ကျောက်ဖြူ လေယာဉ်ကွင်း စီမံကိန်းပါမြေ လျော်ကြေးပေး
ကျောက်ဖြူလေယာဉ်ကွင်း တိုးချဲ့ စီမံကိန်းတွင် ပါဝင်သော တောင်ရင်းကျေးရွာမှ စိုက်ပျိုးဧက ၂၀ ခန့် အတွက် လျော်ကြေးများ ပေးအပ်ပြီး အိမ်ခြေ ၁၀၀ ကျော်ခန့် ရွှေ့ပြောင်းရန် လိုအပ် မည်ဖြစ်ကြောင်း စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက မေလနှောင်းပိုင်းတွင် ပြောသည်။
ဧက ၆၀ ကျော် ကျယ်ဝန်းသော စီမံကိန်းကို ဧက ၁၆၀ ခန့်အထိ တိုးချဲ့ရန် စီစဉ်လျက်ရှိကာ ၂၀၁၃ -၁၄ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်း ကြောင်း သိရသည်။
“ဂျက်လေယာဉ် ဆင်းနိုင်တဲ့ကွင်းအဖြစ် အဆင့်မြှင့်သွားမှာဖြစ်တယ်။ ပြေးလမ်းကို ပထမအဆင့် မူလ အရှည် ပေ ၄,၆၂၀ ကနေ ၇,၅၀၀ အထိ တိုးချဲ့ နေတယ်။ လေဆိပ်တာဝါ၊
ခရီးသည် အဆောက်အအုံ၊ လေယာဉ်ရပ်နားနေရာတွေပါ တိုးချဲ့သွားမယ့်အတွက် မြေလည်း သိမ်းဖို့ လုပ်ထားတယ်။ တိုးချဲ့မယ့် ဧရိယာမှာ ဧက ၂၀ ကျော်နဲ့ အိမ်ခြေ ၁၀၀ ကျော်ပါနေတယ်။
တစ်ဧကကို ကျပ် ၅၅၀,၀၀၀ နဲ့ မေလ ၄ ရက်နေ့က အားလုံး လျော်ကြေး ပေးပြီးပါပြီ။ ဒီလယ်တွေက ၁၉၇၀ ပြည့်နှစ်က တစ်ခါသိမ်းဖူးတော့ လျော် ခဲ့ သေးတယ်။ ဒါပေမယ့် ငါးဦးက မရသေးဘူးလို့ တင်ပြလာတဲ့အတွက် လျော်ကြေးထပ်ပေးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
လျော်ကြေးကို၊ လယ်သမားများနှင့် ဌာနမှ တာဝန်ရှိသူများ ညှိနှိုင်းသဘောတူ သတ်မှတ်ကာ ပေးအပ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
စီမံကိန်းပါမြေတွင် လက်ရှိလုပ်ကိုင်နေသော လယ်သမားများကို ကြိုတင် အသိပေးခြင်း၊ လျော်ကြေးပေးခြင်းမရှိဘဲ လုပ်ငန်းများ စတင် ခဲ့သောကြောင့် လယ်သမားများအနေဖြင့် ပူပန်ခဲ့ရကြောင်း လယ် ၅ ဒသမ ၂၅ ဧက ပိုင်သော တောင်ရင်းကျေးရွာမှ လယ်ပိုင်ရှင် ဦးမောင်ဖြူ က ပြောသည်။
“ဦးလေး လယ်တွေက ပြေးလမ်းထဲ ပါသွားတယ်။ စက်တွေနဲ့ စထိုးတာက ဒီဇင်ဘာလောက်မှာ။ လျော်ကြေးလည်းမပေး၊ မြေသိမ်းလည်း မလုပ်ဘဲ နဲ့ ရုတ်တရက်ကြီးစလုပ်တာပဲ။ သူတို့က သိမ်းပြီးသားလို့ ပြောတယ်။ သိမ်းပြီးသားဆို မြေသိမ်းအမှုတွဲ ပြပါလို့ ဦးလေးက ပြောတယ်။
နောက်မြို့နယ် အုပ်ချုပ်ရေးမှူးဆီကို လျော်ကြေးရရှိရေးအတွက် သုံးခါ စာတင်ပေမယ့် ဘာမှထူးမလာတော့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက တစ်ဆင့် အကူအညီပေးတော့ လေကြောင်းက ညွှန်ကြားရေးမှူး လိုက်လာပြီးတော့ မဟာဓာတ်အားလိုင်း တည်ဆောက်ရေးအတွက် မြေ သိမ်းတဲ့ အခါပေးဖို့ အတည်ပြုတဲ့ နှုန်းထား အတိုင်းပေးမယ်လို့ပြောတော့ တခြား လယ်သမားတွေကလည်း လက်မခံလိုက်ဘူးဆိုရင် နောက် ဘယ်လောက်ထိ ကြာနေမလဲ မသိနိုင်တာနဲ့ လက်ခံလိုက်ကြတယ်” ဟု ၎င်းက ပြောသည်။
စီမံကိန်းတိုးချဲ့ဧရိယာတွင် ပါဝင်သော အိမ်ခြေများနှင့် ပတ်သက်၍မူ မည်သို့ စီစဉ်ဆောင်ရွက်မည်ကို မဆုံးဖြတ်ရသေးကြောင်း စီမံကိန်းမှ တာဝန် ရှိသူက ဆိုသည်။
၂၀၁၁-၁၂ ခုနှစ်အတွင်း ပထမအဆင့် ပြေးလမ်းတိုးချဲ့ခြင်း လုပ်ငန်းတွင် မြေသားလမ်း ပေ ၇,၅၀၀ တိုးချဲ့ခြင်းနှင့် ပေ ၁,၀၀၀ အထိ ကျောက် ကတ္တရာ ခင်းခြင်းလုပ်ငန်းများကို၊ဆောင်ရွက်ပြီးစီးထားကြောင်း ၎င်းက ပြောသည်။
အေးစပယ်ဖြူ
မြန်မာတိုင်း(မ်း) အတွဲ ၂၉ ၊ အမှတ် ၅၇၂ (၈ – ၁၄ ၊ ၆ ၊ ၂၀၁၂)














![Eigerøy lighthouse III [Explored #4] Eigerøy lighthouse III [Explored #4]](http://static.flickr.com/2879/8805431526_732f27a085_t.jpg)

![iris [EXPLORE] iris [EXPLORE]](http://static.flickr.com/5447/8804295392_5e80293463_t.jpg)
