ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ စည်းမျဉ်းဆိုင်ရာကစားပွဲများ


ခင်မမမျိုး
Sunday, December 20, 2009

နိဒါန်း
အချိန်ကား (၁၉၉၉) ခု၊ ဒီဇင်ဘာလ။ နေရာကား အမေရိကန်ပြည်ထောင်စုမှ စီးတယ်လ်မြို့။
နိုင်ငံပေါင်းတစ်ရာကျော်မှ ကုန်သွယ်ရေးဝန်ကြီးများ စုဝေးရောက်ရှိနေကြသည်။ အကြောင်းအရာကား လွန်ခဲ့သော ငါးနှစ်က ဖွဲ့စည်း ထားသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ဝန်ကြီးများအဆင့် အစည်းအဝေးသို့တက်ရောက်ကြရန်ဖြစ်သည်။ သာမန်အားဖြင့်ကြည့် လျှင် နိုင်ငံတကာအဖွဲ့အစည်းတခု၏ ၀န်ကြီးများအဆင့် အစည်းအဝေးတခုသာ ဖြစ်သည်။ သို့ပေမယ့် ထိုအစည်းအဝေး ကြီးသည် ကမ္ဘာတ၀ှမ်းမှ လူအများ၏ အာရုံကို ဆွဲယူနိုင်ခဲ့သည်။ ဆန္ဒပြပွဲများ၊ အဓိကရုဏ်းဖြစ်မှုများသည် အမေရိကန်ပြည်ထောင်စု စီးတယ်လ် မြို့ငယ်လေး၏ လမ်းများပေါ်တွင် ပြည့်နှက်နေခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးကို ဖွဲ့စည်းခြင်းအားဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကို စောင့်ကြည့် ထိန်းချုပ်နိုင်သော သတ်မှတ် ချက်များပါဝင်သည့် စနစ်တခုပေါ်ပေါက်လာကာ တကမ္ဘာလုံး၌ စီးပွားရေး အကျိုးအမြတ်များ ဖြစ်ထွန်းလာစေရန် ရည်ရွယ်ခဲ့ကြ သော်လည်း၊ လူတိုင်းသည် ထိုအမြင်အား လက်ခံခြင်းမရှိကြောင်း စီးတယ်လ်ဖြစ်ရပ်က သက်သေပြနေခဲ့သည်။

စီးတယ်လ် ဆန္ဒပြပွဲတွင် မီဒီယာများမှ အဓိက အာရုံစိုက်ခြင်း ခံခဲ့ရသည့် အုပ်စုနှစ်ခုမှာ အမေရိကန် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုံ့ဆော်သူများ ဖြစ်ကြသည်။ ပထမတမျိုးက ဈေးပေါသော သွင်းကုန်များကြောင့် အလုပ်များဆုံးရှုံးမှုကို ထောက်ပြဝေဖန်ခဲ့ကြပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုံ့ဆော်သူများကတော့ လွတ်လပ်စွာ ကုန်သွယ်မှုကြောင့် ဖြစ်ပေါ်လာသော ecological damage ကို ထောက်ပြခဲ့ကြသည်။ ဖွံ့ဖြိုးစဲတိုင်းပြည်များမှ ဆင်းရဲနွမ်းပါးသော ပြည်သူများအရေးကိုလည်း ပြောဆိုခဲ့ ကြသည်။

မီဒီယာများကို အံ့အားသင့် အာရုံစိုက်စေခဲ့သည့် အချက်ကား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ဆုံးဖြတ်ချက်များ ချမှတ်ရာဖြစ်စဉ် တွင်းမှ ဖယ်ရှားခြင်းခံထားရသည်ဟု ခံစားနေရသော ဖွံ့ဖြိုးစဲနိုင်ငံများမှ တရားဝင်ကိုယ်စားလှယ်များ၏ စကားသံများဖြစ်သည်။ ဖွံ့ ဖြိုးစဲနိုင်ငံများမှ ကုန်သွယ်ရေးဝန်ကြီးများတွင်လည်း အဖွဲ့ကြီးနှင့်ပတ်သက်၍ ကြီးမားသော စိုးရိမ်မှုများ ရှိနေခဲ့လေသည်။ သို့ဖြစ်ရာ protests များသည် စီးတယ်လ်မြို့လမ်းများပေါ်တွင်သာမက ကွန်ဖရင့်ခန်းမများ အတွင်းထိပင် ရှိနေခဲ့ပြီး၊ စီးတယ်လ် ၀န်ကြီးများ အဆင့်အစည်းအဝေးသည် မည်သည့် သဘောတူညီချက်မျှမရပဲ ပြီးဆုံးသွားခဲ့ ရလေသည်။ “The Battle in Seattle” ဟူ ၍တော့ အမည် တွင်ကျန်ရစ်ခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ကုန်သွယ်ရေးဝန်ကြီးများအဆင့် အစည်းအဝေးကို (၂) နှစ်လျှင်တကြိမ် ကျင်းပလေ့ရှိရာ နောက် တ ကြိမ်တွင်ကား စီးတယ်လ်သင်ခန်းစာကိုယူ၍၊ ဆန္ဒပြသူများ၏ အဝင်အထွက်နှင့် ပြုမူဆောင်ရွက်ပုံကို ထိန်းချုပ်နိုင်သော အရှေ့ အ လယ်ပိုင်းဒေသ Qatar နိုင်ငံ၊ ဒိုဟာမြို့တော်၌ (၂၀၀၁) နိုဝင်ဘာလတွင် ထပ်မံကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးတွင် နိုင်ငံတကာ ညှိနှိုင်းဆွေးနွေးမှု new round ဖြစ်သော Development Round ကို ပြုလုပ်နိုင်ခဲ့သော်လည်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှ မကျေမနပ် ဖြစ်နေကြဆဲပင်ဖြစ်သည်။

ယခုဆောင်းပါးတွင် အဆိုပါကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ စည်းမျဉ်းဆိုင်ရာ ကစားပွဲများ၊ မကျေလည်မှု များအကြောင်းကို ရေးသားတင်ပြမည်ဖြစ်ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization)
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့်ပတ်သက်၍ အချို့က အချုပ်အခြာအာဏာရှိသော နိုင်ငံများအပေါ်တွင် ပေါ်လစီများချမှတ်နေသည့် supranational government ဟု ထင်မှတ်နေကြပါသည်။ လက်တွေ့မှာမူ အဆိုပါအဖွဲ့သည် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကို ထိန်းကျောင်းနိုင်သည့် သတ်မှတ်ချက်များနှင့် ပတ်သက်သောအဖွဲ့တခုသာဖြစ်ပါသည်။ နိုင်ငံတကာညှိနှိုင်းဆွေးနွေးမှုများ ကျင်းပရာ ဖိုရမ်တခုသာ ဖြစ်ပါသည်။ သတ်မှတ်ချက်စည်းမျဉ်းများကိုကား များသောအားဖြင့် consensus ဖြင့် သဘောတူလေ့ရှိရာ အဆုံးသတ် တွင် အားလုံးပျော်ရွှင်ရလိမ့်မည်ဟုကား မဆိုနိုင်ပါ။

နိုင်ငံရေး၊ စီးပွားရေးစနစ်များ ကွဲပြားမှုရှိသော ကမ္ဘာကြီးကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတရပ်ဖြစ်သဖြင့် ခက်ခဲသော bargaining များရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် နိုင်ငံများအပေါ်၌ တွန်းအားပေးသော WTO အမြင်တခုအနေဖြင့် သီးသန့်မရှိပါ။ အခြေခံဖွဲ့စည်းပုံအရ ဆိုလျှင်တော့ စည်းမျဉ်းများအားလုံးသည် အဖွဲ့ဝင်နိုင်ငံများအကြားမှ သဘောတူညီချက်များဖြစ်ပြီး၊ သက်ဆိုင် ရာ အစိုးရပါလီမန်များမှ သတ်မှတ်ပေးထားသော စည်းမျဉ်းများဖြစ်ပါသည်။ မည်သည့်နိုင်ငံကိုမျှ အဖွဲ့ဝင်နိုင်ငံဖြစ်ရန် တွန်းအားပေး ထားခြင်းမရှိပါ။

များသောအားဖြင့် WTO အဖွဲ့ဝင်များသည် နိုင်ငံများဖြစ်ကြပါသည်။ သဘောတူညီချက်များသည် ကုန်သွယ်ရေးမူဝါဒနှင့် သက်ဆိုင်ရာ များဖြစ်သဖြင့် ဒေသတခုချင်း၏ ကုန်သွယ်ရေးမူဝါဒကို ထိန်းကျောင်းသော အုပ်ချုပ်ရေးဆိုင်ရာ ယူနစ်များအနေဖြင့်လည်း အဖွဲ့ဝင် ဖြစ်နိုင်ပါသည်။ ဥပမာ – ဥရောပ သမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများအကြားတွင် လွတ်လပ်စွာ ကုန်သွယ်မှုပြုနိုင်ခြင်းနှင့် အခြားအဖွဲ့ဝင် မဟုတ်သောနိုင်ငံများနှင့် ကုန်သွယ်ရာ၌ တူညီသော မူဝါဒရှိခြင်း စသည်တို့ကြောင့် WTO ၏ အဖွဲ့ဝင်ဖြစ်ပါသည်။ ထို့အပြင် (၁၉၉၅) ခုနှစ်တွင် WTO ဖွဲ့စဉ်က founding member ဖြစ်သော ဟောင်ကောင်သည် တရုတ်ပြည်မနှင့် ပြန်လည် ပေါင်းစည်းပြီး ဖြစ်လင့် ကစား၊ WTO ၏ အဖွဲ့ဝင်အဖြစ် သီးခြားရပ်တည်နေစဲဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကား (၂၀၀၁) ခုနှစ်တွင် ခြားနားသော ကုန်သွယ်ရေးမူဝါဒရှိသည့် distinct member အဖြစ် WTO သို့ ၀င်ရောက်ခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးတွင် အဖွဲ့ဝင်များ၏ စည်းမျဉ်းများလိုက်နာမှုကို အချိန်နှင့်အညီ စောင့်ကြည့်သုံးသပ်ရန် mechanism နှင့် အဖွဲ့ဝင်များအကြား အငြင်းပွားမှုများဖြစ်ပွားပါက settle လုပ်ရန် mechanism များရှိသော်လည်း၊ စည်းမျဉ်းများကိုကား enforce လုပ်ခွင့်မရှိပါ။ ကမ္ဘာဘဏ်၊ အိုင်အမ်အက်ဖ်များကဲ့သို့ အချုပ်အခြာအာဏာပိုင်နိုင်ငံများမှ ၎င်းတို့၏အကြံကို လိုက်နာရန် elements of consensus များသတ်မှတ်ထားခြင်းမရှိပါ။ principle အရကြည့်လျှင်တော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများအကြားမှ ကုန်သွယ်မှုအတားအဆီးများကို လျှော့ချနိုင်ရန်နှင့် စည်းမျဉ်းသတ်မှတ်ထားသော ကုန်သွယ်မှုစနစ်တခုကို အဖွဲ့ဝင်နိုင်ငံများမှ ၎င်းတို့ ဘာသာ လိုက်နာရန်သာဖြစ်သည်။

သို့ပေမယ့် ဝေဖန်သူအများကတော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် အဖွဲ့အစည်း၏ autonomous bureaucracy အနေဖြင့်မဟုတ်ပဲ၊ ချမ်းသာသောနိုင်ငံများအနေဖြင့် ဖွံ့ဖြိုးစဲနိုင်ငံများ၏ မူဝါဒရေဒရာများတွင် ၀င်ရောက်လွှမ်းမိုးနေပါသည်ဟု အဆိုပြုလာကြလေပြီ။ အဘယ်ကြောင့်နည်း။ ဝေဖန်ချက်များကို မဆန်းစစ်မီ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး ဖြစ်တည်လာရာ မူလအစသမိုင်းကြောင်းကို လေ့ လာကြည့်ကြပါစို့။

နောက်ခံသမိုင်းအကျဉ်း (သို့မဟုတ်) ဒိုဟာသို့ခရီးလမ်း
(၂၀၀၁) ခုနှစ်၊ နိုဝင်ဘာလ၌ ဒိုဟာမြို့တော်တွင် Development Round ပြုလုပ်ခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ မူလ သမိုင်းအစကား (၁၉၄၇) ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော GATT ဟု အတိုကောက်ခေါ်ကြသည့် General Agreement on Tariffs and Trade သဘောတူညီချက်ဟု ဆိုရမည်ဖြစ်သည်။ GATT တွင် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နိုင်ငံအများစုကြားတွင် ကုန်သွယ် ရေးဆိုင်ရာ ညှိနှိုင်းမှုများ တပြိုင်တည်းပြုလုပ်သည့် ရှစ်ကြိမ်မြောက် Multilateral trade negotiations တွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

(၁၉၃၀) ဆယ်စုနှစ်များအတွင်းက ကမ္ဘာတ၀ှမ်းတွင် ဆိုးဝါးလှစွာသော စီးပွားပျက်ကပ်ကြီး ဖြစ်ပွားခဲ့ရာ၊ အလုပ်လက်မဲ့နှုန်းများ အလွန် ပင် မြင့်မားခဲ့လေသည်။ ထိုပြဿနာကို နိုင်ငံအများစုက သွင်းကုန်များကို ကန့်သတ်ချက်များပြုလုပ်၍၊ ပို့ကုန်များကို subsidized လုပ်သော ပေါ်လစီချမှတ်၍ ရင်ဆိုင်ဖြေရှင်းခဲ့ကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဈေးနှုန်းသက်သာသော သွင်းကုန်များဝင်ရောက်လာပြီး၊ ပြည်တွင်းထုတ်လုပ်မှုအား ထိခိုက်စေခြင်းကို ကာကွယ်နိုင်သကဲ့သို့ ပို့ကုန်လုပ်ငန်းများတွင်လည်း လုပ်သားဦးရေ တိုးတက်ခန့် ထားမှု များ ပြုလုပ်နိုင်ပေသည်။ နိုင်ငံတခုချင်း အနေဖြင့်ကြည့်ပါက အဆိုပါ ပေါ်လစီသည် ကျိုးကြောင်းဆီလျော်မှုရှိသည်မှာ မှန်သော်လည်း၊ နိုင်ငံအများစုမှတပြိုင်တည်း ပြုလုပ်လိုက်သောအခါ ‘beggar-thy-neighbor’ ပေါ်လစီဖြစ်သွားပြီး အခြေအနေများကိုသာ ပိုမိုဆိုးဝါး သွားစေခဲ့သည်။ ဥပမာ – ဘောလုံးပွဲတခုတွင် လူတယောက်က မတ်တပ်ရပ်ကြည့်ပါက ပိုမိုကောင်းမွန်သော မြင်ကွင်းကို ထိုသူမြင်ရ မည်ဖြစ်သော်လည်း လူအားလုံးမတ်တပ်ရပ်ကြည့်ပါက မည်သူမျှ ကောင်းမွန်သော မြင်ကွင်းကို မြင်ရမည်မဟုတ်ပဲ တိုးဝှေ့ခုန်ကြည့် နေရ၍ ပင်ပန်းဆင်းရဲခြင်းသာ ဖြစ်စေသကဲ့သို့ဖြစ်လေသည်။

(၁၉၄၇) တွင် GATT ကို လက်မှတ်ရေးထိုးကြခြင်းမှာ ထိုကဲ့သို့သော (၁၉၃၀) ဆယ်စုနှစ်ပြဿနာများ ထပ်မံမဖြစ်ပွားစေရန် ရည်ရွယ် ၍ ဖြစ်သည်။ ယေဘုယျအားဖြင့် သွင်းကုန်ကန့် သတ်ခြင်းတွင် tariffs (customs duties) နှင့် Quantitative restrictions (quota) ပေါ်လစီနှစ်မျိုးချမှတ် ကျင့်သုံးလေ့ရှိကြသည်။ Tariffs ပေါ်လစီဖြင့် ပို့ကုန်၊ သွင်းကုန်များအပေါ်တွင် အခွန်ကောက်ခံနိုင်ပြီး၊ quota နည်းအားဖြင့် သွင်းကုန်အရေအတွက်အား ကန့်သတ်နိုင်လေသည်။ သို့ဖြစ်ရာ GATT သဘောတူညီချက်အရ လက်မှတ်ရေးထိုးထား သော နိုင်ငံများသည် quota နှင့် export subsidies ပေါ်လစီများကို ပယ်ဖျက်ပေးရမည်ဖြစ်သည်။ Tariffs များလျှော့ချခြင်းကိုမူ principle of reciprocity ပေါ်တွင် အခြေခံ၍ နိုင်ငံများအချင်းချင်း ညှိနှိုင်းဆွေးနွေးကြရန် ဖြစ်သည်။ ဥပမာ – နိုင်ငံအေသည် နိုင်ငံဘီမှ တင်သွင်းသော သွင်းကုန်များအပေါ်တွင် tariffs များ လျှော့ချပါက အပြန်အလှန်အားဖြင့် နိုင်ငံအေမှ တင်သွင်းသော ကုန်ပစ္စည်းများ အပေါ်တွင် နိုင်ငံဘီမှ tariffs reductions များ ပြုလုပ်ရန်ဖြစ်သည်။

GATT အရ (၁၉၄၇) မှ (၁၉၇၀) ကာလများအထိ multilateral negotiations ခုနစ်ကြိမ်ပြုလုပ်ခဲ့ရာ၊ ဖွံ့ဖြိုးပြီးနိုင်ငံများအကြား စက်မှု ထုတ်ကုန်များကုန်သွယ်ရေးမှ tariffs အတားအဆီးများကို သိသာထင်ရှားစွာ လျှော့ချနိုင်ခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်မူ GATT အား ကနဦး လက်မှတ်ရေးထိုးသော နိုင်ငံ (၂၃) နိုင်ငံတွင် ဖွံ့ဖြိုးဆဲနိုင်ငံများပါဝင်ခဲ့ပြီး၊ နောက်ပိုင်းကာလများတွင် ထပ်မံလက်မှတ် ရေး ထိုးသော နိုင်ငံများရှိခဲ့သည်မှန်သော်လည်း၊ လက်တွေ့တွင်ကား ဖွံ့ဖြိုးဆဲနိုင်ငံများသည် အင်အားကြီးနိုင်ငံများ၏ motives နှင့် free trade အိုင်ဒီယာများအပေါ်တွင် သံသယများရှိနေခဲ့လေသည်။ သို့ဖြစ်ရာ အနှစ်လေးဆယ်နီးပါး ကုန်သွယ်မှုအတားအဆီး လျှော့ချရေး လုပ်ဆောင်ချက်များတွင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ တက်ကြွစွာ ပါဝင်မှုအား နည်းပါးခဲ့သည်။ ဖွံ့ဖြိုးစဲနိုင်ငံများသည် ၎င်းတို့၏ ကုန်သွယ်မှု အ တားအဆီးများအား လျှော့ချခြင်းမပြုခဲ့ကြသကဲ့သို့၊ အပြန်အလှန်အားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ reciprocal concessions များကိုလည်း ရရှိခဲ့ခြင်း မရှိခဲ့ပါ။

အထက်ပါအခြေအနေများသည် (၁၉၈၀) ဆယ်စုနှစ်များတွင်ကား အပြောင်းအလဲများ ဖြစ်လာခဲ့လေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွား ရေးဖွံ့ဖြိုးမှုမှာ နှောင့်နှေးပြီး၊ ပို့ကုန်များ ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုမှာလည်း ကျဆင်းလာခဲ့သည်။ အာရှဈေးကွက် တွင်လည်း တောင်ကိုးရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူနိုင်ငံများ၏ စီးပွားရေးအခြေအနေများသည် export လုပ်ခြင်းဖြင့် တဟုန်ထိုး တက်လာခဲ့သည်။ ထိုသို့သော ပြောင်းလဲမှုအခြေအနေများတွင် ကမ္ဘာ့ဘဏ်နှင့် အိုင်အမ်အက်ဖ်တို့မှ ဖိအားများဖြင့် ပေါင်းစပ်လိုက် သောအခါ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကုန်သွယ်မှု အတားအဆီးများကို လျှော့ချခြင်း၊ ဖယ်ရှားခြင်းများ ပြုလုပ်ရသည့် trade liberalization ပေါ်လစီကို မလွဲမသွေအကောင်အထည်ဖော်ကြရတော့သည်။

ဤသို့ဖြင့် (၁၉၈၆) တွင်ကား ရှစ်ကြိမ်မြောက် multilateral negotiations စတင်ခဲ့သည်။ Uruguay Round ဟူ၍ နောင်တချိန် အမည်တွင်လာသည့် အဆိုပါ roundသည် ယခင်ပွဲများထက်စာရင် ပိုမိုအောင်မြင်မှုရှိသကဲ့သို့ ၊ အချိန်လည်းပိုကြာခဲ့သည်။ နိုင်ငံများ လည်း ပိုမိုစုံလင်စွာပါဝင်လာခဲ့သည်။ (၁၉၉၄) တွင် အဆုံးသတ်ချိန်၌ကား သဘောတူညီချက်နှင့်နားလည်မှု (၃၀) ကျော်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြပြီး၊ WTO ဟူသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးကို တည်ထောင်နိုင်ခဲ့ကြသည်။

အစပထမတွင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် သိသာထင်ရှားသော concessions များပြုလုပ်ခဲ့ကြပြီး၊ ဈေးကွက်များကို ဖွင့်ပေးခဲ့ကြသည်။ အပြန်အလှန်အားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများမှလည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အဓိကထုတ်ကုန်များဖြစ်သော လယ်ယာထွက်ကုန်များနှင့် အဝတ်အထည် ပစ္စည်းများအား စည်းမျဉ်းခံ trade liberalization ပြုလုပ်ပေးရန် ကတိပြုခဲ့ကြသည်။ အဓိကအနေဖြင့်

ဖွံ့ဖြိုးစဲနိုင်ငံများသည် tariffs များ၊ subsidies များလျှော့ချရန် သဘောတူညီခဲ့ကြသည်။ လယ်ယာကဏ္ဍအား reciprocal concessions framework အတွင်းသို့ထည့်သွင်း၍၊ မိမိတို့လယ်သမားများအား ပြည်ပဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် သဘော တူညီခဲ့ကြသည်။ trade liberalization အား အခြားသော ၀န်ဆောင်မှုလုပ်ငန်းများဖြစ်သော ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆက် သွယ်ရေးလုပ်ငန်းများတွင်ပါ ချဲ့ထွင်ရန် သဘောတူညီခဲ့ကြသည်။ GATT/ WTO framework အရ intellectual property rights ကို အကာအကွယ် ပေးရန်ကိုလည်း သဘောတူညီခဲ့ကြသည်။

အလားတူ concessions များကို ဖွံ့ဖြိုပြီးနိုင်ငံများမှလည်း သဘောတူညီခဲ့ကြသည်။ သို့ပေမယ့် မတူညီသော စီးပွားရေးအခြေ အနေ များနှင့် သဘောတူညီချက်များမှ အားနည်းချက်များပေါ်တွင် အခွင့်အရေး ယူတတ်မှုများကြောင့် ဖြစ်ပေါ်လာသည့် ရလာဘ်များ မှာကား ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် မတူညီခဲ့ပါ။ မည်သို့ဆိုစေ WTO framework သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေး ပေါ်လစီများအပေါ်တွင် ကြီးစွာသော သက်ရောက်မှုများရှိခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။ နိုင်ငံကြီးများမှ WTO စည်းမျဉ်းများနှင့် ကစားကာ ဖွံ့ဖြိုးစဲနိုင်ငံများအပေါ်တွင် အခွင့်အရေးယူမှုများ ပြုလုပ်ခြယ်လှယ်နေသည်ဟု အချို့ကဆိုနေကြပါပြီ။ လက်တွေ့မှာ ဘာ တွေဖြစ်ခဲ့ကြသနည်း။

ဈေးကွက်ရေးရာမျှော်လင့်ချက်အိပ်မက်များပျောက်ဆုံးခြင်း
Trade liberalization ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်ခဲ့ကြသည့် အဓိကရည်ရွယ်ချက်မှာ ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ဈေးကွက်များသို့ ၄င်းတို့၏ ပို့ကုန်များ အလွယ်တကူ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်ဖြစ်သည်။ သို့ရာတွင် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စည်းမျဉ်းဆိုင်ရာ ကစားပွဲများသည် ယင်းတို့၏ ပို့ကုန်တိုးမြှင့်ရေးမျှော်လင့်ချက်များကို ပိတ်ဆို့ပစ်ခဲ့သည်။

ဥရုဂွေးသဘောတူညီချက်အရ လယ်ယာထုတ်ကုန်ပစ္စည်းများ တင်သွင်းမှုတွင် quota များအား လျှော့ချပစ်ရမည်ဖြစ်သည်။ သို့ရာတွင် မည်သည့်နိုင်ငံကမျှ မိမိတို့၏ လယ်သမားများအား free trade ၏ risks များအကြားသို့ expose မလုပ်ခဲ့ကြပါ။ quota များအား အလားတူ tariffs များဖြင့် အစားထိုး၍ တဖြည်းဖြည်း လျှော့ချရေးကိုသာ ပြုလုပ်ခဲ့ကြသည်။ ထိုကဲ့သို့ အလားတူ tariffs များဖြင့် အစားထိုးရန် နိုင်ငံများအား မိမိတို့ဘာသာ လုပ်ဆောင်ခွင့်ပေးလိုက်ခြင်းသည် ကြီးမားလှစွာသော စည်းမျဉ်းဆိုင်ရာ အမှားအယွင်းကြီး ဖြစ်ခဲ့ရသည်။ ထိုအချိန်မှစ၍ နိုင်ငံအများစုသည် tariffs များ ချမှတ်ရာတွင် သာမန်ထက် လွန်စွာမြင့်မားသောနှုန်းများဖြင့် ချမှတ်ကြရာ အချို့သောပစ္စည်းများအတွက် တန်ဖိုး၏ အဆနှစ်ရာ၊ သုံးရာအထိ ချမှတ်လိုက်သည်များအထိပင် ဖြစ်ပွားလာခဲ့လေသည်။ ထိုသို့ ချမှတ်ခြင်းဖြင့် အဆိုပါနိုင်ငံများသို့ တင်သွင်းသော သွင်းကုန်များ၏ တန်ဖိုးသည်လည်း အဆနှစ်ရာ၊ သုံးရာ မြင့်တက်သွားသည် ဖြစ်ရာ၊ ပြည်တွင်းထုတ်ကုန်များနှင့် ဈေးကွက်တွင် မည်သို့မျှ ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ပေ။ ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံများသည် ဆန်တင်သွင်းမှု tariffs ကို အဆပေါင်း ၅၅၀ ထိ တိုးမြှင့်ချမှတ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည်ကား အဆိုပါ ဖြစ်စဉ်များတွင် အဆိုးဝါးဆုံးသော offender ဖြစ်သဖြင့် ‘dirty tariffication’ ဟုပဲ အများက သတ်မှတ်ခေါ်ဆိုကြလေသည်။ ထိုသို့အစပိုင်းတွင် အမြင့်မားဆုံးနှုန်းများဖြင့် ချမှတ်လိုက်ကြသဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးတွင် သဘောတူညီထားသော tariffs လျှော့ချခြင်းမှာ အဓိပ္ပာယ်မဲ့ ဖြစ်သွားခဲ့လေသည်။

ထိုကဲ့သို့သော ဈေးကွက်ဝင်ရောက်ယှဉ်ပြိုင်နိုင်မှုအား ထိန်းချုပ်မှုများအကြားတွင် ထပ်မံဆိုးရွားလာသော ဖြစ်ရပ်ကား ဖွံ့ဖြိုးပြီး နိုင်ငံ အစိုးရများသည် ၄င်းတို့လယ်သမားများအား subsidies အဖြစ်ပေးသည့် ငွေကြေးနှုန်းအား၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ လယ်သမား များနှင့် ယှဉ်ပြိုင်နိုင်ရန် အကြောင်းပြ၍ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အလားတူထောက်ပံ့ကြေးများအား အစိုးရ များမှ မပေးနိုင်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ လယ်သမားများသည် ဈေးသက်သာသော ထုတ်ကုန်များကို ထုတ်လုပ်နိုင်သော်လည်း ဈေးကွက်တွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန်ကား မဖြစ်နိုင်တော့ပေ။ ထိုသို့သော ပြဿနာများကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးတွင် သဘောတူညီချက်များ မည်သို့ပင် ရှိနေစေကာမူ လယ်ယာထုတ်ကုန်ကဏ္ဍတွင် သိသာထင်ရှားသော trade liberalization ဖြစ်စဉ်များ မရှိလာခဲ့ပါ။ အဆိုပါ ကိစ္စများအား (၂၀၀၂) ခုနှစ်တွင် Johannesburg ၌ကျင်းပသော Earth Summit တွင် အကြီးအကျယ် ငြင်းခုန်ဆွေးနွေးခဲ့ကြသည်။ သို့ပေမယ့် tariffs များကား ကြီးစွာသောနှုန်းထားများဖြင့် ဆက်လက်ရှိနေဆဲသာဖြစ်သည်။

အလားတူစွာပင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အထည်အလိပ်ပို့ကုန်လုပ်ငန်းရှင်များနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများအကြားတွင်လည်း ကြီးစွာသော ပဋ္ဋိပက္ခများ ရှိနေဆဲပင်ဖြစ်သည်။ အထည်အလိပ် ကုန်သွယ်မှုတွင်လည်း ဥရုဂွေးသဘောတူညီချက်များတွင် proviso နှင့် loophole များ ရှိနေခဲ့ပါသည်။ သဘောတူညီချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများမှ မျှော်လင့်ထားသည်အချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် (၁၉၉၅) တွင်ချမှတ်ထားသော quantitative restrictions များအား ဆယ်နှစ် တာကာလနောက်ပိုင်းတွင် ၄၉% လျှော့ချပေးရန် ဆိုသည့်အချက်သာဖြစ်ပါသည်။ သဘောတူညီချက်များလက်မှတ်ရေးထိုးစဉ်၌ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဤအချက်မှာ သဘောတူညီချက်၏ ချက်ချင်းသက်ရောက်မှုကို ဆွဲဆန့်ထားသော proviso မှန်းမသိခဲ့ကြ။ ပိုဆိုးသည်ကား ဖွံ့ဖြိုးပြီး နိုင်ငံများမှ အရေအတွက်အရ ထိန်းချုပ်ထားသည့်သွင်းကုန်များအား ထိန်းချုပ်မှုဖယ်ရှားချိန်တွင် ဖွံ့ဖြိုးဆဲနိုင်ငံသွင်းကုန်များ မည်သို့မျှ မယှဉ်ပြိုင်နိုင်တော့မည့် targets များချမှတ်ထုတ်လုပ်ထားခြင်းပင်ဖြစ်သည်။

တဖန် ဖွံ့ဖြိုးပြီးနိုင်ငံများသည် ဥရုဂွေးသဘောတူညီချက်အရ စက်မှုလုပ်ငန်းရှင်များအတွက် tariffs များ လျှော့ချပေးသည် မှန် သော်လည်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများက တင်သွင်းသော စက်မှုထွက်ကုန်များအပေါ်တွင် ပိုမိုမြင့်မားသော tariffs များ ချထားခဲ့သည်။ ထို့ အပြင် degree of processing မြင့်မားသော ကုန်ပစ္စည်းများအတွက်လည်း ပိုမိုမြင့်မားသော tariffs များ ချထားခဲ့သည်။ ဥပမာ- ဥရောပသမဂ္ဂနိုင်ငံများသို့ cigar တင်သွင်းမှုသည် raw tobacco တင်သွင်းမှုထက် ပို၍ tariffs များပြီး၊ processed food များသည် unprocessed food များထက် ပို၍ tariffs များလေသည်။ အထည်အလိပ်ပစ္စည်းများတွင်လည်း fabrics များသည် thread ထက်ပို၍ tariffs များများ သတ်မှတ်ခြင်းခံရလေသည်။

ထိုကဲ့သို့သော Tariff escalation လုပ်ခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ၄င်းတို့၏ အစဉ်အလာ ကိုလိုနီခေတ် ကုန်သွယ်ရေး ပုံစံဖြစ်သော ကုန်ကြမ်းများနှင့် ရိုးရှင်းသောစက်မှုထုတ်ကုန်များ တင်ပို့ခြင်းတွင်သာ ဖက်တွယ်ထားစေရန် အားပေးနေသကဲ့သို့ဖြစ်သည်။ သို့ဖြစ်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများသည် processed product များအား ဖွံ့ဖြိုးပြီးနိုင်ငံများထက်ပိုမိုချိုသာသော ဈေးနှုန်းများဖြင့် ထုတ်လုပ်နိုင်စေကာမူ၊ ဖွံ့ဖြိုးပြီးနိုင်ငံများသို့တင်သွင်းရာတွင် မြင့်မားသော tariffs များကို ရင်ဆိုင်ရသဖြင့် ဈေးကွက်တွင် ၀င်ရောက် ယှဉ်ပြိုင်ရန် အခက်အခဲ များစွာကို ဖြစ်ပွားစေတော့သည်။

အထက်ပါ ဈေးကွက်ရေးရာ မျှော်လင့်ချက်များ ပျောက်ဆုံးခြင်းထက် ပို၍ ထိခိုက်သော အကြောင်းအရာများသည်ကား liberalization မှ ပေါ်ထွက်လာသော ဘေးထွက်ဆိုးကျိုးများ ဖြစ်လေသည်။

ဖွံ့ဖြိုးစဲနိုင်ငံများတွင် Economic Liberalization လုပ်ရာမှ ပေါ်ထွက်လာတတ်သော ဘေးထွက်ဆိုးကျိုးများ
Free Trade နှင့် ပတ်သက်၍ ဘောဂဗေဒသီအိုရီတွင် အခြေခံ proposition တခုရှိပါသည်။ ယင်းမှာ အခြေအနေ အတိုင်းအတာ တခု တွင် Free Trade သည် တိုင်းပြည်အတွက် အကျိုးရှိစေသည် မှန်သော်လည်း Free Trade ဖြစ်အောင် ညှိယူနေဆဲကာလများတွင် စီးပွားရေးအဆောက်အအုံထဲမှ အချို့ကဏ္ဍများ ကျဆင်းပြီး၊ အချို့ကဏ္ဍများ တိုးတက်တတ်သည် ဟူ၍ဖြစ်သည်။ ပညာရှင်များက ဤသည်ကို sunrise sector များနှင့် sunset sector များဟူ၍ ခေါ်ဝေါ်သတ်မှတ်ကြသည်။ ကုန်သွယ်မှုတံခါးများ ဖွင့်လိုက်ချိန်တွင် ပြည်တွင်း ထုတ်လုပ်သူများသည် ကမ္ဘာတ၀ှမ်းတွင် ရှိနေသော နည်းပညာအပြောင်းအလဲ၊ စားသုံးသူလိုအင်နှင့် အစိုးရမူဝါဒများကို ဘွားခနဲ ရင်ဆိုင်တွေ့လိုက်ရတတ် လေ့ရှိသည်။ အဆိုပါ အခြေအနေမျိုးတွင် တိုင်းပြည်၏ ထုတ်လုပ်မှုအပေါ်သို့ ကောင်းကျိုး၊ ဆိုး ကျိုးသက်ရောက်မှုများ ရှိလာတတ်ပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင်မူ နိုင်ငံတကာကုန်သွယ်ရေး၏ ပြောင်းလဲတိုးတက်မှုများနှင့်အညီ လေ့ကျင့်သင်ကြားရေး စီမံချက်များ၊ အလုပ် လက်မဲ့ ကူညီထောက်ပံ့ကြေးများ ရှိတတ်ပါသည်။ အထက်တွင် ဖော်ပြခဲ့ဖူးသော ဥပမာကဲ့သို့ပင် နိုင်ငံတကာကုန်သွယ်ရေးတွင် ယှဉ် ပြိုင်မှုအားကောင်းလာစေရန် လယ်သမားများအား ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းများ၊ လုပ်ငန်းရှင်များအား ပံ့ပိုးကူညီပေးခြင်းများ တွင်တွင်ကျယ်ကျယ်ရှိပေသည်။ Free Trade ကြောင့် ဖြစ်ပွားလာသော sunset sectors များမှ အလုပ်သမားများကိုလည်း အခြား သင့်လျော်ရာ ကဏ္ဍများတွင် ပြန်လည်လေ့ကျင့်ပေးသော အစီအစဉ်များ ရှိလေသည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်မူ အလုပ် လက်မဲ့ထောက်ပံ့ကြေးများနှင့် နိုင်ငံတကာ ပြိုင်ဆိုင်မှုကြောင့် လျော့နည်းကျဆင်းသွားသော စီးပွားရေးကဏ္ဍများမှ လုပ်သားများအား အခြားကဏ္ဍများတွင် ပြန်လည်လေ့ကျင့်သင်ကြားပေးခြင်း အစီအစဉ်များ နည်းပါးလေသည်။

ဥပမာ – ဥရောပသမဂ္ဂတွင် စက်ရုံ၊ အလုပ်ရုံများ ရပ်တန့်သွားခြင်းကြောင့် အလုပ်လက်မဲ့ပြဿနာများ ကြီးထွားလာသော နေရာ ဒေသများအတွက် structural funds များ ချမှတ်ပေးသော မူဝါဒများ ရှိလေသည်။ အဆိုပါ မူဝါဒများကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျင့်သုံးရန်ကား မဖြစ်နိုင်ပေ။ ၄င်းအပြင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် safety net ဟုခေါ်သော အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှု၊ သက်ကြီးရွယ်အို ပင်စင်၊ ဆင်းရဲနွမ်းပါး မိသားစုများအား ငွေကြေးထောက်ပံ့မှုစသည်များ နည်းပါးသည်ဖြစ်ရာ economic liberalization နှင့်အတူ ယှဉ်တွဲအသုံးပြုရမည့် လူမှုအသုံးစရိတ် (Social Spending) တွင် အားနည်းချက် ရှိခြင်းကြောင့် လူမှုရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ (Social consequences) များ ထွက်ပေါ်လာတတ်လေသည်။

ဟားဗတ်တက္ကသိုလ်မှ စီးပွားရေးပညာရှင် Dani Rodrik က ဒုတိယကမ္ဘာစစ်အပြီးကာလက ဖွံ့ဖြိုးပြီးနိုင်ငံများသည် economic liberalization, trade liberalization မူဝါဒများကို အကောင်အထည် ဖော်ရာတွင် သက်ဆိုင်ရာ အစိုးရများမှ လူမှုအသုံးစရိတ်များကိုပါ ဖူဖူလုံလုံ အသုံးပြုခဲ့ကြောင်း လေ့လာဖော်ပြခဲ့ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ လူမှုအသုံးစရိတ် သုံးစွဲရေးတွင် အခက်အခဲ အမျိုးမျိုး ရှိနေတတ်သည်။ အခက်အခဲတမျိုးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အုပ်ချုပ်နေသော သက်ဆိုင်ရာ အစိုးရများသည် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အသုံးစရိတ်များထက် စစ်အသုံးစရိတ်များကို ပိုမိုသုံးစွဲခြင်း ရှိနေပါက မည်သို့သော economic liberalization မူဝါဒများကို အကောင်အထည် ဖော်နေစေကာမူ တိုင်းပြည်စီးပွားရေး၊ လူမှုရေး အကျပ်အတည်း ပြဿနာများ မလွဲမသွေ ဖြစ်ပွားနေမည်သာ ဖြစ် သည်။

အခြားအခက်အခဲ တမျိုးမှာကား သက်ဆိုင်ရာ အစိုးရများသည်း နိုင်ငံခြား ထောက်ပံ့မှုပေါ်တွင် မှီခိုသော စီးပွားရေးမူဝါဒများ ကျင့် သုံးရခြင်းမှ ထွက်ပေါ်လာနိုင်သော အခက်အခဲတရပ်ဖြစ်သည်။ ပြည်ပ ထောက်ပံ့မှုများအပေါ်တွင် မှီခိုသည့် (aid dependency model) ၏ ဆိုးကျိုးတရပ်တွင် အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများမှ အစိုးရအသုံးစရိတ်ကို လျှော့ချခိုင်းခြင်း ပြဿနာ ရှိတတ် သည်။ စစ်အသုံးစရိတ်ကြီးမားသော အစိုးရများ၊ လာဘ်စားမှုများကို တိုက်ဖျက်သည့် အစီအစဉ်များအတွက် ကောင်းမွန်သော်လည်း အမှန်တကယ် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအစီအစဉ်များတွင် အစိုးရအသုံးစရိတ်များပြားသော နိုင်ငံများကိုမူ တိုက်ရိုက်ထိခိုက်မှုရှိလာတတ်ပြန်သည်။

မည်သို့ဆိုစေ အဆိုပါ အခက်အခဲများ ဖြစ်ပွားနေချိန်တွင် စီးပွားရေး၊ လူမှုရေး အကျပ်အတည်း ပြဿနာများသည် နိုင်ငံရေး မ တည်ငြိမ်မှုနှင့် အစွန်းရောက်မှုများကို ဖြစ်ပွားစေနိုင်ပြီး ဦးနှောက်ယိုစီးမှု ပြဿနာများကိုလည်း ပေါ်ထွက်စေနိုင်သည်။ တပြိုင်နက် တည်းတွင် ပြည်ပမှ ၀င်ရောက်လာသော နိုင်ငံတကာ စီးပွားရေး လုပ်ငန်းကြီးများမှ ပြည်တွင်းဈေးကွက်ကို ချုပ်ကိုင်၍ ပြည်တွင်း ထုတ်လုပ်သူများကို အစားထိုးမှုများလည်း ပေါ်ထွက်လာမည်ဖြစ်သည်။

နိုင်ငံတကာစံချိန် စံညွှန်းများ
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးမှ ချမှတ်ထားသော အချို့စံချိန်စံညွှန်းများကလည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ဆောင်မှုများကို အနုတ်လက္ခဏာ သက်ရောက်မှု ရှိနေပြန်သည်။ လယ်ယာပို့ကုန်များတင်ပို့သော နိုင်ငံများသည် ကုန်ပစ္စည်းတင်သွင်းသော နိုင်ငံများမှ သတ်မှတ်ထားသည့် Sanitary and phytosanitary (SPS) စံချိန်စံညွှန်းများကို ပြည့်မှီရမည် ဖြစ်ပေသည်။ အဆိုပါ သတ်မှတ်ချက်များမှ နိုင်ငံတကာထုတ်ကုန် အဆင့်အတန်း မြင့်မားရေးကို ရည်ရွယ်ခြင်းကြောင့် ကောင်းကျိုးကို ဦးတည်စေသည်ဖြစ်သော်လည်း၊ မိမိနိုင်ငံတွင်းမှ ထုတ်လုပ်မှုများကို မြှင့်တင်ရန် ရည်ရွယ်ပြီး အထက်ပါ စံညွန်းများကို အသုံးပြု၍ ပို့ ကုန်တင်သွင်းမှုကို တားမြစ်သော နိုင်ငံများလည်း ရှိလေသည်။

နိုင်ငံတကာ စံချိန်စံညွှန်းများ သတ်မှတ်ခြင်းသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုပြီး၊ ကဏ္ဍအလိုက် ကျွမ်းကျင်သော ပညာရှင်များ ရှိနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အခက်အခဲ မရှိသော်လည်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသော နိုင်ငံများအတွက် အခက်အခဲ၊ အတားအဆီးများ ဖြစ်လာတတ်ပါသည်။ ဥပမာ- ကုန်သွယ်ရေးဆိုင်ရာ စံချိန်စံညွှန်းများ ပြည့်မှီရန် ကြိုးပမ်းရမည့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် tariff နှင့် permissible countervailing duties များ တွက်ချက်ခြင်းတွင် ကျွမ်းကျင်ရန် လိုအပ်သည်။ မူပိုင်ခွင့်များ၊ ကျန်းမာသန့်ရှင်းမှုများနှင့် ပတ်သက်သော စံချိန် စံညွှန်းများ ပြည့်မှီစေရန်အတွက် ကျွမ်းကျင်သည့် စစ် ဆေးရေးဝန်ထမ်းများ ခန့်အပ်ထားရှိရမည်။ ယင်းသို့သော လုပ်ငန်းဆောင်တာများအတွက် institutional development အတိုင်းအ တာ တခုအထိ လိုအပ်သည်ဖြစ်ရာ ကနဦးအစမှ အကောင်အထည်ဖော်ရသော နိုင်ငံများအတွက် ကြီးစွာသော အသုံးစရိတ်များ ပေါ် ထွက်လာပါတော့သည်။

စီးပွားရေးပညာရှင် Finger နှင့် Schuler တို့က အဆိုပါ အသုံးစရိတ်များနှင့် ပတ်သက်၍ နှိုင်းယှဉ်တွက်ချက်လေ့လာကြည့်ရာတွင် စံချိန်စံညွှန်းဆိုင်ရာ သဘောတူညီချက် သုံးခုဖြစ်သော customs valuation, Trade-Related Aspects of Intellectual Property Rights (TRIPS) နှင့် Sanitary and phytosanitary (SPS) measures တို့အတွက် နိုင်ငံတနိုင်ငံချင်းစီအလိုက် ကုန်ကျစရိတ်မှာ ဒေါ်လာသန်း (၁၅၀) ဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါသည်။ ယင်းပမာဏမှာ ဖွံ့ဖြိုးဆဲနိုင်ငံအများစု၏ ဖွံ့ဖြိုးတိုးတက်ရေး ဘတ်ဂျက်ပမာဏ ထက် ပိုမိုမြင့်မားပါသည်။ သို့ဖြစ်ရာ အချို့သော ပညာရှင်များက ဖွံ့ဖြိုးပြီး နိုင်ငံများသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ အရှိန်အ ၀ါကို အသုံးပြု၍ ယင်းတို့တွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးပြီးဖြစ်သော institutions များနှင့် စံချိန်စံညွှန်းများကို ဖွံ့ဖြိုးစဲနိုင်ငံများအား အ တင်းအကြပ် ဖိအားပေး သုံးစွဲစေသောကြောင့် ဖွံ့ဖြိုးဆဲတိုင်းပြည်များ၏ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေသည်ဟု ဝေဖန်ပြောဆို ကြပါသည်။

နိဂုံး
မည်သို့ဆိုစေ နိုင်ငံတကာ စီးပွားရေး ဆက်နွယ်မှုများသည် နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပေါ်တွင် များစွာမူတည် ပါ သည်။ ယင်းသို့သော အခြေအနေတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးမှ ပြုလုပ်အကောင်အထည်ဖော်နေသော negotiated rule -making စနစ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အမှန်တကယ်လိုအပ်နေသော ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိ ဖြစ်နေ စဲပင်ဖြစ်သည်။ သို့ဖြစ်ရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားမှ စည်းမျဉ်းဆိုင်ရာ ကစားပွဲများ သည်ကား စဉ် ဆက်မပြတ် ဆက်လက်ရှိနေဦးမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ခင်မမမျိုး
(၁၇၊ ၁၂၊ ၂၀၀၉)

ရည်ညွှန်းကိုးကားစာရင်း
Bhattacharjea, A. (2004) ‘Developing Countries in the world trade regimes’ in Mackintosh (eds.) Making the International: Economic Interdependence and Political Order, London, Pluto Press,

Chang, H. (2002) Kicking Away the Ladder: Development Strategy in Historical Perspective, London, Anthem Press

Das, B. (1998) WTO Agreements: Deficiencies, Imbalances and Required Changes, London, Zed Books

Finger, J. & Schuler, P. (2000) ‘Implementation of the WTO Commitments: the development challenge in Hokeman, B, English, P. and Matto, A. (eds) Development, Trade and WTO: A Handbook, Washington DC, World Bank

Oxfam (2002) Rigged Rules and Double Standards: Trade, Globalization and the Fight against Poverty, London, Oxfam

Rodrik, D. (2001) The Global Governance of Trade as if Development really mattered, New York, UNDP

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: