အလုပ်နှင့် တာဝန်


ဖြစ်ရပ် (၁)

စာစီစာကုံးပြိုင်ပွဲအတွက် ပြင်ဆင်နေရလို့ဆိုတဲ့ ဆင်ခြေကို ပေးတာနဲ့တင် အိမ်စာလုပ်ဖို့ တာဝန်ပျက်ကွက်တာကို ခွင့်လွှတ်ပေးရမှာလား။ အဓိကနဲ့ သာမညကို နားလည်ရမှာပေါ့။ ဟိုစပ်စပ်၊ ဒီစပ်စပ်နဲ့ အားလုံးလျှောက် လုပ်နေပြီး ကျောင်းသားတယောက်ရဲ့ တာဝန်ပျက်ကွက်တာကို အလုပ်များနေလို့ဆိုပြီး ဆရာမ နားလည်မပေးနိုင်ဘူး။ မင်းက ကျောင်းသား။ ကျောင်းသားမှာ ကျောင်းသားတာဝန်ရှိ တယ်။ ကျောင်းသားတာဝန် ကို ကျေပွန်ပြီးမှသာ တခြားအလုပ် တွေကို လုပ်ရမယ်။ ကိုယ့်ကိုကိုယ် ဘာလဲ မသိတာလောက် ဆိုးတဲ့အရာ လောကမှာ မရှိဘူး။

ဆရာမ ရှေ့မှာ ရပ်နေရင်း ကျမရဲ့ ရင်ခုန်သံတွေ မြန်နေခဲ့ပါတယ်။ စာသင်ခန်းထဲမှာ မဟုတ်ဘဲ ဆရာများ နားနေ ခန်းထဲမှာမို့ တခြား ဆရာမတွေပါ ရှိနေချိန်ကလဲ ဖြစ်၊ ဆရာမ ရိုက်မယ်ဆိုရင်တောင် နားနေခန်းထဲမှာက တုတ်မျိုးစုံ ရှိနေတာကြောင့် စိတ်ထဲမှာလဲ အနည်းငယ် ကြောက်နေမိပါတယ်။ မကြာသေးခင်ကမှ နားရင်းအုပ်ခံထားရတာ ကြောင့် စပ်ဖျဉ်းဖျဉ်းလဲ ဖြစ်နေပါတယ်။

ဆရာမရှေ့မှာ ကျမ ရောက်နေရတဲ့ အဖြစ်ကတော့ ဒီလိုပါ။ ဆရာမက ကျမတို့ ဆယ်တန်း မြန်မာစာ သင်ပါတယ်။ ကျမတို့ ကျောင်းမှာက အထက်တန်းဆရာမတွေက ကိုးတန်းသင်ပြီးရင် သူတို့ တပည့်တွေနဲ့အတူ ဆယ်တန်းကို လိုက်သင်ရပါတယ်။ ပြီးတော့မှ တခါ ကိုးတန်းပြန်ဆင်း၊ ဆယ်တန်းပြန်တက်ဆိုတော့ ဆရာနဲ့ တပည့်တွေက ပိုပြီး ရင်းရင်းနှီးနှီး ရှိသလို၊ တပည့်တွေရဲ့ အားနည်းချက်တွေကိုလဲ ဆရာတွေက အသေးစိတ် သိပါတယ်။

ဒီတုန်းက ကျမကလဲ ဟိုနေရာစပ်စပ်၊ ဒီနေရာစပ်စပ်။ ကျောင်းနံရံကပ်စာစောင် အဖွဲ့မှာလဲ ပါတာပဲ။ ပြင်ပ စာပေ၀ိုင်း အဖွဲ့တွေမှာလဲ ပါတာပဲ။ ကဗျာစပ်လိုက်၊ ၀တ္ထုရေးလိုက်။ တချို့ စာစောင်၊ မဂ္ဂဇင်းလေးတွေမှာလဲ စာမူတချို့က ဆက် တိုက်ပါနေချိန်။ ကလေးစာပေထုတ်တဲ့ စာအုပ်တိုက်တတိုက်ကလဲ ပင်တိုင်ရေးဖို့ ကမ်းလှမ်း ထားချိန်ဆိုတော့ ကျောင်းစာအပြင် တခြားကဏ္ဍတွေကိုပါ အာရုံက ရောက်နေတတ်ပါတယ်။

ဒီလို ကျောင်းစာအပြင် အခြားအရာတွေမှာ စိတ်ရောက်နေတာကို ဆရာမကလဲ ရိပ်မိပုံပေါ်ပါတယ်။ မြန်မာစာ ဆရာမ ဖြစ်တာကြောင့် ပြင်ပစာတွေမှာ အာရုံရောက်နေတာကို တခါတရံ အားပေးပေမယ့် ဘောင်တစ်ခု ထက် မကျော်သွား အောင်တော့ အမြဲ ထိန်းကွပ်ပေးပါတယ်။ စာစီစာကုံးပြိုင်ပွဲတွေ၊ ကဗျာ ပြိုင်ပွဲတွေမှာ တခြားကျောင်းတွေကို သွားပြီး ရေးဖြေလုပ်ရတဲ့အခါတိုင်း ဆရာမ လိုက်ပေးလေ့ရှိပါတယ်။ ဒါပေ မယ့် ကျောင်းစာ ဘက်မှာလဲ မပေါ့ဖို့ အမြဲ သတိပေး နေကြ။

ဒီလိုနဲ့ တရက်တော့ ရေသည် ပြဇာတ်နဲ့ ပတ်သက်ပြီး ဆယ်တန်းစာမေးပွဲ မေးခွန်းဟောင်းတခုကို ရေးဖြေကျင့်ဖို့ အိမ် စာပေးလိုက်ပါတယ်။ နောက်တနေ့ နံနက်မှာ စာအုပ်အားလုံး ထပ်ရမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ညဘက်မှာ စာစီ စာကုံးပြိုင်ပွဲတခုအတွက် အချက်အလက်စုရင်း သမိုင်းစာအုပ်တအုပ်ထဲ နစ်မျောသွားတာကြောင့် အိမ်စာကို မလုပ် ဖြစ်လိုက်ပါဘူး။ စိတ်ထင့်ထင့်နဲ့ ကျောင်းရောက်သွားရင်း အတန်းခေါင်းဆောင်က အိမ်စာစာအုပ်တွေ လိုက်သိမ်းချိန် ကျတော့ အတွေးတခု ဖြတ်ခနဲ ၀င်လာပါတယ်။

သူက စာအုပ်အရေအတွက် စစ်ယူသွားတာမဟုတ်ပဲ ဆရာများနားနေခန်းက ဆရာမ စားပွဲအနီး စင်ပေါ်မှာ သွားတင် ထားမှာ ဖြစ်တာကြောင့် နောက်မှ သွားထပ်တင်ထားလိုက်ရင် သိသာမှာ မဟုတ်ဘူး လို့ တွေးလိုက်မိ ပါတယ်။ ဆရာမ အချိန်ကလဲ နေ့လည်ကျမှပါ။ ဒီတော့ ဆရာမ အတန်းထဲ ၀င်လာပြီး စာအုပ်မထပ်ရသေးတဲ့သူတွေကို မမေးခင်မှာ စာအုပ်တင်နိုင်ရင် ပြီးတာပဲလို့ စဉ်းစားလိုက်မိပါတယ်။

ဒါနဲ့ပဲ သင်္ချာအချိန်မှာ သင်္ချာအမြန်တွက်ပြီး၊ မြန်မာစာ ခိုးရေးရပါတော့တယ်။ ပြီးတော့မှ နေ့လည် ထမင်းစား ဆင်း ချိန်မှာ စာအုပ်တအုပ်ကိုင်ပြီး၊ ဆရာများ နားနေခန်းကို သွားရပါတော့တယ်။ ဆရာမ ထိုင်နေကျ စားပွဲနားကို လှမ်း ကြည့်လိုက်တော့ ဆရာမလဲ မရှိပါဘူး။ ဒါနဲ့ တောင်ကြည့်၊ မြောက်ကြည့်လုပ်ပြီး စာအုပ်တွေ ထပ်ထားတဲ့ စင်နားကို သွားရပါတယ်။ တခါတရံ အိမ်စာစာအုပ်တွေ လိုက်သိမ်းပြီး ယူလာတတ်တာမို့ ထပ်ရမယ့်နေရာကို ဒက်ထိ သိနေပါတယ်။ အပေါ်က ထပ်တင်လိုက်ရင် သိသာနိုင်တာမို့ စာအုပ်တွေကြားထဲ ရောထည့်လိုက်စဉ်ခဏ ….။

ဘာလုပ်တာလဲ ဆိုတဲ့ အသံ ပေါ်ထွက်လာတာကြောင့် လှည့်ကြည့်မိတော့ ဆရာမရဲ့ ဒေါသ မျက်နှာကို တွေ့ရပါ တော့တယ်။ ကျမလဲ မလိမ်ရဲတာကြောင့် စာအုပ်လာထပ်တာလို့ ပြောပြလိုက်တုန်းမှာပဲ ဆရာမ လက်တဘက်က မြောက်တက် သွားပါတယ်။ နားရင်းရိုက် ဆုံးမပြီးပေမယ့် ဆရာမက မရပ်သေးပါဘူး။ စားပွဲနားကို ခေါ်သွားပြီး ဆုံးမ စကားတွေ ဆက်ပြောပါတော့တယ်။

ကံဆိုးချင်တော့ ဆရာမ စားပွဲမှာက သင်္ချာဆရာမ၊ အင်္ဂလိပ်စာ ဆရာမတို့ပါ ထိုင်နေတာပါ။ သင်္ချာဆရာမက အတန်း ပိုင်ဆရာမ ဆိုတော့ အေး- နောက်မှတွေ့မယ် လို့ ၀င်ကြိမ်းပါတယ်။ အင်္ဂလိပ်စာ ဆရာမကလဲ နာနာသာရိုက်လို့ ၀င် ပြောပါတယ်။ ဆရာမတို့ စားပွဲပေါ်မှာတင် တုတ်က သုံးချောင်းလောက် ရှိနေတာဆိုတော့ ကျမမှာ တော်တော် ရင် ခုန်မြန်ခဲ့ရပါတယ်။ ဒါပေမယ့် ဆရာမက တုတ်နဲ့ မရိုက်ခဲ့ပါဘူး။ စကားနဲ့ပဲ ရိုက်ခဲ့ပါတယ်။

တာဝန်ပျက်ကွက်မှု ဆိုတဲ့ စကားကို ဆရာမက ထပ်တလဲလဲ ပြောခဲ့ပါတယ်။ အလုပ်တွေ ဘယ်လောက် အများကြီး လုပ်နေပေမယ့် ကိုယ်ဘာလဲ ဆိုတာကို သိပြီး ကိုယ့်တာဝန်ကို ကျေပွန်ဖို့ လိုတယ်ဆိုတဲ့ အသိကို ကျမ ခေါင်းထဲကို ရိုက်သွင်းပေးခဲ့ပါတယ်။

ဖြစ်ရပ် (၂)

သမီး ဘယ်လောက်ကြိုးစားခဲ့တယ်၊ ဘာတွေ လုပ်ခဲ့တယ်ဆိုတာ မေမေ မသိချင်ဘူး။ သမီးတာဝန်က ဒီကား ရောင်း ထွက်သွားအောင် လုပ်ဖို့ပဲ။ ဒီအတွက် သမီးဘက်က လုပ်သင့်လုပ်ထိုက်တာတွေအားလုံး လုပ်ပြီးပြီလားဆိုတာ ပြန် စဉ်းစားကြည့်။ အလုပ်မပြီးဘဲ ဟိုဟာကြောင့်၊ ဒီဟာကြောင့်လို့ ဆင်ခြေဆင်လက် ပေးတာကို မေမေ လက်မခံဘူး

မေမေ့စကားကြောင့် ကျမမှာ အတော် စိတ်ပျက်လက်ပျက် ဖြစ်သွားရပါတယ်။ စိတ်ညစ်ညစ်နဲ့ ဖွားညွန့်ကို သွားပြော တော့ ဖွားညွန့်က စိန်တလုံးနားကပ် တရံ ထုတ်ပေးပါတယ်။ သွားရောင်းပြီး လိုချင်တဲ့ ကားကို ၀ယ်လိုက် ဆိုတဲ့ သ ဘော။ အဖြစ်က ကျမ ကားသစ်တစီး လဲချင်တဲ့ ပြဿနာပါ။

မေမေ့လူနာတွေထဲမှာ ကားအရောင်းအ၀ယ်သမားတွေ ရှိပါတယ်။ တခါတရံကျရင် အိမ်လာလည်ပြီး ကားလာပြတတ် ကြပါတယ်။ ဟိုကားလေး ၀ယ်ထားလိုက်ပါလား၊ ဘယ်ကားလေးကို လဲထားလိုက်ပါလား၊ ဘယ်ကားလေးကိုတော့ ၀ယ်ပြီး ခြင်ထောင်ချထားလိုက်ရင် အလိုလိုဈေးတက်လာမှာ စတာမျိုးတွေပါ။ မေမေကလဲ အသက်ငယ်တုန်းက ကား နဲ့ ပတ်သက်ရင် အတော်စိတ်ဝင်စားတာပါ။ နယ်က ကားတွေ မကြိုက်လို့ ရန်ကုန်ဆင်းပြီး ကားတစီးသွားဝယ်ရာက ဗိုလ်ချုပ်ဈေးမှာ ဖေဖေ မောင်းလာတဲ့ ကားကို ကြိုက်ပြီး၊ နောက်ကလိုက်ရင်းနဲ့ ဖေဖေနဲ့ အကြောင်းပါသွားတယ်လို့ ဆိုကြပါတယ်။ ဒီလောက်အထိ ကြိုက်ရာကားနောက်ကို လိုက်တတ်ကြတာပါ။ ဖေဖေကလဲ ကားဆို အတော်ကြိုက် ပါတယ်။ ဘာအလုပ်ပဲ လုပ်နေနေ ကားနဲ့ ပတ်သက်တဲ့ အလုပ်တခုခုကိုတော့ တွဲလုပ်တတ်တယ်တဲ့။

ဒီလို ကားကြိုက် မောင်နှံကနေ မွေးလာတဲ့ ကျမတယောက်လဲ ကားတွေကို အတော်ကြိုက်ပါတယ်။ ဒါပေမယ့် ကျမ ကြိုက်ပုံကျတော့ ခပ်ဆန်းဆန်း။ ဖေဖေ့လို ကားနဲ့ ပတ်သက်တဲ့ အလုပ်တခုခုကို တသသ လုပ်ချင်တာမျိုးလဲ မဟုတ်။ မေမေ့လို ကားလှလှလေးတွေကို ကြိုက်တာမျိုးလဲ မဟုတ်။ ခရီးသွားဟန်လွှဲပဲဖြစ်ဖြစ် ကားတစီးစီးကိုတွေ့လိုက်ပြီးရင် ခဏ စိတ်ဝင်စားသွားတာမျိုးပါ။ အဲလိုအခါကျရင် အနည်းဆုံးတော့ အရောင်တူ၊ အမျိုးအစားတူ၊ မော်ဒယ်လ်တူ ကား တစီးစီးကို မရရအောင် လူကြီးတွေဆီ လိုက်ပူဆာတတ်ပါတယ်။ အရောင်မတူရင် အတင်းဆေးမှုတ် ပြောင်းပစ်ခိုင်း တတ်ပါတယ်။ ပြီးရင် သိမ်းထားလားဆိုတော့လဲ မဟုတ်ပြန်ပါဘူး။ ရပြီးသွားရင် ကျမ စိတ်မ၀င်စားတော့ပါဘူး။

ဒီတော့ ကားတွေ ခဏခဏလဲပါတယ်။ တခါတရံ မြတ်ပေမယ့် တခါတရံတော့လဲ အရှုံးခံရတာကြောင့် မေမေက စိတ်ဆိုးလာပါတယ်။ ဒါကြောင့် ကားအဟောင်းကို ရောင်းလို့ထွက်မှ နောက်ကားတစီးကို ထပ်ဝယ်ဖို့ စဉ်းစားမယ်လို့ ဆိုပါတော့တယ်။ ကျမလဲ သိသမျှ၊ မှတ်သမျှ ကားပွဲစားတွေ၊ အကျိုးဆောင်တွေ ဆက်သွယ်တာပဲ။ ဘာလို့မှန်းမသိ။ ချက်ချင်း ရောင်းမထွက်ပါဘူး။ ကြာတော့ လိုချင်တဲ့ကားတောင် သိပ်စိတ်မ၀င်စားတော့ဘူး ဖြစ်လာပါတယ်။ အချိန်က စကား ပြောလေသလား မသိ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီကားဟောင်းကြီးဆိုတော့ မြင်ရရင်ကို စိတ်အတော်ကုန်တာပါ။ ဒါကြောင့် ဒီကားရောင်းထွက်သွား အောင် ဘယ်လောက် ကြိုးစားရသလဲဆိုတာ မေမေ့ကို ပြောတော့လဲ မေမေက လက်မခံ။ အဟောင်းကို မထုတ်နိုင် ဘဲ အသစ်လိုချင်တာ သဘာဝ မကျဘူးတဲ့။ အသစ်လိုချင်ရင် အဟောင်းကို ရအောင်ထုတ်ဖို့က ကိုယ့်တာဝန်ပဲတဲ့။ လုပ်သင့်လုပ်ထိုက်တာတွေအားလုံး လုပ်ပြီးပြီလားတဲ့။ ကိုယ့်တာဝန် ကိုယ် မကျေဘဲ အသစ်မရတာ ဘာကြောင့်၊ ညာကြောင့် ဆင်ခြေတွေကို လက်မခံဘူးတဲ့။

ဒီလို ပြောထားတာကြောင့် ဖွားဖွားရဲ့ စိန်နားကပ်ကိုလဲ ကားအဖြစ် မပြောင်းလဲ ဖြစ်ခဲ့ပါ။ တာဝန်မကျေပဲ အသစ်လဲ မလိုချင်။

ဒါတွေ ဖြစ်ပြီး သိပ်မကြာလိုက်ပါ။ နိုင်ငံတော်ကောင်းမှုကြောင့် တာဝန်လဲ မကျေလိုက်။ (၁၉၉၉) ခုမှာ ဆေးကျောင်း တွေ ဖွင့်တာကို တရားဝင် မကြေငြာဘဲ နိုင်ငံတော်အစိုးရက ခိုးကြောင်ခိုးဝှက်နဲ့ ကျောင်းသားများ အိမ်သို့ တိတ်တ ဆိတ် စာပို့ပြီး ကျောင်းဖွင့်ခဲ့ပါတယ်။ (၁၉၉၆) မှာ ဆယ်တန်းအောင်တဲ့ ကျောင်းသားတွေက (၁၉၉၉) ခု၊ မေလမှာ ကျောင်းစတက်ရပါတယ်။ တနှစ်တည်း ဆယ်တန်းအောင်တဲ့ ကျောင်းသားတွေ ကျတော့ နောက်တနှစ်အကြာ ၂၀၀၀ ခုနှစ်ကျမှ သက်ဆိုင်ရာကျောင်းတွေကို စတက်ခွင့်ရပါတယ်။

ဒီလို နိုင်ငံတော်ရဲ့ ခိုးကြောင်ခိုးဝှက် အလုပ်ကြောင့် ကျမမှာလဲ ကားတစီး ရောင်းဖို့ တာဝန် မကျေပွန်လိုက်သလို၊ အ မေ့ကို စိတ်ကောက်ပြီး မန္တလေးမှာ ကား ယူမထားတာကြောင့် (တနည်းဆိုရင် ကားမောင်းသမားပါ ကားနဲ့အတူ ပါ လာပြီး ကျမ လုပ်သမျှ၊ သွားသမျှ အိမ်ကို အစီရင်ခံမှာကိုလဲ စိုးရိမ်တာက တကြောင်းကြောင့်) ကားတွေ ခဏခဏ လဲချင်တဲ့အကျင့်လဲ ပျောက်သွားပါတယ်။ တခါတရံ စိတ်လိုလက်ရရှိမှ အိမ်ကို ကားတစီးနဲ့ ယာဉ်မောင်းတယောက် ပို့ပေးလိုက်ဖို့ လှမ်းမှာဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းတော့ ကားထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတာတွေ ရှိလာတာ ကြောင့် ကားနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေ သိပ်မရှိတော့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဟောင်းထုတ်ပစ်ဖို့ မစွမ်းဆောင်နိုင်ဘဲ အသစ်ရဖို့ ခဲယဉ်းတယ်ဆိုတာကတော့ အသိတခုအနေနဲ့ တွဲပါလာဆဲ။

ဖြစ်ရပ် (၃)

မင်းတာဝန်က လူတယောက် အလုပ်လက်မဲ့ ဖြစ်သွားမှာကို စိုးရိမ်ဖို့ မဟုတ်ဘူး။ မင်းတာဝန်ယူထားတဲ့ အစုအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာ အောင်မြင်ပြီးစီးဖို့ ဖြစ်တယ်။ ကိုယ့်အလုပ်ကိုယ်လုပ်၊ အော်ပရေးရှင်း ဒါရိုက်တာ ရုံးခန်းထဲက ထွက်လာတော့ ကျမရဲ့ ခြေလှမ်းတွေ လေးလံနေပါတယ်။ သူက ကျမ ဘာဆက်လုပ်သင့်သလဲ ဆိုတာကို အရိပ်ပြ စကားတွေ ပြောလိုက်ပြီ ဖြစ်ပါတယ်။

အဖြစ်က ဒီလိုပါ။

ကျမ ကျောင်းပြီးတော့ ဘဏ္ဍာရေး လုပ်ငန်းတခုမှာ အလုပ်ရပါတယ်။ Back Office အလုပ်တခု ဖြစ်တာကြောင့် အ လုပ်တွေကလဲ တော်တော်များပါတယ်။ ၀န်ထမ်းခြောက်ရာကျော်ဟာ ဒီရုံးချုပ်ထဲမှာ အလုပ်တွေ ကို မြန်မြန်ဆန်ဆန် လုပ်ကြရပါတယ်။ အတော် စိတ်ဖိစီးမှုများတဲ့ လုပ်ငန်းတွေပါပဲ။ အလုပ်သင်ကာလ ပြီးဆုံးချိန်မှာ ကျမက ဌာနခြောက် ခုထဲက ဌာနတခုရဲ့ Area 3 မှာ တာဝန်ယူရပါတယ်။ ကျမတာဝန်ယူရတဲ့ အစုအဖွဲ့မှာ Data Entry လုပ်ရသူတွေလဲ ပါဝင်ပါတယ်။ သူတို့တွေကို လုပ်ငန်းက တိုက်ရိုက်မခန့်အပ်ပဲ အလုပ်အေဂျင်စီတွေကနေ ယာယီ အလုပ်သမား တွေအနေနဲ့ ငှားရမ်းတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ အသက်ခြောက်ဆယ်ကျော် ဦးလေးကြီး တယောက် ပါဝင်ပါတယ်။

အသက်အရွယ်ကြီးတာက အကြောင်းမဟုတ်ပါ။ အများလို အလုပ်အတူတူလုပ်ပြီး နှေးကွေးတာဆိုရင်က ပြဿနာ မရှိပါဘူး။ ၀ိုင်းဝန်းအားဖြည့်ပေးကြလို့ ရပါတယ်။ ဒါပေမယ့် ခက်တာက သူက အဲလိုနှေးကွေးတာမျိုး မဟုတ်ပါဘူး။ နေ့လည်စာစားချိန်တွေမှာ ကျမတို့ တတွေတောင် တခါတရံ ရုံးစားပွဲမှာပဲ ပေါင်မုန့်ကိုက်၊ ကော်ဖီမော့ပြီး အလုပ်များ နေချိန်မှာ သူက လက်စွဲတော် မှန်ပြောင်းတလက်ကို ယူပြီး အပြင်ထွက်သွားလေ့ ရှိပါတယ်။ ကျမတို့ ရုံးက စကော့တ လန် တောင်ပေါ် မြို့တမြို့ရဲ့ မြို့ပြင်လဲဖြစ်၊ ဘဘာဝ တောတောင်တွေနဲ့လဲ နီးတော့ ငှက်ကြည့်တာ ၀ါသနာပါတဲ့ သူ့ အတွက်တော့ ဟန်ကျလို့။

ဟန်မကျတာက ကျမပါ။ သူက ထွက်သွားပြီးရင် တခါတလေ နှစ်နာရီလောက်အပြင်မှာနေပြီးမှ ပြန်လာတတ်ပါတယ်။ ဒီတော့ ညနေဘက် သူများရုံးဆင်းချိန်ဆို သူကိုင်ရတဲ့ ကွန်ပျူတာကို သွားဖွင့်ပြီး သူ့အလုပ်တွေကို အပြီးသတ်နိုင် အောင်၊ နောက်တနေ့အတွက် အချက်အလက်တွေ အဆင်သင့်ဖြစ်အောင် ကျမက သွားလုပ်ရပါတော့တယ်။ တချို့ ရက်တွေ ကျတော့ ကျမမှာလဲ မဟာဝိဇ္ဇာ အချိန်ပိုင်းတက်နေတော့ အကုန် လိုက်မလုပ်နိုင်ပါဘူး။ ကြာတော့ Team Performance က ကျလာပါတယ်။ ကျမကလဲ ကိုယ့်အဖေအရွယ်ကြီးကို သိပ်မပြောချင်။ ဒီတုန်းက နိုင်ငံခြားရောက် တာ သိပ်မကြာ သေးလို့လား မသိ။ အားကလဲ နာတတ်ပါသေးတယ်။ အထက်ကို အစီရင်ခံရင်လဲ သူနဲ့ ပတ်သက်ပြီး သူ့အလုပ်အေဂျင်စီကို အကြောင်းကြားလိုက်ရင် အေဂျင်စီက လူလဲလိုက်လိမ့်မယ်။ ဒါဆို သူများ အလုပ်လက်မဲ့ ဖြစ် သွားလေမလား ဆိုပြီးတော့လဲ စိတ်ထဲက တွေးလိုက်သေးတယ်။

ဒါပေမယ့်လဲ မကြာပါဘူး။ ကျမလဲ အော်ပရေးရှင်း ဒါရိုက်တာ ရုံးခန်းထဲ ရောက်သွားရတော့တာပဲ။ Performance Control Measures တွေ ရှိနေတဲ့ လုပ်ငန်းခွင်မှာ ကျမ သူ့ကို ဘယ်လိုမှ cover မပေးနိုင်ပါ။ လူတယောက်၊ အစု အဖွဲ့တခု အနေနဲ့ အလုပ်ကို တကယ်လုပ်နေတာလား၊ ယောင်ပြလုပ်နေတာလား ဆိုတာကို အပြောတွေ၊ သက်သေ ပြ အထောက် အထားတွေနဲ့တင် ဆုံးဖြတ်လို့ မရပဲ ထမ်းဆောင်ရမယ့် တာဝန်ကို တဦးချင်းကျေပွန်အောင် ထမ်း ဆောင်နိုင်မှုနဲ့ပဲ ဆုံးဖြတ်ရကြောင်း ဒါရိုက်တာက ကျမကို သတိပေးခဲ့ပါတယ်။

ကိုယ်က ဒီအစုအဖွဲ့ရဲ့ Team Leader တာဝန်ယူထားရင် ဦးဆောင်မှု တာဝန်ကျေပွန်ဖို့ လိုကြောင်း၊ တာဝန်ခွဲဝေမှု၊ အလုပ်ပြီးမြောက်အောင် တွန်းအားပေးမှုတွေ လုပ်ဖို့ လိုကြောင်း၊ ဦးဆောင်မှုဆိုတာ သူများကို တာဝန်ခွဲဝေပေးမှု၊ ညွန်ကြားမှု မလုပ်တတ်ပဲ အလုပ်မှန်သမျှ လိုက်လုပ်နေခြင်း မဟုတ်ကြောင်း၊ ကိုယ့်နေရာ ကိုယ်သိဖို့ လိုကြောင်း ရှင်း လင်း ပြောပြခဲ့ပါတယ်။ Mind your own business လို့လဲ ပြန်အထွက်မှာ သတိပေးလိုက်ပါသေးတယ်။

နောက်ပိုင်းမှာ ကျမလဲ တခြား career တခုထဲ ရောက်သွားတာကြောင့် ဒီလုပ်ငန်းမှာ ဆက်မလုပ်ဖြစ်တော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တခါတရံမှာတော့ အမှတ်တရ ဖြစ်နေဆဲပါပဲ။ ဒီလုပ်ငန်းမှာ တွေ့ခဲ့ရတဲ့ လုပ်ဖော် ကိုင်ဖက် တချို့ဟာ နောက်ပိုင်းမှာ ကျမရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေ ဖြစ်လာခဲ့ပါတယ်။ ကျမတို့တခါတလေ တွေ့ဖြစ်တဲ့အခါ မှန်ပြောင်း နဲ့ ဦးလေးကြီးအကြောင်းကိုလဲ မှတ်မှတ်ရရ ပြောဖြစ်ကြ ပါတယ်။ သြော်- ကြုံရ ဆုံရ- လူ့ဘ၀။

ဖြစ်ရပ် (၄)

နင်တို့တွေ အမြင်အမျိုးမျိုးနဲ့ သုံးသပ်နေကြတာတွေ အချိန်ကုန်တယ် သိလား။ အိုဘားမားက ဘင်လာဒင်ကို ချေမှုန်း တာကို နိုင်ငံတကာလုံခြုံရေး ရှုထောင့်ကနေ လုပ်သင့်တဲ့အရာ လို့ ငြင်းလိုက်၊ ငြိမ်းချမ်းရေး ရှုထောင့်ကနေ ဒီလိုချေ မှုန်းရုံနဲ့ အကြမ်းဖက်မှုတွေ ပြီးဆုံးသွားမှာ မဟုတ်ဘူး ငြင်းလိုက်နဲ့ အချိန်ကုန်နေကြတယ်။ နင်တို့ စဉ်းစားဖို့က သူက ဘာလဲ။ သူက အမေရိကန် သမ္မတ။ အမေရိကန်ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ပြည်သူတွေက ရွေး ကောက်တင်မြှောက်ထားတဲ့ သမ္မတ။ နိုဘယ်လ်ဆုရထားတာတွေ၊ ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်မှုတွေ ဆိုတာ တွေကို ကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့ရင် သူလုပ်လိမ့်မယ်။ အခုအချိန်မှာတော့ အမေရိကန် သမ္မတ တယောက်အနေနဲ့ သူ့ကို ရွေးကောက်တင်မြှောက်ပြီး ပေးအပ်ထားတဲ့ တာဝန်ကို ကျေဖို့က သူ့အတွက် ပိုအရေးကြီး တယ် ။

သူငယ်ချင်းစကားသံကြောင့် ကင်တင်းမှာ ငြင်းခုန်နေကြတဲ့ ကျမတို့ အားလုံး မှင်သက်မိသွားကြပါတယ်။ ကျမတို့ တွေဟာ သုတေသန ပရောဂျက်တွေ မတူကြပေမယ့် Research Training သင်တန်းတွေမှာတော့ အတူတူ တက်ခဲ့ ကြသူများ ဖြစ်ပါတယ်။ academic background မတူကြတာကြောင့် ဒီသင်တန်းတွေမှာကတည်းကလဲ အချင်းချင်း ငြင်းနေကြ။ တချို့က စစ်မဟာဗျူဟာလေ့လာရေး၊ နိုင်ငံတကာလုံခြုံရေး မဟာသိပ္ပံဘွဲ့ရထားသူများဖြစ်ပြီး၊ အချို့က ကျတော့ ငြိမ်းချမ်းရေးဖြစ်စဉ် လူမှုဗေဒ မဟာသိပ္ပံဘွဲ့ရထားသူများ ဖြစ်ကြတာကြောင့် အကြောင်းအရာတွေကို ရှု မြင်သုံးသပ်ပုံတွေ မတူညီကြပါဘူး။ တခြား မဟာသိပ္ပံဘွဲ့ရများလဲ ရှိပေမယ့် ဒီဘွဲ့ရသူတွေကတော့ အချင်းချင်းပိုပြီး ထိပ်တိုက် ငြင်းခုံလေ့ရှိကြပါတယ်။

ဘင်လာဒင် ချေမှုန်းရေးကိစ္စ သတင်းတွေ တက်လာတော့ ဌာနတခုလုံးကို သတင်းက စီးသွားပါတယ်။ ပါမောက္ခ တွေကအစ ဒီအကြောင်းတွေပဲ ပြောနေကြပါတယ်။ ကျမတို့တွေလဲ ကင်တင်းမှာတွေ့ကြတော့ မနေနိုင်ကြပြန်ပါဘူး။ ခါတိုင်းဆိုရင်သာ ဖာသိဖာသာ နေကြမယ်။ ခုတော့ ပန်းကန်လေးတွေ ကိုယ်စီကိုင်ရင်း တခုံနဲ့ တခုံ ပြောင်းထိုင်ဖြစ် ရာက စုမိသွားကြပါတော့တယ်။ တချို့ကလဲ ငြိမ်းချမ်းရေး အမြင်နဲ့ ဒါဟာ ပဋိပက္ခတွေကို အဆုံးသတ်နိုင်မယ့် ဖြေရှင်း နည်း မဟုတ်ကြောင်း သုံးသပ်ကြပါတယ်။ အချုပ်အခြာအာဏာ ရှုထောင့်ကကြည့်ပြီး အိုဘားမားလို ငြိမ်းချမ်းရေး နိုဘယ်ဆု ရထားသူတယောက်အနေနဲ့ တခြားနိုင်ငံရဲ့ နယ်မြေပိုင်နက်ထဲဝင်ပြီး ဒီလို အော်ပရေးရှင်းတွေ လုပ်တာ ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့အတွက် မလုပ်သင့်ကြောင်း၊ ပါကစ္စတန်နဲ့ အမေရိကန် နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာမှုတွေ ဖြစ်လာစေနိုင်ကြောင်း သုံးသပ်ကြပါတယ်။

နိုင်ငံတကာလုံခြုံရေး ရှုထောင့်က ရှုမြင်သူတွေကလဲ Terrorists တွေနဲ့ စေ့စပ်ဆွေးနွေးမှု လုပ်ရန် မလိုအပ်ကြောင်း၊ Counter- Terrorism ချေမှုန်းရေး အော်ပရေးရှင်းတွေမှာ အခြေအနေ၊ အချိန်အခါ အရ လက်ဦးမှုယူရကြောင်း၊ လုံ ခြုံရေးအရ လျှို့ဝှက် လုပ်ရမှာ ဖြစ်ကြောင်း၊ တကမ္ဘာလုံးက အလိုရှိနေတဲ့ ခေါင်းဆောင်တယောက်လုံး နိုင်ငံတနိုင်ငံ ထဲမှ တည်ရှိနေတာကို မသိခြင်းလား၊ သိရက်နှင့် လွှတ်ထားပေးခြင်းလား၊ ဒီအရေးမှာ ဘယ်သူတွေ ဘယ်လောက် အတိုင်းအတာအထိ ပါဝင် ပတ်သက်ခြင်း ရှိနေသလဲဆိုတာ မသေချာပဲ ဒီလောက် ကြီးကျယ်တဲ့ အော်ပရေးရှင်းတခု ရဲ့ သတင်းလုံခြုံရေး ပေါက်ကြားမှုကို ကာကွယ်ရမှာ ပင်ဖြစ်ကြောင်း သုံးသပ်ကြပါတယ်။

နိုင်ငံတကာ ဥပဒေရှုထောင့်ကနေပြီး ဒီလို အော်ပရေးရှင်းထက် အရှင်ဖမ်းလာပြီး ရုံးတင်တရားစွဲဖို့ ကြိုးပမ်းရမှာ ဖြစ် ကြောင်းဆိုတော့ special operations အရာရှိ ဖြစ်ခဲ့ဖူးသူ တယောက်က မြေပြင် မှာ အော်ပရေးရှင်းတွေ တကယ်လုပ် တဲ့အခါ နှစ်ဘက်ထိတွေ့မှုဖြစ်တုန်း အရှင်ဖမ်းနိုင်ဖို့ဆိုတာ အလွန်ခက်ခဲကြောင်း ၀င်ပြောပြန်ပါတယ်။ ဒီလိုနဲ့ ကင်တင်းမှာ ထိုင်ရင်း တယောက်တပေါက် ပြောနေကြတုန်းမှာ သြစတြီးယား ကလာတဲ့ ကျောင်းသား ၀င်ပြောလိုက်တော့ မှပဲ အားလုံး ငြိမ်ကျသွားပါတော့တယ်။

သူပြောတာက မြေပြင်ပကတိ အခြေအနေကို မီးမောင်းထိုးပြလိုက်သလို ဖြစ်လို့ပါပဲ။ ကျမတို့တတွေကသာ အိုဘားမားက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ စေ့စပ်ဆွေးနွေးရေး၊ နိုင်ငံတကာ လုံခြုံရေးတွေ ဆိုပြီး ရှု ထောင့်မျိုးစုံကနေ အမြင်မျိုးစုံနဲ့ ပြောနေလိုက်ကြတာ။ မြေပြင်ပကတိ အခြေအနေမှာတော့ သူဟာ အမေရိကန်ပြည် သူတွေက အမေရိကန် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ဖို့ ရွေးချယ်တင်မြှောက်ခံထားရသူ။ သူ့လက်ရှိ တာ ၀န်က အမေရိကန်ရဲ့ ပြည်တွင်း၊ ပြည်ပ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ရမယ့် နိုင်ငံတော်အကြီးအကဲ။ ဒါကြောင့် အမေရိကန်ရဲ့ အကျိုး စီးပွားတွေကို တိုက်ခိုက်ဖို့ စီစဉ်ညွန်ကြားခဲ့သူတယောက်၊ စီစဉ်ညွန်ကြားနေဆဲ လူ တယောက်ကို ချေမှုန်းဖို့က သူ့တာဝန်ရဲ့ ပြဋ္ဌာန်းချက် ဖြစ်နေပါတယ်။

ဒီလို တာဝန်ကို ထမ်းဆောင်ရာမှာ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်မို့ violence ဖြစ်တဲ့ စစ်ရေး အော်ပရေးရှင်းကို မ လုပ်ချင်ဘူးလို့ သူငြင်းဆန်၍ မရ။ လူတဦးတယောက် သေကြေမှာကို ဘယ်သူမှ ဖြစ်စေချင်ကြမှာ မဟုတ်။ သို့ပေ မယ့် သမ္မတဟာ လိုအပ်ရင် နိုင်ငံတော်ရဲ့ စစ်ဘက်ရေးရာ commander တယောက် ဖြစ်တယ်ဆိုတာကို သမ္မတ တာဝန်ယူထားသူ တယောက်အနေနဲ့ သူသဘောပေါက်စွာနဲ့ တာဝန်ရဲ့ ပြဋ္ဌာန်းချက် အတိုင်း သူလုပ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ တဦးချင်း ခံယူချက်အမြင်နဲ့ တာဝန်ရဲ့ ပြဋ္ဌာန်းချက်တို့ ပဋိပက္ခဖြစ်လာတဲ့အခါ တာဝန်ရဲ့ ပြဋ္ဌာန်းချက်ကို လိုက်နာကျင့်သုံးမှသာ တာဝန်ကျေပွန်သူ ဖြစ်နိုင်ကြောင်း ဒီဖြစ်ရပ်လေးက သင်ခန်းစာ ပေးသွားခဲ့ပါတယ်။

ခင်မမမျိုး (၁၆၊ ၇၊ ၂၀၁၁)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: