ပို့ကုန်ခွန်ကို ယခင် ၁၀ ရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းသို့လျှော့


အေးသီတာကျော်နှင့် သိန်းလင်း
ရေးသားသည်။

ပို့ကုန်လုပ်ငန်းရှင်များ နိုင်ငံခြားသို့ ကုန် ပစ္စည်းတင်ပို့ရာတွင် ပေးဆောင်ရသည့် ပို့ကုန်ခွန်ကို သက်ဆိုင်ရာက ဇွန်လကုန်မှ စ၍ သုံးရာခိုင်နှုန်း လျှော့ချလိုက်ခြင်းကို ကုန်သည်/စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများနှင့် ပို့ကုန် လုပ်ငန်းရှင် အားလုံး က ကြိုဆိုလိုက်သည်။

ယခင် ၁၀ ရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းသို့ လျှော့ချလိုက်ခြင်းကြောင့် ပို့ကုန်သမားများအတွက် ယခင်ထက် အနည်းငယ် အခွင့်သာလာ သော်လည်း ပိုမို အရေးပါသော ပို့ကုန်ကဏ္ဍများတွင်မူ ယခုထက်ပို၍ ဖြေလျှော့ပေးပါက ပို၍ လုပ်သာကိုင်သာရှိလာမည်ဖြစ်ကြောင်း ၎င်းတို့အားလုံးက တညီတညွတ်တည်း ပြောကြားသည်။

အခွန် သုံးရာခိုင်နှုန်း လျှော့ချလိုက် ခြင်းသည် ပို့ကုန်သမားများအတွက် သတင်းကောင်းဖြစ်ကြောင်း ကုန်သည်/ စက်မှု လုပ်ငန်းရှင် များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော် အဆိုပါလျှော့ချမှုသည် ပို့ကုန်သမားများအတွက် နိုင်ငံတကာနှင့် ယှဉ်ပြိုင်ရာတွင် ၀န်ထုပ်ဝန်ပိုးဖြစ်နေသေးကြောင်း ၎င်းက ပြောသည်။

“ကြုံတွေ့နေရတဲ့ အခက်အခဲကနေ အနည်းငယ် ပေါ့သွားတာပေါ့လေ။ လုပ်သာကိုင်သာတော့ မရှိသေးဘူး။လက်ရှိ နိုင်ငံတကာ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် လိုအပ်နေသေးတယ်။ အစိုးရက နောင် ဒီထက်ပိုပြီး လျှော့ချပေးနိုင်ဖို့ မျှော်လင့်တယ်” ဟု ၎င်းက ပြောပြီး ငါးရာခိုင်နှုန်းဖြစ်ပါက ပို့ကုန်သမားများ အတွက် ပိုအဆင်ပြေမည်ဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကလည်း ထိုသို့အခွန် လျှော့ချမှုသည် လက်ရှိကာလတွင် ငွေဈေးကျဆင်းမှု အပါအ၀င် စိန်ခေါ်မှုများ ရင်ဆိုင်နေရသော ပို့ကုန်လုပ်ငန်းရှင်များအတွက် အထောက်အပံ့ကောင်း တစ်ခုဖြစ်ကြောင်း ပြောသည်။

“တချို့ ပို့ကုန်လုပ်ငန်းရှင်တွေဆိုရင် သူတို့လုပ်ငန်းတွေ ရပ်ထားရတယ်။ တချို့စက်ရုံတွေဆို ပိတ်လိုက်ရပြီ။ ခုလို လျှော့ချလိုက်တဲ့ အတွက် အရင်ထက် စာရင်တော့ နည်းနည်းလှုပ်လာတာပေါ့” ဟု ၎င်းက ပြောသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၉၀၀ နှင့်အထက် ဖြစ်မှသာ ရေထွက်ပစ္စည်းတင်ပို့သူများ အတွက် လုပ်ငန်းများလည်ပတ်နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခွန်လျှော့တာ ကောင်းတဲ့ကိစ္စပဲ။ ဒါပေမယ့် အသေးစိတ် ပြန်တွက်ရမှာတွေ ရှိသေးတယ်။ သုံးရာခိုင်နှုန်း လျှော့တဲ့အတွက် ပို့ကုန် သမားတွေမှာ အရင်ထက်စာရင် သုံးရာခိုင်နှုန်း ပိုမြတ်လာတယ်။ နည်းနည်းပါးပါး လုပ်သာကိုင်သာ ရှိလာတာပေါ့”ဟု မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။

သို့ရာတွင် ယခုကဲ့သို့ ပို့ကုန်ခွန်လျှော့ချခြင်းသည် ပို့ကုန်အမျိုးအစား ပေါ်မူတည်၍ အကျိုးသက်ရောက်မည်ဖြစ်ရာ ကဏန်း စသော ပို့ကုန်များအတွက် ပြန်လည်အဆင်ပြေနိုင်လာသော်လည်း ပုစွန်ပို့ကုန်မျိုးမှာမူ လတ်တလောအနေအထားအရ အဆင် မပြေသေး ကြောင်း၊ သို့သော် လက်ရှိအခြေအနေထက် ပိုကောင်းသော မူဝါဒအပြောင်းအလဲများ ဖြစ်ပေါ်လာကြောင်း ၎င်းကပြောသည်။

“အစိုးရကအခွန်ကိစ္စမှာ နှစ်ပေါင်းများစွာ တင်းခံထားခဲ့တာလေ။ သုံးရာခိုင်နှုန်း လျှော့ပေးလိုက်တာအပြင် အဘက်ဘက်က ဘယ်လိုချမှတ်ပေးဦးမလဲမသိဘူး။ လုပ်ငန်းရှင်တွေက ကြိုဆိုရမှာပေါ့”ဟု ၎င်းက ပြောသည်။

အခွန် သုံးရာခိုင်နှုန်း လျှော့ချလိုက်ခြင်းသည် အတည်ဖြစ်သော်လည်း ၎င်းတို့ထံသို့ တရားဝင်စာမထွက်သေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၂ ရက်နေ့က ပြောသည်။

“ဒါ ပို့ကုန်သမားတိုင်းဖြစ်စေချင်တဲ့ကိစ္စပဲ။ ကုန်သွယ်မှု မူဝါဒတွေကို အခြေအနေအချိန်အခါအရ ဖြေလျှော့နေတယ်။ လုပ်ထိုက်တာကို လုပ်သင့်တဲ့အချိန်မှာ လုပ်လိုက်တဲ့သဘောပဲ။ ကုန်သည်တွေအတွက် အမြတ်အစွန်းရှိလာမှာပါ”ဟု ၎င်းက ပြောသည်။

ပြည်ပသို့ ကုန်ပစ္စည်းပို့ရာတွင် ယခင်က ပို့ကုန်ခွန် ၁၀ ရာခိုင်နှုန်းတွင် ၀င်ငွေခွန်က နှစ်ရာခိုင်နှုန်း၊ ကုန်သွယ်ခွန်က ရှစ်ရာခိုင်နှုန်း ပေးဆောင်ရရာ ယခုအခါ ၀င်ငွေခွန်မှာ အပြောင်းအလဲမရှိသော်လည်း ကုန်သွယ်ခွန်ကိုမူ ငါးရာခိုင်နှုန်းသာ ပေးဆောင်ရတော့ မည်ဖြစ်သည်။

နေပြည်တော်တွင် မတ်လ ၂၁ ရက်နေ့တွင်ပြုလုပ်ခဲ့သည် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ထိုအချိန်က ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီး ဌာန၀န်ကြီးအဖြစ် တာဝန်ယူထားသော ဦးလှထွန်းက ပို့ကုန်လုပ်ငန်းစဉ်များ၌ ၀င်ငွေခွန် နှစ်ရာခိုင်နှုန်း၊ ကုန်သွယ်ခွန် ရှစ် ရာခိုင်နှုန်း စုစုပေါင်း ၁၀ ရာခိုင်နှုန်းအား နိုင်ငံတော်၏လိုအပ်ချက်အရ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး နောင်တစ်ချိန်တွင် အခွန်ကောက်ခံအပေါ် စဉ်းစားသုံးသပ် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: