News of the World တက်ဘလွိုက် သတင်းစာ ထုတ်ဝေမှု ရပ်ဆိုင်းမည်


ဖုန်းမှ သတင်း အချက်အလက် ခိုးယူမှု အရှုပ်တော်ပုံများ ဆက်တိုက် ပေါ်ပေါက်လာခဲ့ပြီး ပြင်းပြင်း ထန်ထန် ဝေဖန်ခံနေရသော ဗြိတိန်၏ အရောင်းရဆုံး တနင်္ဂနွေထုတ် တက်ဘလွိုက် သတင်းစာ News of the World(NoW) ထုတ်ဝေမှုကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ပိုင်ရှင်ဖြစ်သူ ရူးပတ်မားဒေါ့ခ်ျ၏ သား ဂျိမ်းစ်မားဒေါ့ခ်ျက ထုတ်ပြန် ကြေညာသည်။

ဗြိတိန်ရှိ နယူးစ်ကော်ပိုရေးရှင်းပိုင် သတင်းမီဒီယာများကို ကွပ်ကဲနေသည့် မားဒေါ့ခ်ျသား ဂျိမ်းစ်က ၀န်ထမ်း ၂၀၀ အား ယခုတစ်ပတ် ထုတ်သည်   နောက်ဆုံး ဖြစ်တော့မည်ဟု တရားဝင် ပြောကြားခဲ့သည်။

NoW သည် ဖုန်းခိုးနားထောင်မှုနှင့် ပတ်သက်ပြီး အခြား အမှုများကိုလည်း ယခင်က ရင်ဆိုင်ခဲ့ရဖူးသည်။ ယခင် ဖုန်းခိုးနားထောင်မှုကြောင့် နစ်နာခဲ့မှုများ အတွက် တရားစွဲခံရမှုများရှိခဲ့ပြီး တာဝန်ရှိသူအချို့ ထောင်ကျသည်အထိ ဖြစ်ခဲ့ဖူးသည်။ နောက်ဆုံး ပေါ်ပေါက်ခဲ့သည့် ဖုန်းမှ သတင်းအချက်အလက် ခိုးယူမှုမှာမူ ၂၀၀၂ ခုနှစ်က ပျောက်ဆုံးသွားခဲ့ပြီး အလောင်းသာ ပြန်ရခဲ့သည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေး မီလီဒေါင်လာ၏ ဖုန်းကို ခိုးဝင်ထိန်းချုပ် (Hack) လုပ်ခဲ့ခြင်း ဖြစ်သည်။မိသားစုဝင်များကို မိန်းကလေး အသက်ရှင်နေသေးသည်ဟု အထင်မှားစေခဲ့ပြီး ရဲများ၏ စုံစမ်း စစ်ဆေးမှုကို လမ်းလွဲစေ ခဲ့ခြင်းကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။

ဖုန်းမှ သတင်းအချက်အလက်များ ခိုးယူနားထောင်မှု အတွက် အစိုးရက စုံစမ်း စစ်ဆေးမှုကြီး တစ်ရပ် ပြုလုပ်သွားမည်ဟု ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန် ကိုယ်တိုင် ဇူလိုင်လ ၆ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။NoW ၏ အယ်ဒီတာဟောင်းနှင့် ဒေးဗစ်ကင်မရွန်၏ ပြန်ကြားရေး အတွင်းဝန်ဟောင်း အန်ဒီကော်လ်ဆင်ကိုလည်း ဗြိတိန်ရဲများက ဖုန်းခိုးနားထောင်မှု အရှုပ်တော်ပုံများနှင့် ပတ်သက်ပြီး ခေါ်ယူ စစ်ဆေးခဲ့ပြီး အာမခံဖြင့် ပြန်လွှတ်ပေး ထားသည်ဟု သိရသည်။ ရပ်စဲလိုက်သည့် တနင်္ဂနွေထုတ် နေရာတွင် ညီနောင်သတင်းစာအဖြစ် ကျန်ရက် ၆ ရက်တွင် ထွက်ရှိနေသော The Sun သတင်းစာ တနင်္ဂနွေ အထူးထုတ်ဖြင့် အစားထိုးသွားမည်ဟု သတင်းထွက်ပေါ်နေသည်။

တစ်ပတ်လျှင် စောင်ရေ ၂ ဒသမ ၆ သန်းမျှ ရောင်းချနေရသည့် News of the World(NoW) ကို ၁၉၆၉ ခုနှစ်တွင် မားဒေါ့ခ်ျက ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။ သက်တမ်း ၁၆၉ နှစ်မျှ ရှိပြီ ဖြစ်သော NoW သည် လိင်ကိစ္စနှင့် ကျော်ကြားသူတို့၏ အတွင်းရေးများကို ဖွင့်ချခြင်းကြောင့် ထင်ရှားပြီး အကျိုးအမြတ် များစွာရသည့် သတင်းစာ ဖြစ်ခဲ့သည်။ သို့ရာတွင် သြဇာအာဏာ ရှိသူတို့၏ မတရားမှုများကို ဖော်ထုတ်နိုင်ခဲ့ခြင်း အတွက်လည်း အသိအမှတ်ပြု ခံခဲ့ရ သည်။ ပြီးခဲ့သည့်လကပင် ပါကစ္စတန် လက်ရွေးစင် ခရစ်ကတ် အသင်း၏လုပ်ပွဲ အရှုပ်တော်ပုံကို ဖွင့်ချနိုင်ခဲ့ခြင်း အတွက် ဆုချီးမြှင့် ခံခဲ့ရသည်။ မားဒေါ့ခ်ျ ၏ News International သည် ဗြိတိန်တွင် The Sun, London Times တို့ကိုပါ ပိုင်ဆိုင်သည်။

News of the World Phone Hacking Scandal

၂၀၀၆ ခုနှစ်တွင် Now ၏ တော်ဝင်သတင်း အယ်ဒီတာနှင့် အလွတ်စုံထောက်အား တော်ဝင်မိသားစုများ၏ ဖုန်းများကို ကြားဖြတ် နားထောင်ခဲ့မှုဖြင့် ဖမ်းဆီးခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ထောင်ဒဏ် ချမှတ်ခဲ့သည်။ နောက်ပိုင်း နှစ်များတွင်လည်း နာမည်ကျော် ပုဂ္ဂိုလ်များ၏ ဖုန်းများကို ကြားဖြတ် နားထောင်ခဲ့ သည် ဟူသော စွပ်စွဲမှုများ ရင်ဆိုင်ခဲ့ရသည်။ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီတွင် ယင်းကိစ္စ အတွက် စွဲဆိုခံရသည့် အမှုပေါင်း ၁၂ ခုမျှ ရှိနေခဲ့ပြီး ဖုန်းခိုး နားထောင်ခံရသူ ၇၀၀၀ နီးပါးမျှ ရှိနေနိုင်သည်ဟု စွဲချက်များ ပေါ်ထွက်လာခဲ့သည်။ ရဲဌာန၏ စုံစမ်းစစ်ဆေးမှုများ အရ ယင်းသို့ ဖုန်းမှ သတင်း အချက် အလက် ခိုးယူခံရသူ အရေအတွက်မှာ ၄၀၀၀ ကျော်မျှ ရှိသည်ဟု ထုတ်ပြန်ထားသည်။ ၂၀၁၁ ခုနှစ် ဇူလိုင်လတွင်မူ ပျောက်ဆုံးသွားပြီး အသတ်ခံခဲ့ရသော မိန်းကလေး မီလီဒေါင်လာ၊ ၇/၇ လန်ဒန် ဗုံးခွဲခံရမှုတွင် ထိခိုက် သေဆုံးခဲ့ရသူများ၏ မိသားစုများ၊ ကျဆုံးသွားသည့် ဗြိတိန်စစ်သား မိသားစုများ၏ Message နှင့် Voice Mail များကိုပါ ခိုးယူ ထိန်းချုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီးနောက် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။

Milly Dowler Case

၂၀၀၂ ခုနှစ်က ပျောက်ဆုံးသွားသော အသက် ၁၃ နှစ် အရွယ် မီလီဒေါင်လာ ဆိုသော မိန်းကလေး၏ ဖုန်းကို ခိုးဝင်ထိန်းချုပ် (Hack) ကာ ၀င်လာသော Message များကို ယင်းသတင်းလိုက်သူများက ဖတ်ရှုခဲ့ကြပြီး Message များ ပြည့်သွားသောအခါ နောက်ထပ် ၀င်လာနိုင်စေရေး ရှိပြီး Message များ ဖျက်ပစ်ခဲ့သည်ဟု ဆိုသည်။ ယင်းအတွက် အလွတ်စုံထောက်များပင် News of the World က ငှားရမ်း အသုံးပြုခဲ့သည်ဟု ဆိုသည်။ ဖုန်းက အလုပ် လုပ်နေဆဲ ဖြစ်သည်မှာ မီလီဒေါင်လာ မသေဆုံးသေး၍ဟု မိတ်ဆွေများ၊ ဆွေမျိုးများက ထင်မှတ်ခဲ့ကြပြီး ယင်းဖုန်းသို့ Message များ ဆက်ပို့ခဲ့ကြသည်။ ရဲများ၏ စုံစမ်း စစ်ဆေးမှုတွင်လည်း အနှောင့်အယှက် ဖြစ်ခဲ့ရသည်။ တကယ်တမ်းတွင် မိန်းကလေးမှာ သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး သတ်ဖြတ်သွားခဲ့သူကို ၂၀၁၀ ပြည့်နှစ်တွင်မှ ဖမ်းဆီးနိုင်ခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်ခဲ့သည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: