အိန္ဒိယသမ္မတဟောင်း ပြောတဲ့ အနာဂတ်ရဲ့ အသံ


အားလုံးသိကြသည့်အတိုင်း လူငယ်များကို အနာဂတ်ဖြင့် တင်စားသုံးနှုံးလေ့ရှိပါသည်။ လူငယ်များသည် မိသားစု တစ်စုအတွက်၊ အဖွဲ့အစည်း တစ်ခုအတွက်၊ တိုင်းပြည်တစ်ပြည်အတွက်၊ ထို့ပြင် ကမ္ဘာလောကကြီး တစ်ခုလုံးအတွက် အနာဂတ်ဖြစ်ပါသည်။

အရာရာတိုင်း၏အနာဂတ်အဖြစ် သူတို့ပခုံးထက်သို့ တာဝန်များပေးအပ်ကြသည်ဆိုခြင်းမှာ လူကြားကောင်းရုံအသံဟစ်ခြင်း မဟုတ်ပါ။ အနာဂတ်၏ ပဲ့ကိုင်ရှင်အဖြစ် အသိအမှတ်မပြုဘဲမနေနိုင်အောင် လူငယ်များကိုယ်တိုင် ကြိုးစားဖန်းတီးထားခြင်းကြောင့်ဖြစ်သည်။ တနည်းအားဖြင့် လူငယ်တို့၏စွမ်းပကားဖြင့် ထိုတာဝန်ကို လူငယ်များကိုယ်တိုင် ရယူထားသည်ဟုဆိုနိုင်ပါသည်။

သို့သော် ထိုအစွမ်းအစသည် အချို့လူငယ်များ၌ထူးထူးခြားခြားပေါ်လွင်နေတတ်သလို အချို့၌ အခိုက်အတန့်မျှ ငုပ်လျှိုးတိမ်မြုပ်နေသည်လည်း ရှိတတ်ပါသည်။ အချို့လူအဖွဲ့အစည်း၌ သိသိသာသာအားရဖွယ်ရာ ထင်ရှားနေသလို၊ အချို့ရပ်ဝန်းဒေသများ၌ ရွက်ပုန်းရိပ်ပုန်း တိတ်ဆိတ်အေးခဲနေတတ်ပြန်ပါသည်။

လူငယ်များသည် မျိုးပင်ပေါက်လေးများနှင့် တူသည်ဟုဆိုလျှင် သူ့၏စွမ်းအားသည် သူ ကျင်လည်အမှီပြုခွင့်ရသည့် ပတ်ဝန်းကျင်၏သြဇာအပေါ်များစွာမူတည်မှန်း အသိအမှတ်ပြုရပါလိမ့်မည်။

လူငယ်တို့၏အနာဂတ်ကို ယုံကြည်သူ မည်သူမဆို လူငယ်တို့၏အသံကို နားဆင်ကြဖို့လိုအပ်ပါသည်။ လူငယ်များကိုသာ ကျွန်တော်တို့ ပြောစေချင်သိစေချင်သည့်အကြောင်းအရာများ တစ်ဖက်သတ်နားထောင်ခိုင်းခြင်းမှာ တရားမျှတမှုမရှိပါ။ သူတို့ ရင်ဖွင့်သံကို မလွဲမသွေ အလေးထား၍ နားထောင်ကြရပါမည်။ သူတို့အသံသည် ကျွန်တော်တို့နားထဲ၌ နားဝင်ပီယံ ရှိခြင်း၊ မရှိခြင်းသည် အဓိကမဟုတ်။ သူတို့အသံသည် အပြစ်ကင်းစင်သော၊ ရိုးသားသောစိတ်ခံစားမှုကို ကိုယ်စားပြုဖို့သာ လိုရင်းဖြစ်ပါသည်။ ထိုကိုယ်စားပြုမှုသည် လူငယ်နှင့်လူကြီးအကြား ဆက်သွယ်မှုဖြစ်သလို၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့၏ ပေါင်းကူးမှုလည်း ဖြစ်သည်။

ထိုအသံများအကြောင်း အထူးတန်ဖိုးထားဂရုပြုတတ်သည့် နိုင်ငံခေါင်းဆောင်များ ကမ္ဘာပေါ်တွင် အများအပြားရှိပါသည်။

ထိုသူများထဲတွင် အိန္ဒိယသမ္မတဟောင်း ဒေါက်တာ ‘အေပီဂျေ အဘ်ဒူလ်ကာလမ်’ လည်း တစ်ယောက်အပါအ၀င်ဖြစ်သည်။ အိန္ဒိယပြည်အနှံ့ ကြိမ်ဖန်များစွာလှည့်လည်သွားလာခဲ့သည့် သူ၏ခရီးစဉ်များတွင် ကလေးသူငယ်များ၊ လူရွယ်များကို ပြင်းပြသောဆန္ဒ၊ ထက်သန်သောလေးစားမှုဖြင့် သူ လက်ခံတွေ့ဆုံလေ့ရှိခဲ့သည်။ သူတို့နှင့်စကားစမြည်ပြောဆိုခြင်း၊ အမေးအဖြေပြုလုပ်ခြင်းများသည် များစွာသော သူ၏တာဝန်များထဲမှ တစ်ခုဖြစ်ပုံရသည်။ အမှန်တော့ ထိုတာဝန်သည် နိုင်ငံတစ်ခု၏အနာဂတ်ကို တန်ဖိုးထား ယုံကြည်တတ်သည့် နိုင်ငံ့ခေါင်းဆောင်တိုင်း၏အလေ့အထလည်း ဖြစ်ပါသည်။

ယခုဖော်ပြလိုသည့် အမေးအဖြေများမှာ လူငယ်များနှင့် ဒေါက်တာကာလမ် တို့ အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးရာမှ ထွက်ပေါ်လာသော အသီးအပွင့်များဖြစ်သည်။ ထိုအသီးအပွင့်များထဲ၌ ပုံမှန်ရှိနေကျ မထူးဆန်းသောအသီးများပါနိုင်သလို၊ ဤကမ္ဘာလောက၌ တစ်ကြိမ်တစ်ခါမျှ ဖူးပွင့်ခဲ့ခြင်းမရှိသေးသည့် ပွင့်သစ်များလည်း အံ့သြဖွယ်ရာ တွေ့နိုင်ပါသည်။

အသီးအပွင့်တို့ သစ်သည်ဖြစ်စေ၊ ဟောင်းသည်ဖြစ်စေ… လူမှုလောကကိုအကျိုးပြုမှသာ သီးရပွင့်ရကျိုးနပ်ပါလိမ့်မည်။ ထိုသို့ဖြစ်မြောက်ဖို့ဆိုသည်မှာ ဥယျာဉ်မှုးတိုင်းတွင် တာဝန်ရှိပါသည်။ ကျွန်တော်တို့၏ ပန်းဥယျာဉ်ကြီးထဲတွင်လည်း ထိုကဲ့သို့ လွတ်လပ်စွာ သီးနိုင်ပွင့်နိုင်စေခြင်းငှါ၊ အဆိုပါအမေးအဖြေပေါင်း များစွာထဲမှ အချို့ကို ထုတ်နှုတ်ဖော်ပြလိုက်ရပါသည်။

မေး။ ။ လူကြီးမင်းရဲ့ လူငယ်ဘ၀မှာ ဘယ်အကြောင်းအရာက သြဇာလွှမ်းမိုးမှုရှိခဲ့ပါသလဲ။

ဖြေ။ ။ ကျွန်တော် ၈ တန်းကျောင်းသားဘ၀မှာ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရခဲ့ပါတယ်၊ အဲဒီနေ့ဟာ ၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်ဖြစ်ပါတယ်၊ ကျွန်တော်က အတန်းခေါင်းဆောင်ဆိုတော့ အတန်းပိုင်ဆရာက အဲဒီည သန်းခေါင်ယံမှာ လွတ်လပ်ရေး ရတော့မှာဖြစ်လို့ အတန်းသားတွေစုပြီး ကျောင်းမှာ ရေဒီယိုသတင်းလာနားထောင်ဖို့ ပြောပါတယ်။

ညသန်းခေါင်ယံတိတိမှာပဲ ဗြိတိသျှအလံကို အောက်ချပြီး အိန္ဒိယအလံကို ရက်ဒ်ဖို့ဒ်ခံတပ်မှာ လွှင့်ထူခဲ့ပါတယ်၊ တကယ့်ကို လှပခမ်းနားတဲ့အတွေ့အကြုံတစ်ရပ်ပါ၊ ခေါင်းဆောင်ကြီးနေရူးက ဟင်ဒီဘာသာနဲ့ရော အင်္ဂလိပ်ဘာသာနဲ့ပါ မိန့်ခွန်း ပြောပါတယ်။ ကျွန်တော်တို့ကျောင်းသားတွေက တမီးလ်လိုပဲ တတ်တာဆိုတော့ သူပြောတာ ဘာမှနားမလည်ပါဘူး။

နောက်တနေ့ထုတ်သတင်းစာထဲမှာ ဓာတ်ပုံနှစ်ပုံပါလာပါတယ်။ တစ်ပုံက ခေါင်းဆောင်ကြီးနေရူးကိုယ်တိုင် အလံတော်ကို လွှင့်တင်နေတဲ့ပုံပါ။ ဒါကိုကြည့်ရတာ အရမ်းစိတ်ချမ်းမြေ့စရာကောင်းပါတယ်။

နောက်တစ်ပုံကတော့ ကျွန်တော့်ကို အထက်တန်းကျောင်းသားဘ၀မှာသာမက တက္ကသိုလ်ကျောင်းသားဘ၀၊ ပြီးတော့ ဘ၀တစ်ခုလုံးအတွက်ပါ သင်ကြားပေးလိုက်တဲ့ ပုံဖြစ်ပါတယ်။ အဲဒီပုံထဲမှာ ဂန္ဒီကြီးက ခြေဖ၀ါးဗလာနဲ့ နိုအာကာလီ အုံကြွမှုမှာ အနာတရဖြစ်ခဲ့သူတွေကို လိုက်လံဖေးကူနေတာမြင်ရပါတယ်။

ဒါဟာ ခေါင်းဆောင်ကောင်းပီသမှုရဲ့မြင့်မြတ်မှုဖြစ်ပါတယ်။ အခြားသူတွေက ရက်ဒ်ဖို့ဒ်ခံတပ်မှာ သူတို့ရဲ့အောင်မြင်မှုအတွက် အခမ်းအနားကျင်းပနေချိန်မှာ ဂန္ဒီကြီးကတော့ ဒီလိုအောင်ပွဲမခံခဲ့ပါဘူး။ ဒီအခွင့်အာဏာနဲ့ရာထူးနေရာကို တခြားသူတွေကို ပေးပြီးတော့ သူကိုယ်တိုင်ကျတော့ ဒဏ်ရာရနေတဲ့ပြည်သူတွေကို ကူညီနေရတာနဲ့အလုပ်များနေခဲ့ပါတယ်။ သူဟာ တကယ့်ကို ကြီးမြတ်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ အဲဒီဓာတ်ပုံဟာ ကျွန်တော့်ဘ၀အတွက် လှပတဲ့ သြဇာသက်ရောက်မှု ဖြစ်ခဲ့ပါတယ်၊ ကျွန်တော်တို့မှာ ဘ၀ရဲ့မြင့်မြတ်မှု၊ ဦးစီးဦးဆောင်ပြုခြင်းရဲ့ကိုယ်ကျိုးမဖက်တဲ့မြင့်မြတ်မှုနဲ့ ဘာပဲလုပ်လုပ် မြင့်မြတ်မှုရှိအောင် ကြိုးစားရယူရမှာဖြစ်ပါတယ်။

မေး။ ။ အိန္ဒိယနိုင်ငံမှာရှိတဲ့ဆင်းရဲမွဲတေမှုတွေကိုလျှော့ချဖို့ ကလေးလူငယ်တွေက ဘယ်လိုကူညီနိုင်ပါသလဲ။

ဖြေ။ ။ ကျောင်းသားတွေဆိုရင်တော့ တာဝန်သုံးခုပေးချင်ပါတယ်၊ နံပါတ်တစ်က ကိုယ်သင်နေတဲ့ဘာသာရပ်တွေမှာ ထူးချွန်အောင်လုပ်ပါ၊ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်စိတ်အ၀င်စားဆုံးဘာသာရပ်နယ်ပယ်မှာ ထူးချွန်ထက်မြက်အောင်လုပ်ဖို့ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်း ထူးချွန်လာပြီဆိုရင် ဒါဟာ နိုင်ငံတော်ကို အလုပ်အကျွေးပြုတာပါပဲ။

နံပါတ်နှစ်ကတော့ သဘာဝပတ်ဝန်းကျင်အတွက် ပျိုးပင် ၁၀ ပင်လောက်စီ စိုက်ပါ၊ သစ်ပင်ကြီးတွေဖြစ်လာအောင် ပြုစုပျိုးထောင်ပါ။ နံပတ်သုံးက လူ ၁၀ ယောက်လောက်ကို စာရေးတတ်အောင်၊ ဖတ်တတ်အောင် သင်ပေးပါ။

ကျွန်တော်တို့တိုင်းပြည်မှာ လူငယ်ဦးရေ သန်း ၅၆၀ ရှိတာ အမှတ်ရစေချင်တယ်၊ ဒီလိုသင်ပေးခြင်းအားဖြင့် စာမတတ်မှုကို ပပျောက်အောင်လုပ်ပေးနိုင်တယ်။ လူဦးရေစုစုပေါင်း သန်း တစ်ထောင်လောက်ရှိတဲ့ ကျွန်တော်တို့ဆီမှာ မိသားစုပေါင်း သန်း ၂၅၀ လောက်ရှိပါတယ်။ မိသားစုတိုင်းမှာ ကလေး တစ်ယောက် ဒါမှမဟုတ် နှစ်ယောက် အနည်းဆုံး ရှိတတ်ကြပါတယ်။ ကိုယ့်အိမ်ကိုယ့်မိသားစုလေးကိုပဲ မြင့်မြတ်တဲ့အိမ်လေးဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင်..။

ဆိုလိုတာကတော့ ကိုယ်ကျင့်တရားလှပကောင်းမွန်ပြီး၊ အကျင့်ပျက်မှုတွေကင်းရှင်းတဲ့ မိသားစုတွေဖြစ်အောင် ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ စံထားရတဲ့နိုင်ငံတစ်ခု ဖြစ်လာမှာပဲ။

မေး။ ။ ဘာဖြစ်လို့ ကျွန်တော်တို့ဟာ ပါကစ္စတန်နိုင်ငံကို သည်းခံခွင့်လွှတ်နေရတာလဲ၊ သူတို့ဟာ ကျွန်တော်တို့ တိုင်းပြည်ထဲကို အကြမ်းဖက်သမားတွေ စေလွှတ်ခဲ့တယ်မဟုတ်လား။

ဖြေ။ ။ ငြိမ်းချမ်းပြည့်ဝတဲ့ လူမှုဝန်းကျင်တစ်ခုကို ကျွန်တော်တို့အလိုရှိပါတယ်။ ဒါမှသာ စီးပွားတိုးတက်မှုတွေ မြန်ဆန်သွက်လက်လာမှာ ဖြစ်ပါတယ်၊ အဲဒါဆိုရင် ဆင်းရဲမွဲတေနေတဲ့ပြည်သူတွေလည်း ချမ်းသာရာရမယ့် ဘ၀အခြေအနေတွေ ရရှိလာမှာဖြစ်ပါတယ်။ တောင်အာရှဒေသမှာ ငြိမ်းချမ်းရေးရှိတယ်ဆိုရင် ဒေသတစ်ခုလုံးလည်း အကျိုးအမြတ်ရှိလာမှာပါပဲ၊ ကျွန်တော်တို့ရဲ့ ဘုံရန်သူဟာ ဆင်းရဲမွဲတေမှုသာလျှင် ဖြစ်ပါတယ်။

မေး။ ။ စီမံကိန်းရေးဆွဲသူတွေအနေနဲ့ အရည်အချင်းရှိတဲ့သူတွေ ကိုယ့်တိုင်းပြည်ထဲမှာ မြဲနေနိုင်အောင် ဘာတွေလုပ်သင့်ပါသလဲ။ ဦးနှောက်ယိုစီးမှုကို ကာကွယ်ဖို့အတွက် ဘယ်လိုလုပ်သင့်ပါသလဲ။

ဖြေ။ ။ ကျွန်တော့်အမြင်မှာတော့ ဦးနှောက်ယိုစီးမှုဆိုတာ မရှိပါဘူး၊ ကျောင်းသားအချို့ပြည်ပကို နှစ်စဉ်ထွက်ခွာသွားတယ်ဆိုဦးတော့၊ ကျွန်တော်တို့မှာ တူညီစွာအရည်အချင်းပြည့်ဝတဲ့ကျောင်းသားတွေ ထောင်ပေါင်းများစွာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်၊ နိုင်ငံခြားကို ထွက်ခွာသွားတဲ့ အိန္ဒိယလူမျိုးတွေဟာ ကျွန်တော်တို့အတွက် အကျိုးအမြတ် ဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ အမိမြေနဲ့ ချက်ကြိုးချင်းဆက်ထားသလို သူတို့ဟာ အဆက်အဆံ ရှိနေကြဆဲမို့ပါ။

မေး။ ။ ကမ္ဘာကြီးပူနွေးလာမှု၊ ရေရှားပါးမှု၊ ကောက်ပဲသီးနှံတွေမဖြစ်ထွန်းမှုလိုမျိုး သဘာဝပတ်ဝန်းကျင်မှာ အပြောင်းအလဲတွေ တဟုန်ထိုးမြန်ဆန်ဖြစ်ပေါ်နေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာလုံခြုံစိတ်ချမှုရှိစေရေးအတွက် ဘာတွေဖြစ်လာနိုင်ပါသလဲ။

ဖြေ။ ။ အိန္ဒိယ စိုက်ပျိုးရေးအနေနဲ့ အနာဂတ်မှာ စိန်ခေါ်မှု ၃ ခုနဲ့ရင်ဆိုင်ရနိုင်ပါတယ်၊ အဲဒါတွေက စိုက်ပျိုးမြေယာတွေ ရှားပါးလာတာ..၊ လယ်သမားတွေ နည်းပါးလာတာ..၊ တိုးပွါးလာတဲ့လူဦးရေအတွက် စားနပ်ရိက္ခာထုတ်လုပ်တဲ့အခါမှာ ရေမလုံလောက်တာတွေပါပဲ။ ကျွန်တော်တို့ရဲ့သိပ္ပံပညာရှင်တွေကတော့ နည်းပညာရဲ့ အကူအညီနဲ့ ဒီပြဿနာတွေကို ဖြေရှင်းသွားမှာဖြစ်ပါတယ်။

မေး။ ။ အိန္ဒိယကျေးလက်ဒေသတွေမှာ အသိပညာနည်းပါးမှု၊ ဆရာဝန်မလုံလောက်မှုတွေကြောင့် ကျန်းမာရေး အခြေအနေတွေဟာ တော်တော်ဆိုးဝါးနေပါတယ်၊ သိပ္ပံပညာရှင်တွေ မွေးထုတ်ပေးတာထက်စာရင် ဆေးပညာရှင် အရည်အတွက် ပိုများလာအောင် မလုပ်သင့်ဘူးလား။

ဖြေ။ ။ နှစ်မျိုးလုံးလိုအပ်ပါတယ်၊ သိပ္ပံပညာရှင်တွေဟာ သုတေသနပြုလုပ်ဖို့၊ လူထုရဲ့နေ့တဓူဝ လိုအပ်ချက်တွေအတွက် သုတေသနတွေ့ရှိချက်တွေကိုပြန်လည်အသုံးချဖို့၊ အထူးသဖြင့်ကျေးလက်ဒေသတွေမှာ ပိုပြီးလိုအပ်ပါတယ်၊ အဲဒီလိုပဲ ဆရာဝန်ကောင်းတွေ အမြောက်အများလိုအပ်နေပါတယ်၊ ဒါပေမယ့်ဆရာဝန်တွေဟာ ကျေးလက်မှာ မလွှဲမသွေ တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။

မေး။ ။ သိပ္ပံပညာဆိုတာ သဘာဝရဲ့ဥပဒေသနဲ့ သဘာဝလောကကြီးအကြောင်းပါပဲ။ ဒါပေမဲ့ သိပ္ပံပညာနဲ့ ခေတ်မီနည်းပညာတွေဟာ သဘာဝရဲ့အလှကို ဖျက်ဆီးနေကြပါတယ်။ အိုဇုန်းလွှာပေါက်ကွဲမှု၊ နေ့စဉ်နဲ့အမျှ ကမ္ဘာကြီးပူနွေးလာမှုတွေ ကျွန်မတို့ သိနေရပါတယ်၊ ဒါကိုဘယ်လိုမြင်ပါသလဲ၊ ကျွန်မ အထင်တော့ ဒါဟာ သိပ္ပံပညာနဲ့ နည်းပညာတွေကို အလွဲသုံးစားပြုမှုပါပဲ။

ဖြေ။ ။ သိပ္ပံပညာနဲ့ ခေတ်မီနည်းပညာတွေမှာ အပြစ်မရှိပါဘူး၊ အဲဒါကို ကောင်းတဲ့ဘက်မှာရော၊ မကောင်းတဲ့ဘက်မှာပါ အသုံးချလို့ရနိုင်ပါတယ်။ သိပ္ပံပညာနဲ့နည်းပညာတွေဟာ ဖွံ့ဖြိုးတိုးတက်ခြင်းကို ဖော်ဆောင်သလို၊ အပြန်အလှန်အားဖြင့် ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်လိုက်တာလည်းရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ မမေ့သင့်တဲ့အချက်က အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ သိပ္ပံပညာနဲ့နည်းပညာတွေက တတ်နိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။

မေး။ ။ အကျင့်ပျက်လာဘ်စားမှုကို ကျွန်တော်တို့ တိုင်းပြည်ကနေ ဘယ်လိုဖယ်ရှားပစ်နိုင်ပါသလဲ၊ ဘာကြောင့် အောက်ခြေလူတန်းစားကနေ အထက်ပိုင်းအလွှာတွေအထိ ဒီလာဘ်စားမှုကို ကျင့်သုံးနေရတာလဲ။

ဖြေ။ ။ ဒီလာဘ်စားခြင်းကို တိုက်ဖျက်နိုင်တဲ့ပုဂ္ဂိုလ် သုံးမျိုးရှိပါတယ်၊ သူတို့တွေက မိခင်၊ ဖခင်နဲ့ မူလတန်းကျောင်းဆရာတွေ ဖြစ်ပါတယ်။ လူငယ်တွေဟာ သူတို့ရဲ့ မိဘတွေမှာ ဒီအကျင့်ဆိုးတွေရှိနေတာ တွေ့ရတယ်ဆိုရင် ပြောင်းလဲဖို့ စွမ်းဆောင်နိုင်ပါတယ်၊ ကျွန်တော်တွေ့ဖူးတဲ့လူငယ်တော်တော်များများကလည်း ဒီ ချစ်ခြင်းမေတ္တာကို ကိရိယာအနေနဲ့ အသုံးပြုဖို့ သဘောတူကြပါတယ်။

မေး။ ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လူငယ်တွေက ဘယ်လိုလုပ်နိုင်ပါသလဲ၊ အထူးသဖြင့်နိုင်ငံရေးနယ်ပယ်မှာ လူငယ်တွေကို လိုအပ်ပါသလား။

ဖြေ။ ။ နိုင်ငံရေးဟာ လူငယ်တွေကို တကယ်ပဲလိုအပ်ပါတယ်၊ နိုင်ငံရေးနဲ့ပတ်သက်ပြီး မဟတ္တမဂန္ဒီကို သူ့အမေက အကြံပေးခဲ့တာ ပြန်ပြီးသတိရစေချင်ပါတယ်။ အမေကပြောတယ်၊ ငါ့သားတဲ့.. မင်းရဲ့ဘ၀တစ်လျှောက်လုံးမှာ လူတစ်ဦီးတစ်ယောက်ရဲ့ဘ၀ ပိုပြီးကောင်းမွန်သွားအောင်စောင့်ရှောက်နိုင်တယ်ဆိုရင် လူသားတစ်ဦးအနေနဲ့ မင်းရဲ့မွေးဖွားခြင်းရော၊ မင်းရဲ့ဘ၀ပါ ဒါဟာ အောင်မြင်မှုပဲတဲ့၊ မင်းဟာ ဘုရားရှင်ရဲ့ကောင်းချီးမင်္ဂလာကိုရခဲ့ပြီတဲ့။

မေး။ ။ သမ္မတကြီးဟာ အောင်မြင်မှုကို ဘယ်လိုရရှိခဲ့တာလဲ၊ ဒီလောက်များပြားတဲ့အသိပညာတွေကို ဘယ်လိုဆ ည်းပူးခဲ့တာလဲ။

ဖြေ။ ။ ချွေး..၊ ချွေး .၊ ချွေး..၊ ဒါတွေဟာ ချွေးစက်တွေချည်းပါပဲ၊ လူတွေရဲ့ပြောစကားကို နားထောင်ခြင်းဟာလည်း အသိပညာကို တိုးတက်စေပါတယ်။

မေး။ ။ ပညာရေးဆိုတာ ဘာကိုရည်ညွှန်းတာလဲ၊ စာအုပ်တွေဖတ်တာကိုပြောတာလား၊ ကျောင်းတက်တာကိုပြောတာလား၊ ဗဟုသုတတွေရှိတာကို ဆိုလိုတာလား။

ဖြေ။ ။ ပညာရေးရဲ့ပန်းတိုင်ဟာ အသိဥာဏ်ထွန်းလင်းတဲ့ လူ့ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးဖို့ပါပဲ၊ အဲဒီမှာ အချက်သုံးချက် တွေ့ရပါလိမ့်မယ်၊ တန်ဖိုးပြည့်ဝတဲ့ပညာရေးစနစ်၊ ယုံကြည်ကိုးကွယ်ရာ ဘာသာရေးကနေ အသွင်ပြောင်းပေးလိုက်တဲ့ စိတ်ဓာတ်စင်ကြယ်ကြံ့ခိုင်မှု၊ ပြီးတော့ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုတို့ ဖြစ်ပါတယ်၊ ကျောင်းတက်ခြင်းဟာ လူငယ်တွေကို အသိပညာပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဝင်တွေ ဖြစ်လာဖို့စွမ်းဆောင်ပေးပါတယ်၊။ သူတို့လေးတွေကိုယ်တိုင်ရဲ့ အောင်မြင်မှုသာမက တမျိုးသားလုံးတိုးတက်ဖို့အတွက်လည်း အထောက်အကူပြုပါတယ်။

မေး။ ။ အင်တာနက် နဲ့ အီလက်ထရောနစ် မီဒီယာတွေကနေတဆင့် ကျောင်းတက်ပညာသင်ကြားတဲ့စနစ်တစ်ခုလုံးကို လုပ်လို့ရပါသလား။

ဖြေ။ ။ မရပါဘူး၊ အထူးသဖြင့် မူလတန်းနဲ့အထက်တန်းအဆင့်ပညာရေးတွေမှာပါ၊ အတန်းထဲကဆရာတွေဟာ မရှိမဖြစ် အဓိကျတဲ့ ချိတ်ဆက်မှုဖြစ်ပါတယ်။ တက္ကသိုလ်ပညာရေးစနစ်မှာတော့ မီဒီယာနည်းပညာတွေကတဆင့် သင်တာ ဖြစ်နိုင်ပါတယ်။

မေး။ ။ ကလေးတွေဟာ အိန္ဒိယနိုင်ငံရဲ့အနာဂတ်ဆိုရင် ဘာဖြစ်လို့ မီဒီယာတွေနဲ့ ရုပ်မြင်သံကြားတွေက သူတို့ရဲ့ဘ၀ကို ဖျက်ဆီးနေကြတာလဲ၊ ဘယ်ဥပဒေ ဘယ်သူကမှ ဒါကိုမတားဆီးနိုင်တော့ဘူးလား၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေဟာ ကလေးတိုင်းရဲ့ဘ၀ကို အကျိုးသက်ရောက်စေတာမို့ပါ။

ဖြေ။ ။ ကမ္ဘာပေါ်မှာရှိတဲ့မိသားစုတိုင်းဟာ ရုပ်မြင်သံကြားကိုကြည့်ကြပါတယ်၊ ဘာကိုကြည့်သင့်တယ်၊ မကြည့်သင့်ဘူးဆိုတာက လူကြီးတွေက လမ်းညွှန်ပေးရမှာဖြစ်ပါတယ်။

မေး။ ။ မတူကွဲပြားတဲ့ပြည်နယ်တွေမှာနေထိုင်ကြတဲ့ ပြည်သူတွေရဲ့စိတ်ထဲမှာ ဒေသစွဲကြီးတာတွေရှိပါတယ်၊ ဒါကိုဘယ်လိုဖယ်ရှားပစ်နိုင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့အားလုံးဟာ တစ်နိုင်ငံသားထဲပဲဆိုတဲ့စိတ်မျိုး၊ တစ်တိုင်းပြည်လုံးတိုးတက်ဖို့အတွက် ဘုံရည်မှန်းချက်တွေရှိတဲ့ စိတ်မျိုးမွေးသင့်ပါတယ်၊ ပြည်နယ်အားလုံးနဲ့ပူးပေါင်းဆောင်ရွက်မှုဟာ အစဉ်သဖြင့် ထက်ချပ်မကွာရှိနေရပါမယ်။

မေး။ ။ လူတိုင်း ပညာတတ်ကုန်ရင် နိမ့်ကျတဲ့အလုပ်မျိုး၊ အောက်တန်းကျတဲ့အလုပ်မျိုးမှာ ဘယ်သူတွေသွားလုပ်ပါ့မလဲ။ ဥပမာ.. တံမြတ်စည်းလှည်းတဲ့သူမျိုး၊ အ၀တ်လျှော်တဲ့ခ၀ါသည်လိုမျိုးမှာပါ။ လူတိုင်းအတွက်ပညာရေးဆိုတဲ့လမ်းစဉ်ဟာ လူ့အဖွဲ့အစည်းမှာရှိတဲ့ ပြဿနာတိုင်းကို ဖြေရှင်းပေးနိုင်မယ်လို့ထင်ပါသလား။

ဖြေ။ ။ နိမ့်ကျတဲ့အလုပ်၊ အောက်တန်းကျတဲ့အလုပ်ဆိုတာ ရှိကိုမရှိပါဘူး၊ ပညာရေးဟာ အလုပ်တိုင်းကို ပိုပြီးမြန်ဆန်လာအောင်၊ ပိုကောင်းလာအောင်၊ ပိုပြီးအကုန်အကျသက်သာလာအောင် ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။

မေး။ ။ တစ်ဦးတစ်ယောက်ချင်း တိုးတက်မှုနဲ့ နိုင်ငံတစ်ခုလုံးတိုးတက်မှုမှာ ဘယ်ဟာက အဓိကအခရာဖြစ်ပါသလဲ၊ ဘယ်လိုနည်းနဲ့ တစ်ဦးချင်းတိုးတက်မှုဟာ တစ်မျိုးသားလုံးတိုးတက်မှုဆီကို အထောက်အကူပြုနိုင်ပါသလဲ။

ဖြေ။ ။ ပြည်သူတွေဆီကနေတဆင့် တစ်မျိုးသားလုံးတိုးတက်မှုကို ရယူနိုင်မှာဖြစ်ပါတယ်၊ အဲဒီအတွက်ကြောင့် ပြည်သူတွေ တိုးတက်လာဖို့ အရေးကြီးပါတယ်။ တစ်ဦးချင်းဖွံ့ဖြိုးတိုးတက်ရေးအစီအမံတွေ ကျွန်တော်တို့ ရေးဆွဲရမှာဖြစ်ပါတယ်၊ အဲဒီစီမံချက်တွေက အသိပညာထွန်းလင်းတဲ့နိုင်ငံသားတွေဖြစ်အောင်မွေးထုတ်ပေးနိုင်ပြီးတော့ အပြန်အလှန်အားဖြင့် တစ်မျိုးသားလုံး တိုးတက်မှုရအောင် ဆောင်ရွက်နိုင်မှာပါ။

မေး။ ။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတစ်ခုဖြစ်အောင်ကြိုးပမ်းတဲ့လမ်းကြောင်းမှာ ဘယ်အရာက အတားအဆီးတွေဖြစ်ပါသလဲ။

ဖြေ။ ။ ရည်မှန်းချက်တွေ ခပ်နိမ့်နိမ့်ပဲထားရှိခြင်းဟာ အကြီးမားဆုံးအတားအဆီးပါပဲ၊ တကယ်တော့ ရည်မှန်းချက် မမြင့်မားခြင်းဟာ ပြစ်မှုကျုးလွန်တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေဟာ မြင့်မားတဲ့ရည်မှန်းချက်တွေနဲ့ နိုးကြားတက်ကြွနေကြမယ်ဆိုရင် အရာရာတိုင်းဟာ အစီအစဉ်တကျဖြစ်လာမှာပါ။

အထက်ပါမေးခွန်းကိုဖြေကြားရာတွင် ဒေါက်တာကာလမ်သည် မေးခွန်းမေးသူ လူငယ်များ၏အသက်အရွယ်နှင့် နားလည်နိုင်မည့် စကားအသုံးအနှုံးကို ရွေးချယ်ထားကြောင်းလေ့လာနိုင်ပါသည်။

သူသည် ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အိန္ဒိယနိုင်ငံ၏သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ သိပ္ပံပညာရှင်အဖြစ်သာမက စာရေးဆရာတစ်ယောက်အနေဖြင့်လည်း အောင်မြင်သူဖြစ်သည်။ သူ၏ Vision 2020 စာအုပ်မှာ အိန္ဒိယနိုင်ငံအား ၂၀၂၀ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်သို့ရောက်ရှိအောင် တက်လှမ်းရမည့် အမြင်သစ်များ၊ရည်မှန်းချက်များကို ဖော်ပြထားသဖြင့် အမျိုးသားရေးဆိုင်ရာ လမ်းပြမြေပုံတစ်ခုဟုလည်း ဆိုနိုင်ပါသည်။

သူရိယမျိုး

ကိုးကား။ ။ http://www.abdulkalam.nic.in

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: