ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့ အခမ်းအနားကျင်းပ


နိုင်ငံတကာ ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေး အခမ်းအနား ကျင်းပနေစဉ်

ယနေ့ကျရောက်သည့် နိုင်ငံတကာ ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ ကလေးဖွံ့ဖြိုးတိုးတက်ရေး စင်တာ(CDC) အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အခမ်းအနားကို ကမကထပြု ကျင်းပခဲ့သည့် Burma-ACT အဖွဲ့မှ တာဝန်ခံ ဒေါ်နန်းမူက “ဒီပွဲကို တက်ရောက်လာတဲ့ ပရိသတ်အနေနဲ့ ကလေးကူးသန်းရောင်းမှုနဲ့ ပတ်သက်တဲ့ ပညာပေးပြဇာတ်လေးတွေကို ကြည့်သွားမယ်၊ နောက်ပြီးတော့ မဲဆောက်မြို့မှာ အခြေစိုက်နေတဲ့ ကလေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေက ခင်းကျင်းပြသထားတဲ့ ပြခန်းလေးတွေကို ကြည့်သွားမယ်၊ ဒီလိုကြည့်ခြင်းအားဖြင့် ကလေးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေ ဒီမှာ ရှိနေတယ်၊ ဒီ့ထက်ပိုပြီးလည်း ဒီလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့ အသိပညာဗဟုသုတလေးတွေ သူတို့ ပိုမိုရရှိလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးအတွက် အာရှနိုင်ငံ ၆ နိုင်ငံပါဝင်ဖွဲ့စည်းထားသော Asia-ACT အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သော Burma-ACT အဖွဲ့ကို ၂၀၀၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မဲဆောက်အခြေစိုက် ကလေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ၊ ထိုင်းအဲန်ဂျီအိုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကလေးကူးသန်းရောင်းဝယ်မှု လျော့ကြပြီး ပပျောက်စေရန်အတွက် လူထုအတွင်း ကလေးကူးသန်းရောင်းဝယ်မှုနှင့် ပတ်သက်သည့် ပညာပေးမှုများ၊ ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးလုပ်ငန်းများတွင် ကလေးများကိုယ်တိုင် ပါဝင်သော လှုပ်ရှားမှုများကို လုပ်ဆောင်နေကြောင်း ဒေါ်နန်းမူက ဆက်ပြောသည်။

ကျောင်းသူကျောင်းသား ကလေးငယ်များအပါအဝင် ပရိသတ် ၂၀၀၀ ကျော် တက်ရောက်သည့် အဆိုပါအခမ်းအနားတွင် ကလေးအခွင့်အရေးဆိုင်ရာ ပြခန်းများ၊ ကလေးကူးသန်းရောင်းဝယ်မှုဆိုင်ရာ ပညာပေးပြခန်းများနှင့် ကလေးများပြုလုပ်ထားသည့် လက်မှုပစ္စည်းပြခန်းများလည်း ခင်းကျင်းပြသထားသည်ကို တွေ့ရသည်။

ကလေးကူးသန်းရောင်းဝယ်မှုပပျောက်ရေးနှင့် သက်ဆိုင်သည့် လက်ကမ်းစာစောင်များ၊ စာအုပ်များနှင့် ပိုစတာများလည်း ဝေငှခဲ့ကြပြီး မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်းကျောင်းများအလိုက် အကဖွဲ့များက ရိုးရာအကများ၊ ပြဇာတ်များနှင့် သံချပ်များဖြင့် ဖျော်ဖြေခဲ့ကြသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အခမ်းအနားသို့ သတင်းစကားပါးသည့် ဗွီဒီယိုတွင် ကလေးသူငယ်များဆိုသည်မှာ မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာကြီးရဲ့ အနာဂတ်ဖြစ်ကြောင်း၊ ကိုယ့်အနာဂတ်ကို စောင့်ရှောက်သည့်အနေဖြင့် ကလေးသူငယ်များကို စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ကလေးသူငယ်ကူးသန်းရောင်းဝယ်ရေးအလုပ်သည် မလုပ်သင့် မလုပ်ထိုက်သည့် အလုပ်ဖြစ်ပြီး ထိုအလုပ်ကို လုပ်ကိုင်သူများသည် လူသားမဆန်သည့်အပြင် အင်မတန် ပညာမဲ့ကြသူများဖြစ်ကြကြောင်းနှင့် ယခုကဲ့သို့ ကလေးသူငယ်စောင့်ရှောက်ရေးနှင့် ကူးသန်းရောင်းဝယ်မှု ပပျောက်ရေးအတွက် လုပ်ဆောင်နေသူများကို ကျေးဇူးတင်ရှိပါကြောင်း ထည့်သွင်းပြောကြားထားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: