မွန်အမျိုးသား ပညာရေးကော်မတီရဲ့ ပညာရေး ဆောင်ရွက်မှုများ


မောက္ခပညာရေးမဂ္ဂဇင်းက မေးထားတဲ့ မွန်ပြည်သစ်ပါတီရဲ့ အမျိုးသား ပညာရေးကော်မီတီ (MNEC)နဲ့ မွန်ပညာရေးဌာန (MED) နောက်ခံအကြောင်းကို မွန်အမျိုးသား ပညာရေးမှတ်တမ်းတစ်ခုအနေနဲ့ ကျွန်တော် တင်ပြပါမယ်။

မွန်အမျိုးသားပညာရေးကော်မီတီဆိုတာ မွန်ပညာရေးအတွက်၊ အထူးသဖြင့် မွန်ကျောင်း၊ မွန်ကျောင်းဆရာနှင့် မွန်ကျောင်းသားများအတွက် လိုအပ်တဲ့ပညာရေး ကူညီထောက်ပံ့မှုများ ပေးဖို့၊ မွန်ပြည်သစ်ပါတီ ပညာရေးဌာနကို လမ်းညွှန်ကူညီဖို့  ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်မှာ MNEC ကို ဖွဲ့စည်းခဲ့ပါတယ်။ မွန်အမျိုးသားပညာရေးကော်မီတီ မပေါ်ပေါက်မီ မွန်အမျိုးသားပညာရေးဌာနဆိုတာ အလျင် ရှိခဲ့တယ်။ ၁၉၇၂ ခုနှစ်  ကတည်းက မွန်ပြည်သစ်ပါတီမှ မွန်အမျိုးသားပညာရေးဌာနကို ဌာနကြီးတစ်ခုအနေဖြင့် ဖွင့်လှစ်ခဲ့ပြီး၊ ကိုယ့်အားကိုယ်ကိုး ကိုယ်ထူကိုယ်ထပုံစံနဲ့ ဖွင့်လှစ်ထားတဲ့ မွန်အမျိုးသားကျောင်းများကို စုစည်းရင်း မြို့နယ်အတော်များများမှာ မွန်ကျောင်းဆရာအသင်းကို ဖွဲ့စည်းပေးနိုင်ခဲ့တယ်။ အထူးသဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ရေးမြို့နယ်များမှာ ကျောင်းဆရာအသင်း အင်အားတောင့်တင်း ခိုင်မာလာတာ ယနေ့တိုင်ပါပဲ။

ဒီလိုအသင်းအဖွဲ့တွေ ဖြစ်ပေါ်လာတာကလည်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ အစိုးရကျောင်းတွေမရှိဘူး။ ရှိပြန်တော့လဲ အစိုးရ ကျောင်းဆရာ ၀န်ထမ်းတွေ သွားရောက် အမှုထမ်းဖို့ ငြင်းဆန်ကြတယ်။ နေရာတော်တော်များများကတော့ ကျောင်းရှိပြီး ဆရာ မရှိတာများပါတယ်။

မွန်လူထုက သူတို့ကလေးတွေ ပညာသင်ကြားနိုင်ဖို့ ကိုယ်ထူကိုယ်ထ ရွာခန့်ကျောင်းဆရာတွေကို ငှားရမ်းပြီး ကလေးတွေကို ပညာသင်ပေးခဲ့ကြတယ်။ စပါးပေးနဲ့ပေါ့။ အဲဒီကနေစခဲ့တဲ့ မွန်ပညာရေး ဖြစ်ပါတယ်။ လိုအပ်ချက်ကြောင့် ကိုယ့်အားကိုယ်ကိုးပုံစံနဲ့ ဖွင့်လှစ်ထားတဲ့ မွန်ကျောင်းတွေကို ၁၉၇၂ ခုနှစ်မှာ မွန်ပြည်သစ်ပါတီက ပိုမို စနစ်ကျ အောင်လို့ စုစည်းပေးပြီး လမ်းညွှန်ကူညီထောက်ပံ့မှုများ လုပ်ပေးခဲ့တယ်။ နောက်တော့ ကျောင်းတွေပိုပြီး စနစ်ကျလာတယ်။

မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်အစိုးရတို့ အကြား ၁၉၉၅ မှာ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးလုပ်နိုင်ခဲ့လို့ နှစ်ဖက်သဘောတူညီမှုနဲ့ မွန်ကျောင်းများက အထက်တန်း ကျောင်းသားတွေ မြန်မာနိုင်ငံစာစစ်အဖွဲ့က ကျင်းပတဲ့ တက္ကသိုလ်ဝင်ခွင့် စာမေး ပွဲကို ၀င်ရောက်ဖြေဆိုခွင့် ရရှိပြီး အောင်မြင်တဲ့ ကလေးတွေ တက္ကသိုလ်အသီးသီးမှာ ပညာသင်ကြားခွင့် ရရှိတာလည်း ယနေ့တိုင်ပါပဲ။ တက္ကသိုလ်ဘွဲ့ရလူငယ်တွေ ၂၀၀ ကျော်လောက် မွေးထုတ်ပေးနိုင်ခဲ့ပါပြီ။

မွန်ပညာရေး ရည်မှန်းချက်

နောက် ကျနော်တို့ မွန်ပညာရေးဌာနမှာ ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ မွန်ပညာရေးရဲ့ ရည်မှန်းချက်ကတော့  ကလေးတွေ အခြေခံပညာကို ကောင်းစွာ တတ်မြောက်ပြီး ဝေဖန်ပိုင်းခြားဥာဏ်နဲ့ ဆင်ခြင်တုံတရားရှိဖို့၊ ပင်ကိုယ်စွမ်းရည် အမြဲရှင်သန်ဖွံ့ဖြိုးပြီး အစဉ်လေ့လာသင်ယူကြမယ့်သူတွေ ဖြစ်ဖို့၊ နောက် ပြည်ထောင်စု မြန်မာနိုင်ငံရှိ မတူကွဲပြားသော အသွေးရောင်စုံ လူမျိုးစုတိုင်းရင်းသားများနှင့် သဟဇာတဖြစ်စွာနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တတ်မယ့် မွန်လူ့ဘောင် အဖွဲ့ အစည်း ပေါ်ထွန်းလာစေဖို့ပါပဲ။

ရည်ရွယ်ချက်

MNEC က မွန်ပညာရေးရဲ့ ရည်ရွယ်ချက်တွေကိုလည်း အောက်ပါအတိုင်း ချမှတ်ထားပါတယ်။

၁။ မွန်လူမျိုးတိုင်း အခြေခံပညာကို ကောင်းစွာတတ်မြောက်၍ မျိုးချစ်စိတ်ဓာတ်ရှိစေရန်၊

၂။ မျိုးချစ်စိတ်ဓာတ်၊ ပြည်နယ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှိသော နိုင်ငံသားကောင်း ပေါ်ထွန်းရန်၊

၃။ မွန်လူမျိုးအချင်းချင်း စည်းလုံးညီညွတ်သောစိတ်ဓာတ် ကိုမွေးမြူလေ့ကျင့် ပျိုးထောင်ပေး၍ အခြားသော လူမျိုးစုတိုင်းရင်းသားများနှင့်လည်း ချစ်ကြည်ရင်းနှီး လိုစိတ် မွေးမြူပေးရန်၊

၎။ မွန်လူမျိုးတိုင်း မိမိတို့၏ မိခင်ဘာသာစကား၊စာပေ နှင့် ယဉ်ကျေးမှု ဓလေ့စရိုက် ထုံးတမ်းစဉ်အလာတို့ကို ချစ်မြတ်နိုးတတ်၍ ၄င်းတို့ကို အစဉ်ဖွံ့ဖြိုးနေစေရန် ကြိုးပမ်းလိုစိတ်ကို မွေးမြူလေ့ကျင့်ပေးရန်၊

၅။ ခေတ်မီဖွံ့ဖြိုးသော ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ဆောက်ရာတွင် လိုအပ်သော လူချွန်လူကောင်းပီသသော လူသားအရင်းအမြစ်များ ပေါ်ထွန်းလာရန်၊

၆။ စိုက်ပျိုးရေးကို အခြေခံသော စက်မှုလက်မှု ပညာဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်ပျိုးထောင်သွားရန်၊

၇။ ၀ိဇ္ဇာ/သိပ္ပံနှင့် နည်းပညာတို့တွင် ကျွမ်းကျင်စွာတတ်မြောက်၍ တိုင်းကျိုးပြည်ပြုလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နိုင်ရန်၊

၈။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်၍ ထိန်းသိမ်း ကာကွယ်လိုစိတ်ကို လေ့ကျင့်ပေးရန်၊

၉။ ဗလငါးတန်နှင့်ပြည့်စုံသော မွန်အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများပေါ်ထွန်းလာရန်၊

ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

အကူအညီပေးသော အဖွဲ့အစည်းများ

မွန်ပညာရေးကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေကတော့ ပြည်တွင်းအဖွဲ့အစည်းနဲ့ ပြည်ပအဖွဲ့အစည်း နှစ်မျိုး ရှိပါတယ်။

ပြည်တွင်းက ငြိမ်းဖောင်ဒေးရှင်းနဲ့ ဗြိတိသျှကောင်စီတို့က ကူညီပါတယ်။ ပြည်ပအလှူရှင်များကတော့၊ WE (World Education), BKKee foundation, OSI, TDH, COERR, NHEC, Sling Shot ဆိုတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

ကျောင်းအရေအတွက်နှင့် ဆရာဦးရေ

မွန်အမျိုးသားကျောင်းတွေကို မွန်ဒေသရှိ ကျေးရွာတော်တော်များများမှာ ဖွင့်လှစ်ထားပါတယ်။ မြို့နယ်ပေါင်း ၁၀ မြို့နယ်မှာ ဖွင့်လှစ်ထားတယ်။ မွန်ဒေသဆိုတဲ့ နေရာ မှာ မွန်လူမျိုးများ တစုတစည်းတည်း နေထိုင်တဲ့ဒေသ၊ အထူးသဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသတွေမှာ ဖြစ်ပါတယ်။

မွန်ပညာရေးဌာနက တာဝန်ယူပေးနေရတဲ့ မွန်အမျိုးသားကျောင်းပေါင်း ၁၄၀ကျော်၊ ပေါင်းစည်းကျောင်းလို့ခေါ်တဲ့ အစိုးရကျောင်းမှာ မိခင်ဘာသာစကား(မွန်စာ) သင်ကျောင်းပေါင်း ၁၅၀ကျော် ရှိပါတယ်။ မွန်ကျောင်းဆရာ ၈၀၀ ခန့်ကို လစာငွေထောက်ပံ့မှု၊ ကျောင်းသားပေါင်း ၁၇၀၀၀ ခန့်အတွက် မရှိမဖြစ် လိုအပ်တဲ့ ကျောင်းသုံး ဖတ်စာအုပ်နှင့် စာရေးကိရိယာအပြင် ကျောင်းအဆောက်အဦးနှင့် ကျောင်းသုံးပရိဘောဂ အပါအ၀င် အများကြီး စီစဉ်ရပါတယ်။

ဒါပေမဲ့ ကျနော်တို့မွန်ပညာရေးဌာနက အကူအညီပေး တာကတပိုင်း၊ ကျောင်းမိသားစုနဲ့ ကျောင်းအကျိုးတော်ဆောင်၊ မိဘဆရာအသင်းတို့ကလည်း သူတို့ တတ်နိုင် သည့် ဘက်က ၀ိုင်ဝန်းကူညီ ထောက်ပံ့ပေးပါတယ်။ မွန်ပညာရေးကော်မီတီက ဦးဆောင်ပြီး မွန်ကျောင်းဆရာအသင်း၊ ရပ်ရွာနဲ့ မွန်လူထု ပူးပေါင်းပါတဲ့ မွန်ကိုယ့်အား ကိုယ်ကိုး ပညာရေးအ စီအစဉ်တွေ ဖြစ်တယ်။

ကလေးများ ကျောင်းနေရေး

မွန်ပြည်နယ်မှာ ကျောင်းနေနှုန်းမြင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့ပေါ်အပြင် မွန်ကျေးလက်ဒေသတွေမှာလည်း အစိုးရကျောင်းမရှိပေမဲ့၊  မွန်ကျောင်းတွေရှိနေ တာကြောင့် ဖြစ်ပါတယ်။ ကလေးတွေကျောင်းနေဖို့က အခက်အခဲ အတားအဆီးမရှိပါဘူး။

ဒါပေမဲ့ တဖက်က ကျောင်းနေနှုန်းမြင့်သလို ကျောင်းထွက်နှုန်းလည်း မြင့်မားနေဆဲပါပဲ။ အများစုကတော့ အသက် ၁၄ နှစ်နဲ့ ၂၀ နှစ်ကြား အရွယ်တွေ ကျောင်းထွက် များမယ်ထင်ပါတယ်။ ကျောင်းထွက်ပြီးတော့ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်ရှာကြတာ များပါတယ်။

ဆရာ ဆရာမများရဲ့ အရည်အသွေးနဲ့ ဂုဏ်သိက္ခာ

ကျနော်တို့ မွန်ပညာရေးကော်မီတီအနေနဲ့ ဆရာတွေရဲ့အရည်အသွေးမြှင့်တင်ရေးကို အစပိုင်းတုန်းက လုပ်ငန်းခွင်အကြို ဆရာအတတ်သင်တန်းနှင့် လုပ်ငန်းခွင် ဆရာအတတ်သင် သင်တန်းဆိုပြီး နှစ်ပိုင်း ထားရှိပါတယ်။

၂၀၀၉ ခုနှစ် နောက်ပိုင်းမှာ သင်တန်းအတွက် ပြင်ပအလှူရှင်များမှ အကူအညီ ဆက်လက် မရရှိတဲ့အတွက် ထိုင်သင်တန်းနှစ်ခုစလုံးကို ယာယီရပ်ဆိုင်းထားရပါတယ်။ ကလေးဗဟိုပြု (CCA) သင်တန်းကျတော့ ငြိမ်းဖောင်ဒေးရှင်းအကူအညီနဲ့ ဆက်လုပ်နေတယ်။ ဆရာတွေကို သင်တန်းတွေနဲ့ လေ့ကျင့်ပေးတယ်။ အခါအားလျှော်စွာ မွန်းမံ သင်တန်းတွေ လုပ်ပေးတာတွေ ရှိပါတယ်။

နောက် ဆရာများရဲ့ အလုပ်အကိုင် ဂုဏ်သိက္ခာနဲ့ ဘ၀ရှင်သန်ရပ်တည်နေရတဲ့ အခြေအနေကို ပြောရရင်တော့ အများကြီးပဲ။ မွန်ဆရာများဟာ အခက်အခဲ အမျိုးမျိုး ကြားက ပညာရေးတာဝန်တွေကို ထမ်းဆောင်နေရပါတယ်။ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ ဟန့်တားနှောက်ယှက်မှုတွေ မရှိတော့လို့ အခြေအနေတော့ တစ်မျိုး ကောင်းသွားပေမဲ့ အစိုးရရဲ့ အသိအမှတ်ပြုခြင်းတော့ မခံရသေးပါဘူး။

စားဝတ်နေရေးအတွက် လုံလောက်မှု မရှိတဲ့ လစာငွေနဲ့ ခေါင်ခိုက်နေတဲ့ ကုန်ဈေးနှုန်းအောက်မှာ ဘ၀ရှင်သန်ရပ်တည်ကြဖို့ အတော့်ကို ခက်ခဲပါတယ်။ မိသားစုမရှိတဲ့ ဆရာလူလွတ်တွေအတွက် အခက်အခဲနည်းပေမဲ့ အိမ်ထောင်သည် ဆရာတွေ ပိုအခက်ကြုံရပါတယ်။

‘တပည့်မရှား၊ တပြားမရှိ၊ ပီတိကိုစား၊ အားရှိပါ၏’ ဆိုတဲ့စာဆိုစကားဟာ နားထောင်လို့ကောင်း ပေမယ့်၊ လက်တွေ့မှာ အလုပ်မဖြစ်တော့ပါဘူး။ နောက်ပြီး ကျောင်း ဆရာဆိုတာ ရိက္ခာမရှိပေမဲ့ သိက္ခာရှိတယ် ဆိုတဲ့ ဆရာကြီးဦးသန်းဦးရဲ့ စကားသည်လည်း ယခုခေတ်နဲ့ မဆိုင်တော့ သလိုဖြစ်နေတာကို စိတ်မကောင်းစွာ မြင်တွေ့ နေရပါတယ်။

ဒီအခက်အခဲတွေကို ကျနော်တို့မွန်ပညာရေး ကော်မီတီက တတ်နိုင်သည့်ဘက်က ကူညီပေးပါတယ်။ ငွေစုငွေချေးအသင်း၊ ပညာရေးငွေပဒေသာပင်၊ ထာဝရရန်ပုံငွေ၊ ၀င်ငွေတိုးလုပ်ငန်းများ ဖြစ်တဲ့ ကျောင်းပိုင် ရော်ဘာခြံစိုက်ပျိုးခြင်း၊ ကျောင်းဈေးရောင်းခြင်း၊ စတဲ့လှုပ်ရှားမှုများကိုလည်း စီစဉ်ဆောင်ရွက် ပေးနေပါတယ်။ အတိုင်း အတာ တစ်ခုထိတော့ အောင်မြင်နေပါတယ်။ အများကြီးလုပ်ဆောင်ရပါဦးမယ်။

မွန်ကျောင်းများအတွက် CCA

ကျွန်တော်တို့ မွန်ကျောင်းတွေမှာ သင်တဲ့ CCA ဆိုတာက ကလေးကိုယ်တိုင် စူးစမ်းလေ့လာရှာဖွေပြီး သင်ယူတဲ့ သင်နည်းဖြစ်ပါတယ်။ ကလေးရဲ့ သင်ကြား သင်ယူမှု မှာ လွယ်ကူအောင်လို့ ဆရာက လမ်းညွှန်၊ ကူညီပံ့ပိုးသူ အနေနဲ့ ရပ်တည်ပြီး လုပ်ဆောင်သွားရပါတယ်။ ဆရာက facilitator တစ်ဦးဆိုပြီး role ကျသွားတာတော့ မဟုတ်ပါဘူး။ role ပြောင်းသွားခြင်း ဖြစ်ပါတယ်။

ဆရာက ဟောပြော၊ မှတ်စုပေး ကလေးကို အလွတ်ကျက်စေခြင်းစနစ်နဲ့ လုံးဝခြားနားသွားပါတယ်။ အပြောင်းအလဲကို ဦးတည်စေတဲ့ သင်နည်းစနစ်ဖြစ်ပါတယ်။ CCA နည်းနဲ့သွားမှသာ လင်းပွင့်တဲ့ စာသင်ခန်း ဖြစ်လာပါမယ်။ ပွင့်လင်းတဲ့ လူ့ဘောင်အဖွဲ့အစည်းဆိုတာ ဖြစ်ထွန်းလာပါမယ်။

CCA သင်တန်းလုပ်ရခြင်းဟာလည်း မွန်ကျောင်းများကို သင်နည်းစနစ် ပြောင်းဖို့နဲ့ သမရိုးကျ သင်နည်းစနစ်အောက်မှာ အပျင်းထူပြီး အိပ်ပျော်နေတဲ့ ကျနော်တို့ရဲ့ မွန် ဆရာနဲ့ ကျောင်းသားများကို လှုပ်နှိုးပြီး တက်ကြွတဲ့ သင်ယူသူများ ဖြစ်လာဖို့၊ လင်းပွင့်စာသင်ခန်းများမှတဆင့် အစဉ်လေ့လာ သင်ယူနေတဲ့ မွန်လူ့အဖွဲ့အစည်း ပေါ်ထွန်း လာဖို့ စတဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။

လောလောဆယ်မှာတော့ CCA သင်တန်းလုပ်ခြင်းအားဖြင့် ဆရာတွေ သင်ကြားရေးမှာပိုပြီး တက်တက်ကြွကြွ ရှိလာကြပါတယ်။ ကလေးတွေလည်း ကျောင်းမှာ ပိုပျော် လာတယ်။ ကလေးပျော်တဲ့ကျောင်း ဖြစ်လာဖို့နဲ့ ကလေးကျောင်းထွက်နှုန်းလျှော့ချဖို့ CCA သင်ကြားနည်းက အများကြီး အထောက်အကူပြုပါတယ်။

သင်ကြားရေး အခက်အခဲများ

ကလေးဗဟိုပြုပညာရေးကို အမှန်တကယ် လက်တွေ့ကျင့်သုံးနိုင်ဖို့ ဆရာပေါ်မှာ အများကြီး မူတည်ပါတယ်။ ဆရာရဲ့ သင်ကြားသင်ယူမှုစွမ်းဆောင်ရည်က အလွန် အရေးကြီးပါတယ်။ မွန်ဆရာတွေ ၈၀ ရာခိုင်နှုန်းလောက်က CCA သင်တန်း တက်ထားပြီးဖြစ်တယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည် ဖော်မှုအပိုင်းမှာ အားရ ကျေနပ်လောက်အောင် မရှိသေးဘူးလို့ ဆိုရမှာပဲ။ CCA ကို မွန်ကျောင်းတွေမှာ ၃၀ ရာခိုင်နှုန်းလောက် လက်တွေ့ အကောင်အထည်ဖော် သင်ကြားနေပါတယ်။

အခက်အခဲတွေကတော့ ရှိတာပါပဲ။ အဓိကကတော့ CCA သင်ကြားနည်းအပေါ်မှာ ဆရာတွေရဲ့ ယုံကြည်မှုပဲ ဖြစ်တယ်။ ဒါက အပြောင်းအလဲတစ်ခုပဲ။ ခေါက်ရိုးကျိုးနေ တဲ့ မှတ်စုပေး အလွတ်ကျက် စာမေးပွဲစစ် ရမှတ်ပေါ်မှာ ၄၀ ရာခိုင်နှုန်း အောင်မှ အတန်းတင်ပေး ဆိုတဲ့ အစိုးရ ပညာရေးမူ ရှိနေသမျှကတော့ ကျနော်ထင်တယ် CCA ကို ပီပီပြင်ပြင် ကောင်အထည်ဖော်ဖို့ အခက်အခဲ ရှိနေဦးမှာပါပဲ။

ဆရာတွေရဲ့ ပညာရေးအပေါ်မှာ၊ ကျောင်းသားတွေအပေါ်မှာထားတဲ့ သဘောထားအမြင်နဲ့လည်း ဆိုင်မယ် ထင်ပါတယ်။ ဆရာတွေနဲ့ ကျောင်းသားမိဘတွေအပြင် ရပ်ရွာ လူထုကိုလည်း စည်းရုံးသွားဖို့ လိုပါဦးမယ်။

နောက်အခက်အခဲ တစ်ခုကတော့ ပညာရေးစီမံခန့်ခွဲမှုနဲ့ ဆိုင်ပါမယ်။ ကျောင်းအုပ်ကအစ ပညာရေးမှူးအဆုံး ပညာရေးဝန်ထမ်းတွေကိုချည်း စီမံအုပ်ချုပ်ဖို့မဟုတ်ဘဲ၊ သင်ရိုးညွှန်းတမ်းနဲ့ သင်ရိုးမာတိကာတွေကို နားလည်ပြီး သင်နည်းစနစ်တွေကိုလည်း စီမံခန့်ခွဲတတ်ဖို့ လိုအပ်နေပါတယ်။ ဒီအရာတွေအားလုံး ကျနော်တို့မှာ အားနည်း နေသေးတော့ CCA ကို လက်တွေ့ အကောင်အထည် ဖော်တဲ့အခါမှာ အခက်အခဲကတော့ ရှိနေဦးမှာပါပဲ။

နောက်တစ်ခုကတော့ CCA သင်နည်းစနစ်ကို ကျောင်းတွေမှာ ကျင့်သုံးမှုရှိ၊ မရှိနဲ့ ကျင့်သုံးရင်လည်း ဘယ်လောက် အတိုင်းအတာအထိ ကျင့်သုံးမှုရှိသလဲ စတဲ့ စနစ် ကျတဲ့လေ့လာမှု ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ (monitoring mechanism) သင်တန်းပေးထားပေမဲ့ သက်ဆိုင်ရာ မြိနယ်ပညာရေးမှူးများက ကျောင်းတွေကို သွား ရောက်လမ်းညွှန် ကြီးကြပ်သုံးသပ်ဖို့ စရိတ်စက မတတ်နိုင်တော့ အခက်အခဲ ရှိပြန်တယ်။ ဒါပေမဲ့ တတ်နိုင်သလောက် သုံးလတစ်ကြိမ်လောက်တော့ သွားရောက် လေ့လာ အကဲဖြတ်ဖြစ်ပါတယ်။

အသက်ရင့် သင်ရိုးညွှန်းတမ်း

ကျနော်တို့ရဲ့ လက်ရှိအသုံးပြုနေတဲ့ သင်ရိုးညွှန်းတမ်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က ပြုစုခဲ့ပြီး၊ တစ်ခါမှ ပြန်လည်ပြုပြင်မွမ်းမံခြင်းမရှိဘဲ ဆက်လက် အသုံးပြုနေဆဲပါပဲ။ ပြောရရင်တော့ အတော့်ကို ခေတ်နောက်ကျနေပြီး၊ အချဉ်ဖောက်နေပါပြီ။ အရေးတကြီး ပြန်လည်ပြုစုဖို့လိုအပ်နေပါပြီ။

ကျနော်တိုရဲ့ သင်ရိုးညွှန်းတမ်းက မူလတန်းအဆင့်နဲ့ အလယ်တန်းအဆင့်ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ မူလတန်းအဆင့်မှာ အစိုးရ ရဲ့ သင်ရိုးညွှန်းတမ်းကို ကိုးကားပြီး ရေးဆွဲပြုစုထားပါတယ်။ မိခင်ဘာသာစကား(မွန်စာ)၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထ၀ီ၊ သမိုင်း ဘာသာရပ်များ ပါဝင်ပါတယ်။

မူလတန်းအောက်ဆင့်ဖြစ်တဲ့ သူငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်းမှာ မိခင်ဘာသာစကား၊ မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ သင်္ချာ ဘာသာရပ်တွေကိုပဲ သင်ကြားပေးပြီး၊ မူတန်းအထက်ဆင့်ဖြစ်တဲ့ တတိယတန်းနဲ့ စတုတ္ထ တန်းမှာ မိခင်ဘာသာစကား (မွန်စာ)၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထ၀ီနှင့် သမိုင်းတို့ကို သင်ကြားပေး ပါတယ်။ မဏ္ဍိုင်စကားကတော့ မိခင် ဘာသာစကား ဖြစ်ပါတယ်။ အလယ်တန်းအဆင့်မှာကျတော့ မွန်စာနဲ့ မွန်သမိုင်းကလွဲပြီး ကျန်ဘာသာရပ်အားလုံးကို အစိုးရ သင်ရိုးညွှန်းကိုပဲ အသုံးပြုပြီး သင်ကြားပေးနေပါတယ်။

လက်ရှိ သင်ရိုးညွှန်းတမ်းဟာ အစိုးရကျောင်းသုံးသင်ရိုးညွှန်းတမ်းကိုလည်း အားရဖွယ်မရှိပါဘူး။ ကျနော်တို့ မွန်သင်ရိုး ညွှန်းတမ်း ကတော့ ပိုဆိုးတာပေါ့။ Curriculum reform ပြုလုပ်ဖို့ လိုအပ်နေပြီ။

နောက် သင်ရိုးညွှန်းတမ်းကို ဘယ်လိုပြင်ဆင်ကြမယ်မပြောခင် သင်ရိုးညွှန်းတမ်းဆိုတာ ဘာလဲဆိုတာကို လူအများစုသိဖို့ လိုအပ်မယ် လို့ထင်ပါတယ်။ ဖတ်စာအုပ် လား၊ သင်နည်းလား စသည်ဖြင့်ပေါ့။ နောက်ပြီး သင်ရိုးညွှန်းတမ်း ရေးသားပြုစုဖို့ ဘယ်သူတွေပါသလဲ။ ပါဝင်သင့်သလဲ ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရမယ် ထင်ပါတယ်။

အုပ်ချုပ်တဲ့သူက သူဖြစ်ချင်တာနဲ့ သူဖြစ်စေချင်တာကိုချည်း ဦးစားပေးပြီး ပညာရှင်တွေကို သင်ရိုးညွှန်းတမ်း ရေးဆွဲစေတာ ထက် နိုင်ငံတော်ရဲ့ လိုအပ်ချက်၊ ပြည်သူ ထူထုရဲ့ လိုအပ်ချက်နှင့်အညီ သုတေသနပြုပြီး ကျောင်းသား၊ ကျောင်းဆရာ၊ မိဘ၊ ရပ်ရွာ၊ အာဏာပိုင်အဖွဲ့အစည်း အတတ်ပညာရှင်၊ အသိပညာရှင် စသည်ဖြင့် အားလုံး ပူးပေါင်းပါဝင် လုပ်ဆောင်ဖို့ လိုအပ်မယ် လို့ ယူဆပါတယ်။

လောလောဆယ် သင်ရိုးညွှန်းတမ်းကို အပြောင်းအလဲ မလုပ်နိုင်ခင် ရှိပြီးသားသင်ရိုးကိုပဲ အသုံးပြုပြီး CCA သင်နည်းစနစ်နဲ့ ကိုက်ညီအောင် အကြောင်းအရာပေါ် အခြေခံပြီး သင်ကြားရေးအစီအစဉ်ကို စနစ်တကျရေးဆွဲပြုစုဖို့ လိုအပ်ပါမယ်လို့ ထင်ပါတယ်။ အဲဒီကတဆင့် သင်ရိုးညွှန်းတမ်းကို တိုးတက်နေတဲ့ ပညာခေတ်နှင့် အံဝင်ခွင်ကျဖြစ်အောင်ပြင်ဆင်ပြောင်းလဲဖို့ ကြိုးစားဖို့ လိုအပ်ပါတယ်။ သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲဖို့ ပြင်လိုတဲ့စိတ်ဆန္ဒရှိ မရှိအပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ထင်ပါတယ်။

မိခင်ဘာသာစကား သင်ကြားရေး

မိခင်၊ မွန်တိုင်းရင်းသား ဘာသာစကား သင်ကြားရေးကိုတော့ လောလောဆယ်မှာ မွန်ကျောင်းတွေမှာ သင်ကြားနေပါတယ်။ မွန်ဒေသမှာရှိတဲ့ အခြေခံပညာကျောင်း ပေါင်း ၁၄၀ ကျော်မှာ သင်ကြားနေပါတယ်။ ရပ်ရွာကိုယ့်အား ကိုယ်ကိုး ကျောင်းပုံစံနဲ့ ရပ်တည်ပြီး အကောင်အထည် ဖော်နေပါတယ်။

မွန်ပညာရေးကော်မီတီက ဦးဆောင်ပြီး ရပ်ရွာရဲ့ကူညီပံ့ပိုးမှုနဲ့၊ ပြည်တွင်းပြည်ပ စေတနာရှင် အလှူရှင်များရဲ့ အကူအညီနဲ့ ကျောင်းတွေ လည်ပတ်နေပါတယ်။ သင်ကြားခွင့် ကတော့ ကျောင်းပြင်ပ ပညာရေးပုံစံနဲ့ သွားလို့ရမယ်ထင်ပါတယ်။ အခြေအနေပေးလာတဲ့အခါ ကျောင်းမှတ်ပုံတင်ဖို့ အစီအစဉ် ရှိပါတယ်။

မွန်စာပေနှင့်ယဉ်ကျေးမှု သင်တန်းများ

နွေရာသီ မွန်စာပေနဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းကတော့ မွန်ဘုန်းတော်ကြီးများ ဦးဆောင်ပြီး မွန်ကျေးရွာတွေမှာ နှစ်စဉ်ဖွင့်လှစ်တာတွေ အမြဲရှိပါတယ်။ နှစ်စဉ် မတ်လ ကျောင်းပိတ်ရက်တွေမှာ ဖွင့်လှစ်ပြီး သင်တန်းကာလက တစ်လနှင့် တစ်လခွဲကြာပါတယ်။

နွေရာသီမွန်စာပေနဲ့ ဗုဒ္ဓဘာသာသင်တန်းဟာ လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ကစပြီး မွန်ဒေသမှာရှိတဲ့ မွန်ကျေးရွာတွေမှာ စတင်ပြီး အကောင်အထည်ဖော်လာရာက တဖြည်း ဖြည်းနဲ့ အောင်မြင်လာပြီးတော့ အခုဆိုရင် မြို့ကြီးများပါမကျန် ပိုပြီးတွင်တွင်ကျယ် ကျယ်လုပ်ဆောင်နိုင်ခဲ့တာကို တွေ့မြင်နေရပါတယ်။

ပဲခူး၊ ရန်ကုန်၊ မန္တလေး အပါအ၀င် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွေမှာရှိတဲ့ မွန်ကျေးရွာတွေမှာ သင်တန်းနေရာ စုစုပေါင်း ၃၀၀ ကျော်၊ သင်တန်းဆရာများစွာနဲ့ ကျောင်းသားပေါင်း ၆၀၀၀၀ ကျော်ကို နှစ်စဉ် သင်တန်းပေး နိုင်ခဲ့ပါတယ်။

ဒီသင်တန်းကို စီမံခန့်ခွဲဖို့ သင်တန်းဌာနများကို ဗဟိုအဆင့်၊ မြို့နယ်အဆင့်၊ တိုက်နယ်အဆင့်၊ ရပ်ကွက် ကျေးရွာအဆင့် သင်တန်း ဌာနဆိုပြီး အဆင့် သတ်မှတ် ထားတယ်လို့ သိရတယ်။ သင်ရိုးကိုကျတော့ ဗဟိုကနေ ပြုစုပြီး ကျန်သင်တန်းဌာန အသီးသီးတို့က အကောင်အထည်ဖော် သင်ကြားပို့ချပေးတယ်။ မွန်စာပေနဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို အခြေခံ အဆင့်၊ မူလတန်းအဆင့်၊ အလတ်တန်းအဆင့်နဲ့ အဆင့်မြင့်ဆိုပြီး သင်ရိုးအဆင့် သတ်မှတ်ထာကြပါတယ်။

နွေရာသီကျောင်းပိတ်ရက်တွေမှာ မွန်ကလေးတွေ လိမ္မာရေးခြားရှိဖို့၊ ဗုဒ္ဓဘာသာကျင့်ဝတ်တွေနဲ့ အကျွမ်းတ၀င်ရှိဖို့နဲ့ မိခင်မွန် ဘာသာစကားကိုလည်း တတ်ကျွမ်းဖို့ စတဲ့ ရည်ရွယ်ချက်တွေ ထားရှိပြီး ကလေးတွေကို သင်ကြား လေ့ကျင့်ပေးတယ် ဆို တော့ မိဘတွေရော ဘုန်ကြီးတွေပါ သဘောတွေ့ မနောခွေ့နေတယ်လို့ သိရပါတယ်။ မွန်လူထုကလည်း သဘောကျ နှစ်သက် တယ် လို့သိရပါတယ်။

တိုင်းရင်းသား ဘာသာစကားသင်ကျောင်းတွေ ခွင့်မပြုသေး

အမျိုးသားလွှတ်တော်က လောလောဆယ် ပြည်နယ်အစိုးရကျောင်းတွေမှာ တိုင်းရင်းသား ဘာသာစကားနဲ့ သင်ကြားခွင့် မပြုသေးပါဘူး။ တိုင်းရင်းသား ဘာသာ စကားကို ကျောင်းပြင်ပ ပညာရေးအနေနဲ့ သင်ကြားခွင့် ရှိတယ်လို့ပဲ ပြောဆို ထားပါ တယ်။ လောလောဆယ် သင်ကြားခွင့်မရှိသေးဘူးဆိုတာဟာ နောင်သင်ကြားခွင့် ရှိလာနိုင်တယ်ဆိုတဲ့ သဘောလည်း ဆောင်ချင် ဆောင်နိုင်ပါတယ်။

အခု ကျနော်တို့ ဖွင့်လှစ်ထားတဲ့ မွန်ကျောင်းတွေဟာ ကျောင်းပြင်ပ ပညာရေးသဘော သက်ရောက်မယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ အစိုးရ ကျောင်းတွေမှာအထိ သင်ကြားခွင့်ရအောင် ကြိုးစားဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ  ငြင်းခုံ ဆွေးနွေးပေးဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။

သမိုင်းကိုပြန်ကြည့်ရင် ၁၉၄၈- ၁၉၅၈ ပါလီမာန်ဒီမိုကစေစီခေတ်၊ ၁၉၅၈-၁၉၆၂ အိမ်စောင့်အစိုးရခေတ်၊ ၁၉၆၂- ၁၉၇၄ တော်လှန်ရေးကောင်စီခေတ်၊ ၁၉၇၄- ၁၉၈၈ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ စတဲ့ ခေတ်အဆက်ဆက်တွေမှာ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ အစိုးရ စာသင်ကျောင်းတွေမှာ တိုင်းရင်းဘာသာ(စာပေ)ကို မူလတန်း အဆင့်အထိ သင်ကြားခွင့် ရခဲ့ဖူးပါတယ်။ တိုင်းရင်းသားတွေက အဲဒီအခွင့်အရေးကို ပြန်လည်ရရှိချင်မှာ မလွဲပါဘူး။

ကျနော်တို့ မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့နိုင်ငံ ဖြစ်တဲ့အတွက် မြန်မာစာကို ရုံးသုံးစာအဖြစ် ပြဌာန်းထား တာ ကောင်းပါတယ်။ အသွေးရောင်စုံ တိုင်းရင်းသားများရဲ့ ဘာသာစကားကိုလည်း မြှင့်တင်ပေးတဲ့အနေဖြင့် တိုင်းရင်းသား ဒေသတွေမှာ ကျောင်းသုံး ဘာသာစကားကို မူဝါဒချမှတ်နိုင်ဖို့ သုတေသနလုပ်ပြီး ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါမယ်။

တိုင်းရင်းသားဒေသတွေမှာ ၄င်းတို့မိခင်ဘာသာစကားကို အစိုးရကျောင်းတွေမှာ သင်ကြားခွင့် ရရှိသင့်ပါတယ်။ ဘယ်အဆင့် အထိ သင်ကြားဖို့ လိုအပ်တယ်ဆိုတာကို သူတို့ရဲ့ ဘာသာစကားစာပေ ဖွံ့ဖြိုးမှုအပေါ် မူတည်ပြီးသက်ဆိုင်ရာ ဒေသခံ တိုင်းရင်း သားခေါင်းဆောင်၊ တိုင်ရင်းသားပညာရှင်များနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။

ကျောင်းနေစအရွယ် ကလေး စာသင်ကျောင်းကို ရောက်ချိန်မှာ သူ့ရဲ့ကိုယ်ပိုင် ဘာသာစကားက တစ်မျိုး၊ ကျောင်းသုံး ဘာသာ စကားကတစ်မျိုး မတူကွဲပြားခြားနားနေရင် သင်ကြားရေးမှာ အခက်အခဲနှင့် ရင်ဆိုင်ရတတ်ပါတယ်။ ဘာသာစကား နားမ လည်ရာကစပြီး ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ်နှင့်အတူ ကလေးဟာ စိတ်ဖိစီးမှုတွေများလာတဲ့အခါ ကျောင်းမှာမပျော်တော့ဘူး။ သင်ကြားမှုမှာလည်းထိရောက်မှုမရှိဖြစ်လာတဲ့အခါ ကျောင်းထွက်တဲ့အထိဖြစ်တတ်ပါတယ်။ ပညာရေးအဟောသိကံဖြစ်မှု များစေတယ်၊ တိုင်းပြည်နစ်နာတာပေါ့။ ဒါကြောင့် ကျောင်းနေစအရွယ် ကလေးကို သူတို့ရဲ့ မိခင်ဘာသာစကားနဲ့ သင်ကြား သင်ယူမှု ပြုနိုင်အောင်စီစဉ်ဆောင် ရွက်ပေးသင့်တယ်လို့ ယူဆပါတယ်။

တိုင်းရင်းသားဘာသာစကားနှင့် ပညာသင်ကြားခွင့်

တိုင်းရင်းသားဒေသတွေမှာ အထူးသဖြင့် ဗမာစကားမပြောတဲ့ ဒေသတွေမှာ အစိုးရ ကျောင်းတွေမှာလည်း တိုင်းရင်းဘာသာ ကို မူလတန်းအဆင့်အထိ သင်ကြားခွင့် ရရှိစေချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ဘာသာစကား သုံးခု သင်ကြားတဲ့ မူဝါဒချမှတ် ကျင့်သုံးသင့်ပါတယ်။

မြန်မာစာကို အများသုံး၊ ရုံးသုံးဘာသာစကားအနေနဲ့ သတ်မှတ်ပြီး ကျန်တဲ့ တိုင်းရင်းဘာသာစကားများကိုလည်း သက်ဆိုင် ရာ ဒေသတွေမှာ မူလတန်းအဆင့်လောက် ကျောင်းသုံး ဘာသာစကားအနေနဲ့ သတ်မှတ်ပြီး ပြဌာန်းသင်ကြားသင့်ပါတယ်။ အင်္ဂလိပ်စာကိုတော့ နိုင်ငံခြားဘာသာစကား အနေနဲ့ သတ်မှတ်ထားတာ ကောင်းပါတယ်။ ဒါပေမဲ့ သင်နည်းစနစ် ပြောင်းလဲ ကျင့်သုံးဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ တိုင်းရင်းသားကလေးငယ်များ ပညာသင်ကြားခွင့် အခွင့်အရေးအနေနဲ့ကတော့ မူလ တန်း ပညာကို အခမဲ့ပညာရေး သတ်မှတ်ပြီး ပီပြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါတယ်။

ဆယ်တန်းလွန် ပညာရေး

ဆယ်တန်းလွန်ပညာရေးကို လွန်ခဲ့တဲ့ ၂၀၀၁/၂၀၀၂ လောက်ကစပြီးဖွင့်လှစ်ခဲ့ပါတယ်။ OSI ရဲ့ ပညာရေးထောက်ပံ့စရိတ်နဲ့ လည်ပတ်ခဲ့ရပါတယ်။ သုံးနှစ်လောက်လည်ပတ်ပြီး နောက်ပိုင်း ရန်ပုံငွေမရရှိတော့ ခေတ္တရပ်ဆိုင်းထားရပါတယ်။

၂၀၀၅/၂၀၀၆ လောက်ကစပြီး AJWS ထံမှ အကူအညီ တချို့ရရှိပြီးတော့ ဆက်လက် လည်ပတ်နိုင်ခဲ့ပြန်တယ်။ ၂၀၀၈ ခုနှစ် လောက်ကစပြီး ယနေ့အထိ မွန်ပညာရေးဌာနရဲ့ ဆယ်တန်းလွန် ပညာရေးအစီအစဉ်ကို ကူညီထောက်ပံ့ပေးနေ တာကတော့ ထိုင်းနိုင်ငံ အခြေစိုက် World Education ပဲ ဖြစ်ပါတယ်။

မွန်ပညာရေးဌာနမှာ ဆယ်တန်းလွန်ပညာရေးဆိုပြီးတော့ သင်တန်းတစ်မျိုးပဲ ရှိပါတယ်။ အခုလောလာဆယ် သင်ကြား နေတဲ့ ပုံစံကတော့ ဆယ်တန်းလွန်ပညာရေးဆိုပေမယ့်လို့ ဆရာအခက်အခဲကြောင့် ဘာသာစုံမသင်ပေးနိုင်ဘူး။ အင်္ဂလိပ်စာကိုပဲ အဓိက ဘာသာအနေနဲ့ သင်ပေးနေပါတယ်။ ကျန်တာကတော့ ကွန်ပျူတာတို့ ပရောဂျက် စီမံခန့်ခွဲမှုတို့ နောက်ပြီး ကလေးတွေ ကို အင်္ဂလိပ်စာသင်နည်းတို့ အနည်းအကျဉ်းပါတယ်။ သင်တန်းပြီးတဲ့အခါ မွန်ပညာရေးဌာနမှာ အလုပ်လုပ်နိုင်အောင်လို့ လေ့ ကျင့် သင်ကြားပေးခြင်း ဖြစ်ပါတယ်။

ကျနော်တို့ဆီက ဆယ်တန်း တန်းလွန်ပြီးဆုံးလို့ နိုင်ငံခြား တက္ကသိုလ်တွေမှာ ကျောင်းဆက်တက်နိုင်တာ အားနည်း နေသေး တယ်။ လောလောဆယ်မှာ မဟာတန်း ဆက်တက်နေတာ (၂) ယောက်နဲ့ ရိုးရိုး Bachelor တန်း တစ်ယောက်စ နှစ်ယောက်စ ထိုင်းနိုင်ငံ ဘန်ကောက် တက္ကသိုလ်မှာ တက်နေတာ၊ ဒါပဲရှိသေးတယ်။ ပြောရရင်တော့ အားမရသေးဘူးပေါ့။

အသက်မွေးဝမ်းကျောင်းသင်တန်းတွေ လိုအပ်

သေက်မွေးဝမ်းကျောင်း သင်တန်းများကျတော့ သေသေချာချာ ဖွင့်လှစ်ပြီး သင်ကြားခြင်းမျိုး မရှိသေးဘူး။ ပညာရေးဌာန၊ ဘော်ဒါဆောင်နေ အထက်တန်းကျောင်းတွေမှာတော့ တနိုင်တပိုင် လုပ်ထားတာတွေပဲ ရှိတယ်။ ဟင်းသီးဟင်းရွက် စိုက်ခြင်း မှို စိုက်ပျိုးခြင်း၊ ကြက်ဝက် ဆိတ် မွေးမြူ ခြင်းတွေပဲ ဖြစ်ပါတယ်။

နောက်တစ်ခုက ဖယောင်းတိုင်ထုတ်လုပ်တာက ၀င်ငွေတိုးလုပ်ငန်း တစ်ခုပေါ့လေ။ ၀င်ငွေတိုးလုပ်ငန်းတွေကတော့ ကျောင်း ဈေးရောင်းခြင်း၊ ရော်ဘာခြံ၊ ကွမ်းသီးခြံ စိုက်ပျိုးခြင်း စတဲ့ လုပ်ငန်းတွေလည်း ပါပါတယ်။ ရရှိတဲ့ အကျိုးအမြတ်ကို သက်ဆိုင် ရာ ကျောင်းရန်ပုံငွေ အနေနဲ့ သုံးပါတယ်။

သက်မွေးဝမ်းကျောင်း သင်တန်းအတွက် သီးသန့်တည်ထောင် ဖွင့်လှစ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ကျောင်းနှစ်မျိုးဖွင့်လှစ်သွားဖို့ အစီအစဉ်ပါ။ ပထမအမျိုးအစားက ပုံမှန်ကျောင်း စာပေဘာသာရပ် ဦးစားပေးကျောင်းနဲ့ ဒုတိယ အမျိုးအစားက သက်မွေးဝမ်းကျောင်း ပညာ ဦးစားပေး ကျောင်းတို့ပဲ ဖြစ်တယ်။ စိတ်ကူးပဲရှိတယ်။ မလုပ်နိုင်သေးဘူး။

စိန်ခေါ်မှုများနှင့် ရှေ့ခရီး

ပညာရေးလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှုဆိုပြီးတော့ အခုကျနော်တို့လုပ်နေတာ မွန်ပြည်သူတွေအတွက် အကျိုးရှိပါတယ်။ အထူးသဖြင့် နယ်စပ်ဒေသနဲ့ ဝေးလံတဲ့နေရာ၊ ခေါင်တဲ့နေရာ၊ အစိုးရကျောင်းလည်းမရှိတဲ့နေရာ တွေမှာ ဒေသခံတွေအတွက် အလွန်ပဲ ကျေးဇူးများပါတယ်။ နောက်ပြီး မိခင်ဘာသာစကားဖြစ်တဲ့ မွန်စာကိုလည်းသင်ကြားရတော့ ဒီကျောင်းတွေမှာပဲ အမျိုးသားကြန်အင်လက္ခဏာနဲ့ ယဉ်ကျေးမှု အမွေထိန်းသိမ်းခွင့် ရှိပါတယ်။ စိန်ခေါ်မှုတွေကတော့ အများကြီးပဲ။ ပြောရရင် တော့ အဓိကက မွန်ကျောင်းများရဲ့ တရားဝင်ရပ်တည်မှု ဖြစ်ပါတယ်။

နောက် အောင်မြင်တဲ့ ပညာရေးစနစ်အတွက် အဓိကလိုအပ်ချက်ကတော့ ကျောင်းဆရာနဲ့ သင်ရိုးညွှန်းတမ်းရဲ့ အခန်းကဏ္ဍ ဟာ အရေးကြီးမယ်လို့ ထင်ပါတယ်။ ဆရာတွေရဲ့ အရည်အသွေး၊ ပညာရေးအပေါ်မှာ အမြင်သဘောထား၊ တပည့် ကျောင်းသားတွေရဲ့ အနာဂတ်ကို ပညာရေး မျှော်မှန်းချက် ရှိရှိနဲ့ သင်ကြားပေးနိုင်မှု တို့ ပါပဲ။

ဘာကြောင့်လည်းဆိုတော့ ဆရာဟာ တိုင်းပြည်ရဲ့ အနာဂတ်ကိုဖော်ဆောင်တဲ့သူလည်း ဖြစ်တယ်။ တိုင်းပြည်အတွက် လိုအပ် တဲ့ လူချွန်လူ ကောင်းတွေပေါ်ထွန်းလာဖို့ ကျောင်းဆရာမှာ တာဝန်ရှိတယ်။ ကောင်းမွန်တဲ့ သင်ရိုးညွှန်းတမ်းဖြစ်ဖို့လည်း လိုပါ တယ်။ သင်ရိုးညွှန်းတမ်းဟာ နိုင်ငံတော်ရဲ့ ရည်မှန်းချက် တနည်း ပြည်သူလူထုရဲ့ ဆန္ဒ ဖြစ်ပြီး ဆရာက သင်ရိုးညွှန်းတမ်းကို အကောင် အထည်ဖော်သူ ဖြစ်တယ်လို့ မြင်ပါတယ်။

ပြောရရင်တော့ အောင်မြင်တဲ့ ပညာရေးစနစ်ဖြစ်ဖို့ တိုင်းပြည်ကိုအုပ်ချုပ်တဲ့ အစိုးရကိုပဲ တာဝန်လွှဲချတာထက် မိမိမှာလည်း တာဝန်ရှိတယ် ဆိုတာကို သိဖို့ လိုအပ် ပါတယ်။ အရပ်ဖက် လူ့အဖွဲ့အစည်းတွေကလည်း ပိုမိုကောင်းမွန်တဲ့ ပညာရေး ဖြစ်လာ အောင် ကျောင်းတွေနဲ့ ကျောင်းဆရာတွေကို အကူအညီပေးဖို့ နည်းလမ်း ရှာသင့်တယ်လို့ ကျွန်တော် မြင်မိပါတယ်။

နောက်ပြီး လူမျိုးတိုးတက်အောင်၊ တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်တဲ့ နေရာမှာ ပညာရေးမှာ အရင်းအနှီးမြုတ်နှံတာ အကောင်းဆုံးပဲလို့ ယူဆပါတယ်။ ပိုမိုအရည်အသွေးပြည့် ၀တဲ့ ပညာရေးစနစ်ကနေတဆင့် အရည်အသွေးရှိတဲ့ လူဦးရေ ဖြစ်လာဖို့ အကောင်အထည် ဖော်တဲ့နေရာမှာ ကျောင်းဟာ ပညာသင်ယူရာ အကောင်းဆုံးနေရာ ဖြစ်တဲ့အတွက် ‘တူလေးတူ’ ဖြစ်တဲ့ ကျောင်းကို ကျောင်းနဲ့တူအောင်၊ ကျောင်းဆရာကို ကျောင်းဆရာနဲ့တူအောင်၊ ကျောင်းသားကို ကျောင်းသားနဲ့ တူ အောင်၊ မိဘကိုလည်း မိဘနဲ့တူအောင် ဖော်ဆောင်နိုင်ရင် ပိုမိုကောင်းမွန်တဲ့ ပညာရေးစနစ်ဖြစ်လာမယ်လို့ထင်ပါတယ်။

အားလုံးထဲမှာ ကျောင်းဆရာက အရေးကြီးဆုံးဖြစ်မယ်လို့ ယုံကြည်တယ်။ ကျောင်းဆရာရဲ့ အခန်းကဏ္ဍက မှေးမှိန်နေသမျှ ပိုမိုကောင်းမွန်တဲ့ ပညာရေးစနစ်ဖြစ်လာဖို့ မလွယ်ဘူး။ ကျောင်းဆရာရဲ့ လူမှုဘ၀ကိုမြှင့်တင်ပေး ဖို့အလိုအပ်သလို လူတန်းစေ့  ဖြစ်ဖို့၊ လူလတ်တန်းစားအဆင့်ဖြစ်လာဖို့၊ စားဝတ်နေရေး ချောင်လည်ဖို့၊ ဖူလုံတဲ့ လစာခံစားခွင့် ရရှိဖို့လိုအပ်မယ်လို့ ထင်ပါ တယ်။

ကျောင်းဆရာ ဆရာမများရဲ့ အရည်အသွေးကို မြှင့်တင်ပြီး အခြေခံပညာကို ဘက်စုံဖွံ့ဖြိုးတဲ့ ပညာရေးစနစ် ပီပြင်အောင် လုပ် ဆောင်နိုင်ရင် အောင်မြင်နိုင်မယ်လို့ထင်ပါတယ်။ မူလတန်းအဆင့်နဲ့ အလယ်တန်းအဆင့်တွေမှာ မလိုလားအပ်တဲ့ ကျူရှင်တွေ မှိုလို ပေါက်နေတဲ့ ရောဂါကို ပျောက်ကင်းအောင် ကုသပေးဖို့လည်း လိုအပ်မယ်လို့ထင်ပါတယ်။ ကျူရှင်ဟာ ကလေးတွေကို ဘက်စုံဖွံ့ဖြိုးတဲ့ ပညာရေးစနစ်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ ကြီးမားတဲ့ အဟန့်အတားဖြစ်စေတယ် လို့မြင်ပါတယ်။

မွန်မြတ်ပြီး သမာအာဇီဝကျတဲ့ ကျောင်းဆရာအလုပ်နဲ့ အသက်မွေးရင်း တပည့်ကျောင်းသားများကို အတတ်လည်းသင်၊ ပဲ့ပြင် ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့ ဆရာတို့ ဟူသည့် ဆရာများ ကျင့်ဝတ်အတိုင်း ကျင့်ကြံလုပ်ဆောင်နိုင်ရင် ကျောင်းသားတွေလည်း ဗဟုသုတ၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်နှင့် အမူအကျင့်တွေ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှာ သေချာ တယ်လို့ ယူဆပါတယ်။ တိုင်းပြည်နဲ့ လူမျိုးလည်း တိုးတက်လာမှာ သေချာတယ်လို့လက်ခံ ယုံကြည်ပါတယ်။

ဆရာဇေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: