ရုန်းကန်လှုပ်ရှားရန် တောင်းဆိုမှုနှင့်အတူ EI ကမ္ဘာ့ပညာရေး ညီလာခံဖွင့်လှစ်


မျှော်လင့်ချက်ကဗျာ ရွတ်ဖတ်ခြင်း၊ ပျော်ရွှင်စွာ ကခုန်နေကြသော ကျောင်းသူ/သားများ၊ တောင်အာဖရိက နိုင်ငံရဲ့ အမျိုးသားသီချင်း တေးသံ ဒါတွေကတော့ နိုင်ငံတကာပညာရေးသမဂ္ဂများအဖွဲ့ချုပ် Education International ရဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့ညီလာခံကြီးဖွင့်ပွဲရဲ့ အမှတ် တရ မြင်ကွင်းနဲ့ အသံများပဲ ဖြစ်ပါတယ်။

၆ ကြိမ်မြောက် EI ကမ္ဘာ့ ပညာရေးကွန်ကရက်

“သမ္မတကြီး နယ်လ်ဆင်မန်ဒဲလားရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားကို သတိမရ၊ အောက်မမေ့ဘဲ တောင်အာဖရိကနိုင်ငံမှာ အခုလို ကမ္ဘာ့ပညာရေး ညီလာခံကြီးကို ဖွင့်လှစ်ကျင်းပဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သမ္မတကြီးက ကျမတို့အားလုံးကို လွတ်မြောက်မှုတိုက်ပွဲနဲ့ လူ့အခွင့်အရေးတွေကို လေး စား လိုက်နာကြဖို့ အတွက် သင်ပြပေးခဲ့ပါတယ်။” နိုင်ငံတကာ ပညာရေးသမဂ္ဂများ အဖွဲ့ချုပ် EI ရဲ့ ဥက္ကဌ၊ ဆူဆန်ဟော့ဂွတ်က နိုင်ငံတကာက ကိုယ်စားလှယ် ၁၈၀၀ ကျော် တက်ရောက်နေတဲ့ ကမ္ဘာ့ပညာရေး ညီလာခံကြီးရဲ့ အဖွင့် မိန့်ခွန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဖွဲ့ဝင် သမဂ္ဂ ၃၀၀ ကျော်ကို ကိုယ်စားပြုထားတဲ့ နိုင်ငံများရဲ့ အလံတွေကို တလူလူ လွှင့်ထူထားတဲ့ တောင်အာဖရိကနိုင်ငံ၊ ကိတ်တောင်းမြို့ရဲ့ နိုင်ငံတကာ ညီလာခံ သဘင်ဌာနချုပ် နေရာမှာ ကျင်းပနေတာပါ။

လူထုပညာရေးဟာ မကြုံစဖူး အတိုက်အခိုက် ခံနေရတဲ့ ယခုအချိန်အခါမှာ ကျောင်းဆရာ သမဂ္ဂများရဲ့ ကလေးတိုင်းအတွက် အရည်အသွေး ပြည့်မီတဲ့ ပညာရေးကို ခုခံကာကွယ်မှုဟာလည်း ပိုပြီးတော့ အရေးကြီး နေ ပါတယ်လို့ မစ္စဟော့ဂွတ်က ထပ်ပြောခဲ့ပါတယ်။ “လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလမှာ တိုးတက်မှုတွေ ရှိခဲ့ပါတယ်။ မူလတန်းအရွယ် ကျောင်းပြင်ပ ကလေးငယ် အရေအတွက်ဟာ ၁၀၅ သန်းကနေ ၆၇ သန်း အထိ လျော့ကျ ခဲ့တယ်။ ဒါပေမဲ့လည်း သက္ကရာဇ် ၂၀၁၅ မှာ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက် Millenium Development Goal  (MDGs) တွေဖြစ်တဲ့ အခြေခံပညာရေး မျှော်မှန်းချက်တွေ အောင်မြင်မှု အတွက် အလှမ်းဝေးနေ ဆဲပါ။”

အစိုးရများရဲ့ နိုင်ငံရေး ဆန္ဒကင်းမဲ့မှုကြောင့် MDGs ရဲ့ ရည်မှန်းချက်များ တိုးတက်မှု ကင်းမဲ့ရတာဖြစ်တယ်လို့ Ms. Susan Hopgood က ထောက်ပြခဲ့ပါတယ်။ ၂၀၁၀ မှာ တကမ္ဘာလုံးရဲ့ စစ်အသုံးစရိတ်ဟာ အမေ ရိကန် ဒေါ်လာ ၁၆၃၀ ဘီလီယံ ရှိနေချိန်မှာ  ကလေးအားလုံးအတွက် ပညာရေး ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် လိုအပ်နေတဲ့ ငွေကြေးကွာဟချက်ကတော့ ဒေါ်လာ ၁၆ ဘီလီယံမျှသာဖြစ်တယ်လို့လည်း သူမ က ရှင်းပြခဲ့ပါတယ်။ စစ်အသုံးစရိတ်ရဲ့ တစ်ရာခိုင်နှုန်းတောင်မှ မပြည့်တဲ့ ပမာဏကို ပြောပြခဲ့တာပါ။ “စဉ်းစားကြည့်ကြစမ်းပါ။ စစ်အသုံးစရိတ်လိုမျိုး ကြိုးစားပမ်းစားသာ ကလေးငယ်အားလုံး ပညာရေးအတွက် ဖြည့် ဆည်းပေးမယ်ဆိုရင် သန်းပေါင်း များစွာသော ကလေးငယ်များရဲ့ ကမ္ဘာဟာ ဘယ်လို ကွာခြားသွားမလဲ ဆိုတာကိုပါ”

ကမ္ဘာ့ပညာရေး ညီလာခံ ဖွင့်ပွဲနေ့မှာ တောင်အာဖရိက ဒုတိယ သမ္မတဖြစ်သူ Kgalema Motlanthe ကလည်း အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ မိုင်းတွင်း အလုပ်သမား သမဂ္ဂအဖွဲ့ဝင် လှုပ်ရှား တက်ကြွသူ တစ်ဦးဖြစ် ခဲ့ပြီး၊ အာဖရိကန် အမျိုးသား ကွန်ကရက် ANC ရဲ့ စစ်သည်တော် တစ်ဦးလည်း ဖြစ်ခဲ့ဖူးသူပါ။ လွတ်မြောက်ရေး တိုက်ပွဲကာလ အတွင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရော်ဘင်ကျွန်းထောင်မှာ ၁၀ နှစ် အကျဉ်းကျ ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဒုသမ္မတ Motlanthe က သူရဲ့ အဖွင့်မိန့်ခွန်းမှာ အသားအရောင် ခွဲခြားမှုဆန့်ကျင် တော်လှန်ရေး ကာလ ၁၉၈၃ ခုနှစ်မှာတုန်းက အကျဉ်းထောင်ထဲမှာ မွေးဖွားခဲ့တဲ့ အမျိုးသမီးငယ်လေး တစ်ယောက်ရဲ့ဇာတ်လမ်းကို   ပြောပြ ခဲ့တယ်။ ငယ်ရွယ်စဉ်ကတည်းက ကလေး လုပ်သားအဖြစ် စေခိုင်းခံခဲ့ရသူလည်းဖြစ်တယ်။ အခုတော့ အဲဒီ မိန်းကလေးဟာ ကိတ်တောင်း တက္ကသိုလ်မှာ ပါရဂူဘွဲ့အတွက် ကျမ်းပြုစုနေသူ တစ်ဦး ဖြစ်နေပါပြီ။ “၀မ်းနည်းစရာ ကောင်းလှတာကတော့ အဲဒီလိုမျိုး လူသားတွေရဲ့ ခမ်းနားလှတဲ့ အောင်မြင်မှုဟာ တကမ္ဘာလုံးက လူမှု-စီးပွား ချွတ်ခြုံကျ ဆင်းရဲ မွဲတေနေတဲ့ ကမ္ဘာ့ပြည်သူပြည်သား အများစုကြီးအတွက် မဖြစ်နိုင်တဲ့ အခြေအနေဆိုးကြီးပါပဲ။” သူ့ရဲ့ မိန်းခွန်းထဲမှာ ထည့်ပြောခဲ့တာပါ။

အသားအရောင်ခွဲခြားမှု တော်လှန်ရေးလွန်ကာလ၊ တောင်အာဖရိကအစိုးရဟာ လူထု ပညာရေးစနစ် တိုးတက်ကောင်းမွန်လာဖို့အတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ “၁၉၉၄ ခုနှစ်မှာ ဒီမိုကရေစီစနစ်ကို ထူထောင်ကြတဲ့အခါ လူမျိုးရေး၊ လူမျိုးစုအခြေပြု ကွဲပြားခြားနား နေခဲ့တဲ့ ပညာရေးဌာနတွေ အားလုံးကို တညီတညွတ်ထဲ စုစည်းပြီးတော့ တစ်ခုတည်းသော အမျိုးသား ပညာရေးစနစ်ကို တည်ဆောက်နိုင်ခဲ့ကြတယ်။” ဒုသမ္မတ Motanthe ကပြောပြခဲ့ပါတယ်။ “ အားလုံးအတွက် ကျောင်းမတက်မနေရ ပညာရေး စနစ်ဟာ အောင်မြင်လုပါပြီ။ ဒါပေမဲ့ အရည်အသွေး ပြည့်မီတဲ့ ပညာရေးစနစ် ဖြစ်လာဖို့ အတွက်ကတော့ အများကြီးကို ကြိုးစားကြရပါဦးမယ်။”

ဒါကြောင့်မို့လို့ အစိုးရဟာ ပညာရေးကို “အမျိုးသားအဆင့် ဦးစားပေး” national priority အနေနဲ့ ကြေညာခဲ့တယ်။ ကျောင်းဆရာများ သမဂ္ဂနဲ့ ပူးပေါင်းပြီးတော့ “အရည်အသွေးပြည့်မီတဲ့ သင်ယူခြင်း-သင်ကြားခြင်း ကမ်ပိန်း” နဲ့  “ကျောင်းဆရာ ပညာရေးနှင့် ဖွံ့ဖြိုးမှု အညွှန်းဘောင်” မဟာဗျူဟာကိုလည်း ရေးဆွဲပြီး လှုပ်ရှားနေပါတယ်လို့ သူက ဆက်ပြောပြခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်းနဲ့ ပတ်သက်ပြီးတော့ တောင်အာဖရိက အစိုးရဟာ EI က ချမှတ်ထားရှိတဲ့ ကျယ်ပြန့်လှတဲ့ မူဝါဒအတိုင်း လိုက်နာ ဆောင်ရွက်ပါတယ်လို့လည်း Motlanthe က ရှင်းပြခဲ့ တယ်။ စီးပွားရေးကို လှုံ့ဆော်ပေးနိုင်ဖို့ အတွက်ရယ်၊ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက် လာစေဖို့အတွက်ရယ် ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ခဲ့တာပါ။ ပညာရေး ဘတ်ဂျက်ကို လျော့ချပစ်တာမျိုး၊ ပညာရေးဝန်ဆောင်မှု ကို ဖြတ်တောက်ပစ်တာမျိုး မလုပ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

တောင်အာဖရိက အဆင့်မြင့်ပညာရေးဝန်ကြီး Dr. Blade Nzimande၊ အခြေခံပညာရေးဝန်ကြီး Angie Motshega၊ အနောက်ကိတ်တောင်းပြည်နယ် ၀န်ကြီးချုပ် Helen Zille တို့ကလည်း နိုင်ငံတကာက ပညာရေး သမဂ္ဂအဖွဲ့ဝင် ကိုယ်စားလှယ်များကို ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။ ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂကောင်စီ Council of Global Unions ဥက္ကဌ Peter Waldorf၊ တောင်အာဖရိက အလုပ်သမားသမဂ္ဂ ဥက္ကဌ S’Dumo Dlamini၊ ILO ဒုတိယ အတွင်းရေးမှူး Guy Ryder၊ UNESCO အတွင်းရေးမှူးချုပ် Irina Bokova တို့ကလည်း အဖွင့်မိန့်ခွန်းတွေ ပြောကြားခဲ့ကြပါတယ်။

နိုင် ၁၇၀ ကျော်က ကျောင်းဆရာသမဂ္ဂများရဲ့ ကိုယ်စားလှယ်  ၁၈၀၀ ကျော်ဟာ EI ရဲ့ ကမ္ဘာ့ပညာရေးကွန်ကရက်ကို တက်ရောက်ကြပေမယ့် ကျောင်းဆရာသမဂ္ဂများနှင့် ပညာရေးသမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့် မရှိသေးတဲ့ မြန်မာနိုင်ငံက ကျောင်းဆရာ ကိုယ်စားလှယ် တစ်ယောက်မျှ တက်ရောက်နိုင်ခြင်း မရှိသေးပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: