စနစ်နဲ့လူ


ခင်မောင်ညို

(ဘောဂဗေဒ)

တစ်ရက်က၊ ကျွန်တော် နေပြည်တော်ခရီးသွားစရာပေါ်လာတာနဲ့၊ သမီးတစ်ယောက်နဲ့အတူ၊ မစီးဘူးသေးတဲ့ လိုင်းကားတစ်စီး စီးပြီးသွားကြတယ်။ သဘောကျစရာတွေလဲ တွေ့ရတယ်။ ကားပေါ်မှာ ထိုင်ခုံခါးပတ်ပတ်ခိုင်းတယ်။ (လေယာဉ်တစီးပေါ်မှာတော့၊ ကျွန်တော်က ၀တ်ကျေတန်းကျေ၊ ထိုင်ခုံခါးပတ်ကို ခတ်လျော့လျော့ ပတ်ထားလို့၊ လေယာဉ်မယ်က၊ ခတ်တင်းတင်းပြန်ပတ်ပေးသွားတာ ခံရဘူးတယ်)။ ပြီးတော့ ကော်ဖီ၊ လ္ဘက်ရည်သောက်ချင်လဲ ရတယ်။ (ဆီးသွားရခက်မှာစိုးလို့၊ ကျွန်တော်တော့ မသောက်ဘူး)။ ထူးခြားတာက၊ ယာဉ်နောက်လိုက်က၊ ချိုချိုသာသာ၊ ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်နေတာ တွေ့ရတယ်။ ဘာဖြစ်လို့၊ ယာဉ်နောက်လိုက်ဟာ၊ အမျိုးသမီးတစ်ယောက်ဖြစ်နေပြီး၊ အတိုင်းအတာတစ်ခုအထိ၊ ဆက်ဆံရေး ကောင်းမွန်နေရတာလဲ? (အတူပါလာတဲ့ မိတ်ဆွေတစ်ယောက်က တစ်ရာ့ဆယ့်ငါးမိုင်က ပြန်အထွက်မှာ၊ နောက်ကျနေရင် တခြားခရီးသည်တွေရဲ့ အချိန်ကို ငဲ့ကွက်ပြီး ထားခဲ့မယ်ဆိုလို့ ကမန်းကတန်းထွက်လာရတယ်။ ပြီးတော့လည်း ယာဉ်မောင်းနဲ့ နောက်လိုက်တို့ကိုပဲ အမြဲစောင့် ရတယ်လို့ ပြောပြပါတယ်)။

ဒီမေးခွန်းကို မေးရတာက ကျွန်တော်နေ့တိုင်းလိုလို တစ်နှစ်လောက် ဘတ်စ်ကားစီးရာက ရတဲ့အတွေ့အကြုံတွေကြောင့်ပါ။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေက သူတို့ပိုင်ရှင်တွေရှေ့မှာ ဘယ်လိုနေကြသလဲ ဆိုတာ ကျွန်တော်မကြာခဏ စဉ်းစားကြည့်မိပါတယ်။ ကွယ်ရာမှာ ဘယ်လိုနေနေ၊ ပိုင်ရှင်ရှေ့မှာတော့ ကောင်းကောင်းမွန်မွန် ရိုရိုသေသေ ဆက်ဆံမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အမြင်မှာ ပိုင်ရှင်ကသူတို့ ကို အလုပ်ခန့်ထားတယ်၊ ပိုင်ရှင်ကသူတို့ကို ထမင်းကျွေးထားတယ်၊ ပိုင်ရှင်မကျေနပ်ရင် ဖြုတ်ပစ်လို့ရတယ်၊ သူတို့ရဲ့ကျေးဇူးရှင်က ယာဉ်ပိုင်ရှင်ပဲလို့ တချို့ကမြင်မယ်။ (ကားဆရာတွေ အားလုံးတော့ မြင်မယ်မထင်ဘူး၊ ကွယ်ရာမှာ ပိုင်ရှင်က ဘယ်လိုညစ်တာ၊ ဘယ်လိုလုပ်တာလို့ ဆဲသံကြားရတာတွေကလည်း အများကြီးပဲ။ တစ်ခါတလေမှာ ယာဉ်ပိုင်ရှင်တွေ ကိုယ့်ကားသူ့ကား ပြောင်းပြီး လိုက်စီးကြည့်စေချင်တယ်)။

ဒါပေမယ့် ခရီးသည်တွေကို အလွန်တရာ ရိုသေတဲ့အခါတွေ ရှိပါတယ်။ တစ်ခုခု မကျေနပ်လို့ တိုင်လိုက်ပြီ၊ အရေးယူခံရတော့မယ်ဆိုရင် နေစရာ စားစရာ မရှိတဲ့အကြောင်း၊ တစ်ဆွေလုံး တမျိုးလုံး နေမကောင်းတဲ့ အကြောင်းတွေလာပြီး၊ ငိုယိုပြ၊ ခြေသလုံးဖက်ပြ လုပ်ကြတယ်။ ဒီတစ်ချိန်ပဲ သူတို့ရဲ့ဘ၀ဟာ ခရီးသည်တွေရဲ့ လက်ထဲမှာ ရှိတယ်လို့ အသိအမှတ်ပြုတတ်ကြတယ်။

အမျိုးသမီးယာဉ်နောက်လိုက်တွေ၊ စပယ်ရာတွေကို စောစောက အဝေးပြေးယာဉ်လိုင်းမှာလို ထားကြည့်ရင် ကောင်းမလားလို့ တွေးကြည့်တယ်။ ထားလည်း ထားကြည့်ဖူးတယ်။ သိပ်အဆင်ပြေပုံမရဘူး။ ခရီးသည် အမျိုးသမီးတွေကိုတောင်မှ ကာယိနြေ္ဒပျက်အောင်၊ လုပ်တတ်ကြ၊ အနည်းဆုံးထိကပါးရိကပါးလုပ်တတ်ကြတဲ့၊ ကျွန်တော်တို့ နိုင်ငံကြီးသား၊ အမျိုးသားတွေကလဲ၊ အများကြီး မဟုတ်လား? အမျိုးသား စပယ်ရာတောင် မှ၊ အခွင့်အရေးပိုပိုသာသာရတတ်တဲ့၊ အထူးလိုင်းတွေမှာ လုပ်ချင်တဲ့ သူက များနေပြီး၊ ရိုးရိုးလိုင်းတွေမှာ ရှားနေတယ်။ ဒါကြောင့် တနေရာမှာ အလုပ်ပြုတ်လဲ၊ နောက်တစီးမှာ အလုပ်ရနေနိုင်တာကြောင့်၊ တားဆီးဖို့ စနစ်တွေ၊ တည်ထွင်ရပြန်တယ်လို့ ဆိုတယ်၊ ဒါလဲ ရှောင်တဲ့နည်း ပေါ်လာဦးမှာပါ။

ဘာလို့လဲဆိုတော့ ၊ စည်းကမ်းတွေက ချပြီးရက်ပိုင်းလောက်ပဲ လိုက်နာတဲ့သူကလိုက်နာ၊ ကြီးကြပ်တဲ့သူက ကြီးကြပ်၊ နောက်ပိုင်းကျ ပုံမှန်ပြန်ဖြစ်သွားတာပဲ။ ( ဥပမာ- အထူးယာဉ်များမှာ ရပ်မစီးရစနစ်၊ မျဉ်းကျားကပဲ ကူးရမယ့်စနစ်)။

ဒါ့ကြောင့် ခရီးသည်တွေ ဘက်ကရွေးချယ်ခွင့်ရှိမှု၊ ယာဉ်လုပ်သားတွေရဲ့ သဘောထားကောင်းမွန်မှု၊ ဆက်ဆံရေးကောင်းမွန်မှု၊ ခရီးသည်တွေကို ကိုယ့်ရဲ့ကျေးဇူးရှင်အဖြစ် သူများကပြောလို့မဟုတ်၊ အရေးယူလို့ မဟုတ်ပဲ၊ မှန်မှန်ကန်ကန်မြင်တတ်လာမှု၊ လူလူချင်း စာနာထောက်ထားမှု (အောက်ခြေလူတန်းစား ယာဉ်မောင်း ယာဉ်နောက်လိုက်တွေဟာ အောက်ခြေလူတန်းစား ခရီးသည်တွေကိုတောင်မှ အ၀တ်အစားနဲ့ လူပုံ ကိုကြည့်ပြီး အမျိုးမျိုး ဆက်ဆံတတ်တယ်) စတဲ့အခြေအနေတွေ ပါဝင်တဲ့ ပြိုင်ဆိုင်မှု စနစ်တစ်ရပ် လိုအပ်နေဦးမယ်လို့ မြင်မိကြောင်းပါ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: