တခုခုတော့ လွဲနေပြီ


ကျားပေါက်

ဒီကနေ့ မီဒီယာ သတင်းတွေထဲမှာ ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ အစိုးရအကြား တိုက်ပွဲသတင်း၊ ဒုက္ခသည်သတင်းတွေနဲ့ ပြည့်နှက်နေတာ တွေ့ရပါတယ်။ ဘာကြောင့် ကချင်တွေကို ဦးတည်နေတာလဲ၊ ဘာကြောင့်လဲ၊ ကချင်က မဟာဗျူဟာအရ အရေးပါနေသလား၊ နေပြည်တော်ကို တိုက်ရိုက် ခြိမ်းခြောက်နေသလား အစရှိတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။ ဦးသိန်းစိန် အစိုးရသစ် ပြည်တွင်းစစ်ကို ပြန်စနေတာ၊ ဗျူဟာမှူးတယောက် ကျတာ၊ အစိုးရဘက်က စစ်သား ဒါဇင်နဲ့ချီပြီး အသေအပျောက်စာရင်း အစရှိတာတွေကို ခြုံပြီး တခုခုတော့ လွဲနေပြီလို့ ဆိုနိုင်ပါတယ်။
ကချင်လူမျိုးတွေဟာ နိုင်ငံရေး အသိအမြင် ပိုကြွယ်ဝတယ်လို့ တိုင်းရင်းသားတိုင်းက အသိအမှတ်ပြုရတဲ့ လူမျိုးစုကြီး ဖြစ်ပါတယ်။ နိုင်ငံရေးကို ပါးနပ်မှု၊ စစ်ရေးကျွမ်းကျင်မှု၊ ဘာသာရေး ကိုင်းရှိုင်းမှု၊ စစ်ရေး ကျွမ်းကျင်မှု၊ ပြီးခဲ့တဲ့ နအဖ စစ်အစိုးရနဲ့ ပြေလည်အောင် ဆက်ဆံနိုင်တဲ့ သံတမန်ရေး ကျွမ်းကျင် သူများလည်း ဖြစ်ပါတယ်။

ကချင်လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာပဲ ဦးဇခုမ်တိန့်ယိမ်းတို့လို လက်နက်နဲ့ ငြိမ်းချမ်းရေး ဒါမှမဟုတ် စစ်တပ်အပေါ် ယုံကြည်မှု အပြည့်အဝ မရသေးဘဲ အပစ်ရပ်ထားတဲ့ အနေအထားမျိုး တွေ့ရပါတယ်။


အမျိုးသားညီလာခံ အပြီး KIO ခေါင်းဆောင်များက ငြိမ်းချမ်းရေးပျက်ခဲ့ပြီလို့ မှတ်ချက်ပေးပါတယ်။ ထောက်လှမ်းရေး အကြီးအကဲနဲ့ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့် ပြုတ်ကတည်းက တိုင်းရင်းသား ငြိမ်းအဖွဲ့များ အသင့်အနေအထားကို ပြန်ရောက်စေပါတယ်။

နအဖကို ပြန်ကြည့်မယ်ဆိုရင်လည်း ဗိုလ်ချုပ်ကျော်ဝင်း (ဖော်ကောင်) လို့ လူသိများပြီး ထောက်လှမ်းရေး နံပတ် ၂ က တိုင်းသားတွေကို ဘယ်လို အင်အားချိနဲ့အောင် လုပ်ရမလဲ၊ ဖွဲ့စည်းပုံထဲ ကျုံးသွင်းရမလဲဆိုတာကို တိုက်ရိုက်တာဝန်ခံ ဆောင်ရွက်ရသူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ဟန်ဆောင် လူစွမ်းကောင်း၊ ငြိမ်းချမ်းရေး သံတမန် မျက်နှာကို အိုးမဲသုတ်သူက ဗိုလ်ချုပ် ကျော်ဝင်းပဲ ဖြစ်ပါတယ်။

နအဖ ထောက်လှမ်းရေးများ ဘဝပြောင်းတဲ့ အချိန်မှာ ဗိုလ်ချုပ်ကျော်ဝင်း အနေနဲ့ သူ့ရဲ့ စုတုပြု စာတမ်းများကို တပ်ချုပ်ဆီ အရောက်ပို့ပေမယ့်လည်း၊ ဗိုလ်ချုပ်စိုးဝင်း၊ ဗိုလ်ချုပ် ရွှေမန်းနဲ့ ဗိုလ်ချုပ် တင်အောင်မြင့်ဦးတို့က သစ္စာဖောက်စာရင်းထဲမှာပဲ ထည့်ခဲ့တဲ့အတွက် ဗိုလ်ချုပ် ကျော်ဝင်းတယောက် သစ္စာဖောက် ဘဝက မတက်လာခဲ့ပါ။ ဒါနဲ့ပဲ ကင်မရာတကိုင်ကိုင်၊ အငယ်တယောက်လည်း ရပြီဆိုတော့ ဘဝမှာ အေးအေးလေးနေနိုင်ပြီလို့ ယူဆလို့ ရပါတယ်။

ရွေးကောက်ပွဲ နီးလာလေ တပ်ချုပ်အနေနဲ့ တိုင်းရင်းသား အပစ်ရပ် လက်နက်ကိုင်တွေအတွက် စိတ်ပူလေလို့ ဆိုပါတယ်။ ၂၀၀၄ ကနေ ၂၀၁၀ အတွင်း ငြိမ်းအဖွဲ့တွေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတဲ့ ဗျူဟာ မထားခဲ့သလို ဘယ်သူမှ ဂရုမစိုက်တဲ့အတွက် ခြေလွန်လက်လွန် ဖြစ်ခဲ့တာတွေကို ကိုးကန့် အရေးအခင်းမှာ တွေ့ရပါတယ်။

တပ်ချုပ်အနေနဲ့ သူ့ရဲ့ မွေးစားသား ဦးဌေးဦးတို့က ကချင်အပေါ် တော်တော်ကို မျက်စိနောက်တယ်လို့ ဆိုပါတယ်။ KIO လူခွဲ ကစားနေတာ မင်းတို့ သတိမလွတ်စေနဲ့လို့ မကြားတကြား သတိပေးပါသတဲ့။ KIO လူဟောင်းများကလည်း KSPP ထောင်၊ မရတော့ တစည အလံငှား၊ ဆရာ တူးဂျာတောင် ပြည်ခိုင်ဖြိုးကနေ တရားဝင်နိုင်ငံရေးထဲ ဝင်ဖို့ ကြိုးစားလေလေ တပ်ချုပ် စိတ်ပူလေလေပါပဲ။

တပ်ချုပ် စိတ်ပူတာကို ၈ လုံးက ကောင်းကောင်း သိတယ်လို့ ဆိုပါတယ်။ ဝိုးတဝါး သမ္မတသစ် မျက်ဖြူဆိုက်လေလေ ဒုသမ္မတ ပြုံးနေလေလေလို့ ဆိုပါတယ်။

ကချင်အရေးအခင်း အဓိက ဇာတ်ကောင်ထဲမှာ ပေါက်ဖော်ကြီးဟာ ကချင်နဲ့ ဦးသိန်းစိန်ပြီးရင် အရေးအကြီးဆုံးပါပဲ။ ပေါက်ဖော် သစ်ကုမ္ပဏီကြီးတွေ၊ ကူမင်းရေအားလျှပ်စစ်၊ ကျောက်စိမ်းတွင်း လေလံဆရာကြီးများ၊ သတ္တုတွင်း ပိုင်ရှင်ကြီးများက ယူနန်အစိုးရအပေါ် အားကိုးမရလို့ ပီကင်းအထိသွားပြီး Lobby လုပ်ရပါတယ်။

KIO နဲ့ ဦးသိန်းစိန် စစ်မီးပွားက ရှန်ဟိုင်း စတော့မားကက်ကို ထိခိုက်စေပါတယ်။ ယူနန်သား ၃ သောင်းလောက် အလုပ်လက်မဲ့ ဖြစ်စေပါတယ်။ ယူနန်ရဲ့ စီးပွားရေး ကုန်သွယ်မှု ၅ ရာခိုင်နှုန်းလောက် ထိခိုက်စေနိုင်ပါတယ်။ ဒုက္ခသည် ၅ သောင်းကနေ တသိန်းအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေမှာ နေရာပေး ထမင်းကျွေးရပါတော့မယ်။ပေါက်ဖော်ကြီးရဲ့ မဟာဗျူဟာ စီမံကိန်းတွေ ရပ်ရပါတော့မယ်။

ဒါနဲ့ပဲ ကိုသိန်းစိန်ကို မေလ ၂၆ ရက်နေ့မှာ ဖိတ်ပြီး ဖိအားပေးပါတော့တယ်။ ဗိုလ်ချုပ် မင်းအောင်လှိုင်ကတော့ တန်းမတူလို့ မလိုက်တာဘဲလားမသိ၊ ကျန်းမာရေး အကြောင်းပြပြီး မလိုက်ပါ။ ပေါက်ဖော်က ချောကလက် (ချေးငွေ) နဲ့ မြှားပေမယ့်လည်း တဖက်မှာ ကချင်မှာ သေနတ်မပေါက်ဖို့ သမ္မတကရော ဝန်ကြီးချုပ်ကပါ ဖိအားပေးပါလေရော။ သတင်းစာထဲ ပါသလို မဟာဗျူဟာ မိတ်ဆွေတွေပါလို့ မျက်နှာ မပျက်အောင် ကြည့်ပြောပြီး ပြန်လာပေမယ့် အစည်းအဝေးတွေမှာ “ပေါက်ဖော်၊ ခင်ဗျား အမိန့်ပေးတိုင်း မလုပ်နိုင်ဘူး” ဆိုတဲ့ မျက်နှာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။


ပေါက်ဖော်ကြီးလည်း မိတ်ဆွေဟောင်း၊ ဝန်ကြီးချုပ်ဟောင်း၊ သမ္မတသစ် ကိုသိန်းစိန်တို့ လူသိုက်ရဲ့ မျက်စိမျက်နှာ မကောင်းတာကြောင့် ကိုသိန်းစိန် နေပြည်တော် ပြန်ရောက်ပြီး ၄ ရက် အကြာ ပါတီအကြီးအကဲကို လွှတ်ပြီး ကိုသိန်းစိန်၊ ဒုသမ္မတ တင်အောင်မြင့်ဦး (ရေအားလျှပ်စစ် အကျိုးတူ)၊ ကိုရွှေမန်းနဲ့ တပ်ချုပ် မွေးစားသား ကိုဌေးဦးတို့ကို အချိန်မီ ထိန်းဖို့ ပြည်ခိုင်ဖြိုး-တရုတ် ကွန်မြူနစ်ပါတီ ညီညွတ်ရေး စာချုပ်လက်မှတ် ထိုးစေပါတယ်။

အချိန်မမီလိုက်ပါ။ မြန်မာသတ္တိ တရုတ်သိအောင် ပြရမှာပေါ့လို့ ဗိုလ်ချုပ် မင်းအောင်လှိုင်ဆီကို ညွန်ကြားစာ ရောက်တယ်လို့ ဆိုပါတယ်။

နေပြည်တော်မှာ နေရာ၊ အာဏာ ဝင်ငွေအတွက် အလုပ်များနေချိန်မှာ KIO က ကွပ်ကဲရေးရုံးကို ပေါက်ဖော် မျက်နှာ မပူရအောင် တတိယနိုင်ငံကို ရွှေ့ထားတာ၊ တပ်အိမ်ထောင်သည် လိုင်းတွေကို ရွှေ့နေတာ၊ နအဖရဲ့ ဖြတ်လေးဖြတ်ကို စုတုပြုပြီး ဆက်သွယ်ရေး လမ်းကြောင်းတွေကို ရပ်စေတာတွေဟာ ဦးသိန်းစိန်ရဲ့ ဗွေဆော်ဦး အရှုံးရလဒ်တခုလို့ ပြောနိုင်ပါတယ်။

တပ်ချုပ်ရဲ့ ဦးစားပေးတွေထဲမှာ ဒေါ်စုကို အာရုံစိုက်ဖို့၊ အာရပ်နွေဦးလို မဖြစ်စေဖို့၊ တည်ငြိမ်တဲ့ အင်အားစုကြီး ၄ ရပ် (ပါတီ၊ အစိုးရ၊ တပ်နဲ့ လွှတ်တော်) ကိုပဲ အာရုံစိုက်ရတော့ စစ်ပြင်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအတွက် စစ်ရေး၊ နိုင်ငံရေး အသာစီးရသွားပါတယ်။

အတွေ့အကြုံရှိတဲ့ ထိပ်တန်း ၇ ယောက်ကို တပ်နဲ့ ခွဲလိုက်တဲ့ အတွက်အတွေ့အကြုံနည်းသေးတဲ့ ဗိုလ်ချုပ် မင်းအောင်လှိုင်ကို အကြံပေးဖို့ ခက်နေတယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ် နေဝင်းကို ဦးနုတို့က မိန်းမလိုက်စားတဲ့၊ မြင်းလောင်းတဲ့ ဗိုလ်ချုပ်ဖြစ်တဲ့အတွက် နိုင်ငံရေးအာဏာကို ဂရုစိုက်မှာ မဟုတ်လို့ သုံးသပ်ပေမယ့် ဗိုလ်ချုပ်သန်းရွှေက ဗိုလ်ချုပ်နေဝင်းလို ဖြစ်လာရတာ KNDO ကြောင့်ပါလို့ ခွဲခြားပြခဲ့ပါတယ်။ KNDO နဲ့ အလံဖြူ မရှိရင် ဗိုလ်ချုပ် နေဝင်းရယ်လို့ ဖြစ်မလာဘူးကွ ဆိုတာကို နားနဲ့ ဆတ်ဆတ် ကြားလာသူတယောက် ပြောပြချက်ပါ။

ဗိုလ်ချုပ် မင်းအောင်လှိုင်လည်း အသက်ငယ်၊ အတွေ့အကြုံ နုသေးပေမယ့် KIO စင်တင်ပေးနေပြီလို့ ယူဆရမလား။

တပ်နဲ့ အစိုးရကို ခွဲပြီး တပ်ချုပ်က အရံအင်အားအနေနဲ့ နောက်က ကြိုးကိုင်နိုင်ပေမယ့် နေ့စဉ်စစ်ရေး ပြဿနာမှာ ကိုသိန်းစိန်တို့နဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှ တင်ပြပေမယ့်လည်း တပ်အပြင် တိုင်းပြည် အကျပ်အတည်းကို ဗိုလ်ချုပ်လေးအတွက် နိုင်ငံရေးစင်မြင့်သစ် ဖြစ်နေပြီလား။

ဗိုလ်ချုပ်လေး လုပ်နေတာ ပေါက်ဖော်ကို သင်ခန်းစာပေးနေတာလို့လဲ ဆိုပါတယ်။ တပ်ချုပ်ရဲ့ အစိုးရသစ်က အရင်ကလို ပေါက်ဖော်ကို ခယအားကိုးရမယ့် အခြေအနေ မဟုတ်တော့တာတော့ အမှန်ပဲ မဟုတ်လား။ ပေါက်ဖော် … ခင်ဗျား ပေးချင်သလောက်ပေး၊ ကျနော်တို့က ဈေးကွက်စီးပွားရေးကို ဦးတည်နေပြီ၊ ဈေးကိုက်ရင် ရောင်းမယ်၊ ဒါမှမဟုတ် ပိုပေးတဲ့သူဆီကို ရောင်းမယ်ဆိုတဲ့ ဗျူဟာလို့ ယုံကြည်ရပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: