အမေရိကန်တွေ ဘာကြောင့် စောစော သေကုန်တာလဲ….


 

ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ပျမ်းမျှ လူ့သက်တမ်းဟာ အံ့သြဖွယ် ကောင်းလောက်အောင် အခြား ယူကေ၊ ဂျပန် ၊ ကနေဒါ ၊ သြစတြေးလျနိုင်ငံတို့ရဲ ပျမ်းမျှ သက်တမ်းအောက် နိမ့်နေတာကို တွေ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုရှိ အမျိုးသားတွေရဲ့ ပျမ်းမျှသက်တမ်းဟာ ၇၅ နှစ် ဖြစ်ပါတယ်။ လေ့လာမှုအသစ်အရ  အမေရိကန် အမျိုးသားတွေထက် ဗြိတိန်မှ အမျိုးသား တွေဟာ ၁.၅ နှစ်၊ သြစတြေးလျ အမျိုးသားတွေဟာ ၃.၅ နှစ် သက်တမ်းပိုရှည်တာ တွေ့ရပါတယ်။

အမေရိကန် အမျိုးသမီးတွေရဲ့ ပျမ်းမျှ သက်တမ်းကတော့ ၈၁ နီးပါး ဖြစ်ပါတယ်။ သြစတြေးလျက အမျိုးသမီးတွေကတော့ ယေဘုယျအားဖြင့် သူတို့ထက် ၃ နှစ်လောက် သက်တမ်းပိုရှည်စွာ နေနိုင်တာကို တွေ့ရပါတယ်။

ဆီတယ်ရှိ ၀ါရှင်တန် တက္ကသိုလ်နဲ့ လန်ဒန်အင်ပါရီယယ် ကောလိပ်ရှိ သုတေသီတွေရဲ့ အစီရင်ခံစာအရ အမေရိကန်တို့ရဲ့ ပျမ်းမျှသက်တမ်းဟာ ဆက်လက်တိုးတက် နေတယ် လို့ဆိုပါတယ်။ ဒါပေမဲ့ ဒီတိုးတက်မှုဟာ အခြားသော အနောက်နိုင်ငံတွေရဲ့ တိုးတက်မှုလောက် မမြန်တဲ့အတွက် နိုင်ငံတွေကြားက ကွာခြားမှုဟာပိုမို ကျယ်ပြန့် လာနေတာကို တွေ့ရပါတယ်။

စစ်တမ်းတွေအရ အမေရိကန်ပြည်ထောင်စုရဲ့ ပျမ်းမျှလူ့သက်တမ်းဟာ ကမ္ဘာ့အဆင့် ၃၈ မှာရှိ နေပါတယ်။ သုတေသီတွေရဲ့ အဆိုအရ ဒါဟာ နိုင်ငံရဲ့ အရွယ်အစား၊ လူမျိုးကွဲပြားမှု၊ ဒါမှမဟုတ် စီးပွားရေး အခြေအနေတွေနဲ့ တိုက်ရိုက်သက်ဆိုင်မှု မရှိတာတွေ့ရပါတယ်။ အ၀လွန်ခြင်း ၊ ဆေးရွက်ကြီးသုံးစွဲမှုနဲ့ အခြားသော အန္တရာယ်ရှိတဲ့ အမူအကျင့် တွေကသာ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံတွေကြား ကွာခြားမှု ဖြစ်ပေါ်စေတဲ့ အကြောင်းချက်တွေ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ပြည်ထောင်စုဟာ အခြားနိုင်ငံတွေထက် သက်တမ်းနိမ့်နေတာဟာ အံ့သြစရာတော့ မဟုတ်ပါဘူး၊ အခြားနိုင်ငံတွေရဲ့ နောက်မှာ အတော်များများ ပြတ်ကျန်ခဲ့တာသာ အံ့သြစရာပါ” လို့ ၀ါရှင်တန် တက္ကသိုလ်ရဲ့ ကမ္ဘာ့ကျန်းမာရေး ဆိုင်ရာ ပါမောက္ခ ဒေါက်တာ အလီမွတ်ဒက် ကပြောပါတယ်။

သူက “ သြစတြေးလျကို ကြည့်လိုက်စမ်းပါ။ သူတို့နိုင်ငံမှာ လာရောက်ရွှေ့ပြောင်းနေထိုင်သူတွေ အများကြီးပါပဲ၊ ပြီးတော့  အမေရိကန်လိုပဲ ဒီနိုင်ငံမှာ အ၀လွန်ခြင်းဟာ ပြဿနာတစ်ရပ် ဖြစ်နေဆဲပါ ၊ ဒါပေမဲ့ သြစတြေးလျရဲ့ ပျမ်းမျှ လူ့သက်တမ်းဟာ အလျင်အမြန်မြင့် တက်နေပြီးတော့ ပျမ်းမျှလူ့သက်တမ်းအရှည်ဆုံး နိုင်ငံတွေထဲမှာ တစ်နိုင်ငံအဖြစ် တည်ရှိနေပါတယ်” ။

ဒါဆို အမေရိကန်ပြည်ထောင်စုရဲ့ အဓိကပြသနာကဘာလဲ ။

“အမေရိကန်ရှိလူ ၅ ယောက်အနက် ၁ ယောက်ဟာ ဆေးလိပ်သောက်ခြင်း တစ်ခုတည်းကြောင့် သေဆုံးနေပါတယ်လို့ သုတေသနတွေအရ တွေ့ရှိရပါတယ်။ သို့ပေမယ့်လည်း အမေရိကန်ပြည်ထောင်စုဟာ စီးကရက်ကြေငြာနဲ့ အများနဲ့သက်ဆိုင်တဲ့နေရာမှာ ဆေးလိပ်သောက်သုံးမှုတွေကိုပိတ်ပင်တားမြစ်ရာမှာ သြစတြေးလျလောက် တင်းကြပ်ခြင်း မရှိသေးတာ တွေ့ရပါတယ်” ။

သူကထပ်ပြီးတော့ “ သြစတြေးလျဟာ ကျန်းမာရေးပညာပေး နဲ့ ကြိုတင်ကာကွယ်ကုသမှုစတဲ့ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုကို အထူးဂရုပြုအလေးထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်တိုက်မှုကြောင့် သေဆုံးရမှုကိုလည်း ကောင်းမွန်စွာလျော့ချနိုင်တာ တွေ့ရပါတယ်” ဖြည့်စွက်ပြောကြားခဲ့ပါတယ် ။

“အမေရိကန်ရှိ လူ ၆ ယောက်မှာ ၁ ယောက်ဟာ သွေးတိုးကြောင့် သေဆုံးနေရပါတယ်။ တကယ်လို့သာ နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ ဆားကိုသာ လျှော့စားခဲ့မယ် ဆိုရင် တစ်နှစ်တစ်နှစ်ကို သေဆုံးတဲ့ အသက်ပေါင်း ၁၀၀,၀၀၀ လောက်ကိုလည်း လျှော့ချနိုင်မယ်” လို့ ဒေါက်တာ မွတ်ဒက်က အကြံပေး ပြောဆိုခဲ့ပါတယ် ။

နောက် အရမ်းအရေးကြီးတဲ့ အချက်တစ်ချက်ကျန်ပါသေးတယ်။ ဒါကတော့ အမေရိကရှိ အရွယ်ရောက်ပြီး သူတွေအနက် ၃ ယောက်မှာ ၁ ယောက်က အ၀လွန်နေတာပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရှိလူတွေထက် ယေဘုယျအားဖြင့် ၁၀ ဆမျှ အ၀လွန်နေတယ်ဆိုတဲ့ စံနှုန်းဟာ ဂရုပြုအလေးထားရမယ့် အချက်တစ်ချက် ဖြစ်နေပါတယ် ။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုဟာ အရမ်းကြီးမားတဲ့ နိုင်ငံတစ်ခု ဖြစ်တဲ့အတွက် နေရာဒေသပေါ်မူတည်ပြီး လူ့သက်တမ်းတွေဟာ ပြောင်းလဲမှု ရှိပါသေးတယ်။ မစ္စစပီဒေသမှာရှိတဲ့ အမျိုးသားတွေရဲ့ ပျမ်းမျှသက်တမ်းဟာ ၆၇ နှစ်ပဲ ရှိတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံထက် နိမ့်နေတာ တွေ့ရမှာပါ။ ဖရော်ရီဒါ ရှိအမျိုးသမီးတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ လူ့သက်တမ်းအမြင့်ဆုံး ဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ သက်တမ်းကို မှီတာတွေ့ရပါတယ်။

ဒီလို မတူညီမှုတွေဟာ အမေရိကန်က အခြားနိုင်ငံတွေရဲ့နောက်မှာ ဘာကြောင့်ကျန်ခဲ့လဲဆိုတာကို အဖြေရှာဖို့ အကူအညီပေးနိုင်လိမ့်မယ်လို့ အခိုင်အမာယုံကြည် ကြောင်း ယူကေရှိ ရှက်ဖီးတက္ကသိုလ်မှ ပါမောက္ခ ဒင်နီဒေါလင်းက ဆိုပါတယ်။ သူက ဆင်းရဲချမ်းသာမှု ကွာခြားချက်နည်းပါးမှုကလည်း အသက်ရှည်မှုကို ဖော်ဆောင် နိုင်ကြောင်း ယုံကြည်ပါတယ်။

စိတ်ဖိစီးမှုကလည်း အမေရိကန်ပြည်ထောင်စုမှာ ပြသနာတစ်ရပ်အနေနဲ့ ရှိနေဆဲပါ ။

ဆင်းရဲတဲ့ အမေရိကန်နိုင်ငံသားတွေဟာ မညီမျှမှုတွေကြောင့် အခွင့်အရေးတွေလက်လွတ်ရတယ်ဆိုရင် ချမ်းသာတဲ့ သူတွေလည်း ဒီလိုပဲ ခံစားရမယ်လို့ ဒေါက်တာ ဒေါလင်းက ဆွေးနွေးထားပါတယ် ။

“၀င်ငွေမြင့်မားတဲ့ မိသားစုတွေဟာလည်း ဆိုးဝါးစွာထိခိုက်ခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ မိသားစုဆရာဝန်တွေဟာ သူတို့ရဲ့ ကျန်းမာရေး အခြေအနေ ကို အဓိကစိတ်ဝင်စားကြတာ မဟုတ်ပါဘူး။ ဆရာဝန်တွေဟာ သူတို့ရဲ့ဝင်ငွေဖြောင့်ဖို့အတွက်ပဲ အလုပ်လုပ်ကြလို့ပါ”  လို့ သူက ဆိုပါတယ်။

ဒါဟာ ကျွန်တော့်အနေနဲ့ တမင်သက်သက် တင်ပြဆွေးနွေးနေတာ မဟုတ်ပါဘူး ။ ဆရာဝန်တွေဟာ ဆေးတွေနဲ့ ကျန်းမာရေးဆိုင်ရာ ဆေးစစ်တဲ့ အလုပ်အပေါ် ပိုမိုသုံးနိုင် တဲ့ လူနာတွေနဲ့ဆိုရင် ၀င်ငွေပိုမို ဖြောင့်ဖြူးပါတယ်။ ဆေးကုသမှုကောင်းမွန်စွာခံယူခွင့်ရတဲ့ ယူကေက လူချမ်းသာတွေဟာ ယူအက်စ်က လူချမ်းသာတွေထက် အသက် ရှည်ရှည်ပိုနေနိုင်တာကိုလည်း တွေ့ရပါတယ်။ ယူကေမှာ ၁၉၇၀ ခုနှစ်လောက်က စပြီးတော့ ၀င်ငွေကွာခြားမှု မြင့်တက်လာတာနဲ့ အမျှ ဥရောပရှိလူတွေရဲ့ ပျမ်းမျှ သက်တမ်းဟာလည်း ကျဆင်းလာစေတယ်” လို့ ဒေါလင်းက ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူ့သက်တမ်းဆိုတာ အသစ်အသစ်မွေးဖွားလာတဲ့ ကလေးတွေအတွက် ပြုလုပ်တဲ့ ခန့်မှန်းမှုတစ်ခုမှသာ မဟုတ်တာတော့ သေချာပါတယ် ။

လူ့သက်တမ်း ၆၅ နှစ်သာရှိတဲ့ အချိန်တွေကို ပြန်ကြည့်လိုက်ပါ။ အမေရိကန်ရဲ့ ဆောင်ရွက်ချက်တွေဟာ  မဆိုးပါဘူးလို့ မြောက်ကာရိုလိုင်းနားရှိ လူထုကျန်းမာရေး စင်တာမှ စုံစမ်းရေးအရာရှိ ရှက်တလာနာ ကဆိုပါတယ်။

“သက်ကြီးရွယ်အို အမေရိကန်တွေအတွက် အခြားချမ်းသာတဲ့ ဖွံဖြိုးပြီး နိုင်ငံတွေနဲ့စာရင် နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ကြောင့် သေဆုံးရမှုနည်းပါးတယ်” လို့ သူမက ဆိုပါတယ် ။ အခြားနိုင်ငံတွေထက် ပျမ်းမျှသက်တမ်းနောက်ကျကျန်ခဲ့တဲ့ အကြောင်းရင်းကို ငယ်ရွယ်တဲ့လူတွေကြားမှာ ပိုတွေ့ရပါတယ်။

မွေးကင်းစကလေးတွေရဲ့ သေဆုံးမှုနှုန်းဟာလည်း မြင့်မားနေဆဲ ဖြစ်တယ်” လို့သူမက ထောက်ပြသွားပါတယ်။ “ဒါက ဆေးဘက်ဆိုင်ရာ နည်းစနစ်ပြသနာကြောင့် မဟုတ်ပါဘူး ။ ဆေးကုသမှုခံယူခွင့်နဲ့ ပတ်သက်ပြီးတော့ ချို့ယွင်းချက်ရှိလို့ပဲဖြစ်ပါတယ် ။ ဒါကြောင့် လူတိုင်းအတွက် ကျန်းမာရေးဆိုင်ရာ ဆေးဝါးနဲ့သက်ဆိုင်တဲ့ အာမခံ စနစ်ဟာ အထောက်အကူပြုလိမ့်မယ်” လို့သူမက ဆိုသွားပါသေးတယ် ။

ဒါဟာ ၂၀၁၀ မတ်လမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပြန်လည်ပြင်ဆင်မှုကို  ဥပဒေအဖြစ်တည်ရှိလာဖို့ မျှော်လင့် နေကြဆဲဆိုတာပြသ နေပါတယ် ။ တကယ်လို့ ၂၀၁၄ မှာ ဒီဥပဒေက တရားဝင်ဖြစ်လာခဲ့ရင်  အမေရိကန်ရှိ အရွယ်ရောက်သူတိုင်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အာမခံမှုကို အခွင့်ခံစားစေမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီတွေးထင်ယူဆချက်ဟာ အငြင်းပွားစရာ ဖြစ်နေဆဲ ဖြစ်သလို့ အမေရိကန်ရှိ တရားရေးဌာနမှလည်း ဥပဒေအဖြစ် ပြဌာန်းဖို့ လက်မှတ်မထိုးသေးပါဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါအချက်တွေကို ပြင်ဆင်ဖို့ တရားရုံးတွေကတဆင့် ကြိုးစားနေဆဲ ဖြစ်ပါတယ်။

သုခသခင်

Source: BBC http://www.bbc.co.uk/news/world-us-canada-14070090

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: