ထိုင်း-မြန်မာ နယ်စပ် BHSOH ကျောင်း တည်ထောင်သူ ဆရာကြီး ဦးခိုင်ဦးမောင်


မေး။ ထိုင်း-မြန်မာ နယ်စပ်မှာ `ဦးခိုင်ဦးမောင် ကျောင်း´လို့ လူသိ များတဲ့ BHSOH ကျောင်းကို ဘယ် တုန်းက စတည်ထောင် ဖြစ်တာလဲ။ ဘယ်လို ရည်ရွယ်ချက်နဲ့ စေ့စော်မှု တွေ ကနေ ဖြစ်လာတာလဲ ဆရာကြီး ခင်ဗျား။

ကျနော့်ရဲ့ ငယ်ငယ်တုန်းကတည်းက အဓိက၀ါသနာက ကျောင်းဆရာဖြစ်တယ်။ ဒါ့ကြောင့် ပြည်တွင်းမှာ ၁၉၆၄ မှ ၁၉၈၈ ခုနှစ်ထိ အလယ်တန်းပြ၊ အထက်တန်းပြနဲ့ အထက်တန်း

ကျောင်းအုပ် တာဝန်တွေ ကို အနှစ်၂၀ နီးပါး ထမ်းဆောင်ခဲ့တယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ်ကို ထွက်လာတော့ မျိုးဆက်သစ်တွေအတွက် ပညာရေး ကွက်လပ် ဖြည့်ပေးဖို့တွေ အများကြီးတွေ့လာရတယ်။ ဒါကြောင့် ၀ါသနာနဲ့ စေတနာအရ ဒီကျောင်း BHSOH ကို ၁၉၉၉ ခုနှစ် ဇွန်လမှာ လက်ရှိ ကျောင်းတည်နေရာ ဖြစ်တဲ့ မယ်ပ ကျေးရွာ၊ မဲဆောက်မြို့၊ တက်ခ်ခရိုင်၊ ထိုင်းနိုင်ငံမှာ စတည်ထောင်ခဲ့ပါတယ်။မေး။ ဆရာကြီးရဲ့ တပည့်ကျောင်းသားတွေဟာ တော်လှန်ရေး မိသားစုတွေ ထဲကပဲလား၊ သူတို့ရဲ့ နောက်ခံ အခြေအနေ၊ ဒေသ၊ လူမျိုးရေး အခြေအနေတွေ ပြောပြပေးပါခင်ဗျာ။ တပည့်ဟောင်း ရဲဘော်တွေ အကြောင်းလည်း ပြောပါဦး။

တော်လှန်ရေးမိသားစုတွေထဲကရော၊ တခြားဆင်းရဲတဲ့ အလွှာကလူမျိုးစုံ၊ ဘာသာစုံကလေးတွေ ပါဝင်ပါတယ်။ နောက်ခံအခြေအနေကို ပြောရရင်တော့ စစ်အာဏာရှင်တို့ရဲ့ ရက်စက်ရမ်းကားမှုနှင့် လူမဆန်မှုတွေကြောင့် တိုင်းရင်း သား ဒေသတွေမှာ မိမဲ့ဖမဲ့နဲ့ ခိုကိုးရာမဲ့တဲ့ ကလေးအရေအတွက် တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလာတယ်။ ဒီကလေးတွေ ကို ဒီအတိုင်း ဥပေက္ခာပြုထားလို့ မရဘူးလေ။ ဒါကြောင့် တတ်နိုင်သလောက် ကျွေးမေွးစောင့်ရှောက် ပညာသင်ပေးနေတာ ဖြစ်ပါတယ်။

ဒီခိုကိုးရာမဲ့ ကလေးတွေကတော့ လူမျိုးစုံ ဒေသစုံကဖြစ်တယ်။ ဗမာ၊ ရခိုင်၊ ကရင်၊ ကချင်၊ ချင်း၊ မွန်၊ ပအို့၊ လားဟူ၊ ရှမ်းစတဲ့ လူမျိုး နောက်ခံပေါင်းစုံကနေ လာကြတာပါ။ ကိုးကွယ်တဲ့ ဘာသာကတော့ ခရစ်ယန်၊ ဗုဒ္ဓ ၊ အစ္စလမ်နှင့် ဟိန္ဒူတို့ဖြစ်တယ်။ ABSDF ကျောင်းသား တပ်မတော်က ကျောင်းသားတွေ တော်တော်များများကိုတော့ မာနယ်ပလော၊ ကော်မူးရာ၊ ABSDF တပ်ရင်း ၂၀၉၊ ထိုင်းမြန်မာ နယ်စပ် တောင်ပိုင်းနဲ့ မွန်ပြည်သစ်ပါတီရဲ့ နေရာတွေမှာ အင်္ဂလိပ်စာ အဓိကထား သင်ပေးခဲ့ဖူးပါတယ်။ အဲဒီ တပည့် ကျောင်းသားတွေထဲက အမှတ်အရဆုံးနှင့် လေးစားတန်ဖိုး အထားရဆုံးကတော့ ရန်သူ့ လက်ချက်နဲ့ ကျဆုံးသွားခဲ့ကြတဲ့ မောင်ဇော်ထွန်း (ဆေးတက္ကသိုလ် ကျောင်းသား) နဲ့ မောင်မြင့်အေး (ဒု-ရင်းမှူးတပ်ရင်း ၂၀၉) တို့ပါပဲ။

မေး။ ရခိုင်လူမျိုးဖြစ်တဲ့ ဆရာကြီးအနေနဲ့ လူမျိုးစုံ တပည့်တွေ၊ ဆရာ တွေနဲ့ ဆက်ဆံရတာ အခက်အခဲရှိမရှိ။

မေတ္တာနှင့်စေတနာပေါ် အခြေခံဆက်ဆံတော့ ဘာမှ ကြီးကြီးမားမား အခက်အခဲမရှိပါဘူး၊ တချို့ ဘာသာစကားက လွဲလို့ပေါ့လေ။

မေး။ ပြည်တွင်းမှာ ဆရာလုပ်ခဲ့တဲ့ အတွေ့အကြုံ ပြောပါဦး၊ သင်ကြား ရေးမှအစ နယ်စပ်ကျောင်းတွေနဲ့ ဘယ်လို ကွာခြားမှု ရှိပါသလဲ။

ပြည်တွင်းမှာ ဆရာလုပ်ခဲ့တဲ့ အတွေ့အကြုံကို ပြောရရင်တော့ ရွှေတောင် မြို့နယ်၊ တရုပ်မှော် အ.လ.က မှာ အလယ်တန်းပြ၊ ၀က်ထီးကန် အထကနဲ့ ကမာရွတ် အထက(၂) တို့မှာ အထက်တန်းပြ (အဲဒီ ကျောင်းမှာ စာသင်နှစ် ၁၉၇၆ ခုနှစ် မှ ၁၉၈၀ထိ)၊ အင်းစိန်ထောင်မှာ နိုင်ငံရေးမှုး ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ `ပြည်သူသို့ ပန်ကြားချက်´ စာတမ်းဖြန့်ဝေမှုနဲ့ အင်းစိန်ထောင်ထဲ ၄ နှစ်ကျော် ၅ နှစ်နီးပါး အထိမ်းသိမ်းခံရတယ်။ နောက် ၁၉၈၀ ကျတော့  လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတယ်။ ရန်ကုန် မြောက်ဥက္ကလာပနဲ့ မင်္ဂလာဒုံတို့်မှာ ကျူရှင်ပြခဲ့တာ ၁၉၈၃ ခုနှစ်ထိပါပဲ။

၁၉၈၄ ခုနှစ်တွင် အထိမ်းသိမ်းခံ နိုင်ငံရေး အကျဉ်းသား အမှုထမ်းများကို မူလတာဝန် ပြန်ခန့်ထားပေးတယ်။ လှည်းကူးမြို့နယ် ကြာအင်း အထက်တန်းကျောင်းမှာ အ-ထ-က ပြ အဖြစ် ခန့်ထားခံရတယ်။ ၁၉၈၄ ခုနှစ်မှာ ကျောင်းအုပ်ရာထူး တိုးမြှင့်ခံရတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်း အပြီးမှာ တော်လှန်ရေး နယ်မြေကို ရောက်ရှိခဲ့ပါတယ်။ ပြည်တွင်းမှာ ရိုးရာ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံအရ ချစ်ခင်လေးစားပြီး တတ်နိုင်သလောက် ၀ိုင်းဝန်းကူညီ ပံ့ပိုးမှုတွေ လုပ်ခဲ့ပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသနေ ပြည်သူများကြားမှာ ယဉ်ကျေးမှုကို တန်ဖိုးထားကြပြီး၊ မြို့ပြ လူအဖွဲ့ အစည်းကျတော့ အားနည်းကြတယ်။

နယ်စပ်ဒေသ ကျောင်းတွေမှာတော့ ကျောင်းသူ၊ ကျောင်းသား အများစုဟာ ဆရာသမားတွေရဲ့ ကျေးဇူးတရားကို လေးစားတန်ဘိုး ထားကြပါတယ်။ တချို့ အနည်းစုကတော့ Migrant ကျောင်းတွေက စေတနာအနစ်နာခံပြီး သင်ပေးလိုက်လို့ လစာတွေ၊ ရာထူးတွေ  ရရှိသွားတဲ့ အခါမှာတော့ မိမိတို့ကို ဘ၀နဲ့ရင်းပြီး ပြုစုပေးလိုက်တဲ့ ကျောင်းနဲ့ ကျေးဇူးရှင် ဆရာဆရာမတွေကို အထင်အမြင်သေးပြီး အစေခံလို၊ လက်အောက်ငယ်သားတွေလို ပြန်ဆက်ဆံ ခံရတာတော့ အခံရ ခက်ဆုံးနဲ့ ရင်အနာဆုံးပါပဲ။

မေး။ ရွှေ့ပြောင်းပညာရေး ၀ါရင့်ဆရာကြီး ဖြစ်သူမို့ ကျောင်းတွေကို ထောက်ပံ့နေတဲ့ အလှူရှင် အဖွဲ့အစည်းများ (NGOs) နဲ့ဆက်ဆံရတာ၊ သူတို့ရဲ့ ဆရာဆရာမတွေ ကျောင်းသားတွေကို ထားရှိတဲ့ သဘောထား၊ ဖြူစင်မှုနဲ့ တကယ် စေတနာ ရှိရဲ့လား၊ ၀င်ရောက် စွက်ဖက်မှုတွေ ရှိပါသလား၊ သူတို့နဲ့ ဆက်ရမယ့် ရှေ့ခရီးကို ပြောပြစေချင်ပါတယ်။

NGOs တွေနဲ့ ဆက်ဆံရတဲ့ အပိုင်းမှာတော့ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလိုပါပဲ။ တကယ် စေတနာမေတ္တာ အရင်းခံပြီး NGO တွေမှာ ၀င်ရောက်လုပ်ကိုင်သူတွေ ရှိသလို ကိုယ်ကျိုးစီးပွား တစ်ခုထဲပေါ်မှာ အခြေခံပြီး လှီးမယ်၊ ဖြတ်မယ်၊ အနိုင်ကျင့် ဗိုလ်ကျမယ် ငါတို့လုပ်နေတာကို အလှူရှင်တွေ မသိပါဘူး၊ မသိအောင်လည်း အီးမေးလ် လိပ်စာတွေကို ဖျောက်ထားမယ်၊ ဒီငတုံးငအတွေ ဘာသိမှာလဲလို့ ထင်တလုံးနဲ့ လုပ်ကြတယ်။ တကယ်လို့ အာခံလာရင်လည်း ငါတို့ Head office ကို လိမ်လည်လှည့်ဖျားထားတဲ့ Fate Reports တွေနဲ့ သူတို့ မရပ်တည်နိုင်အောင် လုပ်လိုက်မယ်၊ သူတို့ ဘာပဲဖြစ်ဖြစ် ငါတို့ ကောင်းစားရင် ပြီးပြီ။

ဒါတွေဟာ အနှစ်နှစ်ဆယ်ကျော် ကာလအတွင်း Refugee နဲ့ Migrant ကျောင်းဆရာ တစ်ယောက်အနေနဲ့ ပကတိ အခြေအနေတွေ၊ ခံစားချက်တွေကို မြင်တဲ့အတိုင်း ပြောပြရတာပါ။ အဲဒီတော့ ကျနော် အချုပ်ပြောချင်တာက အလှူရှင် Donors နဲ့ supported baggers ( သူတောင်းစားမဟုတ်၊ အခက်အခဲရှိလို့ အမှန်တကယ် တောင်းခံသူတွေ) တိုက်ရိုက် ကူညီလှူဒါန်းခြင်းကို NGO တွေဆီကတဆင့် မဟုတ်ဘဲ၊ ကျောင်းတွေဆီ တိုက်ရိုက်လှူဒါန်းခြင်းက ပိုပြီး အကျိုးသက် ရောက်မှု ရှိနိုင်တယ်ဆိုတာကို နိုင်ငံတကာ အလှူရှင်များအနေနဲ့ အလေးထားကြ စေချင်ပါတယ်။

မေး။ ရွှေ့ပြောင်းပညာရေးမှာ ပညာရေးမူဝါဒရယ်လို့ မရှိဘဲ၊ တကျောင်းတစ်ဂါထာရယ်လို့ ဖြစ်နေပါတယ်။ သင်ရိုးညွှန်းတမ်း ကိစ္စလည်း အခုထိ မတည်ငြိမ်သေးဘဲ ကြိုးစားနေရဆဲဆိုတာ အားလုံး အသိပါပဲ။ အဲဒီအပေါ် ဆရာကြီးရဲ့ အကြုံပြုချက်နဲ့ အမြင်တွေ မျှပါဦး။ ရွှေ့ပြောင်းပညာရေး ရှေ့အလားအလာနဲ့ ဆရာကြီး ဖြစ်စေချင်တာက…။

သင်ရိုးညွှန်းတမ်းတစ်ခု ရေးဆွဲတယ်ဆိုတာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်တွေရယ်၊ လိုအပ်တဲ့ ဘဏ္ဍာငွေ အလုံအလောက် ရှိဖို့ လိုအပ်ပါတယ်။ ကျနော်တို့ မိုင်းဂရမ့် ပညာရေးမှာ ဒီကွက်လပ်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အနေအထားမရှိပါဘူး။ အဲဒီတော့ စံချိန် စံညွှန်းမှီတဲ့ ရေးဆွဲထားပြီးသား သင်ရိုးညွှန်းတမ်းတစ်ခုကို မိုင်းဂရမ့် ပညာရေးအဖွဲ့တွေ ညှိနှိုင်းဆွေးနွေးကြပြီး uniform curriculum တစ်ခုအဖြစ် သတ်မှတ် ပြဌာန်းနိုင်ရင်တော့ အသင့် တော်ဆုံး ဖြစ်လိမ့်မယ်လို့ ထင်မြင်ယူဆပါတယ်။

မေး။ ပုဂ္ဂိုလ်ရေးမေးခွန်းမေးပါရစေ။ ဇာတိက ဘယ်ကလဲ။ ရခိုင်တစ်ယောက်က ဘာကြောင့် ဒီလို လူမှုရေး ပညာရေး အများအကျိုးတွေ လုပ်နေတာလဲ။ ကနေ့ ဆရာကြီးလို အများအကျိုးဆောင်တဲ့ ရခိုင်လူမျိုး ပုဂ္ဂိုလ်တွေ ရှိရင် ပြောပြပါလား။ တောတွင်းမှာ ရှိစဉ် အိန္ဒိယတက္ကသိုလ် တစ်ခုမှာ ပါရဂူဘွဲ့ (Ph.D.) သွားရောက် တက်ဖို့ ရှိပါရက်နဲ့ ဘာကြောင့် မတက်ဖြစ်ခဲ့တာလဲ။

ဇာတိကတော့ မင်းပြားမြို့ ၊ ရခိုင်ပြည်နယ် က ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်ပြီး ရန်ကုန် တက္ကသိုလ် ကိုရောက်ခဲ့တယ်။ ကျနော်ဟာ ထူးချွန်ထက်မြက်သူ တစ်ယောက် မဟုတ်ပါဘူး။ အမှန်တရားအတွက် မိမိ ယုံကြည်ရာကို အထူးသဖြင့် ဆင်းရဲနွမ်းပါးပြီင်္း ခိုကိုးရာမဲ့နေတဲ့ အနှိမ်ခံရသူ၊ ပစ်ပယ်ခံရသူတွေဘက်က ကူညီရပ်တည် ပေးလိုတဲ့ ဆန္ဒဟာ ကျနော့်ရဲ့ ပင်ကိုယ်ဗီဇ ဖြစ်ပါတယ်။ ရခိုင်မှသာ မဟုတ်၊ ဘယ်လူမျိုးမှာမဆို စွန့်လွှတ် အနစ်နာခံလိုသူနဲ့ မည်သူ သေသေ ငတေမာရင် ပြီးရောဆိုတဲ့ အတ္တလွန်ကဲသူတွေ ရှိတတ်ကြပါတယ်။ ဒါ လောက သဘာဝတရားပါ။

ပြည်တွင်းနဲ့ တခြားနိုင်ငံတွေမှာ လူမှုရေးလုပ်နေကြတဲ့ ရခိုင်လူမျိုးတွေ မည်သူမည်ဝါ နှင့် ဘယ်နှစ်ဦးရှိတယ် ဆိုတာကိုတော့ အတိအကျမသိလို့ ပြောဖို့ ခက်ပါတယ်။ ကျနော် တက်ခွင့်ရတာ Ph.D. မဟုတ်ပါ။ D.Litt ပါ။ အဲဒီတုံးက ကျနော်ဟာ တောင်ပိုင်း ထိုင်းမြန်မာနယ်စပ် ရွာပုန်းရွာရှောင် (IDPs)တွေရှိတဲ့ နေရာကို ရခိုင်တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအောင်စိန်သာ (ကွယ်လွန်) က အလည်အပတ် သွားရောက်ဖို့ ခေါ်လို့ ၁၉၉၁ ခုနှစ်မှာ အဲဒီကို ရောက်ရှိသွားတယ်။ အဲဒီမှာ ကလေးတွေ ၇၀ ကျော်၈၀ လောက်ရှိတယ်။ လူမျိုးလည်း စုံတယ်။ ဒီကလေးတွေဟာ လုံးဝကျောင်းမနေကြရဘူး၊ တချို့ဆိုရင် အသက် ၁၄-၁၅ နှစ်တွေတောင်ရှိပြီ။ စာတစ်လုံးမှတောင် မရေးတတ်ရှာဘူး။

အဲဒီတော့ အဲဒီမှာ ယာယီကျောင်းလေးတစ်ဆောင် ဆောက်ပြီးတော့ စာသင်တယ်။ ရိက္ခာနဲ့ တခြားလိုအပ်တဲ့ အကူအညီတွေကို ကျနော်နဲ့ သိကျွမ်းရင်းနှီးဖူးခဲ့ကြတဲ့ BBC က Sally နဲ့ BRC က Pipper တို့က ထောက်ပံ့ ကူညီပေးတယ်။ ၄နှစ်လောက်တော့ မပြေးမလွှားရဘဲ တည်တည်ငြိမ်ငြိမ်နဲ့ သင်ရတယ်။ ကလေးတွေသာ မဟုတ်ဘူး၊ တချို့ လူကြီးပိုင်း တွေကိုပါ သင်ပေးတယ်။ ဆရာကတော့ ကျနော် တစ်ယောက်တည်းပါပဲ။ ကျောင်းသားရော ဆရာပါ  နှစ်ဦးနှစ်ဖက် တက်ညီလက်ညီနှင့် ကြိုးစားကြတော့ ပညာရေး အောင်မြင်လာတယ်။

အဲဒီမှာ စာသင်နေရင်း တော်လှန်ရေး ရဲမေတစ်ယောက်နှင့် အိမ်ထောင်ကျတယ်။ နာမည်က မမြကြွေလို့ခေါ်တယ်။ (ယနေ့ထက်တိုင် ရေဆန်၊ လေဆန်၊ လောကဓံ မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံပြီး လူမှုရေးလုပ်ငန်းကို) လက်တွဲ မဖြုတ်စတမ်း ရုန်းကန်လှုပ်ရှားနေတဲ့ အဖော်မွန်တစ်ယောက်ပါ။ ၁၉၉၆ ခုနှစ် နှောင်းပိုင်းမှာ စစ်အာဏာရှင်တို့ရဲ့ လက်ပါးစေ ကြေးစားတပ်တွေက မြေလှန်စနစ်ကျင့်သုံးပြီး မျိုးတုံးသတ်ဖြတ်မှုတွေ လုပ်လာတော့ ရှောင်ရင်း တိမ်းရင်းနဲ့ပဲ ပြေးလွှား ပုန်းရှောင်နေရတော့ ဘယ်လိုမှ စာသင်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။

အဲဒီတော့ ကျနော့်အနေနဲ့ စဉ်းစားရတော့တာပေါ့နော်။ ဒီကလေးတစ်သိုက်ကို စွန့်ပစ်ထားခဲ့ပြီး မိမိရဲ့ ဇနီးကိုလက်ဆွဲပြီး ပါရဂူဘွဲ့အတွက် ကိုယ်လွတ်ရုန်းသွားမှာလား။ ဒီလိုအောက်တန်းကျပြီး လူသားမဆန်တဲ့ အတ္တစိတ်ဓာတ်လုံးဝမရှိ၊ ဘယ်လိုမှလဲ ဒီလိုမလုပ်ရက်ဘူး။ အဲဒါကြောင့် ဒီကလေးတစ်သိုက်ကို ကျနော်တို့ ဇနီးမောင်နှံဦးဆောင်ပြီး Open Society Institute (OSI) ရဲ့ အကူအညီနဲ့ မဲဆောက်ကို ပြောင်းလာတယ်။ အနီးက မယ်ပကျေးရွာမှာ ၁၉၉၇ ခုနှစ် မှ ကနေ့တိုင်အောင် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိလာကြတဲ့ လူမျိုးစုံကလေး ၃၀၀ ကျော် ၄၀၀နီးပါး မူကြိုအဆင့်ကနေ GED အတန်းထိ ကျွေးမွေးစောင့်ရှောက်ပြီး ပညာသင်ပေးနေနိုင်ပါတယ်၊ အဲဒီထဲက ကလေး၂၀ ကျော်ဟာ နိုင်ငံခြား တက္ကသိုလ်တွေက ဘွဲ့ရပြီး ဘ၀အလှတင့် ပီတိဖြစ်ရပါတယ်။ ဒါကြောင့် ကျနော် ဒီဘွဲ့ကို မယူဘဲ စွန့်လွှတ်ခဲ့ရတာ ဟာ အကျိုးသက်ရောက်မှုရှိတယ်လို့ ယနေ့ထိ ခံယူမိပါတယ်။

မေး။ ဘာကြောင့် ဘယ်နှစ်ခုနှစ်မှာ စတောခိုခဲ့ရတာလဲ။ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘ၀ ပါဝင် လှုပ်ရှားမှုရယ်၊ ဆရာကြီးနဲ့ ခေတ်ပြိုင် ပုဂ္ဂိုလ်များရဲ့ အမှတ်ရစရာတွေကို ကျနော်တို့ လူငယ်များအတွက် ပြောပြ စေချင်ပါတယ်။ အဲဒီခေတ်က ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေကြားမှာ လူမျိုးရေးခွဲခြား ချိုးနှိမ်ဆက်ဆံ တာမျိုး ရှိသလား။ ရခိုင်ကျောင်းသားဖြစ်တဲ့ ဆရာကြီးနဲ့ အခြားကျောင်းသားတွေရဲ့ ဆက်ဆံရေးရော ပြေလည်ရဲ့လား။

၁၉၈၈ ခုနှစ်မှာ ၁၉၈၈ ခုနှစ်အရေးအခင်းမှာ အပြစ်မဲ့တဲ့ ပြည်တွင်း ကျနော့်ကျောင်းက တပည့် တချို့ကို စစ်အာဏာရှင်တွေရဲ့ လက်ပါးစေတွေက ရက်ရက်စက်စက် သတ်ပစ်လိုက်တဲ့အတွက် နာကျဉ်ခံစားချက်နဲ့အတူ တော်လှန်ရေးနယ်မြေ ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့ရတယ်။ သာမန်နောက်လိုက် အဆင့်ကပါ။ ခေါင်းဆောင်အဆင့်တော့ မဟုတ်ပါဘူး။ အဲဒီတုန်းက ဘ၀တူ သူငယ်ချင်းတွေဟာ စစ်ခွေးတွေရဲ့ လက်ချက်နဲ့ မရှုမလှ သေပွဲဝင်သွားကြရတာတွေ မချိမဆန့် အသက်ငင်နေကြတာတွေ၊ ကယ်ပါယူပါ တစာစာနဲ့ အော်ဟစ် အကူအညီ တောင်းနေတဲ့ ဘယ်လိုမှ မေ့လို့မရတဲ့ ဒီမြင်ကွင်းတွေဟာ အသက်မသေဘဲ ကျန်ရစ်ခဲ့ကြတဲ့ ကျနော်တို့ တတွေရဲ့ နှလုံးသည်းပွတ် ထဲမှာ ဘယ်လို ဖြေဖျောက်လို့ရနိုင်မှာလဲ။

ကိုဘဆွေလေး၊ ကိုတင်ထွန်း၊ ကိုသာဆန်း၊ ကိုသက်တို့ကတော့ ခေါင်းဆောင်တွေပေါ့၊ သူတို့ကိုတော့ ကျနော်တို့ ကျောင်းသားတွက ချစ်ခင်လေးစားအတုယူကြရတယ်။ ပညာရေးမှာရော ကိုယ်ကျင့်တရားပိုင်းမှာရော ကျနော်တို့ စံထားသင့်တဲ့ ပုဂ္ဂိုလ်တွေပါ။ အရင်းနှီးဆုံးသူငယ်ချင်း တွေက တော့ ဖိုးသာ၊ စိုးဝင်း၊ သာထွန်းအေး။ သူတို့တွေထဲက ကိုသာဆန်း တစ်ယောက်ကလွဲလို့ ကျန်တဲ့လူတွေ အားလုံးဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ တရားမျှတရေးနှင့် လူသားဆန်ဆန် ရပ်တည်နိုင်ရေးအတွက် ပြည်သူ့ဖက်က ရပ်တည်တိုက်ပွဲဝင်ရင်း အသက်ကို ပေးလှူသွားကြပါပြီ။ ဗိုလ်နေ၀င်း စစ်အစိုးရ မတိုင်ခင် အဲဒီခေတ်တုန်းက ရန်ကုန်တက္ကသိုလ် ကျောင်းသား တွေကြားမှာ လူမျိုးရေး ခွဲခြားဆက်ဆံတာမျိုး အင်မတန် နည်းပါတယ်။ မရှိသလောက်ပါဘဲ။ ရခိုင် ကျောင်းသားတွေနဲ့ တခြားလူမျိုးစု ကျောင်းသားတွေရဲ့ ဆက်ဆံရေး အဆင်ပြေပါတယ်။

မေး။ ဆရာကြီးတို့ခေတ် ကျောင်းသားလူငယ်ဘ၀နဲ့ ယနေ့ ကျောင်းသားလူငယ်တွေကို အနည်းငယ် နှိုင်းယှဉ် ပြောပြ စေချင်ပါတယ်။ ယနေ့ လူငယ်တွေကို အားရရဲ့လား။ ဆရာကြီးတို့ ငယ်ငယ်တုန်းက ရည်ရွယ်ချက် အိပ်မက်က ဘာလဲ။ အခု လူငယ်တွေမှာ အိပ်မက်ရောရှိရဲ့လား။ ဆရာကြီးတို့တုန်းက အယူအဆ ၀ါဒတွေရှိတယ်။ အခုလူငယ်တွေမှာ အဲဒီလို မရှိတော့ဘူးဆိုရင် ဆရာကြီးဘယ်လို ခံစားမိသလဲ။

မျိုးဆက်တစ်ခုရဲ့ အတွေးအခေါ်နှင့် အယူအဆဆိုတာဟာ သူတို့ ဖြတ်သန်းခဲ့ကြရတဲ့ ခေတ်နှင့် စနစ်က ပြဌာန်းတာပါပဲ။ အဲဒီတော့ ဒီနိယာမအရ ဟိုခေတ်ဟိုအခါတုန်းက လူသားဆန်တဲ့ လူတွေက အုပ်ချုပ်ခဲ့တဲ့ ခေတ်နဲ့ လူသား မဆန်တဲ့ အာဏာရှင်တွေ အုပ်ချုပ်တဲ့ ဒီဘက်ခေတ်ကတော့ ကွာတာပေါ့ဗျာ။ အဓိက ပြောချင်တာကတော့ ကလေးတွေမှာ အပြစ်မရှိပါဘူး၊ တိုင်းပြည်ကို နှစ်ပေါင်း(၄၀)ကျော် စနစ်တကျ ဖျက်ဆီးလာခဲ့တဲ့ စစ်အာဏာရှင်စနစ်သာ  တရားခံပါ။

မေး။ ဘာကြောင့်များ မြန်မာပြည်ပညာရေး ပျက်ဆီးသွားခဲ့ရတာလဲ။ လွတ်လပ်ရေး ရပြီးစနဲ့ ပါလီမာန်ခေတ် အထိကောင်းခဲ့ပြီး အခု သုံးစားမရအောင် ကျဆင်းသွားတာလဲ။ အဓိက တရားခံက ဘယ်သူလဲ။ စစ်အာဏာရှင်ပဲလား၊ တချို့ ပြောသလို အမျိုးသားရေးဝါဒ၊ ဗမာစာ ရှေ့တန်းတင်ရေး အယူအဆ၊ ဆိုရှယ်လစ် ကွန်မြူနစ် အယူအဆတို့ကြောင့် ပျက်ဆီးခဲ့ရတာလား၊ လွတ်လပ်ရေး ရပြီးနောက် တက္ကသိုလ် နှစ်ခုကို ဘာကြောင့် ဆက်မထိန်းနိုင်ခဲ့တာလဲ။

ရှေ့ကဖြေထားတဲ့ အဖြေတွေဟာလဲ သိပ်ရှည်နေပြီဆိုတော့ တိုတိုနှင့်လိုရင်းပဲ ဖြေတော့မယ်ဗျာ။ အာဏာရှင်တို့ မည်သည်မှာ တိုးတက်မှန်ကန်တဲ့ ပညာရှင်တွေကို မွေးထုတ်ပေးတဲ့ (Institutions) တွေကို မုန်းတယ်။ ဒါကြောင့် ဒီတက္ကသိုလ် နှစ်ခုကို အပေါစား(Institutions)တွေနဲ့ အစားထိုးပြီး အပေါစားပညာရေး စနစ်နဲ့ပဲ အစားထိုးလိုက်တယ်။ သူတို့ရဲ့ မျိုးဆက်သစ်တွေကိုတော့ သားစဉ်မြေးဆက် ဖိနှိပ်ဗိုလ်ကျစိုးမိုးနိုင်ရေးအတွက် တိုင်းပြည်က ခိုးထားတဲ့ ဘဏ္ဍာငွေတွေနဲ့ နိုင်ငံခြားအဆင့်မြင့် တက္ကသိုလ်တွေမှာ ပညာသင်ခိုင်းတယ် (ဦးသန်းရွှေရဲ့ မြေးမျောက်လောင်းဆိုတဲ့ အကောင်ကိုပဲ ကြည့်ပါ)။ အဲဒီတော့ တချိန်တုန်းက (ပါလီမန်ဒီမိုကရေစီခေတ်) အာရှမှာ မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ် မတိုင်ခင်ထိ ထိပ်တန်းမှာ နေရာယူခဲ့တာကို သတိရလိမ့်မယ် ထင်တယ်။ အဓိက တရားခံ သုံးသပ်ကြည့်ကြမယ်ဆိုရင် အဓိကတရားခံဟာ စစ်အာဏာရှင် စနစ်ပဲ။

မေး။ ဆရာကြီးက အင်္ဂလိပ်စာ ဘာသာရပ် အထူးပြုပြသသူဆိုတော့ အင်္ဂလိပ်စာဟာ ကနေ့ခေတ် ကျောင်းသား တွေအတွက် ဘယ်လောက်အရေးပါသလဲ။ အင်္ဂလိပ်စာ မြန်မြန်ဖတ်တတ် ပြောတတ် ရေးတတ်အောင် ကျောင်းသားတွေ ဘယ်လိုလုပ်သင့်သလဲ။ ဆရာကြီး တာဝန်ယူသင်ပေးနေတဲ့ နိုင်ငံခြားစာမေးပွဲတွေ Scholarships အကြောင်းလေး။

အဲဒါကတော့ အင်္ဂလိပ်စာပဲဖြစ်ဖြစ်၊ ဘယ်ဘာသာရပ်မဆိုပေါ့လေ..။ သင်ကြားပြသသူ ဆရာဆရာမရဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနဲ့ စေတနာ၊ နာခံသင်ယူတဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ လေ့လာကြိုးစားသင်ယူမှု အပေါ်မှာ မူတည်ပါတယ်။ scholarships အကြောင်းနဲ့ ပတ်သတ်လို့ ပြောရရင်တော့ ထိုင်းမြန်မာနိုင်ငံ တောင်ပိုင်းက ပြောင်းလာပြီး မကြာမှီပဲ ပညာရေး programme တစ်ခုဖြစ်တဲ့ Distant Education Programme (DEP)မှာ Advisor အဖြစ် ၆ နှစ်တာဝန်ယူခဲ့ရတယ်။ အဲဒီ အချိန်တုန်းကစပြီးတော့  Scholarships programme တွေဖြစ်တဲ့ ICFC (Intensive college foundation course), GED (General Education Development), TOEFL( Test of English as a Foreign Language), England က Collegeတစ်ခု (နာမည်မေ့နေတယ်), All Ethnic International Open University) at Chiang Mai,တွေမှာ ၀င်ခွင့် စာမေးပွဲဖြေခွင့်ရတယ်။ ၀င်ခွင့်ရတဲ့ ကျောင်းသားတွေအတွက် OSI အပါအ၀င် နိုင်ငံတကာ အလှူရှင်တွေက လိုအပ်တဲ့ ကုန်ကျစရိတ်တွေအတွက် ဘွဲ့ တစ်ခုခုရတဲ့အထိ ပံ့ပိုးပေးတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီကလေးတွေဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုကလာတဲ့ သာမန်ပြည်သူတွေရဲ့သားသမီးတွေဖြစ်တယ်။ ဒီကလေးတွေထဲက တချို့ဟာ Ph.D, Master, Bachelorတို့ ရပြီး အနောက်နိုင်ငံတချို့နဲ့ ထိုင်းနိုင်ငံမှာ ဘ၀တင့်နေကြပါပြီ။ ဒါပေမဲ့ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ ဒီ programme တွေကို ဖြေဆိုပြီး ကျောင်းသူ ကျောင်းသားတွေက ဘန်ကောက်တို့ ချင်းမိုင်တို့မှာ ငွေအများကြီး အကုန်အကျခံပြီး သွားဖြေရတယ်။ အဲဒီတော့ ကျနော်တို့ ကလေးတွေကို ထူးချွန်ထက်မြက်အောင် သင်ပေးနိုင်ပေမယ့်၊ ငွေကြေးမတတ်နိုင်တော့ ဒီစာမေးပွဲတွေကို မဖြေကြရဘူး။ ဒါပေမဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်တစ်စုနဲ့ သူတို့ရဲ့လက်ပါးစေ အခွင့်ထူးခံတို့ရဲ့ သားသမီးတွေကတော့ ငွေထုပ်ပိုက်ပြီး နိုင်ငံတကာ ကြိုက်တဲ့ တက္ကသိုလ်တွေမှာ သွားရောက်သင်ကြားနိုင်တယ်။ အဲဒီတော့ မြန်မာနိုင်ငံဟာ အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ဖြစ်တာကို တွေ့မြင်လိုရင်တော့ဖြင့် NGO တွေအနေနဲ့ ကျောင်းတွေကို ကွင်းဆင်းလေ့လာပြီး မှန်မှန်ကန်ကန် သုံးသပ်သင့်တယ်လို့ ထင်မြင်ခံစားမိပါတယ်။

မေး။ တကယ်လို့ ရွှေ့ပြောင်းကျောင်းတွေကို  ထိုင်းပညာရေးဌာနက တရားဝင် အသိအမှတ်ပြုလိုက်ပြီး လက်အောက်ခံ ဖြစ်သွားခဲ့ရင် ဆရာတွေ၊ ကျောင်းတွေနဲ့ ကျောင်းသားတွေရဲ့ အနာဂါတ် အပေါ် ဆရာကြီးရဲ့ အမြင်များ။

ထိုင်းဘုရင့်အစိုးရနဲ့ ပြည်သူတွေကတော့ ဒီလောက်ထိလုပ်လိမ့်မယ် မထင်ပါဘူး၊ ဒါပေမဲ့ Migrant ကျောင်းတွေ မှိုလိုပေါက်နေတာကတော့ မဖြစ်သင့်တဲ့ကိစ္စပါ၊ တိုင်းပြည်တစ်ပြည် လူမျိုးတစ်မျိုးမှာ ပညာရေးဟာ အဓိကအကျဆုံးမို့ ကျွန်တော်တို့ Migrant ပညာရေးမှာ ပညာရေးဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ အတ္တအကျိုးထက် စစ်အာဏာရှင်မျိုးဆက်နဲ့ ယှဉ်ပြိုင်အနိုင်လုနေရတဲ့ ပွဲမှာ ပညာရေးကို အပေါစားဈေးကွက် အဖြစ်အသုံးမချခဲ့ရင်၊ ဒီပြဿနာကို သိပ်စိုးရိမ်စရာမလိုပါ၊ ထိုင်းဟာ နိုင်ငံတကာ ယဉ်ကျေးတဲ့ စည်းဝိုင်းထဲက ယဉ်ကျေးတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာကြီး။

ရဲနွယ်မိုး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: