တိရ စ္ဆာန်ရုံကို မသွားချင်တော့ဘူး။ အပိုင်း (၁)


အပိုင်း (၁)

နိဒါန်း။ ။

ကျွန်တော်၏ ကိုယ်တွေ့ခံစားချက်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြီး “I Do not Want to Go to a  Zoo Any More” ခေါင်းစဉ်ဖြင့် အမေရိကန်နိုင်ငံထုတ် “Yellow Medicine Review” A Journal of Indigenous Literature, Art, and Thought စာစဉ်၏ (Spring) နွေဦးရာသီ ၂၀၀၈ ခုနှစ်တွင် ဖေါ်ပြခဲ့ပါသည်။ အင်္ဂလိပ်ဘာသာဖြစ်သဖြင့် မြန်မာပရိသတ်များကြားတွင် လူသိနည်းခဲ့ပါသည်။ ထို့ကြောင့် ၎င်း ကိုယ်တွေ့ဖြစ်စဉ် ဆောင်းပါးကို မြန်မာလို ဘာသာပြန်၍ ပိုမို ပြည့်စုံစေရန် အသေးစိတ် အဖြစ် အပျက် အချို့ကိုပါဖြည့်စွက်ကာ ဒေါင်းအိုးဝေ စာစောင် အတွက်ရေးသားလိုက်သော် လည်းစာစောင်လိုအပ် ချက် ထက်နှစ်ဆမက ပိုသွား သည့်အတွက် အင်တာနက်မှဖြန့်ရန်ဆုံးဖြတ်လိုက်ပါသည်။ ယ္ခုဆောင်းပါး ထက် ပိုမိုပြည့်စုံသော ကိုယ်တွေ့မှတ်တမ်း ကို ဇွန်လအရေးအခင်းတွေ ဆက်လက် ရေးသားပါမည်။ ကျွန်တော်တို့ အတွေ့အကြုံများကို နောင် လာနောင်သားများ အတုယူ၍ တိုင်းပြည် အကျိုး ဆထက်တံပိုး ကျိုးစားလုပ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့လျှင် ကြိုးစား ရေးရကျိုးနပ်ပါသည်။

လေးစားလျက်

ထွန်းအောင်ကျော်

ဇူလိုင်လ (၇) ရက် ၂၀၁၁ ခုနှစ်။

တိရ စ္ဆာန်ရုံကို မသွားချင်တော့ဘူး။

ကျွန်တော် ၇ နှစ်သားလောက်တုံးက ကျွန်တော့်မိဘတွေကို အတော့်ကို တုံးတာဘဲဟု ထင်ခဲ့မိပါသည်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ငွေအမြောက်အမြား ရှိသော်လည်း ဘယ်လို အကျိုးရှိရှိ သုံးစွဲရမယ် ဆိုတာကို မသိကြလို့ပါဘဲ။ ကျွန်တော် ငှက်ပျောသီး အလွန်ကြိုက်ပါသည်။ ထို့အတူ တိရစ္ဆာန်ရုံကို သွားရခြင်းကိုလည်း အလွန်နှစ်သက်မိပါသည်။ တိရစ္ဆာန်ရုံထဲမှာ မျောက်တွေ၊ ခြင်္သေ့တွေ၊ ဆင်တွေ၊ ကျားတွေ၊ ကြက်တူရွေးတွေ စတဲ့ အကောင်ပေါင်းများစွာရဲ့ ပုံသဏ္ဍာန် အရွယ်အစား၊ အရောင်အသွေး မျိုးစုံတို့ကို ကြည့်ရှုရတာ အင်မတန်ကို ပျော်စရာ ကောင်းလှပါသည်။

သို့ရာတွင် ကျွန်တော့်မိဘတွေက ကျွန်တော့်ကို တနေ့ငှက်ပျောသီး ၂ လုံးဘဲ စားခွင့်ပေးပါသည်။ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကိုလည်း တလမှ တခါလောက်သာ သွားရောက်ကြည့်ရှုခွင့် ပြုခဲ့ပါသည်။ ကျွန်တော့် အတွက်တော့ ကျေနပ်မှု မရှိပါ။ ကျွန်တော့်ကိုယ် ကျွန်တော် တိုင်တည်ပြီး “တနေ့ ငါကြီးပြင်းလာတဲ့အခါ ငှက်ပျောသီးတွေ ကြိုက်သလောက် အဝစားပစ်မယ်၊ တိရစ္ဆာန်ရုံကိုလဲ နေ့တိုင်း သွားလည်မယ်” ဟု ကြုံးဝါးခဲ့ဖူးပါသည်။

အချိန်တွေ တရွေ့ရွေ့ ကုန်လွန်လာခဲ့ပါသည်၊ ကျွန်တော်လည်း ကျွန်တော်တို့နိုင်ငံ စစ်ကျွန်ဘဝ ရောက်နေတာ မကြည့်ရက်လို့ မှားယွင်းနေတာတွေကို ပြင်ဘို့ ကြိုးစားရင်း လူ့အခွင့်အရေး ရရှိရေး ကြိုးပမ်းသူတဦး ဖြစ်လာခဲ့ပါသည်။ ကျွန်တော်တို့ နိုင်ငံဟာ ၁၉၆၂ ခုနှစ်မှ စပြီး စစ်အုပ်ချုပ်ရေးအောက် ကျရောက်ခဲ့ရပါသည်။ ကျွန်တော်တို့ နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်၊ လွတ်လပ်စွာ စီးပွားရှာဖွေခွင့်တွေ မရှိပါဘူး။

မြန်မာပြည်သူ ၅၅ သန်းကျော်အတွက် သတင်းစာ (၄) စောင်ဘဲ ရှိပါသည်။ ၎င်းသတင်းစာ များကိုလည်း စစ်အစိုးရက ဦးစီးထုတ်ဝေပြီး ၎င်းတို့ရဲ့ ဝါဒဖြန့်ချိရေး လက်နက်သက်သက် အဖြစ်သာ အသုံးချနေခဲ့ပါသည်။   ပြန်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုထက် လက်တဆုတ်စာ လူတစု၏ အကျိုးစီးပွား အတွက်သာ ဦးတည်ထားခဲ့ခြင်းပင် ဖြစ်သည်။

အစိုးရလုပ်သမျှ အားလုံး မှန်ပါသည် ခင်ဗျား ဆိုသည့် ဆောင်ပုဒ်ကို အစိုးရပိုင် သတင်းစာများက ခိုင်ခိုင်မြဲမြဲ ကိုင်စွဲထားခဲ့သည့် ခေတ်ပင်ဖြစ်သည်။

ကျွန်တော်သည် ဦးသန့်အရေးအခင်းတွင် ဦးဆောင်ဦးရွက် ပြုသူများထဲမှ တဦးဖြစ်ပါသည်။ ဦးသန့် သည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ်ခဲ့ရသည့် တဦးတည်းသော မြန်မာ အမျိုးသားကြီး ဖြစ်ပါသည်။ ထို့အတွက် ကျွန်တော်တို့ ကျောင်းသားများမှ သူ့အောင်မြင်မှုကို မြန်မာ ကျောင်းသားများအနေနှင့် ဂုဏ်ယူခဲ့ကြပါသည်။

ဦးသန့်မှာ ကင်ဆာရောဂါစွဲကပ်ပြီး နယူးယောက်မြို့ရှိ ဆေးရုံတရုံတွင် ၁၉၇၄ ခုနှစ် ကုန်ခါနီးတွင် ကွယ်လွန်ခဲ့ပါသည်။ သူ့ဆန္ဒအရ သူ့အလောင်းကို တာဝန်ရှိသူများနှင့် သူ့မိသားစုတို့မှ မြန်မာပြည်တွင် မြှုပ်နှံရန် အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ယူဆောင်လာခဲ့ကြပါသည်။

သို့ရာတွင် မဆလ အစိုးရမှ သူ့အလောင်းကို နိုင်ငံတော်ဈာပနအဖြစ် ပြုလုပ်မပေးဘဲ လျစ်လျူရှု ခဲ့သည့် အတွက် မြန်မာနိုင်ငံသားများ အထူးသဖြင့် ကျောင်းသားလူငယ်များအတွက် အလွန်ခံပြင်း ဒေါသထွက်စရာ အခြေအနေမျိုး ဖန်တီးစေခဲ့ပါသည်။ ပြည်သူများအနေနှင့် အစိုးရ၏ ဂုဏ်ပြု ထိုက်သူကို ဂုဏ်ပြုရန် ပျက်ကွက်မှုအတွက် မကျေနပ်ကြသော်လည်း ဘယ်လိုတုံ့ပြန်ရမှန်း မသိကြချေ။ ထို့ကြောင့် တက္ကသိုလ်ကျောင်းသားများဖြစ်သော ကျွန်ုပ်တို့က ဦးသန့်အလောင်းကို လုယူ၍ တက္ကသိုလ်ဝင်းထဲသို့ သယ်ဆောင်သွားခဲ့ကြပါသည်။ ထိုနေ့သည် ဒီဇင်ဘာလ ၅ ရက်နေ့ ဖြစ်သည်။

တက္ကသိုလ်ဝင်းထဲတွင် ကျောင်းသားများ ဆန္ဒပြပွဲကြီးကို ၅ ရက်အကြာ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် ၄ နာရီ အချိန်တွင် ဖြိုခွဲ၍ အလောင်းထည့်ထားသည့် အခေါင်းကြီးကို ကရိန်းကားကြီးဖြင့် အင်းယားလမ်း အတိုင်း သယ်ယူသွားခဲ့ပြီး ကန်တော်မင် ပန်းခြံတွင် အစိုးရမှ ကြီးကြပ်၍ မြှုပ်နှံခဲ့ပါသည်။

ကျွန်တော်နှင့် သူငယ်ချင်း တင်မောင်ဦးတို့ အစိုးရမှ အကြမ်းဖက် ဝင်ရောက်သိမ်းပိုက်ခြင်း မပြုမီ ကျောင်းဝင်းထဲမှ တိတ်တဆိတ် ထွက်ခွာခဲ့ကြပါသည်။ ပထမတွင် ရဲဘော်များကို ထားခဲ့ပြီး ထွက်သွားခြင်းထက် အတူတူ အဖမ်းခံခြင်းကိုသာ ရွေးချယ်ကြောင်း ပြောပြငြင်းဆိုခဲ့သောအခါ ကိုတင်မောင်ဦးက သူ့အတွေ့အကြံအရ အဖမ်းခံရပါက ရဲဘော်များကို ကူညီရန် တတ်နိုင်တော့မည် မဟုတ်သည့်အပြင် ကိုယ့်ကိုယ်နှင့် သူ့စိတ်ထောင်ထဲတွင် ဘဝသေနေမည်သာဖြစ်သည်။ ဝါဒါတွေ ခိုင်းသလို နေ၊ စေသလို သွားရမည့်ဘဝ။ လူအဆင့်မှ လျှောကျ၍ ကျွန်ဘဝသို့ ရောက်သွားမည်ဟု ဖြောင်းဖျပြောဆို ရှင်းလင်းပြသည့်အတွက် သူရှင်းပြချက်သည် လွန်စွာမှ အဓိပ္ပါယ်ရှိသဖြင့် အဖမ်း မခံဘဲ ကျန်ရစ်သူများ အဖမ်းခံရသည့်အခါ ၎င်းတို့ လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲ ဝင်ကြရန် ရည်ရွယ်ချက်ဖြင့် တက္ကသိုလ်ဝင်း မလွယ်ပေါက်မှ နှစ်ဦးသား သဘက်များ ခေါင်းပေါင်း၍ ထွက်လာခဲ့ကြပါတော့သည်။

ဒုတိယအကြိမ်တိုက်ခြင်းနှင့်ငရဲကျခြင်း။

နောင် ၆ လ ကြာသောအခါ ကျွန်တော်တို့တတွေ ဇွန်အရေးအခင်းကြီးကို ဖန်တီးပြီး အစိုးရ ဆန့်ကျင် ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့ကြပြန်ပါသည်။ ဇွန်အရေးအခင်းကြီးသည် အလုပ်သမား ဆန္ဒပြမှု နှစ်ပတ် လည်နေ့နှင့် တိုက်ဆိုင်နေခဲ့ပါသည်။ ဂျွန်အရေးအခင်းဖြစ်ပြီးနောက် ကိုတင်မောင်ဦး ကို လက်ဝဲစွန်း တဖြစ်လဲ ကျောင်းသားပြည်ပြေး တင်မောင်ဦး အဖြစ် ဓါတ်ပုံနှင့်တကွ ဖေါ်ပြပြီး သတင်းစာများတွင် ဝရမ်းထုတ် အလိုရှိကြောင်း ကြေငြာခဲ့သော်လည်း ကိုတင်မောင်ဦး မြေလျှိုး ပျောက်ကွယ် သွားခဲ့ပါသည်။

ဇွန်အရေးအခင်း ဖြစ်ပြီး နောင် ၂ လအကြာ စစ်ထောက်လှမ်းရေးမှ ကျွန်တော့်အား နေအိမ်သို့ ပြန်လာ ခိုက် ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။ ကျွန်တော့်အား ထောက်လှမ်းရေးဗိုလ်ကြီး မောင်မောင်သွင်က စစ်ဆေးပါသည်။ ဗိုလ်ကြီး မောင်မောင်သွင်က ကျွန်တော်နှင့် ၎င်းသည် ပညာတတ်များဖြစ်ကြောင်း ထို့ကြောင့် သူနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း အသားအနာမခံဘဲ သူသိလိုသမျှကို ထုတ်ဖေါ် ပြောဆိုရန် ဖျောင်းဖျပါသည်။ သူက-

“တပ်ကြပ်ကြီးတွေ တပ်သားတွေဟာ ပညာမရှိဘူးကွ။ သူတို့သိတာက လူတွေကို ရိုက်နှက် နှိပ်စက်ဖို့လောက်ဘဲ သိတယ်။ ငါ့ညီ မင်းပညာတတ်ဘဲ မင်းလုပ်သမျှ ဝန်ခံပြီး ဘယ်သူတွေ ပါဝင်တယ် ဆိုတာကို ထုတ်ပြောလိုက်ရင် အသားမနာဘဲ မင်းသက်သာလိမ့်မယ်” ဟု စည်းရုံး ဖျောင်းဖျပါသည်။

“မင်းအနေနဲ့ သက်သာတဲ့နည်းကို လိုက်မလား၊ အသားနာတဲ့နည်းကို လိုက်မလားရွေးပေါ့” ဟု ဆိုသည်။

“မင်းဘယ်လို အတွေးအခေါ် ရှိသလဲ၊ ဘယ်စံနစ်ကို ကြိုက်သလဲ? မင်းတို့ခေါင်းဆောင် ဘယ်သူလဲ? တင်မောင်ဦးနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ခဲ့သလဲ? လက်နက်ရှိသလား? ဘယ်မှာထားသလဲ?” စသည်ဖြင့် မေးသမျှ ကျွန်တော်က ဘူးခံခဲ့ပါသည်။

ကျွန်တော်က အသားအနာခံသည့် နည်းကို ရွေးချယ်လိုက်ပါသည်။ ကျွန်တော့်မှာ ရွေးစရာ ဒီ တလမ်းဘဲ ရှိပါသည်။ အကယ်၍ မိမိလုပ်ဖေါ်ကိုင်ဖက် ရဲဘော်များကို ထုတ်ပြောလိုက်ပါက မီးခိုး ကြွက်လျှောက် တပြုံလုံး ပါလာမည်ဖြစ်သလို၊ ကျွန်တော်တို့ အုပ်စု၏ လုပ်ရပ်များလည်း ရပ်ဆိုင်း သွားမည် ဖြစ်သဖြင့် စိတ်ဒုံးဒုံးချပြီး ဘူးခံခဲ့ပါသည်။ သူတို့ကျွန်တော့်ကို နှိပ်စက်ညှင်းပမ်းမည်ကို မသိ မဟုတ်၊ သိပါသည်။ သို့ရာတွင် ကျွန်တော်တို့၏ တော်လှန်ရေးကို မရပ်တန့်စေလိုသလို ကျွန်တော့် ရဲဘော်များကိုလည်း နှိပ်စက်ညှင်းပမ်းမှု မခံစေလိုပါ။ ကျွန်တော် နှိပ်စက်သမျှကို လည်စင်းခံရန် အတွက် ခိုင်မာစွာ ဆုံးဖြတ်ပြီး သူတို့နှင့် ပူးပေါင်းရန် ငြင်းဆိုခဲ့ပါသည်။

နောက်ဆုံး ချောက်တလှည့် ချော့တလှည့်လုပ်၍ မရသည့်အဆုံး ဗိုလ်ကြီးများက သူတို့၏ လက်အောက်ခံ အာဏာပါးကွက်သားများလက်သို့ ကျွန်တော့်အား အပ်နှံလိုက်ပါသည်။ အခန်းတွင်း သို့ ဝင်လာသူမှာ အရပ် ၆ ပေကျော်မြင့်ပြီး ခန္ဓာကိုယ် တုတ်ခိုင်ကြီးမားသူဖြစ်သည်။ သူက ကျွန်တော့် ကို ကြည့်ပြီး မာန်ဖီလိုက်ပါသည်။ ကျွန်တော်က သူ့ကို ပြုံးပြလိုက်သည်။  ကြည့်ရသည်မှာ ကျွန်တော် က သူ့ကို ပြုံးပြလိုက်ဖြင့် အံ့သြသွားပုံရပါသည်။ ထီမထင်ဟန်ဖြင့် သူ့ကို ပြုံးပြလိုက်သော်လည်း ကျွန်တော့် နှလုံးခုန်နှုန်းက မြန်နေပါသည်။ ကျွန်တော်စိတ်လှုပ်ရှားနေသည်မှာ အမှန်ဖြစ်သည်။

သူက ကျွန်တော့်သူငယ်ချင်းများ ဘယ်သူဖြစ်သနည်းဟု ထုတ်ဖေါ် မပြောဆိုပါက သူလက်တဘက် တည်းနှင့် ကျွန်တော့်လည်ပင်းကို ချိုးပစ်မည်ဟု ခြိမ်းခြောက်ပါသည်။

ကျွန်တော်က ကျွန်တော့်အနေဖြင့် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော်လည်း တဦးတည်း အနေနှင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။ အပေါင်းအသင်းမရှိဘဲ မိမိသဘောနှင့်သာ ပါဝင်ခဲ့ကြောင်း ပြောလိုက် ပါသည်။ ရုတ်တရက် သူက ကျွန်တော့် မျက်နှာကို ဖြတ်ရိုက်လိုက်သည့်အခါ ကျွန်တော် ဘယ်လက်က အလိုအလျောက် ဝင်လာသော လက်ကို ပုတ်ထုတ်ပြီး ဖြစ်သလို ညာလက်က အသင့်ထိုးရန် ရွယ်ပြီး ဖြစ်သွားပါသည်။ သူအံ့သြသွားပုံရပါသည်။

“မင်းသိုင်းတတ်လား” ဟု မေးပါသည်။

“ကျွန်တော် မတတ်ပါဘူး” ဟု လိမ်ပြီး ပြောလိုက်ပါသည်။ ကျွန်တော်တက္ကသိုလ်ကျောင်းသားဘဝတွင် ဆရာဦးလှသိန်းထံတွင် သိုင်းဗြောင်းပြန်သင်ဘူးပါသည်။ ပယ်ခုတ်ထိုးကို စနစ်တကျ လေ့ကျင့်ဖူး ပါသည်။ သူထွက်သွားပြီး လူနှစ်ယောက်ကို ထပ်ခေါ်လာခဲ့ပါသည်။ ၎င်းနောက် ကျွန်တော့် လက်နှစ်ဖက်ကို ပူးချည်ပြီး ကြိုးဖြင့် ထုတ်တန်းတွင် ဆွဲပြီး လက်နှစ်ဖက်ကို အစွမ်းကုန်မြှင့်ပြီး မတ်တပ်ရပ်ပုံစံ ချည်ထားခဲ့ပါသည်။

သူက ဝါးကျစ်တလုံးကို ယူလာခဲ့ပြီး ကျွန်တော့် တင်ပါးကို အစွမ်းကုန် လွှဲ၍ ရိုက်ပါသည်။ ရိုက်ချက် များက တင်ပါးတလျှောက် ဆက်တိုက်ကျရောက်လာခဲ့ပြီး မညဉ်းညူမိစေရန် အံတင်းတင်း ကြိတ်ထား ခဲ့ရသည်။ နာကျင်ကိုက်ခဲမှုက တကိုယ်လုံး ပျံ့နှံ့နေခဲ့ပါသည်။ နာကျင်မှုနှင့်အတူ ဒေါသကလည်း လှိမ့်ထွက်လာသည့်အတွက် ရိုက်တိုင်းပြန်ဆဲမိသည်အထိ ဖြစ်ခဲ့ပါသည်။ ဆဲသည့်အခါ ပါးကို ဘယ်ပြန် ညာပြန်ရိုက်သည့်အခါ ရိုက်ပါသည်။ မျက်နှာကို လက်သီးနှင့် မထိုးသည့်အတွက် ထူးဆန်းသလို ရှိပါသည်။ (အသေးစိတ်ကို ဇွန်အရေးအခင်းတွင် ရေးပါမည်။) ည ၉ နာရီခန့်မှ စ၍ ရိုက်လိုက်သည်မှာ လူသာလဲသွားသည်။ တုတ်မလဲခဲ့ပါ။ ပထမ စစချင်း နာကျင်ကိုက်ခဲမှု ဝေဒနာမှာ ကြာလာသည့်အခါ ထုံကျင်မှုအဖြစ် ပြောင်းလာခဲ့ပြီး ထိုမှတဖန် ပျို့ချင် အန်ချင်သည်အထိ ဖြစ်လာခဲ့ပါသည်။ လူလဲ ရိုက်နှက်သူများ ချွေးစို့ရွှဲလာခဲ့ပြီး ကျွန်တော်လည်း ရိုက်ချက်တိုင်း တင်ပါးပေါ်ကျသည့်အခါ တုန်ခါသွားသည်ကလွဲ၍ အသံသိပ်မထွက်နိုင်တော့ပါ။ ဗိုလ်ကြီးများက တလှည့်စီ အနုနည်းဖြင့် အကြမ်းဖက်သမားများ ထွက်သွားတိုင်း ဝင်လာတတ်ပြီး “ညီလေး မင်းသိပ်ခေါင်းမာတယ်။ စိတ်ကို လျှော့လိုက်၊ မင်းအသက်က သူတို့ထက် အများကြီး တန်ဖိုးရှိတယ်။ ဘယ်သူတွေ ပါတယ်ဆိုတာ ဖွင့်ပြောလိုက်။ တယောက်ပြောရင်ရပြီ။ မင်းကို ဆက်မရိုက်စေရဘူး။ မင်းတို့လို ပညာတတ်တွေ အသက်မဆုံးရှုံးစေချင်ဘူး” ဟု ဖျောင်းဖျတတ်သည်။ ကျွန်တော်က ငြင်းဆိုမြဲ ငြင်းဆိုနေခဲ့သည့် အတွက် ဝါးရင်းတုတ်ကလဲ ကျွန်တော့်တင်ပါးပေါ်ကျမြဲတိုင်း ကျနေခဲ့ပါသည်။ နံနက် ၂ နာရီခန့်တွင် ကျွန်တော့်ကို ရိုက်နေသော ဝါးရင်းတုတ် အကျစ်ကြီး အနည်းငယ်ကွဲထွက်သွားပါသည်။ ထိုအချိန်တွင် ၆ ပေကျော် လူကြီးက ဝင်လာပြီး ဝါးရင်းတုတ်ကွဲသွားသည့် ဖက်ကို လက်မှ ကိုင်ရင်း မကွဲသည့်ဖက်ကို အဖျားတွင် ပြောင်းကိုင်၍ အချိန်ယူပြီး တအားလွဲရိုက်ထည့်လိုက်သည့်အခါ ကျွန်တော့်နားတွင်းမှ လေထွက်သံ ရွှီးခနဲ ကြားလိုက်ရပြီး လောကကြီး တခုလုံး မှောင်မိုက်သွားခဲ့ပါသည်။

ကျွန်တော်သတိရလာသည့်အခါ အဝါရင့်ရောင် လွင်ပြင်ကြီးကို မြင်နေရပါသည်။ တဖြည်းဖြည်း အဝါရောင် လွင်ပြင်ကြီးတွင် အမဲရောင်ကောက်ကြောင်းများ ရေးရေးပေါ်လာခဲ့ပါသည်။ အခန်းတွင်းရှိ ကုလားထိုင်များ၊ စားပွဲများ၏ ကောက်ကြောင်းများပင်ဖြစ်သည်။ ကျွန်တော်သည် ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ပန်းချီသင်တန်း တက်ခဲ့ဖူးသဖြင့် (Out line) ကောက်ကြောင်း အကြောင်း ကောင်းကောင်း သိပါသည်။

ထိုကြောင့် နာကျင်မှုကိုမေ့ပြီး အဝါရောင်လွင်ပြင်တွင် ပေါ်လာသော ကောက်ကြောင်းများကိုကြည့်ပြီး “အော် Out line လေးတွေဘဲ” ဟု ပြုံးပြီး ကြည့်နေမိပါသည်။ ထိုအခါတယောက်က “အောင်မာ ခွေးမသား ဒီကောင်က ပြုံးတောင်နေသေးတယ်” ဆိုတဲ့အသံနဲ့အတူ ဝှီးခနဲ မြည်သံကြားရပြီး အမှောင်တိုက်ထဲသို့ နစ်မျောကျရောက်သွားခဲ့ပြန်ပါသည်။

ကျွန်တော် သတိပြန်ရလာသောအခါ ကျွန်တော့်ခန္ဓာကိုယ်သည် ကြမ်းပြင်တွင် လဲလျောင်းနေပြီး ခေါင်းတခုလုံး စိုရွှဲနေပါသည်။ ခန္ဓာကိုယ် အောက်ပိုင်းတခုလုံး ထုံကြင်နေပြီး အောက်ပိုင်းသေသလို ဖြစ်နေခဲ့ပါသည်။ ထောက်လှမ်းရေး (၇) တပ်မှူး ဗိုလ်မှူးရဲထွဋ် (နံမည်အတိအကျတော့ မမှတ်မိတော့) က သူ့လူများကို လှမ်းပြောလိုက်သည့်အသံကို ကြားရသည်။ “ဟေ့ကောင်တွေ ဒီကောင်လေးကို မရိုက်နဲ့တော့ တော်ကြာ သေသွားနိုင်တယ်၊ သူ့အမှုတွဲတွေကို သွားထုတ်ခဲ့” ဟု ပြောလိုက်သည်။ “ဒီကောင်တွေကို မျက်နှာချင်းဆိုင်ထားပြီး စစ်မယ်၊ ဒါမှ ဘယ်သူလိမ်တယ်ဆိုတာ သိမယ်” လို့ ပြောပါသည်။ ည ၉ နာရီမှ မနက် ၄ နာရီအထိ ကျွန်တော့်ကို ဝါးရင်းတုတ်စာ ကျွေးခြင်းကို တပ်မှူးက ဝင်ပြောမှ ရပ်လိုက်ပါသည်။

နံနက် (၅) နာရီကျော်လောက်တွင် ပြည်ချစ်ပါတီမှ ကျွန်တော်တို့ လာရောက်ဆွေးနွေးခဲ့စဉ်က လမ်းပြ လုပ်ခဲ့သူ ထွန်းကြင်နှင့် အာဇံခေါ် မောင်မောင်လွင်တို့ နှစ်ယောက်ကို ထောက်လှမ်းရေးမှ အင်းစိန်ထောင်မှ ထုတ်လာပြီး ကျွန်တော့်နှင့် တွေ့ပေးပါသည်။

ထွန်းကြင်က ငိုယိုပြီး သူသေရပါတော့မည် ဖွင့်ဝန်ခံလိုက်ပါဟု တောင်းပန်ပါသည်။ ကျွန်တော့်ရှေ့တွင် တပ်ကြပ်ကြီးက ထွန်းကြင်ကို ပါးနှစ်ချက်ဆင့်ရိုက်လိုက်သည့်အခါ ငိုယိုတောင်းပန်နေပါသည်။ အာဇံကို ကြည့်လိုက်သည့်အခါ ပုံကျတော့မည့်ပုံ ပြိုလဲတော့မယောင်ဖြစ်နေပြီး ဒူးနှစ်လုံးမှာ ဂျစ်ဆောင်တက်၍ သွေးယိုစီးနေသည်ကို တွေ့ရပါသည်။ အာဇံမှ ကျွန်တော့အား စိတ်လျော့ရန် ခေါင်းငြိမ့်အချက်ပြပါသည်။ မထူးတော့ဆိုသည့် သဘောပင် ဖြစ်သည်။ သူတို့နှစ်ယောက်ကို မြင်ရ သည့်အခါ တင်းထားသော ကျွန်တော့်စိတ်များ လျော့ကျ၍ လူတကိုယ်လုံး မလှုပ်ချင်လောက်အောင် နုံးကျသွားခဲ့ပါသည်။ ထွန်းကြင်က သူ့ကိုမိလျှင် နံရံကို ခေါင်းနဲ့တိုက်ပြီး ကိုယ့်ကိုယ်ကို သတ်သေမည် ဟု ကြုံးဝါးခဲ့သူဖြစ်ပါသည်။ ကျွန်တော့်ရှေ့တွင် လက်တွေ့တွင် ကြောက်ရွံ့တုန်လှုပ်နေသည့် ငိုယို တောင်းပန်နေသည်မှာ အပြောနှင့်အလုပ် မတူညီသည့်သူ ဖြစ်ကြောင်း တွေ့ရသဖြင့် အလွန် စက်ဆုပ် မိပါသည်။

နောင် ထောက်လှမ်းရေးဗိုလ်ကြီး မောင်မောင်သွင်က “ထွန်းကြင်ကို ဖမ်းမိတာ ငါတို့သိလို့မဟုတ်ဖူး။ ရပ်ကွပ်မှာ ပျောက်သွားလိုက် ပြန်ပေါ်လာလိုက်နဲ့ ပြန်ရောက်လာရင် ငွေကရွှင်နေပြီး ဖဲဝိုင်းမှာ သုံးဖြုန်း နေတာကို ရပ်ကွက်ကောင်စီက သတင်းပို့လို့ ပြည်ချစ်က လမ်းပြလုပ်တဲ့ သူ့နံမည်ထွန်းကြင်ဆိုတာနဲ့ ဆက်စပ်ပြီး ဖမ်းစစ်လိုက်တာ၊ တချက်မှ မရိုက်ရဘူး၊ တိုက်တရက် ပိတ်မိတာနဲ့ ငိုပြီး အကုန်ဖေါ် တာဘဲ။ မင်းလိုခေါင်းမမာတော့ မနာဘူးပေါ့ကွာ” တဲ့။ အော် –  ထောက်လှမ်းရေးကောင်းလို့ မဟုတ်ဘဲ ကိုယ့်လူတွေ သောက်သုံးမကျလို့ကိုးဟု သက်ပြင်းချမိပါသည်။ ဖေါ်တဲ့ သူတွေက ဖေါ်ပြီးတဲ့အတွက် ကျွန်တော်မငြင်းတော့ပါ။ ဟုတ်သည်။ တင်မောင်ဦးနှင့် တွဲလုပ်သည်၊ ထွန်းကြင်နှင့် အာဇံကို တင်မောင်ဦး မိတ်ဆက်ပေးသည့်အတွက် သိကြောင်း ထုတ်ပြောလိုက်သည်။ ရဲမြင့်သိန်းကိုလည်း ၎င်းတို့ ထုတ်ဖေါ်ချက်အရ ဖမ်းထားပြီး ကျွန်တော်တို့ အားလုံးကို အင်းစိန်ထောင်သို့ ပို့လိုက်ပါသည်။

အလုံတိုက်ထဲမှစိတ်ဓါတ်။

ကျွန်တော်တို့ကို အထူးတိုက်၊ ၎င်းနောက် ၅ တိုက်၊ ထို့နောက် စီရင်ချက်ကို ထောင်ပြင် စစ်ခုံရုံးတွင် ချပြီး (၄) တိုက်သို့ ပို့ခဲ့ပါသည်။ တိုက်တွင် (၁၁) လ ခန့်ကြာပြီးနောက် အဆောင် (၃) နိုင်ငံရေး ဆောင်သို့ ပို့ခဲ့ပါသည်။

တိုက် (၄) တွင် နေစဉ်ကာလ ဝမ်းသွားခြင်းကို အကျင့်လုပ်ယူရပါသည်။ တိုက်ထဲတွင် ဂန်ဖလား နှစ်လုံးပေးပါသည်။ တခုကို အောက်တွင် ပက်လက်ထားပြီး မစင်နှင့် ကျယ်ငယ်စွန့်ရန်ဖြစ်ပြီး တခုက အနံ့အသက် ထိန်းရန်အပေါ်မှ အုပ်သည့်အဖုံးအနေနှင့် သုံးရန်ဖြစ်သည်။ အကယ်၍ မနက်ပိုင်း ထောင်ကျလုံချည်ပြာ နှစ်ကြီးအကျဉ်းသားက မစင်ပုံးကို ထမ်း၍ အိပ်ဆောင်ဖွင့်ချိန်တွင်လာပါက ဂန်ဖလားတွင် ရှိသော မစင်နှင့် ကျင်ငယ်ကို မယူ၍ တိုက်ခန်းမှ တံခါးဖွင့်ပေးသည့်အခါ ထွက်၍ သွန်ပေးရသည်။ ထိုသွန်ပြီးသား ဂန်ဖလားကို အဝတ်ပတ်ထားသော တုတ်နှင့် လုံချည်ပြာက သုတ်ပြီးသည်နှင့် မိမိတိုက်ခန်းတွင်းသို့ ပြန်ဝင်ရသည်။ တိုက်ခန်းတခါးကို မိလ္လာသွန်ချိန်နှင့် တပတ်တခါ ရေချိုးချိန်မှ လွဲ၍ ဖွင့်မပေးချေ။ ထို့ကြောင့် တနေ့လုံး ကျင်ငယ်သာစွန့်၍ ကျင်ကြီးမစွန့်ရန် အကျင့်လုပ်ရသည်။ သို့မဟုတ်ပါက ဂန်ဖလားချပြီး၊ မနက်တွင်လည်းကောင်း၊ နေ့လည်တွင် လည်းကောင်း ကျင်ကြီးစွန့်မိပါက တနေ့လုံးကျင်ငယ်၊ ကျင်ကြီးရောနေသည့် ပုတ်အက်အက် အနံ့ဆိုးကြီးကို တနေ့ကုန် တိုက်ခန်းတွင် ရှူနေရမည်ဖြစ်သည်။ ထို့ကြောင့် မနက်မှသာ ကျင်ကြီးစွန့်ရန် ကျင့်ရသည်။ နံနက် မိလ္လာသွန်ရန် တိုက်ခန်း (၁) တွင် တံခါးဖွင့်သံကြားသည်နှင့် ချက်ချင်းထပြီး ဝမ်းသွားရသည်။ ကိုယ့်အခန်း ဖွင့်သည့်အခါ ချက်ချင်းသွန်ပစ်လိုက်၍ တနေကုန် အနံ့အသက် ကင်းစွာ နေနိုင်သည်။

ကျွန်တော်တိုက်ခန်းမှ ထွက်၍ မိလ္လာသွန်တိုင်း အခြားတိုက်ခန်းမှ သွန်သောသူများနှင့် တွေ့ရသည်။ သို့ရာတွင် စကားပြောခွင့်မပေး။ နေ့စဉ် အခန်းဝမှ ထွက်သွန်ရင်း တခု ထူးခြားမိသည်မှာ ထိုမိလ္လာ ထွက်သွန်သူများ၏ လုံချည်များ တစနှင့် တစတိုလာခြင်းပင်ဖြစ်သည်။ နောက်မှ အကြောင်းစုံကို သိရသည်။ မိလ္လာ စက္ကူမရှိသဖြင့် မိမိလုံချည်စကို ဖြဲ၍ ချီးကုန်းခြင်းဖြစ်သလို၊ ကြိုးကျစ်၍ မီးဇာ အဖြစ်သုံးပြီး ဆေးလိပ်မီးညှိကြ သည့်အတွက်ဖြစ်သည်။ ကျွန်တော်ကတော့ ညစ်ပတ်သည် ပြောချင်ပြော လုံးဝ ချီးမကုန်းဘဲနေသည်။ တခါတရံသောက်ရေခွက်နှင့် ရေဆေးသည်။ လောက်လည်း ဒီရေခွက်၊ ဖင်ဆေးလည်း ဒီရေခွက်။ ရွံဘို့ အချိန်မရှိပါ။ ဘဝပေး အခြေအနေအရ ဖြစ်သလို ကြံ့ကြံ့ခံရန် ဆုံးဖြတ်ချက်ကြောင့်သာဖြစ်သည်။

ထောင်တသက်တကျွန်းချလိုက်ပြီးနောက် ၄ တိုက် အခန်း (၇) တွင် သူငယ်ချင်း ရဲမြင့်နှင့် နှစ်ယောက် အတူနေရသည်။ ၎င်း (၄) တိုက်တွင် ၈ လ ခန့်နေစဉ်အတွင်း ၈ ပေx ၆ ပေ တိုက်ခန်းတွင်း နေ့စဉ် ခေါက်တုံ့ခေါက်ပြန် ခြေလှမ်း ၂၇၀၀ မှ ၄၀၀၀ အထိ လမ်းလျှောက်ပြီး ဒိုက်ထိုးခြင်း (Pushup) ကို ၉၀ လုပ်ပါသည်။ ကိုယ့်ကိုယ်ကို တော်လှန်ရေးအတွက် ပြင်ဆင်ထားဟု အမြဲအားပေး၍ ကြိုးစားလုပ် ခဲ့ပါသည်။ ကျွန်တော်အရှုံးမပေးလိုပါ။ ဘယ်တော့မှ အရှူံးမပေးရန်လည်း ဆုံးဖြတ်ထားခဲ့ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးသော်လည်းညစ်လိုက်သေးသကိုး။

ကျွန်တော့် ၂/၈၀ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ငါးနှစ်အကြာတွင် ၁၉၈၀ ခုနှစ်တွင် ထောင်မှ မထင်မှတ်ဘဲ လွတ်မြောက်လာခဲ့ပါသည်။ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်သဖြင့် ကျွန်တော့်တို့ လွတ်လာခြင်း ဖြစ်ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မကြေငြာခင် ကျွန်တော် ထောင်ဆေးရုံသို့ သွား၍ ရဲမြင့်သိန်းကို တွေ့သည်။ သူ့အသဲ ရောင်နေသဖြင့် ဆေးရုံတက်နေရခြင်းဖြစ်သည်။ ဦးသန့်အရေးအခင်း ဖြစ်ပြီးနောက် တင်မောင်ဦး ပြည်ချစ်ပါတီမှ ဦးသွင်တို့နှင့် မြို့ပြလက်နက်ကိုင်တိုက်ပွဲ ဖေါ်ဆောင် ရန်အတွက် ဆွေးနွေးပြီးနောက် ကျွန်တော့်ကို ဒုတိယအသုတ်အဖြစ် ဆွေးနွေးရန် တိုင်ပင်သည့်အခါ ကျွန်တော်က ရဲမြင့်သိန်းကို ကျွန်တော် တောတွင်းသွားရောက်ဆွေးနွေးမည် ဖြစ်ကြောင်း ပြောပြသည်။ ယခင် ပါဝင်သည့် သူငယ်ချင်းများမှာ အမှန်တကယ် လက်နက်ကိုင် တိုက်ပွဲလုပ်ရန် တာစူပြီ ဖြစ်ကြောင်း ဆွေးနွေးသည့်အခါ နောက်ဆုတ်သွားကြသည်။ သူတို့အနေနှင့် အစိုးရကို မကြိုက် သော်လည်း ဆန္ဒပြရုံထက် ပိုလုပ်ရန် မဝံ့ရဲကြ။ ယခင် ဆွေးနွေးစဉ်က အားလုံးက လက်နက်ကိုင် မြို့ပြတိုက်ပွဲကို အားသန်ကြသည်။ လုပ်လိုကြသည်။ အားပေးကြသည်။ လက်တွေ့ အကောင်အထည် ဖော်မည့်အခါ လက်တွန့်သွားကြသည်။ ကျွန်တော် တယောက်တည်း လုပ်မည်ဆိုသည့်အခါ ရဲမြင့်က စိတ်မချ။ သိပ်ချစ်ကြသည့် သူငယ်ချင်းတွေမို့ သူလိုက်မည်ဟုပြောသည်။ ကျွန်တော်က “အေး ငါတို့ အလုပ်က အဆိုးဆုံး သေနိုင်တယ်၊ မသေရင် ထောင်ကျမယ်” လို့ ပြောသည်။ ရဲမြင့်က “အေး အဖမ်းခံရင် ဘယ်လောက်ကျမလဲ” ပြန်မေးသည်။ ကျွန်တော်က အဖမ်းခံရရင် ကြာလှ ၅ နှစ်ပေါ့” ဟု ဖြေလိုက်သည်။ ရဲမြင့်က “အေး လုပ်မယ်ကွာ ငါးနှစ်ဆိုရင် နေနိုင်ပါတယ်” တဲ့။

ထောင်ဆေးရုံတွင် ကုတင်ပေါ်တွင် လှဲနေသော သူငယ်ချင်းကို “ဟေ့ကောင် စိတ်တင်းထား ငါပြောတယ် မဟုတ်လား၊ ငါတို့ ငါးနှစ်လောက်ဘဲ နေရမှာဆိုတာလေ၊ ငါးနှစ်ပြည်ဘို့ တလဘဲ လိုတော့တယ်။ ငါတို့လွတ်မှာပါ”ဟု သူငယ်ချင်း ဖြစ်သူကို အားပေးမိသည်။ ထို့နောက် အလ္လာ သလ္လာပပြောပြီး ထောင်ဆေးရုံမှ ထွက်ခဲ့သည်။ ဆေးရုံမှ ခြေလှမ်း ၁၀ လှမ်း အကွာတွင် ထောင်ဆေးမှူး ကိုဘသန်း (ထောင်ပိုင် မက္ကနားသားမက်) က “ဟေ့ကိုထွန်းအောင်ကျော် ဒီကို မြန်မြန်လာ” ဟု လှမ်းခေါ်လိုက်၍ သူ့ရုံးခန်းသို့ ပြေးသွားသည်။ သူက ရေဒီယို ဖွင့်ထားပြီး “နားထောင် နားထောင်” ဟု ဝမ်းသာအယ်လဲ ပြောသည်။

ရေဒီယိုက “မြန်မာနိုင်ငံတော်အစိုးရ ၂/၈၀ အမိန့်အမှတ်အရ နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ကြောင်းဖြစ်သည်။ ကျွန်တော် ရဲမြင့်အခန်းသို့ ပြေးသွားပြီး “သူငယ်ချင်း ငါမပြောဘူးလား၊ ငါတို့ ငါးနှစ်ဘဲနေရမယ်ဆို အခု အစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်း ချမ်းသာခွင့်ပေးလိုက်ပြီ ငါတို့လွတ်ပြီကွ” ဟု ဆိုသည်။

ရဲမြင့်က ကျွန်တော့်ကို မချိုမချဉ်ကြည့်ရင်း “ငါတော့ စိတ်မကောင်းဘူးကွာ” ဟု ညည်းလိုက်သည်။

“ဟ။ ဘာဖြစ်လို့ မင်းကလွတ်မဲ့ဟာ စိတ်မကောင်းဖြစ်နေတာလဲ” ဟု မေးသည့်အခါ သူကပြုံးပြီး “အခုလွတ်ရင် ငါက အသဲရောင်နေတော့ ဘယ်အရက်သောက်လို့ ရမှာလဲကွာ” တဲ့ အဲဒီတော့ “ခွေးမသား မင်းက အရက်မသောက်ရမှာ တွေးပူနေရသေးတယ်” ဆိုပြီး သူငယ်ချင်းနှစ်ယောက် ဝမ်းသာမိခဲ့ကြသည်

နိုင်ငံရေးမှ တော်လှန်ရေးသို့ ပြောင်းလုပ်ခဲ့စဉ်က ထောင်ကျရင် ငါးနှစ်ဘဲ နေရမယ်ဆိုပြီး ကျွန်တော် ပြောခဲ့သည်က ကျွန်တော်ဘဲ နှုတ်စည်း၍လား မသိ၊ ဒက်ထိမှန်ခဲ့သည်မှာ တိုက်ဆိုင်မှုလား မသိ၊ နိုင်ငံရေးစလုပ်ကထဲကထောင်ငါးနှစ်ထက်ပိုမနေရဟုအလိုလိုသိနေသည်။ထူးဆန်းသလိုတော့ ရှိသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: