မီးပေးချိန်တိုးသော်လည်း မီတာခ လျှော့မကောက်သဖြင့် လျှပ်စစ်သုံးစွဲသူများ အခက်တွေ့
စံလင်း
———
ရခိုင်ပြည်နယ် အ၀န်းတွင် လျှပ်စစ်မီးပေးဝေရေးကို အစိုးရမှ ပုဂ္ဂလိက လက်သို့ လွဲပြောင်းပေးအပ်ပြီးနောက် မြို့အတော်များများတွင် လျှပ်စစ်မီးကို အချိန်တိုးပေးနေသော်လည်း မီတာကို ပုံမှန်အတိုင်း ကောက်ခံနေ သဖြင့် လျှပ်စစ်မီး သုံးစွဲသူများ အခက်ကြုံတွေ့နေကြရကြောင်း သတင်း ရရှိသည်။

လက်ရှိ မြောက်ဦးမြို့တွင် လျှပ်စစ်မီးကို တော်ဝင်ထူးလင်း ကုမ္ပဏီမှ ဖြန့်ဖြူးနေရာ မီတာကို လျော့မကောက်သဖြင့် လျှပ်စစ်မီး သုံးစွဲသူများ အခက်ကြုံနေရကြောင်းကို မြောက်ဦးမြို့မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ခေါင်းဆောင် တစ်ဦးက ယခုကဲ့သို့ ပြောသည်။
� လျှပ်စစ်မီးတိုးပေးတာက ကောင်းပါတယ်။ ဒါပေမယ့် တယူနစ်ကို ခုချိန်ထိ ကျပ် ၄၅၀ ပေးနေရပါတယ်။ ဒါကြောင့် ပြည်နယ် ၀န်ကြီးချုပ်ကို ကျွန်တော်တို့ မြို့က လူကြီးတွေက မေတ္တာရပ်ခံတဲ့ အတွက် တယူနစ်ကို ကျပ် ၄၀၀ လျော့ကောက်ပေးမယ်ဆိုပီး ပြောပါတယ်။ လောလောဆယ်မှာတော့ ကျပ် ၄၅၀ ပေးနေရပါတယ်� ဟု ပြောသည်။
ယခင်က မြောက်ဦးမြို့တွင် လျှပ်စစ်မီးကို ညနေ ၇ နာရီမှ ၁၀ နာရီထိ ပေးဝေနေခဲ့သော်လည်း ယခုအခါ ညနေ ၆ နာရီမှ ၁၁ နာရီ ဖြန့်ဖြူးပေးပြီး နေ့လည်ပိုင်းတွင် နံနက် ၆ နာရီမှ ညနေ ၃ နာရီထိ ဖြန့်ဖြူးပေး နေကြောင်း သိရသည်။
သို့သော်လည်း တစ်ခါ တစ်ခါ တော်ဝင်ထူးလင်း ကုမ္ပဏီက လျှပ်စစ်မီး ဖြန့်ဖြူးခြင်းကို အမြတ် မရှိဟုဆိုကာ လျှပ်စစ်မီး ဖြန့်ဖြူးခြင်းကို ရပ်တန့် ပစ်မူများလည်း ရှိနေကြောင်း ဒေသခံ လူငယ် တစ်ဦးက ပြောသည်။
� သူတို့က လျှပ်စစ်မီး တယူနစ်ကို ကျပ် ၄၀၀ ပေးတော့ မီးကို ပုံမှန်မပေးဘဲထားပါတယ်။ ဒါကြောင့် မြို့က လူကြီးတွေ သွားပြောမှ ပြန်ပေးတယ်။ အခုတော့ တယူနစ်ကို ၄၅၀ ကျပ် ပြန်ပေးနေရပါတယ်� ဟု ပြောသည်။
အလားတူ စစ်တွေမြို့တွင်လည်း လျှပ်စစ်မီးကို ယခုအခါ ညနေ ၆ နာရီမှ ၁၂ နာရီထိ ဖြန့်ဖြူးနေသော်လည်း မီတာခ တယူနစ်ကို ကျပ် ၄၅၀ ပေးနေရကြောင်း သိရသည်။
စစ်တွေတွင်လျှပ်စစ်မီး ၂၄ နာရီ ရရှိရန် အာဏာပိုင်များကည ဆောင်ရွက်နေသော်လည်း လျှပ်စစ်မီးသုံးစွဲခ မီတာဖိုး လျော့ကောက်သွားမည် မဟုတ်ကြောင်း သိရသည်။
စစ်တွေမှ လူကြီး တစ်ဦးက �စစ်တွေမြို့ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး အတွက်ကို ဇွန် ၁၁ ရက်က စစ်တွေမြို့ ပြည်နယ် အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် လည်းတက်ရောက်ပါတယ်။ တော်ဝင်ထူးလင်းကုမ္ပဏီက စပါးခွံလောင်စာ အသုံးပြုမီးပေးမှာကို မြို့သူမြို့သားတွေ မနှစ်သက်တဲ့အတွက် ဒီဇယ်မီးစက်နဲ့ မီးပေးမဲ့ ဖိုးသီးချို ကုမ္ပဏီက စစ်တွေမှာ မီးပေးခွင့် ရရှိသွားပါတယ်။ ဒါပေမယ့်လည်း မီးတာဖိုးကို လျော့ကောက် သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်� ဟု ပြောသည်။
စစ်တွေမြို့တွင် တော်ဝင်ထူးလင်းနှင့် ဖိုးသီးချို ကုမ္ပဏီ ၂ ခုက မီးပေးနေသော်လည်း တော်ဝင်ထူးလင်း ကုမ္ပဏီက စပါးခွံနှင့် စွန့်ပစ်ပစ္စည်းများကို လောင်စာ အဖြစ် အသုံးပြုပြီး မီးပေးခြင်းကို မြို့သူ မြို့သားများက မလိုလားသည့် အတွက် ဒီဇယ်ဆီဖြင့် မီးပေးမည့် ဖိုးသီးချို ကုမ္ပဏီက မီးပေးခွင့်ရရှိသွားသည်။
�၂၄ နာရီ မီးရမယ်ဆိုတော့ ဝမ်းသာပါတယ်။ ဒါပေမဲ့ မီးတာဖိုးက ဈေးကြီးတော့ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ မီတာခ ဈေးနှုန်း လျော့မချရင် ပြသာနာတွေ ဖြစ်လာနိုင်ပါတယ်� ဟု အထက်ပါ လူကြီး ဆက်လက်ပြောကြားသည်။
စစ်တွေမြို့တွင် ၁ ယူနစ်ကို ၄၅၀ ကျပ်ပေးရသော်လည်း ၁၅ ယူနစ်သာ သုံးစွဲခွင့်ရှိသည်။ ၁၅ ယူနစ်ထက် ပိုမိုသုံးစွဲပါက ၅၅၀ ကျပ် ပေးရပြီး မီတာ စောင့်ရှောက်ခ အတွက် ၁လကို ၁၀၀၀ ကျပ် ပေးနေရကြောင်း သိရသည်။
�အခုက မီတာ ၁ ယူနစ်ကို ၄၅၀ ကျပ်ပါ။ ၁၅ မီတာထက် အသုံးများတယ်ဆိုရင်တော့ ၅၅၀ ကျပ် ပါ။ အခု မီတာအိုးတွေကိုလည်း လူမြင်ကွင်းမှာ ထားရပါတယ်။ ကျွန်တော်ရို့အိမ်မှာလည်း အပြင်ကို ပြောင်းလိုက်ပါပြီ။ မီတာထိန်းသိမ်းခဆိုပြီး ကိုယ်ကထိန်းသိမ်းထားရတဲ့ မီတာအတွက် ၁လကို ကျပ် ၁၀ဝ၀ ပေးရပါသေးတယ်။ ဒီဇယ်ဈေးတက်သွား ရင်တက်သွားသလောက် မီတာဖိုးက ဈေးတက်မှာလို့လည်း သိရပါတယ်� ဟု စစ်တွေမြို့ခံ တဦးက ပြောသည်။
စစ်တွေမြို့ကို မီးပေးရန်အတွက် ဖိုးသီးချို ကုမ္ပဏီက အစိုးရဈေးဖြင့် ခွဲတမ်း ဒီဇယ်ဆီဂါလံ ၁၁၅၀၀ ရရှိထားပြီး စစ်တွေတွင် မီးသုံးစွဲသူ မီတာအလုံးရေ ၇၅၀၀ ခန့်ရှိကြောင်း ရန်ကုန်ထုတ် Sevendays ဂျာနယ်က ဖေါ်ပြသည်။
ရခိုင်ပြည်နယ်တွင် မီတာခ ဈေး အလွန်ကြီးမြှင့်နေသော်လည်း ဗမာပြည်မတွင် တစ်ယူနစ်လျှင် အိမ်သုံး ၂၈ ကျပ်နှင့် လုပ်ငန်းသုံး ၅၀ ကျပ် ရှိသဖြင့် ထိုသို့ ရခိုင်တွင် မီတာခ ဈေးနုန်းကြီးမြင့်နေမူ အပေါ် ရခိုင်လူထု အနေဖြင့် အထူး စိတ်မသက်မသာ ဖြစ်နေကြသည်ဟု သိရသည်။
















