ပညာတော်သင် တစ်ဦး၏ အတွေ့အကြုံ


ကုန်းဘောင်ခေတ်ကတည်းက ဥရောပနိုင်ငံများသို့ စေလွှတ်ကာ ပညာရပ်များကို သင်ကြားစေခဲ့သည့် နိုင်ငံတော်မှ စေလွှတ်သည့် ပညာတော်သင်များရှိခဲ့သည် ။ နိုင်ငံရပ်ခြားမှ ရလာသော ပညာရပ်များဖြင့် နိုင်ငံတိုးတက်ရေးအတွက် လုပ်ဆောင်ခဲ့သော သာဓကများ ရှိခဲ့သည်။

လွတ်လပ်ရေးရပြီး ကာလတွင်လည်း ပညာတော်သင်များစေလွှတ်ကာ တိုင်းပြည် ပြန်လည်တည်ဆောက်ရေး ကို ကြိုးစားခဲ့ကြသည်။ ဖဆပလ ခေတ်၌ ပညာတော်သင်စေလွှတ်ရေးတွင် ဘက်လိုက်မှုများရှိကြောင်း ဒေါက်တာသန်းထွန်း ရေးသားသည့် “ငါပြောချင်သမျှ ငါ့အကြောင်းစာအုပ်”တွင် တွေ့ရသည်။ အာဏာပိုင်များနှင့် နီးစပ်သည့် သူများကိုသာ ရွေးချယ်လေ့ရှိသည်ကို တွေ့ရသည်။

ဦနေ၀င်း အုပ်ချုပ်သည့် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်တွင် ပညာတော်သင်ဆိုသည်မှာ နိဗ္ဗာန်ဆုထက် ခက်ခဲသော အရာတစ်ခု ဖြစ်လာခဲ့သည်။ စစ်အုပ်ချုပ်ရေး ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် အစိုးရပညာသင်ဆုများ အထိုက်အလျောက် ပွင့်လာခဲ့သည်။

သို့ရာတွင် နိုင်ငံခြားတက္ကသိုလ်မှ မြန်မာကျောင်းသားများကို ပညာသင်ဆုပေးလိုသော်လည်း ပြည်တွင်းရှိ အခက်ခဲများကို ကျော်ဖြတ်ရသည့် နှောင်ကြိုးက ပညာသင်ဆုရ ရှိရန်ထက်ပင် ခက်ခဲသည်။ ပညာသင်ဆုရရှိသူကို အချိန်မှီ မစေလွှတ်နိုင်ခြင်း၊ ရွေးချယ်ရာတွင် သင့်တော်သူကို (အာဏာပိုင်များနှင့် နီးစပ်သူကို) မတွေ့ရှိခြင်း စသည့် အချက်များ၊ မမြင်နိုင်သော အခက်အခဲများက တံတိုင်းပမာ ကာဆီးနေသည်။

၁၉၉၅ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကွန်ပျူတာသိပ္ပံဘာသာရပ် ပါရဂူဘွဲ့အတွက် ပညာသင်ဆုတစ်ခုကို စင်္ကာပူ အမျိုးသား တက္ကသိုလ် (NUS)က မြန်မာနိုင်ငံမှ ခေါ်ယူခဲ့သည်။ ပညာသင်ဆုရရှိရေး အတွက် အစိုးရမှ အသက်အကန့်အသတ်ဖြင့် ခေါ်ယူကာ စာမေးပွဲစစ်ဆေးခဲ့သည်။ ကွန်ပျူတာဘာသာရပ်နှင့် အင်္ဂလိပ်ဘာသာ နှစ်ခုကို စစ်ဆေးခြင်းဖြစ်သည်။ အမှတ်အများဆုံး ရရှိသည့် ကျောင်းသားသုံးဦးအား ပညာရေးဝန်ကြီး၊ ညွှန်ချုပ်၊ ပါမောက္ခချုပ်၊ ပါမောက္ခ တို့မှ လူတွေ့ စစ်ဆေးခဲ့သည်။  အမှတ်အများဆုံးရရှိသည့် ဆရာအား ရွှေးချယ်ခြင်းမပြုဘဲ၊ တတိယရရှိသည်၊့ အာဏာပိုင်များနှင့်ဆက်နွယ်သည့် ဆရာမတစ်ဦးကို ရွှေးချယ်ခဲ့ကြောင်း ပထမ ရရှိခဲ့သည့် ဆရာမှ ပြောပြခဲ့သည်။

“ကျနော့်ကို မရွေးခဲ့တာ ကျနော့်ဘ၀ တစ်ခုလုံးကောင်းဖို့ ဖြစ်လာတာဗျ” ဟု ၄င်းဆရာမှ ပြောဆိုခဲ့သည်။ ၄င်းဆရာသည် ပညာတော်သင်ဆု ငြင်းပယ်ခြင်း ခံရပြီးနောက် ဆရာအဖြစ်မှ နှုတ်ထွက်ကာ နိုင်ငံခြားအခြေစိုက် ကုမ္ပဏီတစ်ခုတွင် ဆော့ဖ်ဝဲ ရေးသားသူအဖြစ် ငါးလခန့် တာဝန်ယူပြီးနောက် မိခင်ကုမ္ပဏီ အခြေစိုက်ရာ နယူးဇီလန် နိုင်ငံတွင်အကြီးတန်း ဆော့ဖ်ဝဲ အင်ဂျင်နီယာ အဖြစ်ဖြင့် ခန့်အပ်ခြင်းခံရသည်။

ယခုအခါ ၄င်းဆရာသည် သူ၏ မိသားစုနှင့်အတူ ကမ္ဘာပတ်ကာ မိခင်ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်လျက် ရှိသည်။

“ ကျနော်တို့နိုင်ငံရဲ့ ပညာရေး စနစ်ကသာ နိမ့်တာမဟုတ်ဘဲ ၊ ပညာရေးဌာနကို ဦးစီးဦးဆောင်လုပ်နေတဲ့ ဆရာတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်က နိမ့်တာဗျ၊ နိုင်ငံ့အရေးထက် မိသားစုအရေးကို စဉ်းစားနေကြတော့ လူမှန် နေရာမှန် မရှိတော့ဘူး” ဟုပြောဆိုခဲ့သည်။

၂၀၀၈ ခုနှစ် လောက်တွင် နိုင်ငံခြားပညာသင်ဆု ရရှိရေးအတွက် ငယ်ရွယ်သော တက္ကသိုလ်ဆရာ၊ ဆရာမများကြားတွင် ခေတ်စားခဲ့သည်။ မြန်မာနိုင်ငံ၌ပညာသင်ဆု ဆိုသည်မှာ ဌာနဆိုင်ရာများတွင် လုပ်ကိုင်သော နိုင်ငံဝန်ထမ်းများသာ ရသောအခွင့်အရေးဖြစ်သည်။ ပညာရေးဌာန တစ်ခုမှ ပညာတော်သင်ရရှိရေး အတွက် ပဏမအနေဖြင့် ပါမောက္ခ၏ ခွင့်ပြုချက်၊ ထောက်ခံချက် လိုအပ်ပေသည်။

ဒုတိယအဆင့် အနေဖြင့် ရွေးချယ်ရေးဆိုင်ရာ စာမေးပွဲဖြေဆိုရသည်။ ရွေးချယ်ရေး စာမေးပွဲအောင်မြင်ပါက တတိယအနေဖြင့် အဆင့်မြင့်ပညာဦးစီးဌာမှ စစ်ဆေးမှုများပြုလုပ်သည်။ တာဝန်ရှိသူများကို ပြေးကပ်ရသည်။ ဂျပန်နိုင်ငံမှ ပေးအပ်သည့် စကော်လာရှစ် ဖြစ်ပါက ၂၀၀၇-၈ ၀န်းကျင်တွင် ကန်တော့ငွေမှာ ကျပ်သိန်း ၃၀ မှ ၅၀ ကြား ရှိသည်။ ငွေမက်သူ အရာရှိကြီးမဟုတ်ဘဲ ၊ ပန်းဦးဆက်ခြင်းကို နှစ်သက်သူဖြစ်ပါက ဆရာမများမှာ ပန်းဦး ဆက်ကြရသည်။ တချို့အရာရှိကြီးများမှာ ပန်းနှင့်ငွေ နှစ်ခုလုံးကို နှစ်ခြိုက်ကြသည်။

အဆင့်မြင့်ပညာဦးစီးဌာနမှ ခွင့်ပြုပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ၄င်းဌာနမှပင်ပြုလုပ်ပေးသည်။ ထို့ကြောင့် ဌာနဆိုင်ရာမှ နိုင်ငံခြားပညာတော်သင် ဆိုသည်မှာ အိမ်မက် မမက်ကောင်းသော အရာ ဖြစ်နေဆဲ ပင်ဖြစ်သည်။

ဂျပန်နိုင်ငံမှ လာသော ပညာသင်ဆု ကန်တော့ကြေး ဈေးကြီးရခြင်းမှာ ဂျပန်တွင်ပေးသော ပညာသင် ထောက်ပံ့ကြေး မြင့်မားသောကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံမှ ရောက်သွားသော ကျောင်းသား အချို့မှာ တစ်လလျှင် ဒေါ်လာ (၂၀၀၀) အနည်းဆုံးစုဆောင်းနိုင်ကြသည်။ မသုံးမစားဘဲ အငတ်ခံကာ ငွေစုသော ကျောင်းသားများကိုလည်း တွေ့ရသည်။

ပညာရေးအတွက်ပေးသော ထောက်ပံ့ကြေးကို ပညာရေးအတွက် မသုံးဘဲ မြန်မာနိုင်ငံတွင် တိုက်ခန်းနှင့် ကားဝယ်သည်ကို ပါမောက္ခမှ သိရှိသွားသည့်အတွက် ပါရဂူဘွဲ့မရဘဲ ပြန်သွားရသော ကျောင်းသားများလည်း ရှိသည်။ နိုင်ငံခြားတက္ကသိုလ် အချို့မှပေးသော ထောက်ပံ့ကြေးသည် ပညာသင်နေစဉ်ကာလအတွင်း လိုအပ်သည့် ပစ္စည်းများဝယ်ယူရေးနှင့် ပညာရေးအတွက် လိုအပ်သော ခရီးသွားလာမှု၊ သုတေသနလုပ်ငန်းနှင့် နေထိုင်စားသောက်မှု အတွက်ပေးထားခြင်းဖြစ်သည်။

ယခုအခါတွင် အတိုက်အခံနှင့် လက်ရှိအစိုးရမှလည်း နိုင်ငံပြန်လည် ထူထောင်ရေးတွင် ပညာရေး၏ အရေးပါပုံကို သဘောပေါက်ထားပြီးဖြစ်သည်။ အစိုးရမှလည်း နိုင်ငံခြားတိုင်းပြည်များမှ ပညာသင်ဆုများ ရရှိရေးကို အသည်းအသန် ဆောင်ရွက်လာသည်။ အချို့သောနိုင်ငံမှ ပညာသင်ဆုများ ပေးရေးကို သဘောတူထားပြီး ဖြစ်သည်။ ပညာသင်ဆု အများဆုံးရနိုင်သော ဌာနများသည် အကျင့်ပျက်ခြစားသော ဌာနများဖြစ်လာရန် အခြေအနေရှိနေသည်။

သံရုံးများနှင့် တက္ကသိုလ်များက ပေးအပ်သော ပညာသင်ဆုများမှာ နှောင်ကြိုးမဲ့ ဖြစ်သော်လည်း အခက်အခဲများ ရှိနေသည်။ သာမန်ဘွဲ့ရ တဦးအနေဖြင့် နိုင်ငံရပ်ခြားတွင် ပညာသင်ကြားရေးအတွက် သက်ဆိုင်ရာ ဘာသာရပ်တွင် ကျွမ်းကျင်သော်လည်း အင်္ဂလိပ်စာကျွမ်းကျင်မှုကို တနှစ် (သို့) နှစ်နှစ်ခန့် ရန်ကုန်  မန္တလေး ကဲ့သို့မြို့ကြီးများတွင် ပြင်ဆင်ကြရသည်။

ရပ်ဝေးမှ ကျောင်းသားဖြစ်ပါက ရန်ကုန်တွင် နေထိုင်စားသောက် စရိတ်နှင့် သင်တန်းကြေးများကို ပေါင်းပါက တလလျှင် ကျပ် ၂ သိန်းနှင့် ၃ သိန်းကြားရှိသည်။ တနှစ်စာအတွက် ဖြစ်ပါက ကျပ် ၂၅ သိန်းနှင့် ၃၀ အကြား ရှိပြီး (၂) နှစ်စာ အတွက်ဖြစ်ပါက ကျပ်သိန်း ၅၀ နှင့် ၆၀ ကြားရှိသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်စပ်ဝင်လာသော ပညာသင်ဆုဖြစ်ပါက သက်ဆိုင်ရာ NGO မှတာဝန်ရှိသူများနှင့် ဆက်စပ်မှုမရှိပါက စကော်လာရှစ်ဆိုသည်မှာ ဝေလာဝေးပင်။

 သာမန်ပြည်သူ၊ ငွေမရှိသော ခေတ်ပညာတတ်များအနေဖြင့် ပညာတော်သင်ဆု တခု ရရှိခြင်းဆိုသည်မှာ ထီထိုးသကဲ့သို့ပင်ရှိနေပေသေးသည်။ သာမန် လူတန်းစားများအနေဖြင့် သိန်းဆယ်ကြီးဂဏန်းကို မရေရာသော မျှော်မှန်းချက်တွင် ရင်းနှီးမည့်အစား အခြားသော လုပ်ငန်းများတွင်သာ ရင်းနှီးတော့မည်ဖြစ်သည်။

NGO များနှင့်ဆက်စပ်လာသော ပညာသင်ဆုအများစုမှာ Community Performance ဟုခေါ်သော လူ့အဖွဲ့အစည်းတွင် ပရဟိတလုပ်ငန်း အတွေ့အကြုံသည် အဓိကအရေးပါသည်။ ထို့ကြောင့် NGO များနှင့် နိုင်ငံရေး အဖွဲ့အစည်းများမှ လာသော ပညာသင်ဆုသည်လည်း အစိုးရဌာနဆိုင်ရာများကဲ့သို့ပင် လက်သင့်ရာ စားတော်ခေါ်သည့် အဆင့်တွင်ရှိနေသေးသည်။

ထို့ကြောင့် လက်ရှိဖြစ်ပေါ်နေသော မြန်မာ့ပညာရေး ရေစီးကြောင်းတွင် ပညာတော်သင်ဆု ဆိုသည်မှာ အစိုးရအာဏာပိုင်များနှင့် ဆက်စပ်သော၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြင့် ရင်းနှီးကျွန်းဝင်သော၊ ငွေကြေးချမ်းသာသော လူတန်းစားသုံးရပ်အတွက် ဟုဆိုချင်ပါသည်။

တသီးပုဂ္ဂလိက ပညာသင်ဆု ရရှိသူ လူငယ်များအနေဖြင့် မိမိတို့ ရရှိသောပညာသင်ဆုအကြောင်းကို အခြားသော လူငယ်များသို့ လက်ဆင့်ကမ်းသင့်သည်။ ၁၉၉၀ ခုနှစ်နောက်ပိုင်း ပညာသင်ကြားရန် ထွက်လာသော လူငယ်များတွင်လည်း ငါတကိုယ်ကောင်းစားရေး စိတ်ဓာတ်များ ကိန်းအောင်းနေသည်ကို တွေ့ရသည်။ မိမိရရှိခဲ့သော ပညာသင်ဆုအကြောင်းကို မိတ်ဆွေ သူငယ်ချင်းများကို မျှဝေရန် အင်မတန်မှ ၀န်လေးသည်ကို တွေ့ရသည်။

ယခုအခါတွင် ပွင့်လင်းစ မြန်မာ့စာနယ်ဇင်းလောကသားတို့ အနေဖြင့် ပညာသင်ဆုနဲ့ ပတ်သတ်သော အချက်အလက်များကို စနစ်တကျရှာဖွေစုဆောင်း တင်ပြသင့်သည်။

လက်ရှိအစိုးရ အနေဖြင့် နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် ပညာရေးဌာနကို အောက်ခြေအဆင့်မှ စတင်ကာ တဆင့်ချင်း ပြင်ဆင်သင့်သည်။ သံပြိုင်သီဆို သင်ကြားနေသည့်၊ ညာစားနေသည့် ကျူရှင် ပညာရေး လောကကို အပြီအပိုင်စွန့်လွှတ်ပြီး၊ နိုင်ငံသားစိတ်ဓာတ် ပြည့်ဝသော အနာဂါတ်မျိုးဆက်သစ်များ မွေးထုတ်ရေးကို စဉ်းစားသင့်သည်။

Civic Ethics ပြည့်သူ့နီတိ ပြည့်ဝသော နိုင်ငံသားကောင်းများမရှိပါက မည်မျှပင် သယံဇာတ ပေါကြွယ်ဝစေကာမှု နိုင်ငံကို ပြန်လည်တည် ဆောက်နိုင်မည်မဟုတ်ပေ။ အမုန်းတရားနှင့် အဂတိကင်းသော ပညာရေးစနစ်မျိုးကို တည်ထောင်နိုင်ပါမှ ၂၁ ရာစု၏ ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရေစီးကြောင်းတို့တွင် လိုက်ပါနိုင်မည်ဟု ယုံကြည်မိပါသည်။

မောင်ရမ္မာ

၁၈၊ ၁၂၊၂၀၁၁

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: