အမေဆိုဆဲ ဝါဆိုပွဲ


ကျွန်တော့်မှာ ရွာအလွမ်း စိတ္တဇရှိသည်။ အချိန်တန်လျှင် ဝါဆပွဲနှင့် တန်ဆောင်မုန်း ကထိန်ပွဲ ကို လွမ်းရစမြဲ။ အကြောင်း အမျိုးမျိုးကြောင့် တစ်နှစ်တစ်ကြိမ် မရောက်နိုင်သော်လည်း သူ့အချိန်သူ့ အခါရောက်လာလျှင် စိတ်အာရုံထဲမှာ အလွမ်းစိတ်တွေ ဖျတ်ခနဲ ပေါ်လာတတ်သည်။ သည်လိုအလွမ်းစိတ်တွေကို ကွယ်လွန်သူ မိဘနှစ်ပါးက ကျွန်တော့်ရင်ထဲမှာ မျိုးစေ့ချပေးခဲ့ဟန် တူပါသည်။ ယခုလည်း ဝါဆိုပွဲ ရောက်ခါနီး လာ၍ အလွမ်း စိတ်က ကျွန်တော့်ဆီသို့ အပြေးအဖျန်း ရောက်လာခဲ့သည်။ ထိုအခါ ရွာအလွမ်းနှင့်အတူ မိဘနှစ်ပါး အား မြင်ယောင်လာခဲ့သည်။

အမေသည် ဝါဆိုပွဲ ရောက်ချိန်တိုင်း ရွာသို့ အမြဲပြန်နိုင်အောင် ကြိုးစားသည်။ ဘုရားပွဲက ရွာမှာ ရက်သတ္တ တစ်ပတ် ကြာမြင့်အောင် ကျင်းပပြီး စည်ကားသည့်ပွဲ။ ဇာတ်ပွဲတွေ ပါသည်။ ဈေးဆိုင်တန်းတွေလည်း ပေါများသည်။ နေ့ခင်းပိုင်း ဈေးတန်းလျှောက်၊ လိုချင်သည့်ပစ္စည်းဝယ်။ ညရောက်တော့ ဇာတ်မိုး အလင်းကြည့် ပျော်စရာကောင်းလှသည့် ငယ်ဘဝအတွေ့ အကြုံကလေးကို မမေ့နိုင်။ တကယ်တော့ တစ်နှစ်တစ်ကြိမ် ကျင်းပသော ကျေးလက် ဘုရားပွဲများသည် ပျော်စရာကောင်းသလို အရပ်ဒေသ၏ တစ်နှစ်တာ စီးပွားရေး အတက်အကျ ညွန်းကိန်းကို ဖော်ပြလျက်ရှိသည်။ ရွာမှာ မိုးလေဝသမှန်ကန်၍ သီးနှံတွေ အောင်မြင်ပြီး ဈေးကောင်းရခဲ့လျှင် ဘုရားပွဲ စည်ကားသည်နှင့်အမျှ ပွဲဈေးတန်းက ဈေးသည်တွေလည်း ဈေးရောင်းကောင်းကြသည်။ မိုးဖျက်လေဖျက်သောကြောင့် သီးနှံအထွက်နှုန်းကျဆင်းပြီး သီးနှံဈေးနှုန်းကလည်း ကျဆင်းနေလျှင် ဈေးသည်တွေ ခမျာမောရလေပြီ။

ဘုရားပွဲလာကြသူတွေလည်း ဘုရားပွဲချိန်ရောက်၍ သွားလို့သာ သွားလိုက်ကြသည်။ စိတ်လွတ်ကိုယ်လွတ်မပျော်နိုင်၊ လိုအပ်သမျှ ပစ္စည်းတွေကိုလည်းမဝယ်နိုင်၊ မခြမ်းနိုင်၊ မသုံးနိုင်၊မဖြုန်းနိုင်။ ဇာတ်ပွဲခင်းဆီက တီးလိုက်သော ပတ်မကြီးဗေထိအသံသည် ပွဲကြည့်သူတွေ၏ ရင်ထဲသို့လှုပ်ခတ်သွားအောင် အစွမ်းမပြနိုင်တော့။ ဘုရားပွဲပြီးတော့ ရွာမှ အမေ ပြန်ရောက် လာကြသည်။ အမေ့မှာ ရွာအကြောင်း ပြောစရာတွေက တစ်ပုံတစ်ပင်။ အမှန်တော့ ရွာအကြောင်းဟု ဆိုလိုက် ရသော်လည်း တစ်ရွာလုံး ကိုယ့်ဆွေကိုယ့်အမျိုးတွေချည်းဖြစ်၍ ရွာအကြောင်းသည် ကိုယ့်ဆွေမျိုး အကြောင်းပင်ဖြစ်ပါ၏။ အမေ့မှာ တစ်နှစ် တစ်ခေါက်ရွာသို့ သွားရခြင်းကိုက နိုင်ငံခြား သွားရခြင်းထက် ပို၍ ကိန်းခန်းကြီးလှသည်ဟု ဆိုရပေမည်။

ရွာအတွေ့အကြုံတွေ ပြောရတာ ရက်တစ်ပတ်နှင့်လည်းမပြီး ၊ တစ်လနှင့်လည်း မကုန်နိုင်၊ သတိရသည့် အချိန်တိုင်း ပြောသည်။ အဖေကတော့ အမေရွာအပြန် အတွေ့အကြုံ ရှင်းလင်းပွဲတွင် တစ်ဦးတည်းသော ပရိသတ် ဖြစ်သည်။ အမေ မေ့လျော့သည့် အကြောင်းအရာတွေကို စကား ထောက်ပေး၏။ ဟဲ့…ဘယ်သူကြီးကော ရှိသေးလားဟ၊ သူတို့အိမ်ကိုကော ရောက်ရဲ့လားဟု စကားအစ ဖော်ပေးသည်။ ပြောပြသူနှင့် နားထောင်သူ၊ မေးသူနှင့်ဖြေသူ၊ အဖေနှင့် အမေ၏ စကားဝိုင်းသည် အတိုင်အဖာက် ညီလှသည်။ ကျွန်တော်ကတော့ တစ်ခါတလေမှအမေတို့စကားဝိုင်းသို့ ဝင်၍ နားထောင်တတ်သည်။

သို့သော် ဧည်သည်အဖြစ် တက်ရောက်သော်လည်း သည်စကားဝိုင်းမှ မထနိုင်တော့။ ကျွန်တော်၏ ရွာသည် အမေ့ဆီမှ တစ်ဆင့် ကျွန်တော့်ရင်ထဲသို့ တိုးဝင်သွားခဲ့လေပြီ။ အမေက ပျော်စရာလေးတွေပြောတော့ ကျွန်တော် နှင့်အဖေသည် အမေနှင့် အတူ ပြုံးဖော်ရယ်ဖော် ဖြစ်ခဲ့ကြသည်။ သို့သော် ရွာစီးပွားရေး အခြေအနေပြောတော့ အမေ့အသံတွေ တိုးဝင်သွားတတ်သည်။ အဖေလည်း သက်ပြင်းချပြီး ငေးငေးငိုင်ငိုင်။ ဆွေမျိုးတွေ စီးပွားရေး မကောင်းသတင်းတွေက ကျွန်တော့် မိဘနှစ်ပါး၏ နှလုံးသားကို မီးအုံး သွားချေခဲ့လေပြီ။ ကျွန်တော်လည်း အမေတို့အနားမှ တိတ်တဆိတ် ထလာခဲ့ရသည်။ ကျွန်တော့် စိတ်အာရုံထဲတွင် ရွာကိုပြန်လည် မြင်ယောင်သွားသည်။ နေပူပူ၊ ဖုန်ထူထူ၊ သစ်ပင်တွေက ကျိုးတို့ကျဲတဲ၊ ထန်းသားတိုင်ထူ၊ ထရံကာ၊ ထန်းရွက်မိုးထားသည့် အိမ်ကလေးတွေ နှင့်ရွာတစ်ရွာ။ အဲဒါ ကျွန်တော့်ရွာ။ လူ့ဘဝတွင် အသက်အရွယ်ကြီးရင့်လာသောအခါ စိတ်အာရုံသည် လာရာလမ်းသို့ မှန်းမျှော်ကြည့်တတ်သည်။

အမေကတော့သူ လျှောက်ခဲ့သည့် လမ်းအတိုင်း နောက်ကြောင်းပြန်လှည့်ကာ တစ်နှစ်တစ်ကြိမ် ဘုရားပွဲချိန်ရောက်တိုင်း ရွာသို့ပြန်လေ့ရှိသည်။ အဲသည်မှာ ကိုယ့်ဝန်းကျင်နှင့် ဆွေမျိုး အသိုင်းအဝိုင်းတွေ ရှိသည်ကော။ ဘုရားပွဲပြီး မန္တလေးသို့ ပြန်လာသောအခါ အမေကသည်ရနံ့သည် အငွေ့အသက်တွေကို ကျွန်တော်တို့အား ကူးဆက် ပေးခဲ့သည်။ အမေ ကွယ်လွန်ခါနီး အချိန် ငါ့သားရယ်။ အမေရွာပြန်ချင်လိုက်တာ ပြောလိုက်၍ စိတ်မကောင်းဖြစ်ရသည်။ သက်ပြင်းရှိုက်ထုတ်ရင်း အမေ့ကိုသာ ငေးကြည့်နေခဲ့သည်။ အမေမရှိတော့သည့် နောက်ပိုင်း တစ်နှစ်တစ်ကြိမ် ကျင်းပသည့် ရွာဘုရားပွဲနှင့် ရွာသတင်းတွေလည်း ဝေးသွားသည်။ သို့သော်လည်း အဖေ့စိတ်အာရုံ ထဲမှာတော့ မမေ့မလျော့ ရှိနေဆဲပင်။

ပြက္ခဒိန်စာရွက်တွေကို ကြည့်ရင်း ဘုရားပွဲရက်က ဘယ်နေပြောရင်း သူ့အလွမ်းစိတ်ကို ဖြေလျော့တတ်သည်။ မဆုံးခင်တစ်နှစ်က ရွာဘုရားပွဲကို အဖေသွားသည်။ နှစ်ရက်လောက်နေပြီးပြန်လာခဲ့၍ အံ့ဩသွားရသည်။ “ စိတ်ဆင်းရဲ စရာကြီးပါကွာ၊ စီးပွားရေးကလည်းမကောင်းကြဘူး။ ကိုယ်ကလည်း မပြည့်စုံတော့ သူတို့ကို ဘာမှမကူညီနိုင်။ ဘယ်အိမ်ပဲသွားသွား အမောတွေပဲမြင်ရ ကြားခဲ့ရတော့ အဖေလည်း ကြာကြာနေချင်စိတ် မရှိတော့ဘဲ ပြန်လာခဲ့ရတာပဲကွာ” ဟု ပြောလိုက်သည်။ သည်တော့လည်း စိတ်မကောင်းဖြစ်နေသည့် အဖေ့ကို အကဲခတ်ရင်း ရွာအကြောင်း သိချင်မေးချင်တာလေးတွေ နှုတ်ဆိတ် သွားခဲ့ရပြန်လေသည်။ ယခုတော့ မိဘနှစ်ပါး မရှိခဲ့သော်လည်းရွာအလွမ်းကတော့ ကျွန်တော့်ရင်ထဲမှာ စွဲမြဲစွာ ကျန်ရစ်နေဆဲဖြစ်သည်။ မိဘနှစ်ပါး မရှိကတည်းက ရွာနှင့်အဆက်ပြတ်သွား၍ ရွာက သတင်းစကားတွေ နားထောင်ခွင့်မရတော့၊ ကျွန်တော့်ရွာကိုပြန်ချင်ပါသည်။ ရွာမှာ စီးပွားရေးကောင်းလျှင် ကျွန်တော့်ကို ဝမ်းသာလှိုက်လှဲကြိုဆိုကြမည့် ဆွေမျိုးတွေကို မြင်ယောင်သွားသည်။ သို့သော် ကျွန်တော့်မျော်လင့်ချက်နှင့် အတွေးတွေက မသေချာ။သည်တစ်နှစ် အညာဒေသမှာ ရာသီဥတု ဖောက်ပြန်သည်။ သီးနှံဈေးနှုန်း တွေကလည်း အိ(စ်)ပို့ ဝယ်လက်မရှိ၍ ကျဆင်းနေသည်။ ရွာစီးပွားရေး မကောင်းလျှင် ဘုရားပွဲလည်း စည်ကား ပါဦးမလားမသိ။

ပြက္ခဒိန် စာရွက်မှမျက်လုံးတွေခွာ လိုက်ပြီး နောက်စိတ်ကူးရာမဲ့ အဝေးဆီသို့ ငေးကြည့်နေမိသည်။ အတွေးစိတ်ကူးတို့အဆုံးမှာ ကျွန်တော့် ရွာကလေးရှိသည်။ ကျွန်တော့် မိဘနှစ်ပါးရှိသည်။ ကျွန်တော်၏ ငယ်ဘဝတွေ ရှိသည်။ စိတ်ကူးဖြင့် ရွာသို့ပြန်ရင်း သီချင်းကလေး တစ်ပုဒ်ကိုလွှတ်ခနဲ ဆိုလိုက်မိသည်။ အမေ ဆိုဆဲ ဝါဆိုပွဲ လှည်းကလေးနဲ့ သွားရအောင် ကုက္ကိုပင် မြန်မြန်ခုတ် လှည်းလုပ်စို့မောင်။ လှည်းလုပ်ရင် ကြာပါ့မယ် မဘုတ်ဆုံတင်ပဆုံကြီး လှည်းလုပ် လို့စီး…တဲ့။ ချစ်ချစ် စဖွယ် စနောက်သည့် ဒီတေးသီချင်းက မည်သည့် အချိန် ကတည်းက ပေါ်လာ မှန်းမသိ။ ကျွန်တော် ငယ်ငယ်တုန်းကသည် တေးသီချင်းကလေးကို ပျော်ပျော်ရွှင်ရွှင် သီဆို ခဲ့ကြသည်။

ယခုတော့ ဝါဆိုပွဲရောက်လာခဲ့ပြီး လှည်းကလေးနှင့်လည်း သွားစရာမလိုပါ။ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်နေ၍ အချိန်တိုတိုဖြင့် ရောက်သွား နိုင်ပါသည်။ သို့ရာတွင် သည်တစ်နှစ်လည်း ရွာကို မပြန်ဖြစ်ပါ။ ရွာက အပြန်စိတ်မကောင်းဖြစ်လာသည့် အဖေကို မြင်ယောင်ရင်း ရွာကိုပြန်ချက်စိတ် မှေးမိန်းသွားခဲ့သည်။ သည်လိုဖြင့် လာချင်လျှင် အနီးကလေး အလှမ်းမဝေးသည့်ရွာကို စိတ်ကူးဖြင့်သာ ကျွန်တော် လွမ်းနေရတော့သည်။

ညိုထွန်းလူ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: