ပေါက်တောမြို့ရှိ လိုင်ရိုးတော်ဓါတ်နှင့် သမိုင်းဝင်ဘုရားများ


ကျွဲကူးမြစ်ပေါ်မှမြင်ရသည့် ပေါက်တောရှုခင်း

ဂေါပက အဖွဲ့၏အမှာစကား

မိမိရို့ဂေါပကအဖွဲ့သည် ပေါက်တောမြို့ လိုင်ရိုးတော်ဓါတ်ဂေါပကအဖွဲ့ဖြစ်ပါသည်။ ဤဂေါပကအဖွဲ့ကို မြို့နယ်သံဃနာယက သြ၀ါဒဆရာတော်ကြီး များပါဝင်၍ တရားဝင်ဖွဲ့စည်းထားသော ဂေါပကအဖွဲ့တခုဖြစ်ပါသည်။

ဂေါပကအဖွဲ့၏တာဝန်သည် လိုင်ရိုးတော် ဓါတ်တော်ကြီအား ကောင်းမွန်စွာ စောင့်လျှောက်ခြင်း၊ ဓါတ်တော်ကြီး၏ ၀န်းကျင်သာသနိက အဆောက်အဦးများကို ထိန်းသိမ်းခြင်း၊ ပြုပျင်မွမ်းမံခြင်း၊ တိုးချဲ့ဆောင်ရွက်ခြင်းနှင့် အခြား ဝေယျာဝစ္စများကို လုပ်ကိုင်ခြင်းပင်ဖြစ်သည်။ မိမိရို့အနီးကပ် ပြုပျင်ဆောင်ရွက်နီသော စေတီတော်သည် စေတီ (၄) မျိုးအနက်မှ ဓာတုစေတီတော်တွင် အကျုံးဝင်ပါသည်။ ဓာတုစေတီတော်ကြီး ဖြစ်သည်နှင့်အညီ ဤစေတီ၏မြီအောက်ဌာပနာ၌ မြတ်ဗုဒ္ဓ၏ သရီရ ဓာတ်မွီတော်တဆူ ကိန်းဝပ်လျှက်ဟိသည်။ တနည်းအားဖြင့်ပြောရလျှင် မြတ်ဗုဒ္ဓ ဂေါတမ သျှင်တော်၏ခန္ဓာကိုယ်မှ ကြွင်းကျန်သော လိုင်ရိုးတော်ဓာတ်သည် ဤအရပ်၌ ကိန်းဝပ်တည်နီခြင်း ပင်ဖြစ်သည်။

မြတ်ဗုဒ္ဓနုစဉ်ဘ၀က ဤအရပ်၌ ခွာမင်းတဇစ်ဘ၀ဖြင့် ကျင်လည်ကျက်စားခရာအရပ်ဖြစ်သည်။ အမည်အားဖြင့် ဤတောင်ကို ကပေါတဂီရီတောင်ဟုခေါ် သည်။ ရှိကပင် ဤစေတီတော်ကြီးကို ခေတ်အဆက်ဆက် ထိန်းသိမ်းပြုပျင်လာသည်မှာ ကာလအားဖြင့် ကြာမြင့်လတ်ပြီ။ ဤစေတီ၏သမိုင်းစဉ်ကိုကား ပြည့်ပြည့်စုံစုံ သိခွင့်မရသည်မှာ အမှန်ပေတည်း။ ရပ်ဝီးရပ်နီးမှလာကုန်သော ဘုရားဖူးအာဂန္ဓုရို့သည် စေတီမြတ်ကြီးအား သဒ္ဓါတရား ထက်သန်စွာဖြင့် ကြည်ညိုပြီးနောက် ဓါတ်တော်၏သမိုင်းစဉ်ကို သိလိုသည်။ မီးမြန်းလာကတ်သည်။ မိမိရို့ကား သမိုင်းပညာသျှင်လည်းမဟုတ်၊ သုတေသီလည်း မဟုတ် သည့်အတွက် ဓါတ်တော်၏သမိုင်းစဉ်ကို ဘုရားဖူးအာဂန္ဓုရို့အား ကျေနပ်အားရလောက်အောင် မပြောပြနိုင်ခပါ။

ထို့ကြောင့် မိမိရို့၏ဂေါပကအဖွဲ့သည် ဤလိုင်ရိုးတော်ဓါတ်သမိုင်း စာအုပ်ငယ်တအုပ်ကို ထုတ်ဝီနိုင်လျှင် ပိုကောင်းမည်ဟု သဘောပေါက်လာသည်။ သို့ဖြစ်၍ ရခိုင်သမိုင်းသုတေသီ အသျှင်စက္ကိန္ဒ၊ မင်းပြားမင်းသိန်းဇံရို့ထံ ချဉ်းကပ်၍ လိုင်ရိုးတော်ဓါတ်သမိုင်းစာအုပ်ကို ပြုစုပီးရန် အကြောင်းဖန်သဖြင့် ကနိအခါ လိုင်ရိုးတော်ဓါတ်သမိုင်းစာအုပ်ငယ်သည် ထွက်ပေါ်လာလတ်ပြီ။ လိုင်ရိုးတော်ဓါတ်သမိုင်းကို ဤစာအုပ်၌ ဖတ်ရှုလေ့လာနိုင်မည်ဖြစ်သည်။

ဂေါပကအဖွဲ့
လိုင်ရိုးတော်ဓါတ်ဂေါပက
ပေါက်တောမြို့။

ကျေးဇူးတင်ဟိခြင်း

ပေါက်တောမြို့ လိုင်ရိုးတော်ဓါတ်သမိုင်းကို ရွီးသားပြုစုရာ၌ ဦးစွာပထမ (၂၀-၁၀-၂၀၀၀) နိ နှင့် (၂၁-၁၀-၂၀၀၀) နိများတွင် တောင်ရင်းကျွန်းတပတ် ရှိဟောင်းသမိုင်းဝင်အရပ်များသို့ ကွင်းဆင်းလေ့လာခရပါသည်။ ကွင်းဆင်းဆောင်ရွက်ရာ၌ စာရွီးသူနှင့်အတူလိုက်ပါကူညီခသည့် ပေါက်တောမြို့ လိုင်ရိုးတော်ဓါတ်ဂေါပကအဖွဲ့မှ ဦးမောင်သိန်းရွှေ၊ ဦးငကြွင်းအောင်၊ ဦးသာဇံအောင်နှင့် ဦးစိုးလှအောင်ရို့အားလည်းကောင်း၊ အလယ်ဖရုံကာကျွန်းသို့ (၂၈-၃-၂၀၀၁) နိက ကွင်းဆင်းလေ့လာရာ၌ လိုက်ပါအကူအညီပီးသည့် ဂေါပကအဖွဲ့မှ ဦးအောင်ကျော်ညွှန့် (ဥက္ကဌ)၊ ဦးအောင်စံသာ (အတွင်းရေးမှူး) နှင့် ဦးငကြွင်းအောင် (ဘဏ္ဍာရေးမှူး) ရို့အားလည်းကောင်း၊ စာမူကြမ်းများကို အမှားအယွင်းကင်းယှင်းအောင် ကူညီစီးစစ်ဖတ်ပီးသည့် ဦးအောင်ထွန်းသိန်း (ဒုတိယ မြို့နယ်တရားသူကြီး) မင်းပြားနှင့် ဦးကျော်ရွှေမောင် (ဒုတိယ မြို့နယ်ဥပဒေအရာဟိ) ပေါက်တောမြို့ရို့အား လည်းကောင်း၊ အင်္ဂလိပ်ဘာသာပြန်ကိစ္စကို ကူညီပံ့ပိုးပီးသော ကိုကျော်စိန်ဝင်းနှင့် စာအုပ်ဖြစ်မြောက်လာအောင် အဖက်ဖက်မှ အမြဲကူညီပီးသည့် ဦးရွှေမောင်သိန်း (ယုန်းစာရေးကြီး၊ ပေါက်တောမြို့) ရို့အားလည်းကောင်း၊ ကွင်းဆင်းရာ၌ မြီပုံများကိုကူညီသော ဦးကျော်အောင် (သစ်တော၊ မင်းပြား) ရို့နှင့် စာအုပ်ထုတ်ဝီရေးကို ကူညီအားပီးသော ရခိုင်သားကြီးစာပီမှ မိတ်ဆွေအပေါင်းရို့ကို ကျေးဇူးတင်ဟိပါကြောင်း ဖော်ပြလိုက်ရပါသည်။

မင်းပြားမင်းသိန်းဇံ
(၂၀၀၁) ခုနှစ်၊ မေ (၄) ရက်နိ

အခန်း (၁)

ဣဒ္ဓိတေဇော် လိုင်ရိုးတော်

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပြည်ရခိုင်တွင်၊ ရိပ်မြိုင်စိမ်းလန်း
တိတ်တဘောင်နှင့်၊ ဂုဏ်ရောင်လင်းကေ
တောင်ရင်းကျွန်း၌၊ ထူးဆန်းသပ္ပါယ်
လွန်တင့်တယ်ကေ၊ စိန္တေရုပ်ပွား
ဓါတ်သရီကို ၊ စေတီသတ်ကေ
မြတ်ကိုယ်စား၌ ၊ ရွှေသားကျောက်စီ
ညီရရီဖြင့်၊ ထက်ဆီထွတ်ဖျား
ပြဿဒ်ပျံမှာ၊ မှန်တောင်တတ်ကေ
ငှက်မြတ်နားနှင့်၊ ထက်ဖျားနတ်ရွာ
ဝတိံသာဝယ် ၊ စူဠာမုနိ
မြတ်စေတီသို့ ၊ အင်ညီဘိ၍
ဣဒ္ဓိတေဇာ၊ ရောင်ခြောက်သွယ်လေ
စွေကာဖြိုးကေ၊ လိုင်ရိုးတော် –။

(ရွာချောင်းကြီးဆရာဦးအောင်ထွန်း၏၀ံသာနုလွမ်းမပြေသာခြင်းမှ)

ဘုရားသျှင်သည် ရခိုင်ပြည်သို့ ကြွရောက်တော်မူသည်။ ထိုစဉ် ကျောက်တော်တောင်ဟုခေါ်သော မောရပဗ္ဗတတောင်၌ တန့်ရပ်သည်။ မုနိထွဋ်ထားမြတ်စွာဘုရားသည် တောင်ပေါ်တွင်တန့်ရပ်စဉ် အရပ်ဝန်းကျင်ကို ကြည့်ရှုတော်မူသည်။ ထို့နောက် ပြုံးတော်မူသည်။ ထိုအခြင်းအရာကို အသျှင်အာနန္ဒာက မြင်တော်မူသည်။ အာနန္ဒာလည်း ဘုန်းတော်ကြီးသော မြတ်စွာဘုရား မည်သည်အရာကို ရှုမြင်သုံးသပ်တော်မူ၍ ပြုံးပျော်ရွှင်လန်းဝမ်းမြောက်ခြင်းဖြစ်ပါသနည်းဟု မီးလျှောက်တော်မူသည်။ မြတ်စွာဘုရားသျှင်က ချစ်သားအာနန္ဒာ၊ ငါဘုရားပါရမီတော်ဖြည့်စဉ်ကာလ နုစဉ်ဘ၀တွင် ဤဓည၀တီရခိုင်ပြည်ကြီး၏အရပ်ဒေသအသီးသီးရို့၌ ဘ၀များစွာ ကျင်လည်ဘူးခသည်။ ငါကျင်လည်ခရသော အရပ်ရို့ကို တဖန်ပြန်လည်ရှုမြင်ရ၍ ၀မ်းမြောက်ခြင်းဖြစ်သည်ဟု မိန့်တော်မူသည်။

ထိုအခါ အာနန္ဒာက ဘုန်းတော်ကြီးသောမြတ်စွာဘုရား ပဇာမည်သောအရာရို့တွင် ပဇာမည်မျသောဘ၀ရို့ဖြင့် ကျင်လည်ဘူးပါသနည်းဟု လျှောက်ထားတော်မူသည်။ မြတ်စွာဘုရားက “ချစ်သားအာနန္ဒာ ငါဘုရားရပ်တန့်နီသော ဤသေလာဂီရိမောရပဗ္ဗတတောင်တော်၌ ရွှေဥဒေါင်းမင်းဘ၀၊ ပန်းပွတ်သမားတဇစ်ဖြစ်ခဖူး၏။ ဤနီရာရို့တွင် ငါဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူလျှင် ငါဘုရား၏ဓါတ်တော်များကို ဌာပနာထား၍ စေတီ တည်ထားပေလတ္တံ့” ။ ထို့အပြင် ရခိုင်ပြည်အနှံအပြား မိမိကျင်လည်ဖူးခရာအရပ်ဒေသရို့ကို လက်ညှိုးညွှန်လျှက် ပရိနိဗ္ဗာန် စံလွန်လတ်လျှင် တည်ထွန်း လာမည့် ဓါတ်တော်စေတီမြတ်ရို့ကို ဗျာဒိတ်မြွက်ကြားတော်မူသည်။

“အာနန္ဒာ- ငါဘုရားသည် ကာကာဂီရိတောင်ကြီး၏အထက်၌ ကျီးမင်းတဇစ်ဖြစ်ခဖူးရာ လျှာရင်းတော်ဓါတ်ခေါ် (ဇီဝှါ) ဓါတ်တော် စေတီတည်လတ္တံ့” ဟု မိန့်ကြားတော်မူသည်။ ထို့နောက် ထိုကာကာဂီရိတောင်၏အနီးဝယ် ကပေါတဂီရိမည်သော တောင်တည်ဟိ၏။ ထိုတောင်ထိပ်၌ ခွာမင်းတဇစ် ဖြစ်ခဖူးသည်။ ထို့ကြောင့် ငါ၏လိုင်ရွဲတော် ၀တ်ဆင်ဖူးခရာ လိုင်တော်ဌာနမှာ လိုင်ရိုးတော်ဓါတ်စေတီတည်ထားလတ်မည်ဖြစ်သည်။ ထိုစေတီကို လိုင်ရိုးတော်၊ လိုင်တော်ဓါတ်တည်ရာ စေတီဖြစ်ကြောင်း ပါဠိဘာသာဖြင့် ဂီဝှါဓါတ်တော်စေတီဟု တွင်ပေရာသည်။

ဆရာငမည်ရာဇ၀င်၌ ဂြိုးမင်းဟူး၍ဆိုထား၏။ အချို့ရာဇ၀င်ရို့တွင် ခါမင်းဟူ၍လည်းအဆိုဟိသည်။ ရခိုင် ရာဇ၀င်သစ် ရမ်းဗြဲတောင်ကျောင်း ဦးစန္ဒမာလာလင်္ကာရဆရာတော်သည် မလျှော်ဟုဖော်ပြသည်။ ပဇာကြောင့်ဆိုသော် ကပေါတ၊ သဒ္ဒါသည် ခွာဟောရာဖြစ်သည်။ ဂြိုး၊ ခါဟော သဒ္ဒါမဟုတ်ချေ။ ထို့ပြင် ကပ္ပက တောင်ဟူသော ဖော်ပြချက်ရို့မှာလည်း လွဲမှားခြင်းရာဖြစ်၏။ ခွာနှင့်ခါကား ဝေါဟာရအရွီးအသား နီးစပ်၍ရာဖြစ် သည်။ ဂြိုးဆိုလျှင် ဂြိုးငှက်ကိုဖော်ပြခြင်းရာဖြစ်၍ မနီးစပ်နိုင်ချေဟု ဆိုသည်။

လိုင်တော်ဓါတ်ဟုလည်း ရခိုင်ရာဇ၀င်သစ်၌ ဖော်ပြထားသိမ့်၏။ ဤနီရာ၌ လိုင်ရွဲတော်ဓာတ်၊ လိုင်ရိုးတော်ဓါတ်ဟူသော အခေါ်အဝေါ်ရို့ကို သိသင့်ပေသည်။ လိုင်ရိုးတော်ဓါတ်သည် ရခိုင်ပြည်တွင် ကျင်လည်ရာဌာနများ၌ လေးဌာနတွိနိုင်သည်။

၁။ ကပေါတဂီရိတောင်၊ လိုင်ရိုးတော်ဓါတ် (ခွာမင်း)
၂။ စိန္တာသာရတောင်၊ လိုင်ရိုးတော်ဓါတ် (ဇင်လစ်)
၃။ ဣန္ဒမူလတောင်၊ လိုင်ရိုးတော်ဓါတ် (ရွှဲကုန်သည်)
၎။ ကာသီနတောင်၊ လိုင်ရိုးတော်ဓါတ် (ရွှေဥဒေါင်း)

ဤလေးဌာနရို့တွင် ကပေါတဂီရိတောင်၌ ခွာမင်းတဇစ်ဖြစ်ခဘူးသည့်အလျှောက် လိုင်တော်၌၀တ်ဆင်ခဖူးသော တန်းဆာများသည် လိုင်ရွှဲတန်းဆာဖြစ်သည်။ ထိုလိုင်ရွှဲတန်းဆာဝတ်ဆင်ရာ လိုင်တော်မှာဆိုလျှင် အရိုးတော် တည်ဟိပေသည်။ အရိုးတော်မှ နောင်ကာလကြာသောကာလ ပရိနိဗ္ဗာန်ပြု၍ တေဇောဓါတ်မီးလောင်ကျွမ်းလီလျှင် အရိုးတော်ဓါတ် ကြွင်းကျန်ရစ်ခလီရာသည်။ ထို့ကြောင့် ငါဘုရား၏အရိုးတော်၊ အသားတော်၊ အရီတော်ရို့မှရနောင်အစဉ်ကိုးကွယ်နိုင်ရန် ကြွင်းကျန်ပေလတ္တံ့ဟူ၍ ဗျာဒိတ်မိန့်ကြားချက်၌လာပေ၏။ အစိတ်စိတ်ကွဲပြား၍ ကြွင်းကျန်ရစ်သော ဓါတ်တော်များကား (၁၆) ပြည်၊ အချင်းတတင်းခန့်ဟိသည်ဆို၏။ မီးမလောင်ဘဲ ကြွင်းကျန်ရစ်သောဓါတ်ရို့ကား သျှစ်စရွက်မျဖြစ်သည်ဆို၏။

ယခုဖော်ပြပါလိုင်ရွဲတော်ဓါတ်သည် စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ကိန်းဝပ်လျှက်ဟိသည်။ ဖော်ပြပါဓါတ်တော်ကို ဒေသခေါ်သမိုင်းအလာနှင့်ချင့်ချိန်၍ မှတ်ယူကတ်စီလိုသည်။ ယခုအခါ လိုင်ရွဲတော်၊ လိုင်ရိုးတော်ဓါတ်ဟု ခေါ်တွင်လျှက်ဟိသည်။ ထိုဓါတ်တော်အနီးအပါးတွင် တည်ဟိသော ရွာမှာဆိုလျှင်လည်း သရွဲပေါက်တောဟူ၍ပင် ခေါ်တွင်ဟိသည်။ တောင်အမည်ကိုကား ဓါတ်တောင်၊ ပေါက်တောသရွဲ ဓါတ်တောင်စသည်ဖြင့် ခေါ်ဆိုလျှက် ဟိသည်။ လွန်ခသော နှစ်ပေါင်းများစွာကပင်တည်ထားခသော ဓါတ်တော်ဖြစ်သည်။ ပျက်ပြို၍ အကြိမ်ကြိမ် ခေတ်အဆက် ဆက်မွမ်းမံပြုပျင်ခရခြင်းကြောင့် ရှိကတည်ထားဘူးသော စေတီပုံသဏ္ဍာန်နှင့်တူညီရန်မှာ မဖြစ်နိုင်တော့ပေ။ မူလဟန်ပန်အနီအထား လက်ရာများ လွဲပြောင်းခရမည်သာဖြစ်သည်။

ထို့ကြောင့် ပေါက်တောမြို့၏အနောက်မြောက်ဘက်အရပ်မှ ကပေါတဂီရိတောင်ပေါ်တွင် တည်ဟိကိန်းဝပ်လျှက် ဟိသောဓါတ်တော်မှာ မြတ်စွာ ဘုရားသျှင်၏လိုင်ရိုး၊ လိုင်ရွှဲတန်းဆာဆင်သောနီရာမှ ကြွင်းကျန်တည်ဟိနီသော ဓါတ်တော်တဆူ ဖြစ်ကြောင်းကို မှတ်ယူအပ်ပေသတည်း။

ကုသိန္နာရုံသိမ်တော်

ပေါက်တောမြို့နယ်သည် ရခိုင်ပြည်နယ် (၁၇) မြို့နယ်စာရင်းတွင် တခုအပါအ၀င်ဖြစ်ပြီး ပြည်နယ်၏မြို့တော် စစ်တွေမြို့နှင့် အနီးကပ်ဆုံး တည်ဟိနီသည့် မြို့နယ်တခုဖြစ်ပါသည်။ ပေါက်တောမြို့နှင့် စစ်တွေမြို့သည် ရီလမ်းအားဖြင့် (၁၆) မိုင်လောက်ရာ ၀ီးကွာပါသည်။ စစ်တွေမြို့မှ အရှိအရပ်သို့ဦးတည်လျှက် မော်တော်ရီယာဉ်ငယ်တစီးဖြင့် ရီစုန်တွင် ခုတ်မောင်းလားပါက တနာရီအကြာတွင် ပေါက်တောမြို့သို့ ဆိုက်ရောက်သည်။

ပေါက်တောမြို့ဖြစ်ပေါ်လာရခြင်း

ပေါက်တောမြို့သည် ရှိရခိုင်ဘုရင်မင်းများလက်ထက်ကပင်တည်ဟိခသော မြို့တမြို့မဟုတ်ပဲ အင်္ဂလိပ် ခေတ်ဦးပိုင်းအတွင်း ပေါ်ထွန်းလာသော မြို့တမြို့ဖြစ်ပါသည်။ ခရစ် (၁၇၈၄) ခုနှစ်တွင် ရခိုင်ထီးနန်း အရေးနိမ့်ခရပြီးနောက် ရခိုင်ပြည်အ၀ှမ်း စစ်ဖီးဒဏ်ကြောင့် ဖရိုဖရဲဖြစ်ကာ ရမ္မာဝတီ ရမ်းဗြဲဇင်ချောင်းကျွန်းရွာတွင် နီထိုင်လျှက်ဟိသော ရွာစားကြီး ဦးစံဖြူနှင့် မယားမိမလှရို့ မိသားစုတခုလုံးသည် တောင်ရင်းကျွန်းအရပ်သို့ ရွှိပြောင်းလာလတ်ပါသည်။ အဆိုပါမိသားစုရို့သည် ယခုပေါက်တောအနီး သရွဲကျွန်းရွာနီ ဦးမြဖော်အောင်၏ ကျွဲနွားစားကျက်မြီဖြစ်သော ပေါက်တောကွင်းကို ရခိုင်ငွေသားဒင်္ဂါး (၃၅) ပြားဖြင့် ၀ယ်ယူ၍ ရပ်ရွာတည်ထောင်သည်။ စားကျက်မြီတကွင်းလုံးတွင် ပေါက်ရောက်လျှက်ဟိသော ပေါက်ပင်ကြီးများကို ခွတ်ထွင်ယှင်းလင်း၍ ခရစ် (၁၇၈၇) ခုနှစ်တွင် ရပ်ရွာတည်ထောင်သည်။ ရပ်ရွာအမည်ကို ပေါက်ပင်ကြီးများ တည်ဟိရာကို အကြောင်းပြု၍လည်းကောင်း၊ သရွဲစားကျက်မြီကို အစွဲပြု၍လည်းကောင်း (သရွဲပေါက်တော) ဟု တွင်ခေါ်သည်။

ခရစ် (၁၈၂၄) ခုနှစ်တွင် ရခိုင်ပြည်ကို အင်္ဂလိပ်ရို့ကသိမ်းယူလိုက်သည့်အခါ သရွဲပေါက်တောရွာမှာလည်း ဗြိတိသျှရို့၏လက်အောက်အတွင်းသို့ ကျရောက်ရသည်။ ကျွန်းရွာတည်နီရာ၏အရပ်ဝန်းကျင်သည် သယ်ယူ ပို့ဆောင်ရေး၊ ကူးသန်းရောင်းဝယ်ရေးအရ ဆိပ်ကမ်းကျသောနီရာကောင်း တစ်ခုဖြစ်၍ နောင်တွင် စည်ကားလာခရာ ခရစ် (၁၈၉၀) ပြည့်နှစ်တွင် ဤကျွန်းရွာကို အင်္ဂလိပ်မင်းရို့က နယ်ပိုင်ယုန်းစိုက်အုပ်ချုပ်ရာ မြို့တမြို့အဖြစ် သတ်မှတ်ပီး၍ (ပေါက်တောမြို့) ဟူ၍ ဖြစ်ပေါ်လာသည်။

တည်နီရာအကျယ်အ၀န်းနှင့်လူဦးရေ

ပေါက်တောမြို့နယ်သည် မြောက်လတ္တီတွဒ် (၂၀) ဒီဂရီ (၁၀) မိနိ (၃၆) စက္ကန့်၊ အရှိလောင်ဂျီကျု (၉၃) ဒီဂရီ (၁၄) မိနိ (၁၈) စက္ကန့် အကြား၌ တည်ဟိသည်။ မြို့နယ်၏မြောက်ဘက်တွင် မြောက်ဦးမြို့နယ်၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အရှိဘက်တွင် မြေပုံမြို့နယ်၊ အနောက်ဘက်တွင် စစ်တွေမြို့နယ်ရို့နှင့် နယ်နမိတ်ချင်း ထိစပ်လျှက်ဟိသည်။ မြို့နယ်တခုလုံး၏ အကျယ်အ၀န်းသည် (၄၀၃ ဒဿမ ၇၄) စတုရန်းမိုင် ဟိသည်။ ရပ်ကွက် (၅) ရပ်ကွက်၊ ကျွန်းရွာအုပ်စု (၅၃) အုပ်စုနှင့် ကျွန်းရွာပေါင်း (၁၇၈) ရွာ ပါဝင်သည်။ ပေါက်တောမြို့ပေါ်၏အကျယ်အ၀န်းသည် သုမျ ဒသမ ၆၈ စတုရန်း မိုင်ဟိသည်။

(၁၉၉၉) ခုနှစ် စာရင်းအရ ရပ်ကွက် (၅) ရပ်ကွက်၌ မြို့ပေါ်လူဦးရေ (၁၄၀၉၄) ဦးနီထိုင်ပြီး ကျွန်းရွာ (၁၇၈) ရွာ၌ လူဦးရေ (၁၂၃၉၁၆) ဦးနီထိုင်သည်။ တမြို့နယ်လုံး၏ လူဦးရေစုစုပေါင်းသည် (၁၃၈၀၁၀) ဦးဖြစ်သည်။

မြီမျက်နှာသွင်ပြင်နှင့်ရီဆင်း

ပေါက်တောမြို့နယ်သည် ပင်လယ်နှင့် နီးကပ်စွာတည်ဟိသော မြို့နယ်တခုဖြစ်ပါသည်။ ပင်လယ်ရီမျက်နှာပြင်၏ (၁၁) ပေအမြင့်တွင် တည်ဟိသည်။ ဤမြို့နယ်၌ ဖရုံကာကျွန်း (၃) ကျွန်း၊ တောင်ရင်းကျွန်း၊ ပြားကျွန်း၊ ၀င်းကျွန်း၊ ပြည်စိုးကြီးကျွန်း (ပြည်သူကြီးကျွန်း)၊ သလွန်တောင်ကျွန်း၊ စိုင်းတုတ်ကျွန်း၊ နန်းတက်ကျွန်း၊ ငပြီကျွန်းဟူ၍ ကျွန်းကြီး (၁၁) ကျွန်းဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ ဖရုံကာကျွန်းသုံးကျွန်းနှင့် တောင်ရင်းကျွန်းမှအပ ကျန်သည့်ကျွန်းများမှာ မြီပြန့်လွင်ပြင်ကျွန်းများ ဖြစ်သည်။

ထိုကျွန်းများအကြားတွင် လှည့်ပတ်စီးဆင်းလျှက်ဟိသောမြစ်ချောင်းများအနက် ပေါက်ဆိန်ကျမြစ်သည် တောင်ဘက်ဟန်တာ ပင်လယ်ထဲသို့ စီးဝင် သည်။ မြို့နယ်၏အလယ်ဗဟိုမှ စီးဆင်းနီသော ကျွဲကူးမြစ်မှာ မြောက်မှ တောင်အရပ်သို့ စီးဆင်းပြီး အနောက်တောင်ထောင့်အရပ်သို့ ကွေးညွတ်ကာ ဂစ္ဆပနဒီမြစ်ဝနှင့်ပေါင်းဆုံလျှက် ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင်လားသည်။

အုပ်ချုပ်ရေး

ပေါက်တောမြို့ကို ခရစ် (၁၈၉၀) ပြည့်နှစ်တွင် မြို့တခုအဖြစ်သတ်မှတ်ပြဌာန်းလျှက် မြို့နယ်အုပ်ချုပ်ရေးကို စတင်သည်။ မြို့နယ်တစ်ခုလုံး၏ အုပ်ချုပ်သောစနစ်သည် ဗြိတိသျှအင်္ဂလိပ်မင်းရို့ အုပ်ချုပ်သောနည်းစနစ်ဖြစ်သည်။

စီးပွားရေး

ပေါက်တောမြို့နယ်၏ အဓိကစီးပွားရေးမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုပင်ဖြစ်သည်။ (၁၉၉၈-၉၉) ခုနှစ် စာရင်းအရ မိုးစပါးစိုက်ပျိုးမြီဧက (၇၄၂၈၀) ဟိသည်။ ယင်းအပြင်အချို့မြီနီရာများ၌ ရာသီအလိုက် ပဲတောင့်၊ မိုးနှမ်း၊ နီကြာ၊ ငရုတ်၊ ပဲအမျိုးမျိုးရို့ကိုလည်း စိုက်ပျိုးသည်။ ဒုတိယအနီဖြင့် ပေါက်တောမြို့နယ်သည် ပင်လယ်နှင့်နီးကပ်စွာတည်ဟိသဖြင့် ငါးပုဇွန်မွီးမြူရေးလုပ်ငန်းကို စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျှက်ဟိသည်။ (၂၀၀၀) ပြည့်နှစ်စာရင်းအရ ပေါက်တောမြို့နယ်၌ ပုဇွန်မွီးမြူရေးဧက (၁၇၁၁၂) ဧကဟိသည်။ ထို့အပြင် ဖရုံကာကျွန်းသုံးကျွန်း၌ ငါးဖမ်းစခန်းများဖွင့်လှစ်ပြီး ငါးများကို နိုင်ငံခြားသို့ပင် တင်ပို့ရောင်းချသည်။ တတိယအနီဖြင့် နီလှမ်းဆား ထုတ်လုပ်ခြင်းဖြစ်သည်။ (၁၉၉၇-၉၈) ခုနှစ်စာရင်းအရ မြို့နယ်တခုလုံး၌ နီလှမ်းဆားဧက (၇၃၈) ဧကဟိပြီး ဆားပိဿာချိန် သိန်းခြောက်ဆယ်ကျော် ထွက်ကြောင်းသိရသည်။

ဘာသာရေး

ပေါက်တောမြို့နယ်အတွင်း နီထိုင်လျှက်ဟိသော လူမျိုးအများစုမှာ ရခိုင်လူမျိုးများဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ ဤမြို့နယ်၌ ရှိဟောင်းသမိုင်းဝင် ဆင်းထု (ဥာဏ်တော်အကြီး) (၁၆) ဆူ၊ စေတီပုထိုး (၂၁) ဆူနှင့် (၁၉၉၉) ခုနှစ်စာရင်းအရ ဘုန်းတော်ကြီးကျောင်း (၁၇၃) ကျောင်း၊ သီလသျှင်ကျောင်း (၃) ကျောင်း၊ ရဟန်းသံဃာပေါင်း (၇၈၂) ပါး၊ သီလသျှင် (၄၅) ပါး ဟိကြောင်းသိရသည်။ အခြား ဘာသာဝင်များအဖြစ် ခရစ်ယန်ဘုရား ဟိခိုးကျောင်းတကျောင်းနှင့် မူဆလင်ဗလီ (၂၈) ခုဟိသည်။ ထင်ရှားသော ဘုရားပုထိုးစေတီများမှာ မြီငူကျွန်း၌ ဆံတော်သျှင်စေတီ၊ ပေါက်တောမြို့၌ လိုင်ရိုးတော်ဓါတ်၊ တိလောက မာရဇိန်ခေါ် တောင်းဖူးဘုရားကြီး၊ တောင်ညိုဂူတွင်းဘုရားများနှင့် အလယ်ဖရုံကာကျွန်း အူမတော်ဓါတ်၊ သျှင်ထီးမစေတီ၊ မာလာတော်ဓါတ်ရို့ဖြစ်သည်။ အခြားသောကျွန်းများ၌လည်း ထင်ရှားသော တန်ခိုးကြီးဘုရားများ၊ ဓါတ်တော်များဟိပါသိမ့်သည်။

ကျန်းမာရေး

ပေါက်တောမြို့သည် အင်္ဂလိပ်ခေတ်ဦးပိုင်းတွင် တည်ထောင်ခသောမြို့တမြို့ဖြစ်သဖြင့် ကျန်းမာရေးနှင့် သက်ဆိုင်သော ဆီးခန်းကို ခေတ်ဦးပိုင်းတွင် မတွိရပေ။ ယခင်ကအတိုင်း မြို့နယ်မှပြည်သူများမှာ ရခိုင်ဗိန္ဓောဆီးဆရာကြီးများထံ၌ ဆီးကုသမှုကို ခံယူကတ်သည်။ နောက်ပိုင်းတွင်မှ ပေါက်တောမြို့ပေါ်၌ ဆီးခန်းငယ်တခုဟိလာသည်။ ထိုဆီးခန်းမှာ ယခု လ-၀-က ယုန်း နီရာဖြစ်သည်။ အဆောက်အဦးမှာ ၀ါးတန်းလျှား အုံးမိုးဖြစ်သည်။ ကုသရေးနှင့်ပတ်သက်၍ ကောင်ပေါင်တာ (ဆီးစပ်) တဦးနှင့် အလုပ်သမားတဦးရာ ဟိသည်။

နောက်ပိုင်းတွင် ဆီးခန်းသည် အုတ်အဆောက်အဦးသို့ ပြောင်းလဲလာသည်။ ဆီးခန်း၌ဆရာဝန်တဦး၊ ကောင်ပေါင်တာတဦး၊ အလုပ်သမား တစ်ဦးဟိလာသည်။ (၁၉၄၁) ခုနှစ်အရောက်တွင် စစ်တွေမြို့ မြန်မာနိုင်ငံ အောက်လွှတ်တော်အမတ် ၀တ်လုံတော်ရ သူဌေးမင်းဦးရွှေသာမိသားစုရို့က မူလဆီးခန်း၏အောက်ဘက်တွင် အဆောင်သစ်တခုကို တိုးချဲ့ဆောက်လုပ်လှူဒါန်းသည်။ (၁၉၈၅) ခုနှစ်တွင် ဆီးရုံသစ်ကို ယခု မ-ယ-က ယုန်း၏ အရှိမြောက်ဘက် နီရာသစ်သို့ရွှိပြောင်း၍ မြို့နယ်မှအလှူငွေဖြင့် ကိုယ်ထူကိုယ်ထ တည်ဆောက်ခကတ်သည်။

ယခုအခါ ပေါက်တောမြို့ပေါ်၌ ကုတင် (၁၆) လုံးကန် ဆီးရုံတရုံ၊ မြို့နယ်၌ ကျန်းမာရေးဌာန (၅) ခု၊ တိုက်နယ်ဆီးရုံ (ကျောက်တောင်)၊ မိခင်နှင့် ကလေးကျန်းမာရေးဌာန (၁) ခု တည်ဟိသည်၊ ထို့အပြင် ရဟန်းသံဃာတော်များအတွက် သီးသန့်ဆီးကုနိုင်စီရန် သံဃဆီးကုသဆောင်တဆောင်ကို ပေါက်တောမြို့မ ဆရာတော်ကြီး ဦးနာရဒကဦးဆောင်၍ ဆောက်လုပ်လှူဒါန်းခသည်။ ယင်း၏အနီး၌ အချေသူငယ်များအတွက် ဆီးကုသဆောင်တဆောင်ကိုလည်း တိုးချဲ့ဆောက်လုပ်ခဖြစ်သည်။

ပညာရေး

ပေါက်တောမြို့ပေါ်တွင် အင်္ဂလိပ်ခေတ်အတွင်းက စာသင်ကျောင်းတကျောင်းဟိခကြောင်းကို စစ်တွေမြို့ ဂဇက်တီယာအရသိရသည်။ ထိုစာ သင်ကျောင်းမှာ မြို့ပေါ်၌တည်ဟိပြီး အလယ်တန်းပညာအဆင့်ထိ သင်ကြားနိုင်ခသည်။ ယင်းနောက်ပိုင်းတွင် သ၀င်ချောင်းရွာ၌လည်း အလယ်တန်းကျောင်းတကျောင်း တိုးချဲ့ ဖွင့်လှစ်နိုင်ခသည်။ အခြားနယ်ကျွန်းအရပ်များ၌ အစိုးရစာသင်ကျောင်းမဟိသဖြင့် ဘုန်းတော်ကြီးကျောင်း ပညာရေးကို အားထားခရသည်။ ပေါက်တောမြို့၏ ပထမဦးဆုံး အလယ်တန်းကျောင်းတည်ဟိသောနီရာသည် ယခုပေါက်တောမြို့ အ-ထ-က ကျောင်းတည်ဟိနီရာဖြစ်သည်။ ထိုစဉ်ကကျောင်းမှာ အုံးမိုး၊ ၀ါးခင်း၊ ၀ါးထရံကာ အဆောက်အဦးဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် (၁၉၅၃) ခုနှစ်တွင် မူလကျောင်းဆောင်ကိုဖြိုဖျက်ပြီး အုတ်ဖြင့် နှစ်ထပ်ကျောင်းဆောင်ကို ဆောက်လုပ်ခသည်။ ကျောင်းသစ် ဆောက်လုပ်နီစဉ်ကာလတွင် (ယခုပေါက်တောမြို့ ဧစေတီအရပ်) သို့ ခေတ္တရွှိပြောင်း၍ ဓမ္မာရုံ၌ ပညာသင်ကြားခရသည်။ (၁၉၇၅) ခုနှစ်တွင် အလယ်တန်းကျောင်းမှ အထက်တန်းကျောင်းသို့ တိုးမြှင့်ခသည်။ ယခုအခါပေါက်တောမြို့နယ်၌ အထက်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်းကျောင်း (၈) ကျောင်း၊ မူလတန်းကျောင်း (၁၃၇) ကျောင်းဟိသည်။

မြို့တွင်းတည်ဆောက်ရေးလုပ်ငန်းများ

ပေါက်တောမြို့တွင်းတည်ဆောက်ရေးလုပ်ငန်းများသည် ယခင်ကထက်တိုးတက်မှုဟိလာသည်။ ယခင်က လူလားလမ်းများသည် ကျောက်ကြမ်းလမ်း များဖြစ်သည်။ မြို့တွင်းတည်ဆောက်ရေးလုပ်ငန်းများကို (၁၉၉၀-၉၁) ခုနှစ်တွင် အစိုးရအထောက်အပံ့ကျပ်ငွေ (၁၀) သိန်း၊ (၁၉၉၁-၉၂) ခုနှစ်တွင် (၂၃) သိန်း ခွင့်ပြုပီးရာ အဆိုပါငွေများဖြင့် ဦးဥတ္တမလမ်း ကွန်ကရစ်ခင်းလုပ်ငန်း၊ မင်းစောမွန်လမ်းအား ကွန်ကရစ်ခင်းလုပ်ငန်း၊ ဦးမြ၀ါလမ်းအား ရီနုတ်မြောင်းလုပ်ငန်းရို့ကို ပြုလုပ်သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ခွင့်ပြုငွေများဖြင့် ကတ္တရာလမ်းခင်းရာ ဦးဥတ္တမလမ်း၌ ပေ (၂၈၀၀) ပေ။ မင်းစောမွန်လမ်း၌ (၉၁၀) ပေ၊ ဗိုလ်ချင်းပျံလမ်း၌ (၇၉၀) ပေ အသီးသီးကို ကတ္တရာခင်းနိုင်ခသည်။

ပေါက်တောမြို့သည် ယခင်ကသောက်ရီသုံးရီနှင့်ပတ်သက်၍ အခက်အခဲများစွာဟိသည်။ (၁၉၉၀) ပြည်နှစ်မှစ၍ လူထုလုပ်အား (၆ ဒသမ ၅) သိန်း၊ အစိုးရမှထည့်ဝင်ငွေ (၁၅ ဒသမ ၅) သိန်း ငွေကြေးဖြင့် တဖက်ပိတ်ဆည်ကြီးကို တည်ဆောက်ခသည်။ (၁၉၉၅-၉၆) ခုနှစ်အရောက်တွင် အစိုးရမှ ခွင့်ပြုငွေသိန်း (၂၀) ဖြင့် ခြောက်လက်မအရွယ် ပီဗွီစီပိုက်လုံး (၄၀၀) ကိုဝယ်ယူ၍ ဆည်မှမြို့ထဲသို့ ရီပီးဝီရန် သွယ်တန်းခသည်။ နောက်ထပ်လိုအပ်သော (၃) လက်မခွဲအရွယ် ပိုက်လုံးများကို ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ၀ယ်ယူကာ နီအိမ်ခြံဝင်းထဲအရောက် သွယ်တန်းခသည်။ ထို့အပြင် ရီဂါလံ (၂၀၀) ၀င်သော အုတ်ရီကန်ငယ် (၆) လုံးကိုလည်း မြို့နီရာအနှံ့ တည်ဆောက်ခသည်။

ကိုးကား
၁။ ကျော်ဇောလှ၊ ရသေ့တောင်။ ။ပြုပျင်ပြောင်းလဲတိုးတက်မှုဟိသောပေါက်တောမြို့နယ်၊ ပေါက်တောရွှေမြီ မဂ္ဂဇင်း (၁)
၂။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ပေါက်တောမြို့နယ် အခြီခံအချက်အလက်များ (၁၉၉၉-ခုနှစ်)

မီးမြန်းဆွေးနွေးခသူများ
၁။ ဦးလှဘော်သူ။ ။အသက်(၈၇) နှစ်၊ ကျောင်းဆရာ (ငြိမ်း) ရပ်ကွက် (၅)၊ ဘ၀မ်း၊ ပေါက်တောမြို့။
၂။ ဦးမောင်သာနိုး။ ။အသက်(၈၆) နှစ်၊ လယ်သည်၊ ရပ်ကွက် (၂)။ ပေါက်တောမြို့။
၃။ ဦးမင်းအောင်။ ။အသက် (၇၀)၊ ရပ်ကွက် (၁)၊ ပေါက်တောမြို့။
၎။ ဦးအောင်စံသာ။ ။အသက်(၅၀)၊ ဆိုင်သည်၊ ရပ်ကွက် (၃)၊ ဂေါပကအတွင်းရေးမှူး၊ ပေါက်တောမြို့။
၅။ ဦးရွှေမောင်သိန်း။ ။အသက် (၅၀)၊ စာရေးကြီး၊ မယကရုံး၊ ပေါက်တောမြို့။
၆။ ဦးအေးကျော်။ ။အသက် (၅၀) ၊စာရေး၊ကျန်းမာရေးဌာန၊

အခန်း (၃)

ဗြိတိသျှခေတ်ပေါက်တောမြို့နယ်

(ယခုဖော်ပြမည့်အကြောင်းအရာသည် ဗြိတိသျှခေတ်ဦးပိုင်း (၁၉၁၁) ခုနှစ်က ပေါက်တောမြို့နယ်မှ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည့် အကြောင်းအရာများဖြစ်သည်။ ဤအကြောင်းကို မှတ်တမ်းတင်ခသူမှာ Mr. R. B Smart ဆိုသူဖြစ်ပါသည်။ သူ၏ရွီးသားချက်များကို Burma Gazetteer, Akyab District Volume (A) စာမျက်နှာ (၂၂၁-၂၂၂) တွင် တွိနိုင်ပါသည်။ ယင်းမှ ရွီးသားဖော်ပြချက်များကို အောက်ပါအတိုင်း ဘာသာပြန်ဆိုပြီး ဖော်ပြအပ်ပါသည်။

ပေါက်တောမြို့နယ်

မင်းပြားမြို့နယ်ခွဲတခုဖြစ်ပြီး ဧရိယာစတုရန်းမှာ (၆၅၆) မိုင် ကျယ်ဝန်းသည်။ (၁၉၁၁) ခုနှစ် စာရင်းအရ လူဦးရေမှာ (၄၅၃၅၀) ဟိပြီး (၄၀၃၇၁) ဦးမှာ ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ အိန္ဒိယဇာတိနွယ်ဝင် (၄၃၄၁) ဦးဟိသည်။ ၁၈၇၇ ခုနှစ်တွင် ဦးရာဇ်တောင် အရှိမြို့နယ်ဟုခေါ်တွင်ပြီး မြို့ဟောင်း (မြောက်ဦး) မြို့နယ်ခွဲ အပိုင်းတပိုင်းအဖြစ် ဖွဲ့စည်းထားခသည်။ ၁၈၉၀ ပြည်နှစ်တွင် “ပေါက်တောမြို့” ဟူ၍ အမည်ပြောင်းလာပြီး (၁၈၉၁) ခုနှစ်တွင် စစ်တွေမြို့နယ်ခွဲ တခုဖြစ်လာသည်။ (၁၉၀၆) ခုဇန္န၀ါရီလ (၁) ရက်နိတွင် တဖန်ဖွဲ့စည်းပုံပြောင်းလဲသည်။ မင်းပြားမြို့နယ်ခွဲဖြစ်လာသည်။ မြောက်ဘက်တွင် ကုလားပုန်းမြစ်၊ ဟင်းခရော်မြစ်နှင့်ဝင်းကျွန်းမြစ်ရို့သည် ပေါက်တောမြို့နယ်နှင့် မြို့ဟောင်းမြို့နယ်နယ်နမိတ်ကို ပိုင်းခြားထားသည်။ အရှိဘက်တွင်မူ ရဲတဲမြစ်၊ စွန်ရဲမြစ်၊ ကျွဲကူးမြစ်၊ ပေါက်ဆိန်ကျမြစ်ရို့မှာ မင်းပြားမြို့နယ်နှင့် နယ်နမိတ်ခွဲထားသည်။ တောင်ဘက်တွင်ကား ဟန်တာပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်ရို့ဟိပြီး အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်နှင့် ကုလားတန်မြစ် ဟိသည်။ ထိုမြစ်ရို့မှာ အနောက်ဘက် စစ်တွေမြို့နယ်နှင့် ပိုင်းခြားထားသည်။ ပေါက်တောမြို့နယ်တခုလုံးသည် မြီနိမ့်ပိုင်းတွင်တည်ဟိပြီး စိုက်ပျိုးရေးအတွက် ကြီးမားသောမြီဧရိယာများကို ဆားငံရီလွှမ်းခြင်းမှ ကာကွယ်ရန်အတွက် တာရိုးများကို တည်ဆောက်ထားရသည်။

ဘော်ဒလီရွာ (ဆင်တက်မော်)

ရွာကြီးတရွာဖြစ်ပြီး အိမ်ခြီ (၄၃၉) ဆောင်ဟိသည်။ လူဦးရေမှာ (၁၈၃၂) ဦးဟိသည်။ အလယ်ဖရုံကာကျွန်း၏ အနောက်ဘက် ဆင်တက်မော် မြစ်ကမ်းနဖူးပေါ်တွင်တည်ဟိသည်။ စစ်တွေမြို့နှင့် တောင်ဘက် (၇) မိုင်လောက်ကွာသည်။ ဆင်တက်မော်၏အမည်နာမသည် ပုံပြင်တစ်ပုဒ်နှင့် ဆက်စပ်၍ တည်ဟိသည်။ သို့ရာတွင် ယင်း၏ပုံပြင်မှာ ဒဏ္ဍာရီဆန်လွန်းသည်။ အိမ်ခြံဝင်းများတွင် စိုက်ပျိုးထားသည့်ကွမ်းသီးပင်များကြောင့် အရိပ်မြိုင်သည်။ ယင်းရွာတွင်နီထိုင်သော လူမျိုးနွယ်စု သုံးစုကို တွိရသည်။ ယင်းရို့မှာ ရခိုင်သားများ၊ စစ်တကောင်းသားများ၊ ခမီးများဖြစ်သည်။ ဆန်စပါးစိုက်ပျိုးလုပ်ကိုင်ရန် မြီများဟိသော်လည်း ကျွန်းရွာအတွက် လုံလောက်မှုကားမဟိပေ။

ကျောက်တောင်

ပိန္နဲချောင်းမြစ်၏လက်တက်တခုဖြစ်သော ရန်ပုချောင်းမြစ်ကမ်းနဖူးမှ (၃) မိုင်အကွာတွင် တည်ဟိသည်။ ပေါက်တောမြို့မှ (၁၄) မိုင် ကွာဝီးပြီး အလယ်ဖရုံကာကျွန်း၏အရှိဘက် တောင်စောင်းအောက်ခြီတွင် ကျရောက်သည်။ အိမ်ခြီ (၂၈၇) ဆောင်ဟိပြီး လူဦးရေမှာ (၁၀၆၉) ဦးဟိသည်။ ရွာသားများမှာ စိုက်ပျိုးရေးကိုလုပ်ကိုင်ပြီး လူနည်းစုမှာ ကုန်ရောင်းကုန်ဝယ်လုပ်သည်။ ဤရွာကို (၁၇၇၀) ခုနှစ်တွင် ရမ်းဗြဲမှပြောင်းလာသူများဖြင့်စ၍ တည်ထောင်သည်။ အနီးမှပြောင်းရွှိလာသော အခြားအိမ်ထောင်စု (၅) စုဖြင့်လည်း တဖြည်းဖြည်း ကျွန်းရွာမှာကြီးမားလာသည်။ ယင်းအိမ်ထောင်စု များတွင် ကျောက်တန်းမိသားစုမှာ အကြီးဆုံးဖြစ်သည်။

ပေါက်တောမြို့

ပေါက်တောမြို့သည် လေးမြို့မြစ်ဝပိုင်းတနီရာဖြစ်သော ကျွဲကူးမြစ်ကမ်းပါးတွင် တည်ဟိသည်။ စစ်တွေမြို့၏အရှိဘက် (၁၂) မိုင်အကွာတွင် ကျရောက်သည်။ အိမ်ခြီ (၁၅၈) ဆောင်ဟိပြီး လူဦးရေ (၆၃၂) ဦးဟိသည်။ အများစုမှာ ရခိုင်လူမျိုးများဖြစ်သည်။ ယင်း၌ မြို့နယ်တရားယုန်း၊ အုပ်ချုပ်ရေးယုန်း၊ ရဲစခန်း (စစ်ပုလိပ်ယုန်း)၊ စာတိုက်၊ ဈီး၊ ဘိုတည်း (ဘန်ကလို) နှင့် အစိုးရစာသင်ကျောင်းတကျောင်းဟိသည်။ အာရကန်ဖလိုတီလာ (Flotilla) ကုမ္ပဏီမှ မင်းပြားလိုင်းသို့ ထွက်သည့်သင်္ဘောသည် ပေါက်တောမြို့တွင် ခေတ္တဆိုက်ကပ်သည်။ ကြီးမားသောရွက်သဗ္ဗာန်ကြီးတစီးမှာလည်း ခရီးသည်များကို တင်ဆောင်လျှက် ပေါက်တောနှင့်စစ်တွေကြားတွင် နိစဉ်ပြီးဆွဲလျှက်ဟိသည်။ ရာသီဥတု သာယာကောင်းမွန်လျှင်ကား စက်တပ်ဘုတ် တစ်စီးက ပြီးဆွဲလျှက်ဟိသည်။

ဖဒူအလယ်

ဖဒူရွာသည် အလယ်ဖရုံကာတောင်တန်း၏တောင်ခြီရင်းတွင် တည်ဟိသည်။ ယင်းသည် ပင်လယ်၏ မြစ်စွယ်တခုဖြစ်သော ဖဒူမြစ်ကမ်းပေါ်တွင်တည်မှီနီ သည်။ ယင်းသည် အရှိနှင့် အလယ်ဖရုံကာကျွန်း အကြားတွင်ကျရောက်ပြီး ပေါက်တောမြို့မှ တောင်ဘက်မိုင် (၂၀) ခန့်ဝီးသည်။ အိမ်ခြီ (၂၆၅) ဆောင်နှင့် လူဦးရေမှာ (၁၁၈၇) ဦးဟိသည်။ ပထမဦးဆုံး အခြီချနီထိုင်သူများသည် ကျောက်ဖြူခရိုင်မှဖြစ်ကြောင်းသိရသည်။ ရွာနံဘေးတလျှောက် တည်ဟိသောတောင်ကို ဖဒူတောင်ဟုခေါ်သည်။ ယင်းတောင်ထိပ်တွင် မြတ်ဗုဒ္ဓ၏ သရီရဓါတ်မွီတော်တဆူဖြစ်သော ၀မ်းလတ်ဓါတ် (ျကညူအေအီအေ) တော် ကိန်းအောင်းသည်။ ကျွန်းရွာနီထိုင်သူများအနက် တံငါသည်မှာ (၁၁၀) ဦး၊ လှေစီးခရီးသည် (၁၂၀) ဦး၊ ထင်းခုတ်သမား (၈၀) ဦးဟိပြီး ကျန်လူများမှာ စိုက်ပျိုးရေးကို လုပ်ကိုင်သည်။ ကျွန်းရွာမှာ ကောင်းကောင်းဖွံ့ဖြိုးတိုးတက်မှုမဟိလှပေ။

ပုဏ္ဏားကြီး

ဆင်ပိုက်ချောင်း၏အရှိဘက်သို့ ထိုးထွက်လျှက်ဟိသော ချောင်းလက်တက်တခုဖြစ်သည့် ပုဏ္ဏားကြီးချောင်းပေါ်တွင် ပုဏ္ဏားကြီးရွာက တည်ဟိသည်။ ယင်းသည် ဆင်ပိုက်ချောင်းနှင့် (၃) မိုင် ၀ီးကွာပြီး ကုန်းတွင်းပိုင်းတွင် တည်ဟိသည်။ ပေါက်တောမြို့မှ အရှိတောင်အရပ်သို့ကျရောက်ပြီး (၈) မိုင် ၀ီးသည်။ ပထမဆုံး လာရောက်အခြီချနီထိုင်သူများမှာ ဆားချက်ရန်လာသော ပုဏ္ဏားညီအစ်ကိုနှစ်ယောက်ဖြစ်သည်။ သူရို့နီထိုင် လုပ်ကိုင်ခသော နီရာများကို ယခုတိုင် တွိမြင်နိုင်သည်။ အစ်ကိုအကြီး နီထိုင်ခသည့်ချောင်းကို ပုဏ္ဏားကြီးချောင်းဟုတွင်ပြီး ညီငယ်နီထိုင်ခသောချောင်းကို ပုဏ္ဏားချေ ချောင်းဟုခေါ်သည်။ (၁၈၁၂) ခုနှစ်တွင် ရမ်းဗြဲမှ အခြီချနီထိုင်သူများလာရောက်ပြီး ၎င်းင်းချောင်းကမ်းနားပေါ်တွင် နီထိုင်သည်။ ယခုအခါ ပုဏ္ဏားကြီးကျွန်းရွာတွင် အိမ်ခြီ (၂၂၅) ဆောင်၊ လူဦးရေ (၁၁၈၁) ဦးဟိပြီး စိုက်ပျိုးရေးကို လုပ်ကိုင်စားသောက်သည်။

အခန်း (၄)

တောင်ရင်းကျွန်းသမိုင်းဝင်အရပ်များကို လှည့်ကြည့်ခြင်း

ပေါက်တောမြို့သည် တောင်ရင်းကျွန်း၏အရှိပိုင်းတွင်ကျရောက်ပြီး ကျွဲကူးမြစ်၏လက်ဝဲဘက် ကမ်းနဖူးပေါ်တွင် တည်ဟိသည်။ ဤမြို့သည် ရခိုင်ပြည်နယ်ရီလမ်းခရီးလားလာမှု၌ ခရီးတထောက်ရပ်တန့်ခိုနားရာနီရာဖြစ်သဖြင့် မော်တော်၊ ရီယာဉ်ငယ်များဖြင့် အထူးစည်ကားသည်။ ပေါက်တောမြို့ထဲမှနီ၍ အနောက်မြောက်အရပ်သို့ မိနိ (၂၀) ခန့်အကြာ ခရီးဆက်ပါက ပေါက်တောမြို့၏ဘာသာရေးကိုးကွယ်မှုဆိုင်ရာ အထွဋ်အထိပ်ဖြစ်သော မြတ်ဗုဒ္ဓဂေါတမ သျှင်တော်၏သရီရဓါတ်မွီတော်တဆူ ကိန်းအောင်းရာ လိုင်ရိုးတော်ဓါတ်စေတီသို့ ရောက်သည်။ နံနက်မိုးထသား ထွက်သစ်စနီရောင်အောက် ရွှေရောင်တ၀င်းဝင်းတောက်နီသော ဓါတ်တော်ကို ကြည်ညိုဖူးမြော်ရသည်မှာ ကကောင်းကြည်နူးဖို့ကောင်းပါသည်။ ဓါတ်တော်တည်ဟိရာကုန်းတော်သည် မတ်စောက်ပြီး အမြင့်မှာ (၁၆၄) ပေဟိသည်။ ဓါတ်တော်တည်ဟိရာသို့ တောင်၏အရှိဘက် တောင်တက်လမ်းအုတ်လှကားအတိုင်း စောင်းတန်း အမိုးအောက်တွင် အရိပ်အာဝါသကို ခံစားယင်း တက်ရောက်နိုင်သည်။ ဓါတ်တော်တည်ဟိရာ ကုန်းသည် မတ်စောက်လှသည်။ ဤဓါတ်တော်ရင်ပြင်မှနီ၍ အရှိဘက်ခပ်လှမ်းလှမ်းသို့ ငုံ့ကြည့်လိုက်ပါက တောင်မြောက်သွယ်တန်းနီသော တောင်တန်းငယ်တခုကို မြင်တွိရသည်။ အဆိုပါ တောင်တန်းသည် ပေါက်တောမြို့တောင်ဘက်အရပ် ဘောလုံးကွင်းအနီးမှ မြောက်ဘက်သရွဲ (သူရွဲ) ရွာနားအထိသို့တိုင် ရှည်လျှားသည်။ အရှည်မှာ တမိုင်ကျော်ခန့်ဟိမည်။ ယင်းကိုသရွဲတောင်တန်းဟုခေါ်သည်။ ဤတောင်တန်းကုန်းမြင့် တလျှောက်၌ ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် ရှိဟောင်းစေတီရာများကိုတွိမြင်ရသည်။ အချို့လည်း မို့မို့မောက်မောက်၊ အချို့လည်း ဖရိုဖရဲ ပြန့်ကြဲလျှက်၊ အချို့လည်း မြီပြင်ပကတိဖြစ်နီသည်။

တောင်တန်း၏တလျှောက်လုံး၌ စေတီပေါင်း (၉) ဆူတိတိကို တွိရသည်။ ယခုအခါ တောင်တန်း၏ တောင်ဘက်စွန်းဟိစေတီကို ပြန်လည်ပြုပျင်ထားသဖြင့် ဓမ္မာရုံများဖြင့် စည်ကားနီသည်။ မြို့ဦးစေတီဟု တွင်ခေါ်နီပြီး (၁၉၆၆) ခုနှစ်က ဆရာမ ဒေါ်အုံး စပြုပျင်ခသည်။ ဤတောင်တန်း၏မြောက်ဘက်အဆုံး ရှိတည့်တည့်မှာ သရွဲရွာဟိသည်။ ရီကန်ဟောင်းနှင့် စေတီပျက်အကြွင်းအကျန်ရို့ကို မြင်ရသည်။ သရွဲရွာသည် မြောက်ဦးခေတ်က စစ်သူရဲကောင်းများနီထိုင်ရာအရပ်ဖြစ်ကြောင်း ဆိုသည်။ ဤရွာ၏အရှိမြောက်ဘက် (၃) မိုင်ခန့်အကွာတွင်ကား ရွာချောင်းကြီးရွာဟိသည်။ ဗြိတိသျှခေတ်ဦးက ပေါ်ပေါက်ခသော နောက်ခေတ် စာဆိုသျှင်ဆရာ ဦးအောင်ထွန်းနှင့် ဆရာထွန်းအောင်ကျော်ရို့သည် ရွာချောင်းကြီး ဇာတိများဖြစ်သည်။ လိုင်ရိုးတော်ဓါတ်ရင်ပြင်မှနီ၍တခါ အနောက်ဘက်သို့လှမ်းကြည့်ပါက ကျောက်ဆိပ်ရွာကို တွိမြင်ရသည်။ ကျောက်ဆိပ်ရွာသည် မြောက်ဦးခေတ် မင်းဖလောင်းလက်ထက် တောင်ရင်းကျွန်းဒေသဟိ ဘုရား၊ ပုထိုး၊ စေတီများကို တည်ဆောက်ရန် ရမ္မာဝတီလေးတောင်၊ မြောက်ဦးအရပ်ဒေသများမှ ကျောက်ဆစ်အတတ်ပညာသည် များကိုခေါ်ယူ၍ ဤရွာအနီး၌ စုဝေးနီထိုင်စီပြီး စေတီပုထိုးများကို ပြုလုပ်စီသည်။ နောက်တွင် ကျောက်ဆစ်သည်များ နီထိုင်ရာအရပ်ဖြစ်၍ ကျောက်ဆစ်မှ ကျောက်ဆိပ်ဖြစ်လာကြောင်း သိရသည်။ ကျောက်ဆိပ်ရွာ၏ မြောက်ဘက်တောင်ကုန်းမြင့်တခု၌ကား ရှိဟောင်းလက်ရာစေတီနှစ်ဆူကို တွိရသည်။ ဤတောင်ကို စက္ကဒေ၀တောင်ဟူ၍ခေါ်သည်။ စေတီမှာ နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ ပြိုပျက်ခလီရာ လွန်ခသောကောဇာ (၁၃၅၈) ခုနှစ် ပြာသိုလ္ဆန်း (၈) ရက်နိက စေတီအားပြန်ပြုပျင်ရန် ဖြိုဖျက်ရာတွင် အင်္ဂလိပ်ခေတ်အထောက်အထား ဌာပနာ ခဲဆင်းထုငယ်များနှင့်အတူ ဥာဏ်တော် (၆) ပေတိတိမြင့်သော မြောက်ဦးခေတ် ကျောက်ဆင်းထုတော် တစ်ဆူနှင့် ဘုရားဓါတ်တော်ရို့ကို စေတီထဲမှ ရဟိသည်။

ယခုအခါ ဤစေတီကို ပြန်လည်ပြုပျင်တည်ဆောက်ထားပြီး စေတီအတွင်းမှ ကျောက်ဆင်းထုတော်ကို စေတီ၏အရှိဘက်သိမ်ထဲ၌ ကိုးကွယ်ရန်ထားဟိသည်။ ဤစေတီအပြင် ကျောက်ဆိပ်ရွာအနီးဝန်းကျင်တခို၌ ရှိဟောင်းသမိုင်းဝင် ဘုရားဆင်းထု၊ စေတီဟောင်းနီရာများနှင့် ရီတွင်းရီကန်အချို့လည်းဟိသည်။ ယင်းရို့ကို လေ့လာဖော်ထုတ်နိုင်မည်ဆိုက ယင်းပတ်ဝန်းကျင်၏သမိုင်းသည် ယခုထက်ပိုပြီး ပြည့်စုံလာနိုင်မည် ဖြစ်သည်။ ကျောက်ဆိပ်ရွာမှထွက်လတ်၍ အရှိဘက်သို့လာလျှင် ပေါက်တောလက်ပံပြားမြီသားကားလမ်းကိုရောက်သည်။ ဤကားလမ်းအတိုင်း မြောက်ဘက်သို့ (၁၅) မိနိခန့်လမ်းလျှောက်ပါက နတ်တောင်ပြင်ရွာကိုရောက်သည်။ နတ်တောင်ပြင်ရွာ၏အနောက်ဘက်တွင် တန်းတင်တောင်တန်းဟိသည်။ ဤတောင်တန်း၏အရှိဘက် မျက်နှာပြင်ပေါ်တွင် ကျောက်ထွင်းဂူများကို တွိမြင်ရသည်။

ကြိမ်ခွေမော်ရွာအနီး ဓါတ်တော်များတည်ဟိရာ ရှုခင်းကြီး

ကျောက်ထွင်းဂူသည် မြီပြင်မှပေ (၅၀) ခန့်မြင့်မားသည်။ အောက်မှ လှကားထစ်အတိုင်းတက်ရောက်ရသည်။ ဂူမှာ တဆက်တည်းမဟုတ်ပဲ အပိုင်းလိုက် တည်ဟိသည်။ စုစုပေါင်း အပိုင်းသုံးပိုင်းဟိသည်။ တောင်ဘက်မှအပိုင်းသည် ဂူပေါက် (၂) ခုဟိသည်။ ဂူဝင်ဝမုဒ်မျက်နှာပြင်၌ ကျောက်ထွင်း ပန်းကွက်များ ထုဆစ်ထားသည်။ အလယ်ဂူမှာ အ၀င်ဝ လေးပေါက်ပါဟိသည်။ နှစ်ပေါက်တခန်းစီဟိသည်။ ဂူမုဒ်ဝထိပ်စီးများ၌ ပန်းကွက်များ ထုဆစ်ထားသည်။ မြောက်ဘက်အစွန်းကဂူမှာ မုဒ်ဝသုံးခုဟိသည်။ ဂူအတွင်းခန်းများသည် ယခင်ကအခန်းများထက် ကျယ်သည်။ ဂူအတွင်း မျက်နှာကြက်၌ ပန်းကွက်များဟိသည်။

ဤဂူများအနက် တောင်ဘက်ကဂူကို မင်းဗာကြီးဘုရင်က ထုလုပ်ခကြောင်းသိရသည်။ မြောက်ဘက်က ဂူပေါက်များကိုကား နောက်ပိုင်းမှသာလျှင် ပြုလုပ်ခကြောင်းသိရသည်။ နတ်တောင်ပြင်ဂူမှတဆင့် ပေါက်တော လက်ပံပြားလမ်းမအတိုင်း အနောက်မြောက်ဘက်သို့ဦးတည်လျှက် တနာရီကျော် ကြာလားပါက မော်တုတ်ကြီးရွာ အနားသို့ ရောက်သည်။ မော်တုတ်ကြီးရွာကို မရောက်မှီ တောင်ကျိုင်၌ မင်းဖောက်လမ်းဟူ၍ဟိသည်။ မော်တုတ်ကြီးရွာမှ (၁၅) မိနိခန့်အကြာ ခရီးလားပါက မြီသားလမ်း၏လက်ဝဲဘက် တန်းတင်တောင်တန်း၏ အနောက်ဘက်တောင်ကျိုင်ကြားတွင် ဒါးကိုင်ရွာကို တွိရသည်။

ဒါးကိုင်ရွာမှာ မြောက်ဦးခေတ်က မြို့ပြအုပ်ချုပ်ရေး၌ ရာဇ၀တ်သားရို့ကို ဖမ်းဆီးအရေးယူလျှက် ထိန်းသိမ်းထားရာ အရပ်ဖြစ်သည်။ ရွာ၏အရှိတောင်ဘက်တွင် ရှိဟောင်းသုံးထပ် ရီကန်ပျက်တခုကိုတွိရသည်။ ယခုအခါ နှစ်ထပ်ရာဟိတော့သည်။ ဤအကြောင်းကိုလည်း သုသေသနပြုသင့်သည်။ ဒါးကိုင်ရွာ၏အနောက်ဘက်၌မူ ရီကန်ဟောင်းနှစ်ကန်ဟိသည်။ ယင်း၏အနောက်ဘက်၌ကား တန်းတင်တောင်တန်းမှ ဆက်နွယ်လာသော တောင်ထွဋ်အမြင့်တခုဟိသည်။ တောင်၏အမြင့်မှာပေ (၃၀၀) ခန့်ဟိမည်။ တောင်ထိပ်၌ စေတီတဆူ တည်ဟိသည်။ ဤစေတီကို ဇီဝှဂ္ဂခါတုစေတီ (လျှာဖျားစေတီ) ဟုဆိုသည်။ ယခုမြင်တွိရသော စေတီ၏ပုံမှာ နောက်ပိုင်းပြုပျင်ထားသည့် လက်ရာဖြစ်သည်။

အခြားသမိုင်းရုပ်ကြွင်းအဖြစ် ရွာ၏အနောက်တောင်ထောင့်တွင် ဒုံးကန်ဟူသောကန်တကန်ဟိသည်။ ကန်မှာ ၀ါးတရာခန့်ကျယ်သည်။ ဤတောင်ခြီရင်းတွင် ခ၀ါသည်ချောင်းဟိပြီး သထူးတောင်၌ ကျောက်ဖြင့် တည်ဆောက်ထားသော စေတီပျက် (၄) ဆူကို တွိရသည်။ ဤစေတီအနီး၌ ဘုန်းတော်ကြီး ကျောင်းတော်ရာ ဟောင်းဟိသည်။ မင်းဗာကြီးလက်ထက်က ပိဋကတ်တော်ဆောင်ဦး ဇာဂရဗုဒ္ဓိဆရာတော် သီတင်းသုံးနီထိုင်ရာ အရပ်ဖြစ်ကြောင်း ဆိုသည်။ ဒါးကိုင်ရွာ၏အနောက်ဘက်ဇီဝှဂ္ဂဓါတ်တော်မှ တောင်ခြီရင်းကို ကပ်၍ မြောက်ဘက်သို့ (၂၅) မိနိခန့်လားပါက အဖြူရွာအမည်ဟိသော ကုလားရွာဟောင်းနီရာသို့ ရောက်သည်။ ယင်းမှတဆင့် အနောက်စူးစူးကိုဦးတည်လျှက် ခရီးအတန်ငယ်လားလာပါက “မြို့တောင်” ဟုခေါ်သောအရပ်ကို ရောက်သည်။ မြို့တောင်အရပ်သည် ဝေသာလီခေတ်က တောင်ရင်းကျွန်း၏မြို့တည်ခရာ အရပ်ဖြစ်ကြောင်း ဆိုသည်။

တောင်တန်းသည် (ပ) စောက်သဏ္ဍန်ပတ်လည်ဝိုင်းပြီး မြောက်ဘက်ကိုလှည့်၍ တည်ဟိသည်။ ဤမြို့ကို ရှိက “၀ါးတောင်တောမြို့” ဟူ၍ ခေါ်ကြောင်းသိရသည်။ အနောက်ဘက်တောင်စွယ်၏တောင်ခြီရင်းကုန်းမြင့်တွင် ၀ါး (၂၀၀) ခန့်ကျယ်ပြန့်သော ကွင်းတကွင်း ဖြစ်နီသည်။ ဤနီရာကို နန်းရာကုန်းဟူ၍ ပြောဆိုနီကတ်သည်။ ဤနန်းရာကုန်း၏မြောက်ဘက် မနီးမ၀ီးတွင် မေကံယုံသင်္ချိုင်း၏အနောက်ဘက်တွင် ဝေသာလီခေတ်က ကိုးကွယ်ခသော စတူပါစေတီ အပိုင်းအစအနများကို တွိရသည်။ ယခင်က ဤအရပ်၌ စတူပါ (၄) ဆူဟိခကြောင်း သိရသည်။ သိုက်ဆရာများ မေကံယုံသင်္ချိုင်းတွင် သိုက်တူးသဖြင့် စတူပါများမှာ မပျက်စီးသင့်ပဲ ပျက်စီးလားခရသည်။ မသိနားမလည်သူရို့၏လုပ်ရပ်ကား ၀မ်းနည်းဖို့ကောင်းလီစွ။ ဤအရပ်သည် သိမ်ရာတခုဖြစ်နီပြီး စတူပါ ကျောက်စေတီငယ်များကိုတွိရသော သာသနိကနယ်မြီ ဖြစ်သည်။ ဤအရပ်မှ စတူပါများသည် သမိုင်းအတွက် သက်သီခံအထောက်အထားများဖြစ်သည်။ ဤမှနီ၍တခါ အနောက်ဘက် တောင်ကုန်းငယ်ကို (၁၅) မိနိခန့်အကြာ ဖြတ်ကျော်လိုက်သည့်အခါ ပြည်ရွာဟောင်းသို့ ရောက်သည်။ ပြည်ရွာဟောင်း၏တောင်ခြီရင်းတွင် ရှိကပင်လယ်ကမ်းစပ်ဖြစ်ခဟန်တူသော ပင်လယ်ဆိပ်ကမ်း ကျောက်တုံးကြီး များကို ထိုနိရာဒေနီရာ ပြန့်ကြဲစွာတွိမြင်ရသည်။

ဤပြည်ရွာဟောင်းမှ အနောက်ဘက်ခပ်လှမ်းလှမ်းသည်ကား ကစ္ဆပနဒီမြစ်ပင်တည်း။ ရှိကပြည်ရွာမှာ မြစ်ကမ်းဆိပ်တွင် ဟိခဟန်တူသည်။ မြီများပို့လားသဖြင့် ပြည်ရွာဟောင်းနှင့်မြစ်ကမ်းသည် တမိုင်ကျော်ခန့် ၀ီးကွာလျှက်ဟိ။ ကွင်းပြင်၌စိမ်းညိုသော စပါးခင်းများကို တွိမြင်ရသည်။ ပြည်ရွာဟောင်းသည် မြောက်ဦးခေတ်က ထွန်းကားခသော မြို့ပြပြည်ရွာတခုဖြစ်ကြောင်းသိရသည်။ ဤရွာ၏နယ်နမိတ် ကျယ်ပြန့်မှုကို ဤရွာဟောင်းတွင် တွိရသော ရီကန်ဟောင်းများက ဖော်ပြလျှက်ဟိသည်။ ဤအရပ်၌ ရီကန်ဟောင်း (၁၂) ကန်ကိုတွိရခြင်းက ပြည်ရွာ၏လူဦးရေနှင့် အိမ်ခြီကိုမှန်းဆနိုင်ပါသည်။ ပြည်ရွာဟောင်းနီရာ၏ အရှိဘက်တောင်ကုန်းတွင်ကား (မျက်လုံးတော်ဓါတ်) ဟုခေါ်သော စေတီတဆူကို တွိရသည်။ စက္ခုဓါတ်ဟု ခေါ်နီကတ်သည်။

ဤပြည်ရွာဟောင်းမှ မြောက်ဘက်သို့ လှမ်းမျော်ကြည့်လိုက်လျှင် ကစ္ဆပနဒီမြစ်၏အရှိဘက် ကမ်းနဖူးအနီးတွင် တည်ဟိသော မနော်သီရိရွာကို လှမ်းမြင်ရသည်။ အနောက်မြောက်ခယွန်းယွန်းသို့ လှမ်းမျော်ကြည့်ပါက သပ္ပါယ်ကြည်ညိုစရာကောင်းသော ဦးရာဇ်တောင်စေတီကို အ၀ီးကပင် ဖူးမြင်နိုင်သည်။ ဤအရပ်မှနီ၍ တောင်ဘက်သို့ (၁၅) မိနိခန့်အကြာ စုန်ဆင်းလာပါက တပ်မော်ရွာကိုရောက်သည်။ တပ်မော်ရွာမှာ မြောက်ဦးခေတ်က တိုင်းပြည်လုံခြုံရေးအတွက် မင်းဗာကြီး၏အစီအစဉ်အရ စစ်ရေးအချက်ပြစခန်းတခုဖြစ်သည်။ ယခု တပ်မော်ရွာနီရာမှာ ရွာသစ်ဖြစ်သည်။ ယခင်တပ်မော်ရွာဟောင်းသည် ကုလားတန်မြစ်ကမ်းနံဘေးတွင် တည်ဟိသည်။ တပ်မော်ရွာမှတခါ တောင်ဘက်သို့ လယ်ကွင်းပြင်ကိုဖြတ်၍ (၂၅) မိနိ ခန့်လမ်းလျှောက်လိုက်လျှင် ကြိမ်ခွေမော်ရွာကိုရောက်သည်။ ရှိက ကြိမ်ခုံကြိမ်ပျစ်တောများဖြင့် ထူထပ်သည်။ ရွာ၏အရှိဘက်တွင် ပေ (၃၀၀) ခန့်မြင့်မားသော တောင်တန်းတခုဟိသည်။ ထိုတောင်၌စေတီ (၅) ဆူဟိသည်။ မြောက်ဦးခေတ်လက်ရာ ဖြစ်ကြောင်းသိရသည်။ တောင်ဘက်ကစေတီကို (လက်မတော်ဓါတ်) ဟုခေါ်သည်။ ဓါတ်တော်၏စာရင်းနှင့် စီစစ်သင့်သည်။ ဤကြိမ်ခွေမော်ရွာ၏အရှိဘက်တွင်ကား အလျှားပေ (၂၀၀) ကျော်၊ အမြင့်ပေ (၄၀) ခန့်မြင့်သော ကျောက်တောင်တခုဟိသည်။ ဤတောင်၌ ဂူများကိုထွင်းလုပ်ထားသည်။ ကြိမ်ခွေမော်ဂူဖြစ်သည်။ ဂူများ၏မျက်နှာပြင်၌ နတ်တောင်ပြင်ဂူများမှာကဲ့သို့ ပန်းကွက်များကို မတွိရပေ။ ဂူအတွင်းထဲ၌ မျက်နှာကြက်ထုတ်တန်းပုံများ၊ ပန်းကွက်ပုံများကိုရာ တွိရသည်။

ဤအရပ်မှ အရှိဘက်သို့ (၁၀) မိနိခန့် လမ်းလျှောက်လားလျှင်ကား ကြိမ်ခွေမော်တောကျောင်းသို့ ရောက်သည်။ တောကျောင်းထဲ၌ စတူပါသုံးဆူကို တွိရပြီး ယင်းကို အရှိဘက်ကျားကြုတ်တောင်မှ ရွှိပြောင်းယူလခခြင်းဖြစ်သည်။ သည့်နောက် တောကျောင်းသိမ်ထဲ၌ ဥာဏ်တော် (၅) ပေ (၂) လက်မအမြင့်သော ကျောက်ဆင်းထုတော် တဆူဟိသည်။ ဤဆင်းထုမှာ ကြိမ်ခွေမော်ရွာ၏အရှိမြောက်ထောင့် ဘုန်းကြီးတောင်မှရသည်။ စေတီအတွင်းဂူထဲမှ ဆင်းထုတော်ဖြစ်သည်။ ကျောက်စေတီပြိုပျက်ရာမှ ရွှိပြောင်းယူလာခခြင်းဖြစ်သည်။ မြောက်ဦးခေတ်လက်ရာ ဖြစ်သည်။ ဥာဏ်တော်အမြင့် ၁၂ လက်မဟိသော ကြီးဆင်းထုတော်ငယ်တဆူကိုလည်း ဤကျောင်း၌တွိရသည်။ ဆင်းထု၏စမ္မခဏ်ပေါ်၌ စာရွီးပါဟိသည်။ စာရေးထိုးပါ သက္ကရာဇ်မှာ မင်းဖလောင်းမင်းလက်ထက်ကဖြစ်သည်။ ထို့အပြင် တောကျောင်းခြံဝင်းထဲမှလည်း ကျောက်ဆင်းထုငယ်တဆူကိုရသည်။ ဥာဏ်တော (၂၉) လက်မမြင့်သည်။ မြောက်ဦးခေတ်လက်ရာ ကျောက်ဆင်းထုတော်ဖြစ်သည်။ ခြုံ၍လေ့လာပါက ဤတောကျောင်း၌ ရှိဟောင်းသမိုင်းဝင်အထောက် အထားများသည် ဝေသာလီခေတ်နှင့် မြောက်ဦးခေတ်ကို ညွှန်ပြနီသည်။ ယင်းအပြင် ကြိမ်ခွေမော်ရွာ၏အရှိဖက် တန်းတင်တောင်တန်း တောင်ကုန်းမြင့်များ၌ ရှိဟောင်းသမိုင်းဝင်စေတီ အများအပြားကို တွိရသည်။ တချို့မှာ ပြိုပျက်၍လည်းကောင်း၊ တချိုကမှာ ခြုံအောင်း၍လည်းကောင်း တွိမြင်ရသည်။ စေတီများကို သုတေသနပြုလုပ်လေ့လာ၍ သမိုင်းကိုဖော်ထုတ်ပီးနိုင်မည်ဆိုက အကျိုးများစွာ ဟိနိုင်ပေသည်။ ကြိမ်ခွေမော်ရွာမှတဆင့် တောင်ဘက်သို့ မိနိ (၃၀) ခန့် လယ်တောကိုဖြတ်၍ လမ်းလျှောက်လားပါက အ၀ကန်၊ ကုတို့ဆိပ်သို့ရောက်သည်။ ချောင်းကို ကုတိုးဖြင့်ကူးပြီးမှ ရွာကိုရောက်သည်။ ယင်းမှတခါ အရှိတောင်ဘက်သို့ မိနိ (၃၀) ခန့် ခရီးဆက်ပါက တောင်ညိုဂူသို့ ရောက်သည်။ တောင်ညိုဂူမှ အနောက်တောင်ထောင့်အရပ်သို့ လှမ်းမျော်ကြည့်ပါက အုန်းပင်ဆိုင်းဆိုင်းဖြင့် သ၀င်ချောင်းရွာကို လှမ်းမြင်ရသည်။ သ၀င်ချောင်းဘုန်းကြီးကျောင်း၌ လေးမြို့ခေတ် ဆင်းထုငယ်တဆူကိန်းဝပ်လျှက်ဟိသည်။ သ၀င်ချောင်းရွာမှ အနောက်တောင်ထောင့် (၂) မိုင်ကျော်အကွာတွင်ကား တောင်းဖူးရွာဟိသည်။ တောင်းဖူးရွာမှ တောင်းဖူး ဆင်းထုတော်ကြီးမှာ အတိုင်းအတာ ဥာဏ်တော်ကြီးမားသည့် ဆင်းထုတော်တဆူဖြစ်ပြီး ကျော်ကြားသည်။ တောင်ညိုဂူသည် အရှိအနောက်တန်းနီသော တောင်တန်း၏မြောက်ဘက်မျက်နှာပြင်၌ တည်ဟိသည်။ တောင်တန်း၏အမြင့်မှာ (၂၂၄) ပေဟိသည်။ တမိုင်ကျော်ရှည်လျှားသည်။ မြီပြင်မှပေ (၄၀) ခန့်မြင့်သော တောင်တလတ်မျက်နှာပြင်ပေါ်တွင် ကျောက်ထွင်းဂူများကို အစီအစဉ်အတိုင်း ထွင်းဖောက်ထားသည်။

အရှိအနောက်ကျောက်ထွင်းဂူသည် ပေ (၁၅၀) ခန့် ရှည်လျှားသည်။ ဂူပေါက်များမှာ ဂူပေါက် (၄၂) ပေါက်ဟိပြီး အခန်းပေါင်း (၂၂) ခန်း ပါဝင်သည်။ ဤဂူမှာ တောင်ရင်းကျွန်း၌ အကြီးမားဆုံးဂူဖြစ်ပြီး ဂူကို ဘုရင်မင်းဗာကြီးက ကောင်းမှုပြုခကြောင်းသိရသည်။ ဤတောင်ညိုဂူမှတဆင့် မိနိ (၄၀) လယ်တောကိုဖြတ်၍ မြောက်ဘက်သို့လားရောက်ပါက မင်းဗာရွာကိုရောက်သည်။ ဤရွာ၏အရှိဘက်သိမ်ထဲ၌ မြောက်ဦးခေတ်လက်ရာ ကျောက်ဆင်းထုတော်တဆူဟိသည်။ ဥာဏ်တော် (၆၅) လက်မမြင့်သည်။ ယခုတည်ဟိနီသော မင်းဗာရွာသည် ရှိကတည်ခသော ရွာမဟုတ်။ ရွာသစ်ဖြစ်သည်။ ဤအရပ်မှမြောက်ဘက်သို့ မိနိ (၂၀) အကြာ ခရီးဆက်ပါက တန်းတင်တောင်ခြီရင်းအနီးတွင် ရှိကတည်ဟိခသော မင်းဗာရွာဟောင်းကို ရောက်သည်။ ဤရွာကို မင်းဗာဘုရင်တည်ထောင်ခသဖြင့် မင်းဗာရွာဟု ခေါ်တွင်နီခြင်းဖြစ်သည်။ မင်းဗာရွာဟောင်း အနီးဝန်းကျင်အရပ်၌ကား မြောက်ဦးခေတ်ကတည်ထားခသော စေတီပျက်၊ ဆင်းထုပျက်၊ ရီကန်ဟောင်းများကို မြင်နိုင်သည်။ မင်းဗာရွာဟောင်းမှမြောက်ဘက်အရပ်သည်ကား တောင်ရင်းကျွန်းတခိုတွင် နာမည်ကြီးသော တန်းတင်သျှင်မနတ်ကွန်း တည်ဟိရာအရပ်ဖြစ်သည်။ ယခုနတ်ကွန်းမှာ ဗောဓိပင်အဖြစ်ဟိနီသည်။ တန်းတင်သျှင်မသည် ရခိုင်ရို့၏နတ်ကိုးကွယ်မှုထဲတွင် စစ်နတ်ဒေ၀ီတပါးဖြစ်ကြောင်းသိရသည်။ တန်းတင်နတ်သည် ကျားရီကိုဝတ်ပြီး နွားပေါင်သားကိုရာ စားသုံးကြောင်း နတ်သာခြင်းများကဆိုသည်။ ဤအရပ်မှနီ၍ အရှိတောင်ဘက် ခပ်ယွန်းယွန်းသို့ လှမ်းမျော်ကြည့်လိုက်ပါက နီဝင်ညဇာ ပုဇွန်ဆီရောင်အောက်တွင် “ကပေါတဂီရိတောင်” ကို ကောင်းစွာလှမ်းမြင်ရသည်။ ယင်း၏တောင်ထိပ်ပေါ်၌ကား မြတ်ဗုဒ္ဓ၏သရီရ ဓါတ်မွီတော်တဆူဖြစ်သော လိုင်ရိုးတော်ဓါတ်စေတီတည်ဟိသည်။

ကျမ်းကိုး
၁။ အောင်လှသိန်း ။ ။တောင်ရင်းကျွန်း (ရခိုင်ညွှန့်ဖူး) အမှတ် (၂)
၂။ မောင်ဗသိန်း ။ ။ပေါက်တောမြို့နယ်အကြောင်းသိကောင်းစရာ။ ပေါက်တောရွှေမြီ မဂ္ဂဇင်းအမှတ် (၁)
၃။ ဦးမင်းအောင် ။ ။နာဂဒီပရာဇ၀ံသသင်္ခေပကျမ်း
၎။ မင်းပြားမင်းသိန်းဇံ။ ။၂၀-၁၀-၂၀၀၀ နိနှင့် ၂၁-၁၀-၂၀၀၀ နိက တောင်ရင်းကျွန်းတပတ်လေ့လာမှုမှတ်တမ်း

အခန်း (၅)

တောင်ရင်းကျွန်း၏ရှိဟောင်းနှောင်းဖြစ်

ရခိုင်ရို့၏ရှိဟောင်းသမိုင်းဝင်အရပ်ဌာနတခုဖြစ်သော တောင်ရင်းကျွန်းသည် ပင်လယ်နှင့်နီးကပ်စွာတည်ဟိသည့် ကျွန်းတကျွန်းဖြစ်သည်။ ဤကျွန်းအရပ်သည် ကစ္ဆပနဒီမြစ်ဟုခေါ်တွင်သည့် ကုလားတန်မြစ်နှင့် အဉ္ဇနနဒီဟုခေါ်သော လေးမြို့မြစ်ရို့၏နှစ်ခုအကြား မြစ်ဝအောက်ပိုင်းတွင် တည်ဟိသည်။ တောင်ရင်းကျွန်း၏ အနောက်ဘက်တွင် တငြိမ့်ငြိမ့်စီးဆင်းနီသော ကစ္ဆပနဒီမြစ်နှင့် ငပြီကျွန်းကိုတွိရသည်။ မြောက်ဘက်တွင်ကား မဟိန်မြစ်၊ ဘောတာချောင်းရို့ ပိုင်းခြားတည်ဟိသည်။ အရှိအရပ်နှင့် တောင်ဘက်အရပ်ရို့တွင် အရှိမြောက်ထောင့်အရပ်မှသည် အနောက် မြောက်ထောင့်အရပ်သို့ စီးဆင်းသော ကျွဲကူးမြစ်ဟိသည်။ ကျွန်း၏အလယ်ပိုင်းသည် ကျယ်ပြန့်ပြီး (၁၄) မိုင်ခန့်ဟိနီသည်။ ကျွန်း၏မြောက်ပိုင်းနှင့် တောင်ပိုင်းရို့မှာကား ငယ်လားပြီး (၇) မိုင်၊ (၈) မိုင်ခန့်ဟိသည်။

ကျွန်းတခုလုံး၏အကျယ်သည် ဧရိယာစတုရန်းမိုင် (၁၇၀) မိုင်ခန့် ကျယ်ဝန်းပါသည်။ ကျွန်း၏အလယ်လောက်တွင် အရှိမြောက်အရပ်မှသည် အနောက်မြောက်အရပ်သို့ သွယ်တန်းနီသည့် (၇) မိုင်ကျော်ရှည်လျှားသော (တန်းတင်) တောင်တန်းကြီးက တည်ဟိသည်။ ဤတောင်တန်းကြီးကိုမှီ၍ ရှိကလူနီမှု အခြီချရာရပ်ရွာများ အသီးသီး ပေါ်ထွန်းခဖူးသဖြင့် ကျွန်း၏အမည်ကို (တောင်ရင်း) ကျွန်းဟူ၍ အမည်တွင်လာဟန်ဟိသည်။ အထူးသဖြင့် ကျွန်းအရပ်တည်ဟိရာအရပ်၌ နောက်ပိုင်းတွင်ပေါက်တောမြို့တည်လာရာ ပေါက်တောမြို့သည်ပင်လျှင် တောင်ရင်းကျွန်း၏ သမိုင်းဝင်အရပ်ဌာနတခု ဖြစ်လာလတ်သည်။

အင်္ဂလိပ်ခေတ်အနီအထား

တောင်ရင်းကျွန်းအရပ်တွင်တည်ဟိသော ပေါက်တောမြို့သည် ဗြိတိသျှအင်္ဂလိပ်ခေတ်တွင် ပေါ်ထွန်းလာသော မြို့တမြို့ဖြစ်သည်။ ခရစ် (၁၈၇၇) ခုနှစ် တွင် ဦးရာဇ်တောင်အရှိမြို့နယ်ဟုခေါ်တွင်ပြီး မြို့ဟောင်း (မြောက်ဦး) မြို့နယ်ခွဲအပိုင်းတပိုင်းအဖြစ် ဖွဲ့စည်းထားခသည်။ ယင်းမတိုင်မီ ပေါက်တောမြို့သည် ကျွန်းရွာတရွာ၏ အဆင့်ဖြင့်ဖြစ်သည်။ ခရစ် (၁၇၈၄) ခုနှစ်တွင် ရမ်းဗြဲဇင်ချောင်းကျွန်းရွာမှ ရွာစားကြီးမိသားစုသည် ဤအရပ်သို့ ရွှိပြောင်းလာပြီး သရွဲရွာသူကြီး၏ ကျွဲနွားစားကျက်မြီဖြစ်သော (ပေါက်တော) ကွင်းကို ငွေဒင်္ဂါး (၃၅) ပြားဖြင့် ၀ယ်ယူကာရပ်ရွာအဖြစ်တည်ထောင်သည်။ ထိုမှ လူဦးရေအိမ်ခြီ တဖြည်းဖြည်းများပြားလာပြီး ပေါက်တောကွင်းကို အမှီပြုကာ ပေါက်တောမြို့ဟုသတ်မှတ်လျှက် မြို့အုပ်ချုပ်ရေးကို စတင်ခခြင်းဖြစ်သည်။ စစ်တွေဂဇတ်တီယာကို ကိုးကား၍ဖော်ပြရလျှင် ခရစ် (၁၉၁၁) ခုနှစ် စာရင်းအရ ပေါက်တောမြို့၏ အိမ်ခြီစုစုပေါင်းသည် (၁၅၈) ဆောင်ဟိပြီး လူဦးရေမှာ (၆၃၂) ဖြစ်သည်။ ထို့ကြောင့် တောင်းရင်းကျွန်းအရပ်သည် အင်္ဂလိပ်ခေတ်က ပေါက်တောမြို့ကိုအခြီခံလျှက် မြို့ပြအုပ်ချုပ်ရေး ကိုစတင်ကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးစသည်များမှာ အင်္ဂလိပ်မင်း အုပ်ချုပ်မှု လက်အောက်၌ရာ ဟိခသည်။ (အင်္ဂလိပ်ခေတ်ဦးပိုင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့်ပေါက်တောမြို့နယ်မှ အချက်အလက်တချို့ကို ဤစာအုပ်၏အခန်း (၃) ၌ သီးသန့်ဘာသာပြန်ဖော်ပြထားရာ ယင်း၌ လေ့လာဖတ်ရှုနိုင်ပါသည်။)

မြောက်ဦးခေတ်အနီအထား

ထိုမြောက်ဦးခေတ်သည် ခရစ် (၁၄၃၀) ခုနှစ်မှ (၁၇၈၄) ခုနှစ်ထိ နှစ်ပေါင်းသုံးရာကျော်ထွန်းကားခသည်။ ဤခေတ်၌ မြောက်ဦးခေတ်၌ ဘုရင် (၄၉) ပါးက အသီးသီးနန်းစံ အုပ်ချုပ်ခသည်။ ထိုအချိန်က တောင်ရင်းကျွန်းသည် ရခိုင်ပြည် (၄၄) ကျွန်း စီမံအုပ်ချုပ်မှုအောက်၌ဟိခသည်။ တောင်ရင်းကျွန်း အရပ်တွင် ကနိတိုင် တွိမြင်ရသော သရွဲရွာ၊ ကျောက်ဆိပ်ရွာ၊ ဒါးကိုင်ရွာ၊ ပြည်ရွာဟောင်း၊ တပ်မော်ရွာ၊ ကြိမ်ခွေမော်ရွာ၊ မင်းဗာရွာရို့မျာ မြောက်ဦးခေတ်ထွန်းကားစဉ်က ပေါ်ပေါက်ခသော ရပ်ရွာဒေသများဖြစ်သည်။

အထူးသဖြင့် မြောက်ဦးခေတ်လယ်က မင်းဗာသည် အိမ်နိမ့်ဘ၀ စစ်သူကြီးရာထူးဖြင့် တောင်ရင်းကျွန်းတွင် နီထိုင်ဖူးခသည်။ မင်းဗာကြီးပြုစု တည်ထောင်ပီးခသော မင်းဗာအမည်ဟိရွာကို တန်းတင်တောင်ကြီး၏ တောင်ဘက်တောင်ခြီရင်းတွင် တွိပါသည်။ ရခိုင်သမိုင်းတွင် မြောက်ဦးခေတ် စစ်ရေးအရ တောင်ရင်းကျွန်းမှာ များစွာအရေးပါသည်။ တောင်ရင်းကျွန်းသည် ပထ၀ီအနီအထားအရ ကုလားတန်မြစ်ဝမြီနုကျွန်းပေါ်လုံခြုံရေး၌ အချက်အချာကျရောက်သည်။ မြောက်ဦးမြို့သို့ စစ်ချီတက်သည့်လမ်းကြောင်းဝဖြစ်သည်။ တပ်မြို့ကို တောင်ရင်းကျွန်း၏အနောက်ဘက် ကုလားတန် မြစ်ဝအနီးတွင်ချထားခသည်။ တပ်ချထားခရာအရပ်ကို ယခုတိုင် တပ်မော်ရွာဟုခေါ်တွင်သည်။ ဤတပ်သည် ဦးရာဇ်တောင်တပ်ပြီးလျှင် စစ်ရေးအရ ဒုတိယအရေးကြီးဆုံးဖြစ်သည်။ ထို့ကြောင့် တောင်ရင်းကျွန်းသည် စစ်ရေးအရ မြောက်ဦး ခေတ်တွင် အရေးကြီးသည့် ဂွင်တခုဖြစ်သည်။

ရပ်ရွာတည်ထောင်လူနီမှုကိုအခြီခံ၍ မြောက်ဦးခေတ်အတွင်းက တောင်ရင်းကျွန်းအရပ်သည် ဘာသာရေးနှင့်ပတ်သက်၍ စည်ပင်ထွန်းကားမှု ဟိကြောင်းကို သာသနိကအထောက်အထားများကို လေ့လာ၍သိမြင်နိုင်သည်။ မင်းဗာဘုရင် တည်ထောင်ခသော ကျောက်ထွင်းဂူရို့ကိုလည်းကောင်း၊ ကြိမ်ခွေမော်ရွာအနီးဝန်းကျင် ဘုရားကျောက်ဆင်းထု၊ ကြီးဆင်းထုနှင့် စေတီပုထိုများသည်လည်းကောင်း၊ ကျောက်ဆိပ်ရွာအနီးဟိ ဘုရား ကျောက်ဆင်းထုနှင့် စေတီပုထိုးများသည်လည်းကောင်း၊ အခြားအခြားသောတွိရသည့် ရီကန်ဟောင်းများ၊ သိမ်ဟောင်းနီရာများ၊ ဆင်းထုတော် အကြွင်းအကျန်များ စေတီပုထိုး အကြွင်းအကျန်များက မြောက်ဦးခေတ်၏ဗုဒ္ဓဘာသာထွန်းကားမှု အနီအထားကို ဖော်ပြနီသည်။

ထို့ကြောင့်တောင်ရင်းကျွန်းအရပ်သည် မြောက်ဦးခေတ်ကာလအတွင်းက ဘာသာကိုးကွယ်မှု၊ စစ်ရေးစစ်ရာ၊ ကူးသန်းရောင်းဝယ်ရေးစသည်ရို့မှာ ရွှေရောင်လွှမ်းမိုးသော မြောက်ဦးခေတ်ကာလတွင် တိုးတက်ခကြောင်း တွိရသည်။

လေးမြို့ခေတ်အနီအထား

မြောက်ဦးခေတ်သည် လေးမြို့ခေတ်မှ ဆင်းသက်လာသည့် ခေတ်တခေတ်ဖြစ်၍ မြောက်ဦးခေတ်မှနီ၍ နောက်သို့တလှမ်းဆုတ်လျှင် လေးမြို့ခေတ်ကို တွိရသည်။ လေးမြို့ခေတ်သည် အဉ္ဇနနဒီခေါ်လေးမြို့မြစ်ကိုဗဟိုပြု၍ ထွန်းကားခသော ခေတ်ကြီးတခေတ်ဖြစ်သည်။ ဤအရပ်၌ ထင်ရှားသောမြို့လေးမြို့ ပေါ်ထွန်းခသည်။ ဤခေတ်သည်အေဒီ (၈၁၈ မှ ၁၄၃၀) ခုနှစ်အထိ နှစ်ပေါင်း (၆၁၂) နှစ်အကြာ ထွန်းကားခသည်။ မင်းပေါင်း (၆၁) ပါးစိုးစံခသည်။ လေးမြို့ခေတ်တွင် ဒဿရာဇာမင်းကြီးနန်းစံ အေဒီ (၁၃၂၃-၁၃၂၉) သည် တောင်ရင်းကျွန်းမှနီ၍ နီပြည်တော်ပုရိန်မြို့ကိုဖြတ်ကာ မဟာမုနိဘုရားအရောက် မင်းလမ်းမကြီး ဖောက်လုပ်ခကြောင်း အဆိုဟိသည်။

ထိုခေတ်က တောင်ရင်းကျွန်းသည် လေးမြို့ခေတ်ထွန်းကားရာအရပ်များနှင့် ကူးလူးဆက်နွယ်မှုဟိခသည်။ တောင်ရင်းကျွန်း သ၀င်ချောင်းရွာတွင် တွိမြင်ရသော အမြင့် (၈) လက်မဟိသည့် ဆင်းထုတော်တဆူမှာ လေးမြို့ခေတ်လက်ရာဖြစ်သဖြင့် ဤကျွန်းအရပ်၌လည်း လေးမြို့ခေတ် အထောက်အထားအချို့က တောင်ရင်းကျွန်း၌ ဘာသာရေးနှင့်အတူ လူမှုရေးထွန်းကားနီမှုကို ဖော်ပြလျှက်ဟိသည်။

ဝေသာလီခေတ်အနီအထား

လေးမြို့ခေတ်မှနောက်သို့ဆုတ်ကြည့်လျှင် ဝေသာလီခေတ်ဖြစ်သည်။ ဝေသာလီခေတ်သည် အေဒီ (၄) ရာစုမှ (၈) ရာစုအထိ ထွန်းကာခသည်။ ဝေသာလီခေတ်ယဉ်ကျေးမှုစာပီအဆင့်အတန်းမှာ မြင့်မားခကြောင်းကို အထောက်အထားများအရသိရသည်။ အာနန္ဒစန္ဒြကျောက်စာ၌ ဝေသာလီပြည် သည် နတ်ပြည်ကို ပျက်ရယ်ပြုနိုင်လောက်အောင်သာယာသည် ဟုဆိုထားသဖြင့် ဝေသာလီခေတ်က မည်သည်လောက် စည်ပင်တိုးတက်ခသည်ကို ဤကျောက်စာအရသိမြင်နိုင်သည်။ ဝေသာလီခေတ် ဘာသာရေးကိုးကွယ်မှုနှင့် စပ်လျှဉ်းသော သမိုင်းရုပ်ကြွင်း အထောက်အထားများမှာ စတူပါ ကျောက်စေတီငယ်များပင် ဖြစ်သည်။ ဝေသာလီခေတ်အတွင်း ကိုးကွယ်ခသော စတုပါကျောက်စေတီငယ်များကို ယခုအခါ ရခိုင်ပြည် အနှံ့၌တွိမြင် ရသည်။

တောင်ရင်းကျွန်းအရပ်၌ စတုပါသုံးဆူကို ကြိမ်ခွေမော်ရွာတောကျောင်း၌ တွိရသည်။ နောက်စတူပါများကိုလည်း မေကံယုံသချိုင်းဟူသောအရပ်တွင် တွိရသည်။ ဤကျောက်စတူပါစေတီငယ်များသည် တောင်ရင်းကျွန်း၏ ဝေသာလီခေတ်လွှမ်းမိုးမှုကို ဖော်ပြနီသည်။ တောင်ရင်းကျွန်းအရပ်သည် အေဒီလေးရာစုမှ သျှစ်ရာစုကာလအတွင်း စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးရို့မှာ တိုးတက်မြင့်မားထွန်းကားလျှက်ဟိကြောင်း သိမြင်နိုင်သည်။

ဓည၀တီခေတ်အနီအထား

ဝေသာလီခေတ်မှတခါနောက်သို့တလှမ်းပြန်ဆုတ်လျှင် ဓည၀တီခေတ်ဖြစ်သည်။ ဓည၀တီခေတ်သည် ရခိုင်သမိုင်းတွင် ရှည်လျှားသော သမိုင်းစဉ်ဖြစ်သဖြင့် ဤခေတ်ကို ပထမဓည၀တီခေတ်၊ ဒုတိယဓည၀တီခေတ်၊ တတိယဓည၀တီခေတ်ဟူ၍ သုံးပိုင်းခွဲထားသည်။ ဓည၀တီခေတ်နှင့် တောင်ရင်းကျွန်းသမိုင်းကို ဆက်စပ် လေ့လာကြည့်သည့်အခါမှာ ဘာသာရေးနှင့်ဆိုင်သော အထောက်အထားများကိုလည်း တွိလာရသည်။ တတိယဓည၀တီခေတ်အစတွင် ဗုဒ္ဓမြတ်စွာဂေါတမသည် ရခိုင်ပြည်သို့ ကြွရောက်ခပြီး ရခိုင်ရို့သည် ဘီစီ (၆) ရာစုမှစ၍ ဗုဒ္ဓဘာသာဝင်များဖြစ်လာ သည်။ ထို့နောက် တတိယဓည၀တီခေတ် သူရိယစက္ကမင်းလက်ထက် ဘီစီ (၅) ရာစုတွင် မြတ်ဗုဒ္ဓ၏ဓါတ်မွီတော်များက ရခိုင်ပြည်သို့ကြွရောက်လာသည်။ သူရိယစက္ကမင်းသည် ရောက်ဟိလာသော သရီရဓါတ်တော်များကို ရခိုင်ပြည်အနှံအပြား၌ဌာပနာ၍ စေတီတည်ထားခသည်။ တောင်ရင်းကျွန်းအရပ်၌ လိုင်ရိုးတော်ဓါတ်အပြင် အခြားအခြားသောဓါတ်မွီတော်များက ဤကျွန်းအရပ်၌ ကိန်းဝပ်လျှက်ဟိသည်။ ထို့ကြောင့် ဤတောင်ရင်းကျွန်းအရပ်သည် ထိုအချိန်ကပင်စ၍ ဘာသာရေးကိုးကွယ်မှုနှင့် ထပ်တူလူနီမှုစနစ် ထွန်းကားခပြီဖြစ်သည်။ အချုပ်အားဖြင့် တင်ပြဆွေးနွေးရလျှင် တောင်ရင်းကျွန်းသည် ယခုမှရာ ပေါ်ပေါက်လာသောကျွန်းအရပ်မဟုတ်ပဲ ခေတ်အဆက်ဆက် သမိုင်းအထောက်အထားအရ ရှိကျသော ကျွန်းတကျွန်းဖြစ်ကြောင်းကို သိရသည်။

တောင်ရင်းကျွန်းမှ တွိရသော စာပီအထောက်အထား

သမိုင်းရုပ်ကြွင်းအထောက်အထားများကို လေ့လာကြည့်ခြင်းအားဖြင့်လည်း ရခိုင်ရို့ဖြတ်သန်းလာခသည့် ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ ခေတ်၊ မြောက်ဦးခေတ်၊ အင်္ဂလိပ်ခေတ်စသည့်ခေတ်များ၏ အထောက်အထားများကို ခိုင်လုံစွာတွိရသဖြင့် ဤကျွန်းအရပ်သည် ရခိုင်သမိုင်း အဆက်ဆက် ခေတ်အဆက်ဆက်ကပင် တည်ဟိနီခကြောင်း သိသာထက်ရှားသည်။

ကျမ်းကိုး
၁။ ဦးစံသာအောင် ။ ။ အာနန္ဒစန္ဒြသျှစ်ရာစုရခိုင်ဝေသာလီမင်း
၂။ မောင်ဗသိန်း ။ ။ ပေါက်တောမြို့နယ်အကြောင်းသိကောင်းစရာ။ (ပေါက်တောရွှေမြီ မဂ္ဂဇင်းအမှတ်-၁)
၃။ အောင်လှသိန်း ။ ။ တောင်ရင်းကျွန်း (ရခိုင်ညွန့်ဖူး-၂)
၎။ မင်းပြားမင်းသိန်းဇံ ။ ။ တောင်ရင်းကျွန်းကွင်းဆင်းလေ့လာမှု မှတ်တမ်း။
၅။ Mr. R. B smart Burma Gazetteer, Akyab, District Volume (A) Page 221.222

အခန်း (၆)

ရခိုင်လူမျိုးနှင့်မြို့ဆက်နန်းဆက်

ရခိုင်လူမျိုးရို့၏ဗုဒ္ဓဘာသာအကြောင်းကို ရွီးသားမတင်ပြခင် ယင်းနှင့်ဆက်စပ်လျှက်ဟိသည့် ရခိုင်လူမျိုး တွင်ခေါ်ခြင်း၊ ရခိုင်ပြည်ဟူ၍တွင်ခေါ်ခပုံ၊ ရခိုင်လူမျိုးဆင်းသက်လာရာဒေသ၊ စသည်ရို့၏ အကြောင်းကိုလည်း သိဟိထားဖို့လို သည်ဟုထင်ပါသည်။ သို့ဖြစ်၍ ဤအခန်း၌ ယင်းရို့၏အကြောင်းကို အကျဉ်းချုံ့၍ အနည်းငယ် တင်ပြလိုပေသည်။

သုဝဏ္ဏပူရပြည်၊ ရမ္မသုဝဏ္ဏပူရပြည်၊ အယုဇ္ဈပူရပြည်၊ ရက္ခပူရပြည် (သို့မဟုတ်)ဓည၀တီပြည်ဟူ၍ အမည်ဟိလတ်သည်။ “မဟာဝိဟိံကတိုင်း” ဟူ၍လည်း ခေါ်ဆိုသည်။ ယင်းသို့ နာမတံဆိပ်ခပ်နှိပ် တည်ဟိသောကြောင့် ရခိုင်သမိုင်းမှာ ကာလရှည်ဝီးလာလတ်ပြီ။ ရခိုင်ပြည်သည်ကား သီးခြားပထ၀ီရီမြီဖြင့် နိုင်ငံတနိုင်ငံလူမျိုးတမျိုးအဖြစ် အခြီချနီထိုင်စံပျော်ရာ ဌာနတခုဖြစ်သည်။ အီးမြသာယာဝပြောရကား နတ်ပြည်တမျစံနှိုင်း ခံရကြောင်းဆိုသည်။ ရခိုင်လူမျိုးရို့မှီတင်း နီထိုင်လာသည်နှင့်အမျ အုပ်ချုပ်မှုမှာလည်း ရှည်ကြာညောင်းခသည်။ ထို့ကြောင့် သမိုင်းမတင်မှီခေတ်ကပင် ထီးနန်းမြို့ပြတည်ထောင်ခသဖြင့် မြို့သက်၊ နန်းသက်မင်းဆက်ရို့မှာလည်း များပြားလှသည်။ ရခိုင်သမိုင်းအဆိုအရ ရခိုင်ရှိဦးဝေသာလီမြို့တွင် ဗြဟ္မာဏရာဇာကစ၍ ဗြဟ္မာသိဒ္ဓိမင်း (၂၆) ဆက်။ (တနည်း -၂၉- ဆက်)။ နန်းသက် (၁၉၉၀) ရှည်လျှားသည်။ ခရစ်မပေါ်မီ ဘီစီ (၅၃၁၅) မှ ဘီစီ (၃၃၂၅) အထိကာလတိုင်သည်။

ထို့နောက် မာရယုမင်းသည် ပထမဓည၀တီမြို့ကို တည်ထောင်၍ မင်းဆက် (၅၇) ဆက်နှစ်ပေါင်း (၁၈၁၆) ခုနှစ် (ဘီစီ ၃၃၂၅ မှ ဘီစီ ၁၅၀၈) အထိဖြစ်သည်။ ပြီးနောက် ဒုတိယဓည၀တီခေတ်တွင် ကမ္မရာဇာမင်းမှ သီရိရာဇာမင်းအထိ မင်းဆက် (၂၈) ဆက် နှစ်ပေါင်း (၉၂၇) နှစ်ဖြစ်၍ (ဘီစီ ၁၅၀၇ မှ ၅၈၀) အထိ ကာလတိုင်သည်။ တတိယဓည၀တီခေတ်ကို စန္ဒသူရိယမင်းအစ သူရိယကေတုမင်းအထိ (၂၅) ဆက်၊ နန်းသက် (၉၀၆) နှစ် (ဘီစီ ၅၈၀ မှ အေဒီ ၃၂၆) ထိ ကာလတိုင် ကြာသည်။ ထို့ကြောင့် ရခိုင်ရှိဦး ဝေသာလီခေတ်ကစ၍ ရခိုင်မင်းများသည် လွန်ခသောနှစ်ပေါင်း (၇၀၀၀) ကျော်ကစ၍ မြို့ပြထီးနန်းများတည်ခသည်။

ဓည၀တီမြို့ကို စတင်တည်ထောင်ခသော မာရယုမင်းဆိုလျှင် ဆူမာရီယံရို့ပေါ်ချိန် ဘီစီ (၃၃၂၆) ခုနှစ်နှင့် ခေတ်ပြိုင်ကျသဖြင့် ထိုခေတ်မြို့ပြတည်ထောင်မူကာလကို ကမ္ဘာ့သမိုင်းနှင့်ချိန်ဆကြည့်နိုင်သည်။ ထို့ကြောင့် ရှိဦးမြို့ပြထီးနန်းမှာ သာမန်ရပ်စုအဆောက်အအုံမျှ ဟိနိုင်မည်ဟု ခန့်မှန်းယူဆရသည်။ ဓည၀တီခေတ် ကုန်ဆုံးလားပြီးသည့်နောက်မှာကား ဝေသာလီ ကျောက်လှကားခတ်ပေါ်ထွန်းလာခသည်။ အေဒီ (၃၂၇) မှ (၈၁၈) အထိဖြစ်သည်။ ဤခေတ်၌စန္ဒြားမင်းများ စိုးစံခကတ်သည်။ တိုင်းပြည်အလွန် စည်ပင်ဝပြောသာယာခကြောင်းကို အထောက်အထားများအရသိနိုင်သည်။

ဝေသာလီခေတ် ကုန်ဆုံးပြီးနောက် လေးမြို့ခေတ်သို့ရောက်သည်။ လေးမြို့ခေတ်သည် အေဒီ (၈၁၈) မှ (၁၄၃၀) အထိဖြစ်သည်။ လေးမြို့ခေတ်တွင် စမ္ပ၀က်၊ ပဉ္စာ၊ ပုရိန်၊ ခြိတ်၊ နေရဉ္စရာ၊ လောင်းကြက်စသည့် မြို့များထွန်းကားသည်။ အေဒီ (၁၄၃၀) ခုနှစ်သို့ ရောက်ဟိလာသည့်အခါမှာ မင်းစောမွန်သည် လောင်းကြက်မြို့မှ ရွှိပြောင်း၍ မြောက်ဦးမြို့ကို စတည်ထောင်သည်။ မြောက်ဦးခေတ်ကို ပထမမြောက်ဦး၊ ဒုတိယမြောက်ဦး၊ တတိယမြောက်ဦးဟူ၍ သုံးပိုင်းခွဲဖော်ပြသည်။ မြောက်ဦးခေတ်၌ မင်းပေါင်း (၄၉) ဆက်နန်းစံနှစ်ပေါင်း (၃၅၄) နှစ်ရှည်ကြာပြီး (၁၇၈၄) ခုနှစ်တွင် ရခိုင်ထီးနန်းအရေးနိမ့်သည်။ ယင်းနောက် (၁၈၂၄) ခုနှစ်တွင် ဗြိတိသျှလက်အောက်သို့ ကျရောက်သည်။

အခန်း (၇)

ရခိုင်သို့ဗုဒ္ဓသာသနာဝင်ရောက်လာခြင်းနှင့် ခေတ်အဆက်ဆက်ထွန်းကားမှု

ရခိုင်ပြည်သို့ ဗုဒ္ဓသာသနာတော်ဝင်ရောက်လာခြင်းသည် မြတ်ဗုဒ္ဓဂေါတမ ရခိုင်ပြည်သို့ရောက်ဟိလာသည့်အချိန်မှ စတင်သည်။ ဘုရားသျှင်သည် မဟာသက္ကရာဇ် ၁၂၃ခု ကဆုန်လ္ဆန်း (၈) ရက်။ အချို့ကျမ်း၌ တပို့တွဲလပြည့်နိ၌ နောက်ပါရဟန်း ၅၀၀ ခြံရံလိုက်ပါလျှက် ဓည၀တီရခိုင်ပြည်သို့ကြွရောက်ပြီး ဂစ္ဆပနဒီမြစ်၏အရှိဘက်ကမ်းဖြစ်သော သေလာဂီရိကျောက်တော်တောင်၌ ဆင်းသက်ရပ်တန့်သည်။ စန္ဒသူရိယမင်းကြီးသည် ဓည၀တီမြို့မှ (၅) မိုင်ခန့်ဝီးသော သေလာဂီရိတောင်၌ ဘုရားမြတ်သျှင်ကြွရောက်၍ ရပ်တန့်နီသည့်သတင်းကိုကြား၍ ခရီးဦးကြိုဆိုရန် လားရောက်သည်။ ဘုရားသျှင်၏တရားဒေသနာ နာကြားရသဖြင့် ဘုရင်မင်းမြတ်အပါအ၀င် ယောက်ျားမိန်းမ (၁၀၀၀) သောတာပန်တည်သည်။ မင်း၏နှမတော် မိဖုရားဥဒုမ္ဗရဒေ၀ီ (ပဒုမ္ဗ၀တီ)၊ သမီးတော်သုရုမာရို့ ဘိက္ခုနီထေရီ ရဟန္တာမဖြစ်သည်။ ဘိက္ခုထေရာ ရဟန္တာယောက်ျားလည်း (၂၀၀) ကျော်ဖြစ်သည်။ ထို့နောက် စန္ဒသူရိယမင်းက ဘုရားသျှင်အား ဓည၀တီနန်းတော်သို့ပင့်ဖိတ်လျှက် ခုနှစ်ရက်ပတ်လုံး မြို့တော်သီရိဂုတ်တောင်၌ မဏ္ဍပ်ဆောက်လုပ်၍ပူဇော်သည်။ ဘုရားသျှင်က တရားဟောသဖြင့် တိုင်းနီပြည်သူတသိန်းရို့မှာ သရဏဂုံ ပဉ္စသီတရားတည်ကုန်သည်။

နန်းတော်တောင်ဘက်မနီးမ၀ီးအရပ်၌ ကျောင်းဆောက်လုပ်လှူဒါန်းရန် လျှောက်ထားသည်ကိုပယ်မြစ်လျှက် နုစဉ်ဘ၀ကကျင်လည်ခဖူးရာ ၀က်သတိုးတောင်ကိုညွှန်ပြ၏။ ထိုတောင်၌ပင် ရွှေကျောင်းဆောက်လုပ်လှူဒါန်း၏။ ဘုရားသျှင်က မကြာမှီ ပြန်ကြွရမည်ဖြစ်သဖြင့် စန္ဒသူရိယမင်းသည် ဘုရားသျှင်အားကိုးကွယ်ရန် ကိုယ်စားဆင်းထုတဆူ သွန်းလုပ်ခွင့်ပြုရန် လျှောက်ထားသည်။ ဘုရားသျှင်လည်းခွင့်ပြုသဖြင့် ဘုရားသျှင်၏ ရင်ငွေ့တော်ဖြင့် မဟာမုနိရုပ်သျှင်တော်ကို သွန်းလုပ်ပြီးစီးသည်။ မဟာမုနိရုပ်သျှင်တော်မှာ ဗုဒ္ဓ၏ရင်ငွေ့တော်ဓါတ် ထည့်သွင်းခသောကြောင့် မဟာမုနိရုပ်သျှင်တော်ဓါတ်ဟူ၍လည်းကောင်း၊ မဟာမုနိသွန်းစက်တော်ဟူ၍ လည်းကောင်း ယခုတိုင်ခေါ်တွင်သည်။

ထိုအချိန်မှစ၍ ရခိုင်လူမျိုးများသည် ဗုဒ္ဓဘာသာဝင်များဖြစ်လာသည်။ ဓည၀တီ ရခိုင်ပြည်၌ သာသနာပြုရန် ရဟန္တာအသျှင်ဗာကုလာအပါအ၀င် (၂၁) ပါး မဟာရာဇ၀င်၌ အရိယာသံဃာ (၂၀၀) ကိုလည်း ထားခသည်ဆို၏။ သူရိယစက္ကမင်းလက်ထက် သွန်းလုပ်ခသည့် စန္ဒမုနိဆင်းထုတော်ကိုကား ကနိတိုင်ဖူးမြင်နိုင်ပေသည်။

သာသနာတော်ပြန့်ပြောစီခြင်းငှာ ဓည၀တီခေတ်၌ မဟာမုနိဘုရားအရပ်၌ ၀ိနည်းဓိုရ်ကျောင်းဟိကြောင်းသိရ၏။ ထိုကျောင်း၌သီတင်းသုံးနီသော နန္ဒသီရိမထေရ်သည် ၀ိနည်းထေရ်ဆရာတော်ဖြစ်၏။ ဓည၀တီခေတ်၌ သီဟိုဠ် (သီရိလင်္ကာ) သို့ သာသနာပြုခကြောင်းကိုလည်း မှတ်တမ်းများအရ သိရ၏။ သူရိယသီရိမင်းလက်ထက် အေဒီ (၂၀၁) ခုတွင် ဇိနမာန်အောင် ဆရာတော်သည် အဖော် (၁၂) ပါး ဖြင့် သီဟိုဠ်သို့ သာသနာပြုရန် ကြွရောက်ဖူး၏။ အထူးသဖြင့် စန္ဒသူရိယမှ အနွယ်ခြောက်ဆယ်မြောက် သူရိယစက္ကမင်းလက်ထက်တွင် အာသောကမင်းကြီး ပီးပို့သည့် မြတ်ဗုဒ္ဓ၏ဓါတ်မွီတော်ရို့ကို လက်ခံရဟိသဖြင့် ယင်းအချိန်ကပင် ရခိုင်ပြည်အနှံ့ စေတီပုထိုး ကိုးကွယ်မှုစတင်ခ၏။ ဝေသာလီမြို့တော်ကို တည်ထောင်သော မဟာစန္ဒြားမင်းကြီးလက်ထက်တွင် သီလ၀န်၊ ဂုဏ၀န်၊ ထေရ်မွန်၊ မထေရ်ကြီးရို့မှာ (၁၀၀၀၀) မျ ဟိသည်ဆိုသဖြင့် ဝေသာလီ ခေတ်ဦး သာသနာတော် စည်ပင်ခသည်ကို သိသာပါသည်။

အာနန္ဒစန္ဒြကျောက်စာအရ ဝေသာလီခေတ်သာသနာသည် သီဟိုဠ်နှင့်ကူးလူးဆက်ဆံဟိသည်။ သီဟိုဠ်နိုင်ငံ သံဃအစည်းအဝေးတခုအတွက် ဝေသာလီနိုင်ငံမှ တရားဟောပလင်၊ ဆင်မယာဉ်သာ၊ ပိုးသင်္ကန်းရို့ကို ပီးပို့လှူဒါန်းခဖူးသည်။ ထို့အပြင် သီရိစန္ဒြားမင်းလက်ထက် အေဒီ (၆၃၈) တွင် ဝေသာလီမြို့၏ အရှိမြောက်ဖက်ရွှေထော့င်၌ သင်္ဂါယနာတင်ခြင်းကို ပြုလုပ်သည်။ ဤသင်္ဂါယနာတင်ခြင်းသည် ရခိုင်ပြည်တွင် ပထမဦးဆုံးသော သင်္ဂါယနာတင်ခြင်းဖြစ်ပြီး မူအားဖြင့် သီဟိုဠ်မူအတိုင်းဖြစ်သည်။ သင်္ဂါယနာတင်ပွဲကို သီဟိုဠ်မှကြွရောက်သည့် စူဠရေ၀၊ မထေရ်က နာယကအဖြစ်ဆောင်ရွက်သည်။ သီဟိုဠ်မှသံဃာအပါး (၁၀၀၀) နှင့် ရခိုင်မှသံဃာအပါး (၁၀၀၀) ပူးပေါင်းဆောင်ရွက်သည်။ ကာလအား ဖြင့် (၃) နှစ်ကြာသည်။

“အကျွန်ုပ်၏ဒါနပါရမီသည် သတ္တ၀ါရို့အပေါ်၌ မချို့တဲ့စီသတည်း” ဟူသောကျောက်ကမ္ဗည်းစာက အာနန္ဒစန္ဒြမင်းကြီး၏ဒါနကို သိနိုင်ပေသည်။ ထိုမင်းလက်ထက်အခါက ရွှေ၊ ငွေ၊ ကြီးရို့ဖြင့် ပြုလုပ်သော ဆင်းထုတော်များ၊ အင်္ဂတေ ကျောက်များဖြင့်ပြုလုပ်သော ဆင်းထုတော်များ၊ စေတီပုထိုးတော်များ ပြုလုပ်လှူဒါန်းသည်။ လောကီလေကုတ္တရာဆိုင်ရာ ကျမ်းဂန်မြောက်များစွာ ရွီးကူးပျံနှံ့စီသည်။ ထို့ကြောင့် ဝေသာလီခေတ်က ဗုဒ္ဓသာသနာတော်သည် လျှမ်းလျှမ်းတောက်စည်ပင်ခပြီး ဝေသာလီခေတ်ကဘုရား၊ ပုထိုးစေတီများကို “ပိတောက်ရွှေဝါ၀င်းဝင်းဝါ” ဟု မှတ်တမ်းတင်ဟိသည်။ ဂဏန်းသင်္ချာအလိုအားဖြင့် (၅၇၄၄၄၄၄) ရသည်။

ဝေသာလီခေတ်ကုန်ပြီးသည့်နောက်တွင်ကား ရခိုင်တွင်လေးမြို့ခေတ်ပေါ်ထွန်းလာသည်။ လေးမြို့ခေတ် ပဉ္စာမြို့တော်ကို တည်ထောင်သည့် မင်းရင်ဖြူသည် သီဟိုဠ်နိုင်ငံ ၀ဋဂါမဏီမင်းလက်ထက် ပီထက်အက္ခရာ စတုတ္တသင်္ဂါယနာမူကို ရဟန္တာ (၈၀၀) ဖြင့် ယခင်အတိုင်းရွီးကူး၍ ရွှေပုရပိုဒ်ပေါ်တွင် တင်ထားခသည်။ ဤသင်္ဂါယနာကို ရဟန္တာအသျှင်နန္ဒိယနှင့် အသျှင်ဘဒ္ဒိယ မထေရ်ရို့အမှူးပြု၏။ လေးမြို့ခေတ်တွင် ဝေသာလီခေတ်မှ စူဠရေ၀တမထေရ်၏တပည့် အဆက်အနွယ်ဖြစ်သော သုမနရဟန္တာ၊ ယင်းအသျှင်၏တပည့် သစ္စကဗဏ္ဍ၀မထေရ်နှင့် သီလ၀န်၊ ဂုဏ၀န်၊ ထေရ်အသျှင်မြတ်ရို့မှာ ထင်ရှားသည်။ ပုရိန်မြို့ ကောလိယလက်ထက်တွင် လောင်းကြက်တောင်မော်ဘုရားကြီးကို ကုသိုလ်ပြု၏။ ဤမင်းလက်ထက် တည်ထားခသော ဆင်းထုတော်၊ စေတီ၊ မွီတော်များမှာ များပြားလှ၏။ ကောင်းမှုအစုစုကို အသဒိဿဒါနအဖြစ် ကျောက်ကမ္ဗည်းစာရွီးထိုးခ၏။ ဤမင်းရွီးထိုးကျောက်စာ၌ (ဆင်ကိုတခုမကြွင်း၊ မြင်းကိုတခုမကြွင်းလှူ၏။) ဟူ၍ တွိရသည်။

ဒုတိယပုရိန်မြို့တည် ဒဿရာဇမင်းလက်ထက်တွင်ကား ပျောက်ကွယ်နီသော မဟာမုနိဘုရားကြီးကို ပြန်လည်၍ ရှာဖွေတည်ထားပြုသည်။ ဤမင်း၏အလှူသည် များပြားရကား သီရိဓမ္မာသောကမင်းနှင့် ခိုင်းနှိုင်းရလောက်အောင် ဘုရား၊ ပုထိုးများကိုလှူဒါန်းသည်။ ထို့နောက် တောင်ငူနေရဉ္စရာခေတ်အရောက်တွင် မဉ္စူသင်မင်းသည် တထောင်သော ရဟန်းတော်မြတ်ရို့နှင့်တကွ ပိဋကတ်တော်များကို သန့်စင်ရွီးကူးစီလျှက် စေတီပုထိုးများနှင့် ဆင်းထုတော်များ၊ ရီတွင်း၊ ရီကန်၊ စင်္ကြံလမ်းရို့ကိုလည်း ကောင်းမှုပြု၏။ မဉ္စူသင်မင်းကြီး၏သားတော် ငရမံမင်းလက်ထက်တွင် ဘုရားရုပ်ထုတော်၊ ဆင်းထုတော် ရီတွင်းရီကန်ရို့ကိုလည်း ပြုလုပ်လှူဒါန်း၏။ ထိုမင်းလက်ထက် ဥတ္တရဓမ္မသင်္ဃဓိပတိသည် တပည့်ရဟန်း (၃၆) ပါးနှင့် သီဟိုဠ်သို့ သာသနာပြုရန်ကြွရောက်၏။

နေရဉ္စရာမြို့၏ (၆) ဆက်မြောက်ဖြစ်သော ဘုရင်မင်းဆူလက်ထက်တွင်လည်း မြို့တော်လေးမျက်နှာသောအရပ်၌ မဏ္ဍပ်များကိုဆောက်လုပ်ပြီးလျှင် တနိလျှင် ငွေ (၄၀၀၀) စီ လှူဒါန်းသည်။ အေဒီ (၁၁၂၂-၁၂၃၂) ခုနှစ်တွင် နန်းစံသော ဘုရင်သကျဝင်ငယ်လက်ထက်တွင်ကား နေရဉ္စရာမြို့တော်၌ ပိဋကတ်ကျမ်းဂန်များ အထူး ပြန့်ပွားအောင်ဆောင်ရွက်သည်။ အလောမာဖြူလက်ထက်တွင် ဗုဒ္ဓသာသနာကိစ္စဖြင့် သီဟိုဠ်သို့ကြွရောက်သဖြင့် ရခိုင်သမိုင်း၌ အလောမာဖြူကို သီဟိုဠ်ရောက်မင်းဟူ၍ ထင်ရှားသည်။ လောင်းကြက်ခေတ် တရားသီလစောင့်ထိန်းခြင်းနှင့် ထင်ရှားသော ဘုရင်မင်းထီးသည် ဘုရား၊ စေတီ၊ ပုထိုးသိမ်ကျောင်းဇရပ်ရို့ကို များစွာပြုလုပ်သည်။ လောင်းကြက်နန်းတော်အနီး၌ တိဿဘုရားကို တည်ထားသည်။ မဟာမုနိကိုထပ်မံပြုပျင်ပြီး န၀င်းကျေစေတီ (၉) ဆူကို လင်းမွီတောင်တန်း၌ တချိန်တည်းတည်ထားသည်။

ဤမင်းသည် သံဃဂုရုရာဇာဖြစ်သော သာသနာပိုင်ဆရာတော်အသျှင်သီရီဓမ္မရာဇာအား ပင့်ဖိတ်ပြီး အိန္ဒိယပြည် ဗုဒ္ဓဂါယာသို့ ဘုရားဖူးကြွရောက်သည်။ မဟာဗောဓိစေတီကို ပြုပျင်စီပြီး ကျောက်စာရေးထိုးခသည်။ ဘုရင်မင်းထီး၏ဆရာဖြစ်သော ကောလိတဆရာသည် မိမိ၏အလှူကို မင်းကောလိယ ကဲ့သို့လောက၌ မြင်မြင်သမျ အသဒီဿဒါနအဖြစ် လှူဒါန်းခကြောင်း ကျောက်စာ၌တွိရသည်။ ဤသို့ဖြင့်လေးမြို့ခေတ်၏သာသနာတော်သည် ဝေသာလီခေတ်မှ ဆက်နွယ်လာသော သာသနာတော်ဖြစ်ပြီး လေးမြို့ခေတ်တလျှောက်လုံး၌ အထူးစည်ပင်ခသည်။ မြောက်ဦးခေတ်သို့ ရောက်သောအခါတွင်ကား လေးမြို့ခေတ်မှ အသျှင်ဗန္ဓ၀ရန္တာရို့၏အဆက်အနွယ်ဖြစ်သော စန္ဒောရာမသာသနာပိုင် ဒီသာပါမောက္ခတက္ကသိုလ် ဆရာတော်ကြီးရို့သည် တပည့်များစွာနှင့်တကွ မြောက်ဦးမြို့စန္ဒရာမကျောင်းတိုက်ကြီးကို တည်ဆောက်သည်။ ၀ိဇယရံသီဆရာတော်သည် သုံးကျိပ်တဆူ ဘုရားအနီး၌ မြို့တည်စကပင် မဟာဝိဇယရံသီကျောင်းတိုက်ကြီးကို တည်ဆောက်သည်။ ဦးတေဇာရာမ ဆရာတော်သည်လည်း တေဇာရာမကျောင်းတိုက်ကြီး၌ သီတင်းသုံးနီထိုင်သည်။

ဤသို့လျှင် မြောက်ဦးခေတ်၌ မြောက်ဦးမြို့တော်မှာပင်လျှင် ဘုန်းတော်ကြီးကျောင်းပေါင်း (၃၀) နှင့် ကျောင်းတော်ငယ်ပေါင်း (၃၇၀၀) ဟိကြောင်းကို မှတ်တမ်းများမှတဆင့်သိရရာ မြောက်ဦးခေတ်၏ သာသနာစည်ပင်မှုကို တစိတစောင်း အကဲခတ်နိုင်ပါသည်။ မင်းစောမွန်၊ မင်းခရီ၊ ဘစောဖြူ၊ မင်းဒေါလျှာ၊ မင်းခေါင်ရာဇာ၊ မင်းဗာကြီး၊ မင်းတိက္ခာ၊ မင်းဖလောင်း၊ မင်းရာဇာကြီး၊ မင်းခမောင်း၊ သီရိသုဓမ္မာရာဇာ၊ စန္ဒသုဓမ္မရာဇာ၊ စန္ဒ၀ိဇယရာဇာ၊ စသည့်မင်းရို့မှာ မြောက်ဦးခေတ်တလျှောက်လုံး၌ သာသနာတော်ကို အားပီးချီးမြှင့်ခသည့် မင်းများဖြစ်သည်။ မြောက်ဦးခေတ် ဗုဒ္ဓသာသနာစည်ပင်မှုကို ယခုမြောက်ဦးမြို့ဟိ သာသနိကအဆောက်အဦးများကို ကြည့်ရှုခြင်းဖြင့်သိနိုင်သည်။

ကနိတိုင် မားမားမတ်မတ်တည်ဟိနီသည့် သျှစ်သောင်း၊ ကိုးသောင်း၊ ထုက္ကန်သိမ်၊ လေးမျက်နှာ၊ အံတော်သိမ်၊ မာန်ငါးပါးစေတီတော်ရို့မှာ တချိန်က မြောက်ဦးခေတ်၏ သာသနာထွန်ကားမှုကို ဖော်ပြနီသည်။ မင်းဗာကြီး၏သားတော် မင်းဖလောင်းကား ဘုရားဆုကို ပန်ရွယ်သည်နှင့်အညီ ရခိုင်ပြည်အနှံ့ မွီတော် (၁၇) ဆူကို ပြုပျင်သည်။ ယင်းရို့၌ အသဒီဿဒါနအလှူကိုလည်း ပြုတော်မူသည်။ ယင်း၏သားတော် မင်းရာဇာကြီး ဆိုလျှင်လည်း ရခိုင်ပြည်အနှံ့ စေတီဟောင်း အသစ်ပေါင်း (၄၇) ဆူကို ပြုပျင်ခြင်း၊ အသစ်တည်ခြင်း ပြုလုပ်သည်။ (ဤသည်ကိုရည်၍ ရခိုင်ပြည်၌ ဓါတ်တော် (၄၇) ဆူ ကွန့်မြူးသည်ဟု အဆိုဟိသည်။ အမှန်မှာ ဓါတ်တော်ပေါင်းကား (၂၄၇) ဆူဖြစ်ပါသည်။)

တုံးညိုခေါ် စန္ဒ၀ိဇယရာဇာမင်းသည် သိမ်ပေါင်း (၈၀၀)၊ ဆင်းထုတော်ပေါင်း (၈၀၀)၊ ရီကန်ပေါင်း (၈၀၀) ကို လှူဒါန်းခသည်။

ကျမ်းကိုး
၁။ ဦးစန္ဒမာလာလင်္ကာရ ။ ။ ရခိုင်ရာဇ၀င်သစ်ကျမ်း (ပ+ဒု)
၂။ ဦးစံသာအောင် ။ ။ အာနန္ဒစန္ဒြသျှစ်ရာစု ရခိုင်ဝေသာလီမင်း
၃။ ဦးစံသာအောင် ။ ။ အေဒီခြောက်ရာစုနှင့် ယင်းမတိုင်မှီက ရခိုင်ပြည်သုံးအက္ခရာ။
၎။ အသျှင်စက္ကိန္ဒ ။ ။ ပြည်တွင်မကိုဋ်ဓါတ်ဦးရာဇ်
၅။ ဂေါယာမြေစောဝင်း ။ ။ ရခိုင်ပြည်နှင့် ဗုဒ္ဓသာသနာ
၆။ စစ်တွေမြို့ယဉ်ကျေးမှုအဖွဲ့ ။ ။ ရခိုင်မဂ္ဂဇင်း (ဝေသာလီအထူးထုတ်)
၇။ စစ်တွေမြို့ယဉ်ကျေးမှုအဖွဲ့ ။ ။ ရခိုင်မဂ္ဂဇင်း (လေးမြို့အထူးထုတ်)
၈။ ရခိုင်ပြည်နယ်ကောင်စီ ။ ။ မြောက်ဦးလမ်းညွှန်

အခန်း (၈)

ဘုရားသျှင်ဓည၀တီပြည်ကိုချီမွမ်းခြင်းနှင့်ဗျာဒိတ်တော်

ဘုရားသျှင်သည် စန္ဒသူရိယမင်းကြီးနှင့် အတိတ်ရှိက နွားကျောင်းသားဘ၀က အတူနီခဖူးသည်။ စန္ဒသူရိယမင်းကြီး၏ ဖူးမြော်လိုသောဆန္ဒကိုလည်း သိမြင်သည်။ ရှိဘ၀များစွာက အကြောင်းဆက်ခုနှစ်ခါပါခဖူး၏။ ဘုရားသျှင်သည် ဤအကြောင်းများကြောင့် မဟာကရုဏာတော်ထားလျှက် မဟာသက္ကရာဇ် (၁၂၃) ခု ကဆုန်လဆန်း (၁၄) ရက်နိတွင် ရဟန်းသံဃာ (၅၀၀) ခြံရံလိုက်ပါလျှက် ရခိုင်ပြည်ဓည၀တီမြို့သို့ ကြွချီတော်မူသည်။ ကစ္ဆပနဒီမြစ်၏အရှိဘက်တွင် တည်ဟိသော သေလာဂီရိအမည်ဟိသော ကျောက်တော်တောင်၌ ခေတ္တခဏ ဆင်းသက်ရပ်တန့်တော်မူသည်။ ထိုအခါ ဘုရားသျှင်သည် ဓည၀တီပြည်ကြီး၏ အရပ်ထက်ဝန်းကျင်ကို ကြည့်ရှုသည်။ ဘုရားသျှင်က ပြုံးတော်မူသည်၊ မြီကောင်းကင်သည်လည်း တုန်လှုပ်၏။ အာနန္ဒာသည် ထူးဆန်းအံ့ဖွယ်များကို မြင်တွိရလတ်၍ ကန်တော့လျှောက်ထား၏။

ဤရခိုင်ပြည်ကြီးသည် မဇ္ဈိမဒေသ၏အနီးအစပ်အရပ်၊ သောဠဿနဂိုရ် (၁၆) ပြည်ကြီး၏ အရှိတောင်အရပ်၌ဖြစ်၏။ မြစ်ကြီးငါးရာငါးစင်းတွင် အကျုံးဝင်သည့် ဤကစ္ဆပနဒီမြစ်၏အရှိဘက်၌လည်း (၉၉) မြို့တည်လာခသည်။ အနောက်ဘက်ကလည်း ထိုနည်း (၉၉) မြို့တည်ချဖူးခသည်။ ထိုမြို့ရို့ဝယ် စိုးစံခသော မင်းရို့သည်ကား မဟာသမ္မတမင်းကစ၍ ဆင်းသက်လာခ၏။ ထို့ကြောင့် ဤပြည်သည် ထင်ရှားမြင့်မြတ်၏ ဟူသတည်း။

ရှိအနန္တရ၊ ဘ၀ရို့၌ ငါဘုရားသည် ပါရမီများကို ဖြည့်လာခသည်။ ထိုစဉ် ဤနီရာဌာနရို့၌ကျင်လည်ခဖူးသည်။ ဤရပ်တော်မူရာ မောရပဗ္ဗတတောင်၌ဆိုလျှင် ရွှေဥဒေါင်းမင်းနှင့် ပန်းပွတ်သမားတဇစ်ဖြစ်ခဘူးသည်။ ငါပရိနိဗ္ဗာန်လွန်လျှင် ငါ၏ကျောက်ရိုး (ကျောရိုး) တော်ဓါတ်စေတီတည်လတ္တံ့။ ဤတောင်၏အရှိဘက်၌ ဓည၀တီမြို့ဟိပေ၏။ ထိုမြို့ဝယ်သီရိဂုတ္တတောင်ထက်၌ ငါကျင်လည်ခဖူးသည်။ တပည့်ခြောက်ထောင်နှင့် ဗေဒင်တတ်သောပရောဟိတ်ပုဏ္ဏားတဇစ်ဖြစ်ခဖူးသည်။ ထို့ကြောင့် ငါ၏ကိုယ်စားတော်ရုပ်ထုသဏ္ဍာန် သွန်းလုပ်တည်ထားလတ်မည်။ ထိုရုပ်ထုကို မဟာမုနိဟူ၍ ဘွဲ့အမည်တွင်လိမ့်မည်။ သာသနာငါးထောင်ပတ်လုံး တည်လတ္တံ့မည်။ ထိုသို့လျှင် မိမိကျင်လည်ရာဌာနဖြစ်တော်မူသောဘ၀၊ တည်အံ့သည့် ဓါတ်တော်များကို ဗျာဒိတ်မြွက်ကြားခသည်။ ဘုရားသျှင်ပရိနိဗ္ဗာန်ပြုပြီးနောက် နုစဉ်ဘ၀ကျင်လည်ခရာရို့၌ ဓါတ်တော်များသည် ပျံနှံ့တည်လတ်ရာသတည်း။

ဘုရားသျှင်၏ကိုယ်တော်မှ အစိပ်စိပ်သောအင်္ဂါကြီးငယ်ရို့သည် မီးမလောင်ပဲ ဓါတ်တော်အဖြစ်သို့ ပြောင်းလဲလိမ့်မည်။ ကျင်လည်ရာဌာန၊ အဖြစ်တော်ဌာန (၂၄၇) ဌာနရို့၌ ကိန်းဝပ်လာမည်ဖြစ်သည်။ ထိုဓါတ်တော်များဆိုလျှင် အရိုးတော်၊ အသွီးတော်၊ အသားတော်၊ အရီတော်ဓါတ်များဖြစ်၏။ ဤသို့လျှင် မြတ်ဗုဒ္ဓ ဘုရားသခင်သည် ဓည၀တီပြည်ကြီးနှင့် နောက်ဓါတ်မွီတော်များ ရခိုင်ပြည်သို့ ပျံ့နှံ့ရောက်ဟိလာမည့်အကြောင်းကို မြွက်ကြားမိန့်ဟ၍ပြီးဆုံးသည့်အခါ၌ မြင့်မိုရ်တောင်၊ သတ္တရဘန်၊ ခုနှစ်တန်သီတာ၊ စကြာဝဠာတိုက်အလုံး ငလျှင်လှုပ်သည်။ သမုဒ္ဒရာလှိုင်းဂယက်ရို့သည်လည်း ဆူပွက်ရိုက်ခတ်ကုန်သည်။

ကျမ်းကိုး
၁။ ဦးစန္ဒမာလာလင်္ကာရ ။။ ရခိုင်ရာဇ၀င်သစ်ကျမ်း (ပ)
၂။ အသျှင်စက္ကိန္ဒ ။ ။ သလုံးတော်ဓါတ်သမိုင်း စာ ၁၀၂-၁၀၃
၃။ မြတ်မင်းလှိုင် ။ ။ ရခိုင်ပြည်ဝတီလေးရပ်ဟိ ရှိဟောင်းစေတီပုထိုးများ (၂၀၀၀ ပြည့်နှစ်)

အခန်း (၉)

မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုခြင်းနှင့် ဓါတ်တော်များအကြောင်း

မြတ်ဗုဒ္ဓဘုရားသခင်သည် မဟာသက္ကရာဇ် (၆၈) ခုနှစ် ကဆုန်လပြည့် သောက်ကြာနိ၌ လုမ္ဗနီ အင်ကြင်းဥယျာဉ်တော်၌ ဖွားသန့်စင်သည်။ မဟာသက္ကရာဇ် (၉၇) ခုနှစ်အရောက်တွင် တောထွက်တော်မူခပြီး သက္ကရာဇ် (၁၀၃) ခုနှစ်တွင် ဘုရားအဖြစ်သို့ရောက်တော်မူသည်။ ဘုရားအဖြစ်ဖြင့် (၄၅) နှစ်တိုင်တိုင် လူနတ်ဗြဟ္မာသတ္တ၀ါအပေါင်းရို့အား တရားရီအီး တိုက်ကျွေးပြီး သက်တော် (၈၀) ပြည့် မဟာသက္ကရာဇ် (၁၄၈) ခု ကဆုန်လပြည့် အင်္ဂါနိတွင် ပရိနဗ္ဗာန်ပြုသည်။ ကဆုန်လပြည့်ကျော် (၁၂) ရက် တလဂုင်္နီနိ၌ တေဇောဓါတ် မီးလောင်ကျွမ်းသည်။

အသမ္ဘိန္နဓါတ်တော် (အဓိပ္ပကိဏ္ဏဓါတ်တော်)

ထိုသို့ မြတ်စွာဘုရားရုပ်ကလပ်တော်သည် မီးလောင်ကျွမ်းပြီးသောအခါ ခန္ဓာကိုယ်မှဓါတ်တော်ရို့သည် အရွယ်အစားအမျိုးမျိုးတည်ကုန်သည့် ဘုရားသျှင်၏စွယ်တော် (၄) ဆူ၊ ညှပ်ရိုးတော် (၂) ဆူ၊ နဖူးသင်းကျစ်တော် (၁) ဆူ ဤခုနှစ်ဆူကုန်သော ဓါတ်တော်ရို့သာလျှင် ဘုရားသျှင် သက်တော် ထင်ရှား ဟိစဉ်ကကဲ့သို့ မဖောက်မပြန် ပကတိအတိုင်းတည်ဟိသဖြင့် ဤဓါတ်တော်ရို့ကို သမ္ဘိန္ဒဓါတ်၊ မပြိုကွဲသောဓါတ် ဟုခေါ်ဆိုသည်။

သမ္ဘိန္နဓါတ် ၀ိပ္ပကိဏ္ဏဓါတ်

မြတ်စွာဘုရားသျှင်၏အသွီးတော်၊ အသားတော်၊ အရိုးတော်ရို့သည် မီးလောင်ကျွမ်းပြီး ဓါတ်တော်အရွယ်အစား သုံးမျိုးဖြစ်ထွန်းသည်။ အကြီးဆုံး ဖြစ်သော ဓါတ်တော်ရို့သည် ပဲနောက်စိပမာဏဟိ၏။ အလတ်ဖြစ်သော ဓါတ်တော်ရို့သည်ကား ဆန်နှစ်ပိုင်းကျိုးပမာဏ ဟိကုန်၏။ အငယ်ဆုံးဖြစ်သော ဓါတ်တော်ရို့သည် မုံညှင်းစိပမာဏဟိကုန်၏။ အရောင်အဆင်းအားဖြင့်ကား အကြီးဆုံးသော ဓါတ်တော်၏အရောင်မှာ ရွှေသောအရောင်ဟိ၏။ အလတ်ဖြစ်ကုန်သော ဆန်နှစ်ပိုင်းကျိုးအရွယ်ရို့သည် ပုလဲအဆင်းဟိ၏။ အငယ်ဆုံးဖြစ်သော မုံညင်းစိပမာဏဟိသော ဓါတ်တော်ရို့မှာ ချရှားစိ အဆင်းဟိ၏။

ဓါတ်တော်များ၏အချိန်ပမာဏ

မြတ်စွာဘုရားသျှင်၏ တေဇောဓါတ်မီးလောင်ကျွမ်းပြီးသည့်နောက် ပြိုကွဲ၍ အစိပ်စိပ်အဖြာဖြာသော သမ္ဘိန္နဓါတ်တော်ရို့၏ အချိန်ပမာဏရို့ကား စိတ်ဟူသော ဒေါဏအားဖြင့် သျှစ်ဒေါဏ၊ စလေဟူသော ကွမ်းစားအားဖြင့် တရာ့နှစ်ဆယ့်သျှစ်ကွမ်းစား၊ ပြည်ဟူသောအချိန်အားဖြင့် (၁၆) ပြည်၊ ယခုလူရို့ သုံးဆောင်နီကတ်သော တင်းအားဖြင့် နှစ်တင်းတိတိဟိသည်။

ဓါတ်တော်များဝီစုခွဲခြင်း

မြတ်စွာဘုရားသခင်သည် သက္ကရာဇ် (၁၄၈) ခုကဆုန်လပြည့်အင်္ဂါနိ မိုးသောက်ယံအချိန်တွင် ပိရိနိဗ္ဗာန်ပြုပြီးနောက် ပထမသတ္တာဟ ခုနှစ်ရက်လွန်ပြီးနောက်မှ တပည့်အခြံအရံငါးရာနှင့်တကွ အသျှင်မဟာကဿပ လာရောက်၍ ရွှေစက်တော်အစုံကို ဦးခိုက်ပြီးလျှင် ဒုတိယသတ္တာဟ ခုနစ်ရက်မြောက်သော ကဆုန်လပြည့်ကျော် (၁၂) ရက်တလင်္ဂုနီနိ တေဇောဓါတ်မီးလောင်ကျွမ်းသည်။ တေဇောဓါတ် မီးလောင်ကျွမ်း ပြီးသည့်နောက် မလ္လာမင်းရို့သည် ဓါတ်တော် (၁၆) ပြည်ရို့ကို တင့်တယ်ဆန်းပြားသော ပူဇော်ခြင်းရို့ဖြင့် ပူဇော်ယူဆောင်လျှက် မြို့တွင်းမင်းကွန်းဇရပ်၌ထား၍ ခုနှစ်ရက်ပတ်လုံးပူဇော်ချီးမြှောက်၏။ တတိယ သတ္တာဟအကုန် နယုန်လဆန်း ငါးရက်တလင်္လာနိ၌ ဓါတ်တော်များကို ဒေါဏပုဏ္ဏားသည် ဝေဖန်၍ အောက်ပါတိုင်းနိုင်ငံရို့ကို အညီအမျှစီဝီငှ၏။

တိုင်းနိုင်ငံမင်းရို့မှာ –
၁။ ရာဇဂြိုဟ်ပြည်မှ အဇာတသတ်မင်း
၂။ ဝေသာလီပြည်မှ လိစ္ဆ၀ိမင်း
၃။ ကပိလ၀တ်ပြည်မှ သာကီဝင်မင်း
၎။ အလကပ္ပပြည်မှ ဗုလိမင်း
၅။ ရာမရွာနေမှ ကောလိယမင်း
၆။ ဝေဌဒီပတိုင်းမှ ပုဏ္ဏားများ
၇။ ပါဝါပြည်မှ မလ္လာမင်း
၈။ ကုသိနာရုံပြည်မှ မလ္လာမင်းရို့ဖြစ်၏။

အသမ္ဘိန္နဓါတ်တော်များတည်ရာ
သမ္ဘိန္နတည်းဟူသော ပြိုကွဲသည့်ဓါတ်တော်များကို ဆရာဒေါဏပုဏ္ဏားကြီးသည် သျှစ်ပြည်ထောင်သော မင်းအပေါင်းရို့ကို မင်းတပါးလျှင် မာဂဓနှစ် စလယ်ဝင် (၂) ပြည်စီခွဲဝီပီးပြီးနောက် အသမ္ဘိန္နမပြိုကွဲသော ဓါတ်တော်ရို့မှာကား အောက်ပါအရပ်ဒေသရို့၌ ဟိ၏။

၁။ အထက်လက်ယာစွယ်တော်သည် တာဝတိံသာနတ်ပြည်၌တည်ဟိ၏။
၂။ အထက်လက်ဝဲစွယ်တော်သည် ဂန္ဓာရတိုင်း၌ဟိ၏။
၃။ အောက်လက်ယာစွယ်တော်သည် နဂါးပြည်၌ဟိ၏။
၎။ အောက်လက်ဝဲစွယ်တော်သည် ကလိင်္ဂတိုင်းဒန္တပူရပြည်၌တည်ဟိ၏။
၅။ လက်ယာညှပ်ရိုးတော်တဆူမှာ သီဟိုဠ်ကျွန်း၌ဟိ၏။
၆။ လက်ဝဲညှပ်ရိုးတော်တဆူမှာ ဗြဟ္မာပြည်၌ဟိ၏။
၇။ နဖူးသင်းကျစ်တော်တဆူမှာလည်း သီဟိုဠ်၌ဟိ၏။

ဤတွင် ကလိင်္ဂတိုင်းဒန္တပူရပြည်၌ဟိသော လက်ဝဲဘက်အောက်စွယ်တော်မြတ်ကို သာသနာသက္ကရာဇ် (၆၃၀) ပြည့်နှစ်က ဒန္တကုမာရဆိုသူယူလာ လတ်လီ၍ ယခုအခါသီဟိုဠ်ကျွန်း၌ပင်ဟိကြောင်းသိရ၏။

အဇာတသတ်မင်း၊ ဓါတ်တော်များကိုတည်ထားခြင်း

ဒေါဏပုဏ္ဏားပီးဝေသော ဓါတ်တော်ရို့ကို ထိုထိုမင်းရို့သည် မိမိရို့နီရာဒေသသို့ပင့်ဆောင်၍ စေတီအသီးသီးတည်ပြီး ကိုးကွယ်ထားသည်။ နောင်သောအခါ မဟာကဿပမထေရ်သည် မိစ္ဆာဒိဌိရို့ကြောင့် ဓါတ်တော်များ၏အန္တရာယ်ကိုသိမြင်သဖြင့် အဇာတသတ်မင်းထံချဉ်းကပ်၍ ဓါတ်တော်ရို့ကို တခုတည်းသောအရပ်၌ စုပေါင်း၍စေတီတည်ထားရန် အကြံပြု၍ အဇာတသတ်မင်းလည်း ထိုအကြံကိုလက်ခံပြီး မည်သို့ ပင့်ဆောင်စုစည်းရမည်ကိုလျှောက်၏။ ကဿပအသျှင်မြတ်ကြီးက ငါပင့်ဆောင်၍ပီးမည်ကို မိန့်ကြား၏။ ထို့ကြောင့် မဟာကဿပမထေရ်မြတ်ကြီးသည် ရာမရွာ၌ဓါတ်တော် (၂) ပြည်ကိုချန်လှပ်ပြီး ကျန်ခုနှစ်ပြည်ထောင်မြို့များမှ ဓါတ်တော် (၁၄) ပြည်ကို ပင့်ဆောင်စုဆောင်း၏။ ရာဇဂြိုဟ်ပြည်၏ အရှိတောင်ထောင့်အရပ်၌ နီရာကိုသတ်မှတ်၍ သျှင်မဟာကဿပသည် ကျောက်ဖျာကွယ်စီသတည်း။ ရီမထွက်စီသတည်း။ မြီကောင်းစွာ ပွင့်စီသတည်းဟူ၍ ဓိဌာန်တော်မူ၏။

အဇာတသတ်မင်းလည်း ထိုအရပ်ကိုတူးစီ၍ တူးရာကထွက်သောမြီဖြင့် အုတ်လုပ်စီ၍ နှစ်ကျိတ်သော မဟာသာဝကစေတီရို့ကိုတည်စီ၏။ တူးသောမြီအရပ်သည် လက်တောင်သျှစ်ဆယ်နက်ပြီး အောက်ခံကို သံပြားခင်းစီ၏။ ထိုသံခင်းပေါ်၌ ထူပါရုံစေတီ၏ အတိုင်းအတာညီစွာ ကြီးနီကျောင်းဆောက်လုပ်စီ၏။ ယင်းကျောင်းရို့၌ စန္ဒကူးကြုတ်သျှစ်လုံးကိုစီမံ၏။ ယင်းရို့နောက် အဆင့်ဆင့်သော ရွှေကြုတ်၊ ငွေကြုတ် ပတ္တမြားကြုတ်များကို ဆင်ယင်ပြီး ဓါတ်တော်များကိုအထဲ၌ ကိန်းဝပ်စီ၏။ ထို့နောက် ငါးရာ့ငါးဆယ်သော ဇာတ်တော်၊ သျှစ်ကျိတ်သောမထေရ်၊ သုဒ္ဓေါဒနမင်းကြီး၊ မဟာမာယာမိဖုရား၊ ဖွားဖက်တော်ခုနှစ်ယောက်၊ စသည်ရို့ကို ရွှေစင်အတိချည်းပြုလုပ်စီ၏။ ရွှေကြာသွတ်အိုးငါးရာ၊ ငွေကြာသွတ်အိုးငါးရာရို့ကို ထား၏။ ရွှေတန်းခွန် ငွေတန်းခွန်ငါးရာရို့ကိုလည်း စိုက်စီ၏။ ရွှေဆီမီးခွက်ငါးရာ၊ ငွေဆီမီးခွက်ငါးရာရို့ကိုလုပ်စီ၍ ဆီနံ့သာပြည့်လျှက် ဘွဲ့ဖြူပုဆိုးမီးစာရို့ကို ထွန်းညှိထား၏။

ထိုအခါ အသျှင်မဟာကဿပသည် ပန်းမညှိုးစီသတည်း။ နံ့သာအနံ့မပြယ်စီသတည်း။ ဆီမီးမငြိမ်းစီသတည်းဟု ဓိဌာန်ပြု၏။ နောင်သောအခါ ပီယဒါသအမည်ဟိသောမင်းသားသည် ထီးဖြူဆောင်း၍ အာသောကမင်းကြီး ဖြစ်လာအံ့။ ထိုအာသောကမင်းသည် ဤဓါတ်တော်ရို့ကို ဘုရားသျှင် ဗျာဒိတ်တံဆိပ်ခပ်နှိပ်ခရာ အရပ်ဒေသရို့၌ ပျံ့နှံ့စီအံ့ဟူ၍ အက္ခရာစာရွီးထိုးထား၏။

ယင်းသို့စီရင်ပြီးနောက် အထက်ဝန်းကျင်မှနီ၍ အုတ်ကျောက်အကွပ်ဖြင့် အစောင့်အရံပြုပြီးလျှင် ကျောက်ဖျာကြီးကို ပိတ်၍ ညီညာစွာမြီဖို့ကာ အထက်၌ကျောက်စေတီကို တည်ထားခ၏။

ကျမ်းကိုး
၁။ ဦးစန္ဒမာလာလင်္ကာရ ။ ။ ရခိုင်ရာဇ၀င်သစ်ကျမ်း ပ-စာ ၁၄၀၊ ၁၄၂
၂။ မင်းပြားမင်းသိန်းဇံ ။ ။ သရီရတော်မြတ်ပါးတော်သမိုင်း၊ စာ-၈၃မှ၈၇ထိ

အခန်း (၁၀)

သီရိဓမ္မာသောကမင်းကြီးလက်ထက် ဓါတ်မွီတော်များပျံ့နှံ့ခြင်း။

အဇာတသတ်မင်းကွယ်လွန်ခပြီးနောက်တွင် ဥဒယမင်းဖြစ်လာသည်။ ထို့နောက် နုရုဒ္ဓါမင်း၊ မုဏ္ဍမင်း၊ နာဂဒါမင်း၊ သုသုမင်း၊ ကာဌာသောမင်း၊ သားတကျိပ်၊ နန်းကိုးဦး၊ စန္ဒဂုတ်စသည်ဖြင့် မင်းအသီးသီးနန်းစံပြီးသည့်နောက်တွင် မဟာသက္ကရာဇ် (၁၈၆) ခုနှစ်တွင် ဗန္ဓုသာရမင်းနန်းတက်သည်။ ဤမင်းသည် သက္ကရာဇ် (၂၁၄) ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်သည်။ ယင်းနောက် သားဖြစ်သူ ဓမ္မာသောကမင်းသည် နန်းဆက်ခံသည်။ ဤမင်း၏အကြောင်းကို ဤသို့လျှင် တွိရ၏။ (ဤမင်းစဉ်သည် သမန္တစက္ခုဒိပနီကျမ်းပ-တွဲ မဇ္ဈိမမင်းကိုးဆက်မှ)

သီရိဓမ္မာသောကမင်းအကြောင်း

သီရိဓမ္မာသောကမင်းကို ပါဋလိပုတ်ပြည်၊ ဘုရင် ဗိန္ဒုသာရမင်းကြီးနှင့်မယ်တော် မောရိယသာကီဝင်အမျိုးဖြစ်သော ဓမ္မာမင်းသမီးရို့မှ မွီးဖွားသည်။ နောင်တော် ညီတော်ရို့ကား ကိုးကျိပ်ကိုးယောက်ဟိ၏။ ဖခင်ဗိန္ဒုသာရ မင်းကြီးသည် နန်းသက် (၂၈) နှစ် သာသနာသက္ကရာဇ် (၂၁၄) ခုနှစ်သို့ ရောက်ဟိသည့်အခါမှာ မကျန်းမမာဖြစ်လတ်၏။ ယင်းကို သားတော်ဓမ္မာသောကမင်းက ပြုစုစောင့်လျှောက်ကျွေးမွီးပြုစု၏။ ဘခင်မှာရောဂါ သက်သာခြင်းမဟိခပဲ နတ်ရွာစံတော်မူ၏။ ဤသတင်းစကားကိုကြားကုန်သော နောင်တော်သုမကာမင်းသားနှင့် (၉၉) ယောက်သောညီတော် နောင်တော်မင်းသားရို့သည် နန်းလုရန်တိုက်ခိုက်လာကုန်၏။ အသောကသည် ထိုမင်းသား (၉၉) ယောက်ရို့ကို တိုက်ခိုက်နှိပ်ကွပ်ပြီးမှ သာသနာ သက္ကရာဇ် (၂၁၈) ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်သည်။

အာသောကမင်းဖြစ်လာသည့်အခါမှာ အိန္ဒိယပြည်၌ ဧကရာဇ်ဘုရင်များအတွင်း တန်ခိုးအကြီးမားဆုံးသော ဘုရင်တဆူဖြစ်သည်။ ဗုဒ္ဓဘာသာ၌သက်ဝင်ယုံကြည်သောဘုရင်ဖြစ်ပြီး ဗုဒ္ဓသာသနာတော်ပြန့်ပွားအောင် အကြီးကျယ်ဆုံးဆောင်ရွက်ခသည်။ အာသောကမင်းကြီးသည် မင်းအဖြစ်ကိုရဟိပြီးသည့်နောက် (၈) နှစ်ကာလကြာအောင်တိုင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်မှုမဟိသိမ့်ပေ။ ကလိင်္ဂစစ်ပွဲတွင် တရားသံဝေဂရပြီး တရားဓမ္မဘက်သို့ စိတ်နှလုံးညွှတ်လာသည်။ မင်းကြီးသည် တိတ္တိခြောက်သောင်းရို့ကို အမြဲလုပ်ကျွေးနီရာမှ တနိသောအခါ ဣနြေ္ဒမဟိသော တိတ္တိရို့ကိုမြင်ရ၍ သူတော်ကောင်းမဟုတ်သည်ကို သိလီရကား အလှူခံပုဂ္ဂိုလ်ကောင်းကို ရွီးချယ်၍ လှူအံ့အကြံဖြစ်၏။

တနိသောအခါ နိကြေဓသာမဏေဆွမ်းခံလာသည်ကို မြင်လီလျှင် ပင့်ဖိတ်၍ နန်းတော်၌ထား၏။ မင်းကြီးသည်ဆွမ်းကပ်၍ သာမဏေဆွမ်းဘုန်းပီးပြီး သောအခါ မင်ကြီးက သာမဏေအားအမျိုးနှင့်တကွ အယူဝါဒကိုမီး၏။ ထိုအခါ သာမဏေက ဓမ္မပဒအပ္ပမာဒ၀င်္ဂကို ဟောတော်မူလတ်လျှင် သဒ္ဓါတရား ထက်သန်သဖြင့် သာမဏေနှင့်တကွ ဥပဇ္ဈာယ်ဆရာ၊ ပိဋကတ်သုံးပုံကိုသင်ပီးသောဆရာ၊ သီတင်းသုံးဖော်သံဃာရို့အား သျှစ်ဝက်သောဆွမ်းကို နိတိုင်းမပြတ်ဆက်ကပ်လှူဒါန်း၏။ သဒ္ဓါဗလ၀ကြောင့် ခြောက်သောင်းသော တိတ္တိရို့၏ဆွမ်းဝက်ကိုပယ်၍ ရဟန္တာခြောက်သောင်းရို့အား နန်းတော်သို့ ပင့်ဖိတ်ပြီးလျှင် ဆွမ်းလုပ်ကျွေး၏။ ရဟန်းရို့နီထိုင်ရန်အတွက် အာသောကရာမကျောင်းတော်ကြီးအား ဆောက်လုပ်လှူဒါန်း၏။ တခါသော် မင်းကြီးသည် သံဃာတော်ရို့အား ပစ္စည်းလေးပါးတရားတော်သည် ပဇာမှာ ဟိလီသနည်းဟုမီးလတ်ရာ ရဟန်းတော်ရို့က ဘုရားတရားတော်သည်ကား ဓမ္မ၀ိနယ အားဖြင့် နှစ်ပါး၊ ပိဋကတ်အားဖြင့် သုံးပါး၊ နိကယ်အားဖြင့် ငါးပါး၊ အင်္ဂါအားဖြင့်ကိုးပါး၊ ဓမ္မခန္ဓာအားဖြင့် သျှစ်သောင်းလေးထောင်ဟိ၏ဟုဖြေ၏။ မင်းကြီးလည်း ဓမ္မခန္ဓာကို ရည်မှန်း၍ စေတီသျှစ်သောင်းလေးထောင်ကို တည်လိုကြောင်း ဓါတ်တော်ရို့ကို မီးမြန်း၏။

ဓါတ်တော်များကို ရှာဖွေပင့်ဖိတ်ခြင်း

ဓမ္မာသောကမင်းကြီးသည် ရာဇဂြိုဟ်ပြည်၌ စေတီကိုဖောက်စီ၍ ဓါတ်တော်ရို့ကို မတွိမမြင်ရလီသောအခါ ရှိအတိုင်းစေတီကို ပြုပျင်စီပြီးမှ ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ သီတင်းသည်ယောက်ျား၊ သီတင်းသည်မိန်းမ ဤပရိဿတ်လေးပါးကိုယူ၍ ဝေသာလီပြည်သို့လား၏။ ဝေသာလီပြည်၌လည်း ဓါတ်တော်ကိုမရလျှင် ကပိလ၀တ်ပြည်သို့ လား၏။ ကပိလ၀တ်ပြည်၌လည်း ဓါတ်တော်ကိုမရလျှင် ရာမရွာသို့လား၏။ ရာမရွာ၌ နဂါးစောင့်သောကြောင့် စေတီကိုမဖောက်နိုင်။ စေတီ၌ကျသောပေါက်တူးသည် အပိုင်းပိုင်းကျိုးပြတ်ကုန်၏။ ဤသို့ဖြစ်သဖြင့် ရာမရွာ၌ ဓါတ်တော်ကိုမရလျှင် အလ္လကပ္ပပြည်သို့လား၏။ အလ္လကပ္ပပြည်၊ ဝေဌဒီပပြည်၊ ပါဝါပြည်၊ ကုသိန္နာရုံပြည်၊ ဤအလုံးစုံသောပြည်ရို့၌ စေတီကိုဖောက်၍ ဓါတ်တော်ကိုမရလျှင် ရှိအတိုင်းပြုစီပြီးမှ ရာဇဂြိုဟ်ပြည်သို့ပြန်လား၏။ ထို့နောက်ပရိဿတ်လေးပါးရို့ကို စည်းဝေးစီပြီးလျှင် တစုံတယောက်သောသူ ဓါတ်တော်ထားရာအရပ်ကို ကြားဖူးသလားဟုမီး၏။ ထိုပရိဿတ်၌ အသက် (၁၀၈) နှစ်ဟိသော မထေရ်တပါးသည် ဓါတ်တော်ထားရာ ကိုကားမသိ။ သို့သော် ငါ၏အဖိုးမထေရ်သည် ငါ့ကို ခုနစ်နှစ်အရွယ် ဟိသောအခါ ပန်းသုံးတောင်းကိုကိုင်ယူစီပြီး သာမဏေ၊ ဤမည်သော ခြုံတွင်းထဲ၌ ကျောက်စေတီသို့ လားကုန်အံ့ဟုခေါ်၍ ထိုအရပ်သို့လားပြီးသော် ပန်းပူဇော်၍ သာမဏေ၊ ဤအရပ်ကား မှတ်ကောင်းသော အရပ်တည်းဟု ဆိုဖူးခ၏။

ဓမ္မာသောကမင်းကြီးသည် ဓါတ်တော်ထားရာကား ထိုအရပ်ပင်ဖြစ်ပေ၏ဟုဆိုပြီးလျှင် ထိုအရပ်၌ တောခြုံကို သုတ်သင်ယှင်းလင်းစီ၍ ကျောက်စေတီမြီမှုန့်ရို့ကိုပယ်ပြီးသော် အင်္ဂတေမြီကိုမြင်၏။ အတွင်းသို့ဝင်ပြီးလျှင် အဆင့်ဆင့်သောဌာနရို့မှတဆင့် မြတ်ဗုဒ္ဓဂေါတမသျှင်၏ခန္ဓာကိုယ်မှ ကြွင်းကျန်ရစ်သော သမ္ဘိန္နဓါတ်တော်များကို ဖူးတွိရလတ်၏။

ဓါတ်တော်များကိုပူဇော်ခြင်း

မင်းကြီးသည်တွိရသော ဓါတ်တော်ရို့ကို ခုနစ်ရက်ပတ်လုံး ပူဇော်၏။ ဇမ္ဗုဒီပါကျွန်းကို စောင့်လျှောက်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာကစိုးစသော စတုလောကပါလနတ်အပေါင်းရို့သည် ဘုရားမြတ်စွာ ဗျာဒိတ်စကား မိန့်ကြားတော်မူခသည့်နိမှစ၍ ဗျာဒိတ်ထားရာနီရာဌာနအသီးသီးမှ လာရောက်ပြီး လျှင် ဓါတ်မွီတော်ရို့ကို ဖူမြော်၏။ ထိုသို့ဓါတ်မွီတော်များကို ဖူးမြော်ပြီးသောအခါ တည်နီရာဌာနအသီးသီးကို လျှောက်ထားကုန်၏။ ထိုအခါ သီရိဓမ္မာသောကမင်းကြီးက အသို့လျှင် ဓါတ်မွီတော်များကို ခွဲခြားနိုင်ပါအံ့နည်း ဟုမီးလျှောက်လီလျှင် နတ်သားအပေါင်းရို့သည်လည်း မိမိ စောင့်လျှောက်သော နီရာဌာနအပေါင်းရို့တွင် တည်လတ္တံ့သော ဓါတ်တော်ရို့ကိုပင့်ဆောင်၍ ပြလီကုန်၏။

ရခိုင်ပြည်သို့ဓါတ်တော်များပီးပို့ခြင်း

မင်းကြီးသည် လွန်စွာမှနှစ်ထောင်းအားရဟိလှသဖြင့် ထိုထိုသောဓါတ်မွီတော်ရို့၏တည်နီရာအသီးသီးတွင် အုတ်စိုးကုန်သော မင်းအပေါင်းရို့အား ရွှေပီလွှာကမ်း၍ တပြိုင်တည်းခေါ်ယူကား စေတီတည်ထား ကိုးကွယ်ရန်အတွက် ဓါတ်မွီတော်နှင့်တကွ လှူဒါန်းဖွယ်ရာရို့ကို တပါတည်းပီးအပ်သည်။ သီရိဓမ္မာသောက မင်းကြီးသည် သျှင်မဟာတိဿနှင့် အသျှင်ဗာကုလရို့အား ဓည၀တီပြည် ဗျာဒိတ်ဝင်နီရာများတွင် စေတီတည်ထားရန်အတွက် ကြွရောက်တော်မူရန်လျှောက်ထား၏။ ထို့ကြောင့် သျှင်မြတ်နှစ်ပါးသည် ဘုရားသျှင်တော်၏ဓါတ်တော်ရို့ကို ရွှေအုတ်တွင်ထည့်လျှက် ရခိုင်ပြည်သို့ ကြွရောက်၏။ ရခိုင်ပြည် ဓည၀တီပြည်သျှင် သူရိယစက္ကမင်းကြီး (ဘီစီ ၃၁၆-၂၇၂) သည် ရဟန္တအသျှင်မြတ်နှစ်ပါးရို့ကို ခရီးဦးကြိုပြုလျှက် ဓါတ်တော်များကို ၀မ်းမြောက်ဝမ်းသာလက်ခံသည်။

ကျမ်းကိုး
၁။ ဦးကိတ္တိ ။ ။ အိန္ဒိယကြီးမုံကျမ်းစာ စာ- ၁၈၊၁၉
၂။ အသျှင်စက္ကိန္ဒ ။ ။ ပြည်တွင်းမကိုဋ်ဓါတ်ဦးရာဇ် စာ ၇၄
၃။ ဦးစန္ဒမာလာလင်္ကာရ။ ။ ရခိုင်ရာဇ၀င်သစ်ကျမ်း၊ (ပ) စာ ၁၄၃
၎။ ဦးဦးသာထွန်း ။ ။ ဦးရာဇ်တောင်ဘုရားကြီးသမိုင်း

အခန်း (၁၁)

လိုင်ရိုးတော်ဓါတ်ကိုတည်ထားခြင်း

“ဗျာဒိတ်ဘုန်းခေါင် ၊ ရွှေရောင်စကြာ
မိန့်တော်မှာကား ၊ ကပေါတဂီရိ
မည်ဟိသာခေါင် ၊ ထိုသည်တောင်မှာ
ငါအလောင်းတော် ၊ စံပျော်မယွင်း
ခွာမင်းတဇစ်၊ ဖြစ်သည်ကျော်ဟိုး
လိုင်ရိုးစေတီ ၊ ခေါ်တွင်ညီမှ -”

(ရှိထုံးရခိုင်ရာဇ၀င်လင်္ကာမှ)

မြတ်ဗုဒ္ဓဘုရားသခင်သည် မဟာသက္ကရာဇ် (၁၂၃) ခု ကဆုန်လဆန်း (၁၄) ရက်နိတွင် ရခိုင်ပြည်သို့ ကြွရောက်လာခပြီး ဦးစွာပထမ ကုလားတန်မြစ်၏ အရှိဘက်ကမ်း၊ ဓည၀တီမြို့တော်၏အနောက်ဘက်ဖြစ်သော သေလာဂီရိအမည်ဟိသည့် ကျောက်တော်တောင်၌ ဆင်းသက်ရပ်တန့်သည်။ ဘုရားသခင် သည် သေလာဂီရိတောင်ပေါ်တွင် ရပ်နားနီရင်း အရပ်ဆယ်မျက်နှာကို ဖြန့်ကျက်လျှက် ကြည့်ရှုတော်မူသည့်အခါ အတိတ်ဘ၀ဟောင်းရို့၏အကြောင်းကို ဆင်ခြင်သုံးသပ်သိမြင်သဖြင့် ပြုံးတော်မူသည်။ ယင်းသို့ ဘုရားသျှင်ပြုံးတော်မူသည့်အကြောင်းရင်းကို သျှင်အာနန္ဒာကမြင်သည့်အခါ အကြောင်းစုံကို လျှောက်ထားတောင်းပန်သည်။ ဘုရားသခင်သည် ဤဓည၀တီ ရခိုင်ပြည်ကြီး၌ နုငယ်စဉ်ဘ၀များစွာကပင် ကျက်စားနီထိုင်ခဖူး၏။ ငါဘုရား ပရိနိဗ္ဗာန်ပြုပြီးသည့်နောက်တွင်ကား ငါ၏အသားတော်၊ အရိုးတော်၊ အသွီးတော်ရို့မှ ဖြစ်ပေါ်လာမည့် ဓါတ်မွီတော်များသည် ယခုငါမိန့်ဟခသော ဗျာဒိတ်ဝင်အရပ်ရို့၌ နောင်စေတီများတည်လာအံ့သည်ကို ယှင်းပြသည်။

ဘုရားသျှင်သည် သက်တော် (၈၀) ပြည့်မဟာသက္ကရာဇ် (၁၄၈)၊ ခု ကဆုန်လပြည့်အင်္ဂါနိတွင် ပရိနိဗ္ဗာန်ပြုသည်။ ဘုရားသျှင်၏ရုပ်ကလပ်တော်မှ ကြွင်းကျန်တည်ဟိခသော ဓါတ်တော်မွီတော်ရို့ကို (၈) ပြည်ထောင်သော မင်းအပေါင်းရို့သည် အညီအမျှခွဲဝီယူ၍ စေတီတည်ထားလတ်သည်။ အသျှင်မဟာကဿပမထေရ်သည် ဘုရားသျှင်၏ဓါတ်တော်ရို့မှာ မိစ္ဆာဒိဌိရို့၏အန္တရာယ်ကြောင့် နောင်ပျက်အံ့သည်ကို ကြိုတင်သိမြင်သဖြင့် အဇာတသတ်မင်းကို တခုတည်းသော ဓါတ်တော်ထားသိုရာကို ပြုလုပ်စီမံရန် မိန့်ဆိုသည်။ ကဿပအသျှင်သည် (၈) ပြည်ထောင်ရို့မှ ပျက်စီးအံ့သော ဓါတ်တော်ရို့ကို ပင့်ဆောင်စုစည်းလျှက် အဇာတသတ်မင်းကြီး စီစဉ်သော ရာဇဂြိုဟ်ပြည်၏အရှိတောင်ထောင့်အရပ် မြီထဲစေတီ၌ ဓါတ်မွီတော်များကို စုစည်း၍ဌာပနာသွင်းထားခသည်။

နောင်နှစ်ပေါင်းကြာလာသည့်အခါ ရာဇဂြိုဟ်ပြည်၌ သီရိဓမ္မာသောကမင်းသည် နန်းတက်သည်။ ဤမင်းသည်နောက်ပိုင်းတွင် ဗုဒ္ဓဘာသာကို အထူးကြည်ညိုလာပြီး ဗုဒ္ဓဘာသာအကျိုးကို များစွာဆောင်ရွက်သည်။ ယခင် သိုဝှက်ထားခသော မြတ်ဗုဒ္ဓ၏ဓါတ်မွီတော်များကို ရှာဖွေစီရာ တွိရ၍ ယင်းရို့ကိုဆောင်ယူကာ ဓမ္မာသောကမင်းကြီးသည် ကိုးတိုင်းကိုးဌာနအရပ်သို့ ဓါတ်တော်များကိုစေတီတည်ထား ပျံ့နှံ့စီသည်။ ယင်း၌မဟိံသက အမည်ရသော ရခိုင်ပြည်သို့ သီရိဓမ္မာသောကမင်းသည် သျှင်မဟာတိဿနှင့် အသျှင်ဗာကုလရို့ကို ဦးဆောင်စီပြီး ဓါတ်တော်များကိုပီးပို့စီခရာ ယင်းအချိန်မှစ၍ ရခိုင်ပြည်ထဲသို့ မြတ်ဗုဒ္ဓ၏ဓါတ်မွီတော်ရို့သည် ၀င်ရောက်လာလတ်သည်။

သိရိဓမ္မာသောကမင်းကြီးသည် ရခိုင်ပြည်သို့ဓါတ်မွီတော်များကို ပီးပို့လာသည့်အချိန်တွင် ရခိုင်ပြည်ဓည၀တီမြို့ကို အုပ်ချုပ်နန်းစံ လျှက်ဟိသော ဘုရင်သုရိယစက္ကမင်းကြီး နန်းစံချိန်နှင့်ကိုက်ညီနီသဖြင့် သူရိယစက္ကမင်းကြီးသည် ဓါတ်မွီတော်ရို့ကို အသျှင်နှစ်ပါးထံမှ လက်ခံရယူကာ ဘုရားသျှင် ရခိုင်ပြည်သို့ကြွရောက်လာစဉ်က ဗျာဒိတ်ပီးခသော အရပ်ဌာနအသီးသီးတွင် ဓါတ်တော်များကို စေတီတည်ရန်စီစဉ်သည်။

ဘုရားသျှင်သည် ရခိုင်ပြည်သို့ကြွရောက်လာသောအခါက ကျောက်တော်တောင်၌ရပ်နားပြီး အရပ်ဆယ်မျက်နှာကို ဖြန့်ကျက်လျှက် မိန့်ဟမြွက်ဆို ခဖူးသော ဗျာဒိတ်ဝင်အရပ်နီရာအသီးသီးများ၌ စေတီများကိုတည်ရန် စီစဉ်ခြင်းဖြစ်သည်။ ဓါတ်မွီတော်များ၏ အမည်နာမအရွယ် အမျိုးများကိုလည်း အသျှင်တိဿနှင့် အသျှင်ဗာကုလရို့က ဝေဖန်ပိုင်းခြားပီးသည်။

ဤတွင်ယခုပေါက်တောမြို့မှ အနောက်မြောက်အရပ် (၁) မိုင်ကျော်ခန့်အကွာတွင် တည်ဟိသော ကပေါတဂီရိတောင်ပေါ်တွင် ဘုရားသျှင်နုငယ်စဉ်ဘ၀က ခွာမင်းတဇစ်ဖြစ်ခပြီး ခွာမင်းဘ၀ဖြင့် ဤတောင်ပေါ်အရပ်၌ ကျင်လည်ကျက်စားနီထိုင်ဖူးခရာ ယင်းကိုရည်ရွယ်လျှက် ဘုရားသျှင်၏လိုင်ရိုးတော်၊ လိုင်ရွှဲတော်မှဖြစ်လာသော ဓါတ်တော်ရို့ကို ဤတောင်ကုန်းပေါ်၌ မြီအောက်ဌာပနာ၍ အပေါ်မှစေတီတည်ရန် လက်သမားပန်းရံရို့ဖြင့် စီမံဆောင်ရွက်သည်။

ထို့ကြောင့် ဓည၀တီပြည့်သျှင် ဘုရင်သူရိယစက္ကမင်းကြီးသည် မိဖုရားရုဓိတာနှင့်တကွ ရဟန္တာအသျှင်မြတ် နှစ်ပါးရို့၏လမ်းညွှန်ချက်အတိုင်း လက်ခံရဟိသော ဓါတ်မွီတော် (၂၄၇) ဆူရို့အနက်မှ လိုင်ရိုးတော် (ဂီဝှါ) ဓါတ်မြတ်ကြီးကို ထိုနှစ် သာသနာသက္ကရာဇ် (၂၂၂) ခု တန်းဆောင်ဘုန်း လပြည့်ကျော် (၁) ရက်နိတွင် ကပေါတဂီရိတောင်ပေါ်၌ ကောင်းစွာစီမံ ဆောင်ရွက်၍ လိုင်ရိုးတော်ဓါတ်ကို စတင်တည်ထားခသည်။ ယခုပေါက်တောမြို့ ကပေါတဂီရိတောင်ပေါ်၌ ကိန်းဝပ်လျှက်တည်ဟိသော လိုင်ရိုးတော်ဓါတ်သည် မြတ်ဗုဒ္ဓနုငယ်စဉ်က ခွာမင်းတဇစ်ဘ၀ဖြင့် ကျင်လည်ခရာဖြစ်ပြီး သာသနာသက္ကရာဇ် (၂၂၂) ခုနှစ်တွင် သူရိယစက္ကမင်းကြီး တည်ထားခသော မြတ်ဗုဒ္ဓဂေါတမသျှင်တော်၏ ဓါတ်တော်တစ်ဆူ ဖြစ်ပေသည်။

အခန်း (၁၂)

လိုင်ရိုးတော်ဓါတ်ကို ခေတ်အဆက်ဆက် ပြုပျင်မွမ်းမံလာခြင်း

လိုင်ရိုးတော်စေတီမြတ်ကြီး၏မူလအစ ကုသိုလ်သျှင်မှာ တတိယဓည၀တီခေတ် သူရိယစက္ကမင်းကြီးပင်ဖြစ်သည်။ သူရိယစက္ကမင်းကြီးနှင့် မိဖုရားရုဓိတာရို့သည် သီရိဓမ္မာသောကမင်းကြီးထံမှ ပီးပို့လာသော ဓါတ်တော်များအနက်မှတဆူဖြစ်သော ဓါတ်မွီတော် (လိုင်ရိုးတော်) ကို ဗျာဒိတ်ဝင်တောင်ရင်းကျွန်းအရပ် ကပေါတဂီရိတောင်ပေါ်တွင် တည်ထားခသည်။ ယင်းနောက်တွင်ကား ဝေသာလီ (ကျောက်လှကား) ခေတ်သို့အရောက်တွင် ကပေါတဂီရိတောင်ပေါ်မှ လိုင်ရိုးတော်စေတီမြတ်ကို စန္ဒြားမင်းအဆက်ဆက်ရို့သည် ထပ်မံ၍ မွမ်းမံပူဇော်ခသည်။ အထူးသဖြင့် ဝေသာလီခေတ်ကထွန်းကားမှုဆိုင်ရာ သမိုင်းရုပ်ကြွင်း အထောက်အထားများကို ဤအရပ်၌တွိရ၍ ဝေသာလီခေတ်က စန္ဒြားမင်းရို့သည် မြတ်ဗုဒ္ဓ၏ သရီရဓါတ်တော်ဖြစ်သော လိုင်ရိုးတော်ဓါတ်ကိုလည်း ပြုပျင်ဆောင်ရွက်ခမည်သာဖြစ်သည်။

ဝေသာလီခေတ်မှတခါ လေးမြို့ခေတ်သို့ ပြောင်းလဲရောက်ဟိလာသည့်အခါ လေးမြို့ခေတ်တွင် ဘာသာရေးကို များစွာဆောင်ရွက်လုပ်ကိုင်ခသော ဒဿရာဇာမင်းသည် မဟာမုနိသွန်းစက်တော်ကြီးကို ပြန်လည်ရှာဖွေ၍ တည်ထားခသည်။ ဤမင်း၏အလှူဒါနသည်များပြားရကား သီရိဓမ္မာသောကမင်း နှင့် ခိုင်းနှိုင်းရလောက်အောင် ဘုရား၊ ပုထိုး၊ စေတီ၊ ရီတွင်း၊ ရီကန်၊ ဇရပ်များစွာရို့ကိုတည်ထားခသည်။ တောင်ရင်းကျွန်းအရပ်မှနီ၍ မြို့တော်ပုရိန်ကို ဖြတ်ကာ မဟာမုနိလမ်းကိုဖောက်လုပ်သည်။

ဤဒဿရာဇာမင်းကြီး၏ ကောင်းမှုတော်များအထဲတွင် တောင်ရင်းကျွန်းအရပ်မှ လိုင်ရိုးတော် (ဂီဝှါ) ဓါတ်တော်တဆူလည်း ပါဝင်သည်။ ဒဿရာဇာမင်းကြီးသည် လိုင်ရိုးတော်စေတီမြတ်ကြီးကို ပြန်လည်ပြုပျင်ခြင်း၊ ထီးတော်များကို တင်ဆောင်ခြင်းရို့ ပြုလုပ်သည်။ မြောက်ဦးခေတ်သို့အရောက်တွင်ကား တောင်ရင်းကျွန်းအရပ်၌ မြောက်ဦးခေတ်နှင့်သက်ဆိုင်သော အထောက်အထားများစွာကို တွိရသည်။ အထူးသဖြင့် မင်းဗာဘုရင် အိမ်ရှိမင်းသားဘ၀ဖြင့် တောင်ရင်းကျွန်းအရပ်၌ နီထိုင်ဖူးခသည်။ မင်းသားဘ၀မှ ဘုရင်ဖြစ်လာသည့်အခါမှာ တောင်ရင်းကျွန်းအနှံ့ ဘုရားပုထိုးစေတီများကို ကောင်းမှုပြုသည်။ မင်းဗာဘုရင်တည်ထားခသော ကျောက်ထွင်းဂူ (၃) ဂူမှာ အထင်အရှားဟိသည်။

ကပေါတဂီရိတောင်ပေါ်မှ လိုင်ရိုးတော်ဓါတ်ကိုလည်း မင်းဗာဘုရင်သည် ရှိဘေးတော်ဘီးတော်များလက်ထက်ကဲ့သို့ ပူဇော်သည်။ မွမ်းမံသင့်သည်များကို မွမ်းမံသည်။ ထို့နောက် သားတော်မင်းဖလောင်း နန်းရလာသည့် အခါတွင်လည်း ဓါတ်မွီတော် (၁၇) ဆူကို ပြန်လည်ပြုပျင်မွမ်းမံခရာ၌ ကပေါတဂီရိတောင်ပေါ်မှ လိုင်ရိုးတော်ဓါတ်တော်လည်း တဆူအပါအ၀င်ဖြစ်သည်။ မင်းဖလောင်းသည် ပွဲကြီးခမ်းနားကြီးကျယ်စွာဆင်ယင်၍ လိုင်ရိုးတော်ဓါတ်ကို ပူဇော်မွမ်းမံသည်။

တခါ မင်းရာဇာကြီးလက်ထက်တွင်လည်း စေတီဟောင်း (၂၅) ဆူနှင့် စေတီအသစ် (၂၂) ဆူကို တည်ထားခရာ စေတီဟောင်း (၂၅) ဆူကို ပြန်လည်မွမ်းမံရာ၌ လိုင်ရိုးတော်ဓါတ်ကြီးကိုလည်း ပြုပျင်ခသိမ့်သည်။ ယင်းနောက်တွင် ကျိန်းဒုံးညိုခေါ် (စန္ဒ၀ိဇယရာဇာ) မင်းသည်လည်း သက္ကရာဇ် (၁၀၇၂) ခုနှစ်တွင် လိုင်ရိုးတော်ဓါတ်အားကြည်ညိုပြီး လိုအပ်သည်များကို စီမံဆောင်ရွက်ခသည်။ ဤမင်းသည် ဘုရားဆင်းထုတော် သျှစ်ရာ၊ စေတီပုထိုးပေါင်းသျှစ်ရာ၊ ရီကန်ပေါင်းသျှစ်ရာစသည်ရို့ကို လှူဒါန်းခသည်။

အင်္ဂလိပ်ခေတ်အရောက်တွင်ကား ငွေကြေးချမ်းသာသောသူများကစုစည်းမတည်၍ စေတီတော်ကို ပြုပျင်ခသည်။ ခရစ် (၁၉၀၈) ခုနှစ်တွင် လိုင်ရိုးတော်ဓါတ်သည် ရောင်ခြည်တော်ကွန့်မြူးသဖြင့် ယင်းကို ဖူးမြော်လိုက်ရသော ရွာချောင်းကြီးရွာမှ လယ်သူဌေး အုံးဒုံနှင့် မယားထွန်းမေရို့ ဦးစီးဦးဆောင်လျှက် ငွေကြေးကုန်ကျခံကာ ဓါတ်တော်ကို ပြုပျင်ခသည်။ ယခုမျက်မှောက်ကာလတွင်လည်း ဂေါပကအဖွဲ့ အဆက်ဆက် ဓါတ်တော်ကြီးအပြင် စောင်းတန်း၊ ဇရပ်၊ ဓမ္မာရုံ၊ အုတ်လှကားစသည်ရို့ကို တိုးချဲ့လုပ်ကိုင်သည်။

အခန်း (၁၃)

မင်းဖလောင်းလက်ထက်မွမ်းမံပူဇော်ခြင်း

မင်းဖလောင်း (ကောဇာ ၉၃၃-၉၅၅)

ဘုရင်မင်းဖလောင်းကို ကောဇာသက္ကရာဇ် ၈၉၆ ခုနှစ်တွင် ဘခမည်းတော် ဒုတိယမြောက်ဦးမြို့တည် ဘုရင်းမင်းဗာကြီးနှင့် အိမ်နိမ့်မျောက်သားတော်ဖြစ်သော မယ်တော်စောသျှင်စောရို့မှ ဖွားမြင်သည်။ ငယ်နာမည်ကား “ဖွားတော်ထွီး” ဟူ၍လည်းကောင်း၊ “ချစ်နှောင်း” ဟူ၍လည်း ခေါ်သည်။ ဖခင်တိုင်းပြည်အုပ်ချုပ်မင်းလုပ်နီစဉ်ကာလအတွင်း ဘုရင်ဂျီဖလောင်း (ပေါ်တူဂီ) လူမျိုးရို့သည် မြောက်ဦးမြို့သို့ စစ်ချီလာရာ မင်းဗာကြီးတပ်များက ပြန်လည်စစ်ဆင်တိုက်ခိုက်မှုကြောင့် အနိုင်ရသည်။ ဤအချိန်ကာလ၌ မွီးဖွားခသောကြောင့် “မင်းဖလောင်း” ဟူ၍ အမည်ရသည်။

ဖခင်၏ညီဖြစ်သူစကြ၀တေးမင်းသည် ကျောက်ရောဂါဖြင့် ကွယ်လွန်ပြီးနောက် ယင်းအရိုက်အရာကိုဆက်ခံကာ မင်းဖလောင်းမင်းဖြစ်လာ၏။ “သီရိသူရိယ စန္ဒမဟာဓမ္မရာဇာ” ဘွဲ့အမည်ကိုခံယူလျှက် သက္ကရာဇ် (၉၃၃) ခု၊ တပို့တွဲလဆုတ် (၈) ရက် ကြာသားပတီးနိတွင် စကြ၀တေးမင်း၏ သမီးဖြစ်သူသျှင်လတ်နှင့် ဘိသိက်သွန်း၍ နန်တက်၏။ ထိုအချိန်က မင်းဖလောင်း၏အသက်မှာ (၃၇) နှစ်ဖြစ်သည်။

မင်းဖလောင်းမင်းဖြစ်လာသောအခါ ဘင်္ဂါ (၁၂) မြို့ကို ဖခင်နည်းတူ ပိုင်ဆိုင်သောကြောင့် ကုလားဘွဲ့ အမည်အားဖြင့် သျှောက်စန္ဒြာသျှာ (သို့မဟုတ်) သီကွန်ဒါသျှာဟူ၍တွင်၏။ မင်းမဖြစ်မီက မင်းဖလောင်းမှာ ဖခင်မင်းဗာကြီးလက်ထက်တွင် သားတော်အိမ်ရှိမင်းသား သျှင်နှောင်း၊ သံတွဲစားအဖြစ် အမှုထမ်းရွက်ခ၏။ ဖခင်မင်းဗာကြီးက ဘင်္ဂါ (၁၂) မြို့သို့စစ်ချီလားသည့်အခါ လှံကိုင်ဓားကိုင် သူရဲတသောင်း၊ ကမန်လေးကိုင် သူရဲတသောင်း၊ ဒိုင်းကိုင်ကာစွဲသူရဲတသောင်း သိုင်းသမား သူရဲတသောင်းရို့ကိုဦးစီး၍ မယူမြစ်ကိုထွက်ကာ ပင်လယ်ပြင်ဘက်မှ စစ်ချီ၏။ မင်းဖလောင်းနန်တက်၍ မင်းဖြစ်လာသည့်အခါငယ် မျောက်သားတော်စောမိတော်ကို မိဖုရားခေါင်ကြီးအဖြစ်ဖြင့်လည်းကောင်း၊ စောသန္တာကိုမူ တောင်မိဖုရားအဖြစ်ဖြင့် လည်းကောင်း၊ ဘိသိက်သွန်းဖက် သျှင်လတ်ကိုကား နန်းတက်မိဖုရားအဖြစ်ဖြင့် လည်းကောင်း၊ မျောက်သား တောစောဦးကိုကား မြောက်မိဖုရား အဖြစ်ဖြင့်လည်းကောင်း အသီးသီးအပ်နှင်းခြင်းဖြင့် မိဖုရားလေးယောက်ဟိ၏။

တဖန် မင်းဖလောင်းသည် သားတော်သမီးတော်ရို့အားလည်း ဥာဏ်ပညာဖြင့်ချင့်ချိန်ပိုင်းခြားလျှက် ရာထူးဌာနန္တရများ အသီးသီးပီးအပ်သည်။ မင်းဖလောင်း၏သားအကြီးဆုံးဖြစ်သူ သတိုးဓမ္မရာဇာကိုကား အိမ်ရှိမင်းအဖြစ် ဆောင်ရွက်စီ၏။ သားတော်အလတ် သတိုးမင်းစောကိုကား စစ်သူကြီးခန့်၏။ သမီးတော်ကြီး အဉ္စနဒေ၀ကိုကား ညီတော်မင်းရဲရန်အောင်နှင့် ပီးစားထိမ်းမြား၍ လောင်းကြက်မြို့စားရာထူးကိုခန့်၏။ သမီးတော် အလတ် အသျှင်မကိုကား ညီတော်မောင်ကြီးထွီးနှင့်ထိမ်းမြား၍ တောင်ဘက်စားရာထူးကိုပီး၏။ သမီးအထွီးဖြစ်သူ စလပ်ဒေ၀ီကိုကား အစ်ကို မင်းတိက္ခာ၏သား ဘစောမင်းညိုနှင့် ထိမ်မြား၍ ရာဇသင်္ကြန် ရာထူးကိုပီး၏။ ဘင်္ဂါ (၁၂) မြို့ကိုလည်း ဘိုးတော်ဘီးတော်များ လက်ထက်အခါကအတိုင်း အုပ်ချုပ်သည်။

သက္ကရာဇ် (၉၃၆) ခု တပို့တွဲလဆန်း (၂) ရက်စနီနိတွင် မင်းကြီးသည် ကမ္ဘောဇဟုအမည်ရသော သက်တိုင်းပြည်သို့ တကြိမ်ရီကြောင်း၊ ကုန်းကြောင်းချီတက်တော်မူသည်။ သက်မင်းရို့၏နိုင်ငံဖြစ်သော မူလပါဒရံ၊ သက္ကလာ၊ ရှတ်ရှာ၊ ကောက်ကတန်း၊ စုတ္ကရားအစဟိသောမြို့များကို မပြိုမကွဲစီဘဲ မြို့စား၊ ရွာစားများကို ခန့်အပ်လျှက်အုပ်ချုပ်သည်။ မင်းကြီးသည် ယင်းမှတဖန် စစ်တကောင်းမြို့သို့ ခရီးထွက်လီရာ ဦးစီစလာ (ဦးဇိတ်ဂျတ်ဇလာ)သည် မင်းကြီး၏သတင်းစုံကိုကြားရသဖြင့် လက်ဆောင်ပဏာများဖြင့် လာရောက်ဖူးမြော်၏။ မင်းဖလောင်းသည် လက်အောက်ခံ ဘင်္ဂါ (၁၂) မြို့တွင် မျိုးတော်ဆွေတော်အပေါင်းရို့အား အသီးသီးရာထူးခန့်အပ်လျှက် နီရာချထားခသည်။ မင်းကြီး၏သားတော်ရင်း ဖြစ်သော သတိုးမင်းစောကိုလည်း (အနောက်ဘုရင်) ဟူ၍ ရာထူးတံဆိပ်ခပ်နှိပ်လျှက် ဆင်၊ မြင်း၊ ရဲမက်ဗိုလ်ပါများနှင့်တကွ အုပ်ချုပ်စီသည်။

သက်မင်းပြည်ထောင်အပေါင်းရို့က အစဉ်အဆက်အကျိုးကိုမမြင်သဖြင့် ဥတ္တရပြည်ကိုအစိုးရသော မြုံမင်းရို့ထံပြီးဝင် ခိုလှုံသည်။ မင်းဖလောင်း လက်ထက် လက်အောက်ခံ ဘင်္ဂါ (၁၂) မြို့မှာ နည်းမျိုးစုံဖြင့် ပုန်ကန်ခြားနားသည်။ မင်းကြီး၏ဘုန်းတန်ခိုးကြောင့် မအောင်မြင်ဘဲ ကျဆုံးရသည်။ မင်းကြီးသည် အနောက်ပြည်သို့ ဒုတိယအကြိမ်လားရောက်သည်။ မြုံပြည်အားတိုက်ရာ အောင်မြင်သည်။ ဤနည်းအတူ အရှိပြည်မှ ကျော်ထင်အနော်ရထာသည် ယခင်မင်းဗာကြီးလက်ထက်အခါက ယောက်ဖတော် တပင်ရွှေထီး စစ်ယှုံးရသည်ကိုအရှက်ရ၍ စစ်မက်အလုံးအရင်းနှင့် မြောက်ဦးမြို့တော်သို့ သံတွဲမြို့မှတဆင့် ချီတက်လာ၏။ မင်းကြီးမှာရွှေနန်းတော်၌နီလျှက် မြို့တော်ကိုအလုံပိတ်ထားစီကာ စစ်သူကြီးများကို ရှိထွက်တိုက်ခိုင်း၏။ ကျော်ထင်နော်ရထာ၏တပ်မှာ မခံရပ်နိုင်ဘဲ ဆုတ်ခွာပြိုပျက်ရသည်။

ဤသို့ဖြင့် မင်းဖလောင်းသည် အရှိမှကျူးကျော်လာမှု၊ အနောက်မှပုန်ကန်သူများကို နှိပ်ကွပ်နှိမ်နင်းပြီးနောက် သာသနာတော်ကောင်းကျိုး ဆကဲထမ်းပိုးဆောင်ရွက်တော်မူသည်။ ရှိဘေးလောင်းတော်၊ ဘိုးလောင်းတော်၊ ခမည်းတော်၊ နောင်တော်မင်းရို့ကတည်ထားပြုလုပ်ခသော စေတီများနှင့်တကွ ကျောင်း၊ ဘုရား၊ သိမ်၊ ဇရပ်၊ မဏ္ဍပ်၊ ရီတွင်း၊ ရီကန်နှင့်တကွ နန်းတော်အားပြုပျင်မွမ်းမံသည်။ နိုင်ငံအတွင်း ချမ်းသာဆင်းရဲမရွီး လူအားလုံးသူအားလည်း ကြီးစွာသောအလှူပီးတော်မူသည်။ ဤမင်းလက်ထက် သရက်မြို့၏အရှိဘက် ပန်းပြင်အရပ်မ ဆင်ဖြူတစီး၊ လေးမြို့ချောင်းမှ ဆင်ဖြူအမတစီး၊ ကျော်ထင်နော်ရထာကို စစ်နိုင်သောအခါ၌ ဆင်ဖြူတစီး အသီးသီးရသည်။ ပတ္တမြားတလုံးနှင့်အတူ မိဖုရားတပါးရသည်။ ယင်းသူမှာ ဦးရာဇ်တော်ဓါတ်စေတီ အနောက်ဘက်အနီး ရီပေါက်ချောင်းရွာသူမဖြစ်သော စောမဲကျီပင်ဖြစ်သည်။ စောမဲကျီမှာ ငါးရှာရာမှ ပြည်တန်ပတ္တမြား တစ်လုံးကိုရသည်။ ပတ္တမြားကိုအကြောင်းပြု၍ စောမဲကျီကိုပါသိမ်းယူထားလိုက်သည်။ ဘုရင်က စောမဲကျီအား ပယ်မယားအဖြစ် ထားဟိ၏။ နောင်အခါ ရမ်းဗြဲမြို့ကို နယ်စားရာထူးပီးသနားသည်။ မျက်ရှင်ပတ္တမြားကိုကား ဦးရာဇ်တောင်၌ ဌာပနာသည်။

ဤမင်းသည် ငွေဒင်္ဂါးတကြိမ်သွန်းလုပ်သည်။ ဒင်္ဂါး၌မူ (နရာဓိပတိ ဥရီးတော် သီရိသျှာ) ဟူ၍ ပါဟိသည်။ ဤသို့ဖြင့် ဘ၀သျှင်မင်းဖလောင်းကြီးသည် အိမ်နိမ့် (၃၇)၊ နန်းစံ (၂၂)၊ သက်တော် (၅၉) နှစ်၊ သက္ကရာဇ် (၉၉၅) ခု၊ ၀ါဆိုလဆန်း (၆) ရက်၊ တလင်္ဂုနီနိတွင် နတ်ရွာလွန်တော်မူသည်။

ဤသို့ဖြင့် ကောဇာသက္ကရာဇ် (၉၃၃) ခုနှစ်မှ (၉၅၅) ခုနှစ်အထိ နှစ်ပေါင်း (၂၂) နှစ်အကြာအုပ်ချုပ်ပြီး မင်းကြီးသည် ရခိုင်ပြည် (၁၇) ဌာနသောအရပ်ဌာန များ၌ ဓါတ်တော်များတည်တော်မူခသည်။

၁။ မိဂ္ဂတဗ္ဗတောင်၌ နဖူးသင်းကျစ်တော်ဓါတ်ကို ဌာပနာ၍ (သျှင်းကျစ်တော်စေတီ)
၂။ နန္ဒပဗ္ဗတတောင်၌ ပါးမွှေးတော်ဓါတ်ကို ဌာပနာ၍ (ပါးမွှီးတော်စေတီ)
၃။ ဝေဠုပဗ္ဗတတောင်၌ နားလိတ်တော်ဓါတ်ကို ဌာပနာ၍ (နားလိတ်စေတီ)
၎။ မဉ္စူပဗ္ဗတတောင်၌ ချက်တော်ဓါတ်ကို ဌာပနာ၍ (ချက်တော်စေတီ)
၅။ ကာကာဂီရိတောင်၌ လျှာတော်ဓါတ်ကို ဌာပနာ၍ (ဇီဝှါစေတီ)
၆။ ကပေါတဂီရိတောင်၌ လည်တော်ဓါတ်ကို ဌာပနာ၍ (ဂိဝှါစေတိ)
၇။ မုဉ္စပဗ္ဗတတောင်၌ လက်ယာပါးရိုးတော်ဓါတ်ကို ဌာပနာ၍ (ပြိုင်းတိုင်စေတီ)
၈။ ရေနုသာရတောင်၌ လက်ဝဲပါးရိုးတော်ဓါတ်ကို ဌာပနာ၍ (ပါးရိုးတော်စေတီ)
၉။ ဥရုပဗ္ဗတတောင်၌ ရင်ငုံတော်ဓါတ်ကို ဌာပနာ၍ (ရင်ငုံတော်စေတီ)
၁၀။ သေလာပဗ္ဗတတောင်၌ မေးငူတော်ဓါတ်ကို ဌာပနာ၍ (မေးငူတော်စေတီ)
၁၁။ သမ္ဗတောင်၌ အဆုတ်တော်ဓါတ်ကို ဌာပနာ၍ (အဆုတ်တော်စေတီ)
၁၂။ နေသာဒတောင်တွင် သလုံးတော်ဓါတ်ကို ဌာပနာ၍ (သလုံးတော်စေတီ)
၁၃။ တဲလမူးချောင်း ကဏ္ဏလောမတောင်၌ နားမွှီးတော်ဓါတ်ကို ဌာပနာ၍ (နားမွှီးတော်စေတီ)
၁၄။ သာလမယတောင်၌ စမြုံတော်ဓါတ်ကို ဌာပနာ၍ (စမြုံတော်စေတီ)
၁၅။ စာရုပဗ္ဗတတောင်၌ ဦးကင်းတော်ဓါတ်ကို ဌာပနာ၍ (ဦးကင်းတော်စေတီ)
၁၆။ ဒွါရာဝတီ သံတွဲမြို့ဝယ် မဏိကေသာတောင်၌ ဆံတော်စေတီကို ထပ်မံ၍တည်သည်။
၁၇။ သီလပဗ္ဗတောင်၌ ဦးရာဇ်တော်ဓါတ်ကို ဌာပနာ၍ ဦးရာဇ်တော်စေတီတည်တော်မူသည်။

တောင်ရင်းကျွန်း ကပေါတဂီရိခေါ်တွင်သောတောင်၌ လိုင်ရိုးတော်ဓါတ်ကိုတည်တော်မူသည်။ စေတီတော်၏ အောက်ဖိနပ်မှ အထက်လုံးပတ် လက်တောင် (၂၀) ဟိပြီး အမြင့်မှာ (၁၂) တောင်မြင့်သည်။ စေတီတော်တည်နီစဉ်တွင် မင်းကြီးကိုယ်တိုင်ကြွရောက်လာပြီး ခုနှစ်ရက်တိုင်တိုင် ပွဲလမ်းသဘင်ကျင်းပလျှက် အသဒီသအလှူကြီးကိုပီးတော်မူသည်။ လာရောက်ဖူးမြော်ကုန်သောလူရို့သည် များစွာနှစ်လိုဝမ်းသာ ပျော်ရွှင်ကတ်ကုန် သည်။

ကျမ်းကိုး
၁။ ဦးစန္ဒမာလာလင်္ကာရ ။ ။ ရခိုင်ရာဇ၀င်သစ်ကျမ်း
၂။ ရခိုင်ဆရာတော် ။ ။ ဓည၀တီအရေးတော်ပုံကျမ်း
၃။ ဦးကိတ္တိ ။ ။ ပါးတော်ဓါတ်သမိုင်း
၎။ အသျှင်စက္ကိန္ဒ ။ ။ ပြည်တွင်းမကိုဋ်ဓါတ်ဦးရာဇ်သမိုင်း
၅။ ဦးစံသာအောင် ။ ။ ရခိုင်ဒင်္ဂါးများ
၆။ မင်းပြားမင်းသိန်းဇံ ။ ။ သရီရတော်မြတ်ပါးတော်ဓါတ်သမိုင်း စာ ၁၀၁ မှ ၁၁၂ ထိ

အခန်း (၁၄)

လိုင်ရိုးတော်ဓါတ်စေတီအား နောက်ပိုင်းပြုပျင်ဆောင်ရွက်မှုများ

လိုင်ရိုးတော်ဓါတ်ကို ဓည၀တီခေတ် သူရိယစက္ကမင်းကြီးကစ၍ တည်ထားခပြီးသည့်နောက် ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်ရို့တွင် ဘုရင်အသီးသီးရို့က ကောင်းမှုပြု၍ မွမ်းမံပျင်ဆင်လာခသော စေတီတဆူဖြစ်သည်။ ကောဇာ (၁၁၄၆) ခု နောက်တွင်ကား စစ်ဘေးဒဏ် အမျိုးမျိုး ကြောင့် ဓါတ်တော်မှာ ကြည့်ရှုစောင့်လျှောက်မည့်သူ ကင်းဝီးခရသည်။ ဓါတ်တော်၏ရင်ပြင်၌ ခြုံနွယ်ညောင်ကြပ်ပြီး တောအုပ်ပမာ ဟိနီခသည်။ အင်္ဂလိပ်ခေတ်ဦးပိုင်းကဆိုလျှင် စေတီသို့တက်ရောက်သည့်လမ်း၌ ခြုံများပိတ်ဆို့ထားသဖြင့် နွယ်ပင်များကိုဆုပ်ကိုင်ပြီး ခက်ခက်ခဲခဲတောင်ပေါ်သို့ တက်ရောက်၍ ဘုရားဖူးရသည်။ ရှိယခင်ကပြုလုပ်ခသော လမ်းများမှာလည်း ပိတ်ဆို့ပျပ်စီးလျှက်ဟိသည်။

ခရစ် (၁၉၀၈) ခုနှစ် အင်္ဂလိပ်လက်ထက်ပြုပျင်ခြင်း

ယင်းသို့တောထဲခြုံထဲ၌ လိုင်ရိုးတော်ဓါတ်ကြီးမှာ ပြုပျင်မှုကင်းမဲ့လျှက်ဟိလတ်ရာ (၁၉၀၈) ခုနှစ်သို့ ရောက်သည့်အခါ ဓါတ်တော်ကြီးသည် ရောင်ခြည်တော်လွှတ်လျှက် ဓါတ်တောက်သည်။ ယင်းရို့၏ရောင်ခြည်တချို့သည် လိုင်ရိုးတော်ဓါတ်မှ အရှိမြောက်ဘက် (၂) မိုင်ခန့်ဝီးသည့် ရွာချောင်းကြီး ဘုန်းတော်ကြီးကျောင်းသို့ ကျရောက်သည်။ ထိုအချိန်က ရွာချောင်းကြီးကျောင်းမှာ ဆောက်လုပ်ခြင်း မပြီးပြတ်သိမ့်၍ ဘေးပြုတင်းပေါက်မှ ၀င်ရောက်လာသော ရောင်ခြည်တော်ရို့သည် ဘုန်းကြီးကျောင်းမှန်တိုင်တွင် ရောင်ပြန်ဟပ်ထိုးပြီး ကျောင်းကြီးမီးလောင်နီပြီဟုပင် အထင်မှားကတ်သည်။

ရွာသူရွာသားများကလည်း ပြီးလွှားကြည့်ရာ ရွာချောင်းကြီးရွာဘုန်းတော်ကြီးကျောင်းသို့ လိုင်ရိုးတော်ဓါတ်မှ ရောင်ခြည်တော်အလင်းတန်းသည် တည့်မတ်စွာကျလာသဖြင့် ကြည်လင်သော သဒ္ဒါစေတနာဖြင့် ဓါတ်တော်ကြီးကို ဖူးမြော်ကတ်ရသည်။ ယင်း၌ ရွာချောင်းကြီးရွာမှ လယ်သူဌေးအိုးဒုံနှင့် မယားထွန်းမေရို့မှာ ဓါတ်ကွန့်မြူးသည်ကို ဖူးတွိရသဖြင့် စေတီတော်ကြီးအား မွမ်းမံလိုခြင်း၊ လှူဒါန်းလိုခြင်း စေတနာသဒ္ဓါတရား ဖြစ်ပေါ်လာသည်။ ထို့နောက် လယ်သူဌေးအိုးဒုံနှင့် ရွာသူရွာသားများသည် လိုင်ရိုးတော်ဓါတ်တည်ဟိရာသို့ လားရောက်လျှက် တောလမ်းတလျှောက် သစ်ပင်ခြုံနွယ်များကို ခွတ်ထွင်ယှင်းလင်းစီသည်။ စေတီသို့တက်သည့်လမ်းကို အရှိဘက်မှ ဖောက်လုပ်သည်။ ပြိုပျက်နီသောစေတီကို မရမာကြီးလူမျိုး ပန်းရံလက်သမားများဖြင့် ပြုပျင်မွမ်းမံသည်။ ရပ်ဝီးရပ်နီးမှ အုတ်တင်၊ သဲတင်သူများကို သူဌေးကြီးအိုးဒုံက ဒိုင်ခံ၍ နိစဉ်မပြတ် ဆန်ပြုတ်သာကြူနှင့် ထမင်းဟင်းများလှူဒါန်းကျွေးမွီးသည်။

ထို့နောက်မန္တလေးမြို့မှ ဘုံ (၇) ဆင့်ပါသော ကြီးထီးတော်ကြီးကို ငွေ (၅၀၀ိ) ဖြင့်ဝယ်ယူ၍ စေတီတော်အား ထီးတင်သည်။ ဓါတ်တော်သို့ အရှိဘက် တက်လမ်းနီရာ၌ အုတ်များဖြင့် ကွန်ကရစ်လမ်းကို တည်ဆောက်သည်။ စေတီတခုလုံးကိုလည်း ရွှေဆိုင်းသင်္ကန်း ကပ်လှူပူဇော်သည်။ ထီးတော်တင်ရာ၌ ဘုံအဆင့်ဆင့်ကို ကျွန်းရွာများသို့ဝီခွဲ၍ မဲစနစ်ဖြင့် တင်လှူစီသည်။

ပထမဦးဆုံး ဂေါပကအဖွဲ့အင်္ဂလိပ် လက်ထက်ပြုပျင်ခြင်း

ကောဇာ (၁၂၉၁) ခုနှစ်သို့ ရောက်သောအခါ ပေါက်တောမြို့နယ် အောင်ဇေယျရွာမှ ဦးမောင်သာလှ၊ ပေါက်တောမြို့နယ်သရွဲရွာမှ ဦးမောင်သာနိုး၊ ဦးအောင်သာဇံ၊ ပေါက်တောမြို့နယ် သ၀င်ချောင်းရွာမှ ဦးသာဒိုးအောင်၊ ပေါက်တောမြို့မှ ဦးဝါပန်းဦး၊ ဦးအောင်ထွန်းခိုင်စသည်ရို့သည် လိုင်ရိုးတော်ဓါတ်တော်အား နွယ်ညောင်ကြပ်သည်များကို ခွတ်ထွင်ယှင်းလင်း၍ စေတီတော်မြတ်ကြီးအား အောက်လင်းဓါတ်မီး (၂) လုံး၊ လီထိုးမှန်အိမ် (၄) လုံးဖြင့် သီတင်းနိများတွင် မီးများထွန်းညှိပူဇော်သည်။

ထိုအချိန်မှစ၍ ဓါတ်တော်ဂေါပကအဖွဲ့မှာ ဟိလတ်သည်။ သြ၀ါဒစရိယဆရာတော်မှာ ဦးရေ၀တဖြစ်သည်။ ဥက္ကဌမှာ ဦးမောင်သာလှ၊ အတွင်းရေးမှူးမှာ ဦးအောင်သာဇံနှင့် သာဗန်းဦးရို့ဖြစ်သည်။ ဘဏ္ဍာထိမ်းမှာ ဦးမောင်သာနိုး၊ ဦးသာဒိုးအောင်ရို့ဖြစ်ပြီး အဖွဲ့ဝင်အဖြစ် ဦးအောင်ထွန်းခိုင်၊ ဦးဝါပန်းဦးရို့ဖြင့် ပထမဆုံးဂေါပကကို ဖွဲ့စည်းသည်။ ဤဂေါပကအဖွဲ့သည် ဘုရားရင်ပြင်ကိုပြုလုပ်ခြင်း၊ တံတိုင်းများကိုတည်ဆောက်ခြင်း၊ စေတီကို ထုံးဖြူသုတ်ခြင်းများပြုလုပ်သည်။ ဤဂေါပကအဖွဲ့မှပင် ဂျာမနီနိုင်ငံလုပ် ကူဘိုတာမီးစက်တလုံးကို ကျပ်ငွေ (၁၂၀၀ိ) ဖြင့် ၀ယ်ယူလျှက် ဓါတ်တော်ကြီးအား လျှပ်စစ်မီးထွန်းသည်။ ဓါတ်တော်၏တောင်ဘက်အနီး၌လည်း အာရုံခံသိမ်တဆောင်ကို ဆောက်လုပ်သည်။ ဤဂေါပကအဖွဲ့သည် ခရစ် (၁၉၂၉) ခုနှစ်မှ (၁၉၃၉) ခုနှစ်အထိ ဓါတ်တော်၏ဝေယျာဝစ္စများကို ဆောင်ရွက်သည်။ (၃၂) ရွာဖြင့် ဂေါပကအဖွဲ့ကို ဖွဲ့စည်းသည်။

ဒုတိယ ဂေါပကကော်မီတီလက်ထက် ပြုပျင်ဆောင်ရွက်မှု

ထို့နောက်ခရစ် ၁၉၄၀ ခုနှစ်တွင် ဓါတ်တော်၏ ဂေါပကဗဟိုကော်မတီကိုဖွဲ့စည်းသည်။ ယင်းအချိန်တွင် ပေါက်တောမြို့ ဦးဝါပန်းဦးက ဥက္ကဌအဖြစ်လည်းကောင်း၊ ပေါက်တောမြို့ နာရီဆရာ ဦးထွန်းစံခိုင်က အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ပေါက်တောမြို့မှ ဦးငွေသာအောင်က ဘဏ္ဍာထိန်းအဖြစ်လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် မောင်ကိုင်း (နတ်တောင်ပြင်) ဦးကံကြီးအောင် (ကျောက်ဆိပ်)၊ ဦးစံထွန်းအောင် (ကြိမ်ခွေမော်)၊ ဦးမောင်ထွန်း (မီးကျောင်းတက်) စသည်ရို့ပါဝင်သည်။

ဤဂေါပကအဖွဲ့သည် ဓါတ်တော်၏မြောက်ဘက် ယခုကုသိန္နာရုံအနီးဟိရာ၌ အာရုံခံဇရပ်တဆောင်ကို ဆောက်လုပ်ခသည်။ ဤလက်ထက်၌ ကြီးထီးတော်ကိုပြန်ချပြီး ရွှေဆိုင်းကပ်ကာ ပြန်တင်သည်။ ၎င်းင်းအပြင် ဤအဖွဲ့မှ ဓါတ်တော်ကြီးအား ထုံးဖြူသုတ်ခြင်း၊ ဝေယျာဝစ္စများကို ဆောင်ရွက်သည်။ ဘုရားပွဲတော်ကိုလည်း ကျင်းပသည်။ ဤဂေါပကအဖွဲ့မှ လှကားအမိုးတက်လမ်း (၃) ပုံ (၂) ပုံကို ပြုပျင်ဆောက်လုပ်သည်။

လွတ်လပ်ရေးရပြီးနောက် ပြုပျင်ခြင်း

လွတ်လပ်ရေးရပြီးနောက်တွင် လိုင်ရိုးတော်ဓါတ်ဂေါပကအသစ်ကို ဖွဲ့စည်းသည်။ ဤအဖွဲ့၌ သရွဲကျွန်းရွာမှ ဦးမောင်ကျော်သာက ဥက္ကဌအဖြစ် လည်းကောင်း၊ ပေါက်တောမြို့မှ ဦးစိန်လှအောင်က အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ကျော်ရှင်ရွာမှ ဦးကျော်ချေက အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ပေါက်တောမြို့မှ ဦးအောင်မြထွန်းက ဘဏ္ဍာထိမ်းအဖြစ်လည်းကောင်း ဆောင်ရွက်ပြီး ဤအဖွဲ့၌အဖွဲ့ဝင်ပေါင်း (၉) ဦးပါဝင်သည်။ ယင်းရို့မှာ ဦးသာဂရ (ကျောက်ဆိပ်)၊ ဦးဇာမရီ (ကျောက်ဆိပ်) ၊ ဦးမဲသာ (ကျောက်ဆိပ်)၊ ဦးမောင်သာပွင့် (ပေါက်တော)၊ ဆရာဦးမောင်မောင် (ပေါက်တော)၊ ဦးသာစိန် (ပေါက်တော)၊ ဦးမောင်ထွန်းစိန် (ပေါက်တော)၊ ဦးစံထွန်းဦး (နတ်တောင်ပြင်)၊ ဦးထွန်းလှ (ရွာချောင်းကြီး) ရို့ဖြစ်သည်။ ဤဂေါပကအဖွဲ့သည် နှစ်ပေါင်း (၂၀) ခန့် စေတီကြီးအား ထုံးသင်္ကန်းကပ်လှူခြင်း၊ လျှပ်စစ်ဓါတ်မီးပူဇော်ခြင်းစသည်များကို ဆောင်ရွက်သည်။ ဤအဖွဲ့မှ (၁၃၁၈) ခုနှစ်၊ တန်းခူးလဆန်း (၁၀) ရက်နိတွင် စေတီကြီးရင်ပြင်၌ မဟာရံတံတိုင်းကို တည်ဆောက်သည်။

ပြည်သူ့ကောင်စီလက်ထက်ပြုပျင်ဆောင်ရွက်မှု

ထို့နောက် မြန်မာမဆလလက်ထက်တွင် ဂေါပကဥက္ကဌမှာ ဦးမောင်ကျော်သာ (သရွဲ)၊ အတွင်းရေးမှူးမှာ ဦးအောင်မြထွန်း (ပေါက်တော)၊ ဘဏ္ဍာရေး မှူးမှာ ဦးအောင်ကျော်ဖြူ (ပေါက်တော) ရို့ဖြင့် ကျွန်းရွာတရွာလျှင် (၂) ဦးကျစီ ပါဝင်ဖွဲ့စည်းသည်။ (၃၂) ရွာမှ ဂေါပကအဖွဲ့ဝင်များပါဝင်သည်။ ဤအဖွဲ့လက်ထက်၌ လျှပ်စစ်မီးထွန်းအသင်းကို ဖွဲ့စည်းလျှက် ကျွန်းရွာများတွင် အသင်းဝင်ကြေးငွေများတလ (၂၅) ပြားကောက်ခံကာ လျှပ်စစ်ဓါတ်မီး ကို သီတင်းနိများ၌ ထွန်းညှိပူဇော်သည်။ (၁၉၆၈) ခုနှစ် လီမုန်းတိုင်းဒဏ်ကြောင့် စေတီရင်ပြင်အနီး အဆောက်အဦးများပြိုပျက်ရာ ယင်းရို့ကိုလည်း ထပ်မံပြုပျင်မွမ်းမံသည်။ စေတီ၏ကြီးထီးတော်မှာလည်း မုန်းတိုင်းဒဏ်ကြောင့် ယိုယွင်းပျက်စီးခရာ ယင်းကိုပြန်ချပြီး စစ်တွေမြို့မှ ဦးလောဘသာက ပြန်လည်ပြုပျင်ကာ ထီးကိုပြန်တင်သည်။ ထီးတော်၏ပျက်စီးလားသောနီရာ၌ သံသားကို အစားထိုးပြုလုပ်သည်။ ဤဂေါပကလက်ထက်တွင် ကူဘိုတာ ဂျပန်ပြည်လုပ် (၅-၆) မြင်းကောင်ရေ မီးစက်တလုံးကို အသစ်ဝယ်ယူပြီး လျှပ်စစ်ဓါတ်မီးထွန်းညှိပူဇော်သည်။

မျက်မှောက်ကာလပြုပျင်ဆောင်ရွက်မှု (၁၉၉၀ မှ ၁၉၉၅ ထိ)

(၁၉၉၀) ပြည့်နှစ်တွင် လိုင်ရိုးတော်ဓါတ်ဂေါပကအသစ်ကို ပြန်လည်ဖွဲ့စည်းသည်။ ဤဂေါပကအသင်း၌ ဦးမောင်ကျော်သာ (ဥက္ကဌ-သရွဲရာ)၊ ဦးအိုးဗျိုင် (ဒုဥက္ကဌ-ပေါက်တော)၊ ဦးမဲသာ (တွဲဘက်ဥက္ကဌ-ကျောက်ဆိပ်)၊ ဦးမောင်မြထွန်း (အတွင်းရေးမှူး-ပေါက်တော)၊ ဦးသိန်းကျော်အောင် (တွဲ-အတွင်းရေးမှူး-ပေါက်တော)၊ ဦးသောင်းထွန်းဦး (တွဲ-အတွင်းရေးမှူး-ပေါက်တော)၊ ဦးမောင်အိုးစိန် (ဘဏ္ဍာထိမ်း-ပေါက်တော)၊ ဦးဆန်ခါအောင် (တွဲ-ဘဏ္ဍာထိမ်း-ပေါက်တော)၊ ဦးမောင်ကျော်ထွန်း (စာရင်းစစ်-ကျောက်ဆိပ်)၊ ဦးစံရဲကျော် (စာရင်းစစ်-ပေါက်တော) စသည်ရို့ဖြစ်ပြီး အဖွဲ့ဝင်များမှာ ကျွန်းရွာ (၁၂) ရွာနှင့် မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်မှ အဖွဲ့ဝင် (၂) ဦးစီး ပါဝင်သည်။ ဤဂေါပကအဖွဲ့သည် စေတီရင်ပြင်နှင့် မဟာရံတံတိုင်းလှကားသစ်များကို ပြန်လည်ပြုပျင်သည်။ လျှပ်စစ်ဓါတ်မီးကိုလည်း ယခင်အတိုင်းထွန်းညှိသည်။ ဤအဖွဲ့မှ စေတီကြီးအား ထုံးသင်္ကန်းကပ်လှူခြင်းပြုသည်။ ဗုဒ္ဓပူဇနိယပွဲတော်ကိုလည်း ကျင်းပသည်။ ဤအဖွဲ့လက်ထက်တွင် ထီးတော်ကို ပြန်ချပြီး ယခင်ဦးလောဘသာ တင်ခသည့် သံသားနီရာ၌ ကြီးသားကိုအစားထိုးမွမ်းမံသည်။ (၁၉၉၁-၉၂) ခုနှစ်တွင် စေတီရင်ပြင်၌သံမံတလင်းကို ခင်းသည်။ (၁၉၉၂) ခုနှစ်တွင် အုတ်လှကားအမိုးဆောင် (၁၇) ဆောင်ကိုတိုးချဲ့၍မိုးသည်။ ရင်ပြင်ကို နီပူတောင်ကျောက်ပြား သုံးသောင်းကျပ်ဖိုးခင်းသည်။ ဒိုင်နမိုတလုံးဝယ်ယူပြီး မီးစက်တွင် တပ်ဆင်သည်။ မြောက်ဘက်ကုသိန္နရုံတော်ကို ငွေတသိန်းနှစ်သောင်းကျပ်ဖြင့်ဆောက်လုပ်သည်။ (၁၉၉၄) ခုနှစ်တွင် စေတီဂူဘုရား (၄၆) ဆူကိုတည်ထားပြီး စေတီ၏အရှိမြောက်ထောင့် ကုန်းတော်ပြိုနီရာများကို ပြုပျင်ကာဆီးသည်။ (၁၉၉၅) ခုနှစ်တွင် လှကားထစ်မုခ်ဝကို အုတ်ဖြင့်တည်ဆောက်သည်။ လှကားတက်လမ်းအလယ်တွင် မြောက်ဘက်က ရီချမ်းစင်နှင့် ဇရပ်တဆောင်ဆောက်သည်။

မျက်မှောက်ကာလပြုပျင်ဆောင်ရွက်မှု (၁၉၉၆ မှ ၁၉၉၈ ထိ)

(၁၉၉၆) ခုနှစ်တွင် မြို့ရောနယ်ပါ ဂေါပကအဖွဲ့သစ်ကို သြ၀ါဒစရိယဆရာတော်ကြီးများဖြင့် ဖွဲ့စည်းသည်။ ဤအဖွဲ့မှ လှကားတက်လမ်း ရပ်နားဆောင်နှစ်ခုမွမ်းမံသည်။ စေတီ၏ရင်ပြင်၌ တရားထိုင်အကွက် (၂၇) ကွက် ကြွီပြားခင်းသည်။ ဓါတ်တော်၏အနောက်မြောက်ထောင့် ကုန်းတော်မပြိုဆင်းရန် မြီထိန်းနံရံကို ပြုလုပ်သည်။ လှကားတက်လမ်းတွင် ယိုယွင်းပျက်စီးနီသော စောင်းတန်းအမိုးဆောင်ကိုလည်းမွမ်းမံပြုပျင်သည်။ (၁၉၉၇) ခုနှစ်တွင် အလှုသျှင်ရန်ကုန်မြို့၊ မင်္ဂလာဒုံလီတပ်၌ တာဝန်ထမ်းဆောင်နီသော (ပေါက်တောသား) ဦးကျော်ဝင်းနှင့် မယားဦးသိန်းခင်၊ သမီးမခင်သန်းဝင်း၊ မမီမီဝင်း မိသားစုက စေတီလုံးတော်ပြည့်ရွှေဆီးသင်္ကန်းကို ကပ်လှုသည်။ ဤဂေါပကအဖွဲ့အသင်းမှာ ဥက္ကဌအဖြစ် ဦးမောင်အိုးစိန် (ပေါက်တော)၊ ဒုဥက္ကဌဦးမောင်ကျော်သာ (သရွဲ)၊ ဒုဥက္ကဌ ဦးစိုးလှအောင် (ဒါးကိုင်)၊ ဘဏ္ဍာထိမ်း ဦးအောင်စံသာ (ပေါက်တော)၊ ဒုဘဏ္ဍာထိမ်းဦးဆန်ခါအောင် (ပေါက်တော)၊ တွဲဘက်ဘဏ္ဍာထိမ်း ဦးစံဖော်အောင် (ပေါက်တော)၊ အတွင်းရေးမှူး ဦးအောင်လှသာ (ပေါက်တော)၊ အတွင်းရေးမှူး ဦးအောင်ကျော်ဇံ (ကျောက်ဆိပ်)၊ အတွင်းရေးမှူး ဦးသောင်းထွန်းဦး (ပေါက်တော)၊ စာရင်းစစ် ဦးအောင်ထွန်းလှ (ပေါက်တော)၊ စာရင်းစစ် ဦးအောင်ကျော်စိန် (နတ်တောင်ပြင်) ရို့ဖြစ်သည်။ အဖွဲ့ဝင်များမှာ ယခင်အတိုင်းဖြစ်သည်။

မျက်မှောက်ကာလပြုပျင်ဆောင်ရွက်မှု (၁၉၉၈ မှ ၂၀၀၀ ပြည့်ထိ)

ထို့နောက် (၁၉၉၈-၉၉) ခုနှစ်တွင် လိုင်ရိုးတော်ဓါတ်ဂေါပကအဖွဲ့ကို သံဃနာယကအဖွဲ့၏ရှိမှောက်တွင် ပြန်လည်ဖွဲ့စည်းသည်။ ဤအဖွဲ့မှ (၁၉၉၈) ခုနှစ်တွင် ဗုဒ္ဓ၀င်ရုပ်လုံး ရုပ်ကြွများတည်ဆောက်ခြင်း၊ (၁၉၉၉) ခုနှစ်တွင် ဇမ္ဗုပတိမင်းချွတ်ခန်း ဆင်းထုတော်တံကဲ တည်ဆောက်ခြင်း၊ အုတ်လှကားများ တက်လမ်းအမိုးဆောင် (၉) ဆောင်ပြုပျင်တည်ဆောက်ခြင်း၊ စေတီရင်ပြင်လုံး ပြည့်ကြွီပြားခင်းခြင်း၊ ကုသိန္နာရုံ ကြွီပြားခင်းခြင်း၊ (၁၉၉၉) ခုနှစ်တွင် ယခင်အလှူသျှင် ဦးကျော်ဝင်းနှင့် မယားဦးသိန်းခင်မိသားစုက စေတီလုံးပြည့်ပြန်လည်ရွှေဆီးချပူဇော်ခြင်း၊ စေတီ၏အနောက်မြောက်ဘက်မြီပြိုခြင်းကို ပြန်လည်မွမ်းမံခြင်း၊ (၁၉၉၉) ခုနှစ် (၁၀) ကီလိုဒိုင်နမိုနှင့် (၁၈) ကောင်အား မီးစက်သစ်ဝယ်ယူခြင်း၊ စေတီတော်အား ညဇာသားတိုင်း လျှပ်စစ်မီး ပူဇော်ခြင်း၊ လှကားထစ် (၃၀) ထစ်ကို အသစ်မွမ်းမံပြုပျင်ခြင်း၊ ထီးတော်အသစ်ကို ပြန်ချပြီး လိုအပ်သည်များကို ပြန်လည်ပြုပျင်ကာ (၂၀၀၀) ပြည့်နှစ် ဒီဇင်ဘာလ (၁၅) ရက်မှ (၁၉) ရက်နိအထိ ပွဲလမ်းသဘင်ကျင်းပကာ အောင်မြင်စွာထီးတင်ပွဲကို ကျင်းပသည်။ အထက်ပါပြုလုပ်ဆောင်ရွက်မှုရို့သည် ဂေါပကမှဦးဆောင်၍ မြို့ရောနယ်ပါ စေတနာသျှင်များက လှူဒါန်းသောငွေကြေးများဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ ဓမ္မသဘင်တရားပွဲတော်ကိုလည်း (၁၉၉၅) ခုနှစ်မှ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလတွင်ကျင်းပလာခရာ ယခုနှစ်နှင့်ဆိုပါလျှင် ပဉ္စမအကြိမ်မြောက်ပြီဖြစ်သည်။ ဤဓမ္မသဘင်တရားပွဲတော်မှ ရဟိသည့်အလှူငွေများဖြင့်လည်း စေတီတော်၏ဝေယျာဝစ္စ ဘက်စုံမွမ်းမံ တည်ဆောက်ခြင်းများကို ဆက်လက်ဆောင်ရွက်လျှက်ဟိသည်။ ဤဂေါပက၏ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

သြ၀ါဒနာယကဆရာတော်များ
၁။ ဘဒ္ဒန္တဂန္ဓမာလာဘိဝံသဓမ္မစရိယ (၀ိနယပါရဂူ)၊ မြို့နယ်သံဃနာယကဥက္ကဌ၊ လက်ပံပြားဆရာတော်
၂။ ဘဒ္ဒန္တ နာဂိန္ဒ တပ်မော်ကျောင်းဆရာတော်၊ မြို့နယ်သံဃ၀န်ဆောင်၊ အတွင်းရေးမှူး
၃။ ဘဒ္ဒန္တ သုနန္ဒ၊ ဓါတ်တော်ကျောင်းတိုက် (ပေါက်တောမြို့)
၎။ ဘဒ္ဒန္တ ဣန္ဒာဝံသ၊ ဘ၀မ်းကျောင်းတိုက်၊ ပေါက်တောမြို့
၅။ ဘဒ္ဒန္တ စန္ဒာဝရ၊ ကျောက်ဆိပ်ဆရာတော် ရို့ဖြစ်သည်။

စေတီတော် ဂေါပကအဖွဲ့
၁။ ဦးအောင်ကျော်ညွန့် (ပေါက်တော) ဥက္ကဌ
၂။ ဦးစိုးလှအောင် (ဒါးကိုင်ရွာ) ဒု-ဥက္ကဌ
၃။ ဦးမောင်စံထွန်း (သရွဲရွာ) ဒု-ဥက္ကဌ
၎။ ဦးအောင်စံသာ (ပေါက်တော) အတွင်းရေးမှူး
၅။ ဦးမောင်ကျော်ထွန်း (ကျောက်ဆိပ်) အတွင်းရေးမှူး (၂)
၆။ ဦးကျော်ထွန်းအောင် (ပေါက်တော) အတွင်းရေးမှူး (၃)
၇။ ဦးမောင်သိန်းချေ (ပေါက်တော) ဘဏ္ဍာရေးမှူး
၈။ ဦးငကြွင်းအောင် (ပေါက်တော) ဘဏ္ဍာရေးမှူး (၂)
၉။ ဦးမောင်ကျော်သိန်း (ပေါက်တော) ဘဏ္ဍာရေးမှူး (၃)
၁၀။ ဦးအောင်ကျော်စိန် (နတ်တောင်ပြင်) စာရင်းစစ်
၁၁။ ဦးအောင်ထွန်းလှ (ပေါက်တော) စာရင်းစစ် (၂)
၁၂။ ဦးကျော်သာကြီး (ပေါက်တော) စာရင်းစစ် (၃)
၁၃။ ဦးသာဇံမောင် (ကျောက်ဆိပ်) ပြန်ကြားရေးမှူး

ကျွန်းရွာ (၁၂) ရွာနှင့် မြို့ပေါ်ရပ်ကွက် (၅) ကွက်မှ အဖွဲ့ဝင်သုံးဦးစီ ပါဟိသည်။

အခန်း (၁၅)

လိုင်ရိုးတော်ဓါတ်စေတီဝန်းကျင်မှ ဗုဒ္ဓသာသနိကအဆောက်အဦးများ

လိုင်းရိုးတော်ဓါတ်တည်နီရာသည် ပေါက်တောမြို့မှ မြောက်အရပ်သို့ကျရောက်ပြီး (၁) မိုင်ခွဲခန့်ဝီးကွာသည်။ ဤတောင်ကုန်းတည် သီးသန့်တောင်တလုံး အဖြစ်တည်ဟိသည်။ တောင်၏အမြင့်သည် ပေ (၁၆၄) ခန့်ဟိသည်။ ဤစေတီသို့ ပေါက်တောလက်ပံပြားလမ်းအတိုင်း လားရောက်ပြီး သရွဲရွာသို့ မရောက်မီ တောင်ပေါက်ကိုဖြတ်သည့်အခါ ဓါတ်တောင်အောက်ခြီ ရင်ပြင်သို့ရောက်သည်။ ဤတောင်ခြီရင်ပြင်အနီး၌ ဘဒ္ဒသိမ်တဆောင်ကိုတွိရသည်။ ဤသိမ်ကို ကောဇာ (၁၂၉၂) ခုနှစ်က စစ်တွေမြို့နယ်၊ ကျားမသောက်ကျွန်းရွာမှ မသာနုမိခင်က လှူဒါန်းခသည်။ ထို့နောက် ဤသိမ်ကို ပေါက်တောမြို့ ဂေါပကအဖွဲ့ဝင်များဖြစ်သော ဦးထွန်းစံခိုင်၊ ဦးမောင်ထွန်းစိန်၊ ဦးသာပန်းဦး၊ ဦးငခူချေရို့က ထပ်မံပြုပျင်ခကတ်သည်။

ဤသိမ်၏မြောက်ဘက်အနီးတွင် ရီကန်တကန်ကိုတွိရသည်။ ဤကန်ကို မဒေါင်း (ခေါ်) မဲဒေါင်က တူးဖော်ခသည်။ ဤအရပ်ဝန်းကျင်၌ ရှိကတူးဖော်ခသော ရီကန်ဟောင်းများကိုလည်း တွိရသည်။ ယခုအခါ ဤတောင်ခြီရင်း၌ ဓါတ်တောင်ကျောင်း၊ သိမ်ကျောင်း၊ ဓါတ်လယ်ကျောင်း၊ တောကျောင်း၊ စိတ္တသုခကျောင်း၊ ဓမ္မိကရာမကျောင်း စသည့်ကျောင်းများက တောင်ခြီဝန်းကျင်တခို၌ ၀န်းရံလျှက်တည်ဟိသည်။ စေတီတော်ကို အရှိဘက်အုတ်လှကားမှစ၍ အပေါ်သို့တက်ရသည်။ ဤအုတ်လှကားကို အင်္ဂလိပ်ခေတ်က ရွာချောင်းကြီးသား အိုးဒုံနှင့်မိသားတစုက စ၍လှူဒါန်းခပြီး အုတ်လှကားအပေါ်မှ မုဒ်ဦးပြဿဒ်နှင့် အဆောင် (၇) ဆောင်ကို ပေါက်တောမြို့ လိုင်ရိုးတော်ဓါတ်ဂေါပကဥက္ကဌ ဦးမောင်ကျော်သာလက်ထက်က အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ပြုလုပ်ခကတ်သည်။ ပျက်စီးလားခသည့်နီရာတွင် ဦးမောင်သာလှလက်ထက် ပြန်ဆောက်လုပ်ခြင်းဖြစ်ပါသည်။

ထို့နောက် (၁၉၉၂) ခုနှစ်တွင် ဂေါပကဥက္ကဌ ဦးမောင်အိုးစိန်က ဦးဆောင်၍ နောက်ထပ် အမိုးဆောင်(၁၇) ခုကို ပြုပျင်ဆောက်သည်။ တဖန် (၁၉၉၉-၂၀၀၀) ပြည်နှစ်တွင် ပေါက်တောမြို့ လိုင်ရိုးတော်ဂေါပက ဦးအောင်ကျော်ညွန့်နှင့် အသင်းသူအသင်းသားဦးဆောင်၍ အမိုးဆောင် (၉) ဆောင်ကို ထပ်မံပြုလုပ်သည်။ အုတ်လှကားအထစ်မှာ စုစုပေါင်း (၁၈၈) ထစ်ဟိပြီး အမိုးဆောင် (၃၃) ဆောင်နှင့် ရီချမ်းရီအိုးစင်ဇရပ် (၁) ဆောင်ဟိသည်။ အုတ်လှကားစောင်းတန်းထက်၏အလယ်လောက်တွင် မြောက်ဘက်ဘုရား သိမ်တဆောင်ကိုတွိရသည်။ ဤသိမ်ထဲ၌ ဗုဒ္ဓဆင်းထု သုံးဆူဟိသည်။ ဤအဆောင်နှင့်ဘုရားဆင်းထုကို (၂၀၀၀) ပြည့်နှစ်တွင် ပေါက်တောမြို့ရပ်ကွက် (၁) နီ ဦးအောင်ကျော်ညွန့်မိခင်က လှူဒါန်းခသည်။

ဤဘုရားသိမ်မှ မြောက်ဘက်သို့ တောင်ပတ်လမ်းအတိုင်း အတန်ငယ်လားရောက်ပါက တောင်၏ကျောက်စွန်းဖျား၌ (၂၈) ဆူဘုရားတည်ဟိသည်။ ဤဆင်းထုများကို ဂေါပကအဖွဲ့ဦးဆောင်၍ မြို့သူမြို့သားများကစုပေါင်း၍ လှူဒါန်းသည်။ တောင်ကုန်း၏အရှိဘက်အုတ်လှကားမှဆက်၍ အပေါ်သို့ တက်ရောက်လျှင် စေတီ၏ရင်ပြင်ကိုရောက်သည်။ စေတီ၏ရင်ပြင်သည် စတုရန်းပေ (၇၀၀) ခန့်ကျယ်ဝန်းသည်။ ရင်ပြင်တခုလုံးကို နီပူတောင် ကျောက်ကြွီပြားများနှင့် (၁၉၆၁) ခုနှစ်ကစ၍ ခင်းသည်။ ဤကြွီပြားခင်းလုပ်ငန်းကို ဂေါပကဟောင်း ဦးမောင်ကျော်သာလက်ထက်တွင် တစ်ကြိမ်၊ ကြွီပြားခင်းသည်။ စေတီရင်ပြင် ၀ဲယာရို့၌ အာရုံခံသိမ်များ၊ ကုသိန္နာရုံရို့က ၀ိုင်းရံတည်ဟိသည်။ မြောက်ဘက်ကနီရာသည် ဓါတ်တော်အောက် မြီနိမ့်ပိုင်း အရပ်ဖြစ်သည်။ အလျှား (၂၅) တောင်၊ အနံ (၁၂) တောင်ဟိသည်။ ကုသိန္နာရုံအတွင်း၌ ဇမ္ဗုပတိမင်းချွတ်ခန်းအင်္ဂတေဖြင့် ပြုလုပ်ထားသော ဆင်းထုတော်ဟိသည်။

ကုသိန္နာရုံ၏အတွင်းမျက်နှာပြင်များ၌လည်း ဗုဒ္ဓ၀င်ရုပ်လုံးရုပ်ကြွများဖော်ထားသည်။ ဤကုသိန္နာရုံကို (၁၉၉၃) ခုနှစ်ကစ၍ ဂေါပကအဖွဲ့မှဦးဆောင်ကာ ဆောက်လုပ်ပြီး အတွင်းမှဆင်းထုတော်များကို (၁၉၉၈) ခုနှစ်တွင် အပြီးသတ်ပြုပျင်သည်။ ဓါတ်တော်၏အနောက်ဘက်မှ အာရုံခံသိမ်ကို (၁၃၃၇) ခုနှစ်က ပေါက်တောမြို့ ကုန်သည်ကြီး ဦးငန်းကျားနှင့်မယားမမြဦး မိသားတစုက ဆောက်လုပ်လှူဒါန်းသည်။ ဤသိမ်အလျှားမှာ (၁၅) တောင်၊ အနံ ၁၀တောင်ဟိသည်။ ဤသိမ်အနီး၌ ၀သုနြေ္ဒနတ်ရုပ်တည်ထားဟိသည်။ အနောက်ဘက် အာရုံခံသိမ်နှင့်ပုံတူ သိမ်တဆောင်ကို ပေါက်တောမြို့ရပ်ကွက် (၂) နီ မြသိင်ဂီရွှေဆိုင်ပိုင်သျှင် မောင်ထွန်းမြနှင့် မသန်းဌေးမိသားစုက (၁၃၆၂) ခုနှစ် သင်္ကြန်မကျမှီအပြီးလှူဒါန်းရန် ဂေါပကအဖွဲ့သို့ အသိပီးခသည်။

ဓါတ်တော်၏တောင်ဘက်၌လည်း အာရုံခံသိမ်တဆောင်ကို တွိရသည်။ ဤသိမ်ကို ဓမ္မစင်္ကြာအာရုံခံသိမ်ဟု ခေါ်သည်။ ပဇာကြောင့်ဆိုသော် ဤသိမ်ထဲ၌ ပဉ္စ၀ဂ္ဂီ ၅ ဦးအား မြတ်စွာဘုရားသျှင်မှ ဓမ္မစင်္ကြာတရားဟောနီပုံ ထုလုပ်ထား၍ဖြစ်သည်။ ဤသိမ်ကို (၁၉၈၉) ခုနှစ်က ပေါက်တောမြို့အမှတ် (၄) ရက်ကွက်နီ ဦးမောင်ကျော်သိန်းနှင့် မယားနုနုယဉ် မိသားတစုက ဆောက်လုပ်ခခြင်းဖြစ်သည်။ ဤသိမ်အလျှားသည် (၁၅) တောင်၊ အနံ (၁၀) တောင်ကျယ်ဝန်းသည်။ သိမ်၏အောက်ခြီကြမ်းကို ကြွီပြားဖြင့်ခင်းထားသည်။

အရှိဘက်က အာရုံခံသိမ်ငယ်တဆောင်ကိုလည်း (၁၉၈၈) ခုနှစ်က ပေါက်တောမြို့ ကုန်သည်ကြီး ဦးအောင်ထွန်းလှနှင့်ရွှေမြစိန် မိသားစုကဆောက်လုပ် လှူဒါန်းသည်။ အခင်းပျဉ်ဖြစ်ပြီး အမိုးမှာ သံဖြူဖြစ်သည်။ အလျှား (၁၅) တောင်၊ အနံ (၁၀) တောင် ကျယ်ဝန်းသည်။ အထူးသဖြင့် စေတီမြတ်တည်ဟိရာ ကုန်းမြင့်၏မျက်နှာပြင်သည် မတ်စောက်သဖြင့် မကြာခဏ မြီပြိုကျခြင်းဟိသည်။ ဤသို့ပြိုကျခြင်းကို လက်ဟိဂေါပကမှဦးဆောင်၍ (၁၉၉၀) ခုနှစ်က စေတီ၏အရှိဘက်ကိုလည်းကောင်း၊ (၁၉၉၄) ခုနှစ်က စေတီ၏အနောက်မြောက်ထောင့်ဘက်ကို လည်းကောင်း၊ အသီးသီးငွေကြေးကုန်ကျခံ၍ ကျောက်ပြားတံတိုင်းများဖြင့် ကာဆီးပြုလုပ်ထားရသည်။

အခန်း (၁၆)

ပေါက်တောမြို့နယ်မှ အခြားထင်ရှားသောဘုရားပုထိုးစေတီတော်များ

ပေါက်တောမြို့နယ်သည် ကျွန်းကြီးများဖြင့် ပါဝင်ဖွဲ့စည်းထားသော မြို့နယ်တခုဖြစ်ပါသည်။ ကျွန်းကြီးများမှာ ရီခြားမြီခြားတည်ဟိနီသည်။ ထိုထိုကျွန်း အရပ်ဌာနရို့၌ ရှိဟောင်းသမိုင်းဝင် ဘုရားပုထိုး စေတီတော်များတည်ဟိသည်။ ယင်းရို့၏အကြောင်းကို အကျဉ်းချုံ့၍ ဤအခန်း၌ လက်လှမ်းမီ သလောက်ကိုစုစည်း၍ တင်ပြပေအံ့။

(က) အနောက်ဖရုံကာကျွန်းမှ ဓါတ်မွီတော်များ

၁။ ဆံတော်ရှင်စေတီ

ဆံတော်ရှင်စေတီသည် ပေါက်တောမြို့နယ် အနောက်ဖရုံကာကျွန်းတွင် တည်ဟိသည်။ ပေါက်တောမြို့နယ်တွင် သာမက ရခိုင်ပြည်နယ်၌ တင်ရှားသော စေတီတဆူဖြစ်သည်။ မြတ်ဗုဒ္ဓဂေါတမအသျှင်သည် ရခိုင်ပြည်သို့ကြွရောက်ခပြီးနောက် ခရီးအပြန်တွင် ပင်လယ်သမုဒ္ဒရာအနီးမှ ဖြတ်သန်း၍ ကြွချီသည့်အခါမှာ ဇေယျသေနအမည်ဟိသော နဂါးမင်းသည် ဘုရားသျှင်ကိုဖူးမြော်ပြီး ကိုးကွယ်ရန် တောင်းပန်ချက်အရ ဘုရားသျှင်က ဆံတော်နှစ်ဆူကို ပီးသနားခသည်။ ထိုဆံတော်နှစ်ဆူကို နဂါးမင်းရို့သည် အပေါ်မှ ကျောက်တုံးငယ်များဖြင့် စေတီတည်ထားခသည်။ ယင်းကို စန္ဒသူရိယမင်းကြီးကကြားသိသဖြင့် လားရောက်ပြီး စေတီကို ပြုပျင်သည်ဟုဆိုသည်။ ထို့နောက်ဝေသာလီခေတ်သူရိယစန္ဒြားမင်းသည် စေတီကိုမွမ်းမံလျှက် ဖိနပ်မှသည်အထွတ်သို့တိုင် ရွှေလုံးပြည့်ချခသည်။ ထို့နောက် မြောက်ဦးခေတ်တွင် မင်းဖလောင်းနှင့် စိုးမဲကျီရို့သည် မွမ်းမံပြုပျင်ခသည်။ ဘုရားပွဲကိုနှစ်စဉ် နတ်တော်လတွင်ကျင်းပပြီး ရခိုင်ပြည်နယ်တွင် စည်ကားသော ဘုရားပွဲတော်ဖြစ်သည်။

၂။ မေးငူဓါတ်

မေးငူဓါတ်သည် မြီငူကျွန်း၏အနောက်ဖက်ကမ်းအလယ်လောက်တွင်တည်ဟိသည်။ ဓါတ်တော်တည်ဟိရာတောင်ကို သေလာပဗ္ဗတတောင်ဟု တွင်ခေါ်ပြီး မင်းဖလောင်းက သက္ကရာဇ် (၉၄၇) ခုနှစ်တွင် ပြန်လည်တည်ထားခသည်။ ဤစေတီတည်ရာကို အကြောင်းပြု၍ မေးငူကျွန်း၊ ယင်းမှ မြီငူကျွန်းဟုခေါ်တွင်သည်။

၃။ သလုံးတော်ဓါတ်

သလုံးတော်ဓါတ်မှာ မြီငူကျွန်း၏အနောက်ဘက်ကမ်းခြီမြောက်ဘက်တွင် တည်ဟိသည်။ ဤဓါတ်ကို သားလွဲတော်ဓါတ်၊ သလုံးတော်ဓါတ်ဟုလည်း ခေါ်ကြောင်းသိရသည်။ သမိုင်းဝင်ဓါတ်တော်တဆူဖြစ်သည်။

၎။ မျက်မှောင်တော်ဓါတ်

ဤစေတီသည် မြီငူကျွန်း၏မြောက်ဘက် ယာတိုက်ရွာအရှိမြောက်ဘက်တွင်တည်ဟိသည်။ ယခုမြင်ရသော စေတီတော်သည် ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါမှ ပြန်လည်၍ မွမ်းမံပြုလုပ်ထားပုံဖြစ်သည်။

၅။ လက်ယာသလုံးတော်ဓါတ်

ဤစေတီမှာ မြီငူကျွန်းဂြင်းချောင်းဘုန်းကြီးကျောင်းပရ၀ုဏ်၌ တည်ဟိသည်။ ဤစေတီတော်၏သမိုင်းမှာ သာသနာသက္ကရာဇ် (၂၁၈) ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးက ဦးစွာတည်ခကြောင်းဆိုသည်။ ဒုတိယအကြိမ်ကို မင်းဖလောင်းက သက္ကရာဇ် (၉၄၇) ခုနှစ်တွင် ပြုပျင်သည်။ တတိယအကြိမ်ကား ခရစ် (၁၈၃၈) ခုနှစ်တွင် မြီငူကျွန်းတောနေ ဆရာတော်ကလည်းကောင်း၊ စတုတအကြိမ်ကို ဂြင်းချောင်းဆရာတော်ကြီး ဦးပဒုံမနှင့် ဒကာဒကာမများက ကောဇာ (၁၃၁၂) ခုနှစ်တွင် ပြုပျင်ခကတ်သည်။

(ခ) အလယ်ဖရုံကာကျွန်းမှ ဓါတ်မွီတော်များ

၁။ အူမတော်ဓါတ်

အူမတော်ဓါတ်သည် လွမ်းဦးရွာ၏ အနောက်ဘက်ကုန်းမြင့် တောင်ထိပ်ပေါ်တွင်တည်ဟိသည်။ ဘုရားသျှင်နုငယ်စဉ်က ချီမင်းဖြစ်ခကြောင်း ဆိုသည်။ ဤတောင်ကုန်းကို နီလပဗ္ဗတတောင်ဟုခေါ်သည်။ ဤဓါတ်တော်ကို ခေတ်အဆက်ဆက်ကပြုပျင်လာခပြီး (၁၉၉၇) ခုနှစ်က တကြိမ်ပြုပျင်ခသည်။ ယခုအခါ ဤစေတီကို သျှင်ရွာနှစ်ရွာ၊ စက်နိုး၊ နတ်တောင်၊ ကျောက်တန်း၊ ကျောက်တောင်၊ ပြင်မ၊ နတ်စာရင်း၊ ခမောင်းချောင်း၊ လွမ်းဦးစသည့်ရွာများက ကိုးကွယ်နီကတ်သည်။

၂။ ရင်အုံတော်ဓါတ်

ဤဓါတ်သည် ပိန္နဲချောင်းကျွန်း၏ အရှိဘက်တောင်တန်းတောင်ထိပ်တွင် တည်ဟိသည်။ ကျွန်းမြောက်ဘက် အစိပ်အပိုင်းဖြစ်သည်။ မြင့်ဂါရွာ၏အရှိဘက် (၄) ဖာလုံခန့်အကွာတွင် တည်ဟိသည်။ ဗုဒ္ဓနုငယ်စဉ်က ဧဏီသားဖြစ်ခကြောင်းဆိုသည်။ ယခုမြင်ရသော စေတီမှာ အင်္ဂလိပ်ခေတ်ကလက်ရာဖြစ်သည်။ ယင်းအချိန်ကပင် ဤစေတီရင်ပြင်ပေါ်၌ အနောက်ဘက်တွင် အာရုံခံသိမ်တဆောင်ဟိပြီး ယင်း၏အထဲ၌ ကျောက်ဆင်းထုတဆူ ဟိသည်။ စေတီ၏တောင်ဘက်၌လည်းကောင်း၊ အရှိဘက်၊ အနောက်ဘက်ရို့၌ လည်းကောင်း အာရုံခံသိမ်ဟိသည်။ စေတီပေါ်သို့ တောင်ဘက် အုတ်လှကာမှ တက်ရသည်။ လမ်းတလျှောက်၌ စောင်းတန်းအမိုးဟိသည်။ ယခုအချို့ ပျက်စီးနီလတ်ပြီ။ တောင်ခြီရင်းတွင်လည်း သိမ်ထဲ၌ ဗုဒ္ဓ ကျောက်ဆင်းထု (၃) ဆူကို တွိရသည်။ ဤစေတီကို ယခုအခါ မြင့်ဂါ (ရွာသစ်)၊ ကြက်သရေ၊ ရွှီပတေ၊ တောင်ချောင် (ရွာသစ်)၊ တောင်ချောင် (ရွာဟောင်း)၊ ကျောက်ကုတင်၊ ကမ်းပိုင်းကြီး၊ ဇီးချိုမော်ရွာရို့က ကိုးကွယ်လျှက်ဟိနီသည်။

၃။ လျှာချေဓါတ်

ဤဓါတ်သည် ရင်အုံတော်စေတီ၏ တောင်ဘက်တောင်ကုန်း၌ဟိသည်။ တောင်ကုန်းအခြားဖြစ်သည်။ ဤတောင်ကုန်းမြင့်၌မူ စေတီ (၂) ဆူကိုတွိရ သည်။ ကြက်တူရွေး တဇစ်ဖြစ်ကြောင်းဆိုသည်။ ဓါတ်တော်မှာ လျှာတော်ဓါတ်(ဇီဝှါ) ဖြစ်သည်။ ဤစေတီတော် (၂) ဆူအောက် အနောက်ဘက်တွင် ဘုန်းကြီးကျောင်းဟိသည်။ ဤဘုန်းကြီးကျောင်းကို ကြက်သရေရွာမှ ကိုးကွယ်သည်။ ဤစေတီ (၂) ဆူကိုမူ ကြက်သရေရွာသားများက ပြုပျင်ထားကတ် သည်။ စေတီအဟောင်းကို ခရစ် (၁၉၈၃( ခုနှစ်က ပြန်လည်ပြုပျင်ထားခြင်းဖြစ်သည်။

၎။ နဖူးတော်ဓါတ်

ဤစေတီတည်ဟိရာဓါတ်ကို ဖူးတောင်ဟုခေါ်သည်။ ဤစေတီမှာ လျှာချေဓါတ်၏တောင်ဘက်ကုန်းမြင့်တွင် တည်ဟိသည်။ စာမရီငှက်တဇစ် ဖြစ်ခကြောင်းဆိုသည်။ ဤဓါတ်ကို ယခုအခါ စက်နိုးရွာသားများက ပြုပျင်ကိုးကွယ်ထားကတ်သည်။ ယခုမြင်ရသောစေတီပုံသည် ခရစ် (၁၉၇၅) ခုနှစ်က ပြုပျင်ထားခြင်းဖြစ်သည်။ ဓါတ်တောက်သည်ဟုသိရသည်။

၅။ ကျွန်းဦးစေတီ

ပိန္နဲချောင်းကျွန်း၏အနောက်ဘက်တောင်မော်ဦးရွာ၏ အရှိဘက်အနီးကုန်းမြင့်ငယ်ပေါ်၌ စေတီတဆူကိုတွိရသည်။ ထိုစေတီကို ကျွန်းဦးစေတီဟု ခေါ်သည်။ ဤကုန်းမြင့်ကို ရှိကပင်ဇာတီတောင်ဟုခေါ်သည်။ ယခင် စေတီအဟောင်းကို ဖြိုဖျက်၍ (၁၉၉၇) ခုနှစ်က ပြန်လည်ပြုပျင်ထားကတ်သည်။ စေတီကို တောင်မော်ဦး ရွာသားများက ကိုးကွယ်နီသည်။

၆။ တန်းခွန်တိုင်စေတီ

ကျွန်းဦးစေတီမှ တောင်ဘက်သို့လာလျှင် ကျောက်ပြင်ရွာကိုရောက်သည်။ ဤရွာ၏တောင်ဘက်ရွာအနီးတွင် စေတီငယ်တဆူကို တွိရသည်။ ယင်းစေတီ ကို တန်းခွန်တိုင်စေတီဟုခေါ်သည်။ ယခင်စေတီဟောင်း (၂) ဆူကိုဖြိုဖျက်ပြီး ယခုပြန်လည်၍ တဆူတည်းစုပေါင်းကာ တည်ထားခြင်းဖြစ်သည်။ ယခု မြင်ရသောစေတီကို (၁၉၈၅) ခုနှစ်က ပြန်လည်ပြုပျင်ထားခြင်းဖြစ်သည်။

၇။ မာလာတော်ဓါတ်

ကျောက်ပြင်ရွာမှ တောင်ဘက်သို့အစဉ်အတိုင်းလာလျှင် ပိန္နဲချောင်းရွာကိုရောက်သည်။ ယင်းမှတောင်ဘက်သို့ လာလျှင် ကြိမ်ခုံပြင် (ကုလားရွာ) ကို ရောက်သည်။ ယင်းရွာ၏အထက် အနောက်ဘက်တွင် မာလာတော်ဓါတ် တည်ဟိသည်။ ဤမာလာတော်ဓါတ်တည်ဟိရာ ကုန်းအမည်ကို မသိရသိမ့်ပေ။ ဤဓါတ်တော်ကို ပိန္နဲချောင်းရွာကဒိုင်ခံပြီး ဆင်တမော်အုပ်စုနှင့်ပိန္နဲချောင်းအုပ်စုက ကိုးကွယ်သည်။ စေတီရင်ပြင်၌ အာရုံခံသိမ်တခု၊ စေတီ၏ အနောက်ဘက် ဆင်းလမ်းတွင် ဓမ္မာရုံကြီးနှင့် ရှိဟောင်းကျောက်ဆင်းထုတော်တဆူ ဟိသည်။

၈။ ထီးဖြူမိုးစေတီ

မာလာတော်ဓါတ်၏တောင်ဘက်တွင် ထီးဖြူမိုးစေတီကို တွိရသည်။ ဤစေတီ၏အရှိဘက်တွင် မညင်းကိုင်း (ခမီး) ရွာကို တွိရသည်။ ထီးဖြူမိုးစေတီဟု တွင်ခေါ်ခြင်းမှာ ထီးဖြူမိုးတောင်ကို အစွဲပြု၍ ခေါ်တွင်ခြင်းဖြစ်သည်။ ဤစေတီကို ခမီးရွာမညင်းကိုင်းက အနီးကပ်ကိုးကွယ်သည်။ စေတီကို (၁၉၉၆) ခုနှစ်က အသစ်ပြန်လည် ပြုပျင်ထားခကတ်သည်။

၉။ သျှင်ထွီးမစေတီ (ဆင်ထိန်းမစေတီ)

ထီးဖြူမိုးစေတီမှ တောင်ဘက်အရပ်သို့လာလျှင် (၃) ဖာလုံခန့် တောင်ခြီရင်းကုန်းမြင့်တခုတွင် စေတီငယ်တဆူကို တွိရသည်။ ဤစေတီငယ်ကို သျှင်ထွီးမစေတီဟုတွင်ခေါ်သည်။ စေတီဟောင်းကို (၁၉၉၇) ခုနှစ်က ဖြိုဖျက်၍ ပြန်လည်ပြုပျင်ခကတ်သည်။ ဘားညိုသူဌေးနှင့် ဘားဘူသူဌေးညီမငယ် သျှင်ထွီးမကတည်ထားခကြောင်း ဆိုသည်။ ဆရာမောင်ဗသိန်းက ဆင်ထိန်းမစေတီဟုသာ ဖော်ပြသည်။

၁၀။ ဘာညိုတောင်စေတီ

ဘာညိုတောင်သည် သျှင်ရွာ၏အရှိဘက်တမိုင်ခန့်အကွာတွင် တည်ဟိသည်။ ဘာညိုတောင်ထိပ်၌ ရှိကစေတီပျက်တဆူဟိခသည်။ ဤဘာညိုစေတီမှာ ရှိဟောင်းစေတီဖြစ်သည်။ ဘာညိုသူဌေးကတည်ခကြောင်း သိရသည်။

(ဂ) တောင်ရင်းကျွန်းမှဓါတ်မွီတော်များ

၁။ လက်ဖန်တော်ဓါတ်

တောင်ရင်းကျွန်း၏မြောက်ဘက်ပိုင်း လက်ပံပြားရွာဘုန်းကြီးကျောင်းထဲ၌ လက်ဖန်တော်ဓါတ်တဆူဟိသည်။ စေတီမှာအမြင့် (၂၇) တောင်မြင့်သည်။ လုံးပတ်မှာ (၆၂) တောင်ဟိပြီး မြောက်ဦးခေတ်ကတည်ခသည်။ ကောဇာ (၁၃၄၂) ခုနှစ်တွင် ဆရာတော်ကြီးဦးဂန္ဓ၀ံသကဦးဆောင်၍ ရွာသားများနှင့် ပူးပေါင်းကာ မွမ်းမံပြုပျင်ခကတ်သည်။

၂။ ဒုံးမစေတီ

လက်ပံပြားရွာထဲ၌ ဟိနီသည်။ မြောက်ဦးခေတ် ကျိန်းဒုံးညို (စန္ဒ၀ိဇယရာဇာ) မင်းကတည်ထားခခြင်းဖြစ်သည်။ ဒုံးညိုတည်၍ ဒုံးမစေတီဟုတွင်ခေါ်သည်။ ဤစေတီကို သိမ်အတွင်း၌ ဆောက်လုပ်ထားခြင်းဖြစ်သည်။ အမြင့် (၁၅) တောင်ခန့်မြင့်သည်။ ကျောက်သားပကတိဖြင့် တည်ဆောက်ထားသည်။ စေတီလုံးပိတ်ဖြစ်သည်။ ယခုအခါ ပြိုပျက်လျှက်ဟိနီသည်။

၃။ နရတ်စားပုထိုးတော်

လက်ဖန်တော်စေတီ၏အရှိတောင်ထောင့်အရပ် ဘုန်းကြီးကျောင်းဝင်းထဲ၌ ရှိဟောင်းပုထိုးတော် စေတီတဆူကို တွိရသည်။ ကျောက်ဖြင့်တည်ဆောက် ထားခသည်။ (၁၉၆၈) ခုနှစ်က မုန်းတိုင်းဒဏ်ကြောင့် ပြိုပျက်ခရသည်။ မြောက်ဦးခေတ် နရတ်စားအမတ်တည်ထားခသော ပုထိုးတော်ဖြစ်သည်။

၎။ ပြည်တန်းခွန်စေတီ

မနော်သီရိရွာ၏အရှိဘက်တောင်ပူစာ၌ ရှိဟောင်းသမိုင်းဝင်စေတီတဆူကို တွိရသည်။ စေတီဟောင်းကို ယခုအခါ ဂေါပကအဖွဲ့မှ ပြုပျင်လျှက်ဟိနီသည်။ နဂိုအုတ်စေတီဖြစ်သည်။ ယခုအခါ ဤတောင်ကို သီရိဝဎနဟု အမည်တွင်သည်။

၅။ မောလိပ်စေတီ

မောလိပ်ရွာဟောင်း ကျောင်းခြံဝင်းထဲ၌လည်း ရှိဟောင်းစေတီတဆူကို တွိရသည်။ ဤစေတီကို ကျောက်ဖြင့် တည်ဆောက်ထားသည်။ မောလိပ်ရွာ မှာကား ပြိုပျက်လားခပြီ။ သို့သော်လည်း ဤကျွန်းရွာဟိစေတီကို ယခုအခါ အုတ်ဖြင့် လက်ပံပြားဆရာတော်က ဦးဆောင်၍ တည်ဆောက်နီသည်။ မြောက်ဦးခေတ်က စေတီဖြစ်သည်။

၆။ တောင်ရင်းကျွန်းမှ ဓါတ်စေတီတော်များ

တောင်ရင်းကျွန်းမှ ဓါတ်စေတီတော်များကို ဦးမင်းအောင် ရွီးသားသည့် (နာဂဒီပရာဇ၀ံသသင်္ခေပကျမ်း) နှင့် ကြိမ်ခွေမော်ရွာ အောင်မင်္ဂလာနာမ်တော်ရှင် သမိုင်းကျမ်း၌ ပါဟိကြောင်း တဆင့်သိရသည်။ တောင်ရင်းကျွန်း အရပ်၌ သမိုင်းဝင်ဓါတ်တော် (၁၈) ဆူဟိခရာ ယင်းမှ (၆) ဆူ တည်နီရာကို ဤသို့ဖော်ပြ ထားသည်။

(၁) ကြိမ်ခွေမော်ရွာအနီး ။ နာလိကပဗ္ဗတောင်မှ နမ်တော်စေတီ
(၂) မနော်သီရိရွာအနီး ။ ဥဿဘပဗ္ဗတတောင်မှ စက္ခုတော်ဓါတ်
(၃) တပ်မော်ရွာအနီး ။ ကမိပဗ္ဗတတောင်မှ လက်ရိုးတော်ဓါတ်
(၄) လက်ပံပြားရွာအနီး ။ – – – – -မှ လက်ဝဲလက်ပန်တော်ဓါတ်
(၅) – — – – ။ ဏ္ဍသီပဗ္ဗတတောင်မှ နုတ်ခမ်းတော်ဓါတ်
(၆) ကျောက်ဆစ်ရွာ ။ ၀ဏ္ဏဒေ၀တောင်မှ ကျောက်ဆစ်ဓါတ်

မှတ်ချက်။ ။ နံပါတ် (၄) မှ ဓါတ်တော်တည်ဟိရာ ကုန်းအမည်နှင့် နံပါတ် (၅) မှ ဓါတ်တော်တည်ဟိရာကို ရှာဖွေလေ့လာဆဲဖြစ်ကြောင်းသိရသည်။

၇။ တောင်းဖူးဘုရားကြီး

တောင်းဖူးရွာသည် ပေါက်တောမြို့နယ်၏အနောက်ဘက် (၅) မိုင်ခန့်အကွာတွင် တည်ဟိသည်။ တောင်ရင်းကျွန်းဦးလည်းဖြစ်သည်။ ဤဘုရားဆင်းထုကြီးကို တိလောကမာရဇိန် (ဆုတောင်းပြည့်) ဟု အမည်ရသည်။ သက္ကရာဇ် (၈၉၃) ခုနှစ်တွင် နန်းတက်သော မင်းဖလောင်းသည် သက္ကရာဇ် (၉၄၇) ခုနှစ်တွင် ဓါတ်တော်မွီတော်အဆူဆူကို နန္ဒပဗ္ဗတတောင်ပါးမွီးတော်ဓါတ်မှစ၍ သီလပဗ္ဗတဦးရာဇ်တောင်အဆုံး (၁၇) ရပ်ရို့၌ စေတီပုထိုးတည်ထားခလီရာ မေးငူတော်၊ ရင်အုံတော်၊ သလုံးတော် စသောဓါတ်များကို စေတီပုထိုးတည်ရန်အတွက် လှီသဘင်ဆင်ယင်၍ ကြွမြန်းလာခရာ ကျွဲကူးမြစ်လက်ဝဲဘက်ကမ်း တောင်ယံတွင် ခေတ္တယာယီကိန်းဝပ်တော်မူသည်။ ထိုအခါ ၀န်းကျင်ဂါမဇာနပုဒ်ပြည်သူများက စုပေါင်းညီညွတ်ပြီး ဤအရပ်တွင် ထာဝရဓါတ်တော်တဆူကိန်းဝပ်သင့်ကြောင်း တောင်းပန်မှုအရ တောင်းဖူးသည်ကို အကြောင်းပြု၍ (တောင်းဖူး) ဟုခေါ်တွင်သည်။ ဤဘုရားဆင်းထုကြီးကို ဦးတိက္ခအမည်ဟိသောပုဂ္ဂိုလ်သည် ရခိုင်ပြည်နယ်အနှံ့နှိုးဆော်လျှက် မြီပုံမှပန်းရံဆရာ ဦးဖြူသာထွန်းက သက္ကရာဇ် (၁၂၃၇) ခု တန်ခူးလပြည့်ကျော် (၂) ရက်၊ အင်္ဂါနိနံနက်တွင် ဘုရားကြီးကို တည်ထားခသည်။ ဥာဏ်တော်အမြင့် (၂၂) ပေဟိသည်။

၈။ ရတနာမုနိသွန်းစက်တော်

ပေါက်တောမြို့နယ်ပြားကျွန်း နဂွေးကျွန်းရွာ ဘုန်းတော်ကြီးကျောင်းတိုက်၌သီတင်းသုံးလျှက်ဟိသော သွန်းစက်တော်တဆူမှာ ရတနာမုနိဟူ၍ အမည် ရသည်။ ယင်းဘုရားကြီးကို ကောဇာ (၁၂၇၂) ခုနှစ်က ယင်း၏ကျောင်းတိုက်ထဲ၌ သွန်းလုပ်ခသည်။ ဥာဏ်တော်မှာ (၅) ပေမြင့်သည်။ ယခုတင်ပြ ခသော ပေါက်တောမြို့နယ်မှ ဘုရားပုထိုးစေတီတော်များအကြောင်းသည် လက်လှမ်းမီသမျကို လေ့လာစုဆောင်း၍ တင်ပြခြင်းရာဖြစ်သည်။ တင်ပြရာ၌ ရပ်လူကြီး၊ ရွာလူကြီးများကပြောပြချက်များ၊ မဂ္ဂဇင်းစာအုပ်များမှ ကိုးကားချက်များကို သင့်တော်သလိုညှိနှိုင်းလျှက် ရွီးသားခြင်းလည်းဖြစ်သည်။ အကျယ်နှင့်တိကျနိုင်မည့် သမိုင်းဖြစ်ရပ်များကို နောက်သုတေသီများက လေ့လာဆန်းစစ်၍ တင်ပြပါရန် နိုးဆော်အပ်ပေသည်။

ကျမ်းကိုး
၁။ မောင်ဗသိန်း။ ။ ပေါက်တောမြို့နယ်အကြောင်းသိကောင်းစရာ။ ပေါက်တောရွှေမြီ မဂ္ဂဇင်းအမှတ် (၁)
၂။ ဓညသျှင်။ ။ ရခိုင်ပြည်နယ်ဘုရားကြီးတဆူ။ ပေါက်တောရွှေမြီ မဂ္ဂဇင်းအမှတ်(၁)
၃။ လက်ပံပြားဆရာတော် ဦးဂန္ဓမာလာဘိဝံသ(ဓမ္မစရိယ) ၀ိနယပါရဂူ၏ ပြောပြချက်များ
၎။ မညင်းကိုင်းကျွန်းရွာမှ ဘုရားတကာ ဦးမောင်အေးနှင့် ဦးအောင်မြစိန်ရို့၏ပြောပြချက်များ
၅။ စာရွီးသူ ၂၈-၃-၂၀၀၁ နိက အလယ်ဖရုံကာကျွန်း ကွင်းဆင်းလေ့လာမှုမှတ်တမ်း

အခန်း (၁၇)

လိုင်ရိုးတော် (ဂီဝှါ) ဓါတ်တော်ရောင်ခြည်တော် ကွန့်မြူးသည်ကို ဖူးမြင်ရသူများနှင့်တွိဆုံခြင်း

ရခိုင်ပြည်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၏အနောက်မြောက်ဖက်အရပ် (၁) မိုင်ခန့်အကွာတွင်တည်ဟိသော ဗုဒ္ဓဘုရားသခင်၏လိုင်ရိုးတော်ဓါတ် ကိန်းဝပ်ရာ ကပေါတဂီရိတောင်ပေါ်မှ ဓါတ်တော်တဆူသည် မြတ်ဗုဒ္ဓ၏စစ်မှန်သော ဓါတ်တော်တဆူဖြစ်ကြောင်းကို အထက်တွင် ယှင်းလင်းတင်ပြ ခပြီးဖြစ်ပါသည်။ ဤဓါတ်တော်သည် ဂေါတမဘုရားသျှင်၏ခန္ဓာကိုယ်မှ ကြွင်းကျန်တည်ဟိနီသော ဓါတ်တော်တဆူဖြစ်သဖြင့် လိုင်ရိုးတော်ဓါတ်တော် မြတ်ကြီးသည် မကြာခဏဆိုသလို ရောင်တော်ကွန်မြူး ဓါတ်တောက်ပါသည်။ ရခိုင်ဘုရင်အဆက်ဆက်လည်း ဤဓါတ်တော်ကြီးကို ခေတ်အဆက်ဆက် ပူဇော်ပြီး ပြုပျင်မွမ်းမံခကတ်ပါသည်။

ကောဇာသက္ကရာဇ် (၁၂၇၀) ခုနှစ်သို့ ရောက်သည့်အခါ ဓါတ်တော်ကြီးသည် ရောင်တော်ကွန့်မြူးသည်ကို ရွာချောင်းကြီးရွာက ရွာသူရွာသားများရို့သည် အံ့ဖွယ်သရဲ ဖူးတွိခရပါသည်။ ယခုလိုင်ရိုးတော်ဓါတ်ရောင်တော် ကွန့်မြူးခြင်းနှင့်ပတ်သက်၍ ကိုယ်တိုင်ကိုယ်ကျတွိမြင်ဖူးသော လူနှစ်ယောက်၏ ပြောပြချက်ကို တင်ပြဆွေးနွေးဖို့ဖြစ်ပါသည်။ လိုင်ရိုးတော်ဓါတ် ရောင်တော်ကွန်မြူးခြင်းကို အာရုံယူပြီး ကုသိုလ် ပွားများနိုင်ကတ်ပါစီ။ ပထမဦးဆုံး ရောင်တော်ကွန့်မြူးသည်ကို ဖူးမြင်ခရသူမှာ ပေါက်တောမြို့ ရပ်ကွက် (၃) မြို့နယ် ကျန်းမာရေးဌာနမှ စာရေးကြီး ဦးအေးကျော်အသက် (၅၀) နှစ် ဖြစ်ပါသည်။ ဦးအေးကျော်သည် (၁၉၈၈) ခုနှစ် မေလ (၂) ရက် ည (၈) နာရီအချိန်မှာ မြို့ထဲမှ ဓါတ်တောင်ကျောင်းသို့ ကိစ္စတခုဖြင့်လားရောက်ခပါသည်။ လားရောက်ရာ၌ စစ်တွေမြို့မှ မနောစိတ္တပ္ပဆရာကြီး ဦးမောင်သန်းနှင့် ဦးထွန်းလှစိန်ရို့လည်းပါပါသည်။ လမ်းမှာလားနီရင်း ဓါတ်တော်က အရောင်သည် ဖျတ်ကနန့် ဖျတ်ကနန့်လင်းလက်လာသည်ကို တွိရသည်။ ဓါတ်တော်၏နပျိုးဖူးနီရာက ရောင်ခြည်တော်သည် ငှက်တောင်ဖြန့်သကဲ့သို့ ဘေးသို့ကား၍ထွက်လာပါသည်။ ပြီးလျှင်ရောင်ခြည်တော်သည် နပျိုးဖူးနီရာသို့ပင် ပြန်ဝင်လားပါသည်။ ဤသို့ဖြင့် ဘေးသို့ဖြန့်လိုက် ပြန်ဝင်လိုက်ဖြင့် သုံးကြိမ်တိတိဖြစ်ပေါ်သည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွိခရသည်။

နောက်တခါ ဦးအေးကျော်သည် ဓါတ်တော်ရောင်ခြည်ကွန့်မြူးသည်ကို (၁၉၉၉) ခုနှစ် ဆောင်လရာသီမှာ ဖူးမြင်ခရသည်။ သူသည်ကိစ္စတခုနှင့် နီအိမ်မှ ဆီးရုံသို့ ညဇာ (၁၀) နာရီတွင် လားသည်။ ဆီးရုံသို့ရောက်ပြီး ကိစ္စများကိုဆောင်ရွက်ပြီးသည့်အခါ ဆီးရုံမှအနောက်ဖက် လိုင်ရိုးတော်ဓါတ်ဘက်သို့ မမျော်လင့်ပဲ လှမ်းမျော်ကြည့်မိသည့်အခါမှာ ရောင်တော်ကွန့်မြူးနီသည်ကို ဒုတိယအကြိမ် ဖူးတွိခရသည်။ ယခု ဓါတ်တော်ကွန့်မြူးခြင်းသည် ယခင်ကနှင့်မတူပါ။ နပျိုးဖူးနီရာက မာကျူရီမီးလုံးကဲ့သို့ အလင်းထွက်ပေါ်သည်။ ဤအလင်းသည် ငြိမ်လိုက်လင်းလိုက်ဖြင့် ဖြစ်ပေါ်နီခသည်ကို အံ့သြစွာ ဖူးမြင်ခရသည်။

နောက်လိုင်ရိုးတော်ဓါတ်မှ ရောင်ခြည်တော်ကွန့်မြူးခြင်းကို ဖူးမြင်ခရသူတဦးမှာ ဦးသာခိုင် (အသက်-၆၀) ဖြစ်ပါသည်။ ပေါက်တောမြို့ ရပ်ကွက် (၁) မှာ နီပြီး ဈီးထဲမှာ ဆိုင်ရောင်းပါသည်။ သူအသက် (၈) နှစ်သားအရွယ်မှာ ပေါက်တောကျောင်းဆရာတော် ဦးက၀ိန္ဒထံမှာ ကျောင်းသားတပည့်ဘ၀ဖြင့် နီထိုင်ခသည်။ ဆောင်းရာသီတနိမှာ ဆရာတော်ကြီးနှင့် ဦးသာခိုင်ရို့သည် မီးလှုံနီယင်း ညဉ့် (၁၀) နာရီလောက်မှာ ဓါတ်တော်ဘက်ကို ဆရာတော်က လှည့်ကြည့်မိရာ ဓါတ်တော်ရောင်ခြည် ကွန့်မြူးနီသည်ကို မြင်ရသဖြင့် ဆရာတော်က ဦးသာခိုင်ရို့ကို ချက်ချင်းဖူးမြင်ရန်ပြောလတ်ရာ ဦးသာခိုင် ကိုယ်တိုင် မျက်ဝါးထင်ထင်တွိမြင်ပြီး ဖူးမြင်ခရသည်။ ရောင်ခြည်တော်ကွန့်မြူးပုံမှာ ဓါတ်တော်၏နပျိုးဖူးနီရာမှ ရောင်ခြည်တော်သည် ဘေးသို့ ကားထွက်လာပြီး ပြန်ဝင်လိုက်ပြန်ထွက်လိုက် (၅) မိနိခန့်ဖြစ်ပေါ်နီခသည်။ ဦးအေးကျော်ဖူးမြင်ဖူးသော ပထမရောင်ခြည်တော်ကွန့်မြူးခြင်းနှင့် တူပါသည်။

ပါရမီတော်အကျိုးကြောင့် ဓါတ်တော်ရောင်ခြည်ကွန့်မြူးသည်ကို ဖူးမြင်နိုင်ကတ်ပါစီဟု စေတနာသန့်သန့်ဖြင့် မိတ္တာပွားများလိုက်ရပါသည်။

နိဂုံး

ရခိုင်ပြည် ပေါက်တောမြို့၏အနောက်မြောက်ဘက်အရပ် ခရီးတမိုင်ကျော်အကွာတွင်တည်ဟိနီသော လိုင်ရိုးတော်ဓါတ်မြတ် စေတီတော်ကြီးသည် သူရိယစက္ကမင်းမှအစပြု၍ တည်ထားကိုးကွယ်လာခသော ဓါတ်တော်တဆူဖြစ်သည်။ ဤစေတီတော်ကြီး၏ မူလဌာပနာကိန်းအောင်းတော်မူရာသည် မြတ်ဗုဒ္ဓဂေါတမ သျှင်တော်၏ခန္ဓာကိုယ်မှ အစုစုပြိုကွဲစွာ တည်ဟိနီခသော ဓါတ်တော်စုများအနက် “လိုင်ရိုးတော်ဓါတ်” ကိန်းအောင်းရာ ဌာနတစ်ခု ဖြစ်ပါသည်။ ဤဓါတ်တော်တည်ရာစေတီကို တတိယဓည၀တီခေတ် သူရိယစက္ကမင်းကစ၍ တည်ထားခပြီး ဝေသာလီမင်းဆက်၊ လေးမြို့မင်း ဆက်၊ မြောက်ဦးမင်းဆက်သို့တိုင် ခေတ်အဆက်ဆက် မွမ်းမံပူဇော်ခကတ်သည်။ အင်္ဂလိပ်ခေတ်သို့အရောက်တွင်လည်း ကြေးငွေတတ်နိုင်သော သူဌေးများရွာ လူကြီးများက ရွာသူရွာသားများနှင့် ညီညာစုပေါင်း၍ စေတီကြီးနှင့်တကွ သာသနိကဝေယျာဝစ္စများကို ဆောင်ရွက်လုပ်ကိုင်ခသည်။

ကနိအခါတွင်လည်း မြို့နယ်ဂေါပကအသင်းအဖွဲ့မှ သြ၀ါဒဆရာတော်ကြီးများထံ အကြံကောင်းဥာဏ်ကောင်းများကို ခံယူကာ ဓါတ်တော်ကြီးအပြင် အခြား သာသနိကအဆောက်အဦးများကိုလည်း၊ ကောင်းသည်ထက် ကောင်းလာအောင် တိုးချဲ့ပြုပျင် ဆောင်ရွက်လျှက်ဟိနီပါသည်။ ဗုဒ္ဓဘာသာဝင် သူတော်စင်များအနီဖြင့် ဗုဒ္ဓ၏စေတီတော်ကြီးသည် ရှိဟောင်းသမိုင်းဝင် ဓါတ်တော်တဆူအဖြစ်ဖြင့်လည်းကောင်း၊ မြတ်ဘုရားဂေါတမ သျှင်တော် ခန္ဓာကိုယ်မှကြွင်းကျန်သော ဓါတ်တဆူအဖြစ် တည်ဟိနီပါသဖြင့် ဤလိုင်ရိုးတော်စေတီမြတ်ကြီးအား ကောင်းမွန်စွာပြုပျင်မွမ်းမံခြင်း၊ ရိုသေလေးမြတ်စွာ ပူဇော်ခြင်းရို့ဖြင့် အစဉ်ထာဝရရွက်ဆောင်နိုင်ပြီး ကုသိုလ် အားထုတ်ပွားများနိုင်ကတ်ပါစီဟု စေတနာသဒ္ဓါဖြင့် နိုးဆော်လိုက်ရပါသည်။

စာဖတ်သူအပေါင်း ဖီးရန်ခပ်သိမ်း ငြိမ်းအီးနိုင်ကတ်ပါစီ။

အသျှင်စက္ကိန္ဒ၊ မင်းပြားမင်းသိန်းဇံ
(၂၀၀၁) ခုနှစ် မေ (၁၁) ရက်နိ

Advertisements

2 thoughts on “ပေါက်တောမြို့ရှိ လိုင်ရိုးတော်ဓါတ်နှင့် သမိုင်းဝင်ဘုရားများ

  1. ကျွန်တော်တစ်ခုလောက်ပြောချင်ပါတယ်အစ်ကို ကျွန်တော်လည်း ရခိုင်ပါပဲ သံတွဲ သားပါ..အစ်ကိုတို့ရေးတဲ့ ဟာတွေမှာ မြန်မာစစ်အစိုးရ ကို အပုတ်မချပဲ ရေးလို့မရဘူးလားခင်ဗျ..အစ်ကို တို့ အဲ့လိုရေး လိုက်လို့ အစ်ကိုတို့အနေနဲ့ပိုက်ဆံ ဘယ်လောက်ရသလဲ…ဘယ်သူတွေကရေးခိုင်းတာလဲ..ကျွန်တော်တို့ရခိုင်တွေ တပ်မတော်သားတွေအများကြီးပါ..အစ်ကိုလည်းတွေ့မှာပါ…အစ်ကိုတို့ ကိုယ်ချင်းစာပြီး အုပ်ချုပ်ကြည့်ပါလား…..

  2. အားပေးပါရေအကို ဆက်လုပ်ပါ လောကကြီးမှာ တစ်ယောက်ကိုလည်းကြောက် နီဇရာမလို။ဇာသူဇာပဲပြောပြော ဂရုမစိုက်ပါကေ့။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: