ပြောင်းသည်ဆိုသော်လည်း – အပိုင်း (၁)


ဆောင်းပါးရှင် – ဗိုလ်ရဲထက်


သက္ကရာဇ် ၂၀၀၈ ခုနှစ်တွင် ကျနော်တို့ မြန်မာနိုင်ငံသည် ကြီးစွာသော နိုင်ငံတော် အဆင့်အနေဖြင့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခြင်း ခံခဲ့ရသည်။ ထို့နည်းတူစွာ ယင်းနှစ်မှာပင် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု ပြဌာန်းခဲ့သည်။ ယင်းသို့အတည်ပြု ပြဌာန်းခဲ့သော ဥပဒေအရ ယခုဆိုလျှင် ပြည်ထောင်စုသမ္မတနိုင်ငံဟု ခေါ်ဆိုနိုင်ခဲ့ပေပြီ။ ဒီမိုကရေစီဝါဒကို ကျင့်သုံးသည်ဟု ကြွေးကြော် ခဲ့ပေပြီ။ ပြောင်းလဲခဲ့ပါပြီ… အများကြီးကို ပြောင်းလဲခဲ့ပေပြီ။ သို့သော်လည်း…. ။

ယင်းအခြေခံဥပဒေအရ ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကြီး ကျင်းပခဲ့သည်။ ယင်းရွေးကောက်ပွဲ ကျင်းပသည့် အချိန်မှစ၍ ကျနော်တို့ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်မီး၏ အရိပ်အယောင်များ သန်းလာခဲ့သည်။ စစ်မက်များ ဆက်တိုက်လို ဖြစ်ပွားခဲ့သည်။ ယခုအချိန်အခါဆိုလျှင် ပို၍ပင် ဆိုးရွားလာခဲ့သည်။ မြန်မာပြည်အရှေ့ဖျား တိုင်းရင်းသားနယ်မြေများတွင် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်လာသလို တိုင်းရင်းသား များကလည်း အသင့်ပြင်ဆင်လာကြသည်။ ယုံကြည်မှုများ ပျက်ပြားခဲ့ကြပေသည်။ အချင်းချင်း စစ်မက်ဖြစ်ပွားရာ ဒေသများရှိ တိုင်းရင်းသား ညီအစ်ကိုများလည်း စစ်ဘေးသင့်ကြသည်။ ဒုက္ခအတိ ရောက်ကြရသည်။

ထိုနည်းတူစွာ စစ်ဖြစ်ရာဒေသ မဟုတ်သော မြန်မာပြည်သူများမှာလည်း စစ်ကြောင့် ဒုက္ခရောက်ကြသည်။ အဘယ်ကြောင့်နည်း။ စစ်ဖြစ်သည်နှင့် စစ်ကြောင့် ထိုတိုင်းပြည်၏ တပ်မတော်အနေနှင့် အသုံးစရိတ် လိုအပ်လာသည်။ ထိုအသုံးစရိတ်များကို မည်သူ့ထံမှ ရယူသနည်း။ ဤတိုင်းသူပြည်သားများကသာလျှင် အခွန်ပေးဆောင်ကြရသည် မဟုတ်ပါလား။ စစ်ကြောင့် လုံခြုံရေးများ တင်းကြပ်လာသည်။ ရောင်းရေးဝယ်ရေး အခက်အခဲ ဖြစ်လာရသည်။ သို့အတွက် ပြည်သူများ၏ လွတ်လပ်မှု၊ သက်သာချောင်ချိမှု အခွင့်အရေးများလည်း ဆုံးရှုံးကြရသည်။ စစ်အတွက် လုပ်သား လိုအပ်သည့်အတွက် အကျဉ်းထောင်အတွင်း အကျဉ်းကျနေသော၊ မိမိတို့ပြစ်ဒဏ်ကို ခံယူနေကြသော အကျဉ်းသားများမှာ စစ်ဖြစ်ရာဒေသသို့ သွားရောက်၍ ဝန်ထမ်းကြရသည်။

ထို့အပြင် ပေါ်တာဆွဲသည့်အတွက် သာမန်အများပြည်သူမှာ လွတ်လပ်စွာ မသွားလာရတော့သည့်အပြင် နေဝင်မီးပိတ် အမိန့်များကြောင့်လည်း ဒုက္ခရောက်ကြရသည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် စစ်မက်များ ဖြစ်ပွား ရသနည်း။ မြန်မာနိုင်ငံ၏ နိုင်ငံရေး သမိုင်းအရသော်လည်းကောင်း၊ ယနေ့ဖြစ်ပွားနေသော ပြဿနာအလုံးစုံအရသော်လည်းကောင်း  ပြန်လည် သုံးသပ်ရလျှင် စစ်အာဏာရှင်စနစ် ထူထောင်လိုသည့် နိုင်ငံရေး ပြဿနာ များကြောင့်သာ ဖြစ်ပေသည်။

သို့သော် အစိုးရစစ်ခေါင်းဆောင်များသည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ အဖြေရှာဖို့ မကြိုးစားကြဘဲ စစ်ရေးအရ ဖြေရှင်းရန် ကြိုးပမ်းကြသည်။ မိမိတို့ စိတ်တိုင်းကျ ရေးသားနိုင်သော နိုင်ငံပိုင် သတင်းစာများမှ ၎င်းတို့၏ တဖက်သတ် အမြင်များဖြင့်သာ ရေးသား၍ မဟုတ်မမှန် ဝါဒဖြန့်သည်။ ပြည်သူလူထုကို နိုင်ငံရေးအသိနှင့် အလှမ်းဝေးစေခဲ့သည်။ နိုင်ငံရေးအသိနှင့်အတူ စဉ်းစားဝေဖန် သုံးသပ်တတ်အောင် သင်ကြားစေအံ့သော ပညာရေးကိုလည်း ချိုးဖဲ့ထားသည်။ သို့မှသာ ၎င်းတို့စိတ်တိုင်းကျ ဦးနှောက်ထဲ စိတ်ထဲ နှလုံးသားထဲတွင် ၎င်းတို့၏ တဖက်သတ် အမြင်များကို ထည့်သွင်းနိုင်မည် မဟုတ်ပါလော။

သို့နှင့် အကြောင်းအရာ အမှန်ဟူသမျှကို ဖျောက်ဖျက်ထားကြသည်။ သို့အတွက် မြန်မာပြည်သူများမှာ အမှန်တရားနှင့် ဝေးကွာနေကြသည်။ အသိမှန်များနှင့် ဝေးကွာနေသည့်အတွက် အချို့သော မြန်မာပြည်သူများမှာ အရိပ်ကို အစစ်ထင်နေသည်။ ၎င်းအကြောင်းအရာများကိုပင် အမှန်ဟု ထင်မှတ်နေကြသည်။ မမှန်တရားနှင့် သတင်းအမှားသည် လူတစ်ယောက်၏ အသိစိတ်၊ ပညာ၊ ဦးနှောက်တို့ကို သတ်ပစ်တတ်သည်။ မှားယွင်းသော သတင်းအရ မှားယွင်းစွာ ကောက်ချက်ချပစ်လိုက်သည်။ သို့အတွက် မြန်မာပြည်သူများသည် မကောင်းမှန်းတော့ သိသည်၊ သို့သော် ဒါထက်ကောင်းတာ မရနိုင်တော့ဘူး ဆိုသည့်သဘောမျိုးဖြင့် ထောက် ခံနေကြရသည်။ ဤမကောင်းသော အစိုးရကိုသာလျှင် အကောင်းဆုံးသဘောဖြင့် လက်ခံနေကြရသည်။

သည်တော့ ဘာကြောင့် ဤသို့ စစ်မက်ဖြစ်ပွားနေသည်ကို သာမန်ပြည်သူများ လေးလေးနက်နက် မသိနိုင်ကြ။ သိနိုင်လောက်အောင်လည်း သတင်းအမှန်တရားမရှိ၊ အသိတရားကလည်း မပြည့်ဝကြပေ။ ယခင့်ယခင်ကတော့ ထားပါတော့။ သို့သော် ယနေ့ခေတ် ဒီမိုကရေစီကျင့်စဉ် ကျင့်သုံးပါသည်ဆိုသော အခြေအနေတွင်လည်း မထူးခြားပေ။ ကြားမိလိုက်ပါသည်။ ပြည်သူ့လွှတ်တော်ဥက္ကဌ၏ မိန့်ခွန်းကိုပင် ဆင်ဆာဖြတ်သည် ဟူသတည်း။ ဤသို့ဆိုလျှင် သာမန်ပြည်သူများ အနေဖြင့် အဘယ်သို့သော လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှုတို့ကို ခံစားရပါအံ့နည်း။ စာပေသတင်းလွတ်လပ်ခွင့် ဘယ်တော့များမှ ရနိုင်ပါမည်နည်း။ ဆရာချစ်ဦးညို ပြောသကဲ့သို့ပင် ယနေ့ စာပေသတင်းများကို ကြည့်လျှင် အားရှိလာပါပြီတဲ့၊ အဲဒီ အားရှိလာပြီ ဆိုသည်ကို ပြောသည့်အသံကပင် အားမရှိချင်။

အဘယ်ကြောင့်များ ဤသို့ ထိန်းချုပ်ထားပါသနည်း။ ကျနော်သိသလောက် ဆေးပညာအသိနှင့် ပြောရလျှင် ရောဂါသည်လူနာရှင်က မိမိရောဂါအကြောင်း သိထားမှ ရှောင်ရန် ဆောင်ရန်များကို ကြိုတင်ပြင်ဆင်နိုင်မည် မဟုတ်တုံလော။ ထိုနည်းတူစွာ ယင်းရောဂါရှင်မှလည်း မိမိအား ကုသပေးမည့် ဆရာဝန်ကို မိမိခံစားရသမျှ အခြေအနေ ပေးသိရပေမည်။ သို့မှသာ ဆရာဝန်မှလည်း စမ်းသပ်စစ်ဆေးမှုရလဒ်နှင့် ဝေဒနာရှင်   ရောဂါသည်၏ ခံစားရမှုတို့ကို သုံးသပ်ကာ ရောဂါနှင့်ကိုက်ညီမည့် ဆေးဝါးများကို ပေးနိုင်မည် ဖြစ်ပေသည်။ သို့အတွက်မိမိတို့ တိုင်းပြည်၏ လက်ရှိ ပစ္စုပ္ပန်အခြေအနေမှန်ကို သိရှိမှသာ မည်သို့ ဆက်လက်လုပ်ဆောင်ရမည်၊ မည်သည်တို့ကို ပြုပြင်ယူရမည်ကို သိရှိနိုင်မည် မဟုတ်ပါလော။

အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်…..

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: