဲ့ သိပ်ပြီးလေးနက်တဲ့ စာတန်းပေါ့။ ပညာမတတ်တဲ့ လူမျိုးတွေနဲ့ ဘယ်လို လုပ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မှာလဲ။ ပညာတတ်တွေပေါလာလေလေ တိုင်းပြည်ရဲ့အနာဂတ် စိတ်အေးရလေ။ ကျွန် တော်တို့ဟာ ခေတ်ဟောင်းတွေကို နောက်မှာကျော်ခဲ့ပြီး ခေတ်သစ်ဆီသို့ မလွဲမသွေ ချီတက်ကြရပါလိမ့်မယ်။ ဒီလိုချီတက်ရာမှာ ဆရာ ဆရာမတွေဆီက စိတ်ဝင်စားစရာ စကားတွေကြားလိုက်ရတာ ပီတိပွားစရာ ကောင်းပါတယ်။
ကျွန်တော့်ခရီးစဉ်တလျှောက်မှာ ကျွန်တော်ကြားခဲ့ရတဲ့ စကားလုံးလေးတွေထဲက စိတ်အဝင်စားဆုံးနဲ့ အနှစ်သက်ဆုံးကတော့ ‘‘ရွေ့လျားပညာရေး’’ ပါတဲ့။ ရွေ့လျားပညာရေးကို ဆရာမကြီးတစ်ဦး အဓိပ္ဋာယ်ဖွင့်ဆိုပြလိုက်ပုံက
‘‘ကလေးတွေ ကျွန်မတို့ဆီမလာနိုင်ရင် ကျွန်မတို့က ဘာလုပ်မလဲ။ ကျွန်မတို့က ကလေးတွေဆီသွားရမှာပေါ့။ အဲဒါ ရွေ့လျားပညာရေးပဲ။ သူတို့ အလုပ်တွေလုပ်လုပ်။ မိဘတွေက မလွှတ်လို့ပဲဖြစ်ဖြစ် ကျွန်မတို့က သူတို့စာသင်ခွင့်ရအောင်တော့ လုပ်ပေးရမယ်’’
ကျွန်တော့်ကို ဒီစကားပြောပြနေတဲ့ ဆရာမကြီးဟာ ဟိုးအသုံးလုံးတွေခေတ်ကတည်းက အိမ်ကိုမေ့ထားပြီး ပညာရေး အလုပ်ဟာ ငါ့အလုပ်လို့ စိုက်လိုက်မတ်တတ်သဘောထားခဲ့သူ။ သူ့ မှာ နွေ မိုး ဆောင်း ကျောင်းမှာချည်းပဲဖြစ်နေလို့ ကျောင်းမပိတ်တဲ့ ဆရာမကြီးလို့တောင် ခေါ်ကြတဲ့အထိ။ ဒါပေမဲ့ ‘‘ဘယ်လောက်ပဲလုပ်လုပ် ဘာမှလည်း မမျှော်လင့်ခဲ့ဘူး။ အသည်းနာတာတော့ရှိ တယ်။ ဆုချမယ်လို့တစ်ခါမှ အပြောမခံရဘဲ မပြီးလို့ မအောင်မြင်လို့ကတော့ အရေးယူလိုက်မယ် လို့ အပြောခံနေရတာကိုပဲ’’ တဲ့လေ။
ပညာရေးလှုပ်ရှားမှုတိုင်းမှာ ထိပ်ဆုံးကပါတတ်တဲ့ဆရာမကြီးကို ရွေ့လျားပညာရေးနဲ့ပတ်သက်ပြီး ကျွန်တော်ဆက်မေး ဖြစ်ခဲ့တယ်။
‘‘ကျွန်မတို့ ဘူတာမှာ ရေရောင်းနေတဲ့ ကလေးတွေ၊ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ် နေတဲ့ကလေးတွေကို သွားစည်းရုံးတယ်။ နေ့ခင်းမှာ ကျောင်းမတက်နိုင်ရင် ညဘက်ကျောင်းလာတက်။ ဆရာမတို့ စာသင်ပေးမယ်ပေါ့။ ဒီနည်းနဲ့ ကျောင်းကိုပြန် ရောက်လာကြတာတွေရှိတယ်။ ခုဆို ညဘက် ကျွန်မစာခေါ်သင်ပေးတဲ့ မိန်းကလေးတစ်ယောက်ဆိုရင် ၆ တန်းတောင်ရောက်သွားပြီ။ မိဘတွေက စိတ်ပါလာတော့ ကလေးမလေးကို ဘူတာရုံလွှတ်ပြီး ရေမရောင်းခိုင်းတော့ဘူး။ နေ့ကျောင်းမှာကို သွားထားပေးတာ။ ကလေးမလေးကလည်း အတော်လေးတော်တယ်။ အတန်းထဲမှာ တစ်ကနေ ငါးအတွင်းလောက် အမြဲရှိတယ်။ သူ့ကို ကျွန်မလည်း ခုထိထောက်ပံ့တယ်။ ရက်ကွက်ကလူကြီးတွေကလည်း ထောက်ပံ့တယ်။ သူနေတဲ့ ကျောင်းအုပ်ဆရာကြီးကလည်း လိုလေသေးမရှိလို့ သိရတယ်’’။
ရွေ့လျားပညာရေးဆိုတာ လက်ရှိအကောင်အထည်ဖော်နေတာ ဆရာမကြီးလိုစိတ်ပါလက်ပါနဲ့ လိုက်ပြီးအကောင်အထည် ဖော်ပေးနေတဲ့ ကျောင်းတွေ ဘယ်လောက်ရှိပြီလည်း ကျွန် တော်မပြောနိုင်ပါဘူး။ ဒါပေမယ့် မိဘ ဆရာ ကျောင်းသား တက်ညီ လက်ညီနဲ့ လှော်နိုင်ပါမှ ပညာရေးဆိုတဲ့ လှေကြီးရွေ့နိုင်မယ်ဆိုတာ တော့အမှန်ပါ။
‘‘ပန်းကလေးများပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာရွှေရည်လောင်း
ငါတို့စာသင်ကျောင်း’’
သူငယ်တန်း အတန်းတစ်တန်းကနေပြီး ပြိုင်တူရွတ်ဆိုလိုက်တဲ့ ကလေးတွေရဲ့ သံပြိုင် လေးဟာ ကျွန်တော့်ရင်ထဲကို အေးမြသွားစေပါတယ်။ ဒီကဗျာလေးဟာ တစ်သက်လုံး မရိုးနိုင် လောက်အောင် ကျောင်းတွေမှာ ကြားနေရဆဲကဗျာလေးတစ်ပုဒ်ပါ။ ပန်းကလေးတွေပွင့်အောင် ဥယျာဉ်မှူးတွေကို အခက်အခဲအမျိုးမျိုးတွေရင်ဆိုင်ပြီး ပြုစုပျိုးထောင်ပေးနေကြရပါတယ်။ ပွင့်သော ပန်းတိုင်း လန်းနိုင်ပါရဲ့လား။ ပွင့်သောပန်းတိုင်းဟာ မွှေးချင်မှ မွှေးနိုင်ပါလိမ့်မယ်။ သူ့အဆင်းနဲ့ အချင်းနဲ့ကိုယ်စီရှိတတ်ကြတာကြောင့် မမွှေးလည်း ဂုဏ်တင့်နိုင်ကြတာကတော့ အမှန်ပါ။
ကျွန်တော် မြန်မာ့အသံကနေလွှင့်လေ့ရှိတဲ့ ‘‘ပန်းတိုင်းပွင့်ပါစေ’’ ဆိုတဲ့သီချင်းကို အလွန် မြတ်နိုးမိပါတယ်။ ရေးဖွဲ့သူက ရုပ်ရှင်မင်းသား ကိုမြတ်လေး ထင်ပါတယ်။ သူ့ရည်ရွယ်ချက်ရော စာသားလေးတွေနဲ့ ဆိုဟန်တွေကပါ ပြောင်မြောက်လွန်းတာကြောင့် ဘယ်အချိန် ပြန်နားထောင်သည်ဖြစ်စေ မရိုးနိုင်အောင်ပါ။
အမှန်ကတော့ ပွင့်သောပန်းတိုင်း လန်းဖို့ တကယ်လိုအပ်လှပါတယ်။ ဆရာ ဆရာမတွေနဲ့ စကားတွေလျှောက်ပြောကြည့်ရတဲ့ ကာလလေးတွေဟာ ကျွန်တော့်မှာ တိုတောင်းလွန်းလှပေမယ့် ဘဝတစ်ကွေ့ မမေ့နိုင်စရာ ဖြစ်ခဲ့ရပါတယ်။ သူတို့နဲ့ အကြော်တဲလေးတွေမှာ၊ လမ်းဘေး ကားစောင့်တဲ့နေရာမှာ၊ ကားတွေပေါ်မှာ စကားပြောရင်း သူတို့ရင်ထဲက စေတနာအမှန်တွေနဲ့ ဖြစ်စေချင်တာတွေကို ကျွန်တော်ကြားခဲ့ရတယ်။ တစ်နေရာမှာတော့ ဆရာတစ်ယောက်က ကျွန်တော့်ကို စာအုပ်လေးတစ်အုပ် ထိုးပေးတယ်။ ပြီးတော့ သူခေါက်ထားတဲ့နေရာလေးကို ဖွင့်စေပြီး ‘‘ဖတ်ကြည့်လေ’’ တဲ့။
စာအုပ်က စာပေဗိမာန်စာမူဆုရထားတဲ့ ‘‘တောပန်းတစ်ရုံ သူ့ဂုဏ်နှင့် လှစေတော့’’ ဆိုတဲ့စာအုပ်လေးပါ။ စာရေးသူက ‘‘သန်းအောင် (အညာမြေ)’’ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ဆရာလေးက ကျွန်တော့ကို ညွှန်းလိုက်တဲ့စာသားကတော့
‘‘ဖြစ်ချင်သည့်အတိုင်း အရာရာမဖြစ်နိုင်သော်လည်း
ဖြစ်နိုင်သမျှဖြစ်အောင် ကြိုးပမ်းခြင်းသည်
ကျွန်ုပ်တို့ မလွဲမသွေ လျှောက်လှမ်းရမည့်
လမ်းမှန်ပင်ဖြစ်သည်’’ တဲ့။
ကျွန်တော် သူ့ကိုလှည့်ကြည့်လိုက်တယ်။ သူက ကျွန်တော့်ကို အဓိပ္ပာယ်ပါပါပြန်ပြုံးပြလိုက်တယ်။ ကားတွေတစ်စီးပြီး တစ်စီး တစ်ဝေါဝေါနဲ့ ဖြတ်သွားနေပါတယ်။ သူက လက်ကလေးတားပြီး ကြိုးစားကြည့်တယ်။ တစ်စီးမှ မရပ်ပေးပါဘူး။ သူက ကျွန်တော့်ကို ‘‘တစ်စီးစီးကတော့ ရပ်မှာပါ’’ လို့ လှည့်ပြောလိုက်တယ်။ နေဝင်လုပြီ။ မကြာခင် မှောင်တော့မှာပါ။
ကျွန်တော်က သူ့ကို ‘‘ခင်ဗျား သစ်ပင်အကွယ်မှာသွားရပ်နေ’’ လို့ပြောလိုက်တယ်။ ကျွန်တော်ကားတစ်စီးကို တားလိုက်တယ်။ ကားကရပ်ပေးတယ်။ သူက သစ်ပင်အကွယ်ကနေ ပြေးထွက်လာတယ်။ ကျွန်တော်က ကားစပယ်ယာကို ‘‘ကောင်လေး ကျသင့်သလောက် ငါပေးမယ်’’ လို့ပြောလိုက်တော့မှ ကား ပေါ်တက်ခွင့်ရလိုက်တယ်။
သူက ကျွန်တော့်ကို ‘‘ခင်ဗျား ဒီပညာတွေကို ဘယ်ကနေ တတ်လိုက် တာလဲ’’ တဲ့။ သူမေ့နေလို့လားတော့မသိ။ ကျွန်တော်လည်း တစ်ချိန်က သူ့လိုကျောင်းဆရာ ဆိုတာလေ။
တင်ညွန့်

















