မြောက်ကိုရီးယား ကင်ချီ ရန်ကုန်မှာ ဝယ်လို့ရတော့မယ်


ချင်းမိုင် (မဇ္ဈိမ) ။       ။ အာရှတိုက်မှာ ကိုရီးယား အစားအစာက အလုံးအရင်းနဲ့ကို ထိုးဖောက်နေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်း ရန်ကုန်က ကိုရီးယား စားသောက်ဆိုင်ကတော့ နားလည်သူတချို့ အတွက် အံ့အားသင့်စရာ ဖြစ်နေပါတော့ တယ်။
North-Korea-Embassy-5

မြောက်ကိုရီးယားမှ ပထမဆုံး လာရောက်ဖွင့်လှစ်သည့် ကော်ယို Koryo စားသောက်ဆိုင်အား
တွေ့ရစဉ် (မဇ္ဈိမ)

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ်ရဲ့ ပုံကိုပဲဖြစ်ဖြစ်၊ သူ့အဖေရဲ့ ပုံကိုပဲဖြစ်ဖြစ် ဘယ်သူကမှ မမြင်ကြပေမယ့်လည်း မြန်မာပြည်ရောက် ကော်ရိုစားသောက်ဆိုင်က ပြုံယမ်းရဲ့ ပထမဆုံး ရသာစုံ စားတော်ဆက်
ဖြစ်လိမ့်မယ်လို့ မြန်မာအစိုးရနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ရန်ကုန်မှာ ကိုရီးယားစားသောက်ဆိုင် အမြောက်အမြား ရှိတာပါ။ ဒါပေမဲ့ ဒီဆိုင်ကတော့ မြောက်ကိုရီးယားက လာဖွင့်တဲ့ ပထမဆုံးဆိုင် ဖြစ်ပါလိမ့်မယ်။ ဒီဆိုင်ကို ဘယ်သူက ဖွင့်ထားတယ်ဆိုတာ မေးစရာတောင် မလိုတဲ့ အလုပ်ပါ။ ဆိုင်နာမည်ကကို အဖြေပေးပြီးသား။

“ ကော်ယို Koryo ဆိုတာက မြောက်ကိုရီးယားတို့က သူတို့နိုင်ငံနာမည်ကို ချိုစွန် Chosun ဆိုတာအပြင်
နောက်တမျိုးခေါ်တာ ဖြစ်တယ် ” လို့ မြန်မာနဲ့ မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူဖြစ်တဲ့ ဘာတေးလင်တနာက မဇ္ဈိမကို ချင်းမိုင်မှာ ပြောပါတယ်။

“ ဥပမာ လေကြောင်းလိုင်းဆိုလည်း ကော်ရိုလေကြောင်းလိုင်းလို့ သုံးတယ်။ ပြုံယမ်းမှာရှိတဲ့ ဟိုတယ်ဆိုလည်း
ကော်ရိုဟိုတယ်လို့ သုံးတယ်။ တောင်ကိုရီးယားမှာတော့ သူတို့နိုင်ငံကို ဟန်ကွတ် Hankuk လို့ ခေါ်တယ်။ ဒါကြောင့် ဒီဆိုင်ဟာ မြောက်ကိုရီးယားက ဖွင့်ထားတယ်ဆိုတာ သေချာတယ်” ဟု သူက ပြောပါတယ်။

နှစ်နိုင်ငံလုံးကို လျှို့ဝှက်ဝင်ရောက် သွားလာဖူးတဲ့ ကျွမ်းကျင်သူ အနည်းငယ်အနက် ဘာတေးလင်တနာလည်း ပါဝင်ပါတယ်။ ပြုံယမ်း အစားအသောက်သည် ရန်ကုန်က မြန်မာလူမျိုးတွေကို လျှာရင်းမျက်အောင် ချက်ကျွေးတော့မယ် ဆိုတဲ့ သတင်းကို သူကတော့ မအံ့သြပါဘူး။

“ မြောက်ကိုရီးယားအစိုးရတို့၊ နိုင်ငံရပ်ခြားမှာရှိတဲ့ သူတို့သံရုံးတွေက ဒီလိုပဲ ဒေသတွင်း ကိုရီးယား စားသောက်ဆိုင်တွေ ဖွင့်ထားတတ်ကြတာပဲ ” လို့ သူက ပြောပါတယ်။ ဒါပေမဲ့ ဘန်ကောက်နဲ့ ပတ္တရားရှိ ဆိုင်တွေ အခု မရှိတော့ဘူးလို့ သူက ဆိုပါတယ်။

“ အခုတော့ ဆိုင်သစ်တွေက ခတ္တမန်ဒူးနဲ့ ဒါကာမှာ လာဖွင့်ထားကြတယ်။ ဗီယန်ကျင်းနဲ့ ဗလာဒီဗော့စတော့မှာလည်း ရှိတယ် ”

“ ကော်ရိုစားသောက်ဆိုင်က ကိုရီးယားရဲ့ နာမည်ကျော် စူးရှရှအရသာရှိတဲ့ ဟင်းသီးဟင်းရွက် အသုပ်စုံ ကင်ချီ Kimchi အပါအဝင် အရသာရှိလှတဲ့ ဟင်းလျာတွေပဲ ရောင်းမှာလား။ ဒါမှမဟုတ် ဟင်းလျာစာရင်းထဲ မပါတဲ့ တခြားပစ္စည်းတွေကော ရောင်းဦးမှာလား ”

ဒီဆိုင်ဟာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဆရာစံ လမ်းမပေါ်မှာ ရှိပြီး ပြိုင်ဘက် တောင်ကိုရီးယားဆိုင် ဒဲဝုန်ဂတ် Dae Wong Gat ကနေဆို မီတာရာဂဏန်းတချို့ပဲ ဝေးတာပါ။

မဇ္ဈိမက စုံစမ်းကြည့်တော့ ဆိုင်မှာ ရှိနေသူတွေဟာ မြောက်ကိုရီးယားကနေ လာတဲ့ သူတွေပါလို့ ဆိုင်ဝန်ထမ်း တဦးက ပြောပါတယ်။ ဒါပေမဲ့ ဘယ်သူက လာဖွင့်ထားတယ်ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိသေးပါဘူး။ ဒေသခံတွေ ပြောတာကတော့ ပြင်ဆင်နေတဲ့ ဆိုင်မှာလုပ်နေတဲ့ သူတွေဟာ နိုင်ငံခြားသားတွေလို့ ဆိုပါတယ်။ ဆိုင်းဘုတ်မှာ ကိုရီးယားလို ရေးထားတာကို မဇ္ဈိမက ဘာသာပြန်လိုက်ပါတယ်။ ဘာသာပြန်အရ ဆိုင်းဘုတ် စာသားဟာ `ပြုံယမ်းချုံယူးကွမ်ရန်ကုန် ဆိုင်ခွဲ´ Pyongyang Chon Ryu Kwan Yangon Branch ဖြစ်တယ်လို့ သိရပါတယ်။

စားသောက်ဆိုင်ဖွင့်ဖို့ ကိစ္စကို မြောက်ကိုရီးယားသံရုံးဟာ ၂ဝ၁ဝ စက်တင်ဘာကတည်းက စတင် ဆောင်ရွက်ခဲ့တယ် လို့ အဲဒီ သတင်းရပ်ကွက် အပြောအရ သိရပါတယ်။ ဆိုင်အဆောက်အအုံအတွက် ၂ဝ၁၁ မတ်လမှာ ၅ နှစ်စာချုပ်နဲ့ ငှါးရမ်းခဲ့တာပါ။ ဆိုင်ကို အခုနေမှာ အချောသပ်ပြင်ဆင်နေပြီး ဆိုင်အလုပ်သမားအဖြစ် အခုအထိ မြောက်ကိုရီးယား
နိုင်ငံသား ၁၅ ဦးကို ငှါးရမ်းထားပြီးပြီလို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ မြောက်ကိုရီးယား စားသောက်ဆိုင်တဆိုင် ဖွင့်လှစ်နေတဲ့ကိစ္စကို ရန်ကုန်မှာရှိတဲ့ တောင်ကိုရီးယား သံရုံးက အတည်မပြုပေးသလို ငြင်းဆိုတာလည်း မလုပ်ပါဘူး။

မြောက်ကိုရီးယားဟာ စီးပွားရေးလုပ်ငန်း လုပ်ရာမှာ နိုင်ငံထဲမှာ စိတ်ပျက်ဖွယ် ကောင်းလောက်အောင် မအောင်မြင်ဖြစ်ပြီး၊ လူထုကိုလည်း ဝလင်အောင် မကျွေးမွေးနိုင်ပေမယ့်  အာရှမှာ စီးပွားရေးလုပ်ငန်းတွေကို ချဲ့ထွင်လုပ်ကိုင်လာနေရာမှာ အတော့်ကိုပဲ ထည်ဝါခံ့ညားတဲ့ လုပ်ငန်းတွေ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီဆိုင်တွေဟာ  စီးပွားရေးသက်သက်အတွက်ပဲလား၊ ဒါမှမဟုတ်  မြောက်ကိုရီးယား ထောက်လှမ်းရေးဌာနရဲ့ ထောက်လှမ်းရေး လုပ်ငန်းတွေအတွက်လား ဆိုတာတော့ မကြာခဏကိုပဲ မရှင်းလင်းတဲ့ ကိစ္စတွေ ဖြစ်နေပါတယ်။

မကြာသေးခင်က အာရှတိုင်း သတင်းစာမှာ ဘာတေးလင်တနာက `မြောက်ကိုရီးယား၏ ကျောချမ်းဖွယ် လိပ်သွား သွားနေသော အရင်းရှင်စနစ်´ ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ရေးခဲ့ပါတယ်။ ဒီဆောင်းပါးမှာ မြောက်ကိုရီးယားရဲ့ အရင်းရှင်စနစ်ဟာ နိုင်ငံခြားမှာ ဖွံ့ဖြိုးထွန်းကားနေပြီး၊ အများစုကတော့ မသင်္ကာစရာ ကောင်းလို့ စောင့်ကြည့်ခံ
နေရတယ်လို့ ဆိုပါတယ်။

North-Korea-Embassy-4-1
မြောက်ကိုရီးယားမှ ပထမဆုံး လာရောက်ဖွင့်လှစ်သည့် ကော်ယို Koryo စားသောက်ဆိုင်အား
တွေ့မြင်ရစဉ် (မဇ္ဈိမ)

“ မြောက်ကိုရီးယားသည် အရှေ့နှင့် အရှေ့တောင် အာရှတွင် တရားဝင်ကော၊ တရားမဝင် တဝင်ပါ ဟန်ပြကုမ္ပဏီ အများအပြား ဖွင့်လှစ်လာခဲ့သည်။ ငွေမာအရေးတကြီး လိုအပ်နေသော အစိုးရအတွက် ငွေရှာပေးနေခြင်း
ဖြစ်သည်။ တွေ့မြင်ရသော လက္ခဏာ အားလုံးအရ အဆိုပါ စီးပွားရေး လုပ်ငန်းများမှာ ဖြစ်ထွန်း အောင်မြင်နေသည် ” လို့ ရေးပါတယ်။

ဒီလိုအစားအသောက် ဆိုင်အားလုံးဟာ မသင်္ကာစရာတွေပဲလား။ နေပြည်တော် အစိုးရ သတင်းရပ်ကွက် တခုရဲ့ အပြောအရဆိုရင် ဒီမြောက်ကိုရီးယား စားသောက်ဆိုင်ဟာ နိုင်ငံခြားကနေ အလုပ်သမား ၃ဝ လောက်
ခေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရထံက ခွင့်ပြုချက်ရပြီးပြီလို့လည်း ပြောပါတယ်။ မြန်မာပြည်မှာရှိတဲ့ ထိုင်းနဲ့ တရုတ် စားသောက်ဆိုင်တွေဟာ ဒီအခွင့်အရေး မရပါဘူး။ အလုပ်သမားအများစုက မြန်မာနိုင်ငံသားတွေပါ။

နေပြည်တော်က သူတို့ကို ပြည်ဝင်ခွင့်ကိစ္စ လျှော့ပေါ့ပေးခဲ့တာကလည်း အံ့အားသင့်စရာတော့ မရှိပါဘူး။
မြောက်ကိုရီးယားနဲ့ မြန်မာ ဆက်ဆံရေး သိပ်ကောင်းနေပုံ ရပါတယ်။ နှစ်နိုင်ငံစလုံးက နိုင်ငံတကာ မျက်နှာစာမှာ နာမည်ပျက်နေတဲ့ နိုင်ငံတွေပါ။ မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နဲ့ နျူကလီးယား နည်းပညာတွေ လွှဲပြောင်းပေးအပ်နေတယ်လို့ မီဒီယာတွေက စွပ်စွဲတာတွေလည်း ရှိနေပါတယ်။

ဒီဆိုင်သစ်က အလုပ်သမားတွေထဲမှာ  အသက်၂ဝ ကျော် မိန်းမငယ်တွေလည်း ပါပါတယ်။ သူတို့ဟာ အာဏာရှင် ကင်ဂျုံအီးလ်ကို သစ္စာခံတဲ့ သာမန် ရိုးရိုးသားသား မြောက်ကိုရီးယား မိသားစုများထဲကပဲ ဖြစ်ပါလိမ့်မယ်။ သူတို့ကို အဆိုအကသာမဟုတ် `သူလျှိုလုပ်ငန်း´ အတွက်လည်း လေ့ကျင့်သင်ကြားထားပြီးဖြစ်တယ်လို့ အဲဒီ သတင်းရပ်ကွက်က ပြောပါတယ်။

ဘာတေးလင်တနာရဲ့ အပြောသာမှန်ပါက ဒီဖြစ်ရပ်ဟာ အထက်ကလူရဲ့ အပြောနဲ့ ကိုက်ညီနေပါတယ်။ အာရှတိုက်မှာ ဖွင့်လှစ်ထားတဲ့ မြောက်ကိုရီးယား ဆိုင်မှန်သမျှ ဝန်ထမ်းတွေကို  မိခင်နိုင်ငံကနေပဲ ခေါ်ယူလာတယ်။ အဲဒီအထဲက အများစုဟာ  ပြုံယမ်းက အမျိုးသမီးငယ်တွေပဲ ဖြစ်ကြပါတယ်။

နေပြည်တော် သတင်းရပ်ကွက်အပြောအရ မြောက်ကိုရီးယား အစိုးရဟာ ဒီဆိုင်ကို သူတို့သံရုံးကတဆင့် လည်ပတ်လုပ်ကိုင်မှာဖြစ်ပြီး တရားဝင်မှု ပိုရဖို့အတွက် ဒေသခံစီးပွားဘက်တဦးနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖွယ် ရှိတယ်လို့လည်း ပြောပါတယ်။ အာရှတိုက်မှာ ဖွင့်လှစ်ထားတဲ့ တခြားစီးပွားရေး လုပ်ငန်းတွေလိုပဲ ဆိုရင်တော့ ဒီဆိုင်ဟာလည်း အဓိကရည်ရွယ်ချက် နှစ်ခုအတွက် ဖွင့်လှစ်တာ ဖြစ်ပါလိမ့်မယ်။ ငွေမည်းခဝါချခြင်း၊
မှောင်ခိုပစ္စည်း ရောင်းဝယ်ခြင်းလို ဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ငန်းတွေအတွက် အခြေစိုက်စခန်းရဖို့နဲ့ မြန်မာနိုင်ငံထဲ သူလျှိုလုပ်ငန်း လုပ်ကိုင်ဖို့ပဲ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဆိုင်ကို သော့ခတ်ထားဆဲ ဖြစ်ပါတယ်။ အလုပ်သမားတွေက ဆိုင်ကို မွမ်းမံပြင်ဆင်
နေတုန်းပါ။ ဟင်းလျာစာရင်းမှာ ဘာတွေပါမယ်ဆိုတာကိုလည်း သေသေချာချာ မသိရသေးပါဘူး။

ဒီအချိန်မှာ သေချာတာကတော့ ဒီဆိုင်မှာ ကင်ချီလည်း ရမယ်ဆိုတာပါပဲ။ တောင်ကိုရီးယားဆိုင်ဖြစ်ဖြစ်၊
မြောက်ကိုရီးယားဆိုင်ဖြစ်ဖြစ် ကိုရီးယားလူမျိုးတွေရဲ့ အဓိက အစားအစားဖြစ်တဲ့ ကင်ချီမပါတဲ့ ကိုရီးယား စားသောက်ဆိုင်ကို ခင်ဗျား ရှာလို့ မတွေ့နိုင်ဘူး မဟုတ်လား။

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

%d bloggers like this: