ရင့်ကျက်သောစိတ် အပိုင်း(၁)-(၂)


အပိုင်း(၁)

လူ့ အဖွဲ့ အစည်းတခုမှာ အန္တရာယ်အရှိဆုံးသူတွေကတော့ သူငယ်နာမစင်တဲ့ လူကြီးတွေပဲ ဖြစ်တယ်လို့  နယူးယောက်စီးတီး တက္ကသိုလ်ရဲ့ ဒဿန ပါမောက္ခ ဟာရီအိုဗာစထရီ (Harry Overstreet ) က ကောက်ချက်ချပါတယ်။  အသက် အရွယ်ကြီး ပေမယ့် စိတ်ဓာတ်နဲ့ အသိ ဉာဏ်ပိုင်းဆိုင်ရာမှာ ကလေးသူငယ်တယောက် လိုပဲ  ဖြစ်နေတဲ့ သူတွေကြောင့် လူ့ လောက ဟာ ဘေးအန္တရာယ်တွေ ၀ိုင်းနေရတယ်လို့  ဆိုလိုချင်ပုံ ရပါတယ်။ သည်လို ကလေးကလား နိုင်တဲ့ လူကြီးတွေအတွက် အခေါ် အဝေါ် တွေက မနည်းပါဘူး။ ကျပ်မပြည့်တဲ့သူတဲ့။  အသက်ကြီးပြီး အချိန်မစီးသူတဲ့။ မကျက်တကျက်ပေါင်မုန့် တဲ့။

လူကြီးတွေက ကလေးသူငယ်တွေမှာ မရှိနိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နေပါတယ်။ အမြင် သာ ဆုံးကတော့ ရုပ်ပိုင်ဆိုင်ရာ ခွန်အားပါ။ ကလေးငယ်တယောက် စိတ်ဆိုးတဲ့ အခါ ဖျက်လို ဖျက်ဆီးလုပ်တတ်သလိုမျိုး လူကြီးတယောက်က စိတ်ဆိုးမာန်ဆိုး ဖျက်ဆီးမယ်ဆိုရင် ပျက်စီးမှု ပမာဏအတိုင်းအတာဟာ ကလေး သူငယ်က လုပ်တာထက် အများကြီး ပိုကြီးမား ပါမယ်။ ဒါကြောင့် သူငယ်နာ မစင်တဲ့ လူကြီးတွေဟာ လောကအတွက် အလွန် အန္တရာယ်ကြီး တယ်လို့  ပြောနေကြ တာပါ။

လူတယောက်ဟာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ သြဇာရှိတဲ့သူ ဖြစ်လာပါတယ်။ မိဘတယောက် ဖြစ်လာတယ်။ ဆရာတယောက် ဖြစ်လာတယ်။ အလုပ်ရှင် တယောက်  ဖြစ်လာတယ်။ အလုပ်သမား ခေါင်းဆောင်တယောက် ဖြစ်လာတယ်။ အရာရှိ တယောက် ဖြစ်လာတယ်။ အကြီးအကဲ တယောက် ဖြစ်လာတယ်။ တစုံတယောက် အပေါ်မှာတော့ သြဇာရှိလာတာပါပဲ။ သြဇာ မရှိဘူးဆိုတဲ့ လူကြီးဆိုတာ ရှားပါတယ်။ ဒါကြောင့် လူကြီး တယောက်ရဲ့ စိတ်ဓာတ်ဟာ အသက်အရွယ်နဲ့ အညီ ဖွံ့ ဖြိုးရင့်ကျက်လာခြင်းမရှိဘဲ ကလေးသူငယ်အဆင့်မှာပဲ ရပ်တံ့နေမယ်ဆိုရင် သူ့ သြဇာအောက်မှာ ရှိတဲ့သူတွေ  ဘယ်လောက် ဆင်းရဲကြမလဲ။

အသက်အရွယ်ကြီးလာတာနဲ့ အမျှ ပိုင်ဆိုင်မှုတွေ များလာပါတယ်။ လက်နက် အသုံး အဆောင်တွေ များပြားလာသလို မိတ်ဆွေသင်္ဂဟတွေ အသင်းအပင်းတွေ များပြား လာပါတယ်။ လူကြီးတယောက်ဟာ လက်နက် အသုံးအဆောင်တွေကို အသုံးပြုပြီး သူ့ ရဲ့ စွမ်းအားကို ချဲ့ ထွင်နိုင်သလို အသင်းအပင်းအဖွဲ့ အစည်းတွေမှာ ၀င်ရောက်ပြီး တယောက်တည်း မလုပ်နိုင်တဲ့ အလုပ်တွေကို စွမ်းဆောင်နိုင်ပါတယ်။ သည်လို စွမ်းအားရှိတဲ့ လူကြီး တယောက်က ကလေးသူငယ်စိတ်ဓာတ်လောက်နဲ့  ဦးဆောင်နေမယ်ဆိုရင် သူဖန်တီးမယ့် ဘေးအန္တရာယ်ဟာ အကန့်အသတ် ရှိမှာ မဟုတ်ပါ။

“နေရာမှန်ကို ရောက်ရှိခဲ့တဲ့ စိတ်ဓာတ်ရင့်ကျက်သူရယ်လို့  ကမ္ဘာ့သမိုင်းမှာ သည်နေ့ အထိ အလုံအလောက် မရှိသေးပါဘူး” လို့  ဂျီဘီ ချစ္စဟုမ်း (G.B. Chisholm) ဆိုတဲ့ စိတ်ကုဆရာ ၀န်တယောက်က  ပြောဖူးပါတယ်။ သူငယ်နာမစင်တဲ့ လူကြီးတွေပဲ နေရာယူထားတာကြောင့် နေရာမှန် လူမှန် ဆိုတဲ့ အခြေအနေမျိုး ရှားပါး နေရတာကို ဆိုလိုချင် ပုံရပါတယ်။

“အတ္တဟိတနဲ့ ပရဟိတကို ဟန်ချက်ညီညီ ဒွန်တွဲဖန်တီးပေးနိုင်တဲ့ စိတ်ဓာတ်ရင့်ကျက်မှုမျိုးကို ပိုင်ဆိုင်ထားတဲ့သူတွေ ယနေ့ အထိ လုံလုံလောက်လောက် မရှိသေးတဲ့ အတွက် လူ့လောက ဟာလည်း ကသောင်းကနင်း ဖြစ်နေရတယ်” လို့  ပါမောက္ခ အိုဗာစထရိက ပြောပါတယ်။

ယနေ့ လူငယ် နောင်ဝယ်လူကြီး ဆိုတဲ့ စကားဟာ သုံးစွဲလွန်းလို့  ဖွတ်ဖွတ်ကြေပြီး စွမ်းအားမဲ့ တဲ့ စကားလုံးတောင် ဖြစ်နေပါပြီ။ ဒါပေမယ့် လူကြီးတယောက်ရဲ့ ဘ၀ကို မလွဲဧကန် ရောက်ရှိ မယ့် လူငယ်တွေအနေနဲ့  “ရင့်ကျက်မှု” ဆိုတဲ့ အသိစိတ်ဓာတ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပြင်ဆင်လေ့ကျင့်တာမျိုးက အလွန် နည်းပါးနေပါသေး တယ်။

နောက်ပြီး အသိစိတ်ဓာတ် ရင့်ကျက်မှုကို သင်ကြားလေ့ကျင့်ပေးတဲ့ ပတ်ဝန်းကျင်ကလည်း ရှားပါးနေပါတယ်။စာသင်ကျောင်းတွေမှာလည်း သည်လို စိတ်ဓာတ် ဖွံ့ ဖြိုးရေးပညာကို စနစ်တကျ လေးလေး နက်နက် သင်ပေးတာမျိုး မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ဆိုရင် ဆရာဝန် အင်ဂျင်နီယာ စတဲ့ အသက်မွေးပညာတွေကိုပဲ ဘ၀ရဲ့ ထိပ်တန်း ရည်မှန်းချက်လို ဖြစ်နေအောင် ပညာရေးလောကက ဖန်တီးပေးနေ ပါတယ်။ သည်လို အတတ်ပညာတွေအပေါ်မှာပဲ အာရုံ  စိုက် နေအောင် သင်ကြားပေးနေတာပါ။ ဒါပေမယ့် ဆရာဝန်ကြီး အင်ဂျင်နီယာကြီး တယောက်ဖြစ် လာရုံနဲ့  အသိစိတ်ဓာတ်က အလိုလို ရင့်ကျက်လာတာ မဟုတ်ပါဘူး။ စိတ်ဓာတ်ရင့်ကျက်မှု  ဆိုတာက လေ့ကျင့်ပွားများ ရတဲ့ ပညာရပ်တခု ဖြစ်ပါတယ်။

ပါမောက္ခ အိုဗာစထရိက ရင့်ကျက်သော စိတ် ( The Mature Mind) ဆိုတဲ့ စာအုပ် တအုပ် ကို ရေးသားခဲ့ပါတယ်။  သည်စာအုပ်မှာ ရင့်ကျက်တဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင် ရရှိဖို့ လိုအပ်ချက် တွေကို ရှင်းလင်းပြထားပါတယ်။ အဓိက တင်ပြထားတာ ကတော့ ရင့်ကျက်မှု ဆိုင်ရာ ကွင်းဆက် သဘောတရား(The Linkage Theory of Maturity) ဖြစ်ပါတယ်။

ရင့်ကျက်သူတယောက်ဖြစ်လာဖို့  ဘ၀နဲ့ ဆက်စပ်နေတဲ့ ကွင်းဆက် ခြောက်ခုကို ပါမောက္ခ အိုဗာစထရိက သည်စာအုပ်မှာ ရှင်းပြထားပါတယ်။

သည်ကွင်းဆက်တွေကတော့ အသိပညာ ကွင်းဆက်၊ တာဝန်ကွင်းဆက်၊ ပြောဆိုဆက်ဆံရေး ကွင်းဆက်၊ လိင်မှု ကွင်းဆက်၊ ကိုယ်ချင်းစာနာမှု ကွင်းဆက်နဲ့ ဒဿနအမြင်ကွင်းဆက်တို့  ဖြစ်ပါတယ်။ သည်ကွင်းဆက်ခြောက်ခုဟာ တခုနဲ့ တခု ဆက်စပ်နေပြီး အပြန်အလှန် အထောက်အပံ့ပြု နေတဲ့အကြောင်း၊ သည်ကွင်းဆက်ခြောက်ခုကို ပြည့်ဖြိုးသန်မာအောင် ကြိုးစား အားထုတ်တဲ့ သူဟာ ရင့်ကျက်တဲ့စိတ်ကို ပိုင်ဆိုင်သူဖြစ်လာမယ့်အကြောင်း အိုဗာစထရိက ပြောပါတယ်။

အပိုင်း(၂)

အသိပညာကွင်းဆက်

လူဟာ အသက်အရွယ်ကြီးမြင့်လာပေမယ့် စိတ်ဓာတ်ရင့်ကျက်တဲ့သူအဖြစ်ကို အလိုလို ရောက်လာတာ မဟုတ်ပါဘူး။ စိတ်ဓာတ်ရင့်ကျက်သူ ဖြစ်လာဖို့ အတွက် လေ့ကျင့်ပွားများ ရမယ့်အရာတွေ

သပ်သပ် ရှိနေပါတယ်။ သည်လို လေ့ကျင့်ပွားများရမယ့် အရာတွေ အကြောင်း ကို ပါမောက္ခ အိုဗာစထရိ (Overstreet) က ကွင်းဆက်ခြောက်ခု သဘောတရား နဲ့ တင်ပြပါတယ်။ သည်ကွင်းဆက်ခြောက်ခုဟာ လူသားရဲ့ ရှင်သန်မှုဘ၀နဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်များ ဖြစ်ပါတယ်။ သူကျင်လည်ရာ ပတ်ဝန်းကျင် ကမ္ဘာလောကကြီးနဲ့ ဆက်စပ် နေတဲ့ ကွင်းဆက်များ ဖြစ်ပါတယ်။ သည်ကွင်းဆက်ခြောက်ခုထဲမှာ ပါဝင်တဲ့ အသိပညာ ကွင်းဆက်နဲ့  ပတ်သက်ပြီး အိုဗာစထရိက သည်လို စတင်ပြောပြပါတယ်။

– လူသည် မည်သည့်အသိပညာမှ မပါဘဲလျက် မွေးဖွားလာသည်။ သို့ သော် မွေးကင်းစ ကလေးငယ်တွင် သဘာဝကပေးသော ဗီဇအသိတချို့ ပါဝင်သည်ကိုမူ ၀န်ခံရမည်။ သူ့  အသက် ရှင်ဖို့ အတွက် မိခင်ဧ။် နို့ ကို မည်သို့ သောက်စို့ ရမည်ကိုကား ကလေးငယ် သိသည်။ ထိုသို့ သော ဗီဇသိမှ လွဲလျှင် အခြားအသိပညာ ဘာမှ မပါရှိ။ သူနှင့် ကမ္ဘာလောကကြီး အကြား မည်သည့် အသိပညာကွင်းဆက်မှ မရှိသေး။ အရေးအဖတ် အတွက်အချက် ကဲ့သို့  သော စွမ်းရည်များကို မဆိုထားဘိ။ အသက်ရှင်ရေးအတွက် လိုအပ်ချက်များကိုပင် ကျယ်ကျယ်ပြန့် ပြန့် မသိသေး။ သူ့ ကိုယ်ပေါ်က ခြုံစောင် ကွာကျသွားလျှင် အအေးမိပြီး နေထိုင် မကောင်းဖြစ်မည်ကိုပင် မသိသေးပေ။ —-

 

ကလေးငယ်မှာ အသိပညာ မပါရှိပေမယ့် အသိပညာကို ရယူနိုင်တဲ့ စွမ်းအားတွေတော့ ပါရှိနေတယ် ၊  ဒါပေမယ့် လူတွေဟာ သည်လို စွမ်းအားကို အသုံးမချနိုင်ဘဲ ၊ အသုံးချရ ကောင်းမှန်း မသိဘဲ သေဆုံးသွားတတ်တယ်လို့  ပါမောက္ခ အိုဗာစထရိက ပြောပါတယ်။

ပတ်ဝန်းကျင် ကမ္ဘာကြီးနဲ့ ဆက်စပ်ဖို့ အတွက် အသိပညာကွင်းဆက်ကို မဖန်တီးရင် ကလေး ဘ၀ ကို ကျော်လွန်ရှင်သန်နိုင်မှာ မဟုတ် ၊  အသိပညာကွင်းဆက်ကို ခိုင်မာ သည်ထက် ခိုင်မာအောင် စဉ်ဆက်မပြတ် တည်ဆောက်နေပါမှ ကလေး ကလား ဆန်တဲ့ စိတ်ဓာတ်ကို ကျော်လွန်ပြီး ရင့်ကျက်သူ ဖြစ်လာမယ်လို့  သူက ဆိုပါတယ်။ ဒါပေမယ့် သူပြောတဲ့ အသိပညာ ဆိုတာက ဗဟုသုတသက်သက်ကို ဆိုလိုတာ မဟုတ်တဲ့အကြောင်း သည်လို  ရှင်းပြပါတယ်။

–  ရင့်ကျက်သူ ဖြစ်လာရန်အတွက် ရူပဗေဒ၊ ဓာတုဗေဒ၊ ဒဿနဗေဒ စသည့် သီးခြား ဘာသာ ရပ်များအားလုံးကို သိရမည်ဟု ဆိုလိုသည်မဟုတ်။ ရင့်ကျက်မှုနှင့် ဗဟုသုတသည် တခြားစီ သာ ဖြစ်သည်။ တောလမ်းတလမ်းပေါ်တွင် လူနှစ်ယောက် လမ်းလျှောက်သွားသည် ဆိုပါစို့ ။ နှစ်ယောက်စလုံးပင် လမ်းဘေးက သစ်ပင်ပန်းပင် များကို မြင်နေရမည်။ တယောက် က ယင်းသစ်ပင်ပန်းပင်တို့ ဧ။် သဘာဝကို သိပြီး ကျန်တယောက် ကတော့ မသိ ဟု ဆိုပါစို့ ။ ထိုအခြေအနေတွင် သိသူကို ရင့်ကျက်သူဟု သတ်မှတ်ပြီး မသိသူကို မရင့်ကျက်သူဟု သတ်မှတ်၍  မရနိုင်ပါ။

– ရင့်ကျက်မှုဟူသည် အသိပညာအပေါ် ထားရှိသည့် သဘောထားနှင့်သာ သက်ဆိုင်သည်။ သစ်ပင်ပန်းပင်တို့ ဧ။် အမည်နာမနှင့်သဘာဝတို့ ကို သိရန်လိုအပ်သည့် ဘ၀အခြေအနေတွင်  သိရန်မလိုအပ်သယောင် သဘောထားလျှင်ကား ထိုသူကို မရင့်ကျက်သူ ဟု သတ်မှတ်ရမည်။ တကယ်မသိပါဘဲလျက် သိဟန်ဆောင်နေလျှင် ထိုသူကို မရင့်ကျက်သူဟု သတ်မှတ်ရမည်။ ကိုယ့်မသိသည့် ပညာရပ်များကို ကိုယ်မသိသည့်အတွက် တန်ဖိုးမရှိသလို နှိမ့်ချပြောဆိုလျှင် ထိုသူကို မရင့်ကျက်သူဟု သတ်မှတ်ရမည်။ သိသင့်သောအရာကို သိလည်း သိနိုင်ပါလျက် မသိလည်း အရေးမကြီးပါဘူးဟုဆိုကာ သိချင်စိတ်ကို ဖျောက်ဖျက်လျှင် မိမိကျင်လည်    နေထို င် ရသော ပတ်ဝန်းကျင်လောကကြီးအပေါ် အရေးမစိုက်သည့် သဘောထား ဖြစ်သည့် အတွက် ထိုသူမျိုးကို မရင့်ကျက်သူဟုပင် သတ်မှတ်ရမည်။ —-

သက်ရှိသတ္တ၀ါတမျိုး ဖြစ်တဲ့ လူသားဟာ အသက်ရှင်ဖို့ လောက်ကိုသာ အာရုံမထားသင့်ဘဲ  ကျန်တဲ့ အသိပညာတွေကိုလည်း အရေးထားပြီး အာရုံစိုက်သင့်တယ်လို့  ပါမောက္ခ အိုဗာစထရိက  ယူဆပါတယ်။ လူမှာ ပါရှိတဲ့ စွမ်းရည်စွမ်းပကားတွေကို အသုံးချရကောင်းမှန်း မသိတဲ့သူတွေကို တိရစ္ဆာန်အဆင့်လောက်ပဲ ရှိတဲ့သူတွေလို့  သူက မြင်ပါတယ်။  လူသားဟာ သူ့ မှာ ပါရှိနေတဲ့ စွမ်းရည်စွမ်းပကားတွေကို အသုံးချပြီး ၊ အသက်ရှင်သန်ဖို့ ထက် ပိုလွန်တဲ့ ပညာရပ်တွေကို တိုးတက်လေ့လာခဲ့တဲ့အတွက်ပဲ တိရစ္ဆာန်လောကထက် တဆင့် မြင့်တဲ့ လူသားလောကကို ရောက်ခဲ့တာလို့  သူက ဆိုပါတယ်။  ရင့်ကျက်မှုရှိတဲ့ လူသားတွေကြောင့်

လူသားလောကဟာ တိုးတက်ဖွံ့ ဖြိုးလာခဲ့ရတယ်လို့ သူက ကောက်ချက်ချရင်း သည်လို ဆက်ပြောပါတယ်။

– လူ သည် အသက်အရွယ်အရရော အဆင့်အတန်းအရပါ လူကြီးတယောက်ဖြစ်လာပြီး သားသမီးများ၊ တပည့်တပန်းများကို ဦးဆောင်ရမည့် အနေအထားကို ရောက်လာပါလျက် ထိုအနေအထားတွင် လိုအပ်သည့် အသိပညာမျိုးကို ရရှိအောင် ကြိုးစားအားထုတ်မှု မရှိလျှင်  မရင့်ကျက်သူ ဖြစ်သည်။

– လူ့ အဖွဲ့ အစည်းအတွင်း နေထိုင်ရသော လူသားတွင် ရွေးချယ်ဆုံးဖြတ်စရာများ အများ အပြား ရှိနေသည်။ မိမိစိတ်ဆန္ဒကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသစရာများ လည်း အများ အပြားရှိနေသည်။ ရပ်ရေးရွာရေး၊ တိုင်းရေးပြည်ရေး၊ ကမ္ဘာကြီးအရေး၊ သဘာဝ ပတ်ဝန်းကျင် အရေး စသော အလွန်အရေးပါတဲ့  ကိစ္စရပ်များတွင် ဆန္ဒပေးရခြင်းများ၊ ပါဝင်ဆုံးဖြတ် ရခြင်း များကို ဆောင်ရွက်ရသည်။ သို့ ပါလျက် သည်လို ကိစ္စရပ်မျိုးကို လေးလေးနက်နက် စိတ်ဝင်စားရကောင်းမှန်မသိဘဲ ပေါ့ပေါ့ တန်တန် သဘောထားနေလျှင် မရင့်ကျက်သူ ဖြစ်သည်။ – – –

လူတယောက်အတွက် ဘ၀မှာ သိစရာတွေ အများအပြားရှိပါတယ်။သည်လို သိစရာတွေကို သိအောင် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်ဖို့ လိုတယ်၊ အသက်ရှင်သန်နေသရွေ့  လိုအပ်တဲ့ အသိပညာကို ဆည်းပူးနေရမယ်လို့  အိုဗာစထရိက ဆိုပါတယ်။ စဉ်ဆက်မပြတ်ပညာရေး၊ သက်ကြီးပညာရေး စတဲ့ ပညာရေးလောကရဲ့ ဖွံ့ ဖြိုးတိုးတက်မှုဖြစ်စဉ်တွေအပေါ်မှာ အိုဗာ စထရိရဲ့ အယူအဆတွေက အလွန်သြဇာရှိခဲ့တာပါ။ လူတယောက်ဟာ အသိ စိတ်ဓာတ်ပိုင်း ဆိုင်ရာနဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာများမှာ ရင့်ကျက်မှုကို ရယူလိုတယ်ဆိုရင် အသိပညာ ကွင်းဆက်ကို စဉ်ဆက်မပြတ် တည်ဆောက် နေရပါမယ်။ အသိပညာကွင်းဆက်ကို တည်တံ့ ခိုင်မြဲအောင် လုပ်ဖို့ စဉ်ဆက်မပြတ် ပညာရေးကို လုပ်ဆောင်ရပါမယ်။ စဉ်ဆက်မပြတ် ပညာရေးကို လက်မခံရင် ဘာဖြစ်မလဲဆိုတာကို အိုဗာစထရိက သည်လို ရှင်းပြပါတယ်။

လက်ရှိပိုင်ဆိုင်ထားသမျှ အသိပညာ ဗဟုသုတလောက်ကို လုံလောက်ပြီဟု ဆုံးဖြတ်ပြီး နောက်ထပ် ဆည်းပူးလေ့လာခြင်းမရှိသူသည် မရင့်ကျက်သူ ဖြစ်သည်။ ထိုသူမျိုးသည် အခြေအနေသစ်နှင့် ရင်ဆိုင်တွေ့ ရသည့်အခါ ဘာလုပ်ရမှန်း မသိတော့။ ပြဿနာ အသစ်များ နှင့် ရင်ဆိုင်ရသည့်အခါ နည်းလမ်းဟောင်းများနှင့်သာ ဖြေရှင်းတတ်သည်။ သို့ ဖြင့် ပြဿနာ မပြေလည်ဘဲ ပိုရှုပ်ထွေးလာခြင်းသာ အဖတ်တင်တတ်သည်။ တရားသေနည်းလမ်း ဟောင်း များနှင့် တရားသေ၀ါဒများက သူ့ ဘ၀ကို ပုံဆောင်ခဲတခုအဖြစ် ဖန်တီးပစ်လိုက်သည်။ သို့  တိုင် သူကတော့ မာနတလူလူ ဖြစ်နေသည်။  ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဘ၀င်မြင့်နေ တတ်သည်။ ဘာမှ ထပ်သိစရာ မလိုအပ်တော့သည့် လူတတ်ကြီးတယောက်လို ကိုယ့်ကိုယ် ကိုယ် ထင်မှတ်နေလေရာ နွားခြေရာခွက်ထဲက ဖားသူငယ်အဖြစ်သို့  ရောက်မှန်းမသိ ရောက်သွားရတော့သည်။

– ကျမ်းဂန်စာပေ တတ်ကျွမ်းသည့် ပညာရှိကြီး ဖြစ်စေကာ ကိုယ့်ကိုယ်ကိုယ် ထင်တလုံး

ဖြစ်နေလျှင် စာမတတ်သည့် လယ်သမားတယောက်နှင့် ဘာမှ မထူးပြီ။ စာမတတ်သည့် လယ်သမားသည်လည်း သူ့ ဖခင် သင်ပေးသမျှနှင့် တင်းတိမ်နေပြီး အသစ်အသစ်သော စိုက်ပျိုးရေးပညာရပ်များကို လေ့လာခြင်းမရှိ ၊ အသုံးချရကောင်းမှန်း မသိသူ ဖြစ်သည်။ စဉ်ဆက်မပြတ်လေ့လာဆည်းပူးခြင်း ကင်းမဲ့သည့် ပညာရှိနှင့် စာမတတ်ပေမတတ် လယ်သမားတို့  နှစ်ယောက်စလုံးပင် မရင့်ကျက်သူများ ဖြစ်သည်။——

ရင့်ကျက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အသိပညာကွင်းဆက်အကြောင်းကို တင်ပြပြီးတဲ့  နောက်မှာ ” အသိပညာကွင်းဆက်ကို တည်ဆောက်ဖို့  ဘာကြောင့် ပျက်ကွက် ကြတာလဲ၊ တည်ဆောက်ပြီးသားကွင်းဆက်ကို ခိုင်မာအားကောင်းလာအောင် ဘာကြောင့် ဆက်ပြီး အားမထုတ်နိုင်ကြတာလဲ ” ဆိုတဲ့ မေးခွန်းကို သူက ဆက်မေးပါတယ်။ ပြဿနာရဲ့ အကြောင်းရင်းများကိုလည်း သည်လို ဆက်ဆွေးနွေးပြပါတယ်။

– အသိပညာကွင်းဆက်ကို တည်ဆောက်ရန် သို့ မဟုတ်  ဘ၀တလျှောက်လုံး စဉ်ဆက် မပြတ်တည်ဆောက်ရန် ပျက်ကွက်ခြင်းမှာ အတွင်းအဇ္ဈတ္တရှိအကြောင်းရင်း များတွင် လည်းကောင်း၊ အပြင် ဗဟိဒ္ဓအကြောင်းရင်းများတွင်လည်း အခြေခံသည်။

– ပုံစံပြရလျှင်  ကလေးဘ၀ကပင် အသိပညာလေ့လာဆည်းပူးချင်သော စိတ်ကို ပိတ်ဆို့ ဟန့်  တားခြင်း ခံခဲ့ရနိုင်သည်။ ” မင်းက ငါ့ထက်သာအောင် ကြိုးစားနေတာပေါ့လေ ဟုတ်လား” ဟု ဖခင်ဖြစ်သူဧ။် ရိသဲ့သဲ့ ထိပါးပြောဆိုမှုမျိုးကို ခံခဲ့ရနိုင်သည်။ ” သည်လို လောကီစာတွေ လေ့လာ နေရင်တော့ ပျက်စီးရုံပဲ ရှိမှာပေါ့” ဟု ဘာသာရေးဆန်သော မိခင်ဧ။် ဝေဖန်ပြောဆိုမှု မျိုးကို ခံခဲ့ရနိုင်သည်။ ” ဆရာ့အချစ်တော် လာပြီဟေ့၊ တို့ ကစားဝိုင်းထဲ မပါစေနဲ့ ” ဟု အတန်းတူ သူငယ်ချင်းများဧ။် ၀ိုင်းပယ်မှုမျိုးကို ခံခဲ့ရနိုင်သည်။ ထိုသို့ ပြုမူပြောဆိုခြင်း ခံခဲ့ ရလျှင် မသိစိတ်အတွင်းတွင် အသိပညာလေ့လာဆည်းပူးမှုကို မုန်းတီးသောစိတ် ကိန်း အောင်း သွားနိုင်သည်။ ကလေးဘ၀တွင် ကိန်းအောင်းသွားသောစိတ်သည် ဘ၀တလျှောက် လုံး သူ့ ကို လွှမ်းမိုးနေမည်။သို့ ဖြင့် အသိပညာကွင်းဆက်ကို တည်ဆောက်ရန် ပျက်ကွက်ရ တော့သည်။

– နောက်တယောက်က ထိုသို့ သော မသိစိတ်မျိုး မရှိ။ သို့ သော် မိဘဆွေမျိုး  အသိုင်းအ၀ိုင်း နှင့် လိုက်လျောညီထွေ နေရခြင်းကိုသာ သဘောကျသည်။ အသိုင်းအ၀ိုင်းတွင် လွှမ်းမိုး သော ယုံကြည်မှုများ၊ ဓလေ့ထုံးစံများ၊ အကျင့်စရိုက်များကို စူးစမ်းဆင်ခြင်မှုမရှိဘဲ မျက်စိမှိတ် လက်ခံသည်။  ကိုယ်ပိုင်ဦးနှောက် မရှိသူဟု ဆိုရမည်။ မိသားစုဧ။် အလိုအတိုင်း နေသည်။ သူငယ်ချင်းအပေါင်းအသင်းများဧ။် အလိုအတိုင်း နေသည်။ နိုင်ငံရေးဖြစ်စေ၊ စီးပွားရေးဖြစ်စေ၊ ဘာသာရေး ဖြစ်စေ၊ လူများစုလုပ်သည့်အတိုင်း လိုက်လုပ်သည်။ ရှေးရိုး အစဉ်အလာအတိုင်း လိုက်လုပ်သည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဘာမှ မရှိ။ ပတ်ဝန်းကျင်အလိုအတိုင်း လိုက်နေသည့် အတွက် သူ့ တွင် အသိပညာကွင်းဆက် ကင်းမဲ့နေရသည်။ ရှိလျှင်သော်မှ ယင်းကွင်းဆက် သည် ခိုင်မာခြင်းမရှိဘဲ ကျိုးပဲ့ပြတ်တောက်နေတတ်သည်။ သို့ ဖြင့် ထိုသူသည်လည်း ရင့်ကျက်ခြင်း ကင်းရလေတော့သည်။     ။

ကျမ်းညွှန်း- Criteria of Maturity by Harry A. Overstreet

မောင်သာမည

(ရင့်ကျက်မှုအတွက် ကွင်းဆက်များ ၂၀၀၃ စာအုပ် တွင် ပါဝင်ခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: