နိဂုံးမချုပ်တဲ့ နိဂုံးအတွက်၊ ဖူကူယားမားရဲ့ ‘သမိုင်း အစ’


ဖရန်စစ် ဖူကူယားမားကို သူ့ရဲ့ နာမည်ကျော် ‘သမိုင်း နိဂုံး’ စာအုပ်နှင့်တွဲပြီး စာဖတ်သူများ အမှတ်ရကြဦးမည်ထင်ပါသည်။ ၁၉၉၀ ပြည့်နှစ်များ၊ စစ်အေး လွန်ကာလနဲ့ ဂလိုဘယ်လိုက်ဇေးရှင်း အစမှာ အငြင်းအခုန် အဖြစ်ခဲ့ရဆုံး စာအုပ်တစ်အုပ်ကို ရေးခဲ့သူ။ သူ့စာအုပ်က အရိုးရင့် ကွန်မြူနစ်များကို မကျေ မချမ်း ဖြစ်စေခဲ့သည်။ အတွေးအမြင် စာစဉ်တွေမှာ မောင်စူးစမ်းနဲ့ မြသန်းတင့် တို့က မြန်မာစာဖတ်ပရိတ်သတ်ကို စတင်မိတ်ဆက်ပေးခဲ့သည်။

သမိုင်းနိဂုံး မှာ ဖူကူယားမားက လူသားထုရဲ့ အိုင်ဒီအိုလော်ဂျီ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်ဟာ ‘လစ်ဘရယ် ဒီမိုကရေစီ’ နဲ့အတူ အဆုံးမှတ်ပွိုင့်ကို ရောက်ရှိ ခဲ့ပြီ။ လစ်ဘရယ် ဒီမိုကရေစီက သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်၊ ဖက်ဆစ်စနစ်၊ နောက်ဆုံး ကွန်မြူနစ်စနစ် စတဲ့ပြိုင်ဘက် စနစ်တွေအပေါ် အောင်ပွဲ ခံနိုင်ခဲ့ပြီ။ လစ်ဘရယ်ဒီမိုကရေစီကသာ လူသားတွေ အစိုးရဖွဲ့မှုအတွက် နောက်ဆုံးပုံစံ။ လစ်ဘရယ်ဒီမိုကရေစီ အောင်ပွဲခံနိုင်ခဲ့ပြီမို့ အခြားတပါး ရွေးချယ် စရာ အစိုးရစနစ်ပုံစံ မရှိတော့။ လူ့အဖွဲ့အစည်းတိုင်း လစ်ဘရယ်ဒီမိုကရေစီကို လျှောက်လှမ်းကြရမှာ ဖြစ်ပြီး၊ ဒါက သမိုင်းနိဂုံး ချုပ်သွားခြင်း ဖြစ်သည်ဟု ဖူကူးယားမားက အကျယ်တ၀င့် တင်ပြခဲ့သည်။

ဖူကူယားမားရဲ့ သမိုင်းနိဂုံး ကို လက်ဝဲ လက်ယာ ဝေဖန်သူ၊ ငြင်းခုန်သူ အတော်များခဲ့သည်။ မြန်မာ စာဖတ်ပရိတ်သတ် အချို့ကြား နားလည်မှုလွဲတာ များလည်း ရှိခဲ့သည်။ ဒေါက်တာသန်းထွန်း တို့လို သမိုင်းဆရာတွေ သမိုင်းရေးနေကြတာပဲ ဘာနိဂုံးချုပ်စရာ ရှိလဲ ဆိုတာမျိုး။ ဖူကူယားမား ပြောတဲ့ သမိုင်းနိဂုံးက အတွေးအခေါ် အယူအဆ သမိုင်း (ideological History) ဖြစ်သည်။ စစ်ပွဲတွေ သတ်ဖြတ်မှုတွေလို နေ့စဉ်ဖြစ်ရပ် သမိုင်း (history of events) ကိုပြောတာ မဟုတ်။ မူရင်းစာအုပ် ရှားပါးတာရော၊ အပြည့်အစုံ ဘာသာပြန်မှု မရှိတာရောကြောင့် အမှတ်မှားခဲ့ကြခြင်း ဖြစ်သည်။

ဟေဂယ်လ် vs မက့်စ်

တကယ်တော့ သမိုင်းနိဂုံး အယူအဆက ဖူကူယားမားရဲ့ ကိုယ်ပိုင် အယူအဆမဟုတ်။ ဂျာမန် ဒဿနပညာရှင် ဟေဂယ်လ် (၁၇၇၀-၁၈၃၀) ရဲ့  အယူအဆကို ဖူကူယားမားက ပြန်တင်ခြင်း ဖြစ်သည်။

ဟေဂယ်လ် က လစ်ဘရယ်ဒီမိုကရေစီသာ သမိုင်းနိဂုံး ပုံစံဖြစ်သည်ဟု ကြိုတင်ဟောခဲ့သည်။ ဒါကို သူ့တပည့် ကားလ် မက့်စ် (၁၈၁၈-၁၈၈၃) က ဆိုရှယ်လစ် ပုံစံကသာ လူသားထုအတွက် သမိုင်းနိဂုံး ဖြစ်ရမည်ဟု ဟေဂလ်ကို ပြန်တိုက်ခဲ့ခြင်း ဖြစ်သည်။ မဟာပညာရှင်ကြီး နှစ်ဦးစလုံးက ကိုယ့်ပုံစံနဲ့ကိုယ် သမိုင်းနိဂုံး ချုပ်လိုက်ကြခြင်း ဖြစ်သည်။

ဟေဂယ်လ် နဲ့ မာ့က်စ် ရဲ့ သမိုင်းနိဂုံး အယူအဆ အားပြိုင်ပွဲအကြား နှစ်ပေါင်း ၁၅၀ ကျော် ကမ္ဘာ့လူသားထု ဖြတ်သန်းခဲ့ပြီးနောက်၊ ၁၉၈၉ ဘာလင်တံတိုင်း ပြိုမှု၊ ဆိုဗီယက်ပြည်ထောင်စု ပြိုလဲမှုတို့နဲ့အတူ စစ်အေးခေတ်ပွဲသိမ်းပြီး၊ လစ်ဘရယ် ဒီမိုကရေစီက အဆုံးစွန်အောင်ပွဲခံသွားခဲ့ပြီ။ ဟေဂယ်လ်ရဲ့ နိဂုံးက မက့်စ်ရဲ့ နိဂုံးကို အပြတ်အသတ် အောင်ပွဲဆင်နိုင်ခဲ့ပြီဟု ဖူကူယားမားက သူ့စာအုပ်မှာ အသေးစိတ် သုံးသပ်တင်ပြခဲ့ခြင်း ဖြစ်သည်။ မက့်စ် ရဲ့ အမှားနဲ့ ရာစုတစ်ခုခွဲလောက် ကမ္ဘာ့လူသားတစ်ဝက် ဒုက္ခပေါင်းစုံ ဖြတ်သန်းခဲ့ပြီးမှ၊ ဟေဂယ်လ်ကို ပြန်လက်ခံခဲ့ခြင်း ဖြစ်သည်ဟု ဖူကူးယားမားက သုံးသပ်ခဲ့သည်။

စိန်ခေါ်ခံရတဲ့ နိဂုံး

သို့သော် နိဂုံးချုပ်သူများ၊ သိပ်သေချာလွန်းသူများရဲ့ အယူအဆက ကြာကြာမခံ။ ဖူကူးယားမား သမိုင်း နိဂုံးချုပ်ပြီးလို့ ဆယ်စုတစ်ခုကြာတော့၊ အမေရိကန် ကုန်သွယ်ရေးစင်တာ အတိုက်ခိုက်ခံရတဲ့ (၉/၁၁) အကြမ်းဖက်မှု ဖြစ်ရပ်ကြီး ပေါ်ထွက်လာသည်။ အစွန်းရောက် အစ္စလာမ်များ ခေါင်းထောင်လာပြီး၊ ဖူကူယားမားရဲ့ ဆရာ ဆင်မျူရယ်လ် ဟန်တင်တန် တင်ပြခဲ့တဲ့ ယဉ်ကျေးမှုတိုးတိုက်မှုတွေ ဖြစ်လာသည်။

လစ်ဘရယ် ဒီမိုကရေစီ၊ ဈေးကွက်စနစ်နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းတို့က perfect မဖြစ်သေးကြောင်း ရုပ်လုံး ပေါ်လာသည်။ အနောက်ရဲ့ အကူအညီနဲ့ ဒီမိုကရေစီပြောင်းဖို့ ကြိုးစားတဲ့ ရုရှားက မအောင်မြင်ဘဲ အာဏာရှင်စနစ်ဆီ ဘက်ပြန်နေပြီး၊ ကွန်မြူနစ် ဗဟိုဦးစီးစနစ်ကို မစွန့်ခွာသေးတဲ့ တရုတ်က စူပါပါဝါ ဖြစ်လာနေသည်။ ကမ္ဘာကြီးတစ်ခုလုံးလည်း ‘ကမ္ဘာ့ပုံစံ အစီအစဉ်သစ်’ (New World Order) ကို ရှာဖွေနေဆဲ ဖြစ်သည်။

လက်ရှိ တိုင်းမ် မဂ္ဂဇင်း အယ်ဒီတာနဲ့ CNN သတင်းသုံးသပ်သူ ဇာခါရီယား က (၉/၁၁) အကြမ်းဖက်မှု ဖြစ်တော့၊ ဖူကူးယားမားရဲ့ ‘သမိုင်းနိဂုံး နိဂုံးချုပ်သွားပြီ’ (The End of the End of History) လို့ ဝေဖန် ရေးသားခဲ့သည်။

နောက်ပိုင်း ဖူကူယားမား ရဲ့ စာအုပ်တွေ ကြိုကြား ထွက်လာပေမဲ့၊ နိဂုံး စကားကို  သိပ်မပြောတော့။ နီယိုကွန်ဆာဗေးတစ် တစ်ယောက်ဖြစ်တဲ့ ဖူကူးယားမား ကိုယ်တိုင် သမ္မတဘုရှ် ရဲ့ ရမ်းကားမှုတွေကို စိတ်ပျက်သွားပုံရသည်။

မကြာခင်က လစ်ဘရယ်ဒီမိုကရေစီ ခေါင်းဆောင် အမေရိကန်နဲ့ အနောက်ဥရောပ နိုင်ငံများမှာ စီးပွားရေး အကျပ်အတည်း ကြုံနေရချိန်အထိ ဖူကူးယားမားရဲ့ အသံ အတော်ကြာ တိတ်နေခဲ့သည်ဟု ဆိုရမည်။ နိဂုံးတို့၊ မုချတို့ ဧကန်အယူအဆများရဲ့ အနိစ္စတရား ဖြစ်သည်။

စပိုင် တက္ကသိုလ်ကျောင်းသား

ဖရန်စစ် ဖူကူးယားမားရဲ့ ယခု နောက်ဆုံးထွက်လာတဲ့ စာအုပ်ကို မိတ်မဆက်မီ သူ့နောက်ကြောင်းလေး အနည်းငယ် ထပ်ပြောချင်သေးသည်။

၁၉၇၉ ခုနှစ် အာဖဂန်နစ္စတန်ကို ဆိုဗီယက်ယူနီယံ ၀င်ကျူးကျော်ခါနီး အချိန်မှာ ဖူကူးယားမား က အမေရိကန် စစ်ရေးဆိုင်ရာ think tank အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ RAND ကော်ပိုရေးရှင်းမှာ သုတေသန လုပ်နေသည်။ အဲဒီအချိန် သူ့အသက်က ၂၇ နှစ်။ သူ သုတေသနပြုနေတဲ့ အဆိုင်းမင့် က မော်စကိုရဲ့ ကျူးကျော်မှုကို ကောင်တာ ပြန်လုပ်ဖို့ အမေရိကန် အစိုးရအတွက် မဟာဗျူဟာ ရှာဖွေနေခြင်း ဖြစ်သည်။

နောက် ဟားဗတ်တက္ကသိုလ်မှာ ဆိုဗီယက် နိုင်ငံခြားရေး မူဝါဒအကြောင်း ဘွဲ့ယူစာတမ်း ရေးနေရင်း ၀ါရှင်တန် အစိုးရက တောင်အာရှ ဒေသနဲ့ပတ်သက်ရင် ဘာမှ ဂဃဏန သိမထားသေးဘူး ဆိုတဲ့ အချက်ကို သူတွေ့သွားသည်။ ဒါနဲ့ အိမ်ဖြူတော်ကို ဖုန်းဆက်ပြီး အစိုးရရဲ့ အားနည်းချက်ကို အကြောင်းကြားလိုက်သည်။

“သိပ်မကြာပါဘူး ပါကစ္စတန် ထောက်လှမ်းရေးဌာန ISI က အာဖဂန်နစ္စတန်နဲ့ နယ်နမိတ် ဆက်စပ်နေတဲ့ အနောက်မြောက် ပြည်နယ်ကို နှစ်ပတ်ကြာ အလည်လာဖို့ ကျနော့်ကို ကမ်းလှမ်း ပါတယ်။ နောက်မှ ဒါ အမေရိကန် အစိုးရရဲ့ အစီအစဉ်လို့ သိလိုက်ရတယ်” လို့ ဖူကူယားမားက အမှတ်ရစရာ ပြန်ပြောသည်။

ရည်မှန်းချက်ကြီးတဲ့ ပညာရှင်လေးဟာ ရေဘင် နေကာမျက်မှန်တပ်ပြီး လေယာဉ်ပေါ်ခုန်တက် လိုက်ပါသွားသည်။ အာဖဂန် ဒုက္ခသည်တွေကို အင်တာဗျူးရင်း၊ ခိုင်ဘာ တောင်ကြားက စစ်သားတွေနဲ့အတူ ညစာ စားခဲ့သည်။ နောက် ပါကစ္စတန် ဗိုလ်မှုးတွေနဲ့လည်း လုံးမိသွားသည်။

အမေရိက ပြန်ရောက်တော့ အစိုးရထံ တင်တဲ့ သူ့ ရီပို့တ်ထဲမှာ မှတ်ချက် တိုတိုပဲ ရေးပေးလိုက်သည်။ ‘အမေရိကန်ဟာ မူဂျာဟေဒင်တွေကို အကူအညီပေးဖို့ လိုနေပြီ’ ဆိုတဲ့အကြောင်း။ မကြာပါဘူး။ သမ္မတရေဂင် အစိုးရက ပါကစ္စတန်ကို F-16 တိုက်လေယာဉ် တော်တော်များများ ပို့ပေးခဲ့သည်။ ဖူကူယားမား ကတော့ ဒီကိစ္စဟာ သူ့လက်ချက်လို့ တိုက်ရိုက်မပြော။  ဒါပေမဲ့ ‘အိန္ဒိယတော့ အခုထိ ကျနော့်ကို အမုန်းဆုံးပဲ” လို့ ပြောတတ်သည်။

ဒါက ထူးချွန်တဲ့ ဂျပန်နွယ်ဖွား အမေရိကန်တစ်ယောက်ရဲ့ တက္ကသိုလ် ကျောင်းသားဘ၀မှာ၊ အရေးကြီးတဲ့ ကမ္ဘာ့နိုင်ငံရေးထဲကို စပိုင် တစ်ဝက်၊ ပညာရှင်တစ်ဝက် ပါဝင်ခဲ့မှု ဖြစ်သည်။

နောက် ၁၉၈၉ ခုနှစ်မှာ ‘သမိုင်း နိဂုံးချုပ်ပြီလား’ ဆိုတဲ့ အက်ဆေးကို The National Interest မဂ္ဂဇင်းမှာ ဖော်ပြခဲ့သည်။ “ကျွန်ုပ်တို့ မြင်တွေ့နေရတာ စစ်အေးခေတ် အဆုံးသတ်ရုံမျှ မဟုတ်ဘူး၊ ဒုတိယကမ္ဘာစစ်ပြီး သမိုင်း လုံးဝ နိဂုံးချုပ်ရုံမျှ မကဘူး။ လူသားထုရဲ့ အတွေးအခေါ် အယူအဆ အီဗော်လူးရှင်း နောက်ဆုံး ဆုံမှတ်ပွိုင့်ကို ရောက်ရှိသွားတာ။ အနောက် ဒီမိုကရေစီက လူသားထုရဲ့ နောက်ဆုံး အစိုးရပုံစံကို ရောက်ရှိလာတာ ဖြစ်တယ်” လို့ အပြတ်ရေးပြီး ပွဲဆူစေခဲ့သည်။ နောက်သုံးနှစ်အကြာမှာ တစ်ကမ္ဘာလုံး အုတ်အော်သောင်းတင်း ဖြစ်ရတဲ့ ဘတ်ဆဲလား စာအုပ်ကို ‘သမိုင်း နိဂုံးချူပ်ပြီ’ ဆိုပြီး ထုတ်ခဲ့သည်။

အခု အသက် ၅၈ နှစ် ရှိပြီဖြစ်တဲ့ ဒေါက်တာ ဖူကူးယားမား ဟာ စတန်းဖို့ဒ် တက္ကသိုလ်မှာ ပါမောက္ခ တာဝန်ယူရင်း ကမ္ဘာ့ရေးရာတွေကနေ အချိန်အတန်ကြာ အသံတိတ်နေသည်။ အိမ်ဖြူတော်က ခေါ်သုံးအောင် အခြားပညာရှင်အချို့လို အမေရိကန် သမ္မတနဲ့ အစိုးရအဖွဲ့ကို အနားပြာ မလုပ်။ တရုတ် ကွန်မြူနစ်ပါတီ အနာဂတ်၊ အီဂျစ် ဒီမိုကရေစီ၊ လစ်ဗျားကို နေတိုးတပ်တွေ ဗုံးကြဲနေတာအထိ သူဘာမှ ၀င်မပြောခဲ့။ ဆူဆူညံညံ ကမ္ဘာ့ မြင်ကွင်းတွေကနေ ဖူကူးယားမား ဆိုတဲ့ နာမည် နှစ်အတော်ကြာ ပျောက်ကွယ်နေခဲ့သည်။

အစိုးရ ဘယ်က စသလဲ

ဖူကူးယားမား တစ်ယောက်ထဲ ငြိမ်ပြီး ကြိတ်လုပ်နေတဲ့ အလုပ်က ယခုတော့ စာအုပ်အဖြစ် ထပ်ထွက်လာခဲ့သည်။

ဖူကူယားမားက နိုင်ငံရေး အတွက် အခြေခံအကျဆုံး မေးခွန်းရဲ့အဖြေကို တကိုယ်တော် ရှာဖွေနေခဲ့သည်။ အစိုးရ ဆိုတာ ဘယ်က စခဲ့သလဲ ဆိုတဲ့ မေးခွန်း။

၁၉၇၃ ခုနှစ်မှာ ကမ္ဘာ့နိုင်ငံ ၁၅၃ နိုင်ငံအနက်၊ ဒီမိုကရေစီကျင့်သုံးတာ ၄၅ နိုင်ငံသာ ရှိခဲ့သည်။ အဲဒီအချိန် စပိန်၊ ပေါ်တူဂီ၊ ဂရိ တို့က အာဏာရှင်စနစ်တွေ ဖြစ်သည်။ ဆိုဗီယက်ယူနီယံနှင့် ၄င်းရဲ့ အရံဂြိုဟ် အရှေ့ဥရောပ နိုင်ငံတွေမှာက တခွင်လုံး နီနေသည်။ တရုတ်က မော်စီတုန်းရဲ့ ယဉ်ကျေးမှုတော်လှန်ရေးအောက် ငါးပါးမှောက်နေသည်။ အာဖရိကနှင့် လာတင်အမေရိကမှာက ခြစားတဲ့ အာဏာရှင်များ မင်းမူနေသည်။

၁၉၉၀ ပြည့်နှစ်တွေရောက်တော့ ကမ္ဘာ့နိုင်ငံ ၁၂၀ မှာ ရွေးကောက်ခံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလာသည်။ ကမ္ဘာ့နိုင်ငံ အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းမှာ လွတ်လပ်မှုတွေ ရှိလာသည်။ ဒီနောက် နည်းပညာများ၊ ဈေးကွက်များနဲ့အတူ ဂလိုဘယ်လိုက်ဇေးရှင်းကို  ကျယ်ကျယ်လောင် အော်ခဲ့ကြသည်။

သို့သော် ၂၀၀၀ ပြည့်နှစ်မှစပြီး ၂၀၁၀ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခု ‘ဒီမိုကရက်တစ် ရီဆက်ရှင်း’ ပြန်ဝင်လာခဲ့သည်။ ရီဆက်ရှင်း စကားလုံးရဲ့ မူရင်းက စီးပွားကျဆင်းမှုကို ဆိုလိုခြင်းဖြစ်ပြီး၊ ယခုတော့ ဒီမိုကရေစီ ကျဆင်းမှု အတွက်ပါ ရည်ညွှန်းလာကြသည်။ ရုရှား၊ ဗင်နီဇွဲလား၊ ယူကရိန်း၊ အီရန် တို့လို ရွေးကောက်ပွဲ ကျင်းပတဲ့ နိုင်ငံတွေက အာဏာရှင်စနစ်ဆီ ဘက်ပြန် လျောကျခဲ့သည်။ ရွေးကောက်ခံ  အာဏာရှင်များက အာဏာရပြီးတာနဲ့ လူထုရဲ့ အခွင့်အရေးတွေ ပိတ်ပင်လာကြသည်။

ဒီတော့ ဒီမိုကရေစီကို ပြန်စဉ်းစားဖို့တွေ ဖြစ်လာသည်။ ရွေးကောက်ပွဲကျင်းပရုံ၊ လူအများစုမဲပေးရုံမျှနဲ့ ဒီမိုကရေစီ မဟုတ်။ လစ်ဘရယ်ဒီမိုကရေစီမှာ အရေးကြီးဆုံးက အရပ်ဘက် အင်စီတီကျူးရှင်းတွေ ဆိုတာကို မြင်လာကြသည်။ ဥပဒေစနစ်၊ အပြန်အလှန်ထိန်းချုပ်ရေး (checks and balances) တွေက တဆင့် အစိုးရရဲ့ အာဏာကို ကန့်သတ်ထိန်းချုပ်ဖို့ ခိုင်မာတဲ့ အင်စတီကျူးရှင်းတွေ ရှိဖို့လိုအပ်တာ မြင်လာကြသည်။

နောက် မက္ကစီိကို၊ ကိုလံဘီယာ၊ အယ်ဆာဗေဒိုး တို့လို နိုင်ငံတွေမှာ ဆင်းရဲချမ်းသာ မညီမျှမှုကြောင့် မူးယစ်ဂိုဏ်းများ၊ လူမှောင်ခို ဂိုဏ်းတွေ များလာပြီး သာမန်ပြည်သူတွေ ကျီးလန့်စာစား ဖြစ်နေရသည်။ အာရပ်ကမ္ဘာနှင့် မူဆလင်နိုင်ငံများတွင် ဆင်းရဲမွဲတေမှုကြောင့် အကြမ်းဖက်ဝါဒများ ထွန်းကာလာပြီး တစ်ကမ္ဘာလုံးအတွက် အန္တရာယ်ရှိလာသည်။ နောက် အစိုးရအာဏာ မဲ့နေတဲ့ ဆိုမားလီယား လို ယိုယွင်းနိုင်ငံတွေ (failed states) ရဲ့ ပြဿနာ၊ သဘာဝပတ်ဝန်းကျင် ကိစ္စ စတာတွေအတွက် ကမ္ဘာ့ ပုံစံသစ် အစီအစဉ်ချဖို့ (New World Order) လိုအပ်လာသည်။

ဒီမိုကရေစီချည်း စွတ်အော်နေလို့ မရတာကို ဖူကူးယားမား ကိုယ်တိုင် သဘောပေါက်လာသည်။ နိုင်ငံတိုင်းအတွက် စွမ်းဆောင်ရည်ကောင်း အင်စတီကျူးရှင်းကောင်းတွေ တည်ဆောက်ဖို့ လိုနေသည်။ ဘယ်လိုတည်ဆောက်ကြမလဲ။ အစိုးရကို ဘယ်လို ကျားကန်ထိန်းချုပ်ကြမလဲ။ အစိုးရ အစ၊ အင်စီတီကျူးရှင်းအစ ကမ္ဘာဦးအထိ ပြန်ကြည့်ရမည်။

အစိုးရ ရှာပုံတော် မင်းသားကြီး

အင်စတီကျူးရှင်း အကြောင်းပြောရင် (၁) နိုင်ငံတော်- the State (၂) တရားဥပဒေဖြင့် အုပ်ချုပ်မှု – the rule of law (၃) တာဝန်ယူသော အစိုးရ- accountable government ။ ထိုသုံးခုကို အဓိက တည်ပြောရမည်။ အောင်မြင်နေတဲ့ မော်ဒန် လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံတိုင်းက ထိုသုံးခုကို သမမျှတအောင် (balance) ပေါင်းစပ် ကျင့်သုံးနိုင်ခြင်း ဖြစ်သည်ဟု ဖူကူးယားမားက ဆိုသည်။

ယခု စာအုပ်မှာ ဖူကူးယားမားက အခြေခံလိုအပ်တဲ့ အင်စတီးကျူးရှင်းတွေနဲ့ အောင်မြင်တဲ့ အစိုးရတစ်ခု တည်ဆောက်ဖို့ အတွက် အစိုးရရဲ့ မူရင်းဇာစ်မြစ်ကို ခြေရာကောက်ခဲ့သည်။ အနောက် ယဉ်ကျေးမှု၊ စက်မှုခေတ်၊ မက်ဆိုပိုတေးမီးယား၊ အီဂျစ်၊ ဂရိ၊ ရောမ၊ တောင်အမေရိက ယဉ်ကျေးမှု ပေါင်းစုံကို ခြေရာခံလိုက်ကြည့်ခဲ့သည်။

ဒီထက်ပိုပြီး လူသားသမိုင်းဦးကာလ လူမျိုးစုကလေးများရဲ့ အုပ်ချုပ်ပုံကနေ ပြင်သစ်တော်လှန်ရေး အထိ၊ အစိုးရ အယူအဆသဘောတရားကို လိုက်ခဲ့သည်။

လက်စသတ်တော့ ခေတ်သစ်အစိုးရပုံစံ ပေါ်ထွန်းဖို့အတွက် မူလအစက တရုတ်က ဖြစ်ကြောင်းနဲ့ တရုတ်ရဲ့ အစိုးရ ယန္တရားနဲ့ ဗျူရိုကရေစီ သဘောတရားများ အယူအဆများကို သူ့စာအုပ်မှာ အကျယ်တ၀င့် ရှင်းပြထားသည်။

နောက် ပလေတို၊ အရစ္စတိုတယ်လ်တို့ရဲ့ နိုင်ငံတော်နဲ့ အစိုးရ အယူအဆများ၊ အလယ်ခေတ် အယူအဆများ၊ သောမတ်စ် ဟော့ဘ်၊ ဂျွန်လော့ခ်၊ ရူဆိုး၊ ဟေဂယ်လ် တို့ရဲ့ အမြင်များကို တင်ပြရင်း ယနေ့ခေတ်အတွက် အကောင်းဆုံး အင်စတီကျူးရှင်းများ တည်ထောင်ဖို့ ရှာပုံတော် ဖွင့်ခဲ့သည်။ အင်စတီကျူးရှင်း တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီရေး တို့ကို စိတ်ဝင်စားသူတိုင်း မလွဲမသွေ ဖတ်ရမည့် စာအုပ်ကောင်း တစ်အုပ် ဖြစ်သည်။

စာမျက်နှာ ၁၀၄၀ ကျော် ရှိတဲ့ ဖူကူယားမားရဲ့ စာအုပ်အသစ်မှ အခန်းအချို့ကို အလင်းရနံဂျာနယ် (http://ahlinyanant.wordpress.com) တွင် ပုံမှန် ဖော်ပြပေးသွားမည် ဖြစ်ပါကြောင်း။

ဝင့်ထန်း

ရည်ညွှန်း။ The Origins of Political Order by Francis Fukuyama

The End of History and the Last Man by Francis Fukuyama

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: