ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် (သို့မဟုတ်) ခေတ်သစ်မဲဇာလေတပ်ရွာ- အပိုင်း(၁)-(၂)


ဆောင်းပါးရှင် – ဗိုလ်မှူး မျိုးသူရ

အခုတင်ပြမယ့် အကြောင်းအရာတွေဟာ ခြေလျင်တပ်ဖွဲ့များမှ ညီနောင်များ၊ မိသားစုဝင်များ ကဲ့သို့ ဆင်းရဲဒုက္ခများကို လေတပ်ရှိ တပ်မတော်သားများလည်း မျှဝေခံစားမှု ကို တင်ပြသွားပါမယ်။

သို့သော်လည်း လေယာဉ်များ၊ စက်ကိရိယာ ပစ္စည်းများနဲ့ လှုပ်ရှားနေကြရသော လေတပ်သားများ အဖို့တော့ စွမ်းရည်ပြည့်ဝ ၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သော တပ်မတော်လို့ ကြွေးကြော်နေမှု များနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ တပ်မတော်အကြီးအကဲ များရဲ့ စူးရောက်လှသော ရွှေဥာဏ်တော် များကို သိရှိ သုံးသပ်နိုင်ကြစေဖို့ ရည်ရွယ်တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။

တပ်မတော်မှ တပ်ဖွဲ့များဟာ ၄င်းတို့ရဲ့ လုပ်ငန်းသဘောသဘာဝအရ မတူညီတဲ့ စွမ်းရည်များ ရှိသလို၊ စစ်ဦးစီးဆိုင်ရာ စစ်ဆင်ရေး လုပ်ငန်းတာဝန်နဲ့ ဖွဲ့စည်းပုံ၊ စစ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ စီမံခန့်ခွဲရေး၊ စစ်ထောက်ဆိုင်ရာ ထောက်ပံ့ရေး အုပ်ချုပ်မှု စတဲ့ ကွဲလွဲချက်များ ရှိတတ်ပါတယ်။ တပ်မတော် တစ်ရပ်လုံး တပုံစံတည်း ရှိရမည်ဆိုကာ သင်တန်းများ၊ ရာထူးခန့်ထားရေးများ စတဲ့ အချက်များကို တပြေးညီ ဆောင်ရွက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင် မညီမျှမှုများ၊ အဆင်မပြေမှုများ ရှိနေသေးတာကို အားလုံး မြင်တွေ့နေရပါတယ်။

ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်အား တွေ့မြင်ရပုံ

ခြေလျင်တပ်ဖွဲ့များနှင့် မတူညီသော အချက်မှာ လေတပ်ဟာ လေယာဉ်များ၊ အီလက်ထရောနစ် စက်ပစ္စည်းများနှင့် နေ့စဉ်လှုပ်ရှား ဆောင်ရွက်နေရတဲ့ လုပ်ငန်းသဘာဝ ရှိနေခြင်း ဖြစ်ပါတယ်။ ပျံသန်းရေးအုပ်အသီးသီးရှိ လေယာဉ်များဟာ သက်တမ်းသတ်မှတ်ချက်နှင့် အညီ လေယာဉ်များအား အလှည့်ကျ နေ့စဉ် ပျံသန်းနိုင်ရေးအတွက် လေယာဉ်များအား ၂၄ နာရီ အတွင်းပျံသန်းမှု အသင့်ရှိနိုင်ရေး စစ်ဆေးခြင်း(Before Flight Inspection-BFI)ကို လုပ်ငန်း ၆ မျိုးမှ စစ်သည်များဖြင့် စစ်ဆေး ဆောင်ရွက်နေရသကဲ့သို့၊ လေယာဉ်ပျံသန်းမှု ပြီးဆုံးချိန်တွင်လည်း (After Flight Inspection-AFI) ခေါ် ပျံသန်းခဲ့ပြီးနောက် ပျက်စီးမှု/ ချို့ယွင်းမှုများရှိ/မရှိ နောက်တကြိမ် ပျံသန်းရန် အဆင်သင့် ဖြစ်မဖြစ်တို့အား ချက်ခြင်း ဆောင်ရွက်ရလေ့ ရှိပါတယ်။ အဲဒီလို ဆောင်ရွက်မှုများဟာ အသုံးပြုနိုင်တဲ့ လေယာဉ်အရေအတွက်၊ ပျံသန်းတဲ့ ခေါက်ရေ အနည်းအများပေါ်မူတည်ကာ ကွာခြားသော်လည်း လေတပ်စခန်းအသီးသီးရှိ လေယာဉ်အုပ်များမှ စစ်သည်များ၊ အင်ဂျင်နီယာ အရာရှိများက ဆောင်ရွက်ရသော နေ့စဉ်ပုံမှန်တာဝန်များသာ ဖြစ်ပါတယ်။

ရာသီဥတုဆိုးရွားခြင်း၊ ပျံသန်းမှု ရပ်နားထားခြင်းမှအပ နေ့စဉ်လုပ်ငန်းဆောင်ရွက်ရတဲ့ စက်မှုလက်မှု စစ်သည်များရဲ့ တာဝန်တွင် လေတပ်စခန်းလုံခြုံရေးအတွက် ကင်းတာဝန်ကလည်း ထပ်ဆောင်း ပါလာတတ်ရာ၊ ပျံသန်းရေးကို မထိခိုက်စေပဲ လုံခြုံရေးကိုပါ ဆောင်ရွက်ရတဲ့ နေ့စဉ်လှုပ်ရှားမှု ဖြစ်ပါတယ်။ အလားတူ လေသူရဲများဟာလည်း အလှည့်ကျ လေ့ကျင့်ခန်းများ ရေးဆွဲကာ ပျံသန်းရေး သင်ခန်းစာများအား အလှည့်ကျ ဆောင်ရွက်ကြရပါတယ်။ နေ့စဉ် ပျံသန်းရသော လေသူရဲအဖို့ လေယာဉ်မောင်းခန်းအတွင်း ၀င်ချိန်မှစတင်ကာ လေထဲတက်ပြီး၊ မြေပြင်ရောက်ရှိက စက်ပိတ်ကာ လုပ်ငန်းဆောင်ရွက်မှုများကို လေယာဉ်တက်ချိန်မှ ဆင်းချိန်အထိ အသက်ပေး ဆောင်ရွက် နေရပါတယ်။

သတိတချက် လစ်သည်နှင့် ဘ၀ဆုံးနိုင်တဲ့ နေ့စဉ် ဘ၀တစ်ခု ဖြစ်ပါတယ်။ လေယာဉ်တွေဟာ ပျံသန်းနာရီ ကုန်ဆုံးနေတဲ့အပြင် ဟောင်းနွမ်းနေတာကြောင့် လေသူရဲများ လေယာဉ်မတက်ခင် ဘုရားစာ ရွက်ဖတ်ဆုတောင်းရတာလည်း လုပ်ရိုးလုပ်စဉ် တစ်ရပ်လို ဖြစ်နေပါတယ်။
ဤဆောင်ရွက်မှုများသည် စစ်ဆင်ရေး ထွက်စဉ်ကာလ ခြေလျင်စစ်သည်များ တာဝန်ထမ်းရွက်ရမှုနှင့် လေတပ်သားတို့ နေ့စဉ် ဆောင်ရွက်နေရတဲ့ အခြေအနေတရပ်ကို နှိုင်းယှဉ်သိစေလိုတဲ့ သဘောဖြစ်ပါတယ်။ ဆိုလိုသည်မှာ လေတပ်ဟာ မြို့ပေါ်တွင်သာ ရှိနေသည် ဆိုသော်လည်း ပျံသန်းမှု ဆောင်ရွက်ချက်တိုင်းအတွက် နေ့စဉ် စွန့်စားမှုမျိုး လုပ်ဆောင်နေရပါတယ်။ လေယာဉ်တစ်စီး ပျံသန်းမှုအတွက် လေယာဉ်ပြေးလမ်း၊ လောင်စာဆီ၊ ပြင်ဆင်ထိန်းသိမ်းမှုများအတွက် လျှပ်စစ်မီး၊ အထောက်အကူပြုယာဉ် စတဲ့ လိုအပ်ချက်များအတွက် လေတပ်စခန်းများဟာ ရှေးယခင် ကတည်းကပင် မြို့ရွာများနှင့် နီးကပ်စွာ တည်ဆောက်လေ့ ရှိခဲ့ပါတယ်။ သို့မှသာလည်း လေတပ်ဖွဲ့အတွက် ပြည့်စုံတဲ့ အုပ်ချုပ်ထောက်ပံ့မှု ရနိုင်သည် ဖြစ်ပါတယ်။

ဒါပေမဲ့ စွမ်းရည်ပြည့်ဝ၍ ခေတ်မီတပ်မတော် တည်ဆောက်မည့် ကြွေးကြော်တဲ့ တပ်မတော်အကြီးအကဲများဟာ ရှေ့နောက် ဆင်ခြင်မှုမရှိပဲ လက်တန်း စိတ်ကူးယဉ် စီမံချက်များဖြင့် လေတပ်စခန်း ဌာနချုပ်များ တည်ထောင်စေသော အခါတွင် ယခုဖော်ပြမည့် လေတပ်ရဲ့ မဲဇာရွာလေး ပေါ်ပေါက် လာခဲ့ပါတော့တယ်။

ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်ကို ၂၀၀၄ ခုနှစ် မတ် လတွင် စတင် တည်ထောင် ဖွင့်လှစ် စေခဲ့ပါတယ်။ စတင်တည်ထောင် စဉ်က ဒုဗိုလ်မှူးကြီး တစ်ဦးအား လေတပ်စခန်းအသီးသီးမှ အဆိုးဆုံးသော၊ အပယ်ခံအဖြစ် သတ်မှတ်ထားသော စစ်သည်(၃၀)ဦးတို့ဖြင့် ပြင်ဆင်ပြီးစ အရှည် ၁၂၀၀၀ ပေရှိ ဟုမ္မလင်း လေယာဉ်ကွင်းနှင့် ကပ်လျက်တွင် နေရာချ ဖွင့်လှစ် စေခဲ့ပါတယ်။ လေတပ်စခန်း ဌာနချုပ်ဟုသာ အမည်ရ ဆိုသော်လည်း အဆောက်အဦးများ မရှိဘဲ ၂၀၀၇ ခုနှစ်အထိ လေယာဉ်ကွင်းအနီး မှ ခမရ-၁၁၁ ရှိ လိုင်းခန်းများတွင်သာနေရင်း တည်ဆောက်မှုများ ဆောင်ရွက်ခဲ့ကြရပါတယ်။

အပိုင်း(၂)

ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်(သို့မဟုတ်)ခေတ်သစ်မဲဇာလေတပ်ရွာ- အပိုင်း(၂)

၂၀၀၇ ခုနှစ် အလယ်ပိုင်းတွင် Bell-205 နှစ်စီးနှင့် Bell-212 တစ်စီးပါဝင်သော အမှတ် (၈၇) ရဟတ်ယာဉ်အုပ်အား မြေပြင်အတတ်သင် လေတပ်စခန်းမှ ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်သို့ ပြောင်းရွှေ့စေပြီး ပျံသန်းရေး စတင်နိုင်ခဲ့ပါတယ်။ ၂၀၀၄ မှ ၂၀၀၈ အတွင်း ခေတ္တလေတပ်စခန်း ဌာနချုပ်မှူး အမည်ခံအုပ်ချုပ်ရတဲ့ ဒုဗိုလ်မှူးကြီးများဟာ လေတပ်စခန်း ဧရိယာအတွင်းမှ သစ်ပင်ကြီးများအား ခုတ်လှဲရောင်းချခြင်း၊ တပ်နယ်ရဲ့ ရွှေမျှောလုပ်ပိုင်ခွင့်များရယူခြင်း၊ GE တပ်နှင့် ပေါင်းလျက် ဆောက်လုပ်ခွင့်ရရှိတဲ့ အဆောက်အဦးများရဲ့ အရည်အသွေးပေါ်မှ အမြတ်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့သလို၊ တပ်မတော်(လေ)ရဲ့ လေတပ်စခန်း အသီးသီးမှ ပြစ်မှုများတဲ့ အရာရှိ/ စစ်သည်များ၊ ကွပ်ကဲမှု အဆင်မပြေတဲ့ အရာရှိ/ စစ်သည်များ၊ အကြောင်းအမျိုးမျိုးကြောင့် အကြီးအကဲများနှင့် အဆင်မပြေတဲ့ အရာရှိ/ စစ်သည်များအား “ ဟုမ္မလင်းရောက်သွားချင်လား ” ဟူသော ခြိမ်းခြောက်မှုနှင့်အတူ ပြောင်းရွှေ့ရောက်ရှိလာကာ အင်အား ၁၃၀ ခန့် ရှိလာခဲ့ပါတယ်။
အဲဒီအချိန်ထိ ကာကွယ်ရေးဦးစီးချုပ်(လေ)ဟာ ဟလခ ခေါ် ဟုမ္မလင်း လေတပ်စခန်း ဌာနချုပ်သို့ တခေါက်မှ မရောက်လာခဲ့ဘဲ၊ မိသားစုများ သက်သာချောင်ချိရေးအတွက် တခုတည်းသော ဆက်သွယ်ထောက်ပံ့မှု ဖြစ်တဲ့ Y-8 လေယာဉ်ကြုံကိုပင် ၂ လ တခေါက် ပုံမှန်လာရောက်ခြင်း မရှိခဲ့ပေ။ ၂၀၀၈ နှစ်လည်ပိုင်းတွင်မှ ဗိုလ်မှူးချုပ် ဇော်ထွန်းအား ဟလခ ဌာနချုပ်သို့ တာဝန်ပေး ပြောင်းရွှေ့စေခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာလည်း ဗိုလ်မှူးချုပ် ဇော်ထွန်းဟာ မြစ်ကြီးနား ဌာနချုပ်မှူးအဖြစ် တာဝန်ယူနေစဉ် ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့် မပြေမလည်ဖြစ်ကာ အပြစ်ပေးတဲ့ အနေဖြင့် ဟုမ္မလင်းသို့ အပို့ခံရခြင်းဖြစ်ပါတယ်။
ဒါကြောင့် တပ်မတော်(လေ)တွင် အရာရှိ/ စစ်သည်အားလုံး မကြားလို၊ မသွားလိုတဲ့ ဟုမ္မလင်း လေတပ်စခန်း ဌာနချုပ်ဖြစ်ပြီး နောက် လေတပ် မဲဇာတစ်ခုကတော့  မလခ ခေါ် မြိတ် လေတပ်စခန်းဌာနချုပ်တို့ ဖြစ်ပါတယ်။ အထက်မှာ တင်ပြခဲ့သလို လေတပ်စခန်း အသီးသီးမှ ဆိုးသွမ်းသည်ဟု အမည်ထွက်တဲ့ ဌာနချုပ်မှူး/ စခန်းမှူးများမှ Black List ဟု သတ်မှတ်တဲ့ အရာရှိ/ စစ်သည်တို့ အနေဖြင့် အဆင့်တိုးရန်အတွက်ဖြစ်စေ၊ ပြောင်းရွှေ့ရန်အတွက်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ ပြောင်းရွှေ့ရန်ရှိလာပါက ပထမဦးစားပေးသည် ဟလခ၊ ဒုတိယ ဦးစားပေးသည် မလခ ဖြစ်ပါတယ်။ မလခသို့ရောက်သူဟာ အပြစ်သေးငယ်သူဖြစ်ပြီး၊ ဟလခ သို့ ရောက်သူဟာ ပြစ်မှုကြီးမားသူ/ ချောင်ထိုးခံရမည့်သူဟု အလွယ်တကူ နားလည်နိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ အဲဒီဌာနချုပ် ၂ ခုလုံးသို့ ရောက်သူ အရာရှိ များဟာ (ဌာနချုပ်မှူးများ အပါအ၀င်) ချောင်ထိုးခံရသူများဟု အသိပေးလိုက်သလို၊ စစ်သည်များဆိုလျှင်လည်း သုံးမရသူ၊ မူးယစ်မှု၊ ခွင့်မဲ့ပျက်ကွက်မှု စတဲ့ ပြစ်မှု အမျိုးမျိုးဖြင့် ပြဿနာရှာသူ၊ တပ်မှူး/ စခန်းမှူး/ အုပ်မှူးများနှင့် မပြေလည်သူများသာ ဖြစ်ပေရာတပ်အသီးသီးမှ ဆိုးသွမ်းစစ်သည်များနှင့် အကြောင်းမျိုးမျိုးကြောင့် ချောင်ထိုးခံရမည့် အရာရှိများ ဆုံဆည်းရာ အပယ်ခံရွာများသဖွယ် ရှိနေပါတယ်။ အရာရှိများအတွက် Officiating ဖြင့် ရောက်သည့်တိုင်အောင် မကောင်းတတ်၍ ပေးရသောသူများ/ မကြာခင် ချောင်ထိုးတော့မည့် သူများကိုသာ တာဝန်အမှန်တကယ် ထမ်းဆောင်ရန် သွားရောက် စေပါတယ်။တက်လမ်း ရှိသူများဆိုလျှင် တာဝန်လက်ခံသော သတင်းပေးပို့မှု အဖြစ်သဘောသာ ရက်ပိုင်းမျှသာ နေစေပြီး အကြောင်းအမျိုးမျိုးပြကာ အခြားတပ်များသို့ ပြန်တွဲဘက်စေသည်အထိ ကကလေမှ ဘက်လိုက်မှု ရှိခဲ့ပါတယ်။ ကိုယ်တိုင် အပယ်ခံနယ်မြေအဖြစ် သတ်မှတ်ထားသည့် ဘူမိနက်သန် အောင်မြေမှန်သော “ခေတ်သစ်မဲဇာ”နှင့် “ကမ်းရိုးတန်းမှ တကျွန်းစခန်း” သဖွယ် မြိတ် လေတပ်စခန်း ဌာနချုပ် ၂ ခု ဖြစ်ပါတယ်။

မလခ-မြိတ် လေတပ်စခန်းဌာနချုပ်ဟာ လေကြောင်းခရီးဖြင့်သာ အဆင်ပြေပြေသွားလာနိုင်ခြင်း၊ ကုန်းလမ်းခရီးဟာ ထားဝယ်အထိသာ အဆင်ပြေပြီး ထားဝယ်-မြိတ် လမ်းကြောင်းသည် လည်းကောင်း ရေး-ထားဝယ် လမ်းကြောင်းသည်လည်းကောင်း လုံခြုံမှုမရှိခြင်း၊ တလ ၂ ခါသာ ထွက်သော ကြယ်ငါးပွင့်ရဲ့ ရေလမ်းခရီးဟာ အချိန်ကြာမြင့်ပြီး အဆင်မပြေခြင်း၊ မည်သည့် လမ်းကြောင်းမှ သွားသည်ဖြစ်စေ အနည်းဆုံးကုန်ကျစရိတ် ၃ သောင်းထက် မနည်းကုန်ကျခြင်း စတဲ့ သွားလာမှု အဆင်မပြေခြင်း၊ လိုင်းခန်းလုံလောက်စွာ မရှိခြင်းနှင့် ရေ/မီး မပြည့်စုံခြင်းတို့ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ မြိတ်မြို့နှင့် နီးကပ်စွာတည်ရှိပြီး လုပ်ကိုင်စားသောက်တတ်ပါက မိသားစုအတွက် ဒုက္ခအကြီးအကျယ် မရောက်နိုင်သောကြောင့် ဟုမ္မလင်း လောက် မကြောက်ကြ ဟု ဆိုပါတယ်။ အရာရှိ/စစ်သည် အများစုမှာ မိသားစု မခေါ်ထားပဲ မိမိတဦးသာ အဆင်ပြေသလို ရိပ်သာ များတွင်တွဲကာ နေထိုင်ရင်း စစ်သည်များဆိုလျှင် ၃ နှစ် ပြည့်သည်နှင့် ပြောင်းရွှေ့ခွင့်တင်ရန် ကြိုးစားခြင်း၊ အရာရှိများ ဆိုလျှင်လည်း တပ်မှထွက်ရန် နည်းမျိုးစုံဖြင့် ကြိုးစားခြင်းတို့ ဆောင်ရွက်နေသော ဌာနချုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်လျှင်မူ မလခ သို့လည်း မည်သူမှ မသွားချင်ကြပါ။ အကြောင်းသင့်လျှင် မလခ ဟူသော ကမ်းရိုးတန်းမှ တကျွန်းစခန်း အကြောင်းကို တင်ပြပေးပါဦးမည်။

အပိုင်း (၃) ကို နောက်တစ်ပတ်တွင် ဆက်လက်ဖော်ပြသွားပါမည်…

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: