အဝေးကျောင်းက ခေါင်းလောင်းသံ


ဒေါ်နယ်လ် ထရမ့်(ပ်)၏ စကား တစ်ခွန်းကို ရှေးဦးစွာ ပြန်ပြောပြ ချင်ပါသည်။ သူ့ကို လူတွေက ကိစ္စအလုံးစုံ သိသောသူ ဟူ၍ အထင်မှားတတ်ကြသည် တဲ့။ အမှန်တော့လည်း အကြောင်းအရာ အတော်များများကို သူသိကြောင်း ၀န်ခံပါသည်။ သို့သော် သူ အသေအချာ သိနေသည်က အရာအားလုံးကို သူ မသိဆိုသောအချက်ပင်ဖြစ်သည်ဟု ဆိုသည်။ ထိုအချက်သည် အသိပညာ ရှာဖွေရေးတွင် လွန်စွာအရေးကြီးသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။

အသိပညာတို့၏သဘောမှာ နယ်မြေကန့်သတ်၍ရကောင်းသည်မဟုတ်။ မိမိကိုယ်ကို အလုံးစုံသိပြီ၊ တတ်ပြီဟု ယူဆခြင်းသည် မိမိ၏ စဉ်းစားတွေးခေါ် နိုင်စွမ်းအား( တနည်းအားဖြင့်) မိမိ၏ဦးနှောက်ကို မိမိဘာသာ သင်းကွပ်ပစ်လိုက်ခြင်းနှင့် တူပါသည်။ အဆုံးမရှိသော ပညာရေးနယ်ပယ်တွင် စဉ်ဆက် မပြတ်လေ့လာသင်ယူခြင်း (Continuing Learning ) သည်သာ အကောင်းဆုံးသော ချဉ်းကပ်မှု ဖြစ်သည်။

ရှေးအခါက ကျောင်းသားများသည် ဒိသာပါမောက္ခကြီးများရှိရာ ကိုယ်ပိုင်စာသင်ကျောင်းများတွင် လေ့လာသင်ယူရသည်။ အဆိုပါဆရာကြီးက သူ့ကျောင်းတွင် နောက်ထပ်သင်ပေးစရာဘာမျှမရှိတော့ဟုဆိုမှ ကျောင်းဆင်းခွင့် ပြုလိုက်ကြသည်။ ဤအချက်သည် အတတ်ပညာစုံသွားပြီဟု သတ်မှတ်သည့်သဘောလား..၊ မဟုတ်ပါ။

ကျွန်တော်တို့ခေတ်တွင် ဘာသာရပ်တစ်ခုခုကို တက္ကသိုလ်များတွင် သွားရောက်သင်ကြားသည့်အခါမှာလည်း ၄ နှစ်ဖြင့် ဘွဲ့တစ်ခု ရလာသည်၊ နောက်ထပ် ၂နှစ် အချိန်ထပ်ပေးပါက မဟာဘွဲ့ရဦးမည်။ ပြီးလျှင် ပါရဂူဘွဲ့ရသည်အထိ ဆက်လက် လေ့လာနိုင်ပါသေးသည်။ အကယ်၍ ပါရဂူဘွဲ့ရခဲ့သည် ဆိုလျှင်ရော ပြီးပြည့်စုံသွားသည်ဟု ဆိုနိုင်ပါမည်လော..၊ မဟုတ်ပါ။

သို့ဆိုလျှင် ကျွန်တော်တို့၏ဘ၀များကို စာသင်ကျောင်းများတွင်သာ မြုပ်နှံထားရတော့မည်လားဟု မေးစရာ ရှိလာပါသည်။ ဘယ်အချိန်သည် လက်တွေ့ ဘ၀ထဲသို့ဝင်ရန်အကောင်းဆုံးဖြစ်မည်နည်း ဟု စောဒက တက်နိုင်ပါသေးသည်။

အမှန်တော့ စာသင်ကျောင်းများသည် ဘ၀၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ အကုန်လုံးမဟုတ်။ ကျောင်းများ၊ တက္ကသိုလ်များသည်ပင် ပညာရေး၏ အစိတ်အပိုင်းသာ ဖြစ်သည်။ အရာအားလုံး မဟုတ်ပြန်ပါ။

အသေအချာ ပြန်စဉ်းစားကြည့်မည်ဆိုလျှင် ကျောင်းများ၊ တက္ကသိုလ်များသို့ ပညာရပ်များ ရောက်ရှိလာပုံကို သတိထားမိပါလိမ့်မည်။ ပညာရပ်များသည် ပြင်ပနယ်ပယ်များမှတဆင့် သက်ဆိုင်ရာပညာရှင်တို့၏ ဖော်ထုတ်တွေ့ရှိမှု၊ ကြိုးပမ်းမှုတို့ကြောင့် စာအုပ်စာတမ်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ခြင်းနှင့် ကျောင်းတော်ကြီးများသို့ ဆက်လက်ရောက်ရှိလာခြင်းတို့ကို ယေဘူယျအားဖြင့် တွေ့မြင်နိုင်ပါလိမ့်မည်။

ကျောင်းများသည် ပညာရပ်ကို ခေတ္တခဏ သိုမှီးထားရာသာဖြစ်သည်။ ထိုပြင် ပိုမိုပြည့်စုံလာအောင် ကျောင်းသားနှင့်ဆရာ ပူးပေါင်း အားထုတ်ရာဒေသ လည်း ဖြစ်သည်။ ထာဝရ ဘူမိနက်သန် မဟုတ်ပါ။ စဉ်ဆက်မပြတ် သင်ယူခြင်း၏ ဆိုလိုရင်းသည် စာသင်ကျောင်းများမှ ထွက်ခွါလာသည့်တိုင် ပြင်ပမှာပါ မျက်ခြေပျက် ခံလိုက်ရန်မဟုတ်ဘဲ ဆက်လက်လေ့လာနေဖို့ပင် ဖြစ်သည်။

ပြဿနာက စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်း ( အခြားနည်းဖြင့်ဆိုရသော် ) ဘ၀တလျှောက်လုံးသင်ယူခြင်း ( Life-long learning ) ကို စိန်ခေါ် နေသော အကြောင်းပြချက်များ ဖြစ်သည်။

မိတ်ဆွေတစ်ယောက်က ယခုခေတ်မှာ ပညာသင်ရခြင်းသည် တံဆိပ်လှလှခပ်နှိပ်ထားသော အောင်လက်မှတ်ရဖို့သာ အဓိကဖြစ်သည်၊ အမှန်တကယ် တတ်မြောက်ဖို့ မလိုအပ်ဟု ခပ်ညည်းညည်း ပြောဖူးသည်။

အမှန်တကယ် တတ်မြောက်ခြင်းမရှိဘဲ အောင်လက်မှတ်ရလာခြင်းသည် သူ့အပြစ်လား၊ အောင်လက်မှတ် ထုတ်ပေးလိုက်သော ကျောင်း၏အပြစ်လား.. သူ ခွဲခြားမပြခဲ့ပါ။ ကျွန်တော်ကတော့ အမှန်တကယ် တတ်မြောက်မလာသူ တစ်ဦး၏ ပညာရေးအပေါ် သံသယရှိမှုနှင့် အောင်လက်မှတ်အပေါ် အသုံးချစိတ်ကဲနေမှုတို့ကို ဆက်လက် စဉ်းစားဖြစ်ခဲ့သည်။

မိတ်ဆွေသည် အစထဲက ပညာရပ်ကို အသုံးချဖို့သင်ခဲ့သည်မဟုတ်၊ အောင်လက်မှတ်ကို အသုံးချဖို့သာ လိုရင်းဖြစ်ခဲ့သည်။ မထူးဆန်းသည်မှာ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် သူလိုလူ အများအပြားရှိနေခြင်းနှင့် သူတို့အားလုံး၏ အတွေးအခေါ်၌ ပညာရေးသည် အလုပ်ရဖို့အတွက်သက်သက် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ပညာရပ်တစ်ခုသည် အသက်မွေးဝမ်းကျောင်းအလုပ်ရဖို့အတွက် အဓိကကျသော်လည်း၊ ဘ၀တွင် အသက်ရှင် နေထိုင်ဖို့အတွက်ပါ အသုံးဝင်သေးသည် ကို မေ့၍မဖြစ်ပါ။ ကျောင်းများသည် ကျွန်တော်တို့ အထူးပြုထားသော ဘာသာရပ်ကိုသာ သင်ကြားပေးနိုင်သည်မဟုတ်၊ ပြဋ္ဌာန်းစာအုပ်ထဲတွင် မပါသည် များကိုလည်း သင်ကြားပေးတတ်ကြပါသည်။ ပေါင်းသင်းဆက်ဆံရေး၊ ကိုယ်ကျင့်တရား၊ စဉ်းစားဆင်ခြင်နည်း၊ ယှဉ်ပြိုင်ကြိုးစားလိုစိတ်၊ စိတ်နေ စိတ်ထားမြင့်မြတ်ပုံ၊ တာဝန်ခံနိုင်စွမ်း နှင့် အခြား ..အခြားပေါင်း မြောက်များစွာ…။

အစထဲက အလုပ်ရဖို့လောက်သာ ရည်မှန်းခဲ့သူများသည် အမှန်တကယ် အလုပ်ရလာချိန်တွင် စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းကို ရပ်တန့်ပစ်လိုက် ကြသည်။ တခါတရံ လုပ်ငန်းလိုအပ်ချက်အရ  မွမ်းမံသင်တန်းများ ထပ်မံတက်ရောက်ဖို့ ရှိသည့်အခါမှာပင် အပိုအလုပ်ဟု မှတ်ထင်လာကြသည်။ သူတို့၏အသိပညာမှာ တိုးတက်မလာသည့်အပြင် ခေတ်နောက်ကျကျန်နေတော့သည်။ ပူးတွဲပြဿနာများက သူတို့သင်ကြားထားသော ပညာရပ်ကို လုပ်ငန်းခွင်ထဲတွင် တိုက်တိုက်ဆိုင်ဆိုင် အသုံးချ၍မရခြင်းနှင့် ပညာရပ်အပေါ်မူတည်၍ လစာသတ်မှတ်သော အလေ့အထ အားနည်းသည့်ဒဏ်ကို ခံစားရခြင်းတို့ဖြစ်သည်။

အလုပ်ခေါ်သော ကြော်ငြာအများစုတွင် လျှောက်ထားသူသည် ဘွဲ့တစ်ခုရှိရမည်ဟုသာ ယေဘူယျ ဖော်ပြထားတတ်ကြသည်။ မည်သည့်ဘွဲ့ရမှဖြစ်မည် ကို သဲကွဲစွာ သတ်မှတ်ထားသည်က အနည်းစုဖြစ်သည်။ အလုပ်ရှင်များဘက်ကလည်း မည်သည့်ဘွဲ့ရပင် ဖြစ်နေပါစေ၊ လိုရာသုံး၍ရသည်ဟု ထင်မှတ်နေတတ်သည်။ ဘွဲ့တွေသာ ကွဲပြားချင်ကွဲနေနိုင်သည်၊ ဘွဲ့လက်မှတ် ကိုင်ဆောင်သူများ၏ အဆင့်သည် ထူးမခြားနား ဖြစ်နေပုံရသည်။

ကျွန်တော်တို့နိုင်ငံတွင် ဤအချက်က ရေတိုအတွက် အဆင်ပြေသော်လည်း ရေရှည်မှာ ဒုက္ခများနိုင်ပါသည်။ ရေတိုအတွက် အဆင်ပြေသည်ဆိုခြင်းမှာ သူလိုကိုယ်လိုဘွဲ့တစ်ခုရထားသူများအတွက် အလုပ်ရနိုင်ရန် အခွင့်အလမ်းများခြင်းဖြစ်သည်။ သည့်အတွက် ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်နေသော ပြဿနာကို လက်တလော ဖြေရှင်းနိုင်သည်။

ရေရှည်အတွက် ဆိုးကျိုးများမှာ ကုမ္ပဏီများအတွက် လုပ်ငန်းခွင်၌ အမှန်တကယ် သင့်တော်သောဝန်ထမ်းကို မရနိုင်ခြင်း၊ ကျောင်းသားများအတွက် တက္ကသိုလ်တက်ရန် ဘာသာရပ်ရွေးချယ်သည့်အခါ မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ သတင်းအချက်အလက်မပြည့်စုံခြင်း နှင့် နိုင်ငံတော်အတွက်လည်း စာသင်ခန်းမှ လုပ်ငန်းခွင်သို့အရောက်ပို့သည့်စီမံချက်များ ( School to Work Program) ချမှတ်ရန် ခက်ခဲခြင်းတို့ ဖြစ်သည်။

သူငယ်ချင်းတစ်ယောက်က နိုင်ငံခြားတွင် အလုပ်လုပ်နေသော သူ့ညီမအကြောင်း ဆွေးနွေးဖူးသည်ကို အမှတ်ရမိသည်။ သူမသည်  နိုင်ငံခြားသို့ မသွားမီ မြန်မာပြည်၌ အလယ်အလတ်အဆင့်အင်္ဂလိပ်စကားပြော ၃လသင်တန်းကိုတက်သွားခဲ့၏။ သူမအတွက် ထို ၃လသင်တန်းနှင့် သင်တန်းမှပေးသော လက်စွဲစာအုပ် ပါးပါးလေးတစ်အုပ်မှာ အလုံးစုံသော အင်္ဂလိပ်စကားကို သင်ပေးနိုင်စွမ်းရှိသည်ဟု ယူဆနေသည်။

အင်္ဂလိပ်မြန်မာအဘိဓါန်စာအုပ်ကောင်းကောင်း သူမမှာ မရှိ၊ အီဒီယမ်အကြောင်း ဘာမှနားမလည်။ သို့သော် သူမ နိုင်ငံခြားတွင် အလုပ်ရသည်။ အနည်း အကျဉ်းပြောတတ်သော အင်္ဂလိပ်စကားသည် အင်တာဗျုးအောင်ဖို့အတွက်နှင့် အလုပ်ထဲတွင် နိုင်ငံခြားသားအချို့ဖြင့် ဆက်ဆံရေးတွင် အထောက်အကူ ဖြစ်သည့်အခါ သူမသည် ကိုယ့်ကိုယ်ကို အင်္ဂလိပ်စာ အလွန်တတ်သည်ဟု ထင်သွားသည်။  ဆက်လက်သင်ယူလေ့လာမှုကို ဘာမှ မလုပ်တော့။

နောက် ၂ နှစ်အကြာ ဒစ်ပလိုမာ သင်တန်းတစ်ခု တက်ရန် အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲဖြေရသောအခါ သူမ မအောင်မြင်ခဲ့။ သူမ၏ အလယ် အလတ်အဆင့် အင်္ဂလိပ်စာသည် နိုင်ငံခြားတွင် ၂ နှစ်နေပြီးသည့်တိုင် ထူးခြားပြီး မတိုးတက်လာခြင်းမှာ အံ့သြစရာမဟုတ်ပါ။ စဉ်ဆက်မပြတ်သင်ယူရေး အတွက် အခြားအဟန့်အတား တစ်ခုကတော့ အနည်းငယ်မျှ သိထားသလောက်ဖြင့် ခေတ္တခဏအလုပ်ဖြစ်နေသည့်အပေါ် ကောက်ချက် လွဲနေခြင်းဟု ဆိုနိုင်ပါသည်။

ပို၍ဆိုးသည်က မိမိကိုယ်မိမိ အဆင့်မြင့်သည်ထက်မြင့်အောင် လူတလုံးသူတလုံး ပြုစုပျိုးထောင်လိုစိတ်များ ရှားပါးကုန်ခြင်း ဖြစ်သည်။ ဘာကြောင့် ဤသို့အလွယ်တကူ လက်လျှော့လိုက်ကြပါလိမ့်..။

ထူးချွန်ထက်မြက်သော အသိုင်းအ၀ိုင်းတွင် အပြန်အလှန်လေးစားမှုကို ခံယူကာ လူတောတိုးလိုစိတ်တွေ ပျောက်ကွယ်နေပြီလား..၊ နည်းပညာများ တနေ့တခြား တိုးတက်ပြောင်းလဲနေခြင်းကို သတိမထားမိလေရော့သလား..၊ ဂလိုဘယ်လ်လိုက်ဇေးရှင်းခေတ်တွင် မိမိကိုယ်ကို ကမ္ဘာကြီးနှင့်ယှဉ်၍ ထိန်းညှိထားရမည်ကို မသိခြင်းကြောင့်လား..၊ နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုနယ်ပယ်အားလုံးတွင် နိုင်ငံတကာစံနှုန်းဖြင့် ရင်ဘောင် တန်းလာကြသည်ကို မျက်ကွယ်ပြုထားခြင်းကြောင့်လား..၊ မေးခွန်းထုတ်စရာများ ဖြစ်လာသည်။

နယ်လ်ဆင်မင်ဒဲလားကတော့ ပညာရေးဆိုသည်မှာ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်အောင်အသုံးချနိုင်သည့် အစွမ်းအထက်ဆုံး လက်နက်ဟု ဆိုသည်။ မှန်ပါသည်။ ပညာတည်းဟူသော လက်နက်သည် ကျွန်တော်တို့ ဘ၀တလျှောက်လုံး ခါးကြားထဲ ထိုးထည့်ထားရမည့် လိုင်စင်ရ လက်နက်တစ်ခု ဖြစ်သည်။ ထိုလက်နက်ကို ကြောက်ရွံ့နေသူများသည် သူရဲဘောကြောင်သူများသာ ဖြစ်ပြီး၊ ထိုလက်နက်ကို လူတိုင်းမှာ တပ်ဆင်ပေးနိုင်အောင် ကြိုးစားသူတိုင်းသည် ရဲရင့်သော သူရဲကောင်းများပင်ဖြစ်သည်။ ရှုံးနိမ့်သူများကတော့ ထိုလက်နက်ကို အသုံးမချသူများနှင့် ပိုမိုထက်ရှလာအောင် စဉ်ဆက်မပြတ်သွေးရန် ပျက်ကွက်သူများဟု ဆိုရပါလိမ့်မည်။

လူ့အဖွဲ့အစည်းတစ်ခုသည် အဆိုပါအချက်များကို လျစ်လျုရှုပြီး ဆက်လက်အိပ်မောကျနေမည်ဆိုလျှင် အလွန်တရာ နိုးကြားနေသော ကမ္ဘာ့နိုင်ငံများ အကြား ဂုဏ်သိက္ခာရှိတော့မည် မဟုတ်ပါ။ ကျွန်တော်တို့ဝန်းကျင်တွင် အားကျဂုဏ်ယူစရာများ၊ အတုယူစရာများ မည်မျှပင်ရှိနေပါစေ..၊ အသိဥာဏ် မဖွံ့ဖြိုးပါက ဘယ်အရာကိုမျှ နည်းမှန်လမ်းမှန် သုံးသပ်နိုင်မည်မထင်ပါ။ ကိုယ့်လက်ခုပ်ထဲကရေကိုသာ ပင်လယ်ဟု အယူလွဲနေကြလျှင် အမှန်တကယ် ပင်လယ်နှင့်ရင်ဆိုင်ရသည့်အခါ ရှင်သန်ဖို့ဝေးစွ၊ အသက်အသေခံရုံသာ ရှိတော့သည်။

ပညာရေးအတွက် အကြီးအကျယ်ရင်းနှီးမြုပ်နှံနေကြသော နိုင်ငံများကို မြင်တွေ့ရတိုင်း ၊ တိုင်းပြည်၏ အနာဂတ်လှပဖို့အတွက် လူငယ်များကို စနစ်တကျ ပြုစု မြေတောင်မြှောက်ပေးနေသော အစိုးရများအကြောင်း ကြားသိရတိုင်း ကျွန်တော်သည် ၁၈ ရာစုခန့်ကပေါ်ထွန်းခဲ့သော ပရပ်ရှားဘုရင် ဖရက်ဒရစ်သဂရိတ်၏ အဆိုအမိန့်တစ်ခုကို သတိရမိသည်။ သူကပြောသည်။ “ပညာတတ်တွေကို အုပ်ချုပ်ရတာ လွယ်ကူသည်” တဲ့။

အစိုးရကောင်းဆိုသည်မှာ ပညာတတ်များ၏ ဖြစ်ထွန်းမှုကို ကြိုဆိုရစမြဲဖြစ်သည်။ ထိုအချက်သည် ၂၁ ရာစုအရောက်တွင် နိုင်ငံတကာ၌ မကြုံစဖူး ပိုမိုလန်းဆန်းသစ်လွင်နေ၏။ မနေ့ကရှိပြီးသား အသိသညာကို သည်နေ့မှာ ထပ်ဆင့် မမွမ်းမံဘူးဆိုလျှင် မနက်ဖြန်အတွက် စိတ်ချရတော့မည် မဟုတ်သော ခေတ်ကို ကျွန်တော်တို့ ရင်ဆိုင်နေရပါသည်။

ကမ္ဘာ့လူသားများအတွက် အားတက်ဖွယ်ရာကောင်းသည့်အချက်ကတော့ လေ့လာစရာ ဘယ်မခန်းနိုင်သည့် အခွင့်ထူးများနှင့်လက်လှမ်းမီနေခြင်း ဖြစ်သည်။ ပညာဆိုသည်မှာ စာသင်ကျောင်းများမှာသာမဟုတ်၊ အင်တာနက်ပေါ်မှာ..၊ မီဒီယာတွေပေါ်မှာ..၊ ပတ်ဝန်းကျင်ထံမှာ..၊ လုပ်ဖော်ကိုင်ဖက်တွေ ဆီမှာ..၊ အလုပ်ရုံဆွေးနွေးပွဲတွေမှာ..၊ စာအုပ်စင်ပေါ်မှာ..၊ နှီးနှောဖလှယ်ပွဲများမှာ.. အစရှိသဖြင့် နေရာစုံမှာ လွယ်လင့်တကူလေ့လာနိုင်သည့် အားသာချက်တွေ ရှိလာပါသည်။

နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်းကို စာတတ်မြောက်မှုသက်သက်ဖြင့် တွက်ချက်ဆုံးဖြတ်သောကာလတွေ လွန်ခဲ့ပါပြီ။ ယခုအခါ အဆိုပါနိုင်ငံတွင် ကွန်ပြူတာတတ်မြောက်မှု ( Computer Literacy ) ဘယ်လောက်ရှိသလဲဟု တိုင်းတာသောခေတ် ရောက်လာနေပြီ ဖြစ်သည်။ မကြာသေးမီက ကုလသမဂ္ဂသည်ပင် အင်တာနက်သုံးစွဲခွင့်ကို အခြေခံလူ့အခွင့်အရေး တစ်ရပ်အဖြစ် သတ်မှတ် ကြေငြာလိုက်ပါသည်။ အခြေအနေအရပ်ရပ်က အင်တာနက် ဆက်သွယ်ရေးစီးကြောင်းပေါ်တွင် အများနည်းတူ ကူးမည်လား၊ နစ်မြုပ်မည်လားဟု မေးနေကြသည်။

ဤအချိန်သည် ကျွန်တော်တို့၏အသိဥာဏ်တံခါးကို အစွမ်းကုန်ဖွင့်ထားရမည့်အချိန်ဖြစ်သည်။ တဆက်ထဲတွင် မိမိလိုအပ်သည့်ပညာကို လိုအပ်သလောက် လွတ်လပ်စွာ သင်ယူနိုင်သောရေခံမြေခံမျိုး ဖော်ဆောင်နိုင်ရေး တာဝန်သည်လည်း အဓိကကျနေပါသည်။ အရေးကြီးဆုံးမှာ ကမ္ဘာလောကကြီး၏ အပြောင်းအလဲများတွင် ကိုယ်တိုင်ကိုယ်ကျ လွတ်လပ်စွာပါဝင်ဆင်နွဲနိုင်ရင်း မိမိ၏ဘ၀အဆင့်အတန်းကို မြှင့်တင်နိုင်ဖို့ဖြစ်သည်။ ကျွန်တော်တို့သည် အမိနိုင်ငံ၏နိုင်ငံသားများအဖြစ်သာမက ကိုယ့်ကိုယ်ကို ကမ္ဘာ့နိုင်ငံသားများ ( World citizens ) အဖြစ်ပါ ရှုမြင်ဖို့လည်း လိုအပ်နေ ပါသည်။ ထိုကမ္ဘာ့နိုင်ငံသားများကြားတွင် ကွာဟလာသည့် အသိပညာနယ်နမိတ်ကို သည်အတိုင်းကြည့်နေရမည့် အချိန်မဟုတ်တော့ပါ။

ဟိုးခပ်ငယ်ငယ် ကျောင်းသားဘ၀တုန်းက ကျောင်းသွားတိုင်းကြားရသော ခေါင်းလောင်းထိုးသံကို တချက်လောက် ပြန်လွမ်းကြည့်ချင်ပါသည်။ အားလုံး သိသည့်အတိုင်း နံနက် ကျောင်းတက်သည့်အခါ ခေါင်းလောင်းတစ်ခါထိုးသည်၊ ညနေကျောင်းဆင်းချိန်မှာ ခေါင်းလောင်းတစ်ခါထိုးသည်။ ပထမ ခေါင်းလောင်းသံက စာသင်ခန်းထဲတွင် ကိုယ့်ကိုယ်ကို ပညာဖြည့်ဆည်းဖို့ အချက်ပေးသံဖြစ်ပြီး၊ ဒုတိယခေါင်းလောင်းသံကတော့ စာသင်ခန်းထဲမှ ထွက်ပြီး ပြင်ပလောကတွင် ဆက်လက်လေ့လာကြဖို့ အချက်ပေးသံ ဖြစ်ပါသည်။

ထိုခေါင်းလောင်းထိုးသံများသည် စာသင်ကျောင်းများမှ ဝေးကွာလာသည့်တိုင် တဖြည်းဖြည်း တိုးတိတ်မေ့ပျောက်သွားဖို့ မကောင်းပါ။ အမှန်တော့ ကျွန်တော်တို့ အသိစိတ်ထဲတွင် ထိုခေါင်းလောင်းထိုးသံများကို တနေ့နှစ်ကြိမ်ခန့် အမြဲတစေ ပြန်လည်ကြားယောင်နေသင့်ပါသည်။

ထိုအခါ ပထမခေါင်းလောင်းသံသည် စဉ်ဆက်မပြတ် သင်ယူနေဖို့အတွက် အားပေးနေမှာဖြစ်ပြီး၊ ဒုတိယခေါင်းလောင်းသံသည် ဘ၀တလျှောက်လုံး လူ့အဖွဲ့အစည်းတွင် ဂုဏ်သိက္ခာပြည့်ဝစွာ ရပ်တည်နေထိုင်ဖို့ သတိပေးနေမည်ဟု ယူဆမိပါသည်။

သူရိယမျိုး

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: