တမ်းတမိသော လူတယောက်


တမ်းတမိသော လူတယောက်
ဒေါက်တာလွဏ်းဆွေ

‘ဗိုလ်ချုပ်အောင်ဆန်း’ ဟူသည့် အမည်နာမကိုကြားလျှင် ကျနော် ရင်ခုန်သည်။ စိတ်လှုပ်ရှားသည်။ ကျနော့် အဖို့ ဒဏ္ဍာရီပုံပြင်တွေထဲက ခေါင်းဆောင်ကောင်းပီသသည့် မြန်မာသူရဲကောင်းတဦးကို အမှတ်ရနေသလို ခံ စားမိသည်။ တခါတရံ သူအမှန်တကယ် သက်ရှိထင်ရှားရှိခဲ့သည်လား မရှိခဲ့ဘူးလားဟု ထင်မိလောက်အောင် ကိုပင် စိတ်ထဲတွင် မပီဝိုးတ၀ါး ဖြစ်နေတတ်သည်။ အဘယ့်ကြောင့် ထိုသို့ဖြစ်ရသည်ကို စဉ်းစားကြည့်သည့် အခါ ဗိုလ်ချုပ်အောင်ဆန်းဆိုသည့် အဆိုပါ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကို ကျနော့်အနေနှင့် မျက်ဝါးထင်ထင် မမြင် ဖူး မတွေ့ဖူးခဲ့ခြင်းသည် အဓိကအကြောင်းအချက်တခု ဖြစ်မည်ထင်သည်။ ထို့အပြင် လူ့ဘ၀တွင် နေထိုင်အ သက်ရှင်သွားခဲ့သည့် အခိုက်အတန့်အတွင်း သူ၏ စွမ်းဆောင်ခဲ့မှုများက အသက်အရွယ်နှင့်မမျှအောင် အဆမ တန် ကြီးမားလွန်းခဲ့၍လည်း တကယ့်လူမှ ဟုတ်ပါရဲ့လားဟု ကျနော် ထင်မိခဲ့ခြင်းဖြစ်မည်ထင်သည်။ ကွယ် လွန်သည့်အချိန်တွင် သူသည် အသက်အရွယ်အားဖြင့် (၃၂) နှစ် စွန်းစွန်းသာ ရှိသေးသည်။ သို့သော် ထိုမျှအ သက်အရွယ်နှင့် အလွန်တရာ ကြီးလေးသည့် တာဝန်ဝတ္တရားများကို ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ ရန်ကုန်တက္ကသိုလ် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂဥက္ကဌ၊ ဗမာ့တပ်မတော် စစ်သေနာပတိ၊ အစိုးရနန်းရင်းဝန် … စသည့်တာဝန်များကို အံ့အားသင့်စဖွယ် ထမ်းရွက်ခဲ့ပြီးဖြစ်သည်။

ထိုသို့သော ဂုဏ်ပုဒ်များ၊ တာဝန်ယူမှုများနှင့် မြန်မာ့လူ့အဖွဲ့အစည်းအတွက် အသက်ထက်ဆုံး ပေးဆပ်သွားခဲ့ သည့် ဗိုလ်ချုပ်အောင်ဆန်းဆိုသော ပုထုဇဉ်လူသားတဦးအား မမြင်ဖူး မတွေ့ဖူး လိုက်လင့်ကစား သူ၏ ပင် ကိုယ်စရိုက်၊ စိတ်နေစိတ်ထားတို့ကို ကျနော် ချစ်ခင်မိသည်။ သူ၏ ကိုယ်ကျင့်သီလ၊ ယုံကြည်ချက် ရပ်တည် ချက်၊ သူရသတ္တိနှင့် တိုင်းချစ်ပြည်ချစ်စိတ်တို့ကို ကြည်ညိုလေးစားမိသည်။ သူ၏ ခေါင်းဆောင်ကောင်း ပီသ သည့်၊ နိုင်ငံရေးသမားကောင်း ပီသသည့် အရည်အချင်းများကို အားကျမိသည်။

လူမှန်းသိတတ်စ အရွယ်မှစ၍ ကျနော် အမှတ်ထင်ထင် ရှိခဲ့သည့် ဓာတ်ပုံနှစ်ပုံ ရှိသည်။ အိမ်ဦးခန်းရှိ ဘုရားစင် ၏ ဘေးတဘက်တချက်တွင် အဖေ ချိတ်ဆွဲထားသော မှန်ဘောင်သွင်းထားသည့် ဓာတ်ပုံနှစ်ပုံဖြစ်သည်။ ဘု ရားစင်၏ ဘယ်ဘက်၌ ချိတ်ဆွဲထားသည့် ပုံတွင် ခေါင်းပေါင်းအဖြူ ပေါင်းထားသည့် အဖိုးအိုတဦး၏ ကိုယ်တ ပိုင်းပုံကို တွေ့ရပြီး ညာဘက်၌ ချိတ်ဆွဲထားသည့် ပုံတွင် စစ်ဝတ်စုံဝတ်ထားသည့် အမျိုးသားတဦး၏ ကိုယ်တ ပိုင်းပုံကို တွေ့ရသည်။ သို့သော် ထိုပုဂ္ဂိုလ်နှစ်ဦးအား မည်သူမည်ဝါမှန်း ထိုစဉ်က ကျနော်မသိခဲ့။ ကလေးသဘာ ၀ အဖေ့အား စပ်စပ်စုစုနှင့် မေးကြည့်သည့်အခါတွင်မှ အဖေက ဘယ်ဘက်က ပုဂ္ဂိုလ်ကို သခင်ကိုယ်တော် မှိုင်း၊ ညာဘက်က ပုဂ္ဂိုလ်ကို ဗိုလ်ချုပ်အောင်ဆန်းဟု ပြောပြခဲ့သည်ကို အမှတ်ရမိသည်။

သို့သော် ကျောင်းနေသည့်အရွယ် မဟုတ်သေးသည့်အတွက် သူတို့၏ နာမည်တွေကိုသာ ကျက်မိနေပြီး မည် သို့သော ပုဂ္ဂိုလ်တွေ ဆိုသည်ကို ကျနော်မသိခဲ့။ အရွယ်ရောက်လာသည့်အခါ သမိုင်းစာမျက်နှာများကို တစ တစ ဖတ်ရှုလေ့လာခဲ့ရာမှ တဦးကို နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး စာဆိုကြီး၊ ငြိမ်းချမ်းရေး ဖခင်ကြီး ဒေါက်တာသခင်ကိုယ်တော်မှိုင်း ဟူ၍လည်းကောင်း၊ တဦးကို ဗမာ့တပ်မတော်၏ ဖခင်ကြီး၊ အမျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟူ၍လည်းကောင်း လေ့လာသိရှိခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ထဲထဲ ၀င်ဝင် သိလာရသည့် အချိန်တွင်မူ ထိုပုဂ္ဂိုလ်ကြီးနှစ်ဦးအား လေးစားကြည်ညိုသည့် စိတ်များက ကျနော့်ရင်ထဲ တွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီဖြစ်သည်။

ထိုပုဂ္ဂိုလ်ကြီး နှစ်ဦးအနက်မှ ‘ဗိုလ်ချုပ်အောင်ဆန်း’ ဟူသည်ကို မူလတန်းဖတ်စာတွင် ရွတ်ဆိုခဲ့ရသော ‘ဖေ ဖော်ဝါရီ (၁၃) မှာ ဗိုလ်ချုပ်မွေးနေ့ပါ၊ ၁၉၁၅ ရှေ့နေ ဦးဖာသား၊ ဇာတိနတ်မောက် မကွေးခရိုင်၊ သိကြများခုတိုင်၊ ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား မိခင်ဒေါ်စုသား၊ ၁၉၄၇ ပြောင်းကြွ တမလွန်၊ မျက် ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင်တဆယ့်ကိုး’ ဟူသည့် ကဗျာလေးတပုဒ်မှတဆင့် ကျနော် စတင်ရင်းနှီးခဲ့ရ ခြင်းဖြစ်သည်။ ထို့နောက် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့သည့် ဇူလိုင်လ (၁၉) ရက်နေ့ရောက်တိုင်း တောင်ငူမြို့ အားက စားကွင်း (မိုင်ဒါကွင်း) တွင် ကျင်းပပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားသို့ ကျောင်းသားအားလုံး တန်းစီ ချီတက်ပြီး မိုးဖွဲဖွဲအောက်တွင် အလေးပြုကြရသည်ကို အမှတ်ရနေမိသည်။

ယခုအခါတွင်မူ အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲသံကို မကြားရသည်မှာ ကာလအတန် ကြာညောင်းခဲ့ပြီ ဖြစ်သည်။ တိုင်းပြည်ကို လက်နက်အားကိုးနှင့် ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်နေသည့် နအဖစစ်အုပ်စု တသက်ဟု ပင် ပြောရပေမည်။ ထို့အပြင် ကျောင်းများတွင် ပြဌာန်းထားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် သ မိုင်းစာမျက်နှာများကိုလည်း နအဖစစ်အုပ်စုက မှေးမှိန်ဖျောက်ဖျက်ပစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းပုံများဖြင့် ဂုဏ်ပြုထုတ်ဝေထားသည့် နိုင်ငံတော် ငွေစက္ကူများတွင်လည်း ခြင်္သေ့ရုပ်ပုံများကို အစားထိုးကာ အသစ်ထုတ် ဝေခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် သမိုင်းစာမျက်နှာများ၊ တခမ်းတနား ဂုဏ်ပြုမှုများကို စစ် အုပ်စုက အငြိုးတကြီးနှင့် ဖျောက်ဖျက်ပစ်ခဲ့ခြင်းဖြစ်သည်။ အနာဂတ်မျိုးဆက်များ၊ ကျောင်းသားလူငယ်များ အကြားတွင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မဟုတ်မခံစိတ်ဓာတ်များ ဖြစ်တည်လာပြီး အမှန်တရားအတွက် တော် လှန်တိုက်ပွဲဝင်လိုသည့် သူရဲကောင်းများ ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် နအဖစစ်အုပ်စုက အကြောက်အ လန့်ကြီးစွာ သမိုင်းကွင်းဆက်ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

ထိုသို့စစ်အုပ်စုက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်သူလူထုအကြား ကွင်းဆက်ပြတ် အောင် နည်းအမျိုးမျိုးနှင့် ကြိုးပမ်းသော်လည်း ယနေ့တိုင် မြန်မာပြည်သူလူထု၏ ရင်ထဲအသည်းထဲတွင် ‘ဗိုလ် ချုပ်’ ဟူသော အမည်နာမက ကိန်းအောင်မြဲ ကိန်းအောင်လျက်ပင်။ ပြည်သူလူထုက ကိုယ့်နည်းကိုယ်ဟန်နှင့် သမိုင်းအစစ်အမှန်တွေကို တိတ်တဆိတ် လက်ဆင့်ကမ်း သယ်ဆောင်လျက်ပင်။ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ် ဓာတ်၊ အတွေးအခေါ်၊ နိုင်ငံရေးကြိုးပမ်းချက်၊ ဟောပြောချက်များ၊ အဆိုအမိန့်များက သူကွယ်လွန်ပြီး နှစ် ပေါင်း (၆၀) နီးပါး ကြာသည့်တိုင် သစ်လွင်လတ်ဆတ်နေဆဲ၊ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ဖို့ အားထုတ်ကြိုးပမ်းနေသည့် မြန်မာပြည်သူလူထုအတွက် ယနေ့တိုင် လမ်းပြရှေ့ဆောင်နိုင်ဆဲဖြစ်သည်။ ထိုသို့ သစ်လွင်နေဆဲ၊ လမ်းပြရှေ့ဆောင်နိုင်ဆဲဖြစ်သည်ကို သူ၏ရေးသားချက်များ၊ အဆိုအမိန့်များ၊ ဟောပြောချက် များ၊ လုပ်ဆောင်ချက်များ၌ အထင်းအရှား တွေ့ရလေသည်။

ဗုဒ္ဓဘာသာနှင့် ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သားအများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက် ပြီး ၁၉၃၅ ခုနှစ် ဧပြီလထုတ် ဂန္ဓလောကမဂ္ဂဇင်းတွင် Burma and Buddhism ဟူသော ခေါင်းစဉ်နှင့် ဆောင်း ပါးတပုဒ် ရေးသားခဲ့လေသည်။ အသက် (၂၀)အရွယ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် ထိုဆောင်းပါး ထဲတွင် ဗိုလ်ချုပ်က “ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်းဖြစ်သည်။ ထို နည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမမြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်၊ ထိုဟောကြားချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစား သော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ် ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (၀ိဘဇ္စ၀ါဒ) ကိုသာ လက်ခံရမည် ဆိုသည့်အချက်ဖြစ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ ၀ိဘဇ္စ၀ါဒကိုသုံး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေး အတွက် လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ အဓိကတာဝန်ဖြစ်သည်” ဟူ၍ ဗုဒ္ဓဘာသာအ ပေါ် သူ၏ အမြင်နှင့် တိုင်းပြည်လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဓမ္မဓိဌာန်ကျကျ ဆွေးနွေးတင်ပြထားသည်ကို တွေ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ

စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မ ဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။ ဆရာဒဂုန်တာရာက သူ၏ရုပ်ပုံလွှာ အဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေးအကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့် အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဍာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင် လှပုံ၊ သူယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုးလုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိ ပုံ .. စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင် ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်း လှကို ရယ်မောကာပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။ ထို့အပြင် အလင်္ကာကျော်စွာ မြို့မ ငြိမ်း၏ ‘သက်ဝေ’၊ ‘ကဉ္စန’ သီချင်းများကို ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ပုံ၊ ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့ အသွား အင်းလေးကန်ထဲ လှေစီးနေစဉ် ‘လှေကလေးကို လှော်မည် … ဘေးမသမ်းဘဲ အေးချမ်းတော့ မည် …’ ဆိုသည့် အဆိုတော် ဒိုရာသန်းအေး၏ သီချင်းအား ဗိုလ်ချုပ်ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ ဗိုလ် ချုပ်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင် အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ အနု ပညာဓာတ်အပြည့် ကိန်းအောင်နေကြောင်း အထင်အရှား တွေ့ရလေသည်။ ‘ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိ တယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှုရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍ လည်း ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။ ထိုစကားကို ထောက်ရှုခြင်းဖြင့် ဗိုလ်ချုပ်၏ အနုပညာအပေါ် စိတ်ဝင်တ စားရှိပုံနှင့် အနုပညာသမားအဖြစ် ဂုဏ်ယူဝင့်ကြွားချင်ပုံကို ရိပ်စားမိပြီး လူသားတိုင်းအပေါ် အနုပညာ၏ ညှို့ ငင်ဖမ်းစားမှုအား ကြီးမားပုံကို ဆက်စပ်တွေးတောနေမိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပညာ

ဗိုလ်ချုပ်အောင်ဆန်းသည် ပညာနှင့် ပတ်သက်၍ သူမြင်သည့် အဓိပ္ပာယ်ကိုလည်း သူ၏ ကိုယ်တိုင်ရေး အတ္ထု ပ္ပတ္တိတွင် ရှင်းပြခဲ့ရာ အလွန်ပင် မှတ်သားဖွယ်ကောင်းသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်က ‘ပညာသည် စာအုပ် များထဲ၌သာရှိသည်မဟုတ်။ စာအုပ်များကိုကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာ သည် လူ၏ ရာဇ၀င်ကိုသာ ပြုပြင်တိုးချဲ့ရုံသည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကို လည်း တိုးတက်စေရမည်။ ရာဇ၀င်သိရုံသာမဟုတ်၊ ရာဇ၀င်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ် ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့နိုင်စေရမည်။ လောကအကြောင်းကို နား လည်စေရုံသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။ လှေနံဓားထစ် ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း’ ဟု အမြင် ကျယ်စွာ ရှင်းပြခဲ့လေသည်။ ယခုအခါ စစ်အုပ်စု၏အုပ်ချုပ်မှုအောက်၌ မေးခွန်းပေါက်၊ အလွတ်ကျက်၊ အမှတ် အရောင်းအ၀ယ်လုပ်၊ ခိုးချပညာရေးစနစ်နှင့် အလုံးစုံ ပျက်စီးနေသော ပညာရေးစနစ်ကို ဗိုလ်ချုပ်အောင်ဆန်း သာ မြင်တွေ့လျှင် ရင်ကျိုးဖွယ်အတိပင်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏ဦးစားပေးလိုအပ်ချက်အရ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရသော်လည်း သူအမှန်တကယ် ဖြစ်ချင်သည့် အာသီသမှာ စာရေးဆရာဘ၀ ဖြစ်သည်။ ၁၉၄၇ခုနှစ် မေလ (၃၀) ရက်နေ့တွင် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ အ စည်းအဝေးတွင် ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေးလုပ်ရအုံးမှာပဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဟူ၍ သူ၏ ချင်ခြင်းကို ဖွင့်ဟပြောကြားခဲ့သည်။ ဗိုလ် ချုပ်၏ ထိုပြောစကားသည် ၀မ်းသာစရာ ကောင်းသလို ၀မ်းနည်းဖွယ်လည်း ကောင်းလှသည်။ ၀မ်းသာစရာ ကောင်းသည်က စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်းထံမှ ယူ၍ မကုန်ခန်းနိုင်သည့် စာပေဗဟုသုတ ဟင်းလေး အိုးကြီး ပိုင်ဆိုင်ခွင့်ရမည်ကိုဖြစ်ပြီး ၀မ်းနည်းစရာကောင်းသည်က ဗိုလ်ချုပ်လို အရည်အချင်းပြည့်ဝသည့် နိုင်ငံ ရေးသမားကောင်းတယောက် နိုင်ငံရေးလောကမှ ဘေးဖယ်နေချင်လောက်အောင် နိုင်ငံရေး လုပ်ဖော်ကိုင် ဖက်တွေကြားမှာ အတိုက်အခိုက်တွေ၊ စားခွက်လုမှုတွေ၊ နောက်ကျော ဓားနှင့် ထိုးမှုတွေ၊ တိုင်းပြည်ကောင်း စားရေးထက် ကိုယ့်အုပ်စု၊ ကိုယ့်ပါတီ အာဏာရရေး ကောင်းစားရေးအတွက်သာ ဦးတည်လုပ်ဆောင်မှုတွေ ရှိလာမည်ကို ကြိုတင်မြင်တွေ့နေ၍လားဟု တွေးစရာ ဖြစ်နေခြင်းပင်ဖြစ်သည်။ ဗိုလ်ချုပ်သည် မကွယ်လွန်မီ အချိန်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနှင့် ပတ်သက်သည့် ဆောင်းပါးများစွာကို ရေး သားခဲ့သည်။ ဗိုလ်ချုပ်ရေးသားခဲ့သည့် စာများတွင် သူ၏ တိကျရှင်းလင်း အားကောင်းသော စကားပြေအရေး အသားနှင့် ဦးတည်ချက်ရောက်အောင် ထိထိမိမိ ကွင်းကွင်းကွက်ကွက် ရေးသားတတ်ပုံကို အားကျအတုယူ ဖွယ် တွေ့ရသည်။ ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ၁၉၄၉ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြခဲ့သည့် ‘ဗိုလ်ချုပ်နှင့်စာပေ’ ဟူ သော ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်ပုံကို အထင်အ ရှားတွေ့ရသည်။ ဗိုလ်ချုပ်က ‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီးဖြစ် တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီး ကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင်ကြိုးစားကြစို့။ ကျွန်တော် တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတ မျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်းအလုပ်ကို တူပြိုင်ပြိုင်လုပ်ကိုင်ကြပါစို့’ ဟု ပြောကြား ခဲ့သည်။ ယနေ့ခေတ်လို ဂလိုဘယ်လိုက်ဇ် ဖြစ်လာမည့် အချိန်ကာလကို ကြိုမြင်၍ ဗိုလ်ချုပ်က ထိုသို့တိုက် တွန်းခဲ့ခြင်းဖြစ်မည်ဟု ထင်မြင်မိရင်း စစ်အာဏာရှင်တို့ ဖျက်ဆီးခဲ့သည့် တိုင်းပြည်အကြောင်း စဉ်းစားကာ ရင် နင့်ရင်နာ ဖြစ်ရလေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေး

တိုင်းပြည်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ တွေးတတ်ခေါ်တတ် စဉ်းစားတတ်သည့် နိုင်ငံရေးသမားတွေ မရှိမှ သူတို့ အာဏာတည်မြဲအောင် လုပ်ဆောင်နိုင်မည်ဟု စစ်အာဏာရှင်တွေ တွေးပုံပေါ်သည်။ ထို့အတွက်ကြောင့် အာဏာရှင် ဗိုလ်နေ၀င်း လက်ထက်မှ ယနေ့အာဏာရှင် ဗိုလ်သန်းရွှေ လက်ထက်အထိ မြန်မာပြည်တွင် နိုင်ငံ ရေးသမား မျိုးဆက်ပြတ်အောင် စနစ်တကျ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အာဏာရှင်တို့က နိုင်ငံရေးသမား ဆိုသည်ကို ခွေးလှေးကြမ်းပိုးဟု လူပြိန်းတွေက မြင်လာအောင်၊ နိုင်ငံရေး လုပ်ဆောင်ခြင်းကို လူညစ်ပတ်တွေ အလုပ်ဟု ထင်မြင်အောင် ၀ါဒဖြန့်ချိသည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ တိုင်းပြည် တိုးတက် ထွန်းကားရေးအတွက် နိုင်ငံရေးသမားကောင်းတွေ များများရှိဖို့ လိုအပ်ပုံ၊ နိုင်ငံရေး လုပ်ဆောင်ခြင်း၏ မွန်မြတ် ပုံတို့ကို ၁၉၄၀ခုနှစ် ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်း၌ ဖော်ပြခဲ့သည့် ‘နိုင်ငံရေးအမျိုးမျိုး’ ဟူသည့် ဆောင်းပါး တွင် အရိပ်အမြွက် ထည့်သွင်းရေးသားခဲ့သည်။

ထိုဆောင်းပါးတွင် ဗိုလ်ချုပ်က ‘အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေ တရားမစောင့်နိုင်၍ဖြစ်၏။ လူ တွေသာ တရားစောင့်နိုင်လျှင် အစိုးရ ရှိတော့မည်မဟုတ်။ ဤကား ဗမာ့ကျမ်းဂန်တွေ၌ပင်ရှိ၏။ လူ တွေတရား မစောင့်နိုင်သည့် အကြောင်းမှာလည်း လောဘတရားကြောင့် ဖြစ်၏။ လောဘတရား ဖြစ်ခြင်းမှာလည်း ပုဂ္ဂလိက ပစ္စည်းပေါ်လာသဖြင့် ငါ့ဟာ၊ ငါ့အိမ်၊ ငါ့ခြံ စသဖြင့် ငါတည်းဟူသော သက္ကာယဒိဌိ အရင်းခံသည့် လောဘ၊ ထိုလောဘကြောင့်ဖြစ်သော ဒေါသ၊ ထိုလောဘ ဒေါသမီး တို့ကြောင့် မောဟတည်းဟူသော မသိမလိမ္မာ မိုက်မဲမှုဖြစ်လာ၏။’

‘ဦးဘဘေကြီး ပြောသလို ညစ်ပတ်တဲ့ အလုပ်လား ဆိုသည့် မေးခွန်းကိုလည်း ဖြေလို၏။ ဦးသိန်း မောင်ကြီးကတော့ ၀န်ခံသွားရှာပြီ။ ညစ်ပတ်တယ်တဲ့ သူတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ ထင်၏။ ယခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေးသည် လောကီရေးပင် ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်။ သို့သော်လည်း လောကီ ရှိမှလည်း လောကုတ်ရှိနိုင်၏။ လောကုတ်ရှိမှလည်း လောကီ တည်နိုင်၏။ အူမတောင့်မှ သီလစောင့် နိုင်၏။

လူတွေသည် ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေးမှာ ထိုပြုပြင် တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင် ဖြစ်၏။ ထိုတရားကား လောကီ နိဗ္ဗာန်ကို နောက်ဆုံးရည်မှန်းပေ၏။ ထို၌ကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း’ ဟု ပြတ် ပြတ်သားသား ရေးသားခဲ့သည်။

ထိုဆောင်းပါးထဲတွင် နိုင်ငံရေးလုပ်ဆောင်မှုနှင့်ပတ်သက်၍လည်း ‘မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ် ၀အောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်း အောင်လုပ်တတ်မှ နိုင်ငံရေးဖြစ် ၏’ ဟု ဗိုလ်ချုပ်က သတိပေးရေးသားခဲ့သေး၏။

ထို့အပြင် နိုင်ငံရေး လုပ်ဆောင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်စေတနာ သန့်စင်ပုံကို ပင်လုံညီလာခံ အောင် မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်၏ ရင်တွင်းလာ စကား ကို ထောက်ရှုပြီး သိမြင်နိုင်သည်။ ထိုညစာစားပွဲတွင် ဗိုလ်ချုပ်က ‘ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နား လည်တာ တခုရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ် သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လည်း ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်’ ဟု ရင်ထဲတွင်ရှိ သည့်အတိုင်း အရိုးသားဆုံး ပြောကြားခဲ့လေသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် လူဘ၀တွင် နေထိုင်သွားသည့် အခိုက်အတန့်လေး အ တွင်း၌ မှတ်ကျောက်များစွာ အတင်ခံနိုင်ခဲ့သည်ကို တွေ့ရပေသည်။ ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ရဲရင့်မှု၊ ယုံကြည်သည့်အတိုင်း ပြောဆိုလုပ်ဆောင်မှု၊ ကိုယ်ကျင့်သီလကောင်းမွန်မှု၊ ရပ်တည်ချက် ခိုင်မာမှု၊ ဆုံးဖြတ်ချ ရာတွင် ပြတ်သားမှု၊ မှန်ကန်သည့် ဦးဆောင်မှုကို ပေးနိုင်မှု၊ ကိုယ်ယုံကြည်ရာကို မကြောက်မရွံ့ နောက်မတွန့် ဘဲ တစိုက်မတ်မတ် လုပ်ဆောင်တတ်မှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်စေတနာ ကြီးမားမှု၊ ကိုယ်ကျိုးစွန့် အ နစ်နာခံလိုစိတ် အပြည့်ရှိမှု၊ နိုင်ငံရေးကို နှံ့နှံ့စပ်စပ် လေ့လာပြီး လက်တွေ့ကျကျ အဖြေရှာနိုင်မှု၊ အနာဂတ်ကို ကြိုမြင်တတ်ပြီး အရှည်သဖြင့် တွေးခေါ်လမ်းပြပေးနိုင်မှု … စသည့် အရည်အချင်းပေါင်း မြောက်မြားစွာနှင့် လူ့ ဘ၀ကို ဖြတ်သန်းသွားခဲ့သည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်ထူးအား ကျနော် တမ်းတမိသည်မှာ အဆန်းမဟုတ်ဟု ထင် သည်။ ကျနော်တို့ တိုင်းပြည်အား စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရန် အားထုတ်ကြိုးပမ်းနေရ ဆဲဖြစ်သည့် ယခုလိုအချိန်ကာလမျိုးတွင် သူ့ကိုပို၍ပင် တမ်းတမိသည်။ သူသာ သက်ရှိထင်ရှားရှိနေခဲ့လျှင် …၊ သူသာ ဒီမိုကရေစီ အရေးတော်ပုံတွင် ပါဝင်ခဲ့လျှင် … ၊ သူသာ တော်လှန်ရေး နယ်ပယ်ထဲတွင် ရှိနေခဲ့လျှင် …။ မည်သို့သော ခေါင်းဆောင်မှု ပေးမည်နည်း၊ ပစ္စက္ခ နိုင်ငံရေးအခြေနေတွေ အားလုံးကို မည်သို့ ဝေဖန်သုံးသပ် မည်နည်း၊ စစ်အာဏာရှင်တွေကို ဘယ်နည်းဘယ်ပုံ ရင်ဆိုင်အနိုင်ယူမည်နည်း … စသည်ဖြင့် ဗိုလ်ချုပ်အောင် ဆန်းတည်းဟူသော နိုင်ငံရေးသမားကောင်းတယောက်၊ စစ်ရေးခေါင်းဆောင်ကောင်းတယောက်ကို တမ်းတ ကာ အတွေးနယ်ချဲ့နေမိလေသည်။

ဒေါက်တာလွဏ်းဆွေ
(ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆက်စပ်ရာ စာအုပ်စာတမ်းများမှ ကူးယူမှတ်သားထားသည့် မှတ်စုများကို ကိုးကားပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: