ကျွန်တော်သိသော ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပိုင်း(၁) မှ အပိုင်း(၇)ထိ


ဆောင်းပါးရှင် – ဗိုလ်သိုးထိန်း

အပိုင်း(၁)

ရေးစရာလေး ပေါ်လို့ ရေးရပေဦးမည်။ ရင်တော့ အတော်မာလှသည်။ အမှန်အတိုင်းပာရလျှင် ကလောင်သွားမှာအားမပါလှ။ အဘယ့်ကြောင့်ဆိုသော် ယခင့် ယခင် ကျနော့်ဆောင်းပါးများကိုမြန်မာပြည်   ပြုပြင် ပြောင်းလဲရေး အတွက် မျှော်လင့်ချက်တွေ တပုံတပင်ကြီးနဲ့ ရေးခဲ့မိပါသည်။ ဘဘ သန်းရွှေကြီးများ အနိစ္စ ရောက်ခဲ့သည်ရှိသော် မြန်မာပြည်ကြီးကို ပြုပြင် ပြောင်းလဲလိုသော ဗိုလ်ချုပ်များ ပေါ်လာကောင်းရဲ့ ဆိုသော မျှော်လင့်ချက်…။ ဒီ မျှော်လင့်ချက်နှင့်ပင် ဘဘ သန်းရွှေကြီးအား အပီအပြင်ကို နှက်ခဲ့သည်…။ ဆော်ပလော် တီးခဲ့သည်..။ ရေးရသည် မှာ အားပါလှသည်။

သို့သော် သန်းရွှေ အလွန်ခေတ် မြန်မာစစ်တပ်ကြီးမှာ ဘယ်သူ ထိပ်သီး ဖြစ်လာသလဲ ကြည့်မိရော… ဘုရားရေ.. ဗိုလ်ချုပ် မင်းအောင်လှိုင်… သွားပြီ.. အဲ့ဒီမှာ ဘာခံစားလိုက်ရသလဲ ဆိုတော့.. “ဘဘ သန်းရွှေရယ်   ပြောမှား ဆိုမှား ရှိခဲ့ရင် ခွင့်လွှတ်ပါဗျာ.. ဘဘ သန်းရွှေကြီးလည်း မသေပါသေးနဲ့ဦး၊ ယူနီဖောင်းလေးဝတ် နဂိုအတိုင်းသာ ပြန်နေပါတော့.. ဗိုလ်ချုပ် မင်းအောင်လှိုင်ကိုတော့ မြန်မာစစ်တပ်နဲ့ မြန်မာပြည်ကြီးကို ဝကွက် မအပ်လိုက်ပါနဲ့ဗျ…’’ ဆိုပြီး ပြန်တောင်းပန်ချင်စိတ်တွေ ပေါက်လာပါရောဗျာ…။

မယုံမရှိကြပါနဲ့ သူများတွေတော့ မသိ ကျွန်တော် သိရသလောက်တော့ ဗိုလ်ချုပ်မင်းအောင်လှိုင် ဟူသည်၊အလွန်တရာ၊ ရက်စက် ကြမ်းကြုတ်သော၊ ပြည်သူ့ဘဏ္ဏာ ကိုယ့်ဘဏ္ဏာ လုပ်တတ်သော အထက်ဖား အောက်ဖိ လွန်းသော… စသည်…စသည်… အာဏာရှင်တို့၏ အရည်အချင်းများနှင့် ထူးကဲစွာ ပြည့်စုံသော ပုဂ္ဂိုလ်ကြီး ဖြစ်ပေတော့သည်။ နောက်ရောက်တဲ့ မောင်ပုလဲ…ဒိုင်းဝန်ထက်ကဲသော… ဆရာ့ထက် တပည့် လက်စောင်း ထက်သော ပုဂ္ဂိုလ်မျိုးပေတည်း..။

ဗိုလ်ချုပ် မင်းအောင်လှိုင်အကြောင်း ပြောရမည်ဆိုလျှင် စစ်တက္ကသိုလ် အစဉ်အလာကနေ စရပေမည်။ မြန်မာပြည် စစ်တပ်တွင် စစ်တိုင်းမှူး ဟူသည့် ရာထူး အာဏာသည် မြန်မာပြည် စစ်တပ်၏ အာဏာဘီလူးအဖြစ် လက်သပ် မွေးထားသော အလောင်းအလျာ ဖြစ်မည့် သူများအတွက်ပင် ဖြစ်ပေသည်။ တိုင်းမှူး ဖြစ်ခွင့် ရသူများသည်လည်း ထိပ်ဆုံး လူကြီးနားသို့ အလိုလို ရောက်ရှိသွားသော အနေအထား ဖြစ်ပေသည်။ ၄င်းတိုင်းမှူး နေရာသည် လုံးဝ MAIN POINT အနေဖြင့် အဖားတော်သူများ ဖြစ်ပါက ထိပ်ပိုင်းရာထူးနှင့် အထက်သို့ရောက်ရှိ သွားနိုင်သကဲ့သို့ အမှားအနည်းငယ် ပြုမိသည်နှင့်လည်း ပြုတ်ကျနိုင်သော အနေ အထား ဖြစ်ပါသည်။

၎င်း တိုင်းမှူးနေရာကို မြန်မာ စစ်ဗိုလ်ချုပ်များ တော်တော့ကို မက်မောကြသည်။ တရားမဝင် ဝင်ငွေများကလည်း သောက်သောက်လဲဝင်သည်ကိုး။ တစ်ခုတော့ ရှိသည်။ တိုင်းမှူး (၁၀) ယောက်တွင် အစတေး ခံရမည့် (ထိုးကျွေးခံရမည့်) ပုဂ္ဂိုလ်များက (၇) ယောက်လောက် ရှိတတ်သည်။ သဘောကတော့ ဘဝတူ တိုင်းမှူးများကို မျက်စိရှေ့တွင်ပင် ဖြုတ် ထုတ် သတ် လုပ်ပြလိုက်သည်။ အလောင်းအလျာ ဖြစ်မည့် သူများကို ကြိုတင် လျာထားပြီးသား။ ၄င်း အလောင်းအလျာများ ဖိန့်ဖိန့်တုန်ပြီ ဆိုသည့် အချိန်မှ အပေါ်ကို ဆွဲတင်တော့သည်။ ဤကား မြန်မာ စစ်အာဏာရှင်များ၏ အာဏာချုပ်ကိုင်ပုံ တစိတ်တဒေသပင် ဖြစ်ပေသည်။

ပြန်ဆက်ရလျှင် ၄င်း စစ်တိုင်းမှူးနေရာနှင့် စစ်တက္ကသိုလ် အစဉ်အလာ ဘာဆိုင်သနည်း ဆိုလျှင် အတော်လေးတော့ ဆိုင်သည်ဟု ပြောရမည်။ အကြောင်းကား စစ်ဗိုလ်ချုပ် တစ်ယောက်ကို တိုင်းမှူး လျာထားပြီ ဆိုပါက စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် (၁) နှစ် တန်သည် (၂) နှစ် တန်သည် ခေတ္တခဏ တာဝန် ထမ်းဆောင် ရသည်ကို ထူးဆန်းစွာ တွေ့ရှိရပေသည်။ (တိုင်းမှူးတိုင်း စစ်တက္ကသိုလ် ကျောင်းအုပ် မဖြစ်ဘူးပေမယ့် စစ်တက္ကသိုလ် ကျောင်းအုပ်တိုင်း နီးပါးတော့ စစ်တိုင်းမှူး ဖြစ်သွားကြသည်)

ကျွန်တော်တို့ကလည်း သိသည်။ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး အသစ်ရောက်လာလျှင် ထို ဗိုလ်ချုပ်သည်ကား တိုင်းမှူး ဖြစ်မည့်သူ ဟု..။ နောက်ထပ် ထူးဆန်းသည်က ၄င်း ကျောင်းအုပ် ဖြစ်လာသူများ မှာ ဘဘ   မောင်အေး၏ တပည့်ရင်းများ ဖြစ်နေတတ်ခြင်းပင်။ ကျွန်တော်ကြုံခဲ့သော စစ်တက္ကသိုလ် ကျောင်းအုပ် အဆက်ဆက်တွင် ဗိုလ်မှူးချုပ် တင်ဦးမှတပါး အခြား ကျောင်းအုပ်များ ဖြစ်သော ဗိုလ်မှူးချုပ် ရဲမြင့်၊ ဗိုလ်မှူးချုပ် အုန်းမြင့်နှင့် ဗိုလ်မှူးချုပ် မင်းအောင်လှိုင် အားလုံးမှာ တိုင်းမှူးအသီးသီး ဖြစ်ကုန်ကြသည်။ ဗိုလ်မှူးချုပ် တင်ဦးမှာတော့ ဘာသာရေး လိုက်စားလွန်း၍ တိုင်းမှူး ဖြစ်ခွင့် မရရှာခဲ့။

သူတို့အားလုံးတွင် တစ်ဦးနှင့်တစ်ဦး စရိုက်သွင်ပြင် ကွဲပြားသော်လည်း သူ့ဟာနှင့် သူတော့ဖြင့် ထူးခြားလှသည်ကို သတိပြုမိသည်။ ၄င်းတို့ထဲတွင်မှ ထူးကဲစွာ ဗိုလ်ချုပ် မင်းအောင်လှိုင် တစ်ယောက်သည်ကား တပ်ချုပ် ဖြစ်ခဲ့ချေပြီ။ သူ့အကြောင်း စရလျှင်…

ကျွန်တော်တို့ စစ်တက္ကသိုလ်၏ လစဉ်ဝင်ငွေ (နိုင်ငံတော်မှ ထောက်ပံ့မှု မပါ) မည်မျှရှိမည် ထင်သနည်း။ (၁) လ သိန်း (၁၂၀၀) ကျော်ပါသည်။ ၄င်း ဝင်ငွေများသည် ပြင်ဦးလွင် တမြို့လုံး၏ အရက်ဆိုင်များ၊ ကျောင်းပိုင်   မြေနေရာများကို စိုက်ပျိုးရေးအတွက် ငှားရမ်းခများ၊ စစ်တက္ကသိုလ်ပိုင် တိုက်တန်းလျားများကို ငှားရမ်းခ များမှ ရရှိနေခြင်း ဖြစ်သည်။ ၄င်း လစဉ်ဝင်ငွေသည် စာရွက်ပေါ်မှ ဝင်ငွေများ ဖြစ်ပြီး ၄င်းကဲ့သို့ လုပ်ပိုင်ခွင့်၊ ငှားရမ်းပိုင်ခွင့်များ ရရှိရန်အတွက် ပြင်ဦးလွင် တပ်နယ်မှူးထံသို့ လုပ်ငန်းရှင်များက ချဉ်းကပ်ရချေတော့သည်။ ပြင်ဦးလွင် တပ်နယ်မှူး ဟူ၍ မည်သူနည်းဟု မစဉ်းစားပါနှင့်။ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးသည် ပြင်ဦးလွင် တပ်နယ်မှူးအဖြစ် အလိုအလျောက် တာဝန်ပေးအပ်ခံရပြီး ဖြစ်သည်။

အပိုင်း ( ၂ )

ဗိုလ်ချုပ် မင်းအောင်လှိုင်၏ ထူးခြားချက်သည်ကား…လာဘ်ပေး လာဘ်ယူ ကိစ္စများအား သူ့ရှေ့သွားပြော၍ မရခြင်းပင်။ သူ့ကို သွားပြောပါက အလွန်တရာ စိတ်တိုတတ်ချေသည်။ သူ့အိမ်သို့လည်း မည်သည့် လုပ်ငန်းရှင်မှ အဝင်မခံ၊ အလွန်တရာ တိကျလှသည်။ သို့ရာတွင်…..

လာဘ်ပေးလာဘ်ယူ ကိစ္စများ ပြောချင်သည် ဆိုပါက အစဉ်အမြဲ ပိတ်ထားသော အိမ်ရှေ့တံခါးမှ မဝင်ဘဲ အစဉ်အမြဲ ဖွင့်ထားသော နောက်ဖေးတံခါးမှ ဝင်ကာ ဇနီးဖြစ်သူနှင့် ဝင်ရောက်ပြောဆိုခွင့် ရရှိပေသည်။ ဗိုလ်ချုပ် မင်းအောင်လှိုင်သည်ကား အိမ်ရှေ့ခန်းတွင် စာဖတ်ချင်ယောင်ဆောင် ပေးနေချေမည်။ သူနှင့် မဆိုင်သည့် သဘော။ ဒီလိုနှင့် ကျွန်တော်တို့ မျက်စိရှေ့တွင်ပင် လုပ်ငန်းရှင်များ အိမ်နောက်ဖေးပေါက်မှ ဝင်ထွက်နေသည်မှာ မမြင်ချင်မှ အဆုံး။ ကားကို စစ်တက္ကသိုလ် ဟိုဘက်တွင် ရပ်ထားခဲ့ပြီး လုပ်ငန်းရှင်များမှာ အထုပ်လေးပိုက်ကာ ကုပ်ချောင်း ကုပ်ချောင်းနှင့် ကျောင်းအုပ်ကြီး ခြံဝန်းအနီးသို့ ချဉ်းကပ်ကြကုန်၏။

ထို့နောက် အခြေအနေကြည့်ကာ ဖွင့်ထားသော နောက်ဖေးတံခါးမှ တဆင့် ကျောင်းအုပ်ကြီး ကတော်နှင့် တွေ့ဆုံ ဆွေးနွေးကြ ချေတော့သည်။ အိမ်ထဲရောက်ပြီးလျှင် ကိစ္စ မရှိတော့ချေ။ အိမ်ထဲမဝင်ခင် စပ်ကြား    ယောင်ပေ ယောင်ပေ လုပ်နေသည်ကို ဗိုလ်ချုပ် မင်းအောင်လှိုင် တွေ့၍တော့ လုံးဝမဖြစ်။ အလွန်တရာ စိတ်တိုတတ်ချေသည်။ ဇနီးသည်နှင့် အရာအားလုံး လွှဲထားပြီးချေပြီ။ သူ့အား လုံးဝ သွားမနှောင့်ယှက်ပါလေနှင့်။ အဂတိ လိုက်စားမှု မကြိုက်တဲ့ အမူအရာနှင့် ဟန်ဆောင်နေသော ဗိုလ်ချုပ် မင်းအောင်လှိုင်ပါပေ။

နောက် ဗိုလ်ချုပ်မင်းအောင်လှိုင်၏ ထူးခြားချက်သည်ကား… စိတ်မမှန် ခြင်းပင်။ မည်သည့်အချိန် စိတ်ကောင်း ဝင်နေသည်… စိတ်ဖောက် နေသည်ကို အောက်က အရာရှိများ အလွန်တရာ မှန်းရခက်သည်ဟု ပြောကြ သည်။ လက်အောက်က ရုံးပိုင်းဆိုင်ရာ အရာရှိများ မည်မျှ အရေးကြီးသည့် ကိစ္စကို တင်ပြလိုသည် ဖြစ်စေ ဗိုလ်ချုပ် မင်းအောင်လှိုင်၏ မျက်နှာ အရိပ်အခြေကို ကြည့်ပြီးမှသာ အခြေအနေကြည့်ကာ တင်ပြရဲကြသည်။ မင်းအောင်လှိုင် မည်သည့် အရာကို ဒေါကန်မှန်းမသိ ကန်နေသည့် အချိန်တွင် အလိုက် မသိစွာဖြင့် အဘ သွားခေါ်မိပါက တွေ့ရာပစ္စည်းနှင့် ကောက်အပေါက် ခံရတတ်ချေသည်။

မင်းအောင်လှိုင်၏ မျက်နှာရိပ် မျက်နှာကဲကိုသိရန် အချိန်မည်မျှ ယူရသနည်းဟု မေးကြည့်သောအခါ အနည်းဆုံး (၃) နာရီခန့်ဟု မှန်းဆ ရပေသည်တဲ့။ ၄င်း (၃) နာရီ အတွင်းတွင်လည်း သူ့ရှေ့က ပျောက်နေ၍ မဖြစ်။ ထို့ကြောင့် တင်ပြစရာ ရှိသည့်ဖိုင်ကို ကိုင်ကာ သူ့ရုံးခန်းရှေ့မှ ခေါက်တုန့်ခေါက်ပြန် အလုပ်ရူပ်ပြပေးနေရသေးသည် တဲ့။ ကဲ ပြီးပါလေရော…အဲ့ဒီ (၃) နာရီအတွင်း တင်ပြစရာ ရှိသည်များကို မတင်ပြရဲသေးဘဲ မျက်နှာ   တော်ကို ခိုးကြောင်ခိုးဝှက် ပတ်ရှိုးနေရသည်တဲ့ ဗျာ…။

ကျွန်တော့် မျက်စိရှေ့တင်ကို စစ်တက္ကသိုလ် ကျောင်းရုံးက နဖူးပြောင်ပြောင် ပိန်ရှည်ရှည်နှင့် ဗိုလ်မှူးတစ်ဦး (အမည် မဖော်ပြလို ပါ) ဆေးလိပ်ခွက်နှင့် ကောက်အပေါက် ခံရ၍ ခွေးပြေး ဝက်ပြေး ထွက်ပြေးလာတာ   မြင်ရဖူးသည်။ ၄င်း ဗိုလ်မှူးပါးစပ်မှ “အမလေး အဘရဲ့… ကြောက်ပါပြီဗျ..ကြောက်ပါပြီဗျ…’’ ဆိုတဲ့ အသံကလည်း ကျောင်းရုံး တစ်ခုလုံး ဆူညံပွက်လော ရိုက်သွားတော့သည်။ ဤကဲ့သို့သော အခြေအနေတွင် ကျန်အရာရှိများ ဘာလုပ်နေချေ သနည်း။ အချို့က အိမ်သာ တက်ချင်ယောင် ပြေးဆောင်ကြသည်။ ချက်ချင်းကို အိမ်သာ လူပြည့် သွားတတ်ချေသည်။ အိမ်သာ နေရာ မရလိုက်သော အရာရှိများသည်လည်း စာအုပ် ဗီရိုနောက်… နံရံနောက် အလျှင်အမြန် ပြေးကပ်ကြရသည်ကို တွေ့ရချေသည်။ ကျွန်တော်ကရော ဘာလုပ်နေသနည်းဟု မေးချေမည်။ ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်းကား စားပွဲအောက်ထဲ လေးဖက်ထောက် ဝင်ပုန်းနေရသည်။ ဤကဲ့သို့ကို ဖိန့်ဖိန့်တုန်အောင် ကြောက်စေသော ဗိုလ်ချုပ် မင်းအောင်လှိုင်ပေ။

၎င်း အမူအယာများနှင့် ဆန့်ကျင်စွာ အထက်လူကြီးများနှင့် တွေ့လျှင်တော့ ဗိုလ်ချုပ် မင်းအောင်လှိုင်သည်ကား ပီဘိ ကလေးငယ်လို ဖြစ်သွားတတ်ချေသည်။ ဦးသန်းရွှေ ဦးမောင်အေးတို့ အိမ်သွားလျှင် ဒူးတွေပါ တုန်ပြ တတ်သေးသည်တဲ့။ ကြောက်ချင်ယောင် အလွန် ဆောင်ပြတတ်ချေသည်။ အဘနှင့် ခမျာက လွဲလျှင် အခြားစကား သိပ်မပြောတတ်တော့ချေ။ ဤကဲ့သို့သော စွမ်းပကားများကြောင့် ဗိုလ်ချုပ် မင်းအောင်လှိုင် တစ်ယောက် (၆) နှစ် အတွင်းတွင် ရာထူးများ ခုန်ပြန် ကျော်လွှားခဲ့ကာ ယခုဆိုလျှင် တပ်ချုပ်ကြီးပင် ဖြစ်လာခဲ့ချေပြီ။ သူ့အား D.S.A (19) သူ့တစ်ပတ်စဉ်တည်းမှ သူငယ်ချင်းများက “ကြောင်ချီး” လို့ Nick Name အနေနဲ့ ခေါ်ကြတာ ကြားဖူးပါသည်။ စဉ်းစားကြလေကုန်။

ထို့အပြင် ဗိုလ်ချုပ်မင်းအောင်လှိုင်သည် စစ်သားကြီးတန်မဲ့ အတိတ် နိမိတ်တွေ အလွန်တရာ ယုံကြည်တတ်ပါသေးသည်။ မျက်နှာကြီးရာ ဟင်းဖတ်လည်း ပါတတ်ပါသေးသည်။

အပိုင်း(၃)

ရှေ့ဆောင်းပါး တစ်ပုဒ်မှာလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အကြောင်း ရေးခဲ့ပြီးပါပြီ။ “စည်းလုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်မှ တင်ပြနေသော သတင်းများနှင့် ဆောင်းပါးများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုံးသို့ အမြဲတမ်း တင်ပေးနေရကြောင်း သိရှိရပါသည်။ ထို့ကြောင့် ရေးလက်စနှင့် အခုလည်း အနှီဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အကြောင်း ဆက်ရေး ရပါဦးမည်။ ရေးသာရေးရတယ်… အခု ဗိုလ်ချုပ်မင်းအောင်လှိုင် အကြောင်းများသည်ကား ကလေးကလားတော့ အတော်ဆန်လှသည်။ အမှန်တရားပေမို့ ရေးရပေဦးမည်..။ ဗေဒင်၊ လက္ခဏာနှင့် အထက်လမ်း အောက်လမ်း ဆရာများကို မယုံကြည်သောသူများ သည်းခံ၍သာ ဖတ်ကြ ပါကုန်…။
ကျွန်တော်အံ့သြသည်က အလွန်တရာ ရက်စက်ကြမ်းကြုတ်သော၊ ကိုယ်ကျိုးကြည့်သော၊ နိုင်ထက်စီးနင်း ပြုတတ်သော မြန်မာ စစ်အာဏာရှင်များကား အဘယ်ကြောင့် ကိုးကွယ်ယုံကြည်မှု၊ နိမိတ်ပုံ၊ အထက်လမ်း   အောက်လမ်း ဆရာများကို အလွန်တရာ ကိုးကွယ် ယုံကြည် အားထားနေရပါသနည်း… ဆိုသည့် အချက်ပင်..။ မြန်မာစစ်အာဏာရှင်များ အားလုံး ၄င်းအချက်တွင် အားလုံး တူနေကြသည်မှာ အစဉ်အလာ တရပ်ပေ လား။ သို့တည်းမဟုတ် ၄င်းအချက်များကပင် သူတို့၏ အာဏာ ရှင်သန်ရေးအတွက် အဓိကသော့ချက် အမှန်တကယ် ဖြစ်နေသည်လား… စဉ်းစားဖွယ်ရာပင်။ ပြောရတော့ ခက်လှသည်။

ဗိုလ်ချုပ်ကြီးနေဝင်း၏ လက်စွဲဆရာသည်ကား…ဘိုးတော်တင်ဦး ( ဗိုလ်ကြီး တင်ဦး)။ သူသည်လည်း မည်မျှ စွမ်း မစွမ်းတော့ မသိ..။ ဗိုလ်ချုပ်ကြီး နေဝင်း ပြည်ပခရီးစဉ် ထွက်လျှင်.. ဗိုလ်ချုပ်ကြီး နေဝင်းက အလုပ်ကိစ္စ အားသည် ဆိုသည်နှင့် မြန်မာပြည်တွင် ကျန်ရစ်သော ဘိုးတော် တင်ဦးထံ ဖုန်းဆက်မေးတော့သည်..။ “ငါ အခု ဘာအကျီ ဝတ်ထားသနည်း… ငါ ဘာဟင်းနှင့် စားသနည်း…အခု အခန်းထဲမှာ ငါနှင့် ဘယ်နှစ်ယောက် ရှိသနည်း..’’ စသဖြင့် အပျင်းပြေပုံစံကို ထိုင်မေးလေ့ရှိသည်..။ ဘိုးတော် တင်ဦး မည်မျှ စွမ်းသနည်း မမေးနှင့်။ ဗိုလ်ချုပ်ကြီး နေဝင်း အပျင်းပြေ မေးသမျှ မေးခွန်းတိုင်းကို တစ်လုံးမကျန် မှန်အောင် ဖြေနိုင်သည် ဟူသတဲ့..။
ဗိုလ်ချုပ်နေဝင်း၏ မြေးများ လက်ထက်တွင်တော့ ဘိုးတော် တင်ဦးလည်း မရှိချေတော့။ ဆရာ ပြောင်းသွားချေသည်..။ တောင်ဥက္ကလာက ရဲခေါင်ကျော်စွာ ဟူသော ပုဂ္ဂိုလ်တည်း..။ သူကတော့ ကျွန်တော့် ကိုယ်တွေ့။ အတော်ကို စွမ်းသည်ဟု ပြောရမည်..။ နာမည်ကသာ ရဲခေါင်ကျော်စွာ..။ လူပုံက အခြောက်။ ကျွန်တော် သူ့ကို စသိစဉ်က ဦးနေဝင်း မြေးများနှင့်  အဆက်အသွယ် ရသေးဟန်မတူ။ သို့ပေမဲ့.. ထိုစဉ်ကတည်းက ရဲခေါင်ကျော်စွာ၏ စွမ်းပကားများကား ကြောက်ခမန်းလိလိ..။ အထူးသဖြင့် ထိုကာလများက ကျွန်တော်တို့ စိတ်ဝင်စားသည်မှာ စီးပွားရေးလည်းမဟုတ်၊ လူမူရေးလည်းမဟုတ်၊ ပညာရေးလည်းမဟုတ်၊ တကယ့် ပီယဆေးမှ ပီယဆေး..။ အဲ့ဒီ ပီယဆေးကိုမှ အနှီပုဂ္ဂိုလ်က အာမခံနှင့်ကို စီရင် ပြုလုပ်ပေးသည်ဗျား။ တစ်ခု ထူးခြားသည်က ၄င်းပီယဆေးကို ပိုက်ဆံရှိသူတိုင်းလည်း ဝယ်မရ။ လိုချင်သည့်သူများက ဦးစွာ အစမ်းသပ် ခံရချေသည်။ ကြံဖန် ဂုဏ်ယူရလျှင် အနှီပုဂ္ဂိုလ်၏ ပီယဆေးနှင့် ထိုက်တန်ကြောင်း မှတ်ကျောက် တင်ခံရဖူးပေသည်..။ စမ်းသပ်ပုံသည်ကား.. ၄င်း၏ အုန်းပွဲ ငှက်ပျောပွဲများနှင့် ပြည့်နေသော ခပ်မှောင်မှောင် အခန်းတွင်း ဝယ် ကိုယ်လိုချင်သည်များကို တင်လျှောက်ရသည်..။ ပီယဆေးဆို ပီယဆေး..။
၎င်းအချိန်တွင် ရဲခေါင်ကျော်စွာသည်ကား… အမျိုးအမည် မသိသော မန္တာန်များကို ရွတ်ဖတ်ပြီး ငှက်ပျောပွဲ တစ်ခုရှေ့တွင် ဖယောင်းတိုင် သွားထွန်းချေမည်။ ပြီးတော့ ကျွန်တော့်၏ နေ့နံ မွေးသက္ကရာဇ်ကို မေးပြီး တခါ မန္တာန် ထပ်ရွတ်ပြန်သည်..။ ထို့နောက် ၄င်းစီရင်ထားသော ပီယ ဆေးနှင့် ကျွန်တော်ထိုက်တန်သည်ဆိုပါက ကျွန်တော့၏ လက်ညှိုးတွင် မွှေးရနံ့တစ်မျိုး မွှေးကြိုင်မည်တဲ့..။ ဘုရားရေ.. ၄င်းစမ်းသပ်မှုမျိုးကို ကြိုသိနေသောကျွန်တော် ပုဆိုးကြားထဲ လက်ထိုးထဲ့ထား ပါလျှက်နှင့် ကျွန်တော့် လက်ညှိုး တစ်ခုလုံး မွှေးကြိုင်နေချေတော့သည်..။ မည်သို့မည်ပုံ လက်ညှိုးကို ရေမွှေးလာစွတ်လိုက်သည်မသိ..။ ထင်ထင်ရှားရှားကို မွှေးလှသည်..။ ၄င်းပုဂ္ဂိုလ်အားလည်း အတော်ကို အထင်ကြီးမိသွားသည်။ သို့ပေမဲ့..ကျွန်တော် ပီယဆေး ရရှိခဲ့သည်လား။ ယူကြုံးမရ တသသ ဖြစ်စွာ ကျွန်တော် မရရှိခဲ့ပါ။ အကြောင်းက… ရွှေတစ်ကျပ်သား (၇) သောင်း ခေတ်တွင် ၄င်းပီယဆေး၏ တန်ဖိုးသည်ကား ကျပ် (၅) သောင်း ဖြစ်နေသောကြောင့်ပင်..။ ၄င်းတန်ဖိုးကို ကြားသည်နှင့်… ဟိုလှည့်ဒီလှည့် လုပ်ကာ အိမ်သို့ အမြန်တပ်ခေါက် ပြေးခဲ့ရတော့သည်။
ထို့နောက် သိပ်မကြာ။ ၄င်းရဲခေါင်ကျော်စွာ တောင်ဥက္ကလာမှ ပျောက်သွားတော့သည်။ အဘယ်သို့ ရောက်ရှိသွားသည်မသိ…။ ပေါ်မယ့် ပေါ်လာရော ဦးနေဝင်း၏မြေးများ အရှုပ်တော်ပုံတွင်မှ သူပါ တပါတည်း ပေါ်လာချေတော့သည်။ သူယတြာလုပ်ထားသည့် ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွှန့် ရုပ်ထုများက ချွတ်စွတ်တူလှပြီး အောက်လမ်းနည်းဖြင့် ဂျင်းကိုအသုံးပြုပြီး သူတို့ရဲ့ ၀မ်းဗိုက်နှင့် လက်မောင်းတို့အား အဆက်မပြတ် ထိုးနက်နေတာကြောင့် တိုက်ဆိုင်မှုလားမသိ။ ဗိုလ်မောင်အေး စင်္ကာပူဆေးရုံ ပြေးရပြီး ဗိုလ်သန်းရွှေ လေဖြတ်တဲ့ဘ၀ ကြုံတွေ့ခဲ့ရသည်။

အပိုင်း(၄)

၎င်းရဲခေါင်ကျော်စွာကို အလဲထိုး အနိုင်ယူလိုက်သော ဆရာသည်ကား ဦးခင်ညွန့်၏ တိံကြား မင်းခေါင်။ ရဲခေါင်ကျော်စွာအလွန် တိံကြားမင်းခေါင်သည်လည်း နာမည်တရှိန်ထိုး..။ နအဖ၏ ဘုရားထီးတင်ပွဲတိုင်း တိံကြားမင်းခေါင် မပါလျှင်မပြီး။ ရုပ်မြင်သံကြားတွင်လည်း မမြင်ချင်မှအဆုံး..။ အတော့်ကို စင်ပေါ်ရောက်ခဲ့သေးသည်..။ သို့ရာတွင်… ၄င်းတိံကြားမင်းခေါင်သည်လည်း ဗိုလ်ချုပ် သန်းရွှေ၏ ဆရာနှင့် အတွေ့ဝယ် ဦးခင်ညွန့်နှင့်အတူ လွင့်ထွက်သွားရချေတော့သည်။
ဆရာတကာ့ ဆရာတွင် ပညာအထက်ဆုံး ဗိုလ်ချုပ်သန်းရွှေ၏ ဆရာသည်ကား လူရှေ့သို့ သိပ်မထွက်လှ။ နောက်ကွယ်မှသာ အစီအရင်ယတြာများကို အစီစဉ်တကျ ဆောင်ရွက်ပေးချေသည်။ ပျဉ်းမနား ကြပ်ပြေးကို နေပြည်တော် နာမည်ပြောင်းကာ ၄င်းကြပ်ပြေးပတ်လည်တွင် တိုင်းရင်းသားရွာများ ဖန်တီး၍ ဦးသန်းရွှေအား ဘဝရှင် မင်းတရားကြီး အသွင်ဖြစ်ရန် ယတြာချေပေးခဲ့သည်မှာ ၄င်းဆရာ၏ အစီအရင်များပေ။

ထိုကဲ့သို့သော ယတြာများသည် ဘုရားစောင်းတန်းက ဗေဒင် ဆရာများ ချေခိုင်းသော ယတြာများကဲ့သို့ အိမ်အဝတွင် လမ်းဘက်ကျောပေး၍ အိမ်ရှိ ဖိနပ်အစုတ်ကို နောက်ပြန် ပြန်ပစ်ခိုင်းသော ယတြာမျိုးမဟုတ်…။ မြို့ကြီးတစ်ခုလုံးကို တည်ဆောက်၍ အဆက်ဆက် ခေါ်လာသော မြို့နာမည်များကို ချက်ချင်း ပြောင်းပစ်ရသော ယတြာမျိုးတည်း…။ ထိုကဲ့သို့သော ယတြာမျိုးကို ဦးသန်းရွှေကြီး အကောင်အထည် ဖော်သွားသည်ကို ကြည့်ခြင်းဖြင့် မည်မျှ ယုံကြည်မှု ပြင်းထန်သနည်းကို ခန့်မှန်း၍ ရလောက်ပေသည်။ ထိုပုံစံနှင့်သာ ဆက်သွား… ကုန်းဘောင်ခေတ် အလွန်  နအဖ၏ နေပြည်တော်ခေတ်သည်ကား… တရုတ်ကျွန် ဖြစ်ချေဦးတော့မည်။
ကဲထားတော့…။ နိဒါန်းပျိုးတာနှင့်ပင် ဆောင်းပါးတစ်ပုဒ် ဖြစ်ချေတော့မည်။ ကျွန်တော် ပြောချင်သည်က… ဗိုလ်ချုပ်မင်းအောင်လှိုင်။ အနှီ အာဏာရှင် လက်သစ်သည်လည်း ခေသူမဟုတ်။ ဆရာ့ ဆရာတို့၏ ခြေရာ နင်းစွာ.. သူသည်လည်း ဘိုးတော်ကောင်း ပိုင်ဆိုင်သူတည်း..။

ကျွန်တော်တို့ ရုရှားဘာသာစကား သင်တန်းစတက်သည့် အချိန်တွင် ဗိုလ်ချုပ် မင်းအောင်လှိုင်သည်ကား စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး။ တစ်ရက် ကျောင်းအုပ်ကြီးက စကားပြောမည်ဖြစ်၍ ရုရှား သင်တန်းသားများ ခန်းမ ဝင်ရမည်တဲ့..။ ဗိုလ်လောင်း ဘဝတုန်းကတော့ ခန်းမ ဝင်ရမည် ဆိုလျှင် အရမ်းပျော်သည်။ ခိုးအိပ်၍ ရသည်ကိုး…။ ရှေ့က ပြောချင်ရာပြော…။ နောက်မှာ သိုးနေအောင် အိပ်တတ်သည်က ဗိုလ်လောင်းအကျင့်..။ ဗိုလ်လောင်းဘဝက ပင်ပန်းသည်ကိုး…။ ဒါ ဗိုလ်လောင်း ဘဝ..။

ရုရှားသင်တန်းသားတို့ကမူ ဘဝင်မကျဘဲ ခန်းမသို့ ဝင်ချင်စိတ် သိပ်မရှိလှ…။ ကိုယ့်အချိန်ထဲက ပါသည်ကိုး..။ ပြီးတော့ ခန်းမ ဝင်ရလောက်အောင်လည်း လတ်တလောမှာ ဘာကိစ္စမှ ထူးထူးခြားခြား မဖြစ်။ ထို့ကြောင့် မည်မျှ အရေးကြီးသော ကိစ္စဖြစ်နေလို့ ရုရှားသင်တန်းသားများကို ခန်းမ သွင်းရသနည်းဟု စိတ်ဝင်စားမိသည်က အမှန်။

ဒီလိုနဲ့ ခန်းမထဲရောက် လူစစ်ပြီးတော့ သိပ်မကြာပါ။ ကျောင်းအုပ်ကြီး မင်းအောင်လှိုင် ပေါက်ချလာတော့သည်။ စကားပြောသည်။ နာရီဝက်လောက် ကြာသည်အထိ မည်သည့် အရေးကြီးကိစ္စမျှ ပါမလာ။ ကျွန်တော်တို့လည်း စဉ်းစားသည်…။ ကျောင်းအုပ်ကြီး ဘာပြောချင်နေသနည်း…။ တစ်ခုခု ပြောချင်နေတာတော့ သေချာသည်။ ပြောရခက်နေသည့်ပုံပင်။ ဒါပေမယ့် ကျောင်းအုပ်ကြီးရဲ့ မျက်နှာမှာလည်း စိတ်တိုနေသည့် အရိပ်အယောင် တချက်မှမပေါ်..။ အူမြူးနေသည့်ပုံက ပေါ်လွင်လှသည်။ အဲ့ဒီလို တွေးနေတုန်းမှာဘဲ ကျောင်းအုပ်ကြီး ပြောချင်နေသည့် လိုရင်းကို စတော့သည်။
စစ်တက္ကသိုလ် အမှတ်စဉ် (၄၆) ဘယ်တော့ ကျောင်းဆင်းမလဲ သိလားတဲ့..။ ဘယ်သိမှာတုန်း..။ သိလည်း မသိချင်။ ကိုယ့်ကိစ္စမှ မဟုတ်တာ။ ဗိုလ်လောင်း ကျောင်းဆင်းမယ့်ရက်က ရုရှား သင်တန်းသားတွေနှင့် ဘာဆိုင်သနည်း။ ပြောချင်ရင် ဗိုလ်လောင်းတွေကို သွားပြောပေါ့။ ၄င်း၏ အမေးကို ရုရှား သင်တန်းသားများ တိတ်ဆိတ်မှုနှင့်သာ တုန့်ပြန်ကြသည်။ ကျွန်တော် သတိထားမိသည်။ ထိုအချိန်က ဗိုလ်ချုပ်မင်းအောင်လှိုင်သည် ၄င်းစကားကို ပြောဖို့ အတော်ကို တက်ကြွ အားထဲ့ခဲ့ရသည့်ပုံပင်။

ဖြစ်ချင်တော့ အောက်က မည်သူမျှ စိတ်ဝင်စားပုံမပြ။ စိတ်ဝင်စားစရာလည်း ပါမှ မပါသည်ကိုး..။ ဒီအခြေအနေမျိုးကို တွေ့တော့.. ဗိုလ်ချုပ်မင်းအောင်လှိုင် အတော်ကို အောင့်သီးအောင့်သက် ဖြစ်သွားပုံရသည်။ သို့ပေမယ့်… စိတ်တိုသည့် ဟန်ပန်တော့ တစိုးတစိမှ မမြင်ရ။ တက်ကြွလွန်းနေသော သူ့ဟန်ပန်နှင့် သူတက်ကြွသလောက် အောက်က ဘာမှ ပြန်မတုန့်ပြန်သောကြောင့် မရိုးမရွ ဖြစ်နေသော ပုံစံကိုသာ  အထင်းသား မြင်နေရသည်။

အပိုင်း(၅)

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ နောက်ဆုံးတော့ သူမေးသော မေးခွန်းကို သူကိုယ်တိုင် ပြန်ဖြေရတော့သည်..။ “ ဒီဇင်ဘာ (၁၉) ရက်နေ့ ကျောင်းဆင်းမှာကွ.. သိလား..’’ တဲ့..။ အင်းလေ… (၁၉) ရက်နေ့ ဆင်းလဲ ဆင်းပေါ့..။ ဘာဖြစ်သတုန်း..။ ကိုယ့်ကောင်တွေက ဒီအချိန်မှာသာ ခန်းမ မဝင်ရရင်.. ပြင်ဦးလွင်မြို့ထဲက ခေါင်ရည်ဆိုင် တစ်ဆိုင်ဆိုင် ရောက်နေပြီကွ ဆိုတဲ့ အတွေးသာ ဝင်နေတာကိုး…။ သူ ဘာကို ရည်ရွယ် ပြောနေသည်လည်း စိတ်မဝင်စားအား..။

ဒီလိုမျိုးအောက်က တုံဏိဘာဝေ တုန့်ပြန်နေတော့.. သူလည်း ရှက်လည်း မရှက်နိုင်..။ ဟန်လည်း မဆောင်နိုင်.. ဘာထပ်ပြောသည် ထင်သနည်း..။

“ငါ့ စစ်တက္ကသိုလ် အမှတ်စဉ် ဘယ်လောက်လည်း သိသလားတဲ့…။ ဒါတော့ သိတာပေါ့…။ အမှတ်စဉ် (၁၉) ဘဲဟာ..။ သူ ဘာကို ပြောချင်နေပါလိမ့်…။ အင်း…ဘုရားရေ… သူ့အမှတ်စဉ်က (၁၉)၊ ယခု ဗိုလ်လောင်းတွေ ကျောင်းဆင်းမယ့်ရက် (၁၉) ရက်နေ့..။ အင်းလေ.. ဒါလေး တိုက်ဆိုင်တော့ရော ဘာဖြစ်သတုန်း..။ အဲ့ဒီမှာဘဲ..သူ့ရဲ့ ခန်းမတွင်း ကြွားခန်းကြီးကို ခရားရေလွှတ် တရှိန်ထိုး ပြောချတော့သည်..။

“ငါ ကျောင်းအုပ်ဖြစ်ပြီး ပထမဆုံး ကျောင်းဆင်းမယ့် အင်တိတ်က (၁၉) ရက်နေ့ ကျောင်းဆင်း မယ်ဆိုတာ ငါ့အင်တိတ်နဲ့ သွားမတူဘူးလား.. ဒါ တော်ရုံတန်ရုံ တိုက်ဆိုင်မှုမျိုး မဟုတ်ဘူးကွ…’’ ဆိုပြီး လက်မကြီးထောင်..တဟဲဟဲနဲ့ ကြွားနေလိုက်တာများ.. မြင်ပြင်းတောင် ကပ်ဖို့ ကောင်းရဲ့ဗျာ…။ သူကသာ ဝမ်းသာ ဂုဏ်ယူပြီး ပြောနေတာ.. အောက်က နားထောင်တဲ့သူ များအတွက် ကတော့ ဘာစိတ်ဝင်စားစရာမှ မပါ..။

နောက်မှ သူ့ရဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက စုံစမ်း သိရှိရသည်မှာ.. ဗိုလ်ချုပ်မင်းအောင်လှိုင် ထိုမျှ ဂုဏ်ယူ ဝင့်ကြွားစွာ မာန်တက်ခဲ့သည်မှာ သူ့အတွက်တော့ဖြင့်.. အကြောင်းရင်း ခိုင်လုံစွာ ရှိခဲ့သည်ကိုး..။ သူ့ရဲ့ အထက်လမ်း ဆရာမှန်းမသိ.. အောက်လမ်း ဆရာမှန်း မသိသော ဘိုးတော်တဦးက သူ ကျောင်းအုပ်ကြီး မဖြစ်ခင်ကတည်းက ဟောကိန်း ထုတ်ခဲ့သည်တဲ့..။ “မင်း စစ်တက္ကသိုလ် ကျောင်းအုပ်ဖြစ်လျှင် ဂဏန်းနှင့် ပတ်သတ်၍ ထူးခြားတဲ့ တိုက်ဆိုင်မှု တခု ကြုံမည်..။ ထိုကဲ့သို့သာ ကြုံခဲ့လျှင် မြန်မာပြည်မှာ ဘုန်းတန်ခိုး လျှမ်းလျှမ်းတောက် သေချာပေါက် ဖြစ်မည်” ဟု ကြိုတင် ဟောကိန်း ထုတ်ထားခဲ့ သတဲ့..။

ထို့အတွက် ဒီဇင်ဘာ (၁၉) ရက်နေ့တွင် မေမြို့စစ်တက္ကသိုလ်ဗိုလ်လောင်း အမှတ်စဉ် (၄၆) ကျောင်းဆင်းခဲ့သော ဖြစ်ရပ်ဟာ သူ့အတွက် တကယ်ကို ထူးခြားတဲ့ တိုက်ဆိုင်မှု တခု ဖြစ်ခဲ့ချေသည်ကိုး..။ ထို့အတွက် ၄င်းဘိုးတော် တကယ်ဘဲ…အစွမ်းထက်ခဲ့သည်လား မပြောတတ်..။ နောက် (၆) နှစ် အတွင်းကို ဗိုလ်မှူးချုပ် အဆင့်ကနေ တပ်မ(၄၄) တပ်မမှူး၊ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ညှိနှိုင်းကွပ်ကဲရေးမှူးမှသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တပ်ချုပ်ကြီးရာထူး နေရာများသို့ ရာထူးတစ်ခုလျှင် (၂) နှစ်နှုန်းဖြင့် ခုန်ပြန်ကျော်လွှား ရောက်ရှိခဲ့ချေတော့သည်။ သူဟာ တိုင်းမှူးဘ၀မှ ညှိနှိုင်းကွပ်ကဲရေးမှူး စတင်လက်ခံကတည်းက ကကကြည်းရဲ့ ၀င်စာထွက်စာများကို ဦးသန်းရွှေကိုယ်စား ကိုင်တွယ် ဆုံးဖြတ် ဖတ်ရှုခွင့်ရပြီး ဗိုလ်သူရမြင့်အောင်နှင့် ဗိုလ် ကိုကို တို့ကမူ ရုံးမှာ ငုတ်တုတ်ထိုင်ရတဲ့ဘ၀ ရောက်ရှိခဲ့ပါတယ်။

“တော်” မတော်ဆိုတာကိုတော့ တပ်မတော်ထိပ်ပိုင်းဗိုလ်ချုပ်များ အသိဆုံးပင် ဖြစ်သည်။ သူနှင့် တစ်ပတ်စဉ်တည်း သူငယ်ချင်းများက Cadet nick name အဖြစ် “ကြောင်ချီး” လို့ ပေးကြတယ်လို့ သိရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် လျာထားခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဆီနှင့်ရေ ကွာခြားသည်ကတော့ ဗေဒင်မေးစရာ မလိုပေ။ သေချာသည်က ၄င်း ဘိုးတော်သည် ယခု တပ်ချုပ်မင်းအောင်လှိုင်၏ နောက်တွင် တဖဝါးမျှမခွာ အစီအရင်များ ပြုလုပ်ပေးနေပေသည်။ ဘွဲ့အမည်ကိုဖြင့် စုံစမ်းနေဆဲပင်..။ ရေမြင့်လျှင် ကြာတင့် ဆိုသကဲ့သို့ မကြာမီပင် ဗိုလ်ချုပ်မင်းအောင်လှိုင်၏ လက်စွဲဆရာသည်လည်း ထင်ရှားကျော်ကြား လာချေဦးမည်..။

ထို့ကြောင့် မြန်မာပြည် ဒီမိုကရေစီ အရေးအတွက် ကလေးကလား အကြံတခု ပေးချင်သည်မှာ….. မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအတွက် စစ်ရေးအရလည်း အဖြေမရှာ၊ နိုင်ငံရေး နည်းအရလည်း အဖြေမရှာဘဲ…ဘိုးတော်ကောင်းကောင်း တယောက် လိုက်ရှာပြီး… ပညာပြိုင်ခိုင်းရင် ကောင်းမလားလို့..။ သေချာသည်ကတော့ မြန်မာပြည် စစ်အာဏာရှင်တိုင်း၏ နောက်တွင် ပညာရှင် ဘိုးတော် တဦးစီက အစီအရင်များ လုပ်ပေးခဲ့သည်မှာ သေချာလှသည်..။ ဆိုတော့ကာ.. ဒီမိုကရေစီ လိုလားသော အစွမ်းထက် ဘိုးတော်များ အမြန် ဆက်သွယ်ကြပါကုန်…။

အပိုင်း (၆)

ယခုတလော ပြည်တွင်းက အမာခံလူများက တပ်ချုပ် အသစ်တစ်ယောက် သူ့အကြောင်းတွေ ပါလာလို့ ပွစိပွစိ ဖြစ်နေကြောင်း စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ် တာဝန်ရှိသူ တစ်ဦးက ပြောပြလို့ သိရပါတယ်။

ဒီတခေါက် ပြောမယ့် ဗိုလ်ချုပ် မင်းအောင်လှိုင် အကြောင်းသည် မြန်မာ စစ်အာဏာရှင်များတွင် ရှိသော အရည်အချင်း တရပ်ဖြစ်သည့် ပိုင်ရာဆိုင်ရာအပေါ် မျက်နှာသာ ပေးတတ်သည့် အကျင့်..။ ၄င်း အကျင့်ကိုလည်း ယနေ့ အာဏာရှင်လက်သစ် ဖြစ်လာသူ ဗိုလ်ချုပ်မင်းအောင်လှိုင်က အလုံးစုံကို လက်ခံ ကျင့်သုံးသူ တဦး ဖြစ်ပေသည်..။ စာရေးသူ ကျွန်တော်ကိုယ်တိုင်ပင် သူ့အကြောင်း အစက အဲ့ဒီလောက်မထင်..။ ရေးရင်း ရေးရင်းနဲ့မှ အာဏာရှင် အားလုံး၏ မကောင်းတဲ့ အကျင့်စရိုက်မှန်သမျှ ဗိုလ်ချုပ်မင်းအောင်လှိုင်ထံတွင် သွားစုပုံ နေသည်ကို အံ့သြစွာ သွားတွေ့ရချေသည်..။ မြန်မာပြည် အရေး တုန်လှုပ်ဖွယ်ရာပင်..။

ယခုလည်း ကြည့်.. ဗိုလ်ချုပ်မင်းအောင်လှိုင် တယောက် မျက်နှာကြီးရာ ဟင်းဖတ်ပါသည့် ကိစ္စ။ တကယ်ကို ထင်ထင်ရှားရှားပင်..။ကျွန်တော်တို့ ရုရှားဘာသာစကား သင်တန်း (၇) လ အပြီး သင်တန်းသားများ အားလုံး ခွင့် (၁၀) ရက်စီ ရကြသည်။ ထူးခြားချက်က သင်္ကြန်တွင်း ခွင့်ရခြင်း ဖြစ်သည်..။ ဗိုလ်လောင်း ဘဝကတည်းက သင်္ကြန်ဆိုတာ ဘာမှန်းမသိခဲ့သော ကျွန်တော်တို့အဖို့ ယခု ရရှိသော ခွင့် (၁၀) ရက်သည် အလွန်တရာ တန်ဖိုးကြီးလှသည်။ ဒါက အကြောင်း တရားတခု..။

ဒီလိုနဲ့ ခွင့်ရက်စေ့လို့ ပြင်ဦးလွင်မြို့ကို အပြန်တွင် သင်တန်းသားများ လူစုံ ပြန်ရောက် မရောက် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းအောင်လှိုင် ကိုယ်တိုင် လာရောက် စစ်ဆေးတော့သည်.။ သင်တန်းသားများအားလုံး ခန်းမထဲထည့်။ နာမည် တဦးချင်း ရွတ်၍ လူစစ်တော့သည်။ ကျွန်တော်တို့ကတော့ သိသည်။ လူ လုံးဝ မစုံ။ အပျော်လွန်၍ ခွင့်လွန်နေသော သင်တန်းသားများ အယောက် ၂၀ ကျော်ခန့် ရှိမည် ဟု ခန့်မှန်းရသည်။

ထိုအချိန်တွင် ကျောင်းအုပ်ကြီးက စင်မြင့်အလယ်က သဘာပတိများနေရာကဲ့သို့ လုပ်ထားသော နေရာတွင် တဦးတည်း မိန့်မိန့်ကြီး ထိုင်နေချေသည်။ သူ့ရှေ့မှာ မိုက်ခွက်တခု။ လူစစ်သည့် ဗိုလ်မှူးက စင်မြင့်ထောင့်က စကားပြော stand မှ နေ၍ နာမည် အစဉ်လိုက် တဦးချင်း ခေါ်၍ လူစစ်နေတော့သည်။ တဦးချင်း ခေါ်၍ လူ စစ်တော့ အပျော်လွန်နေသော သကောင့်သားများ တယောက်ပြီး တယောက် ပေါ်လာတော့သည်။ တစ်ယောက်.. နှစ်ယောက်.. သုံးယောက်…။ ကျောင်းအုပ်ကြီး သူ့ရှေ့က စားပွဲရှည်ကို လက်သီးဖြင့် ထထုတော့သည်။ ပြီးတော့“ အခု ခွင့်ကျော်တဲ့ ကောင်တွေကို ငါ့ဆီ နာမည် ပေးစမ်း.. ဘာကောင်တွေလဲကွ.. အကုန်လုံး တပ်ရင်းပြန်ပို့ပစ်မယ်..” ဘာညာ ဆိုပြီး ထအော်တော့သည်။ ရှေ့က ဗိုလ်မှူးလဲ ဘိုးတော် စိတ်တိုနေတာ သိ၍ သူပါရောယောင်ပြီး ပျက်ကွက်သည့် သင်တန်းသားများကို စိတ်တိုပြတော့သည်။ ထပ် ထပ် ထွက်လာသည့် ခွင့်ကျော်သမားများကိုလည်း ဘိုးတော် မအော်ခင် သူက အရင် လှိမ့်အော် ပြတော့သည်။ အော်ရင်းနှင့် အရှိန်လွန်ကာ ခန်းမထဲ ရောက်နေသော သင်တန်းသားများပါ ပတ်ရမ်းလေသည်။

ဘိုးတော်ကလည်း သူ လုပ်ချင်နေသည့် ကိစ္စများကို ရှေ့က ဗိုလ်မှူးက အားတက်သရော ဝင်လုပ် ပေးနေသဖြင့် အသာငြိမ် ကြည့်နေသည်။ အမူအယာကတော့ ဒေါသဖြစ်သည့် အရိပ်အယောင် တပြားမှ မလျော့..။ ကျွန်တော်တို့ကလည်း တွက်သည်။ အခု ခွင့်ကျော်နေသည့် ကောင်တွေကတော့ တကယ်နာပြီဟပေါ့..။ ရှေ့က ဗိုလ်မှူးကလည်း လူတယောက်စစ်လို့ မရှိလျှင် တခါ မောင်းတင် အော်..။ လူ ရှိလျှင် ကျော်..။ ပျက်ကွက်သည့် လူတယောက်ပေါ်လျှင် တခါ ထပ်အော်..။ ဒီလိုနဲ့ အရှိန်ရလာတဲ့ အချိန်… “ဘုန်းမြတ်သူ” ဆိုသည့် သင်တန်းသား အလှည့် ရောက်လာပါလေရော..။ တခါ ခေါ်သည်..။ မရှိ… နောက်တခါ ထပ်ခေါ်သည်.. မထူး.. သေချာပြီ၊ ဒီကောင် ပျက်ကွက်နေပြီ။ လူ စစ်သည့် ဗိုလ်မှူး အားရပါးရကို အော်ဟစ် ကြိမ်းမောင်းဖို့ မောင်းတင်လိုက်တဲ့ အချိန်မှာဘဲ… နောက်က ကျောင်းအုပ်ကြီး ဗိုလ်ချုပ် မင်းအောင်လှိုင်ထံမှ တီးတိုး လေသံနှင့် အသံကျယ်ကြီး ထွက်လာတော့သည်..။

[B]ကျောင်းအုပ်ကြီး ဘာပြောလိုက်သနည်း  ဆိုတော့…“ရှေ့က ဗိုလ်မှူး.. သူ့ကို ကျော်လိုက်. သူ့အမေ ငါ့ဆီကို အကြောင်းကြားထားတယ်..” တဲ့.. လေသံက တကယ့်ကို တီးတိုးလေသံ…။ ဒါပေမဲ့.. အဲ့ဒီ တီးတိုး လေသံလေးက ရှေ့က မိုက်ခွက် အစွမ်းကြောင့် ခန်းမ တခုလုံးကို ဟိန်းထွက်သွားတော့သည်..။ [/B]အောက်က သင်တန်းသားများလည်း “ဟာ” ဆိုပြီး အသံထွက်ကာ အားလုံးငြိမ်ကျသွားတော့သည်..။ ခန်းမတခုလုံး တကယ့်ကို တိတ်ဆိတ်ငြိမ်သက်လျက်..။ ရှေ့က လူစစ်နေသည့် ဗိုလ်မှူးလည်း ကြိမ်းဝါး လိုက်ဦး မဟဲ့ ဟု အရှိန်ယူထားရာမှ ကျောင်းအုပ်ကြီး စကားကြောင့် ဘာဆက်လုပ်ရမှန်း မသိ .. ကြောင်တောင်တောင်နဲ့  သတိလေး ဆွဲလို့ …။

အပိုင်း (၇)

တကယ်တော့ ကျောင်းအုပ်ကြီး ဟိုး … စင်မြင့်ထက်ကနေ ဘယ်သူမှ မကြားအောင် တီးတိုးလေး ဗိုလ်မှူးကို ကပ်ညှိလိုက်ခြင်း ဖြစ်သည်။ အမှတ်တမဲ့.. ရှေ့မှာ မိုက်ခွက် ရှိနေသည်ကို သတိမထား မိလိုက်..။

ကျောင်းအုပ်ကြီးလဲ..သူ့အဖြစ် သူ သတိထားမိသွားပြီး မျက်နှာကြီးကို ရဲလို့။ အတော်ကြာကြာကို ငြိမ်သက် သွားတော့သည်။ အဲ့ဒီမှာ ကျောင်းအုပ်ကြီးရဲ့ စကားက ငြိမ်သက်မှုကို ထိုးဖောက် တော့သည်..။

“မင်းတို့ကောင်တွေ တနေကုန် လူစစ်နေတာနဲ့ဘဲ အချိန်ကုန်နေ..။ ဒီကောင်တွေကို အရေးယူလည်း အကုန်လုံး ဘဝ ပျက်ကုန်တော့မယ်..ကဲ အားလုံးနားထောင်..” ဆိုပြီး လူစစ်ခြင်းကို တဝက်တပျက် ရပ်ကာ ကျောင်းအုပ်ကြီးက ပြောချင်ရာကို ပြောနေတော့သည်..။ ခုနကတော့..ပျက်ကွက်တဲ့သူ အားလုံး အရေးယူမယ်..တပ်ရင်း ပြန်ပို့မယ် တကဲကဲနဲ့ ကြုံးဝါးခဲ့တဲ့သူက အခုတော့ အားလုံးကို မသိချင်ယောင်ကို ဆောင်လို့။ ဒီလို မှန်းသိရင် သုံးရက်လောက် အိမ်မှာ ထပ်ခွေ နေပါသေးတယ်ဗျာ..။ အဖြစ်ပျက်များကလည်း မြန်ဆန်လွန်းပါ့…။

ဤသို့ ဤပုံကို ကျွန်တော်တို့ တပ်ချုပ်လက်သစ်ကြီးက မျက်နှာကြီးရာ ဟင်းဖတ် ပါတတ် ပါသေးတယ်..။ အထက်ပါကိစ္စများကို အပိုပြောတယ် ထင်လျှင်လည်း မတတ်နိုင်..။ သင်တန်းသား ၄၀၀ နီးပါး ရှေ့ တွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာပင်တည်း..။

နောက် တပ်ချုပ် လက်သစ်ရဲ့ ရွှေဥာဏ်တော် စူးရောက်ပုံကလည်း.. တကယ့်ကို အံ့မခန်းပါဘဲ..။ အိုင်းစတိုင်းတို့ စတီဗင်ဟော့ကင်းတို့ လက်မှိုင်ချ ထိုင်ငိုရလောက်အောင်ကို ရွှေဥာဏ်တော် စူးရောက် လှပါပေတယ်..။အကြောင်းက…

ကျွန်တော်တို့ ရုရှား သင်တန်း ရှေ့ အပတ်စဉ် မှာ.. အရာရှိတယောက် ရုရှား ပညာတော်သင် မသွားမီ ဝန်ကြီး တစ်ဦး၏ သမီးနှင့် လက်ထပ်ထိမ်းမြားခြင်း အမှုကို ပြုခွင့် ရရှိခဲ့လေသည်..။ ကိုယ်ချင်းလည်း စာပါသည်။ သူ့ခမျာ မိန်းမယူလို့မှ သုံးလ မပြည့်သေး.. ရုရှားသို့ ထွက်ခွာရလေသည်..။ ပညာတော်သင် ကာလက သုံးနှစ်။

မိန်းမ ရတာကလည်း ပူပူနွေးနွေး.. ဝန်ကြီးရဲ့ သားမက် လုပ်ပြီးမှ ဘာပါဝါမှလည်း မပြရသေး ဆိုတော့.. ရုရှား ရောက်ပြီးတာနဲ့ မိန်းမကို လွမ်းလေတော့သည်..။ မိန်းမဆီ တကျီကျီ ဖုန်းဆက်..။ ဖေဖေ ယောက္ခမ ထီးကြီးဆီလည်း “သားသားကို မြန်မာပြည် ပြန်ခေါ်ပါတော့ “ ဆိုပြီး တကျီကျီ ပူဆာ..။ ရုရှား မှာလည်း ဘာစာမှ လိုက်မလုပ်ခဲ့။

ဒီလိုနဲ့ ယောက္ခထီးကြီးရဲ့ အရှိန်နှင့် ၄င်းအရာရှိက ရုရှားတွင် ဆေးဘုတ် အကြောင်းပြကာ မြန်မာပြည် ပြန်ချလာတော့သည်..။ ရုရှား ပညာတော်သင် ကိစ္စရပ်များကို ဦးမောင်အေးက တိုက်ရိုက် ကိုင်တွယ်သဖြင့်.. ၄င်း ဖြစ်စဉ်များအားလုံးကို သိရှိသွားတော့သည်..။ ဝန်ကြီး သားမက် ဖြစ်နေ၍ မသိချင်ယောင် ဆောင်ပေးလိုက်ရသော်လည်း. ဒုတပ်ချုပ်. ဦးမောင်အေး လုံးဝ မကြိုက်…။ ထို့ကြောင့် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးဖြစ်သူ ဗိုလ်ချုပ်မင်းအောင်လှိုင်ထံ ဒီလို ကိစ္စမျိုးတွေ ထပ်မဖြစ်အောင် မည်သို့ လုပ်မည်နည်း.. ဟု အကြံဥာဏ် လှမ်းတောင်းတော့သည်..။

ဤတွင် ဗိုလ်ချုပ်မင်းအောင်လှိုင်၏ ရွှေဥာဏ်တော် စူးရောက်စွာ အကြံတော် ပေးလိုက်ပုံက “အိမ်ထောင် ရှိလို့ ဒီလို ကိစ္စတွေ ဖြစ်နေရတာပါ..ဒါ့ကြောင့် အိမ်ထောင် မရှိသူများကိုသာ ရုရှား လွှတ်ပါ” ဆိုပြီး အကြံကောင်း ဥာဏ်ကောင်း ပေးလိုက်လေရဲ့ လေ..။ ဒီတော့ ဘာဖြစ်လဲ..။ ရုရှား မသွားခင်လေး.. မိန်းမ ယူလိုက်ဦးမဟဲ့.. ဆိုပြီး လက်ထပ်ခွင့် တင်ထားတဲ့ သူတွေ ပြုတ်..။ မိန်းမနဲ့ အိမ်ထောင်သည်လိုင်းမှာ နေ နေတဲ့ သူတွေလည်း ပြုတ်..။ နေရင်းထိုင်ရင်းနှင့် ဦးမင်းအောင်လှိုင် အလျှောက် ကောင်းပုံကြောင့် အယောက် ၂၀ လောက် တပ်ရင်းပြန်ရောက်ကုန်ကြသည်..။ ရုရှား ပညာတော်သင်သွားမယ့် ကိုကိုကွ ဆိုပြီး ယူဖို့ အားခဲထားတဲ့ သတို့သမီးလောင်းများလည်း ခဲလေသမျှ သဲရေကျ.. တပ်ရင်းပြန် ဝတ်ရွတ်ရမယ့် ဘဝကို ရောက်လို့ ရောက်နဲ့ အတော်ကို ကသောင်းကနင်း ပါဘဲဗျာ။

ထိုစဉ်က အဘယ်မျှ ရီရသနည်းဆို ကျောင်းရုံးသို့ မရောက်သေးဘဲ.. စာပေရုံးတွင်ပင် သောင်တင် နေသော တင်ထားသည့် လက်ထပ်ခွင့်များကို သင်တန်းသားများ အပြေးအလွှားကို ပြန်ယူရတော့သည်..။ အရပ် လက်ထပ် စာချုပ်ဖြင့် ယူပြီး အခန့်သား မိန်းမနှင့် နှပ်နေသော သင်တန်းသားများလည်း မိန်းမကို ညီမလုပ်ကာ အကုန် အိမ်ပြန်ပို့ကြရတော့သည်..။ အမိန့် ဆိုတော့လည်း လေ…။

နောက်ပိုင်း ဦးမောင်အေးလည်း မယောင်ရာ ဆီလူးသည့် အကြံပေးချက်မှန်း ရိပ်မိသွားသောအခါ ထုတ်ထားသော အမိန့်ကို ပြန်ရုတ်သိမ်း သွားတော့သည်..။ ဤသို့ ရှုံ့ချည် နှပ်ချည် အမိန့်ကြောင့် ကြားကနေ သင်တန်းသား ၂၀ ကျော်လောက် ရည်မှန်းချက်များ ပျောက်ခဲ့ရလေသည်..။ သို့ပေမယ့် သင်တန်းသားများ မယုံရဲတော့..။ အိမ်ထောင်သည် လိုင်းမှာလည်း သွားမနေရဲတော့..။ မိန်းမများခမျာ တရားဝင် မယား ဘဝကနေ ခိုးကြောင် ခိုးဝှက် ပေါင်းသင်းရတဲ့အဖြစ်ကို ရောက်ကုန်ကြတော့သည်..။

ဤကဲ့သို့သော ဥာဏ်ရည် ဥာဏ်သွေးမျိုးနှင့် ဗိုလ်ချုပ်မင်းအောင်လှိုင်..အခုတော့ တပ်မတော်ကြီး တခုလုံးကို ကြိုးကိုင်.. မြန်မာပြည်တခုလုံးကို ချုပ်ကိုင်ဦးမယ် ဆိုတော့.. မြန်မာပြည်ကြီး ဘာတွေ ထပ်ဖြစ်မည်နည်း။ တွေးတောင် မတွေးရဲစရာပင်..။ သို့ပေမယ့်… ဦးသန်းရွှေ တို့အတွက် ထိုကဲ့သို့သော ဦးနှောက် မပြည့်သည့် အာဏာရှင် လက်သစ်မျိုးကို ခက်ခက်ခဲခဲကို ရှာဖွေ ထားခဲ့ရခြင်း ဖြစ်သည်..။ စစ်အာဏာရှင်တိုင်း ကျပ်မပြည့်ရ ဟူသော မူကို ကိုင်ထားသည်ကိုး…။ ထူးထူးခြားခြား.. ဗိုလ်ချုပ်မင်းအောင်လှိုင်သည်ကား အလုံးစုံ ကျပ်မပြည့်သော ပုဂ္ဂိုလ် ဖြစ်နေလေတော့… ဦးသန်းရွှေတို့အတွက် တကယ့် ရေကန်အသင့် ကြာအသင့် ပေကိုး..။

ဒါကြောင့်လည်း ဗိုလ်ချုပ်မင်းအောင်လှိုင် တယောက် ခုန်ပြန်ကျော်လွှားကာ တပ်ချုပ်ကြီး ဖြစ်လာခဲ့သည်လေ..။ သိပ်တော့လည်း ထူးဆန်းလှသည့် ကိစ္စတော့ မဟုတ်ချေ..။ တပ်ချုပ်ကြီး မင်းအောင်လှိုင် ကျန်းမာပါစေ.. ချမ်းသာပါစေဗျာ..။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: