မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအရေး


ခေတ်သစ် ပြည်ထောင်စုမြန်မာနိုင်ငံကို (၁၉၄၈) ခုနှစ်မှာ တည်ထောင် ခဲ့သည်။ ခေတ်သစ် ပြည်ထောင်စု မြန်မာနိုင်ငံကို မတည်ဆောက်မှီက ရခိုင်၊ ရှမ်း၊ မွန်၊ မြန်မာ စသည့် အမျိုးသားများသည် သီးခြား လွတ်လပ်သည့် နိုင်ငံအဖြစ် ကမ္ဘာ့ အလယ်မှာ ရပ်တည် ခဲ့ကြသည် ။ မွန်၊ ရှမ်း၊ ရခိုင် စသည့် နိုင်ငံများသည် မြန်မာ၏ နယ်ပယ်သစ် ချဲ့ထွင်ရေး စစ်ပွဲများကို ရင်ဆိုင်ရင်း ကိုလိုနီဘ၀ကို ကျရောက် ခဲ့ရသည် ။ ထို့အတူ  မြန်မာတို့၏ ထိန်းချုပ်ထားသော မွန်၊ ရှမ်း၊ ရခိုင် စသည့် နယ်ပယ်သစ်များ အားလုံး သည်လည်း ဗြိတိသျှ ကိုလိုနီ ဘ၀ကို ကျရောက် ခဲ့ရပြန်သည်။

၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရလာသော ခေတ်သစ် မြန်မာနိုင်ငံ၏ ပထ၀ီ အနေအထားသည် ပင်လုံစာချုပ်၏ အဖြေအပေါ်မှာ မှီတည် ခဲ့ရသည် ။ ထို့အပြင် ပင်လုံ စာချုပ် ချုပ်ဆိုခြင်းသည်လည်း ရှမ်း၊ မွန်၊ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ မြန်မာ စသည့် အမျိုး သားများ၏ မတူ ကွဲပြားမှုများနှင့် ပေါင်းစည်းခြင်း သင်္ကေတလည်း ဖြစ်သည်။ တနည်းအားဖြင့် မြန်မာ၏ ကိုလိုနီနယ်သစ် မချဲ့ထွင်ခင် ကပင် ရခိုင်၊ မွန်၊ မြန်မာတို့ ၏ သီးခြား နိုင်ငံအဖြစ် ရပ်တည် ခဲ့မှုများကို ညွှန်းဆို လိုခြင်း ဖြစ်ပါသည်။ နိုင်ငံရေးအရ တန်းတူပြီး ကိုယ်ပိုင် ပြဌာန်းခွင့် ရှိရေး၊ (၁၀) နှစ် ကြာသည့်အခါ ခွဲထွက်လိုက ခွဲထွက်ခွင့် ရှိရေးစသော ပင်လုံ သဘော တူညီချက်များနှင့် အတူ (၁၉၄၈) ခု ဇန္န၀ါရီ (၄) ရက်နေ့မှာ ခေတ်သစ် ပြည်ထောင်စု မြန်မာနိုင်ငံကို တည်ဆောက် နိုင်ခဲ့သည်။

ခေတ်သစ် ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုသည်မှာ (၁၁) ရာစုမှာ  အနော်ရထာ စည်းရုံး တည်ထောင်ခဲ့သော ပထမ မြန်မာနိုင်ငံ၊ (၁၅) ရာစုမှာ ဘုရင့်နောင် စည်းရုံး တည်ထောင်ခဲ့သော ဒုတိယမြန်မာနိုင်ငံ၊ (၁၈) ရာစုမှာ အလောင်းဘုရား စည်းရုံးတည်ထောင်ခဲ့သော တတိယ မြန်မာ နိုင်ငံတို့နှင့် မသက် ဆိုင်ပေ။ (၁၉၄၇) ခု နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် ပြည်ထောင်စု အမည်ခံ သော်လည်း တကယ့် အနှစ် သာရသည် တပြည်ထောင် စနစ်သာ ဖြစ်သည်။ ပြည်နယ် ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးမူ (ပင်လုံမူ) နှင့် လမ်းခွဲပြီး ဗမာပြည်နယ်ကို ပြည်နယ် တခုအဖြစ် မဖွဲ့စည်းဘဲ ပြည်မ အဖြစ် ဖွဲ့စည်းကာ ပြည်ထောင်စု၏ အခွင့် အာဏာ အားလုံးကို ပေးအပ် ထားသော နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကြောင့် လွတ်လပ်ရေးနှင့် အတူ ပြည်တွင်းစစ်ကို မွေးဖွား စေခဲ့သည်။ တနည်းအားဖြင့်  နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ရှမ်း၊ ကရင်၊ ကချင်၊ ကရင်နီ စသော အမျိုး သားများသည် မြန်မာတို့၏ လက်အောက်ခံ ဘ၀ကို ကျရောက် ခဲ့ရခြင်း ဖြစ်သည်။ လက်နက်ကိုင် တော်လှန်ရေးကို ယုံကြည်သည့် အမျိုးသားများက လက်နက်ကိုင် လမ်းစဉ်ဖြင့် တော်လှန် တိုက်ပွဲ ၀င်ခဲ့ကြသည်။

ယုံကြည်ရာ လက်နက်ကိုင် တော်လှန်ရေး၏ အခြား တဖက်တွင် ရခိုင်၊ ရှမ်း၊ မွန်၊ ကရင် စသည့် အမျိုးသားများသည် လွှတ်တော်တွင်းမှာ နိုင်ငံရေး နည်းဖြင့် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးပမ်းကြသည်။ (၁၉၄၇) ခု နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥဒေသည် ပင်လုံစာချုပ် သဘော တူညီချက်များနှင့် မသိမသာ သွယ်ဖယ်ခဲ့သည်။ ပင်လုံမူ၏ အနှစ်သာရ ဖြစ်သော ပြည်နယ် ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်နယ်တိုင်းသည် ကိုယ်ပိုင် ပြဌာန်းခွင့် ရှိရေးနှင့် မြန်မာများက ပြည်နယ် တခုအဖြစ် မဖွဲ့ စည်းဘဲ ပြည်ထောင်စု၏ ဗဟိုအနေဖြင့် လုပ်ပိုင်ခွင့် အာဏာများ ရယူ ထားခြင်းသည် (၁၉၄၇) ခု နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ဒီမိုကရေစီ နည်းကျ ပြန်လည် ရေးဆွဲရေးဆီကို ဦးတည်ခဲ့သည်။ အထက်မှာ ဖော်ပြခဲ့သည့် အတိုင်း (၁၉၄၈) ခုမှာ ခေတ်သစ် ပြည်ထောင်စု မြန်မာ နိုင်ငံကို (၁၉၄၇) ခု ပင်လုံ ညီလာခံ၏ သဘော တူညီချက်မူအရ ငြိမ်းချမ်းစွာ တည်ဆောက် ခဲ့ခြင်းဖြစ်သည်။ ပင်လုံမူ (သဘော တူညီချက်နှင့် ကတိက၀တ်) အတိုင်း နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥဒေ ပြင်ဆင်ရေး အတွက် ရခိုင်၊ ရှမ်း၊ မွန်၊ ချင်း၊ ကရင်၊ ကချင်၊ ကရင်နီ အမျိုးသားများသည် ရှမ်းပြည်၊ တောင်ကြီးမြို့မှာ (၁၉၆၁) ခု၊ ဇွန်လ (၈) ရက်နေ့မှ (၁၆) ရက်နေ့  အထိ နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင် ရေးဆွဲရေး ညီလာခံကို ကျင်းပ ပြုလုပ်ခဲ့သည်။ တောင်ကြီး ညီလာခံ၏ သဘော တူညီချက်များကို လက်မခံ နိုင်သော မြန်မာ (ဗမာ) အတိုက်အခံ အင်အားစု ဖြစ်ကြသည့် တည်မြဲ (ဖဆပလ) နှင့် ပြည်ထောင်စု အမျိုးသားများ ညီညွတ်ရေး တပ်ပေါင်းစု (ပမညတ) အဖွဲ့ များကလည်း ရှိသည်။ ယင်းကဲ့သို့ ရှိသော်လည်း  (၁၉၄၇) ခု နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြီးဆုံးအောင် လုပ်နိုင်ခဲ့လျှင် ၀န်းကြီးချုပ် ဦးနု ဦးဆောင်သော ပြည်ထောင်စု အစိုးရ၏ အင်အားသည် သုံးပုံ နှစ်ပုံကျော် ရှိပြီး ပြည်နယ်များ၏ အင်အားစုနှင့် ပေါင်းပါက ဒီမိုကရေစီ ကျင့်စဉ်အရ ပင်လုံစာချုပ်၏ “မူ” အတိုင်း တည့်မတ် ပြုပြင်လိုသည့် (၁၉၄၇) ခု နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင် ရေးဆွဲ နိုင်လိမ့်မည်။

မြန်မာ(ဗမာ) လူမျိုးကြီး ၀ါဒ လွှမ်းမိုးရေး အတိုက်အခံ အင်အားစုများနှင့် ထိုဝါဒကို ယုံကြည်ကြသော စာနယ်ဇင်း သမားများ၏ ဖက်ဒရယ် (ပြည်ထောင်စု) မူ ဆိုသည်မှာ ခွဲထွက်ရေး မူများ အဖြစ် တပ်လှန့်ခဲ့မှုများ၊ မြန်မာ(ဗမာ) လူမျိုးကြီး ၀ါဒ လွှမ်းမိုးရေးကို လက်ခံ ယုံကြည် ထားသော ဦးနေ၀င်း ခေါင်းဆောင်သည့် တပ်မတော် ခေါင်းဆောင် တစုသည် တပ်မတော်ကို အသုံးချပြီး တောင်ကြီး ညီလာခံ လုပ်ငန်းများကို အကောင်အထည် မဖော်မီ  (၁၉၆၂) ခု၊ မတ်လ (၂) ရက်နေ့ မှာ လက်ဦးမှု ရယူ ခဲ့ပါသည်။ ရှမ်း၊ ရခိုင်၊ မွန်၊ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်းနှင့် ၀န်ကြီးချုပ် ဦးနု ဦးဆောင်သော မြန်မာ အင်အားစုများ၏ ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရှိသော ပြည်နယ်များနှင့် တည်ဆောက်ရေး အတွက် နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် စိန်ခေါ်ချက်တရပ် ဖြစ်လာ ခဲ့ပါသည်။ (၁၉၄၇) ခု နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ညီလာခံ (တောင်ကြီး ညီလာခံ) ၏ ဆုံးဖြတ်ချက်များမှာ

(၁) ဗမာပြည်နယ် ဖွဲ့စည်းရေး။
(၂) ပြည်ထောင်စု ပါလီမန် လွှတ်တော် နှစ်ရပ်အား အာဏာတူ ပေးရေး။
(၃) အမျိုးသား (လူမျိုးစု) လွှတ်တော်သို့  ပြည်နယ်တိုင်း ညီမျှသော ကိုယ်စားလှယ် စေလွှတ်ရေး။
(၄) ဗဟို ပြည်ထောင်စုအား အောက်ပါ ဌာနများ လွှဲအပ်ပြီး ကျန်ရှိသော အာဏာများနှင့် အခွင့် အရေးများကို ပြည်နယ်များသို့  လွှဲအပ်ရန်။
(က) နိုင်ငံခြား ဆွက်သွယ်ရေး၊ (ခ) ပြည်ထောင်စု ကာကွယ်ရေး၊ (ဂ) ပြည်ထောင်စု ဘဏ္ဍာရေး၊ (ဃ) ငွေဒင်္ဂါးနှင့် ငွေစက္ကူ ထုတ်လုပ်ရေး၊ (င) စာတိုက်နှင့် ကြေးနန်း ဆက်သွယ်ရေး၊ (စ) မီးရထား၊ လေကြောင်း၊ ရေကြောင်း ဆက်သွယ်ရေး၊ (ဆ) ပြည်ထောင်စု တရားစီရင်ရေး၊ (ဇ) ပင်လယ် ဆိပ်ကမ်း အခွန်ကောက်ရေး (ဈ) ပြည်ထောင်စု ဘဏ္ဍာတော် မျှတစွာ ခွဲဝေရေးတို့ ဖြစ်သည်။

ယင်းဆုံး ဖြတ်ချက်များကို (၁၉၆၁) ခု ဇွန်လ (၁၆) နေ့ မှာ  အားလုံး တညီတညွတ်တည်း သဘောတူ ဆုံးဖြတ် နိုင်ခဲ့သည်။ ၎င်းဆုံးဖြတ် ချက်များကို ကြည့်လျှင် ဖက်ဒရယ် မူသည် ခွဲထွက်ရေး မဟုတ် ဆိုသည်မှာ ထင်ရှားသည်။ အထက်က တင်ပြ သကဲ့သို့ ခွဲထွက်ရေး မဟုတ် စေကာမူ နိုင်ငံရေး အရ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရှိသော ပြည်နယ် ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးကို မလိုလားသည့် မဟာ လူမျိုးကြီး ၀ါဒ ကြီးစိုး လွှမ်းမိုးရေးကို လိုလားသော  မြန်မာ အမျိုးသားများက စစ်တပ်ကို ခုံးတုံးလုပ်ပြီး လက်ဦးမှုကို ရယူခြင်း ဖြစ်သည်။ (၁၉၄၈) ခုမှာ မွေးဖွား လာသော ပြည်ထောင်စု မြန်မာနိုင်ငံသည် ရှမ်းပြည်၊ ပင်လုံမြို့တွင် သဘောတူ ချုပ်ဆို ခဲ့သည့် ပင်လုံစာချုပ် အတိုင်း မွေးဖွားခဲ့ခြင်း ဖြစ်သည်။

လူမျိုး တမျိုးတည်း ကြီးစိုးရေး အယူအဆကို ပြည်ထောင်စု နိုင်ငံသစ်တွင် တည်ဆောက်လို့ မဖြစ်နိုင် လူမျိုး ပေါင်းစုံ တန်းတူ ရေးမူဖြင့်သာ ဤနိုင်ငံကို တည်ဆောက်မှ သာလျှင် ဖြစ်နိုင်ကြောင်းကို ဗိုလ်ချုပ်အောင်ဆန်းက လမ်းညွှန် ခဲ့ဖူးသည်။ သို့ သော်  ပဒေသရာဇ် အတွေးအခေါ်ဖြင့် လူမျိုး တမျိုးတည်းက ကြီးစိုး လွှမ်းမိုးရေး အယူအဆ ရှိသော ဦးနေ၀င်း ခေါင်းဆောင်သည့် အုပ်စုသည် ပင်လုံမူ များကို ဗြောင်ကျကျ ကျောခိုင်းလိုက်ပြီး (၁၉၇၄) ခု နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို စိတ်ကြိုက် ရေးဆွဲ ခဲ့သည်။ နိုင်ငံတော်သစ်၏ ဒုတိယအကြိမ် ဖြစ်ပေါ်လာသော နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ရခိုင်ပြည်နှင့် မွန်ပြည်တို့ကို အတုအယောင် ပြည်နယ်များအဖြစ် ဖန်တီးခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်ကိုလည်း အတုအယောင် ပြည်ထောင်စု အဖြစ် ဖွဲ့စည်း ပေးခဲ့သည်။ စကားလုံး အရ ပြည်ထောင်စု မြန်မာ နိုင်ငံတော် အဖြစ် ဆိုင်းဘုတ် ရေးထိုး ခဲ့သော်လည်း နိုင်ငံတော်ကို အုပ်ချုပ်မည့် စည်းမျဉ်း စည်းကမ်း ဖြစ်သော နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေသည် အာဏာရှင် စနစ်နှင့် တပြည်ထောင်စနစ်ကို ပုံဖော် ထားခြင်းသာ ဖြစ်သည်။ (၁၉၇၄) ခု ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေသည် ရှမ်း၊ ရခိုင်၊ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန် စသော အမျိုးသားများ၏ ကိုယ်ပိုင် ပြဌာန်းခွင့် ရှိသော ပြည်နယ်များနှင့် ဖွဲ့ စည်းပြီး စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ရည်ရွယ်ချက်များကို ရိုက်ချိုး ပစ်လိုက်ခြင်း ဖြစ်သည်။  တဖက် မှာလည်း ပြည်နယ် ဖွဲ့စည်းရေး တောင်းဆို တိုက်ပွဲဝင်နေသော မွန်နှင့် ရခိုင်ကို ပြည်နယ် အဖြစ် ဖွဲ့စည်းခြင်းနှင့် တန်းတူရေး တောင်းဆိုမှုအား ရခိုင်ပြည်မှာ ရခိုင်။ မွန်ပြည်မှာ မွန်စသဖြင့် အုပ်ချုပ်ရေးပိုင်းမှာ အစားထိုး ခန့်အပ်ခြင်းမျိုးနှင့်လှည့်ဖျားခဲ့သည်။ တပ်မတော် အနေဖြင့် ခုတုံး လုပ်ခံရခြင်း သာဖြစ်ပြီး ယင်းကို နားမလည်သူများက တပ်မတော်ကို ကယ်တယ်ရှင် အဖြစ်မျိုး မြင်ခဲ့ကြသည်။ အနှစ်သာရက လူမျိုး တမျိုးတည်း ကြီးစိုး လွှမ်းမိုးသော မဟာ လူမျိုးကြီး ၀ါဒကို ပုံဖော်ခြင်းသာ ဖြစ်သည်။ ရှမ်း၊ ရခိုင်၊ မွန်၊ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း စသော အမျိုးသားများ အနေဖြင့် (၁၉၇၄) ခု ၏  နိုင်ငံတော် ဖွဲ့စည်းပုံ အရ မြန်မာတို့၏ ကိုလိုနီ ဘ၀ကို လိမ်မာ ပါးနပ်စွာနှင့် ဆွဲသွင်းခြင်းကို ခံလိုက် ရသည်ဆိုသော အမြင်သည် ဗိုလ်ချုပ် အောင်ဆန်း၏ စကားအပေါ်မှာ မြစ်ဖျား ခံလာခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံမှာ “မြန်မာများသည် ဗြိတိသျှ ကျွန်အဖြစ် မရောက် စေလိုကြောင်း၊ ထိုနည်းတူစွာ တောင်တန်း လူမျိုးများသည်လည်း ဗြိတိသျှကျွန်အဖြစ် မရောက်စေလိုကြောင်း၊ ထို့ အပြင် တောင်တန်း လူမျိုးများသည် မြန်မာ့ကျွန် အဖြစ်လည်း မရောက် စေလိုကြောင်း”  ပြောဆိုခဲ့သည်။

လူမျိုးကြီး ၀ါဒ လွှမ်းမိုးရေးနှင့် တပြည်ထောင်စနစ် အဖြစ် ပုံဖော်ထားသော (၁၉၇၄) ခု နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကြောင့် လူမျိုး ပေါင်းစုံ၏ လက်နက်ကိုင် တော်လှန်ရေးမှာ ပိုမို ကြီးထွား လာခဲ့ရသည်။ ယင်း ဖွဲ့စည်းပုံ ကာလသည် ပြည်တွင်းစစ် အတောက် လောင်ဆုံးသော အချိန်များ ဖြစ်ခဲ့သည်။ (၁၉၈၈) တတိုင်း ပြည်လုံး တော်လှန် ထကြွမှုများကြောင့် (၁၉၇၄) ခု နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပေဒမှာ ချုပ်ငြိမ်း ခဲ့ရသော်လည်း မြန်မာ နိုင်ငံမှာ လူမျိုးကြီး ၀ါဒ လွှမ်းမိုးရေး အယူအဆ ရှိသူ အုပ်စုသည် တပ်မတော်ကို အသုံးချပြီး တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသော ပြည်နယ် ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေး အင်အားစုများကို ဖိနှိပ် သတ်ဖြတ်ခြင်းနှင့် တုန့်ပြန် ခဲ့သည်။ ပင်လုံ သဘော တူညီချက်အရ ခေတ်သစ် ပြည်ထောင်စု မြန်မာ နိုင်ငံ၏ လိုအပ်ချက်သည် တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသော ပြည်နယ်များကို အခြေခံပြီး နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲရေး သည်သာ အဓိက ဖြစ်သည်။ ထိုကဲ့သို့  တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသော ပြည်နယ်ပေါင်းစု ဖက်ဒရယ် ပြည်ထောင်စုတည် ဆောက်ရေးသည်  ယနေ့ မြန်မာ နိုင်ငံ၏ စိန်ခေါ်မှု တရပ်လည်း ဖြစ်သည်။ တိုင်းပြည် တည်ငြိမ် ငြိမ်းချမ်းစေပြီး ဖွံ့ဖြိုး တိုးတက်မည့် နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲ ပြဌာန်း နိုင်ပါလျက် ရေးဆွဲပြဌာန်းမှု မလုပ်လိုခြင်းသည် လူမျိုးကြီး တမျိုးထဲ ဆိုသော နိုင်ငံမျိုး တည်ဆောက် လိုသည်မှာ ထင်ရှားသည်။

တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသော ပြည်နယ် ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးကို ဆန့်ကျင်စွာဖြင့် (၂၀၀၈) ခု နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို အဓမ္မ ပြဌာန်းခဲ့သည်။ ယင်း  ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ သည်လည်း ယခင် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ အတိုင်း မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို အခြေခံ ရေးဆွဲထားခြင်း သာဖြစ်သည်။ အထက်က တင်ပြ ခဲ့သည့် အတိုင်း ခေတ်သစ် ပြည်ထောင်စု မြန်မာ နိုင်ငံတော် တည်ဆောက်ရေးကို (၁၉၄၇) ခု မှာ သဘော တူညီခဲ့ခြင်း ဖြစ်သည်။ ယင်း ခေတ်သစ် ပြည်ထောင်စု မြန်မာ နိုင်ငံ တည်ဆောက်ရေး ပင်လုံမူကို ဆန့်ကျင်စွာ ပေါ်ပေါက်လာသော  (၁၉၄၇) ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် လွတ်လပ်ရေးနှင့် ထပ်တူ ပြည်တွင်းစစ် ဖြစ်ခဲ့ရသည်။ ဒုတိယ အကြိမ် ပေါ်ပေါက်လာသော (၁၉၇၄) ခု ဖွဲ့စည်းပုံ သည်လည်း ပြည်တွင်းစစ်ကို အရှိန် မြှင့်လိုက်ပြန်သည်။ ယခု တတိယ အကြိမ် ဖြစ်ပေါ်လာသော (၂၀၀၈) ခု နိုင်ငံတော် ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသည်လည်း လွတ်လပ်ရေးနှင့် ထပ်တူ ဖြစ်ပေါ်လာခဲ့သည့်  ပြည်တွင်းစစ်ကို ငြိမ်းသတ်ဖို့ ကြိုးစား ထားခြင်းမျိုး မဟုတ်သဖြင့် ပြဿနာကို ပိုမို ကြီးထွားအောင် ပြုလုပ်ခြင်းမျိုးသာ ဖြစ်ပါလိမ့်မည်။

မွန်၊ ကချင်၊ ကရင် စသည့် အပစ်ရပ် အင်အားစုများနှင့် လက်ရှိ တိုက်ပွဲဝင်နေဆဲ အင်အားစုတို့ ၏ လိုအပ်ချက်သည် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်သည်။ ယခု ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမှာ စစ်မီးများ ဆက်လက် တောက်လောင် စေအောင် ဆက်လက် တိုက်ပွဲများ ၀င်စေအောင် တွန်းပို့ခြင်းသာ ဖြစ်သည်။ ခေတ်သစ် မြန်မာနိုင်ငံမှာ ရှိသော အမျိုးသားများသည် သမိုင်း အစဉ်အလာအရ သီးခြား နေထိုင်ခဲ့မှုများ၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် သဘော တူညီမှုများသည် တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသော ပြည်နယ်ပေါင်းစု ပြည်ထောင်စု မတည်ဆောက် နိုင်သမျှ ကာလ ပတ်လုံး စစ်ပွဲတွေဆီသာ ပြန်သွား ကြမှာ သေချာပါသည်။ ထို့ ကြောင့် (၂၀၀၈) ခု ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးသော်လည်းကောင်း၊ သီးခြား ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေး သော်လည်းကောင်း  မြန်မာပြည် (ဗမာပြည်) ကို ပြည်နယ်တခု အဖြစ် ဖွဲ့စည်းရေးနှင့် ပြည်နယ်တိုင်းသည် အဆင့်အတန်းတူ အခွင့်အရေးတူသော နိုင်ငံရေးအရ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့်  ပြည်နယ် ပေါင်းစု ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်သော နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲ ပြဌာန်းခြင်းသည် လွတ်လပ်ရေးနှင့် ထပ်တူ မွေးဖွား လာသော  ပြည်တွင်းစစ်ကို ငြိမ်းသတ် နိုင်ပေလိမ့်မည်။    ။

ခိုင်လင်း (မေဃ၀တီ)
ဇွန်လ (၁၈) ရက်၊ ၂၀၁၁။

မှတ်ချက်။  ။ ဇွန်လ(၁၉) ရက် (၂၀၁၁) ခုနှစ်တွင် ကျင်းပသော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(အမေရိက) စတုတ္ထအကြိမ် ညီလာခံတွင် စာရေးသူ တင်သွင်းသော စာတမ်းဖြစ်ပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: