နိုင်ငံရေးသမား၊ တော်လှန်ရေးသမားဆိုသော သူများသို့


လေးစားမျှော်လင့်ခဲ့ရဘူးပါသော နိုင်ငံရေးသမား၊ တော်လှန်ရေးသမားဆိုသော သူများခင်ဗျား……

ကျွန်တော်က မဆလစစ်တပ်ရဲ့ ကြက်/၀က်/နွား လုယက်၊ ပေါ်တာဆွဲမုဒိန်းကျင့်၊ မထင်သလို ရိုက်နှက်သတ်ဖြတ်မှု တွေကို နေ့စဉ်နှင့်အမျှ ကိုယ်တိုင်မြင်တွေ့ ခံစားခဲ့ရသူပါ၊ ကျောင်းသားတွေဦးဆောင်ပြီး ရှစ်ဆယ့်ရှစ်မှာ အရေးခင်းဖြစ်တော့ ကျွန်တော်အရမ်းလေးစား အထင်ကြီးအားကိုးခဲ့တာပါ၊ ကျောင်းသားတွေ အသေခံပြီး ဆန္ဒတွေပြလို့ မဆလဦးနေ၀င်းကြီး ပြုတ်ကျပီဆိုတော့ အားရ၀မ်းသာစိတ် ဖြစ်လိုက်ရတာ များဗျာ။
စစ်တပ်က ပစ်သတ်အာဏာသိမ်းလို့ ကျောင်းသားတွေ သေလိုက်ကြတာဆိုတော့ သူတို့မိသားစုတွေကိုယ်စား ခံစားမိပြီး တောက်ခေါက်ဒေါသလဲ ထွက်ခဲ့ဘူးပါတယ်၊ ပြန်ခံချရအောင် ကျောင်းသားတွေ တောခို ကြတယ်ဆိုတော့လဲ လေးစားလိုက်ရတာဗျာ၊ ငါတို့ပြည်သူတွေအတွက် ဘ၀တွေအသက်တွေကို စတေးပြီး တိုက်ပွဲဝင် ပေးနေတဲ့သူတွေဆိုပြီး အထင်ကြီး အားကျလိုက်ရတာ၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ကိုဖမ်းသွားပြီ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းသွားပြီဆိုတော့လဲ သူတို့တွေနဲ့နှိုင်းယှဉ်ပြီး နိုင်ငံရေးသမားဆိုတာ ငါတို့ပြည်သူတွေအတွက် မိတကွဲ ဘတကွဲ ဘ၀တွေပျက်ခံပြီး၊ အဘက်ဘက်က အနစ်နာခံကိုယ်ကျိုးစွန့်ပြီး လုပ်နေသူတွေလို့ အရမ်းကြည်ညိုခဲ့တာပါ။

ဒါဆိုလဲ .. မင်းကိုယ်တိုင်လဲ လုပ်ပေါ့ကွာ”လို့ ခင်ဗျားတို့ ပြောချင်မှာပေါ့၊ လုပ်ချင်တာပေါ့ဗျာ၊ ဒါပေမဲ့ လူတိုင်းဟာ လိုက်ပါနိုင်တဲ့ပုံသဏ္ဍာန် ကွဲပြားကြတာပါပဲ၊ ခင်ဗျားတို့ထဲမှာတောင် လူမှုရေးအသင်းဖွဲ့တွေလောက် အလုပ်မှာတင် ပီးနေတဲ့သူတွေ၊ ကျောင်းသားအဖွဲ့ဆိုပီး လုပ်နေတာတွေ၊ ပါတီဝင်ဆိုပီး လုပ်နေတာတွေ၊ လက်နက်ကိုင်ပီး ပြန်ချကြတာတွေ အမျိုးမျိုး ဖြစ်နေတာမလား၊ ကျွန်တော်လဲ ကျွန်တော်နိုင်သလောက်တော့ ပါခဲ့လုပ်ခဲ့ဘူးတာပေါ့၊ ခင်ဗျားတို့ကို လက်ခုတ်တီး အားပေးတယ်ဗျာ၊ စစ်တပ်လိုက်ဖမ်းလို့ ပြေးရသူတွေကို ၀ှက်ပေးတယ်ဗျာ၊ ခင်ဗျားတို့အတွက် ကျွန်တော့ချွေးနဲစာလေးထဲကနေ ထမင်းထုတ်ဝေ ရေဘူးကမ်း လုပ်တယ်ဗျာ၊ ခင်ဗျားတို့ကို ချီးမွမ်းခန်း အရပ်တကာ လည်ပြောဘူးတယ်ဗျာ၊ ကဲ..ဒါ ကျွန်တော်တတ်နိုင်သလောက် လုပ်ခဲ့တာထင်တာပါပဲ၊ မိသားစု ဘ၀အခြေနေကြောင့် ကိုယ်တိုင် လက်သီးဆုတ်ဆန့်တန်း ဒို့အရေးအော် ဆန္ဒမပြဘူးပေမဲ့၊ ကိုယ်တိုင်သေနတ်ကိုင် ပြန်မချဘူးပေမဲ့၊ ခင်ဗျားတို့ကို ကူညီတဲ့နည်းနဲ့တော့ အားပေးပါဝင်ခဲ့တာပါပဲ။

ခုတော့ဗျာ..

၂၂နှစ်ဆိုတဲ့ အချိန်ကာလက ခင်ဗျားတို့ကို ပြောင်းလဲပလိုက်ပီပဲ၊ ခင်ဗျားတို့သမိုင်းတွေကို ဒီကာလထဲမှာ ခင်ဗျားတို့ဘာသာပဲ ပြန်ဖျက်ဆီးနေကြပီပဲဗျာ၊ ဗမာပြည်ထဲမှာ ထောင်ကျနေတဲ့ သူတွေနဲ့ တောထဲ မှာ သေခဲ့ပီးတဲ့သူတွေကလွဲရင် ခုဘယ်မှာလဲ သေနတ်ကိုင်ပြန်ချနေတဲ့ ရှစ်ဆယ့်ရှစ်ကျောင်းသား၊ ဘယ်မှာလဲ ကိုယ်ကျိုးစွန့် အနစ်နာခံနေပါတယ်ဆိုတဲ့သူတွေ၊ မဆလခေတ်က ကောင်စီလူကြီးတွေလို အခွင့်ထူး ခံနေသူတွေကိုပဲ တွေ့နေရတော့ ရွှေ့ပြောင်း အလုပ်သမားတွေကြား နိုင်ငံရေးသမား ချီးမွမ်းခန်းဖွင့်ပြောတဲ့ ကျွန်တော့စကားတွေ၊ ပုံပြင်လိုလို ပျက်လုံးလိုလို လှောင်ပြုံးခံနေရလေရဲ့။

ဘယ်မှာလဲ ခင်ဗျားတို့လုပ်နေတဲ့ နိုင်ငံရေး၊ ဘယ်မှာလဲ တော်လှန်ရေး၊ ဘယ်ရောက်သွားပီလဲ၊ လက်တွေ့အလုပ်မပြောနဲ့ နိုင်ငံရေးစကားတောင် ၀တ်ကျေတန်းကျေ (ခင်ဗျားတို့ရနေတဲ့ အထောက်အပံ့တွေ ရပ်မသွားယုံလောက်) ပြောနေကြတာ မဟုတ်လား၊ တချို့ကသွားပီ၊ နိုင်ငံတကာမှာ ရောက်သွားကုန်ပီ ၊ ဗမာပြည်နဲ့ မိုင်ထောင်ချီဝေးတဲ့နေရာမှာ သွားနေပီး ဒီစစ်တပ်ကို ဘယ်လိုပြန်တိုက်မှာလဲ၊ ကိုယ့်ဘာသာ ကျောင်းတွေတက် စီးပွားရေးတွေ လုပ်နေကြပီး အင်တာနက်ပေါ်မှာ ကိုယ်ရေသွေးပြ၊ ရန်ဖြစ်ကြနဲ့ ၊ ဆယ်ရေးတရေး ကိုးရေးတခါ သံရုံးရှေ့ဆန္ဒပြတာထက် ပိုမလာတော့ဘူး၊ ဗမာပြည်သူတွေရဲ့ အခြေနေမှန်ကိုလဲ အင်တာနက်ပေါ် တွေ့သလောက်နဲ့ ရမ်းဝေဖန်နေတာထက်ပိုပြီး မသိတော့ဘူး၊ ပြောကြည့်စမ်းပါဗျာ ခင်ဗျားတို့ နိုင်ငံတကာရောက်သူတွေ ဆက်လုပ်နိုင်မဲ့ နိုင်ငံရေးအလုပ်တွေကို။

ကျွန်တော်တို့က ရှစ်ဆယ့်ရှစ်မှာထဲက ခင်ဗျားတို့ကို ထောက်ခံခဲ့တာပါ၊ ၁၉၉၀မှာလဲ ကျောင်းသားတွေရဲ့ ခွပ်ဒေါင်းအလံကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါတီကိုပဲ မဲပေးခဲ့တာပါ၊ အဲဒီယုံကြည်မှုတွေကို အလွဲသုံးစားလုပ် ဖျက်ဆီးခဲ့တဲ့အတွက် ခင်ဗျားတို့ ကနေ့ထိမအောင်မြင်တာ၊ ကျွန်တော်တို့လဲ သူများနိုင်ငံမှာ ခုလိုကျွန်ဖြစ် နေသေးတာပါ၊ ငြင်းမလား၊ ငြင်းရဲတဲ့သူရှိလား၊ ကျွန်တော်တို့မဲဆောက်ဟာ နိုင်ငံရေးမြို့တော်ပဲ၊ နိုင်ငံရေးသမား၊ တော်လှန်ရေးသမားပါ ဆိုတဲ့လူတွေ အကုန်ရှိတယ်၊ အဖွဲ့အစည်းအကုန်ရှိတယ်၊ စစ်တပ်မကောင်းဘူး၊ ဗမာပြည်က အစိုးရမကောင်းဘူး၊ ဒါကြောင့်ငါတို့ဒီမှာ လူမျိုးခြားတွေ စော်ကားခံပြီး ကျွန်ဖြစ်နေရတာ ဆိုတာကိုသိတဲ့ ကျွန်တော်လို အလုပ်သမား သိန်းနဲ့ချီရှိတယ်၊ ဗမာပြည်က ပြည်သူတွေမပြောနဲ့ မဲဆောက်မှာရှိတဲ့ အလုပ်သမားတွေကိုတောင် မစည်းရုံးနိုင်လို့၊ ယုံကြည်လေးစားအောင် မနေကြလို့ ခင်ဗျားတို့ ကနေ့ထိမအောင်မြင်တာ။

ဘာထူးလဲ၊ ကျွန်တော်တို့မဲဆောက်က အလုပ်သမားတွေအမြင်မှာ အဖွဲ့အစည်းကလူ (နိုင်ငံရေးသမား၊ တော်လှန်ရေးသမား) ဆိုတာတွေဟာ အခွင့်ထူးခံတွေပဲ၊ လူထူးတွေပဲ၊ ကျွန်တော်တို့နဲ့ ဘ၀တွေတခြားစီပဲ၊ ကျွန်တော်တို့က ဘတ်၇၀၀/၈၀၀တန် အခန်းလေးတွေကို နှစ်ဦးသုံးဦး စုနေကြရတယ်၊ ခင်ဗျားတို့တွေက တစ်ဦးကို ဘတ်၂၀၀၀ကနေ သောင်းချီတန်တဲ့ အိမ်တွေခြံတွေနဲ့ နေနိုင်တယ်၊ ခင်ဗျားတို့အိမ်တွေတိုင်းမှာ တီဗွီ, အောက်စက်, ရေခဲသေတ္တာ, အ၀တ်လျှော်စက် ဇိမ်ခံပစ္စည်းတွေ အကုန်ရှိတယ်၊ ဆိုင်ကယ်တ၀ီဝီနဲ့ သွားလာနေကြတယ်၊ တချို့ဆို ဘတ်သန်းချီတန်တဲ့ ကားကြီးတွေနဲ့ (တခါတခါ ကျွန်တော်တို့ အလုပ်သမားတွေကို မတူမတန်သလို နှိမ်ချတဲ့အကြည့်တွေနဲ့ ကားပေါ်ကနေ လှမ်းကြည့်နေတတ်သေးတယ်)၊ ခင်ဗျားတို့သားသမီးတွေကို ကျွန်တော်တို့ အလုပ်သမားသားသမီးတွေ အတွက်ဖွင့်ပေးထားတာပါဆိုတဲ့ ခင်ဗျားတို့ကိုယ်တိုင် ထူထောင်ထားတဲ့ ကျောင်းတွေမှာတောင် တန်းတူမထားကြပါဘူး၊ ထိုင်းကျောင်း၊ တရုပ်ကျောင်း၊ အင်တာနေရှင်နယ်ကျောင်း ဆိုတာတွေမှာပဲထားကြတယ်၊ ပစ္စည်းမဲ့လူတန်းစားအရေး၊ အလုပ်သမားအရေး ကြွေးကြော်ခဲ့ဘူးတဲ့ ကွန်မြူနစ်ဆိုသူကြီးတွေက အစပဲလေ၊ ကျွန်တော်တို့က တလဘတ်၂၀၀၀လောက်ရဘို့ သူများကျွန်အဖြစ် အချိန်ပြည့် ပင်ပင်ပန်းပန်းလုပ်နေရချိန်မှာ ခင်ဗျားတို့က လစာငါးထောင်တစ်သောင်း သက်တောင့်သက်သာ ရနေကြတယ်၊ ကျွန်တော်တို့က တနပ်ငါးဘတ်နဲ့ ၀အောင်စားနေချိန်မှာ ခင်ဗျားတို့က ဆိုင်ကြီးဆိုင်ကောင်းတွေမှာ ဘတ်ရာကျော် အကုန်ခံစားနေကြတယ်၊ ကုန်ကုန်ပြောရရင်ဗျာ၊ ကျွန်တော်တို့အလုပ်သမားတွေ မရောက်နိုင်မသွားနိုင်တဲ့ ကာရာအိုကေ၊ နိုက်ကလပ်၊ ဖာရုံ၊ အနှိပ်ခန်း၊ ဘီယာဆိုင်ကြီးတွေကို ခင်ဗျားတို့ပဲ ညတိုင်းလိုသွားနိုင် နေနိုင်ကြတယ်၊ ကဲ..ပြော၊ ဘယ်မှာလဲ ခင်ဗျားတို့ ကိုယ်ကျိုးစွန့်နေကြတာပါဆိုတာ၊ ကျွန်တော်တို့ ပြည်သူတွေအတွက် အနစ်နာခံနေကြပါတယ်ဆိုတာ ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး၊ ခင်ဗျားတို့ကရော ကျွန်တော်တို့ဆန့်ကျင်ရမဲ့ စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းက လူတွေရဲ့ နေထိုင်မှုမျိုးတွေနဲ့ ဘာကွာတော့လဲ၊ ဒါပဲ၊ ကျွန်တော်တို့က စစ်တပ်အစိုးရမကောင်းမှန်းသိပါရဲ့ မဆန့်ကျင်ကြသေးတာ၊ ခင်ဗျားတို့ကိုပါ မယုံတော့လို့ပဲ။

ကျွန်တော်တို့အမြင်မှာ ခင်ဗျားတို့ဟာ ကျွန်တော်တို့ကို ပြလုပ်စားနေသူတွေပဲ၊ မယုံဘူး၊ စစ်တပ်ကိုနာကျည်းသလို ခင်ဗျားတို့ကိုလဲ မယုံကြတော့ဘူး၊ ခင်ဗျားတို့ ဘာကော်မတီ၊ ဘာအဖွဲ့ဆိုပြီး တရားတွေ လာဟော ဆွေးနွေးပွဲတွေလုပ် လုပ်နေတာ အလုပ်ရုံတရုံတရုံချင်းမှာရှိတဲ့ ဦးရေထဲက ဆယ်ရာခိုင်နှုန်းပြည့်အောင် တလေးတစား လာနားထောင်ကြရဲ့လား၊ အဲဒီပွဲကိုပြပြီး ခင်ဗျားတို့အလှုခံစားမှာ ကျွန်တော်တို့သိနေပြီ၊ ခင်ဗျားတို့ပြန်သွားပြီးရင် “အအေးလေးတလုံးနဲ့ အားနာပါးနာ နားထောင်ပေးနေလိုက်ရတာ မတန်လိုက်တာဟယ်၊ ဘာမှလဲ ဟုတ်တာမဟုတ်ဘူး၊ သူတို့များဦးဆောင်ပြီး ၀င်တိုက်မှာလားလို့၊ အလကားဟာတွေ” လို့ ပြောကျန်နေခဲ့ကြတာ ကြားနေရတဲ့ ခင်ဗျားတို့ကို လေးစားခဲ့ဘူးတဲ့ကျွန်တော် ရှက်လိုက်တာဗျာ၊ လာဟောပြောတဲ့ဆရာကြီးတွေကို ညဘက်ကျ ဖာရုံထဲဝင် သွားတာ၊ အရက်ဆိုင်ကြီးတွေထဲကနေ ထွက်လာတာတွေ တွေ့ရတော့ ပိုဆိုးကုန်ရောပေါ့။

နလပိန်းတုံးတွေလို့ ခင်ဗျားတို့ထင်နေတဲ့ ကျွန်တော်တို့အလုပ်သမားတွေက အားလုံးသိပါတယ်ဗျာ၊ ကျွန်တော်တို့ပြည်သူတွေကို ဆက်အနိုင်ကျင့်ဘို့ သူတို့အာဏာ တည်မြဲဘို့ ရွေးကောက်ပွဲလုပ်မှာလဲသိပါတယ်၊ အဲဒီရွေးကောက်ပွဲကို ဆန့်ကျင်သင့်တာလဲသိပါတယ်၊ သံဃာသတ်ထားတာလဲ သိပါတယ်၊ သန်းရွှေအပါအ၀င် အာဏာရူးတွေပြုတ်မှ ကိုယ့်တိုင်းကိုယ့်ပြည်မှာ လုပ်ကိုင်စားနိုင်မှာလဲသိပါတယ်၊ ခက်တာက ခင်ဗျားတို့ နိုင်ငံရေးသမား၊ တော်လှန်ရေးသမား နာမည်ခံထားသူတွေက အကျင့်ကောင်းကောင်း လမ်းကြောင်းမှန်မှန် ဦးဆောင်ဘို့ပါပဲ၊ ခင်ဗျားတို့ အခန်းအနားတွေလုပ်တိုင်း ဖွင့်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းလိုပေါ့၊ “ခင်ဗျားတို့ကိုယ်ကို စည်းကမ်းရှိကြဘို့ အခုထဲက စောက်ကျင့်တွေ အကျင့်ဆိုးတွေ ပြင်ကြဘို့လိုပီ”ဆိုတာမျိုး ခင်ဗျားတို့ပြန်ပြင်ရင် ရှစ်ဆယ့်ရှစ်လို ခင်ဗျားတို့ကို ထောက်ခံဘို့ ခင်ဗျားတို့နောက်က လိုက်ပါဘို့ ကျွန်တော်တို့အသင့်ပါပဲ။

စားကောင်းသောက်ဖွယ်တွေ စားကာနီးတိုင်း ထောင်ထဲမှာ အနေဆင်းရဲ အစားဆင်းရဲဖြစ်နေမဲ့ ခင်ဗျားတို့ရဲဘော်တွေရဲ့ မျက်နှာတွေ၊ ငတ်မွတ်ခေါင်းပါးနေတဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ ဘ၀တွေ မြင်ယောင်ပါဗျာ၊ ဖာရုံဘက်ကို ခြေမလှမ်းခင်၊ အရက်ပုလင်းကို မဖွင့်ခင် စစ်တပ်ရဲ့ ရက်ရက်စက်စက်ပစ်သတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ခင်ဗျားတို့ရဲဘော်တွေရဲ့ မျက်နှာတွေ၊ သူတို့သွေးနဲ့ ရေးခဲ့ရတဲ့သမိုင်းတွေ မြင်ယောင်ပါဗျာ၊ ကိုယ့်ကိုယ်ကိုယ် ဘာလဲ၊ ဘာလုပ်မှာလဲ၊ ပြန်စဉ်းစား ကြည့်ကြပါ၊ ရှစ်ဆယ့်ရှစ် ကာလတွေကလို ခင်ဗျားတို့ကို ပြန်လေးစားပါရစေဗျာ။

ကျွန်တော်တို့ကို ဦးဆောင်မှုပေးပါ၊ ယုံကြည်လေးစားရလောက်တဲ့ နေထိုင်မှုတွေနဲ့ ကျွန်တော်တို့ အလုပ်သမားတွေကို ဦးဆောင်မှုပေးကြပါဗျာ။

မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး-မဲဆောက်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: