စည်းရုံးခြင်းဖြင့် စည်းလုံးစေချင်ပါသည်(ရခိုင်လူမျိုးများအတွက်သာ)


ငချွန်းယေ

လူမျိုးစုတစ်ခု အစဉ်တည်ရှိခြင်း၊ ခိုင်မြဲခြင်းဟူသည် ၎င်းတို့၏ စရိုက်သဘာဝနှင့် ပတ်ဝန်းကျင် အခြေအနေတို့၏ ဂယက်ရိုက်ခတ်မှုများအပေါ် မည်ကဲ့သို့ တုံ့ပြန်ခြင်းဆိုသည့် အချက်တွင် များစွာမူတည်နေသည်။ လူမျိုးတစ်မျိုး၏ စရိုက် သဘာဝဟုဆိုရာတွင် ယဉ်ကျေးမှု၊ စိတ်ဓာတ်၊ သမိုင်းအစဉ်အလာနှင့် စည်းလုံးညီညွတ်မှုတို့ ပါဝင်သည်။ ရှေးနှစ်ပေါင်းများစွာ ကတည်းကပင်  မူလဇစ်မြစ်နေရာများမှ ရေကြည်ရာမြက်နုရာ အရပ်ဒေသများသို့ အုပ်စုဖွဲ့ ပြောင်းရွေ့ အခြေချကာ မြို့ပြနိုင်ငံများ တည်ထောင်လာခဲ့ကြသည့် လူသားမျိုးနွယ်အသီးသီးတို့ သည် နယ်မြေသစ်တွင် စည်းလုံးမှုဖြင့် ခိုင်မာသော စာပေ၊ ဂီတ၊ ယဉ်ကျေးမှုတို့ကို တည်ဆောက်ခဲ့ကြပြီး ခိုင်မာသော သမိုင်းကြောင်း အစဉ်အလာများကို ယနေ့ အချိန်ထိမျိုးဆက်များစွာ လက်ဆင့်ကမ်းလာခဲ့ကြသည်။

နယ်ချဲ့မှုများ၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၊ အုပ်စိုးသူတို့ အပြန်အလှန် အာဏာ လုမှုများ စသည့် နိုင်ငံရေးပြသနာများကြောင့် နေရင်းစွဲဒေသမှ တဖန် အခြားဒေသများသို့ တကွဲတပြား ပြောင်းရွေ့ အခြေချခဲ့ရသည် မျိုးနွယ်စုများလည်း ရှိသကဲ့သို့ ရာသီဥတု ဖောက်ပြန်မှု၊ အစာရေစာ ငတ်မွတ်ခေါင်းပါးမှုတို့ကြောင့် မူရင်း နေထိုင်ရာ ဒေသအား စွန့်ခွာသွားကြသည့် မျိုးနွယ်စုများသည် အတိတ်တွင် ရှိခဲ့ကြသလို ယနေ့အချိန်ထိ ရှိနေဆဲပင် ဖြစ်သည်။

အထက်ဖော်ပြပါ အခြေအနေများတွင် နေရင်းစွဲ ဒေသခံများနှင့် အသစ် ဝင်ရောက်လာသော အခြားမျိုးနွယ်များ ရောနှောကာ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုတို့သည် ဝါးမျိုခံရပြီး လူမျိုးအမည်တစ်ခုလုံး ပျောက်ကွယ် သွားခဲ့ရသည့် မျိုးနွယ်စုများလည်း ရှိကြသည်။ အခြားတစ်ဘက်တွင် ခေတ်အဆက်ဆက် ဆိုးဝါးသည့် အခြေအနေများ မည်မျှကြုံတွေ့ခဲ့စေကာမူ ရောက်ရှိရာဒေသ၌ မိမိတို့၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတို့ကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး မိမိတို့လူမျိုး၏ နာမည်နှင့် ဂုဏ်သိက္ခာကို တခြားလူမျိုးများအလယ်တွင် ထည်ဝါခန့်ညားစေရန် ကြိုးပမ်းအားထုတ်ခဲ့ကြသည့် မျိုးနွယ်စုများလည်း ရှိနေကြသည်။ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုတို့သည် တိုတောင်းလှသော အချိန်ကာလတစ်ခုအတွင်း  လူတစ်ဦးတစ်ယောက်တည်းဖြင့် ထိန်းသိမ်းရမည့် အရာများမဟုတ်ပေ။ သို့ဖြစ်ရာ ကမ္ဘာတည်သရွေ့ ရာသက်ပန် လက်ဆင့်ကမ်း စောင့်ထိန်းကြသည့်နေရာတွင် မည်သည့်ခေတ်၊ မည်သည့် အခြေအနေမျိုးတွင် ဖြစ်စေကာမူ မျိုးဆက်အားလုံး စည်းလုံး ညီညွတ်မှုကို အခြေမပျက်အောင် ကြိုးစား အားထုတ်ကြရန် လိုအပ်ပေသည်။

ကိုလိုနီစနစ်များ ဆိတ်သုဉ်းပြီးနောက် ဆက်သွယ်ရေးစနစ်များ တိုးတက်ခေတ်မှီလာသည့် ယနေ့ခေတ်တွင် ဘာသာ စကားနှင့် ယဉ်ကျေးမှုအမျိုးမျိုးတို့သည် မြင့်ရာမှ နိမ့်ရာသို့ လျင်မြန်စွာ စီးဆင်းနေကြသည်။ ကိုလိုနီစနစ်၏ သြဇာ လွှမ်းမိုးမှုကြောင့် လက်အောက်ခံ ဖြစ်ခဲ့ကြသည့် နိုင်ငံများအပါအဝင် မြောက်မြားစွာသော နိုင်ငံများတွင် အင်္ဂလိပ်ဘာသာ စကားသည် ရာစုနှစ်တစ်ခုကျော်ကာလ၌ ခိုင်မာစွာ ခြေကုပ်ယူနိုင်ခဲ့ပြီးလျှင် အနောက်တိုင်း ယဉ်ကျေးမှုများလည်း တဟုန်ထိုး စိမ့်ဝင်ပျံနှံ့လာခဲ့သည်။ ကမ္ဘာသုံး ဘာသာစကားအဖြစ် သတ်မှတ် လက်ခံလာခြင်းနှင့်အတူ သက်ဆိုင်ရာ နိုင်ငံအသီးသီးတို့တွင် ကျောင်းသုံး ပြဌာန်း ဘာသာရပ် အဖြစ် မသင်မနေရ နေရာယူလာသကဲ့သို့ နေ့စဉ်သုံး ဝေါဟာရများတွင် မွေးစားစကားလုံးများအဖြစ် နေရာယူလာကြသည်။ ထို့နည်းတူစွာပင် မူရင်း အက္ခရာစာပေ မရှိသည့် လူမျိုးစုများ ကလည်း ယင်းတို့၏ ဒေသိယဘာသာစကားကို အင်္ဂလိပ်စာ အက္ခရာဖြင့် ပုံဖော်ကာ ၎င်းတို့၏ စာပေအဖြစ် သတ်မှတ် အသုံးပြုလာကြသည်။ တစ်ဘက်တွင် ထိုကဲ့သို့ အင်အားကြီးစွာ သြဇာလွှမ်းမိုးလာသော အင်္ဂလိပ်ဘာသာ စကားသည် လွှမ်းမိုးခံ ဘာသာစကားများ၏ ရေရှည်တည်တံ့ခိုင်မြဲရေးကို ပြင်းထန်စွာ ခြိမ်းခြောက်လျက်ရှိသည်။ ထို့ကြောင့် သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင် မိမိတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကားတို့ကို ထာဝစဉ် တည်တံ့ ခိုင်မြဲစေရေးအတွက် အစိုးရနှင့် လူမှုရေးအဖွဲ့အစည်းများ၊ သမိုင်းပညာရှင်များ၊ တတ်သိပုဂ္ဂိုလ်များ၏ ဦးဆောင်မှုဖြင့် ဝိုင်းဝန်းထိန်းသိမ်း ကျားကန်ပေးလျက် ရှိနေကြသည်။

မျိုးနွယ်စုတစ်ခု၏ သမိုင်းအမွေအနှစ်၊ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုစသည်တို့ကို  ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းမည်သည် အဆိုပါမျိုးနွယ်စု၏ မျိုးချစ်စိတ်နှင့် စည်းလုံးညီညွတ်မှုတို့အပေါ် အပြန်အလှန် မှီခိုနေသည်။ မျိုးချစ်စိတ်ဓာတ် ခေါင်းပါးလာခြင်းနှင့် စည်းလုံးညီညွတ်မှု ယိုယွင်းလာသောအခါ တခြားသော လူမျိုးတို့၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတို့ကို အထင်ကြီးအားကျခြင်း၊ မိမိလူမျိုးကို မိမိအထင်အမြင်သေးခြင်း၊ မုန်းတီးခြင်းစသည့် မလိုလားအပ်သော အကျိုးတရားတို့ ဖြစ်ပေါ်လာစမြဲဖြစ်သည်။ ထိုနည်းတူစွာ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် စာပေတို့ ကွယ်ပျောက်သွားသောအခါ မျိုးချစ်စိတ်နှင့် စည်းလုံးညီညွတ်ခြင်းတို့ ပြိုကွဲပျက်စီးခြင်းသို့ ဆိုက်ရောက်ရစမြဲ ဓမ္မတာပင် ဖြစ်သည်။  ဘာသာစကားနှင့် စာပေသည် အတွေ့အကြုံ ဗဟုသုတ ရှာမှီးလူသူများအတွက် အသုံးချခံပစ္စည်းတစ်ခု ဖြစ်သော်လည်း မိမိတို့၏ ကိုယ်ပိုင် ဘာသာစကားနှင့် စာပေတို့အပေါ်တွင် ထို့ထက်ပို၍ အလေးအနက် တန်ဖိုးထားရန် လိုအပ်သည်။ တစ်ဘက်မှ အရှိန်ပြင်းစွာဖြင့် ဖိ၍ တအိအိပြိုဆင်းလာသော အရာတစ်ခုကို အချိန်မီ ညီညီညွတ်ညွတ် ကာရံတားဆီးခြင်း မပြုလျှင် ပြိုကျပျက်စီးသွားသောအခါ ပြုပြင်တည်ဆောက်ရန် ပိုမိုခက်ခဲသည့် အခြေအနေသို့ ဆိုက်ရောက် သွားပေလိမ့်မည်။

ပျက်စီးယိုယွင်းသည်ဟု သတ်မှတ်ခံထားရသော အရာတစ်ခုကို ပြန်လည် ပြုပြင်တည်ဆောက်ကြမည်ဆိုလျှင် ထိုအရာ၏ ပကတိ အခြေအနေမှန်ကို ပါဝင်ပတ်သက်သူများအားလုံး ဦးစွာပထမ တိတိကျကျ လေ့လာသုံးသပ်ရန် လိုအပ်သည်။ လူမျိုးတစ်မျိုးလုံးနှင့် သက်ဆိုင်သော စာပေကို ပြန်လည်ဖော်ထုတ် ပြုပြင်ထိန်းသိမ်းရန် ကြိုးပမ်းခြင်းသည် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်းဖြင့် မစွမ်းနိုင်ပေ။ အမျိုးသားရေးတရပ်လုံးနှင့် သက်ဆိုင်နေသောကြောင့် တစ်ဦးချင်းစီ၏ လုံ့လစိုက် ကြိုးပမ်းအားထုတ်မှုမှသည် အစုအဖွဲ့လိုက် ကြိုးပမ်းအားထုတ်မှု၊ တစ်မျိုးသားလုံး တက်ကြွစွာ ပါဝင် ဆောင်ရွက် ကြသည့် အမျိုးသားလှုပ်ရှားမှုတစ်ခုထိ ဖြစ်မြောက်လာစေရန် ဝိုင်းဝန်းကြိုးပမ်းသင့်သည်။ ထို့ကဲ့သို့ အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် အချိန်တွင် မျိုးချစ်စိတ်ကို အခြေခံသော စည်းလုံးညီညွတ်မှုသည် မရှိမဖြစ် လိုအပ်သော အခြေခံ အုတ်မြစ်ဖြစ်သည်။ ဤအချက်အား ပါဝင်ဆောင်ရွက်သူတိုင်း ရှင်းလင်းစွာဖြင့် နားလည်သဘော ပေါက်ရန် အထူးလိုအပ်သည်။ မျိုးချစ်စိတ်ဟု ဆိုရာတွင် မိမိ မွေးဖွားကြီးပြင်းရာဒေသ၊ မိမိအား ဘဝတလျှောက်လုံး ပြုပြင်ထိန်းကျောင်း သွန်သင်ဆုံးမခဲ့သည့် ပတ်ဝန်းကျင်၊ မိမိ ရိုသေကိုင်းရှိုင်းသည့် ဘာသာတရား၊ မိမိ လေးစားမြတ်နိုးသော ရိုးရာဓလေ့၊ မိမိ ဂုဏ်ယူဝင့်ကြွားသည့် မျိုးရိုး၏ သမိုင်းအစဉ်အလာ ဂုဏ်သိက္ခာ စသည့် အချက်များမှ သဘာဝအလျောက် ဖြူစင်စွာ မွေးဖွားလာခဲ့သည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်သည် မိမိ လူမျိုးကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက် အားထုတ်ကြသည့်နေရာတွင် တစ်ဘက်လူမျိုးတို့အပေါ် နာကြဉ်းမုန်းတီးခြင်းနှင့် ရောယှက်သင့်ပါသလား

အခြေခံချင်း မတူညီသည့် ဘာသာစကားများသည်ပင်လျှင် အင်္ဂလိပ်စကား၏ ထိုးဖောက်စိမ့်ဝင်မှုကို အလူးအလဲ ခံနေရချိန်တွင် မြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ခံထားရသော၊ မြန်မာနိုင်ငံ၏ လူဦးရေ အများဆုံး ပြောဆုံးသုံးစွဲနေသော ဗမာစကားသည် ၎င်းနှင့် အခြေခံချင်းတူညီသည့် ရခိုင်ဘာသာစကားထဲသို့ လှိုက်စားလာခဲ့သည်မှာ နှစ်ပရိစ္ဆေဒများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ခေတ်ပညာတတ်နည်းပါးပြီး ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျခြင်း၊ ရခိုင်ဘာသာဖြင့် စာအုပ် ပုံနှိပ်ထုတ်ဝေခြင်းနှင့် ယဉ်ကျေးမှုဇာတ်သဘင်၊ ရုပ်ရှင်ဗီဒီယိုဇာတ်လမ်းစသည့် အနုပညာ ဖန်တီးမှုများတွင် အားနည်းမှုရှိခြင်း၊ ဗမာစာပေ၊ ဂီတ၊ သုခုမဇာတ်သဘင်နှင့် ရုပ်ရှင် ဗီဒီယိုဇာတ်လမ်းတို့၏ သြဇာလွှမ်းမှုကိုခံရခြင်း စသည့်အချက်များကြောင့် ယနေ့ အချိန်တွင် ရခိုင်ဒေသအတွင်း မိရိုးဖလာ ခေါ်ဝေါ်သုံးနှုန်းလာခဲ့ကြသည့် နာမ်စားများနေရာတွင် ဗမာအသုံးအနှုန်းများ အစားထိုး ဝင်ရောက်ကာ ခိုင်ခိုင်မာမာနေရာယူနေသည်ကို တွေ့ရသည်။

အချို့သော ကျေးလက်ဒေသများမှအပ ခရိုင်၊ မြို့နယ်ဒေသများတွင် မျိုးဆက်သစ် လူလတ်ပိုင်းများနှင့် ဆယ်ကျော်သက်များ အကြားတွင် ရခိုင်ဓလေ့သုံး အခေါ်အဝေါ် အချို့ ပြောဆိုသုံးစွဲမှု တစ်စတစ်စ အားနည်းလာသည်ကို သိသာထင်ရှားစွာ တွေ့မြင်နေရသည်။ မိခင်ကို နာမ်စားပြု ခေါ်ဝေါ်သော အီးယေ၊ အမင်စသည့် အခေါ်အဝေါ်များနေရာတွင် ဗမာသုံး အမေ၊ မေမေစသည့် အခေါ်အဝေါ်များ အစားထိုး သုံးစွဲလာကြသည်ကို တွေ့ရှိနေရသည်။ ထို့သို့ ခေါ်ဝေါ် သုံးစွဲနေသူများထဲတွင် စာရေးသူကိုယ်တိုင် ပါဝင်ခဲ့သည်ကို ဝန်ခံလိုပါသည်။ ထို့အတူ အရီး၊ ယိုးယို၊ အယေချေ၊ ယောချေဟု ခေါ်သည့်နေရာများတွင် အဒေါ်၊ ဒေါ်လေး”  အခင်၊ မင်းမင်၊ ဘေးချေစသည့်နေရာများတွင် ဦးလေး၊ လေးလေးစသည်ဖြင့် ခေါ်ဝေါ်လာကြသည်။ ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာ သုံးစွဲနေကြသည့် အင်္ဂလိပ်ဘာသာမှ တိုက်ရိုက် မွေးစားစကားလုံးများဖြစ်သော အန်တီ၊ အန်ကယ် စသည့် အသုံးအနှုန်းများမှာလည်း တစစ ရေပန်းစားလာသည်။ ဤသည်ကား ရခိုင်ဘာသာစကား၏ အနုတ်လက္ခဏာပြ ဆုတ်ကပ် အချိန်အခါကို ဖော်ပြသည့် ဝိသေသလက္ခဏာအချို့ပင် ဖြစ်ပေသည်။

 ထို့သို့သော အခြေအနေများကို သတိပြုမိခဲ့ကြသည့် ရခိုင်အမျိုးသားတို့သည် လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာ ကာလကတည်းက ပြန်လည်ထိန်းသိမ်းရန် စတင်ကြိုးပမ်းခဲ့ကြပြီး ယနေ့အချိန်ထိ အားသွန်ခွန်စိုက် ကြိုးပမ်းလျှက်ပင် ရှိနေကြဆဲ ဖြစ်သည်။ အသိအမှတ်ပြု လေးစားဖွယ်ကောင်းသည့် ရခိုင်မျိုးချစ်ပုဂ္ဂိုလ်အချို့၏ အားထုတ်ကြိုးပမ်းမှုတို့သည် ယနေ့အချိန်တွင် ဖြတ်သန်းခဲ့သည့် အချိန်ကာလအတိုင်းအတာအရ အောင်မြင်မှု ပန်းတိုင်သို့ ရောက်ရှိသင့်ငြားသော်လည်း အနုတ်လက္ခဏာပြ အခြေအနေများမှာ ပိုမိုတိုးတက် ဆိုးရွားလျက် ရှိနေသေးသည်ကို ဝမ်းနည်းစွာ တွေ့ရှိနေရသည်။ အဘယ်ကြောင့်ဆိုသော် စာပေအသွင်သဏ္ဍန် ရေးသားမှုနေရာတွင် မိမိတို့ သက်ဆိုင်ရာဒေသအသီးသီး၏ ဒေသိယ စကားတို့ကို အခြေပြု၍ ရေးသားထားသော စာပေလက်ရာများ ပေါ်ပေါက်လာခြင်း၊ အဆိုပါအရေးအသားများအပေါ်တွင် စံနမူနာပြုစရာ စာပေစနစ်မရှိသဖြင့် ဒေသအချင်းချင်း အငြင်းပွားဝေဖန်မှုများပေါ်ပေါက်လာပြီး အမျိုးသားစည်းလုံးညီညွတ်မှုကိုပါ ထိပါးမည့် အခြေအနေသို့ ရောက်ရှိလာသောကြောင့်ပင် ဖြစ်သည်။ ထိုထိုသော အခြေအနေအရပ်ရပ်ကြောင့် ရခိုင်လူမျိုးများအကြားတွင် ဤလှုပ်ရှားမှုအပေါ် စိတ်ဝင်စားမှုလည်း တစ်စတစ်စ လျော့နည်းလာပြီး ရခိုင်အမျိုးသားအချို့ ဤလှုပ်ရှားမှုကို ပြစ်တင်ဝေဖန်၍ ကျောခိုင်းသွားကြသည်ကို ဝမ်းနည်းစွာ တွေ့မြင်နေရသည်။ ထိုအဖြစ်အပျက်တို့ကို အခြေခံ၍ ယခုကြိုးပမ်းအားထုတ်နေကြသည့် ရခိုင်စာပေလှုပ်ရှားမှုတွင် တက်ကြွပါဝင်သူများ၏ လူထုအပေါ် စည်းရုံးမှုနည်းလမ်းများကို ပြန်လည် သုံးသပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း စာရေးသူ ထင်မြင်ယူဆမိပါသည်။

 ဒေသိယစကားပြောဖြင့် ရေးသားကြသူများကို လေ့လာကြည့်ရာတွင် အချို့သော ပုဂ္ဂိုလ်များသည် စာပေတစ်ခု၏ အခြေခံအုတ်မြစ်ဖြစ်သော သတ်ပုံစနစ်ကို လစ်လျူရှု၍ ရေးသားနေကြပြီး ရှေးအစဉ်အဆက်ဆက် စာပေဟောင်းများတွင် ပါရှိသော ခိုင်မာသည့် မူရင်းသတ်ပုံစနစ်များကိုပါ ပစ်ပယ်၍ ဗမာစာနှင့် ကွဲပြားနိုင်သမျှ ကွဲပြားစေရန်သာ ရည်ရွယ်ပြီး တီထွင်ဖန်တီး ရေးသားနေကြသည်ကို တွေ့ရှိရသည်။ ထိုလုပ်ရပ်များကြောင့် အဆိုပါ ပုဂ္ဂိုလ်တို့၏ စာပေလက်ရာများမှာ ရခိုင်လူမျိုးအချင်းချင်းပင် နားလည်ရန် ခက်ခဲသည့်အနေအထားသိုရောက်ရှိသွားသည့်အတွက် အဆင့်အတန်း မြင့်မား သည့် စာပေတစ်ရပ်ပေါ်ထွန်းလာစေရန် ကြိုးပမ်းအားထုတ်မှုများကို မျှော်လင့်ချက် ကင်းမဲ့လာစေခဲ့သည်။

ထို့အပြင် အဆိုပါ ပုဂ္ဂိုလ်များထဲမှ အချို့သည် မျိုးချစ်စိတ်အစား လူမျိုးရေး မုန်းတီးမှုကိုသာ ရှေ့ တန်းတင်၍ စာပေလှုပ်ရှားမှု၏ ဦးဆောင်နေရာများတွင် တက်ကြွစွာပါဝင်လာကြသောအခါ နဂိုရှိနေခဲ့သော အနုတ်လက္ခဏာပြနေသည့် အမျိုးသားစည်းလုံးညီညွတ်ရေးအက်ကြောင်းကို ပိုမိုကျယ်ပြန့်လာစေတော့သည်။ အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်း စသည့် အပြုသဘောဆောင်သည့် ဆက်ဆံမှုများ နည်းပါးလာသည့်အပြင် မျိုးချစ်စိတ်ကို ခေါင်းစဉ်တပ်၍ ဤစာပေလှုပ်ရှားမှုသို့ စိတ်ပါဝင်စားစွာ လာရောက် လေ့လာဆွေးနွေးအကြံပြုကြသည့် ဗမာပြည်ဖွား ရခိုင်လူမျိုးများ (ရခိုင်ဘာသာစကားကို နားလည်သော်လည်း ရေးသားပြောဆိုရန် မစွမ်းသော သူအချို့)၊ မြောက်ပိုင်းဒေသိယ စကားနှင့် လေယူလေသိမ်း ကွဲပြားသည့် သံတွဲ၊ ဂွ၊ တောင်ကုတ် အစရှိသော ဒေသတို့မှ ရခိုင်လူမျိုးများကိုလည်း ဗမာလူမျိုးများ စာရင်းတွင်သွင်းပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ကြသည်။ ပြန်လည်တုံ့ပြန်ရေးသားသူများကိုလည်း အမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ပြင်းထန်စွာ ရှုံ့ချကြသည်ကိုလည်း အင်တာနက် စာမျက်နှာများတွင် မြောက်မြားစွာတွေ့မြင်နေရသည်။

 မွန်မြတ်သည့် မျိုးချစ်စိတ်ကို လူမျိုးရေးနာကြည်းမှုဖြင့် အရောင်ဆိုးလိုက်သောအခါ သံသယနှင့် အဆိုးမြင်ဝါဒတို့ တွင်ကျယ်ပျံ့နှံ့လာသည်။ ဗဟုသုတ လေ့လာရှာမှီးမှုကို အမြင်ကျဉ်းမြောင်းစွာဖြင့် ဘောင်ခတ်ထားကြသည့် မျက်ကန်း မျိုးချစ်ပုဂ္ဂိုလ်တို့ကြောင့် ဤစာပေလှုပ်ရှားမှုသည် တိုးတက်ဖြစ်ထွန်းလာရမည့်အစား တစ်နေ့တစ်ခြား ဆုတ်ယုတ် လာသည်ကို စိတ်ပျက်စွာတြွေ့မင်နေရသည်။ထို့အပြင် နယ်ပယ်စုံတွင် ထင်ပေါ်ကျော်စောနေကြသည့် တတ်သိပညာရှင်များကလည်း ဤအသိုင်းအဝန်းကို ရှောင်ရှားလာကြသည်။ ၎င်း မျက်ကန်းမျိုးချစ်တို့၏ လုပ်ရပ်များကို စာရှုသူများ သိသာမြင်သာစေရန် ဥပမာပေးရလျှင် -ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကို ရင်ဝယ်ပိုက်၍ အရက်သေစာ မူးရူးသောက်စားပြီး အရပ်တကာ လှည့်လှည်ဆဲဆို ကြိမ်းမောင်း နေသော ဘုန်းကြီးတစ်ပါးနှင့်  အလားသဏ္ဍန်တူလှသည်။

သံဃာတို့ စောင့်ထိန်းအပ်သည့် ကျင့်ဝတ်သိက္ခာကို မစောင့်စည်း၊ မိမိ၏ လုပ်ရပ်သည် မိမိ ရပ်တည်နေသည့် သာသနာ့ဘောင်၏ သိက္ခာကို ဆွဲချနေသည်ကို သတိမမူ၊ မိမိ အပြုအမူကြောင့် ဗုဒ္ဓဘာသာကို ကြည်ညို ကိုးကွယ်သူများ စိတ်ပျက်စွာ ဘာသာပြောင်းသွားကြ သည်ကိုပင် ပြစ်တင် ဝေဖန်မဆုံး ဖြစ်နေသည့် အဆိုပါဘုန်းတော်ကြီးသည် မခံမရပ်နိုင်သူများမှ တုံ့ပြန်သောအခါ ထိုတုံ့ပြန်မှုသည်  ၎င်းသယ်ဆောင်လာသော ဆင်းတုတော်အား ပြစ်မှားခြင်း၊ သင်္ကန်းဝတ်ရုံထားသည့် ဘုရားသားတော်ရဟန်းကို ပြစ်မှားခြင်း ဖြစ်လိမ့်မည်ဟု ဆိုကာ ပြန်လည် စွပ်စွဲသည်။ အဆိုပါ ဘုန်းကြီး၏ လုပ်ရပ်နှင့် အလားသဏ္ဍန်တူသော မျက်ကန်းမျိုးချစ်များ၏ အဆင်အခြင် ကင်းမဲ့သော လုပ်ရပ်အချို့ကြောင့် မိမိလူမျိုးအချင်းချင်း အထင်သေး ၊ မုန်းတီးမှု တိုးပွားလာကာ အမျိုးသား စည်းလုံးညီညွတ်မှု ပြိုကွဲလာရသည်။ထို့ ကြောင့် စိတ်ဓာတ်သေးသိမ် ညံ့ဖျင်းသည့် ပုဂ္ဂိုလ်အချို့ဆိုလျှင် ရခိုင်လူမျိုးဖြစ်ရသည်ကိုပင် ကံဆိုးသည်ဟု ထင်မြင်ယူဆလာကြသည်။

ဆန်ကွဲပင် ဖြစ်စေကာမူ လိုအပ်သည့်အချိန်တွင် အာဟာရပေးနိုင်သည့် အရာတစ်ခုအဖြစ် အသိအမှတ်ပြု လက်ခံနိုင်လျှင် ဗမာစာ၊ ဗမာစကားကို ပြောဆိုရေးသားနေကြသည့် ဗမာပြည်ဖွား ရခိုင်လူမျိုးများကို မိမိတို့အနေဖြင့် တတ်နိုင်သမျှ ဆွဲဆောင်စည်းရုံးရန် လိုအပ်ပေလိမ့်မည်။ မိမိကိုယ် မိမိ ရခိုင်လူမျိုးဟု သတ်မှတ် လက်ခံထားသော လူတစ်ယောက်သည် မည်သည့် အရပ်ဒေသတွင် မွေးဖွားကြီးပြင်းစေကာမူ မျိုးနွယ်နှင့်ပတ်သက်၍ ဝင့်ကြွားမှု ရှိစမြဲပင်ဖြစ်သည်။ အဆိုပါ အချက်သည် မိမိတို့ ရခိုင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ရခိုင်စာပေလှုပ်ရှားမှုတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်မျှ ဖြစ်စေကာမူ နွေးထွေးမှုနှင့် ကြိုဆိုလက်ခံခြင်းဖြင့် အကျိုးဖြစ်ထွန်းစေနိုင်သည်ဟု စာရေးသူ လေးနက်စွာ ယုံကြည်သည်။

သို့သော် ရခိုင်စကား မပြောတတ်သည့် ရခိုင်လူမျိုးများအနေဖြင့်လည်း မိမိလူမျိုး၏ ဘာသာစကားကို ရေးသား ပြောဆိုနိုင်စွမ်း မရှိခြင်းသည် သတ်မှတ်စည်းတစ်ခုအောက်တွင် (တချို့သော နေရာဒေသများတွင်) ရခိုင်လူမျိုးကို ကိုယ်စားပြုရန် မဖြစ်နိုင်ဆိုသည်ကို အထူးသတိပြုရန် လိုအပ်ပေသည်။ ကျီးကဲ့သို့ မည်မျှပင် “အာ”တတ်စေကာမူ  ဘုတ်ငှက်သည် ကျီးမဖြစ်နိုင်။ ဘုတ်ငှက်ကဲ့သို့ မ“အီ”တတ်လျှင် ဘုတ်တို့ အလယ်တွင်လည်း မတင့်တယ်နိုင်သည့် သဘာဝတရားကို နားလည်သဘောပေါက် လက်ခံသင့်ပေသည်။ ဆန်ကွဲလောက်မျှ အသုံးမဝင်သည့် “ဖွဲ” ဘဝသို့ မိမိ ကိုယ်တိုင် မသက်ဆင်းမိစေရန် ဆင်ခြင်ထိန်းသိမ်းမှသာလျှင် တော်ကာကျပေလိမ့်မည် ဖြစ်သည်။ တစ်ဘက်တွင် ဆန်နှင့် ခွဲမရအောင် တူညီသော်လည်း ဝါး၍မရ၊ စား၍မရသည့် ကျောက်ခဲများနှင့် အလားသဏ္ဍန်တူသော မျက်ကန်းမျိုးချစ်များ အနေဖြင့် မိမိတို့၏ ရခိုင်လူမျိုးများအားလုံးကို ချစ်ခင်လေးစားသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်နှင့် နာကြည်းမှုဒေါသ လွန်ကဲသည့် လူမျိုးရေးမုန်းတီးမှုတို့ကို ဤနေရာတွင် ခွဲခြားထားရန် အလေးအနက် တိုက်တွန်းလိုပါသည်။

အမျိုးအတွက်အသက်ကိုစတေးရဲသည့် သတ္တိ၊အုပ်ချူပ်မင်းလုပ်သူတို့၏ သတ်ဖြတ်ညှင်းဆဲခံရ၍ သေဆုံးခဲ့သူများနှင့် ဖိနှိပ်ချူပ်ခြယ်မှုကြောင့် ဆင်းရဲမွဲတေနေကြရသည့် မိမိတို့၏ လူမျိုးများအတွက် ခံပြင်းနာကြည်းသည့် အမျိုးသား ဇာတိမာန်၊ အစဉ် အလာ ဂုဏ်သိက္ခာကြီးမားသည့် အဖရခိုင်ပြည်အား တိုင်းတစ်ပါးသား လက်အောက်ခံဘဝမှ ကယ်တင်ရန် ဘဝကိုရင်းပြီး တိုက်ပွဲဝင်နေကြသည့် တော်လှန်သူတို့၏ စေတနာကို စာရေးသူ အပြစ်တင်လိုခြင်း အလျဉ်းမရှိပါ။ သို့သော် အချို့သော အစွန်းရောက် တော်လှန်သူတို့၏ စိတ်ဓာတ် တွေးခေါ်မှုသြဇာသည် စာပေနယ်ပယ်တွင်းသို့ ချဉ်းကပ်ဝင်ရောက်လာသောအခါ မပြည့်သောအိုးများ ဘောင်ဘင်ခတ်ကြလေတော့သည်။

                      ဦးတည်ချက်ခြင်းတူသော်လည်း လားရာလမ်းကြောင်းချင်းမတူညီသည့် လက်နက်ကိုင် တော်လှန်ရေး စိတ်ဓာတ် တွေးခေါ်မှုသည် သိမ့်မွေ့နက်နဲသည့် စာပေနယ်သို့ လိုအပ်သည့်ထက် ပိုမိုနေရာယူ ဝင်ရောက် လာသည့်အခါ ချောင်းထဲတွင် လှည်းမောင်းသကဲ့သို့ ခရီးမတွင် ဖြစ်လာရသည်။ ထို့ကြောင့် အကျိုးမရှိသည့် ငြင်းခုန်မှုများ မှာ ရပ်ကွက်လက်ဖက်ရည်ဆိုင်များမှသည် အင်တာနက်စာမျက်နှာများအထိ တာတမံကျိုးသကဲ့သို့ ဒလဟော ဝင်ရောက် လာသည့်အခါ မူလ ရည်မှန်းခဲ့ကြသည့် စာပေအဆင့်အတန်းမြင့်မားရေးသည် ပညာဗဟုသုတ အတွေးအခေါ် နည်းပါး သော လူတစ်စု၏ ငြင်းခုန်ရန်ဖြစ်ရင်း ပါးစပ်မှစင်သော တံတွေးစက်များအဖြစ် တန်ဖိုးမဲ့ ဖြစ်ခဲ့ရလေသည်။ပရဟိတ၌အတ္တကိုရှေ့ တန်းတင်ကြသောအခါ အမျိုးအချင်းချင်း ရန်သူအဖြစ် မြင်လာကြတော့သည်။

မိမိတိုအားလုံးတွင် မတူသော သဘာဝများ ကွဲပြားခြားနားလျက် တည်ရှိနေသည်မှာ မှန်သော်လည်း တူသော အချက်များကလည်း အခြေခံ ရှိနေသည်ကို တွေ့ရှိရသည်။ ယင်းတူသော အချက်အလက်များမှစ၍ ညီညွတ်ရေးကို အားထုတ်နိုင်သည်။ မတူသော အချက်များကိုသာ အချင်းချင်း ပြစ်တင်ဝေဖန် ကဲ့ရဲနေကြမည်ဆိုလျှင် လမ်းအတူလျှောက်သော်လည်း ခရီးရောက်လိမ့်မည်မဟုတ်ချေ။ အယူအဆ မတူခြင်း သည် သဘာဝဖြစ်၍ နီးစပ်လာသည်အထိ ညှိနှိုင်းမည်ဆိုလျှင် ရန်သူမရှိ၊ မိတ်ဆွေသာရှိမည် ဖြစ်သည်။ မုန်းသူမရှိ ချစ်သူသာ ရှိမည် ဖြစ်သည်။

သမိုင်းတလျှောက် စာပေလက်ရာများကို သေချာစွာ သုတေသနပြု လေ့လာကြည့်လျှင် မည်သည့်လူမျိုးက ဤစာပေကို စတင်သုံးစွဲ၍ မည့်သည့်လူမျိုးက ဤစာပေကို အတုယူဆင့်ပွားခဲ့သည်ကို ရှင်းလင်းစွာ တွေ့မြင်လိမ့်မည်ဖြစ်သည်။ သို့ဖြစ်ရာ မိမိတို့ စာပေအဆင့်အတန်း တိုးတက်မြင့်မားအောင် ဆောင်ကျဉ်းကြရာတွင် မိမိတို့ မှီငြမ်းကိုးကား လေ့လာ သင့်သော စာပေလက်ရာတို့သည် မိမိတို့၏ သမိုင်းအစဉ်အဆက် တည်ရှိနေခဲ့သည့် စာပေလက်ရာတို့သာ ဖြစ်သင့်ပေ သည်။ ထိုအချက်ကို လစ်လျူရှု၍ သူတပါး စာပေတို့ကို လေ့လာ၍ ထိုအရာတို့နှင့် မတူကွဲပြားသည်ထက် ကွဲပြားအောင် ဆက်လက်တီထွင် ဖန်တီးကြမည်ဆိုပါက ရခိုင်စာပေ၏ နေဝင်ချိန်သည် ပိုမိုလျင်မြန်စွာ ရောက်ရှိလာပေ လိမ့်မည်။ ထို့အပြင် လက်ရှိ အသုံးများနေသော အငြင်းပွားဖွယ် ဒေသိယစာပေကို စံပြု၍ အချင်းချင်း ဝေဖန်ပြစ်တင် ရှုံ့ချနေမည်ဆိုပါက ရခိုင်လူမျိုးတို့ မျှော်လင့်သော အနာဂတ်သည် အရုဏ်မတက်ဘဲ သန်းခေါင်ထက်နက်သောညဥ့် အဖြစ်သို့ မလွဲဧကန် ဆိုက်ရောက်လာပေလိမ့်မည်။ ကြီးမားခိုင်ခန့်သည့် အိမ်တစ်လုံးကို ဆောက်မည်ဆိုပါက ဆောက်မည့် မြေတွင် ကျင်းတူး၍ အိမ်တိုင်ကို သေချာကျနစွာ မစိုက်ဘဲ ခေါင်မိုးမိုးရန်အတွက်လောက်သာ စဉ်းစားနေကြပါလျှင် အိမ်ဖြစ်မလာဘဲ ရခိုင်သားတို့မှာ တဲနှင့်သာ တစ်သက်လုံး နေထိုင်ကြရမည် ဖြစ်ကြောင်း ကိုယ့်ပေါင်ကိုယ်အနာခံထောင်း၍ သတိပေးလိုက်ရပါတော့သည်။

ငချွန်းယေ(၂၄.၁၂.၂၀၁၁)

ရခိုင်လူမျိုးများအတွက်သာ ရည်စူးတင်ပြထားခြင်းဖြစ်သည့်အတွက် ဤပို့ စ်အောက်တွင် လူမျိုးရေး အငြင်းပွားစေနိုင်သည့် ကွန်မန့် များ မပေး ကြပါရန် အနူးအညွတ်တောင်းပန်အပ်ပါသည်။

လေးစားစွာဖြင့်…မြတ်သိန်းထွန်း

မြတ်သိန်းထွန်း facebook  မှ ကူးယူဖေါ်ပြပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: