ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၏ ဂုဏ်ထူးဆောင် ဗဟိုကော်မတီဝင် ဦးခိုင်နီလင်းကွယ်လွန်


ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA)နှင့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) တွင် ဂုဏ်ထူးဆောင် ဗဟိုကော်မတီဝင် အဖြစ် တာဝန်ထမ်းဆောင်နေသော ရခိုင်မျိုးချစ် ဦးခိုင်နီလင်း သည် ဒီဇင်ဘာလ (၂၁) ရက် ၂၀၁၁ ခုနှစ်။ ညနေ ၂ နာရီ ၅၀ မိနစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်းတွင် ကွယ်လွန် သည်။

ကြွင်းကျန်ခဲ့သည့် ရုပ်အလောင်းကို ဒီဇင်ဘာလ (၂၄) ရက် ၂၀၁၁ ခုနှစ်။ စနေ နေ့တွင် မဲဆောက် ကျောင်းကြီး ဘုန်းတော်ကြီးကျောင်း မှ မဲဆောက် သုသန်သို့ ပို့ဆောင်မည်ဖြစ်သည်။

ခိုင်နီလင်း ၏ ကိုယ်ရေးသမိုးအကျဉ်း

ခိုင်နီလင်းကို အဖဦးမြသာအောင် အမိဒေါ်မြလှဦးမှ ကောဇာသက္ကရာဇ် ၁၃၀၈-ခု၊ ခရစ်သက္ကရာဇ် ၁၉၅၀-ခုနှစ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ဘူးသီးတောင်မြို့၊ တပ်ရာရပ်ကွက်တွင် မွေးဖွားခဲ့သည်။ ၁၉၆၉-ခုနှစ်တွင် အထက်တန်း ပညာ အောင်မြင်ခဲ့သည်။ ၁၉၇၀-ခုနှစ်တွင် ရန်ကုန်သို့ပြောင်းရွှေ့ခဲ့ပြီး ၁၉၇၀-ခုနှစ်မှ ၁၉၇၃-ခုနှစ် နိုဝင်္ဘာလအထိ ရန်ကုန်မြို့ပန်းဆိုးတန်းလမ်းရှိ အကောက်ခွန်ရုံးတွင် အငယ်တန်းစာရေး အဖြစ်လည်းကောင်း၊ အကြီးတန်းစာရေး အဖြစ်လည်းကောင်း၊ အစိုးရအမှူးထမ်းခဲ့သူဖြစ်သည်။ ၁၉၇၃-ခုနှစ် အကောက်ခွန်ရုံးတွင် အမှုထမ်းဆောင်နေယင်း တက္ကသိုလ်ပညာကို လေ့လာဆည်းဖူးသင်ယူနေစဉ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) သို့ ၁၉၇၃-ခု နိုဝင်္ဘလာ ၅-ရက်နေ့တွင် အဖ ရခိုင်ပြည် ပြန်လည်ရရှိရေးအတွက် အမှုထမ်းခဲ့သည်။
၁၉၇၄-ခုနှစ်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၏ အရံဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် (ALA) တွင် ဗိုလ်ရာထူးဖြင့်လည်းကောင်း၊ ၁၉၇၆-ခုနှစ် နှစ်ဆန်းပိုင်းတွင် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ဗဟို ကော်မတီဝင်အဖြစ်လည်းကောင်း တိုင်းပြည်နန့်လူမျိုးအတွက် အသက်ကို ပဓါန မထားဘဲ ကျရာနေရမှ စွမ်းစွမ်းတမံ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်သည်။
၁၉၇၄-ခုနှစ်မှ ၁၉၇၆-ခုနှစ် ဇွန်လအထိ ကရင်ပြည် တပ်မဟာ ၁၊ တပ်မဟာ ၇- တပ်မဟာ ၃-နယ်မြေများတွင် ကရင်ပြည် လွတ်မြောက်ရေးတပ်မတော် (KNLA) ရဲဘော်များနှင့်အတူ လက်တွဲပြီး ရန်သူများအား ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သော ခေါင်းဆောင် တပ်မှူး တစ်ဦးဖြစ်ပေသည်။ ခိုင်နီလင်းသည် တော်လှန်ရေးအဖွဲ့အစည်းများမှ ထုတ်ဝေသော ဂျာနယ်၊ မဂ္ဂဇင်းများ အချို့တွင် မိမိ၏နာမည်အရင်းဖြစ်သော စံရွှေခိုင်ဟူသည့် ကလောင်နာမည်ဖြင့်လည်းကောင်း၊ အခြားသော ကလောင် နာမည်များဖြင့်လည်းကောင်း ဆောင်းပါး၊ ကဗျာ စသည်များကို ရေးသားခဲ့သူတစ်ယောက်ဖြစ်သည်။
ခိုင်နီလင်းသည် ၁၉၇၆-ခု၊ ဇွန်လ နောက်ဆုံးအပတ်တွင် ကရင်ပြည်မှ ရခိုင်ပြည်သို့ မိုင် ၂၀၀၀ ကျော် ဝေးကွားသော ခရီးကြမ်းကို ခြေလျင်ခရီးဖြင့် ချီတက်ရာတွင် ဥက္ကဌကြီး ခိုင်မိုးလင်း၏ အကြံပေးအဖြစ် ပါဝင်ချီတက်ခဲ့သည်။
ထိုသို့ချီတက်ရာတွင် ကရင်ပြည်၊ ကရင်နီပြည်၊ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်၊ ချင်းပြည်နယ် နာဂတောင်တန်း များကိုဖြတ်ကျော်ကာ ၁၉၇၇-ခု ဖေဖေါ်ဝါရီလတွင် ချင်းပြည်နယ်သို့ရောက်ရှိခဲ့သည်။ ချင်းပြည်နယ် သို့ရောက်ရှိစဉ် မဆလ၏ အင်အား ၆၀၀၀-ကျော်ဖြင့် ဥက္ကဌကြီးခိုင်မိုးလင်းဦးဆောင်သော စစ်အင်အား ၁၂၀-ရှိသော ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) ကို ၁၉၇၇-ခု ဖေဖေါ်ဝါရီလမှ ဇွန်လအထိ ဖြတ်လေးဖြတ် ပိတ်ဆို့ ထိုးစစ် ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြီး ၂၉-ကြိမ်၊ တိုက်ပွဲငယ် ၄၉-ကြိမ် ဖြစ်ပွားကာ၊ ဥက္ကဌကြီးခိုင်မိုးလင်းနှင့် ခေါင်းဆောင် ရဲဘော် အချို့ကျဆုံးခဲ့ရသည်။
တိုက်ပွဲရည် ရှည်လာသည့်အတွက်ကြောင့် ကျည်ကုန်၊ လူပန်း၊ ရိက္ခာများ ပြတ်တောက်ပြီး ခိုင်နီလင်းအပါအဝင် ခေါင်းဆောင် ရဲဘော် ၅၀ ဖမ်းဆီး ထောင်သွင်း အကျဉ်းကျခဲ့ရသည်။ ခိုင်နီလင်း နှင့် ခေါင်းဆောင်အချို့မှာ နိုင်ငံတော် ပုန်ကန်မှုဖြင့် မဆလအစိုး၏ ထောင်ဒဏ်တသက်တကျွန်းနှင့် သေဒဏ်ပေးခြင်း ကိုခံခဲ့ကြရသည်။
၁၉၈၁ ခုနှစ်တွင် မဆလအစိုးရ၏ သံဃာဂိုဏ်းပေါင်းစုံ ဖွဲ့စည်းခြင်း အောင်မြင်မှု အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်း ချမ်းသာခွင့် ပေးရာတွင် ခိုင်နီလင်းအပါအဝင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ခေါင်းဆောင်တချို့နှင့်အတူ ရဲဘော်အချို့လွတ်မြောက်လာခဲ့ကြသည်။
ခိုင်နီလင်းသည် မန္တလေးထောင်မှ လွတ်မြောက်လာပြီးနောက် ၁၉၈၃-ခုနှစ် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တတိယအကြိမ် ကြိုးပမ်းမှုတွင် ပါဝင်ပြီး၊ ၁၉၈၃-ခုနှစ်မှ ယခု ၂၀၁၁-ခုနှစ်အထိ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ဗဟို ကော်မတီဝင် အဖြစ်လည်းကောင်း၊ တွဲဖက် အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ဒု-ဥက္ကဌအဖြစ်လည်းကောင်း၊ ဂုဏ်ထူးဆောင် ဗဟိုကော်မတီဝင် အဖြစ်လည်းကောင်း အဆင့် ဆင့်သော တာဝန်များကို ထမ်းဆောင်ခဲ့သည့် မျိုးချစ်စိတ်ပြည့်ဝသော ခေါင်းဆောင်တစ်ဦးဖြစ်ပေသည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် ၁၉၉၉-ခုနှစ်တွင် ပန်းသန္တာအမည်ရှိ ရခိုင် အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုက သားကြီး မောင်ဦးသျှင် (အသက် ၁၂-နှစ်) သမီးငယ် စိုးစန္ဒာဖြိုး (အသက် ၉-နှစ်) တို့ကျန်ရစ်ခဲ့ကြသည်။ ၂၀၀၉-ခုနှစ် သြဂုတ်လ ၆-ရက်နေ့တွင် UNHCR ၏ အစီအစဉ်ဖြင့် ဇနီး ပန်းသန္တာနှင့် သား သမီး များသည် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိသွားသည်။
ခိုင်နီလင်းသည် တိုင်းပြည်နှင့်လူမျိုးကို မိသားစုထက်ပိုချစ်သောကြောင့် မိမိဘာသာမိမိ တယောက်တည်း တော်လှန်ရေး ထဲတွင် စွန့်လွှတ်အနစ်နာခံကာ ကျန်ရစ်ပြီး သူ့မိသားစုအား သွားခွင့်ပေးလိုက်သည်။ ခိုင်နီလင်း၏ ဇနီးဖြစ်ခဲ့သော ပန်းသန္တာ ကိုလည်း ဆန္ဒအလျောက် ဘဝရှေ့ရေးအတွက် ဆုံးဖြတ်နိုင်ကြောင်းကိုပါ ခိုင်နီလင်းမှ တရားဝင် ကွာရှင်း ပေးလိုက်သည်။ ယခုအခါ ဒေါ်ပန်းသန္တာတို့မိသားစုသည် အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘာဖလိုမြို့ တွင် နေထိုင်လျှက် ရှိပါသည်။
သားကြီးမောင်ဦးသျှင်နှင့် သမီး စိုးစန္ဒဖြိုးတို့သည် အမေရိကန်ပြည်ထောင်စု အစိုးရကျောင်းတွင် ၆-တန်း (သားကြီး)နှင့် ၃-တန်း (သမီး) ပညာ သင်ကြား လျှက်ရှိပါသည်။
ခိုင်နီလင်း၏ နိုင်ငံရေးအတွေးအခေါ်၊ အမျိုးသားရေး ယုံကြည်ချက်နှင့် နိုင်ငံရေး လှုပ်ရှားမှုများသည် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီတွင်သာမက ရခိုင်တမျိုးသားလုံး၏ နိုင်ငံရေးလှုပ်ရှားမှုများအတွင်း အမှတ်တရတည်ရှိ နေမည် ဖြစ်သည်။ အထူးသဖြင့် ဆရာကြီးခိုင်နီလင်း၏ စံပြုဖွယ် မှတ်ဥာဏ်ကောင်းခြင်း၊ လေ့လာမှုနှံ့စပ်ခြင်းတို့သည် နိုင်ငံရေး သမားတိုင်း အတွက် စံထားလောက်သည့်ထူးခြားချက်များပင်ဖြစ်သည်။

ခိုင်မင်းညို facebook စာမျက်နာမှ ကူးယူ ဖေါ်ပြခြင်းဖြစ်ပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: