နိုင်ငံရေးပိုင်သူ ရှားပါး


မောင်သာနိုး

ကျနော်တို့ မြန်မာနိုင်ငံရဲ့ နောက်ပိုင်းသမိုင်းကို ပြန်ပြောင်းကြည့်လိုက်ရင် ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးကို ပိုင်ပိုင်နိုင်နိုင် ခွဲခြမ်းသုံးသပ် သိမြင်တတ်သူ အတော်ရှားပါးတာကို တွေ့ကြရတယ်။ ခေတ်ပညာအသိ မကြွယ်ဝသေးတဲ့ ပဒေသရာဇ်ဘုရင်ခေတ်ကို ထားလိုက်တော့။ လောကဓာတ်ကျောင်း ဆိုတာတွေ စတင်ပေါ်ပေါက်၊ နောက် တက္ကသိုလ်ထွက်ပေါ်တဲ့ ကိုလိုနီခေတ်မှာကို ရှိသင့်ရှိအပ်တဲ့ နိုင်ငံရေးအသိရှိတဲ့သူ အင်မတန် ခေါင်းပါးတာ ကို တွေ့ကြ ရတယ်။ ဥပမာ – ဂျာမဏီမှာ “အာဏာရှင်” ဟစ်တလာ (သူတို့ခေတ်က ၀စ္စပေါက်သံထည့်ပြီး ရွတ်ကြပါ တယ်။ နောက်မှ ၀စ္စပေါက်သံ ပျောက်ပြီး “ဟစ်တလာ” ခေါ်ကြတာ) ပေါ်လာတော့ တတိုင်းတပြည်လုံး ဟစ်တလာ ဟစ်တလာ ဖြစ်လာတယ်။ အာဏာရှင် အာဏာရှင် ဖြစ်လာတယ်။ နိုင်ငံရေးခေါင်းဆောင်တဦးကိုတောင် “အာဏာရှင် ဦးချစ်လှိုင်” ခေါ်လိုက်ကြသေး။ သီချင်းထဲမှာတောင် “အာဏာရှင် ဟစ်တလာက ပျိုရွယ်သူတွေ ယှဉ်ကာဖက်လို့” ဘာညာ ဆိုလိုက်ကြသေးတာကလား။

ဒီလိုနဲ့ နောက်ဆုံး ဖက်ဆစ်ဂျပန်နဲ့ ပေါင်းတဲ့ထိ ဖြစ်ခဲ့ရတယ်။ ဒါ့ကြောင့်လည်း နောင် ဦးသိန်းဖေမြင့် (အဲဒီတုန်းက ရဲဘော်သိန်းဖေ) နဲ့ တွေ့တဲ့အခါ တရုတ်ခေါင်းဆောင်ကြီး ချိုအင့်လိုင်က “ကမ္ဘာပေါ်မှာ ကွန်မြူနစ်မှန်သမျှ ဖက်ဆစ်ဆန့်ကျင်တာချည်း၊ မင်းတို့ ဗမာကွန်မြူနစ်တွေပဲ ဖက်ဆစ်ဂျပန်နဲ့ ပူးပေါင်းတယ်” လို့ ရှုတ်ချတာ ဖြစ်တယ် (စစ်အတွင်းခရီးသည်)။

တခါ အင်္ဂလိပ်ခေတ်က ကုလား-ဗမာအဓိကရုဏ်းဖြစ်တော့ နိုင်ငံရေးဆရာ တော်တော်များများက ကုလားဆန့်ကျင်ရေးသမားတွေပါ။ ကုလားတွေကို ချဖို့ ဗမာဆင်းရဲသားတွေကို မြှောက်ထိုးပင့်ကော် လုပ်ခဲ့ကြတာကလား။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပဲ “ကုလားအရေးလောက်ကိုဖြင့် ဓားသွေးလောက်တယ် ဆရာ မထင်လို့မို့” စသဖြင့် ကဗျာဖွဲ့ကာ အဓိကရုဏ်းရပ်ဖို့ မေတ္တာရပ်ခံ ကြိုးပမ်းခဲ့တယ်။

နောက် ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေးကြိုးပမ်းကြတဲ့အခါ လက်ဝဲသမားအများက နယ်ချဲ့သမားနဲ့ စေ့စပ်တယ် ဘာညာ ဝေဖန်ကြတယ်။ ဗိုလ်ချုပ် ကျဆုံးပြီး ဦးနုက စေ့စပ်ရေးဆက်လုပ်တော့လည်း ဆက်ဝေဖန်ကြတာပဲ။ လွတ်လပ်ရေး ကြေညာပြီးတော့လည်း ဗမာပြည်ကွန်မြူနစ်ပါတီက လွတ်လပ်ရေးမစစ်၊ အတုအယောင်သာဖြစ်တယ့်လို့ သုံးသပ်တယ်။ ကွန်မြူနစ်ဂီတပညာရှင်က “နု-အက်တလီစာချုပ်နဲ့ ဗမာပြည်ကြီးလည်း ရောင်းစားခဲ့ပြီလေ” လို့ တေးဟစ်တယ်။

နောင် နှစ်အတန်ကြာမှ ရုသျှ၊ တရုတ်တို့က လေသံပြောင်းကုန်မှ (သူတို့ပါတီရဲ့ ဒုတိယကွန်ဂရက်မှာ ထင်တယ်) နိုင်ငံရေးအရတော့ လွတ်လပ်ပါတယ်၊ စီးပွားရေးအရ မလွတ်လပ်ဘူး လုပ်လာတယ်။ ဒီလိုနဲ့ ကွန်မြူနစ်၊ အလံနီ၊ ပြည်သူ့ရဲဘော် စတဲ့ လက်ဝဲနိုင်ငံရေးပါတီတွေရဲ့ ကြွေးကြော်သံမှာ နယ်ချဲ့ဆန့်ကျင်ရေးဆိုတာ ထိပ်တန်းက ရှိနေခဲ့တယ်။ ကိုယ့်ပြည်တွင်းမှာ မရှိတော့တဲ့ နယ်ချဲ့ဆိုတာက တစ္ဆေကြီးတကောင်လို ထိတ်လန့်ခြောက်ခြား နေသမို့ ပြည်တွင်းက ဖိနှိပ်သူဆိုတာကို ဦးစားပေးရကောင်းမှန်း မသိတော့သလို ဖြစ်ကုန်တော့တယ်။ သူတို့ကို ဆရာတင်ထားကြတဲ့ ကဗျာဆရာဆိုသူတွေကလည်း ရေးလိုက်ရတဲ့ နယ်ချဲ့ဆန့်ကျင်ရေးကဗျာ၊ တော်လှန်ကဗျာ၊ မိုးဝေကဗျာ … စသဖြင့် စသဖြင့် …။

၁၉၆၂ မှာ ဦးနေ၀င်း ခေါင်းဆောင်တဲ့ စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းတော့ ဗကပလို လက်ဝဲဆရာကြီးတွေက လီနင်ကို ကိုးကားပြီး ဒါ ပါလီမန် စတဲ့ နည်းပေါင်းစုံနဲ့ တိုင်းပြည်ကို ချယ်လှယ်လို့မရ၊ အုံကြွလာတဲ့ ပြည်သူကို မဖိနိုင်တော့တဲ့အခါ နောက်ဆုံးပိတ်နည်းလမ်းအဖြစ် နယ်ချဲ့က စစ်တပ်ကို သုံးတာ ဖြစ်တယ်လို့ အတွေးခေါင် ဝေဖန်သေးတာကလား။ ဦးနေ၀င်းတို့ဟာ ဦးနုအရပ်သားနိုင်ငံရေးအုပ်စုနဲ့လည်း မဆိုင်၊ အင်္ဂလိပ်- အမေရိကန် နယ်ချဲ့အုပ်စုနဲ့လည်း မပက်သက်၊ သီးခြားအုပ်စု၊ တတိယအုပ်စုသာဖြစ်တယ် ဆိုတာကို သဘောမပေါက်ကြဘူး။ နယ်ချဲ့တစ္ဆေကြီးက ပူးတုန်း။ သူတို့နဲ့ ပြောင်းပြန်၊ လက်ဝဲနိုင်ငံရေး ဆရာကြီးတချို့ကျတော့လည်း ဘယ်တုန်းကမှ သမိုင်းမပြောင်ခဲ့တဲ့ ဦးနေ၀င်းကို တကယ့်မျိုးချစ်ကြီး၊
တိုင်းပြည် ကယ်တင်ရှင်ကြီးနှယ် ရိုသေမြတ်နိုး ဦးသုံးကြိမ်ချကြတော့တာကလား။ တချို့ခေါင်းဆောင်ကြီးတွေကဆိုရင် ခွေးကတက်က အိပ်ရ အိပ်ရ ကျွန်ခံပါရစေ ကြွေးကြော်တော့တာ။

ဦးနေ၀င်းက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ကြေညာတော့ ကျနော်ဟာ အသက်သုံးဆယ် မပြည့်သေးပါဘူး။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ရေဒီယိုက ဖတ်ပြတာကို နားထောင်နေမိရာက ဘေးက သူငယ်ချင်းကို “အလကားဟာကြီး၊ ဖြီးတာ ဖြန်းတာ” လို့ မှတ်ချက်ချမိတယ်။ အဲသလို ချာတိတ်ကျနော်က သုံးသပ်မိချိန် ကျနော့်ထက် အသက်နှစ်ဆမကကြီးသူ နိုင်ငံ့ခေါင်းဆောင်ဆိုသူများက ကျနော့်လို မမြင်၊ ဇောက်ထိုးမိုးမျှော် မြင်နေတာများကို ကျနော့် ငယ်နုနုဦးနှောက်က မစဉ်းစားတတ်အောင် ဖြစ်ခဲ့ရတော့တယ်။

သူတို့ ပြောတာဆိုတာများကို ဆက်လက်ကြားရလေလေ အံ့သြလေလေပါပဲ။ “ကျနော်တို့ နိုင်ငံချစ်သူတွေဟာ ဂိုဏ်းဂဏစိတ်တွေ ဖယ်ရှာသင့်ပြီ၊ ငါတို့ ပါတီမှ ငါတို့ပါတီဆိုတဲ့ အစွဲအလမ်းတွေ မထားသင့်တော့ဘူး။ အခု ဦးနေ၀င်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟာ ကျနော်တို့ ကွန်မြူနစ်တွေ၊ အလံနီတွေ၊ ဆိုရှယ်နီတွေအားလုံး လက်ခံနိုင်မယ့် ဆိုရှယ်လစ်သဘောတရားကို ဘုံသဘော ရေးဆွဲထားတာပဲ။ ဒီလမ်းစဉ်ကြီးကို အခြေခံကာ အားလုံး ညီညီ ညွတ်ညွတ် ဆိုရှယ်လစ်စနစ် တည်ထောင်ရေးကို ၀ိုင်းဝန်းလုပ်ဆောင်ကြရမယ်” တဲ့။

အဲဒီလူတွေဟာ အဲဒီအချိန်က ကမ္ဘာမှာ မော်စကိုနဲ့ ပီကျင်း ဘာတွေကွဲလွဲနေကြတယ်ဆိုတာကို နကန်းတလုံး သိနားလည်ပုံမရှိ။ “လူလူချင်း ခေါင်းပုံဖြတ်မှုကင်းသော” ဘာညာ ကြားလိုက်တာနဲ့ ဆိုရှယ်လစ်ပဲလို့ အောက့်မေ့တဲ့ နိုင်ငံရေး မူလတန်း မအောင်သူတွေ သာ ဖြစ်တော့ တယ်။ သတ္တ၀ါအနန္တကို မေတ္တာထားရမယ် ဆိုကာမျှနဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ အတူတူပါပဲ ဆိုတဲ့ပုံစံမျိုး။ ဒါနဲ့များ ဒီလူတွေ တောထဲဝင် လိုဝင်၊ မြို့ခိုသူခိုကာ ဆယ်နှစ်ဆယ်မိုး ဆိုရှယ်လစ်တော်လှန်ရေး လုပ်လိုက်ကြသေးတယ်။ မအောင်မြင်တာ ဘာဆန်းသလဲ ပြောရလိမ့်မယ်။

တောထဲရောက်နေသူကြီးတဦးက ဦးနေ၀င်း လက်ယပ်ခေါ်လိုက်ရာ အူယားဖားယား ပြေးဝင်လာတယ်။ မြို့ပေါ်ရောက်တော့ သူ့အလုပ်က မနက်တိုင်း ဗကပပျက်၊ အလံနီပျက်တွေ မန်နေဂျာလုပ်နေတဲ့ အထူးပြည်သူ့ဆိုင်ပေါက်စေ့ လျှောက်သွားကာ ဒီဆိုင်က ဓာတ်ဗူး၊ ဟိုဆိုင်က ဓာတ်မီး၊ အဲဟို ဆိုင်က နို့ဆီ၊ အဲဒီ့ဆိုင်က နို့မှုန့် ရသမျှထုတ်ပြီး မှောင်ခိုကုန်သည်ဆီသွင်းတဲ့အလုပ်ပါပဲ။ အောင်မယ်လေးဟဲ့ တောခိုတော်လှန်ရေးသမားကြီး။

ခွေးကတက်ကပဲ စောင့်ပါရစေဆိုတဲ့ မြို့ခိုဆိုရှယ်လစ်ခေါင်းဆောင်ကြီးကတော့ ခွေးကတက်ကတောင် စောင့်ခွင့်မရရှာ။ သူ့တပည့်သားမြေးတွေ ပေးစာ ကမ်းစာနဲ့ပဲ အသက်ဆက်နေခဲ့ရတယ်။ သူ့တပည့်တွေကိုတော့ ဦးနေ၀င်းက အရိုးအရင်းကိုက်ခွင့်ရတဲ့ နေရာလေးတွေမှာ ထားပေးပါတယ်။ အဲ ကိုယ့်လူ တို့က သူတို့ရတဲ့ အဲဒီနေရာလေးတွေမှာ စည်းစိမ်တော့ အယစ်သား။ တခါက ပျဉ်းမနား လယ်ဝေးမှာ ကျနော်တို့ စာပေဟောပြောပွဲ လုပ်နေစဉ် ရုသျှဆိုရှယ်လစ်စာပေအကြောင်း ထည့်ပြောမိရာ ဆိုရှယ်နီကနေ မြန်မာ့ဆိုရှယ်လစ်ပြောင်းလာသူက တင်မိုး၊ မောင်စွမ်းရည်၊ ကျနော်တို့ကို ညတွင်း ချင်း သူ့နယ်မြေက ခွာစေ နှင်ချလို့ ကသောကမျော ပြေးခဲ့ရဖူးတယ်။

နောက် ဦးနေ၀င်းတို့ အာဏာလက်လွှတ်ဖြစ်သွားတော့ အဲဒီ ဦးသာကူးဟာ NLD အမတ် ဖြစ်လာပါတော့တယ်။ တခါ NLD အမတ်က နုတ်ထွက်တာ ကြားရတယ်။ အခု အဲဒီ့ငနဲ ဘယ်ဇာတ်ထဲ ၀င်ရောက် ကပြနေလေပြီမသိ။ ဒါ ကျနော် လက်လှမ်းမီတဲ့ ထိပ်တန်းမှသည် အောက်ခြေနား အထိ နိုင်ငံ့ခေါင်းဆောင် ဆိုသူတချို့ နိုင်ငံရေး အသိပညာ နုံနဲ့ပုံနဲ့ နိုင်ငံချစ်စိတ် ကင်းမဲ့ပုံ သာဓကအချို့ဖြစ်တယ်။

နိုင်ငံရေးပါတီတခုမှာ ခေါင်းဆောင်နေတယ်၊ ၀င်လုပ်နေတယ် ဆိုကတည်းက နိုင်ငံရေးသဘောတရား အထိုက်အလျောက် သိရမယ်။ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုတွေကို မှန်မှန်ကန်ကန် ချင့်ချိန်သုံးသပ်နိုင်ရမယ်။ အဲသလို အစွမ်းအစမရှိဘဲ စားသာမယ်ထင်တိုင်း သာကူး လုပ်နေလို့ကတော့ နိုင်ငံရေး သမားမဟုတ်၊ နိုင်ငံရေးဖွတ်ကျား၊ မဆလထဲ ၀င်ခဲ့တဲ့ ဗကပ၊ အလံနီ၊ ပြည်သူ့ရဲဘော်၊ ဆိုရှယ်နီ၊ ဖဆပလ၊ ပထစ မှန်သမျှ ဒီအမျိုးအစားထဲပါတယ် (၀န်ထမ်းမို့ မဆလဖြစ်ရသူများ မဆိုင်)။

မောင်သာနိုး
(NEWS WATCH သတင်းဂျာနယ်၊ အတွဲ ၇၊ အမှတ် ၂၆ မှ ကူးယူဖော်ပြပါတယ်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: