မေမေ ဖြစ်ချင်သော သမီးလေးသို့


သမီးလေး ဆောင်းနှင်းမြူး ဖွင့်ထားတဲ့ ပြတင်းတံခါး ကနေ ယင်ကောင်တွေ ဝင်လာပြီ၊ လုပ်ကြပါဦး အရပ်ကတို့ရေလို့ အရင် တစ်ပတ်က ဦးဦးတပ်လှန့် သတိပေး ခဲ့တယ်နော်။ သမီးလေးနှင်း ကလည်း ဦးဦးကို မေးခွန်းလေး တစ်ခွန်းမေးလာခဲ့တယ်။ ဦးဦးရေ မေမေဖြစ်ချင်တဲ့ သမီးလေးသို့ ဆိုတဲ့ခေါင်းစဉ်နဲ့ သမီးဆီရေးနေတဲ့ မိခင်လောင်းတွေ အကြောင်း အခန်းဆက်ဆောင်း ပါးရှည်ကြီးကို စိတ်ဝင်တစားနဲ့ စောင့်ဖတ် နေခဲ့တာ အခုဘယ်လို ဖြစ်ပြီး ဦးဦး တစ်ယောက် ခေါင်းစဉ် ပြောင်းသွား ရတာလဲ၊ မိခင်လောင်းတွေ အကြောင်း မရေးတော့ဘူးလား၊ မိခင်လောင်းတွေ သူတို့မျှော်နေတဲ့ စာလေးတွေ မဖတ်ရလို့ ပူညံပူညံ လုပ်လာရင် ဘယ်လို လုပ်မလဲတဲ့။

တောင်းပန်ပါတယ် သမီးရယ်။ တကယ်တမ်း ဦးဦးရေးနေတာ ရေးသင့်တာ ရေးရမှာက မိခင်လောင်းတွေအကြောင်း သိကောင်း စရာတွေ။ ဦးဦးက သားဖွားမီးယပ် အထူးကု ဆရာဝန်တစ်ယောက် မို့ဦးဦးရဲ့ ပရိသတ်တွေ ဦးဦးဆီက မျှော်လင့်နေကြမှာကလည်း မိခင်လောင်းတွေ အကြောင်းပဲ ဖြစ်ရမှာ။ ဒါပေမယ့် သမီးရယ် ဦးဦးဟာ ဦးဦး သားဖွားမီးယပ် ဆရာဝန် တစ်ဦးမဟုတ်ဘဲ ဆေးလောက ဇာတ်ခုံထက်က ဇာတ်လမ်းလေးတွေကို ဦးဦးခံစားရတဲ့ အတိုင်း ရင်ဖွင့်ရေးသားတတ်တဲ့စာရေးဆရာတစ်ဦးပါ တစ်ပြိုင်နက်တည်းဖြစ်နေတယ်။

အဲဒီတော့ ဦးဦးရဲ့ စာဖတ်ပရိသတ်လူနာတွေဆီကလည်း ဆေးလောက နဲ့ပတ်သက်လို့၊ ဆရာဝန်တွေနဲ့ ပတ်သက်လို့ရင် ဖွင့်တယ် ပြောရမလား၊ တိုင်တယ်ပဲ ပြောရမလား၊ သူတို့ရဲ့ မကျေမနပ် ဖြစ်ရတဲ့ ခံစားချက်လေး တွေအကြောင်း ရေးထားတဲ့ ပေးစာလေးတွေ ဦးဦးဆီကို မကြာခဏ ဆိုသလိုပဲ ပို့ကြတယ်။ သူတို့ရဲ့ ခံစားချက်လေးတွေကို ဖတ်ရတော့လည်း သူတို့အတွက် ကိုယ်ချင်း စာနာစိတ်နဲ့ မျှဝေခံစားရပြန်တယ်။ ဟုတ်တာပေါ့။ ဦးဦး ကိုယ်တိုင်လည်း လူနာဖြစ်ဖူးတဲ့သူ၊ ကိုယ့်ရဲ့ မိသားစုမိတ်ဆွေ အသိုင်းအဝိုင်းတွေထဲမှာလည်း လူနာတွေ ဖြစ်ခဲ့ဖူးကြတာပဲ။ ဆေးလောက ထဲမှာသူတို့လိုပဲ ရင်ထဲမှာ ထိခိုက်ခံစားရစေတဲ့ ကမောက်ကမ ဒုက္ခရောက် ကြရတဲ့ဖြစ်ရပ်လေးတွေ အများကြီး မဟုတ်လား။

ခုတလောမှာပဲ စာဖတ် ပရိသတ်ကြီးထဲက ကြေကွဲချင်စရာ၊ မခံချင်စရာ ဖြစ်ရပ်လေးတစ်ခုကို ရင်ဖွင့်တဲ့ စာလေး တစ်စောင်ရတယ်။ သူ့ရဲ့အသက် ၃၀ကျော် အရွယ် သမီး အပျိုကြီး တစ်ယောက် ရုတ်တရက် ဗိုက်အောင့်လို့ မိသားစု ဆရာဝန်နဲ့ ပြရသတဲ့။ အာထရာလ်ဆောင်း ရိုက်ကြည့်လိုက်တော့ သားအိမ်ရဲ့ဘေးဘက်က သားဥအိမ်မှာ မသင်္ကာ ချင်စရာ အလုံးအကျိတ်တစ်ခုတွေ့ရတယ်။အသည်းမှာလည်း အဆီဖုံးနေသတဲ့။အထူးကုဆရာဝန်မကြီးကို ညွှန်တာမို့အားကိုးတကြီးနဲ့သွားပြတော့ အဲဒီအလုံးကို မကြိုက်ဘူး။ ဒီတော့ နောက်ထပ်ဆရာမကြီးတစ်ယောက်နဲ့ အာထရာလ်ဆောင်းရိုက်ဖို့ လိုတယ်။ နောက်တစ်လကြာရင် သူညွှန်တဲ့ ဆရာမကြီးနဲ့ အာထရာလ်ဆောင်း ရိုက်ပြီး ပြန်ပြဖို့မှာသတဲ့။ လူနာတွေ ကလည်း ဆရာဝန်မကြီးညွှန်တဲ့ အတိုင်း အိမ်ကို ပြန်လာတယ်။ နောက် ၂ ပတ်၊ ၃ ပတ်လောက် အကြာမှာ ဗိုက်ထဲက မခံမရပ် နိုင်အောင် အောင့်လာတာနဲ့ အရေးပေါ် ဆေးရုံတက် လိုက်ရသတဲ့။ဆေးရုံရောက်လို့ အရေးပေါ် ကုသမှုခံယူပြီး အရင်ကပြခဲ့ဖူးတဲ့ အထူးကုဆရာဝန်မကြီးကို အကြောင်းကြားတဲ့အခါဆရာမကြီးရောက်လာတယ်။ သူတို့ကို အရင်တစ်လက ဆေးရုံတက်ခိုင်းပါလျက်နဲ့ ပြောစကားနားမထောင်ရကောင်းလားလို့ ဆူပူသတဲ့။ ပြီးတော့အခုရိုက်ထားတဲ့ အာထရာလ်ဆောင်းအရဆိုရင် လူနာရဲ့ ရောဂါဟာ မျှော်လင့်ချက်မရှိတော့တဲ့ ကင်ဆာရောဂါရဲ့နောက်ဆုံးအဆင့်ကို ရောက်သွားပြီဆိုတဲ့အကြောင်း လူတွေအားလုံးရှေ့မှာပဲဟောဟောဒိုင်းဒိုင်းကြီး ပြောချလိုက်သတဲ့။ အဲဒီမှာပဲ ဒီလိုသတင်းဆိုးကြီးကိုရုတ်တရက် ကြားလိုက်ရတဲ့ လူနာသမီးလေးခမျာ မခံမရပ်နိုင်လောက်အောင်အကြီးအကျယ် စိတ်ထိခိုက်ခံစားသွားရသတဲ့။ တကယ်တမ်းကျတော့ဆရာမကြီးပြောတာ မှန်ပါတယ်။ အချိန်တိုအတွင်းမှာပဲ ကံဆိုးရှာတဲ့ သမီးလေးဟာ ကင်ဆာရောဂါဆိုးကြီးရဲ့ ဒဏ်ချက်ကြောင့်သေမင်းခေါ်ရာနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားခဲ့ရသတဲ့။ဒီဖြစ်ရပ်လေးကို ဦးဦးပြောပြပြီး စာရေးရင်ဖွင့်တဲ့အခါ ဦးဦးမှာလည်း ကိုယ်ချင်းစာနာစိတ်နဲ့ ကြေကွဲဝမ်းနည်းရတယ်။ အဲဒီအခါကျ ဦးဦး ဘာလုပ်ရမလဲကွယ်။

ဒီလူမျိုး ဖြစ်ရပ်တွေများစွာနဲ့ လူနာတွေ၊ စာဖတ်ပရိသတ်တွေရဲ့ ရင်ဖွင့် တိုင်တန်းစာလေးတွေ အများကြီးကို ဖတ်ရတော့ ဦးဦးရင်ထဲ ထိခိုက် ခံစားရပြန်တယ်။ ဦးဦးလို ဆရာဝန်တစ်ဦး အတွက် ဒီစာကလေးတွေဟာ အဖိုးမဖြတ်နိုင်တဲ့ ဘဝက သင်ခန်းစာလေးတွေပဲ ဖြစ်ပါတယ်။ လူနာတွေက ဆရာဝန်ကြီးတွေကို အားကိုးတကြီးနဲ့ သူတို့ ခံစားနေရတဲ့ ဝေဒနာတွေကိုပြသပြီး ကုသမှု ခံယူကြတယ်။ သူတို့လိုချင်တာ၊ မျှော်လင့်တာ၊ တောင့်တတာက ဆရာဝန်ဆီက နွေးထွေးတဲ့အပြုံး၊ ကြင်နာတဲ့နှလုံးသား၊ ချိုသာတဲ့ အားပေးစကားတွေ၊ သူတို့စကားကို အချိန်ပေးပြီး နားထောင်မှုတွေ၊ သူတို့ ခံစားချက်တွေကို မျှဝေခံစားမှုတွေနဲ့ နားလည် ပေးတတ်မှုတွေ၊ ပြီးတော့သူတို့ရဲ့ ရောဂါဇာစ်မြစ် အမှန်ကို တိတိကျကျ ဖော်ထုတ်ပြီး အမြစ်ပြတ် ပျောက်ကင်းအောင် ထိထိရောက်ရောက် ကုသမှုတွေ၊ သူတို့ နားမလည်တဲ့ ရောဂါရဲ့ သဘာဝတွေ၊ ကုသမှုရဲ့ အကျိုးအပြစ်တွေ အားလုံးကို အေးအေး ဆေးဆေးရှင်းပြမှုတွေ တွေ တွေ စတဲ့စတဲ့ ဆန္ဒတွေ၊ ဒါတွေဟာ လူနာတွေ ဘက်က လိုလားချက်တွေ၊ ပြင်းပြတဲ့ ဆန္ဒတွေ၊ ပည့်ဝချင်တဲ့ မျှော်လင့်ချက်တွေပေါ့။

ဦးဦး ဆရာဝန် အနေနဲ့ ဒီလို လူနာတွေဘက်က လိုလားချက်ဆန္ဒ မျှော်လင့်ချက်တွေကို နားလည် စာနာမိပါတယ်။ ဦးဦးကိုယ်တိုင် လူနာ ဖြစ်ရင်လည်း ဒီလိုပဲ ဆရာဝန်တွေဆီက မျှော်လင့်မိမှာ အမှန်ပါ။ အဲသလို လူနာတွေဘက်က ရပ်တည်ပြီး လူနာတွေရဲ့ ခံစားချက်တွေကို မျှဝေခံစားပြီးတော့ မိမိကိုင်ဆောင်ထားတဲ့ ကလောင်တံဖျားမှာ ဒီခံစားချက်တွေကို သူတို့ကိုယ်စား ဖော်ထုတ်ပေးရမလား၊ အဲသလို လူနာတွေဘက်က ခံစားချက်တွေကို အမှန်အတိုင်း ဖော်ထုတ်ပေး ပြန်ရင်ကော ဦးဦး စာရေးဆရာကို ဆရာဝန်တွေက ဘယ်လိုမြင်မလဲ၊ ဦးဦးလုပ်ရပ်ကို ဘယ်လိုများ ကောက်ချက်ချလေမလဲ။ အဲသလို စိုးရိမ် ပူပန်မိပြန်တော့လည်း ကလောင်တံလေးကိုင်ပြီး ထိုင်ငိုင် နေမိပေါ့။

ဒီလိုပါပဲ… ဦးဦးက စာရေးမှန်းသိတော့ ဦးဦးရဲ့ မိတ်ဆွေ သူငယ်ချင်းရောင်းရင်း ဆရာဝန်တွေက ဦးဦးကို ရင်ဖွင့်ကြပြန်တယ်။ ဟိတ်- စာရေးဆရာရေ လုပ်ပါဦး၊ ဆရာဝန်တွေကို ပြည်သူလုထုက အထင်လွဲမှားအောင် အဝါရောင် စာနယ်ဇင်းတွေက အစထောင်၊ ရန်တိုက်ပေးပြီး သူတို့ စာနယ်ဇင်းစောင် ရေတက်အောင် ဖွပေးနေကြတယ်။ ရှေ့နေတွေကလည်း လူနာတွေကို မြှောက်ပေးပြီး တရားတွေစွဲခိုင်း၊ လျော်ကြေးတွေ နင့်နေအောင် တောင်းခိုင်းနေကြတယ်။ တကယ်တမ်းကျတော့ မင်းလည်း သိသားပဲ။ မြန်မာဆရာဝန်တွေ အလုပ်လုပ် နေရတာဟာ ဆူးကြားထဲက ဗူးသီးလို တစ်ခါတလေကျ အကာအရံမရှိ၊ အောက်က ပိုက်ခံမထားတဲ့ ကြိုးတန်းပေါ် လမ်းလျှောက် နေရသလိုမျိုး မဟုတ်လား၊ မင်းလည်း အင်္ဂလန်မှာ အလုပ် လုပ်ခဲ့ဖူးတာပဲ။ ဆရာဝန်နဲ့ လူနာအချိုးက မျှနေတော့ ဆရာဝန်တွေဟာ လူနာကို အလောတကြီး ကြည့်စရာ မလိုဘူး။ တစ်ယောက်ချင်းကို စိမ်ပြေနပြေ အချိန်တွေ အများကြီး ပေးပြီး ကြည့်နိုင်တယ်။ စကားတွေ အများကြီးပြောပြီး ရှင်းပြနိုင်တယ်။ ဆေးရုံမှာ အလုပ်လုပ်တဲ့ အချိန်ကလည်း တိတိကျကျပဲ။ အဲဒီအလုပ်ချိန် ပြီးတာနဲ့ သူတို့ဘာသာ စိတ်ကြိုက် နားချင်နား၊ လျှောက်လည်ချင်လည်၊ မိသားစုနဲ့ အတူနေ၊ ဒါတင်မကဘူး။ မင်းလည်း ကြုံခဲ့တာပဲမဟုတ်လား။ တစ်နှစ်မှာ အနည်းဆုံး ခွင့်တစ်လ မယူမနေရ Holiday သဘောမျိုးအနားယူ အပန်းဖြေရင်း ကမ္ဘာအနှံ့ခရီးထွက်ဖို့ ခွင့်ပေးတယ်။ အဲဒီခွင့်ဟာမယူဘဲနေလို့ကို မရဘူး။ လူတိုင်းလူတိုင်းမယူမနေရ ယူကိုယူရတယ်။ အဲသလိုအနားယူ အပန်းဖြေလိုက်ပြီးတော့မှအလုပ်ကို ပြန်လုပ်စေတာမို့ အလုပ်ခွင်မှာ ပင်ပန်းနွမ်းနယ်ပြီး စိတ်တို ဒေါသထွက်တာနည်းတယ်။ လူနာတွေကမကျေနပ်ရင် ထစ်ခနဲရှိ တိုင်ကြတောကြလျော်ကြေးတောင်းကြတာတွေရှိပေမယ့်သူတို့က ဒါတွေကို ရိုးနေပြီ။ ကိုယ့်ဘက်က မမှားအောင် စနစ်တကျအလုပ်လုပ်တဲ့ နည်းလမ်းတွေ၊ လူနာမှာ ပိုက်ဆံရှိမရှိ ငဲ့ကွက်စရာမလိုဘဲ စက်ပစ္စည်းကိရိယာတွေ၊ ဓာတ်ခွဲခန်းတွေ၊ နည်းပညာအသစ်အဆန်းတွေအားလုံးကို စိတ်ကြိုက်အသုံးချပြီး စိတ်တိုင်းကျ အလုပ်လုပ်လို့ရတယ်။ မတော်တဆလူနာက တရားစွဲပြီး လျော်ကြေးတောင်းပြီဆိုရင်လည်းကိုယ့်ဘာသာ လျော်စရာမလိုဘူး။ဆရာဝန်တိုင်းဟာ ဆရာဝန် အလုပ်ကိုလုပ်တာနဲ့ “Medical Protection Society” ထဲမှာ အဖွဲ့ဝင် ဝင်ထားရပြီး မိမိရတဲ့ လခထဲက အချိုးကျအဖွဲ့ဝင်ကြေး၊ အာမခံကြေး မှန်မှန် ပေးနေရုံပဲ။ တစ်ခုခု ပြဿနာ ဖြစ်လာရင် အဲဒီအဖွဲ့အစည်းက တာဝန်ယူပြီး ဖြေရှင်းပေးမယ်၊ လျော်ကြေးပေးမယ်၊ ကိုင်း-ငါတို့ဆီက မြန်မာ ဆရာဝန်တွေကျတော့ အဲဒီလိုမျိုး ဟုတ်လို့လား၊ ဘဝချင်းက မတူဘူး၊ ဆေးရုံမှာဆရာဝန်တစ်ယောက်ကို လူနာတွေ အများကြီးကြည့်ရတယ်။ OPD  မှာဆရာဝန် တစ်ယောက်ဟာ တစ်မနက်ကို လူနာအယောက် ၁၀ဝ လောက် ကြည့်ရတယ်။ ဘယ်လိုလုပ်ပြီး အချိန်တွေ အများကြီး ပေးနိုင်မလဲ။ ဆေးရုံက အလုပ်ချိန်ပြီးတဲ့ ညနေခင်း သူများတွေ အနားယူချိန်ကျမှ ဆရာဝန်တွေက မိသားစုရဲ့ စားဝတ်နေရေး အတွက် ပြင်ပ ဆေးခန်းတွေမှာ အပိုဆောင်းပြီး အလုပ် လုပ်ကြရပြန်တယ်။ မနက် ကတည်းက စလိုက်တဲ့ အလုပ်ချိန်၊ ညကြီးမိုးချုပ်တဲ့ထိ လူနာတွေ ကြည့်နေရတုန်း၊ ဒီဆရာဝန်ဟာ စက်ရုပ်မှ မဟုတ်ဘဲ၊ စက်ရုပ်ဆိုရင်တောင် မူလီတွေ ချောင်ကုန်လောက်ပြီ၊ ညကြီးမိုးကြီးချုပ်မှ အိမ်ပြန်ရောက်မယ်။ ဘယ်မလဲ နားချိန်၊ မိသားစုနဲ့နေချိန်၊ ဆေးရုံတွေမှာ ဆရာဝန် အင်အားက နည်းပါးလေတော့ တစ်နှစ်ကို တစ်လ လျှောက်လည်ဖို့၊ Holiday သွားဖို့ ဝေလာဝေး၊ ဆရာဝန် နည်းတော့ တစ်ယောက်ကို နှစ်ယောက်၊ သုံးယောက်စာ လုပ်နေရတယ်။ အဲဒီလို လူမျိုးဟာလာသမျှ တွေ့သမျှ လူနာတိုင်းကို ပြုံးပြုံးလေး စိတ်ရှည်လက်ရှည် ဆက်ဆံနိုင်ပါ့မလား။ ရှင်းပြရင်လည်း တစ်ခါလည်း နားမလည်၊ နှစ်ခါလည်း နားမလည်ဆိုတော့ မတော်တဆ အသံမာမာ ပြောရင်တောင် အပေါက်ဆိုးတဲ့ ဆရာဝန်လို့ အပြောခံရမယ်။ လူနာတွေကို ဆေးကုရင်လည်း ပိုက်ဆံမရှိ ချို့တဲ့ဆင်းရဲတဲ့ လူနာတွေကျရင် မိမိမှာရှိတဲ့ မပြည့်မစုံတဲ့ ပစ္စည်း ကိရိယာလေးတွေ နဲ့ပဲမ ဖြစ်ဖြစ်အောင် ကြံဖန်ပြီး ချွေတာ အလုပ်လုပ်ရတော့ အမှားအယွင်းတွေလည်း ပိုတွေ့နိုင်တယ်။ လူနာက မတော်တဆ မကျေနပ်လို့ တိုင်ပြီ၊ လျော်ကြေး တောင်းပြီဆိုရင်လည်း သူတို့နိုင်ငံမှာ လို ကိုယ့်ရှေ့က မားမားရပ်ပြီး ဖြေရှင်းပေး၊ လျော်ကြေးပေးပေးမယ့် အဖွဲ့အစည်းမရှိဘူး။ ကိုယ့်ဘာသာ ရှိသမျှ ပေါင်နှံရောင်းချပြီး လျော်ပေတော့။ ပြေးစရာလည်း မြေမရှိ၊ ပေးစရာလည်း ငွေမရှိရင် ရေမရှိတဲ့ချောင်းထဲ နှာခေါင်းနှစ်ပြီး သေပေတော့ဆိုတာ မြန်မာဆရာဝန်တွေ ဘဝပဲ။ ဘယ်လောက်သနားစရာကောင်းတဲ့ ဆရာဝန်တွေလဲ။ အဲဒီ အကြောင်းတွေကို ပြည်သူလူထု သိအောင် နားလည်အောင် မင်းက စာရေးဆရာ ပီပီ ဆရာဝန်တွေဘက်က မားမားရပ်ပြီး ရေးပေးစမ်းပါဦး” လို့လည်း သူငယ်ချင်းတွေက တောင်းဆို ကြပြန်တယ်။

ကိုင်း- သမီးလေးနှင်းရေ၊ ဦးဦး တစ်ယောက်တော့ဖြင့် တကယ့်ကို ဘေးကျပ် နံကျပ် ဖြစ်နေပြီ။ လူနာတွေဘက်က ရပ်ပြီး ရေးရမလား၊ ဆရာဝန်တွေ ဘက်က ရပ်ပြီး ရေးရမလား၊ ဒုက္ခတော့ လှလှကြီး ရောက်နေပါ ရောလား။ စကားလေး တစ်ခွန်းရှိတယ်။ ကိုယ့်ဘက်က ကြည့်တော့ သူရဲကောင်း၊ သူ့ဘက်က ကြည့်တော့ သစ္စာဖောက်တဲ့။ ဦးဦးကဘာလဲ။ သူရဲကောင်းလား၊ သစ္စာဖောက်လား၊ သမီးကရော ဘယ်လိုထင်သလဲ။

ဦးဦးကို ဝေဖန်အကြံပေးဦးနော်။ ဒေါက်တာ စိုးလွင်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: