နိုင်ငံခြားရောက် မျိုးဆက်သစ် မြန်မာကလေးအချို့အကြောင်း


ပြည်သူ့ခေတ်ဂျာနယ် ၃၀ ဇွန် ၂၀၁၁ မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးကလေးပါ။
ဝလုံးဆိုတာက တကယ်တော့ ထိုက်ရဲ့ အချစ်တော် ကြောင်ကလေးနာမည် ဖြစ်တယ်။ ထိုက် စာရေးတဲ့အခါကျတော့ ၀လုံးလို့ နာမည်ပေးထားတဲ့ ဒိုင်ယာရီစာအုပ်လေးကို သူငယ်ချင်းကို ပြောသလို ပြောပြနေဟန် ရေးထားတာ ဖြစ်ပါတယ်။ ထိုက်က မောင်ဝံသရဲ့ သမီး နှစ်ယောက်၊ သားနှစ်ယောက် အနက် အကြီးဆုံး သမီးပါ။
သီဟပူရ ဒိုင်ယာရီ – ၄၅

ထိုက်

နိုင်ငံခြားရောက် မျိုးဆက်သစ် မြန်မာကလေးအချို့အကြောင်း
ဇွန်လ ၁၈ရက် စနေနေ့
ရဲတိုင်လိုက်ရမလား ၀လုံးရေ..ဘလော့တခုမှာ ဖတ်ဖူးတာ တခုရှိတယ်။ အမျိုးသမီးတွေ စာနယ်ဇင်းသမားဖြစ်ချင်တာ သတင်းသမားဆိုတာ ဟိုလူဒီလူ ကို မေးခွန်းတွေထုတ်ပြီး သတင်းရေးရတာမို့ အဲဒီအလုပ်လုပ်ရင် တရားဝင်စပ်စုခွင့်ရတာမို့ လုပ်ချင်ကြတာတဲ့။ ငါလဲ ကိုယ်က စပ်စုတာမဟုတ်ပေမဲ့ ပြီးခဲ့ တဲ့အပတ်က အသိတယောက်နဲ့ စကားပြောရင်း ခေါင်းထဲမှာ အတွေးတွေ ၀င်လာပြီး ဒီဒိုင်ယာရီရေးဖြစ်တယ်။

ဖြစ်ပုံ အသေအချာကိုတော့ မမှတ်မိဘူး သူပြောပြတာက သူ့သားက ကစားရင်း ဒဏ်ရာတခုရတယ်တဲ့။ ဆေးခန်း သွားပြတော့ ဆရာဝန်က လိမ်းဖို့ ဆေး ပေးလိုက်တယ်။ အိမ်ပြန်ရောက်တော့ အမေဆိုတာက သိတဲ့အတိုင်းမဟုတ်လား ကိုယ့်သားသမီးဖြစ်တယ် ဆိုတော့ ဗမာထုံးစံ ဒဏ်ကြေဆေး လိမ်းပေးဖို့ လုပ်တာပေါ့။ အဲဒါကို သားက ဆရာဝန် ပေးထားတဲ့ ဆေးဘဲ လိမ်းမယ် အမေလိမ်းပေးတာကို မခံနိုင်ဘူး လုပ်တယ်။

ဒီထက်ဆိုးတာက အမေက လိမ်းလိုက်ပါ သားရယ် ပြောတာကို သူ့ဆန္ဒမပါတာကို အတင်းလုပ်ပါတယ်ဆိုပြီး ရဲကို ဖုန်းဆက်တိုင်တယ်တဲ့ ၀လုံးရေ။ ဒါဟာ မြန်မာစစ်စစ် မိသားစုထဲမှာ တကယ်ဖြစ်ခဲ့တယ်။ ငါလေကြားလိုက်ရတာ ဘယ်လိုဖြစ်သွားမှန်းမသိပါဘူး။ ရဲကို တိုင်ပြီး ဘာဆက်ဖြစ်သွားလဲလို့
ထပ်လဲမမေးတော့ဘူး။ ဘာမှလဲ ထပ်မကြားချင်တော့ဘူး။ ဒါပေမဲ့ ပြောချင်၊ ရင်ဖွင့်ချင်နေတဲ့ သူက ဆက်ပြီး ပြောနေတော့ နားထောင်ပေးလိုက် ရတယ်။

ကလေးက ဒီင်္ကို အသက်ဘယ်နှစ်နှစ်မှာ ရောက်တာလဲဆိုတော့ ၇နှစ်မှာ စရောက်ပြီး အခုဆို ၁၅နှစ်ရှိပြီတဲ့။ ဒါဆို ဒီရောက်တာ ၈နှစ်ကျော်ပြီပေါ့။ သူက ဆက်ပြောတယ်။ အခုဆို ကလေးက အဖေက ဗမာပုဆိုး ၀တ်ပြီး အိမ်အောက် ဆင်းရင် ရှက်တယ်တဲ့။ သူတို့လင်မယား နှစ်ယောက်စလုံးက ကိုယ်ပိုင် ဆိုင်ဖွင့်ထားတဲ့သူတွေဆိုတော့ တခါတလေ နေမကောင်းဖြစ်လို့ မအားလပ်လို့ သားကို ဆိုင်ကို ခဏကြည့်ပေးဖို့ ပြောမယ်ဆိုရင် ၃ရက် ကြိုပြီး အပွိုင့်မင့် တောင်းပါ ပြောတယ်တဲ့။ သူ့မှာ ဖျက်မရတဲ့ အလုပ်တွေနဲ့ မအားလပ်လို့ ကြိုသာမပြောလို့ကတော့ ဘာဖြစ်ဖြစ် မကူနိုင်ပါတဲ့။ ဗမာစကားတော့ ပြောနိုင် နားလည်နိုင်သေးပေမဲ့ ဗမာစာ မရေးတတ်တော့ပါတဲ့။ ကလေးက မြန်မာအသိုင်းအ၀ိုင်းနဲ့ ထိတွေ့တာထက် သူ့ဘေးပတ်ဝန်းကျင်က ကျောင်းက နေ့တဓူဝအတွေ့များနေတဲ့ လူတွေက စင်ကာပူလူမျိုး သူငယ်ချင်း တွေ များနေလို့တဲ့။ ငါ့ရဲ့ အသိက ငါ့ကို ဘာလုပ်ရမလဲလို့ ရင်နာနာနဲ့ မေးပါတယ်။ ငါကတော့ ဗမာစကားပုံအတိုင်း သားသမီးမကောင်း မိဘခေါင်းဆိုတာလို မိဘကြောင့်ဘဲလို့ ပြန်ပြောလိုက်ပါတယ်။

သူတို့ဟာ ကိုယ်ပိုင်အလုပ်နဲ့ ၀င်ငွေကောင်းတဲ့သူတွေမို့ ကလေးက အထင်သေးပြိး ပြန်ပြောတာကို မခံရသေးပေမဲ့ မွေးလာတဲ့ နိုင်ငံနဲ့ လူမျိုးကိုတော့ အထင်သေးနေပြီ။ ငါ့အသိက သူတို့တွေဟာ ဒီကို စရောက်တုန်းက လင်မယား၂ယောက်စလုံး တနေ့ကို ၁၂နာရီလောက် အလုပ်တွေလုပ်ခဲ့ရပြီး ရပ်တည် နိုင်ရေးအတွက် ကြိုးစားခဲ့ရတာမို့ ကလေးကို ပြန်မကြည့်နိုင်ခဲ့ဘူး အချိန်မပေးနိုင်ခဲ့ဘူး ဘာမှ မသွန်သင် မဆုံးမနိုင်ခဲ့ဘူးလို့ ပြောတယ်။

နေရာဖယ်ပေးလိုက်ရတာလား ၀လုံးရေ..ဒီလိုအဖြစ်တွေက ကြားလာရတာများနေပြီမို့ မဆန်းတော့ဘူးလို့လဲ ပြောလို့ရတယ်။ ဒါဆိုရင် ထားလိုက်ပါ တော့လို့ ပြောရတော့မှာလား။ ငါကသူ့ကို ဥပမာ တခုပေးပါတယ်။ မြန်မာပြည်ကိုရောက်လာတဲ့ ပြည်ကြီးတရုတ်တွေ အိန္ဒိယအနွယ်တွေ..သူတို့သား သမီးတွေကို မြန်မာပြည်ရောက်မှ မွေးကြတာတွေ အများကြီးဘဲ အားလုံးအသိ။ သူတို့တွေလဲ အလုပ်လုပ်ကြတာဘဲ။ သူတို့ ဘေးပတ်ဝန်းကျင်ဆိုတာလဲ မြန်မာပြည်မို့ မြန်မာတွေအများစုဆိုတာ ငြင်းစရာမရှိပါဘူး။ ဒါပေမဲ့ သူတို့ကလေးတွေကို အိမ်မှာ သူတို့ဘာသာစကား ခေါ်သင် တယ်။

ဘုံကျောင်းတို့ ဗလီတို့ ဘုရားကျောင်းတို့လို သူတို့ရဲ့ဘာသာရေးနေရာတွေကို လွှတ်တယ်။ အဲဒိကလေးတွေဟာ သူတို့အချင်းချင်းပြောရင် သူတို့ ဘာသာ စကားနဲ့ဘဲ ပြောကြတယ်။ သူတို့နိုင်ငံကို အထင်သေးစိတ်အထင်သေးစကား မပြောကြဘူး။ အခု ဒီနိုင်ငံမှာဆို ဖိလစ်ပိုင် လူမျိုးတွေကိုဘဲ ဥပမာ ကြည့်ကြည့်ပါ။ ဖိလစ်ပိုင်လူမျိုးဆိုတာ အင်္ဂလိပ်လို ပြောနိုင်လား မပြောနိုင်လား ဆိုတာ သိကြပါတယ်။ စင်ဂလိရှ်လဲ မသုံးဘူး။

မြန်ဂင်္လရှ်လဲ မသုံးဘူး။ ဒါပေမဲ့ သူတို့ လူမျိုးချင်း ဖိလစ်ပိုင်လိုဘဲပြောကြတယ်။ စာရေးကြတယ်။ စာမရေးနိုင်တော့တဲ့သူဆိုတာ မရှိဘူး။ ကျန်တဲ့သူမျိုး တွေလဲ အတူတူဘဲ။ နိုင်ငံခြားရောက်သွားလို့ ကိုယ့်ဘာသာစကားကို မပြောနိုင် မရေးနိုင်တဲ့သူမရှိဘူး။ ဒါဆို ငါတို့ကဘာလို့ ဒီလိုဖြစ်ရတာလဲ။ ရောဂါတခု ဖြစ်ရင် ကူးစက်ခံရတာ ကိုယ်ခံအားမကောင်းလို့တဲ့။ နောက် ငါ့ရင်ထဲမှာစွဲနေတဲ့ ဆရာအောင်သင်း ပြောခဲ့တဲ့ စကားတခွန်း-သစ်သားကို သံနဲ့ရိုက်လိုက်လို့ သစ်သားထဲ သံချောင်းဝင်သွားတယ်ဆိုတာ သစ်သားက သံထက်ပျော့လို့ သံအတွက် နေရာဖယ်ပေးလိုက်ရတာဆိုတာလေ။ စင်ကာပူနိုင်ငံဆိုတာ တရုတ်လူမျိုးအများဆုံးရှိတဲ့ နိုင်ငံပါ။ စည်းကမ်း ရှိတယ် သန့်ရှင်းတယ်ဆိုပြီး အင်မတန် နာမည်ကြီးလှတဲ့ နိုင်ငံပါ။ ကိုယ့်ဘေးက အငွေ့အသက် တွေကို ကောင်းတာတွေ ယူပြီး မကောင်းတာတွေ မယူဖို့ဆိုတာ ဘယ်ဟာက ကောင်းတယ် မကောင်းဘူးဆိုတာသိဖို့ လိုပါတယ်။

လမ်းညွှန်တည့်မတ်ပေးမဲ့သူလိုပါတယ်။ တချို့ ကိစ္စတွေကျတော့ လမ်းညွှန်စရာမလိုဘဲကိုယ်ပိုင်အသိစိတ်နဲ့ သိရမှာတွေ ရှိပါတယ်။ ကိုယ့်ဆီက ရှိပြီးသား ကောင်းတာတွေကို မေ့ပျောက်ပစ်စရာ မရှိပါဘူး။ မကောင်းတာတွေ ဆိုရင်တော့ ဖျောက်ရမှာပေါ့။ လူတိုင်းဟာ ခြောက်ပစ်ကင်းကြတာမဟုတ်သလို လူမျိုးတိုင်းမှာလဲ ကောင်းတာဆိုးတာတွေ ဒွန်တွဲနေကြတာဘဲ မဟုတ်လား။ ဇစ်မြစ်က ဘာလဲ ၀လုံးရေ..ကိစ္စတခုကို မဆန်းစစ်ဘဲ အကောင်းအဆိုး ချက်ချင်း ကောက်ချက်မချသင့်ဘဲ ဘာကြောင့် ဘယ်လို ဖြစ်ရတယ်ဆိုတာကို အရင် စဉ်းစားကြည့်သင့်ပေမဲ့ ငါတို့လူမျိုးတွေဟာ မေးတဲ့အကျင့် စဉ်းစား တဲ့ အကျင့် မရှိကြတော့ အဲလို စဉ်းစားကျင့် မေးကျင့်မရှိတာရဲ့ အကြောင်းရင်း ဇစ်မြစ်ကိုလဲ မသိတော့ဘူး။ မြန်မာပြည်ဟာ ဆင်းရဲလို့ ရှက်တယ်ပြောတဲ့ သူကို ဘာကြောင့်ဆင်းရဲရတယ်ဆိုတာကို ရှင်းပြဖို့ဆိုတာလဲ မရှိတော့ဘူး။ ရွှေတိဂုံဆိုတာ ပုဂံဆိုတာ ဧရာဝတီဆိုတာ အင်းလေးဆိုတာတွေ မပြောပြ တတ်တော့ဘူး။ မီးပျက်တာ ဖုန်ထူတာ ညစ်ပတ်တာတွေကျတော့ သိနေကြတယ်။ ဘာကြောင့်ဖြစ်ရတယ် ဆိုတာကိုတော့ မသိဘူး။ အထင်သေးစရာ တွေကိုဘဲ မြင်ပြီး ဂုဏ်ယူစရာကို မမြင်ဘူး။

ဒီလိုတွေ ဖြစ်လာနေတာ ကြားရတာတွေ များလာနေတာကောင်းလား မကောင်းလားဆိုတာကို အမေရိကတို့လို ကျန်တဲ့ နိုင်ငံတချို့တွေမှာ ဘုန်းကြီး ကျောင်းတွေမှာ မြန်မာစကားသင်တန်းတွေ မြန်မာ ယဉ်ကျေးမှုသင်တန်းတွေ ဖွင့်နေတဲ့ သတင်းတွေကို ကြည့်ရင် သိနိုင်တယ်။ မြန်မာတွေ အများကြီး ရှိတယ်ဆိုတဲ့ စင်ကာပူမှာရော..ငါကတော့ ဆရာတော် အရှင်ဆေကိန္ဒကို သတိရမိတယ်။ အနာသိရင် ဆေးရှိတယ်တဲ့။ အပ်နဲ့ ထွင်းရမဲ့ကိစ္စကို ပုဆိန်နဲ့ ထွင်းရမယ်ဆိုတဲ့ ဗမာစကားပုံတွေလို ဘာမှမလုပ်ဘဲ ဒီအတိုင်းသာ ဆက်သွားတော့မယ်ဆိုရင် တဆင့်ထက် တဆင့် နောက်မျိုးဆက် ၂ဆက် ၃ဆက်အရောက်မှာ ဘာတွေဖြစ်ကုန်မလဲ။ ပြသနာတိုင်းမှာ အဖြေရှိတယ်ဆိုပေမဲ့ ပြသနာလို့ လက်ခံပြီး ၀ိုင်းဖြေရှင်းကြရင် ကောင်းပါရဲ့။ ပြသနာမှ မဟုတ်တာလို့ ထင်ရင်တော့လဲ..ဘေးပတ်ဝန်းကျင်ကြောင့်ပါ အခြေအနေကြောင့်ပါ အချိန်မပေးနိုင်လို့ပါ မတတ်နိုင်လို့ပါ အကြောင်းပြကြရင်လဲ ဘာမှ ပြောမနေတော့ဘဲ ဖြစ်လာသမျှ အကျိုးတွေကို လက်ခံနိုင်ဖို့သာ ပြင်ထားလိုက်ရုံပေါ့ ၀လုံးရေ..

ထိုက်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: