ပညာရေးအကျပ်အတည်း


နိုင်ငံတစ်နိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် တည်ဆောက်မယ်ဆိုရင် အဲဒီနိုင်ငံရဲ့ပညာ ရေး စနစ်ကို ဒီမိုကရေစီပညာရေးဖြစ်အောင် ပြင်ဆင် တည်ဆောက်ရမယ့် ကိစ္စဟာ အရေးကြီးတဲ့ တာဝန်တစ်ရပ်ပဲ ဖြစ်ပါတယ်။


ကမ္ဘာမှာ အကြီးဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ထင်ရှားတဲ့ အိန္ဒိယနိုင်ငံက ပညာရေးပညာရှင် K.G Sai Yi Dain ကတော့ ဒီမိုကရေစီ ကျတဲ့ လူမှုဘ၀ထဲက လုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့ အရည်အသွေးတွေနဲ့   ပြည့်မီစေဖို့ ပညာရေးကို ပြုပြင် ရေးဆွဲရမယ်လို့ ဆိုခဲ့ပါတယ်။ ဒီမိုကရေစီစနစ်က လူတစ်ယောက်ချင်းစီကို တန်ဖိုးထားပြီး လူသားအဖြစ်နဲ့ ရရမယ့် အခွင့်အရေး မှန်သမျှ အပြည့် အ၀ ခံစားရစေဖို့ကို အဓိကထား ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ ပညာရေးဟာလည်း ဒီမိုကရေစီစနစ် အရ လူသားတိုင်း တန်းတူ လွတ်လပ်ခွင့်နဲ့ အတူ တန်းတူ လွတ်လပ်စွာ ပညာသင်ခွင့်ရှိရမယ် ဆိုတဲ့ အချက် အပေါ်မှာ အခြေခံ ပါတယ်။ လူမှန်ရင် ဘယ်လိုအကြောင်းကြောင့်နဲ့မှ ပညာမသင်နိုင်တာမျိုး မရှိစေရဘူးလို့ သတ်မှတ်ထားတာပဲဖြစ်ပါတယ်။

အမေရိကန်ဒဿနိက နဲ့ ပညာရေး ပညာရှင် John Dewey ကတော့ သူ့ရဲ့ Democracy and Education ဆိုတဲ့ စာအုပ် ထဲ မှာ လူ့ပတ်ဝန်းကျင် နဲ့ လူ့မှုအသိုင်းအ၀ိုင်း ရဲ့ ကောင်းကျိုး အတွက် လူအားလုံး တန်းတူ အခွင့်အရေး နဲ့ ပါဝင်ခွင့်ရှိပြီး လူသားအချင်းချင်း ပေါင်းသင်း ဆက်ဆံ ရာမှာ လိုအပ်သလို ပြုပြင် ပြောင်းလဲ ညှိနှိုင်း လုပ် ဆောင် ခွင့် ရှိတာဟာ ဒီမိုကရေစီ ထွန်းကားတဲ့ လူ့အဖွဲ့အစည်းဖြစ်တယ် လို့ ပြောထားပါတယ်။ ဒါကြောင့် အဲဒီလို လူ့အဖွဲ့အစည်းထဲမှာ လူတစ်ဦးချင်းအနေနဲ့ လူမှုဆက်ဆံရေးနဲ့ လူမှုအသိုင်းအ၀ိုင်း ပြုပြင် ပြောင်းလဲ ရေးတွေမှာ ကိုယ့်သဘောဆန္ဒအလျှောက် ပါဝင်ခွင့်ရအောင် စီစဉ်ပေးတဲ့ ပညာရေးမျိုးကို လိုအပ်တယ် လို့လဲ ဆိုပါတယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် ဒီမိုကရေစီပညာရေးစနစ် ရှိဖို့ လိုအပ်တယ်ဆိုတာကို ထောက်ပြ ထားတာ ပါပဲ။

ဒီမိုကရေစီပညာရေးစနစ်မှာ ရည်မှန်းချက် တွေအနေနဲ့
-စာသင်သားတွေကို အတူတကွပူးပေါင်းလုပ်ဆောင်စေပြီး ဘက်စုံအသိပညာကိုရစေဖို့
-အနာဂတ်ကာလဖွံ့ဖြိုးတိုးတက်စေဖို့၊
-အပြုသဘောဆန်ပြီးလွတ်လပ်တဲ့အတွေးအခေါ်တွေဖွံ့ဖြိုးတိုးတက်စေဖို့
-အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်ဖို့၊
-တရားမျတမှုကိုမြတ်နိုးတတ်ပြီးကိုယ်ချင်းစာတရားရှိစေဖို့၊
-လူမှုဆက်ဆံရေးတိုးတက်စေဖို့၊
-ကလေးတွေရဲ့ တစ်ယောက်နဲ့တစ်ယောက်မတူဘဲ ကွဲပြားခြားနားနေမှုတွေကို
ဂရုစိုက်ပြီး တစ်ဦးချင်းကို ဖွံ့ဖြိုးတိုးတက်စေဖို့၊
-ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို အားပေးဖို့ နဲ့
-အသက်မွေးဝမ်းကျောင်းအလုပ်တွေ လုပ်နိုင်မယ့် ပညာရေးမျိုးကို စီစဉ်ပေးဖို့
ဆိုတာ တွေ ပါပါတယ်။

အဓိကကတော့ ကျောင်းသားကျောင်းသူတွေဟာ ဒီမိုကရေစီပညာရေးထဲကနေ လူမှု အသိုင်းဝိုင်း ထဲမှာ အဆင်ပြေပြေ နေသွားနိုင်ပြီး ကိုယ်ပိုင်အရည်အသွေးတွေနဲ့အတူ လူသားအချင်းချင်း ကိုယ်ချင်းစာ လေးစား တတ်တဲ့ အသိတွေ အတွေ့အကြုံတွေ စိတ်ချရ တဲ့ အသက်မွေးဝမ်းကြောင်းပညာ နဲ့ အလုပ်တွေကိုပါ ရသွားမှာမို့ အောင်မြင်တဲ့ နိုင်ငံသား တွေ ဖြစ်လာဖို့ ရည်မှန်းတာဟာဒီမိုကရေစီပညာရေးရဲ့ သော့ချက်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေးအခြေနေအရဆိုရင် ဒီမိုကရေစီ ပညာရေးစနစ် တည်ဆောက်ဖို့ မဖြစ်မနေ လိုအပ်နေပြီဆိုတာ အထင်အရှားပဲ ဖြစ်ပါတယ်။ အထူးသဖြင့် တော့ မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ အတူတွဲ နေထိုင်နေတဲ့အတွက် စာသင်သား တွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ အခြေနေတွေ ကွဲပြားခြားနားနေမှုတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့်ပဲ ပညာရေးမှာ Cultural pluralism ဆိုတဲ့ ယဉ်ကျေးမှုဗဟုဝါဒ နဲ့ Multi culture အရောင်အသွေးစုံယဉ်ကျေးမှု သဘောတရားတွေ ပါဝင်နေဖို့ သိပ်လိုအပ်ပါတယ်။ အထူးသဖြင့် နှစ်ပေါင်းများစွာ ကိုယ့်ရဲ့ မိခင် ဘာသာ စကား နဲ့ ရိုးရာယဉ်ကျေးမှုတွေကို သင်ကြားခွင့် ဖေါ်ထုတ်ခွင့် မရတဲ့ တိုင်းရင်းသားတွေ အတွက် ထည့်သွင်း စီစဉ်တဲ့ ပညာရေးစနစ်မျိုး အထူး လိုအပ်ပါတယ်။

Multicultural Education နဲ့ပတ်သက်လို့ ဦးဆောင်သူ ပညာရေးပညာရှင် James Bank ကတော့ Multicultural Education မှာ ရှိသင့်တဲ့ အင်္ဂါရပ်တွေကို အသေးစိတ် ဆွေးနွေး တင်ပြ ခဲ့ပါတယ်။ အဲဒီမှာ

-ကလေးတွေအနေနဲ့ အပြုသဘောဆောင်တဲ့ အမြင်နဲ့ တုံ့ပြန်မှု မျိုးတွေ ရှိလာစေမယ့် ရည်ရွယ်ချက် နဲ့ သင်ခန်းစာတွေ ရွေးချယ် ထည့်သွင်းဖို့…
-ယဉ်ကျေးမှု နဲ့ ဘာသာစကား မတူတဲ့ တိုင်းရင်းသားတွေရဲ့ အတွေ့အကြုံ အမြင် သဘောထားတွေ နဲ့ ကျား၊မ ကွဲပြားမှုတွေအတွက် ဦးတည်ပြီး သင်ရိုးရေးဆွဲဖို့…
-ဆရာဆရာမနဲ့ ကျောင်းသူ ကျောင်းသားတွေ အပြန်အလှန် အဆက်အစပ်ရှိတဲ့ သင်ကြားမှု သင်ယူမှု အစီအစဉ်တွေ ရေးဆွဲဖို့…
-ကျောင်းသူကျောင်းသားတွေရဲ့ မိခင်ဘာသာစကား နဲ့ ဒေသိယစကားတွေကို ဆရာ ဆရာမ အပါအ၀င် ပညာရေးအာဏာပိုင်တွေက လေးစားဖို့…
-ကျောင်းတွင်း သင်ကြားရေး နဲ့ သင်ထောက်ကူပစ္စည်းတွေက စာသင်သား တွေရဲ့ ကွာခြားချက် အမျိုးမျိုးကို ကိုယ်စားပြု ထင်ဟပ်နိုင်ဖို့…
-အမျိုးမျိုးသော တိုင်းရင်းသား အားလုံး မျှမျှတတ ထူးချွန်စေဖို့…
-သင်ရိုး နဲ့ သင်ကြားနည်း အားလုံးက လူမျိုးပေါင်းစုံကို ကိုယ်စားပြုနေဖို့
-ကလေးတွေအတွက် School counselors (ကျောင်းတွင်း ဆွေးနွေး အကြံပေးသူ) တွေ ထားပေးပြီး ကလေးတွေအတွက် ကိုယ့်နဲ့ ကိုက်ညီတဲ့ ရည်ရွယ်ချက်တွေ အသက်မွေး ၀မ်းကျောင်း အလုပ်တွေကို စဉ်းစား ရွေးချယ် တတ်လာအောင် ဆွေးနွေးပေးဖို့…

ဆိုတဲ့ ဦးတည်ချက်တွေ ပါတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် Multicultural Education ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားအရ ပြုပြင် ပြောင်းလဲ တည်ဆောက် သင့်တဲ့ ပညာရေးစနစ်မျိုးလို့ ဆိုနိုင်ပါတယ်။ ဒါကို မြန်မာ့ပညာရေး လေ့လာသုံးသပ်သူ တချို့ က လည်း လက်ခံထားကြပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် ဆရာအတတ်သင်ပညာရေးက ဦးဆောင်သူ ပညာရေး ပညာရှင် ဒေါက်တာသိန်းလွင်က

မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် အရှည် တည်တံ့စေဖို့အတွက် နိုင်ငံသားတိုင်း အား အသိပညာပေးရန် လိုအပ်သော၊ ဒီမိုကရေစီစနစ်နှင့် နိုင်ငံသားကောင်းတစ်ဦးတွင် ရှိအပ်သော အသိပညာ (Education for citizenship and the teaching of Democracy) ကိုလည်း ထည့်သွင်း သင်ကြားသင့်သည်…

လို့ ဆရာ့ရဲ့ မြန်မာနိုင်ငံ ပညာရေးသမိုင်း အစီရင်ခံစာ မှာ ဖေါ်ပြထားပြီး တဆက်တည်းမှာပဲ Multi- cultural Education ကို မြန်မာနိုင်ငံအနေနဲ့ အကောင်အထည် ဖေါ်ဖို့ အကြံပြု ထားတာ တွေ့ရပါတယ်။

တကယ်တော့ မြန်မာနိုင်ငံလို တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့ နိုင်ငံအတွက်တော့ Multicultural Education ဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ အရေးပါတဲ့ အင်္ဂါရပ်ပဲ ဖြစ်ပါတယ်။

မေငြိမ်း

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: