ဝိုးတဝါး အရိပ်အောက်က ဂျိမ်းဖောမြေ


ယခင်က ညသန်းခေါင်ယံ အချိန်ထိ ဆိုင်ကယ်မျိုးစုံ၊ မီးရောင်စုံဖြင့် စည်ကားခဲ့သော မြစ်ကြီးနား မြို့ကြီးသည် ည ၉ နာရီ မထိုးခင်တွင် တိတ်ဆိတ် ငြိမ်သက်လျက် သွားလာသူ မရှိဖြစ်နေသည်။ ညလုံးပေါက် သွားလာမှု မပြတ်ခဲ့သော မြစ်ကြီးနား ဘူတာရှေ့တွင်ပင် ည ၈ နာရီကျော်ကျော် အချိန်၌ ဆိုင်ကယ်ကယ်ရီသမား တစ်ယောက်၊ နှစ်ယောက်စသာ ရှိနေသည်။ “ဗလမင်းထင် တံတားကျော်ရင် ကယ်ရီ မလိုက်ရဲဘူး။ ည ၈ နာရီကျော်ရင် အစစ်အဆေးများသလို ကိုယ်တိုင်လည်း မသွားရဲဘူး။ ကြောက်တယ်” ဟု အသက် ၃၂ နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမား ကိုမြင့်ဝင်းက ဆိုသည်။
အဆိုပါ စကားသံမှာ ဇွန်လ နောက်ဆုံးအပတ်တွင် ကချင်ပြည်နယ် မြို့တော်မှ မြစ်ကြီးနားမြို့ပြ၏ အခြေအနေကို ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။ ဇွန်လ ၉ ရက်နေ့မှ စတင်ကာ တပ်မတော် နှင့် KIA တို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် မြစ်ကြီးနား ဒေသခံများမှာ စိုးရိမ်စိတ်တို့ဖြင့် လှုပ်ရှားသွားလာ နေရကြောင်း ကိုလည်း တညီတညွတ်တည်း ပြောဆိုနေကြသည်။ မြစ်ကြီးနား မြို့လယ်ခေါင်ဖြစ်သော အမှတ် (၁) ရဲစခန်းနှင့် မြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနရုံးတို့ ဗုံးကွဲမှု အပြီးတွင် စိုးရိမ်စိတ်တို့ ပိုမို ကြီးမားလာပြီး သက်ဆိုင်ရာ အာဏာပိုင်တို့ကလည်း ည ၈ နာရီနောက်ပိုင်းတွင် အပြင်မထွက်ကြရန် နှိုးဆော်ထားသည့်အတွက် ပိုမို ကြောက်ရွံ့ခဲ့ရကြောင်း ဇွန် ၂၇ ရက်နေ့တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိစဉ် ဒေသခံတို့၏ ပြောဆိုချက်များအရ သိရသည်။

“အိမ်မှာ ဆန်တွေတော့ ဝယ်စုထားတယ်။ ည ၈ နာရီကျော်ရင် အိပ်ပြီ” ဟု မြစ်ကြီးနား မြို့သစ်ရပ်ကွက်တွင် နေထိုင်သော အသက် ၂၈ နှစ်အရွယ် အိမ်ရှင်မ တစ်ဦးက ဆိုသည်။ ယင်းအခြေအနေ ကာလတွင် မြစ်ကြီးနားမြို့၏ အရှေ့ဘက်ကမ်း ဝိုင်းမော်မြို့တွင် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသမှ ရှောင်တိမ်းလာသူများ တစ်ရက်ထက် တစ်ရက် တိုးလာပြီး ဇူလိုင် ပထမ အပတ်တွင် မြစ်ကြီးနားမြို့ပေါ်ရှိ ခရစ်ယာန် ဘုရားကျောင်းအထိ ခိုလှုံရန် ရောက်ရှိလာကြကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။ “ကြောက်စိတ်တော့ လူတိုင်းရှိပါတယ်။ ဒါပေမဲ့ ကြောက်နေပြီး အိမ်တွင်းအောင်း နေလို့မှ မရတာ။ အလုပ်ရှိတော့ လုပ်နေရတာပေါ့” ဟု မြစ်ကြီးနားမြို့ ကမ္ဘောဇဘဏ်မှ အသက် ၂၉ နှစ် အရွယ် ဝန်ထမ်းအမျိုးသမီးက ဆိုသည်။

ယခင်က ဝင်ထွက်သွားလာခွင့်ကို အစစ်အဆေး မရှိခဲ့သော မြစ်ကြီးနား တက္ကသိုလ်သည်လည်း ကျောင်းဝင်ပေါက်ကို တစ်ပေါက်တည်းထားကာ တက္ကသိုလ်ကျောင်းသား မဟုတ်သူများကို လုံခြုံရေး တာဝန်ကျသော ဆရာ၊ ဆရာမက တာဝန်ယူ လက်မှတ်ထိုးပြီးမှသာ ဝင်ခွင့်ရရှိကြောင်း ဇွန်လနောက်ဆုံး အပတ်တွင် မြစ်ကြီးနား တက္ကသိုလ် သို့ သွားရောက်ကာ ကျောင်းပြောင်းရန် လုပ်ဆောင်ခဲ့သော အသက် ၂၆ နှစ် အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။ ယင်းကာလများ၌ မြစ်ကြီးနား – ရွှေဘို လမ်းမကြီး (ပြည်ထောင်စု လမ်းမကြီး) ရှိ ပမ္မတီး ကျေးရွာအတွင်း ကားများကို ဖြတ်သန်းသွားလာခွင့် မပြုခဲ့ဘဲ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်များသာ ခွင့်ပြု ထားကြောင်း မြစ်ကြီးနား – မိုးကောင်း – ဖားကန့်ယာဉ်လိုင်းမှ အသက် ၃ဝ ကျော်အရွယ် ယာဉ်မောင်း ကိုကျော်စွာက ဆိုသည်။

ယင်းကဲ့သို့ ဖြတ်သန်းခွင့်မပြုဘဲ ကွင်းလမ်းမှ သွားလာနေရသည့်အတွက် ခရီးသည်တင်ယာဉ် ကုန်တင်ယာဉ်များအတွက် အခက်အခဲ မရှိသော်လည်း ပမ္မတီးမြို့၏ အနောက်ဘက်တွင် တည်ရှိသော စက်မှုနည်းပညာ တက္ကသိုလ် (GTC) သို့ သွားရောက်ရသည့် ကွင်းလမ်းမှာ ဆိုးရွားလျက်ရှိကြောင်း ယင်းကျောင်းသူ/သားများက တညီတညွတ်တည်း ပြောဆိုနေကြသည်။ “လမ်းက တော်တော်ဆိုးတယ်။ ဗွက်ကြီးပဲ” ဟု ဒုတိယနှစ် Civil ဘာသာရပ် တက်ရောက်နေသူ GTC ကျောင်းသူ တစ်ဦးက ဆိုသည်။ အစိုးရတပ်မတော်နှင့် KIA တို့အကြား အပြန်အလှန် ပစ်ခတ်မှုများကြောင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် လယ်ယာများကို လုပ်ကိုင်ရန် နှောင့်နှေးမှုများ ဖြစ်ခဲ့ရသည်ဟု ဒေသများ၏ ပြောဆိုချက်များအရ သိရသည်။ “တချို့ဆို ထော်လာဂျီတွေ ဝယ်ထားတာ။ အခုအချိန်အထိ လာမယူကြဘူး။ ပိုက်ဆံပေး ထားတာတွေ” ဟု စက်မှု လယ်ယာသုံး စက်ပစ္စည်းများ ရောင်းချသော အရောင်းဆိုင် ဖွင့်လှစ်ထားသူ အသက် ၃၆ နှစ်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။

လယ်ယာလုပ်ငန်း လုပ်ကိုင်ရန် အခက်အခဲနှင့် ပတ်သက်၍ ဝိုင်းမော်မြို့နယ် ခပ်ချိုကျေးရွာမှ အသက် ၅၂ နှစ် အရွယ် လယ်ယာတောင်သူကြီး တစ်ဦးက “ဒုန်းဒုန်းဒိုင်းဒိုင်း ဒီလောက်ဖြစ်နေတာ လယ်လုပ်ဖို့ နေနေသာသာ အပြင်ထွက်ဖို့တောင် ကြောက်နေရတယ်။ ဒီနှစ်တော့ မစိုက်တော့ဘူး” ဟု The Voice Weekly နှင့် မြစ်ကြီးနား မြို့ပေါ်၌ တွေ့ဆုံစဉ် ပြောကြားသည်။

ကချင်ပြည်နယ် အတွင်းရှိ ပြည်သူလူထုအတွက် စားသုံးကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းတို့ စီးဆင်းဖြန့်ဝေသော အဓိကမြို့ဖြစ်သည့် မြစ်ကြီးနားမြို့သို့ တရုတ် – မြန်မာ နယ်စပ် လိုင်ဇာမြို့မှ ကုန်ပစ္စည်းများ ဝင်ရောက်မှု မရှိ၍ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း ဒေသခံတို့၏ ပြောဆိုချက်များအရ သိရသည်။ “စားသုံးကုန်တွေလည်း ဈေးတက် တယ်။ အသုံးအဆောင်တွေလည်း တက်တာပဲ။ သိသိသာသာ တက်တာကတော့ ဆိုင်ကယ်ဈေးနှုန်းနဲ့ ကားဈေးနှုန်းပဲ” ဟု မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်တွင် နေထိုင် သူ အသက် ၂၇ နှစ်အရွယ် ဆိုင်ကယ်ဝယ်ရောင်း လုပ်နေသူက ဆိုသည်။ ဇူလိုင်လ ပထမပတ်တွင် ယခင် ကျပ်လေးသိန်းဝန်းကျင် ပေါက်ဈေးရှိခဲ့သည့် ဝမ်းတူးဖိုက် (၁၂၅) အင်ဂျင်အား မော်တော်ဆိုင်ကယ် (လိုင်စင်မဲ့) များသည် ကျပ်လေးသိန်း ငါးသောင်းအထိ မြင့်တက်ခဲ့ပြီး ကျပ်သိန်း ၁၂၀ ဝန်းကျင်သာ ရှိခဲ့သော ပါဂျဲရိုးယာဉ်များ သည်လည်း မြစ်ကြီးနား လိုင်ဇာလမ်းများ ပျက်စီးကာ သွားလာမှု မရှိသည့်အတွက် ကျပ်သိန်း ၁၅၀ ကျော်အထိ မြင့်တက်ခဲ့ကြောင်း ဝယ်ရောင်းလုပ်နေသည့် လုပ်ငန်းရှင် များထံမှ စုံစမ်း သိရှိရသည်။ “ရန်ကုန်မှာ ကျပ်သိန်း ၇၀ဝ လောက်ရှိတဲ့ ကားတွေ မြစ်ကြီးနားမှာ ကျပ် သိန်း ၆၀ လောက်နဲ့ ဝယ်စီးလို့ရတယ်” ဟု ယုဇနရပ်အတွင်း နေထိုင်သူ အသက် ၂၆ နှစ်အရွယ် ကိုဇာနည်မောင်က ပြောသည်။

ကချင်ပြည်နယ်အတွင်း ဝိုင်းမော်၊ ဗန်းမော်၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဖားကန့်၊ မိုးညှင်း စသော မြို့နယ်များအတွင်း နေရာအနှံ့ အဆက်မပြတ် ဗုံးကြဲ (မိုင်းကွဲ) သော သတင်းများ ကြားနေရခြင်းကြောင့် ဇွန်လ တစ်လလုံး စီးပွားရေး လုပ်ငန်းများ ရပ်နားထားရပြီး ခရီး သွားလာမှုများ မပြုလုပ်ရဲကြကြောင်း ဒေသခံများက တညီတညွတ် တည်း ပြောဆိုနေကြသည်။

“အရင်က သုံးရက်ခန့် ကြိုဝယ်ရင်တောင် ရိုးရိုးလက်မှတ် ရဖို့ခက်တဲ့ ရထားလက်မှတ်က နေ့ချင်းဝယ်ရင်တောင် ထိုင်ခုံတွေ ရနေတယ်။ ရထားစီးတဲ့သူ တော်တော် နည်းသွားတယ်” ဟု ဇူလိုင်လ ၁ ရက်နေ့တွင် မိုးညှင်းမှ မန္တလေးမြို့သို့ ရထားစီးနင်းလာသူ အသက် ၂၇ နှစ် အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။

ကချင်ပြည်နယ်အတွင်း နေထိုင်ကြသော ပြည်သူများအတွက် အရိုက်ခတ်ဆုံးမှာ ရထားလမ်းများ မိုင်းခွဲမှုဖြစ်ကြောင်း အနိုင်ရပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အသက် ၅၂ နှစ်အရွယ် လွှတ်တော် အမတ်တစ်ဦးက သုံးသပ်သည်။ အထက်ပါ ရထားလမ်းပိုင်း မိုင်း (ဗုံး) ပေါက်ကွဲမှုများကြောင့် ခရီးသွားလာရေး နှောင့်နှေးမှုများ ဖြစ်ခဲ့ရသော်လည်း ရထားလမ်းများကို အမြန်ပြုပြင် ဆောင်ရွက်နိုင်ခဲ့ကြောင်း မြစ်ကြီးနားဘူတာမှ အသက် ၄၀ ကျော်ဝန်းကျင် လက်မှတ်စစ် တစ်ဦးက ပြောဆိုသည်။

“ခါတိုင်းဆို လူ ၂၀ ကျော်လောက် ရှိတယ်။ တည်းတဲ့သူ မပြတ်ဘူး။ အခု ၁၀ ယောက်ကျော်ပဲ လာတည်းကြတယ်” ဟု မြစ်ကြီးနား မြို့သစ်ရပ်ကွက်ရှိ ရွှေပင်လယ် တည်းခို ခန်းမှ မန်နေဂျာက ဇွန်လ ဒုတိယပတ် အတွင်းက ဆိုသည်။ ဇွန်လနောက်ဆုံးပတ်တွင် မိုင်းခွဲ (ဗုံးကွဲ) မှုများ အဆက်မပြတ် ကြားနေကြရသော်လည်း ဇူလိုင်လ ပထမ ပတ်တွင် ဟိုပင်မြို့ ဘူတာရုံအနီး ဗုံးပေါက်ကွဲမှု တစ်ခုသာ ကြားသိရကြောင်း မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်တွင် နေထိုင်သော အသက် ၂၈ နှစ်အရွယ် အမျိုးသား တစ်ဦးက ပြောကြားသည်။ “တစ်နေကုန် ဆိုင်ဖွင့်တာ ညပိုင်း ဆိုင်သိမ်းပြီး ည ၈ နာရီလောက်မှာ အပေါင်းအသင်းတွေနဲ့တွေ့ပြီး စကားပြောရတာ။ တခြားစီးပွားရေး အကြောင်းတွေလည်း ဆွေးနွေးရင်းပေါ့။ ခုည ၈ နာရီနောက်ပိုင်း မထွက်ရတော့ ဘာမှ ဆွေးနွေးတိုင်ပင်လို့ မရတော့ဘူး။ အခွင့်အရေး ဆုံးရှုံးတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ အခြေအနေထိပင် ဇွန်လ ၉ ရက်နေ့က စတင်ခဲ့သော အပြန်အလှန် ပစ်ခတ်မှု တိုက်ပွဲများကြောင့် ရှောင်တိမ်းလာသော စစ်ပြေးဒုက္ခသည်များမှာ နေရပ်ဒေသများ သို့ မပြန်နိုင်သေးကြောင်း မြစ်ကြီးနားမြို့နှင့် ဝိုင်းမော် ဒေသတို့ထံ ဇူလိုင် ၇ ရက်နေ့ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။ “ဘယ်သူတွေပဲ ဖြစ်ဖြစ်၊ ဘာအတွက်ပဲ ဖြစ်ဖြစ် အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ချင်တယ်ဆိုရင်  ပြည်သူအတွက် ထိခိုက်မှု ရှိတယ်။ ပြည်သူလူထု မျက်နှာတွေကို ကြည့်ရှု သင့်တယ်” ဟု နိုင်ငံရေးကို စိတ်ဝင်စား လေ့လာနေသည့် စီတာပူရပ်ကွက်တွင် နေထိုင်သော အသက် ၂၄ နှစ်အရွယ် ကချင်တိုင်းရင်းသား လူငယ်တစ်ဦးက ၎င်း၏ အယူအဆကို ပြောပြသည်။

မြစ်ကြီးနား မြို့ပြ၏ နာရီစင်အနီး နံနက်ခင်းပိုင်း သွားလာနေမှုသည် တိတ်ဆိတ်နေကာ ညအချိန်အခါနှင့် မခြား ဖြစ်လာသည်။ တစ်ရက်တာ လှုပ်ရှားမှုအတွက် ကနဦး အစ မြင်ကွင်းဖြစ်ပြီး မည်းညို့မှိုင်းနေသော ဇူလိုင် မိုးရိပ် မိုးငွေ့ကြီးမှာလည်း မြစ်ကြီးနားမြို့ကြီးကို အုပ်မိုးထားသည်။ စစ်ဘေးဒုက္ခသည်တွေ ကတော့ စစ်ရိပ်စစ်ငွေ့ ကင်းသော ငြိမ်းချမ်းရေးကို တောင့်တရင်းသာ …။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: