အသက် ၆၀ အရွယ်ခန့်ထိ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ လျှောက်ထား မှုရှိ
ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများတွင် လာရောက်အပ်နှံ လျှောက်ထားကြသူများအနက် လူငယ်အများစု ပါဝင်သကဲ့သို့ အသက် (၆၀) အရွယ်ခန့်အထိ လာရောက် လျှောက်ထားမှုများလည်း ရှိကြောင်း သိရသည်။ ထိုသို့ လျှောက်ထားမှုများ ရှိသော်လည်း အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အများစုမှာ အများဆုံး အသက် (၅၀) ခန့် အထိသာ လက်ခံတတ်လေ့ ရှိသည်။ ကုမ္ပဏီ အများစုမှာလည်း အသက်အရွယ် ကြီးရင်သော ဝန်ထမ်းများအား ခန့်အပ်လိုခြင်း မရှိသည်ကို တွေ့ရှိလာရကြောင်း အလုပ် အကိုင်ရှာဖွေရေး အေဂျင်စီ အသိုင်းအဝိုင်းထံမှ သိရသည်။
အသက်ကြီးပိုင်း လျှောက်ထားမှုတွင် အမျိုးသားပိုများပြီး GM / Admin Manager နှင့် HR Manager ကဲ့သို့သော အဆင့်မြင့် ရာထူး အမျိုးအစားများအား လျှောက်ထားသူများ ရှိသကဲ့သို့ လုံခြုံရေး ရာထူးကဲ့သို့သော အမျိုးအစားများအားလည်း လျှောက်ထားခြင်းများရှိသည်။ “ကျွန်မဆီ ရောက်လာရင်တော့ အသက် အရမ်းကြီးနေရင် ကျွန်မ လက်မခံ ပါဘူး။ ပြုစုစောင့် ရှောက်မဲ့ သားသမီးတို့ ဘာတို့ မရှိဘူးလား။ ဒါမှမဟုတ် အသက်ကြီးနေပြီ ဖြစ်တဲ့ အတွက်ကြောင့် အလုပ် လုပ်ကိုင်ဖို့ မသင့်တော်တော့တဲ့ အကြောင်း ဖျောင်းဖျ ပြောဆိုပြီး ပြန်လွှတ်ပါတယ်” ဟု အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုမှ ၎င်းတို့ ကြုံတွေ့ခဲ့ရသည်ကို ပြောပြသည်။