“Facebook ကူလို့ ပြန်ဆုံရတဲ့ ဘိုးဘိုးနဲ့ ဘွားဘွား”
Aurelia Matias လို့ခေါ်တဲ့ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဖိလစ်ပိုင်က ဘွားဘွားဟာ သူမရဲ့ခင်ပွန်း ပျောက်ဆုံးသွားလို့ ၀မ်းနည်းပက်လက်ဖြစ်နေခဲ့တာပါ။ သူမရဲ့ခင်ပွန်းဟာ မှတ်ဥာဏ် ချို့ယွင်းပြီး သတိမေ့တဲ့ ရောဂါကို ခံစားနေရသူပါ။ နောက်ဆုံးတော့ ကြံရာမရတဲ့အဆုံး သူမရဲ့ ခင်ပွန်းဓာတ်ပုံကို ကျောမှာကပ်ပြီးတော့ ရှာပုံတော်ဖွင့်နေတဲ့ဓာတ်ပုံကို အပျော်တမ်းဓာတ်ပုံဆ…ရာလေးက Facebook ပေါ်တင်လိုက်ပါတယ်။ရဲတပ်ဖွဲ့ကတော့ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ အဘွားအိုရဲ့ ယောင်္ကျား Luis Matias ကို ရှာဖွေမတွေခဲ့ပါဘူး။ အဘိုးအိုဟာ မနီလာမြို့မှာ လမ်းလျှောက်သွားရင်းနဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပျောက်ဆုံးသွားခဲ့တာပါ။ ဒါပေမယ့် Facebook ရဲ့ အကူအညီနဲ့ ၂ရက်အတွင်းပြန်ရှာတွေ့နိုင်ခဲ့ပါသတဲ့။
အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ Avancena လို့ခေါ်တဲ့ သမီးဖြစ်သူကတော့ “ကျွန်မတို့ဟာ Facebook ကို သုံးတောင်မသုံးတတ်ပါဘူး။ ဒါပေမယ့် ခုလိုအဖေ့ကို ပြန်တွေ့ရတော့ ဒီလို ဓာတ်ပုံကို Facebook ပေါ်တင်ပေးတဲ့ ဓာတ်ပုံဆရာကို ကျေးဇူးတင်ပါတယ်ရှင်၊ ခုတော့ ကျွန်မ အမေလည်း အရမ်းကို ပျော်နေတယ်။ သူက အဖေ့ကို ထပ်မတွေ့ရတော့ဘူးလို့ ထင်နေတာလေ”လို့ ပြောသွားပါတယ်။
အဘိုးအိုကိုတော့ သူ့အိမ်နားကနေ နာရီဝက်လောက်သွားရတဲ့နေရာလေးက ပန်းတွေထားတဲ့ ပုံးကလေးအနီးမှာ ပြန်တွေ့ခဲ့တာပါ။ ဒီဓာတ်ပုံကလေးကို Facebook ပေါ်မှာ အကြိမ်ပေါင်း ၆သောင်း ၁ ထောင်ကျော် ဖြန့်ပေးခဲ့ကြပါတယ်တဲ့။
သမီးဖြစ်သူကတော့ “ကျွန်မ အမေဟာ အရမ်းကို စိတ်ထားပြည့်ဝသူပါ။ အဖေ့ကို သူ့မှတ်ဥာဏ်တွေ ချို့ယွင်းသွားကထည်းက ရေလည်းချိုးပေးတယ်၊ ချက်ပြုတ်ကျွေးမွေးတယ်၊ အ၀တ်အစားတွေအမြဲတမ်း လဲလှယ်ပေးပါတယ်။ အဖေက အမေ့ရဲ့ အချစ်ဦးလေ” လို့ပြောသွားပါတယ်။
Reddie လို့ သူ့ကိုယ်သူခေါ်တဲ့ အပျော်တမ်း ဓာတ်ပုံဆရာကတော့ ဒီ အဘွားအိုကို လမ်းဘေးမှာ ဈေးရောင်းနေတုန်း တွေ့ခဲ့တယ်လို့ဆိုပါတယ်။ ဒါနဲ့ပဲ အဘွားကို ကူညီဖို့ ဆုံးဖြတ်လိုက်တာပါလို့ သူ့ရဲ့ Facebook မှာ ဆိုထားပါသတဲ့။
ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းအရကတော့ ဖိလစ်ပိုင်နိုင်ငံဟာ လူဦးရေ ၉၄ သန်းရှိပြီး Facebook အသုံးပြုသူဦးရေဟာ ကမ္ဘာပေါ်မှာ အဆင့် ၁၀ အတွင်း ၀င်တယ်လို့ဆိုပါတယ်။











