ဆု


အမှတ်တရ ဘဝသင်ခန်းစာများ စာအုပ် ကျောဖုံး

ဂျူး

 ကျွန်မ ငယ်ငယ်တုန်းက “ဆု”ကို အလွန် မက်မောခဲ့သည်။ ပညာရည်ချွန်ဆုပေးပွဲကို တက်ရောက်ကာ ဆုယူရသည့် အရသာကို ကျွန်မ တော် တော် ကျေနပ်ခဲ့ရ၏။ ဆုယူရသည့် အရသာကို သိအောင်လုပ်ပေးလိုက်သော ကျောင်းမှာ ကုန်းစောင်း  အစိုးရ အလယ်တန်းကျောင်း ဖြစ်သည်။ (အဲသည်တုန်းက ကုန်းစောင်းကျောင်းမှာ အထက်တန်း ကျောင်းဆောင်နှင့် ဆရာ၊ ဆရာမ မရှိသေးပါ)

 တကယ်တော့ ကျွန်မ၏ ကျောင်းသူဘ၀ အစမှာ နေရသည့် ကျောင်းသည် ကုန်းစောင်းကျောင်း မဟုတ်။ ရေနံချောင်းမြို့ရှိ အစိုးရ အလယ်တန်းကျောင်း အမှတ်(၂) ဖြစ် သည်။ ထိုကျောင်းကို သပြေတန်းကျောင်းဟုလည်း ခေါ်ပါသည်။ ထိုသပြေတန်းကျောင်းမှ ကျွန်မ သူငယ်တန်းအောင်ပြီးတော့ ကုန်းစောင်း (ရေနံချောင်း၏ အနောက်ဘက်ကမ်း)သို့ ပြောင်းခဲ့ရသည်။ ကုန်းစောင်းကျောင်းက ပညာရည်ချွန်ဆု ပေးသည့် အလေ့အထ ရှိသည်။ နှစ်စဉ်နှစ်တိုင်း ကျွန်မ ဆုတွေ ရခဲ့သည်။ ကုန်းစောင်းကျောင်းနှင့် ပတ်သက်ပြီး ကျွန်မ မကျေနပ်တာ တစ်ချက်တော့ ရှိခဲ့ဖူး၏။ ရေနံချောင်းမှာ သူငယ်တန်းအောင်ခဲ့ပြီးသား ဖြစ်ပါလျက် ကျွန်မကို အတန်းတက်၍ စာသင်ကြားခွင့် မပေးဘဲ မူလတန်းမှာပဲ ပြန်တက်စေခဲ့သည်။ အကြောင်းပြချက်မှာ ကျွန်မ ငယ်သေးလို့တဲ့။ အသက်ကလည်း သူငယ်တန်း အသက်ပဲ ရှိသေးလို့တဲ့။ ကျွန်မ မေမေက ကျောင်းအုပ်ကြီးနှင့် သွားတွေ့စဉ် ကျွန်မပါ လိုက်သွားခဲ့ရသဖြင့် ထိုအဖြစ်အပျက်ကို ကျွန်မ မှတ်မိနေသည်။ ကြည့်ရတာတော့ မေမေက ကျွန်မ ခြောက်နှစ် မပြည့်မီကတည်းက ကျောင်းထားခဲ့သလား မသိ။

 ကျွန်မ ကောင်းကောင်း မှတ်မိသည့် အဖြစ်အပျက်ကတော့ ကျွန်မနှင့် ကျွန်မမေမေအား ကျောင်းအုပ်ဆရာကြီးက စမ်းသပ်ချက် တစ်ခုဖြင့် အတန်းတက်ရေး၊ မတက်ရေးကို ဆုံးဖြတ်ပေးခဲ့သည့် အဖြစ်အပျက်ပါပဲ။ ဆရာကြီးက ကျွန်မအား ညာဘက်လက်ကို မြှောက်၊ ခေါင်းပေါ်မှ ကျော်ကွေးကာ ဘယ်ဘက်နားရွက်အား ညာလက်ဖျားဖြင့် ထိခိုင်း၏။ ထိလို့ရရင် အတန်းတက်၊ ထိလို့မရရင် အတန်းမတက်ရတဲ့။ တော်တော် မျှတပါသည်။ ကျွန်မက ထိုစမ်းသပ်ချက်မှာ ရှုံး၏။ ကျွန်မက အရပ်ပုပု သေးသေးလေး။ အသက်ကလည်း တကယ် ငယ်သေးပုံ ရပါသည်။ ညာဘက် လက်ဖျားက ဘယ်နားရွက်စွန်းထိပ်ကို မမီခဲ့ပါ။ ကျွန်မကလည်း သိပ်မကျေနပ်ခဲ့ပါ။

 သို့သော် ကုန်းစောင်းကျောင်းသည် ကျွန်မ၏ မကျေနပ်မှုကို အတိုးဖြင့် လျော်ခဲ့၏။ နှစ်စဉ်နှစ်စဉ် ကျွန်မအား ပညာရည်ချွန်ဆုတွေ ပေးခဲ့သည်။ ပညာရည်ချွန်ဆု သာမက၊ စာရိတ္တဆုတို့၊ ကျောင်းမှန်သည့် ဆုတို့လည်း ပေးသည်။ ကုန်းစောင်းမှာ ကျောင်းတက်ရတာ ကျွန်မ ပျော်လာသည်။ ထို့နောက် ငါးတန်း အောင်သောအခါ ကျွန်မတို့ မိသားစု ရေနံချောင်းသို့ ပြန်ပြောင်းရပါသည်။

 တောကနေ မြို့ပြန်ပြောင်းတာ ၀မ်းနည်းစရာ မရှိသော်လည်း ကျွန်မကတော့ တော်တော် ၀မ်းနည်းခဲ့၏။ ကျွန်မ ချစ်သောကျောင်းကြီး ကို မခွဲချင်၊ ကျွန်မ ရပြီးသော စာပြိုင်ဖက် သူငယ်ချင်းများကို မခွဲချင်။ (ကျွန်မ အမှတ်မိဆုံး ကျွန်မကို အမြဲ နိုင်လေ့ရှိသော စာပြိုင်ဖက် သူငယ်ချင်း ကောင်လေး၏ အမည်မှာ မြင့်သန်းတဲ့) ကျွန်မ အလွမ်းဆုံးကတော့ ကျွန်မတို့ဘကြီး (ဖေဖေ့အစ်ကို တစ်ဝမ်းကွဲ) အိမ်မှ စာအုပ်ပုံ ရတနာသိုက်ကြီး ပေတည်း။

သပြေတန်းကျောင်းမှာ သုံးနှစ်ဆက် နေရသည်။ ဆဠမတန်း၊ သတ္တမတန်း၊ အဠမတန်းပေါ့။ အတန်းထဲမှာ ကျွန်မ ပထမတွေ ရခဲ့သည်ဟု မှတ်မိသည်။ ကျောင်းကဆုမပေးပါ။ ဆုယူနေကျ ကျွန်မအတွက် အနည်းငယ် ကသိကအောင့် ဖြစ်ခဲ့ရသည်။ ကျောင်းက ဆုမ ပေးပေမယ့် ဆရာ၊ ဆရာမတွေက သူတို့ ဘာသာတွေအတွက် အမှတ်အများဆုံး ကျောင်းသားအား ဆုပေးခဲ့သည့်အတွက် ကျွန်မ ပျော်ခဲ့ရပါသည်။

 ရှစ်တန်းစာမေးပွဲ အောင်စာရင်း ထွက်ပြီးတော့ ကိုးတန်း မတက်ရခင် အချိန်အတွင်းမှာ သပြေတန်းကျောင်းက ပေးသောဆုကို ကျွန်မ ယူခဲ့ရ၏။ တကယ်တော့ ကျောင်းမှ ပေးသောဆု ဆိုတာထက် ကျောင်းအုပ်ဆရာကြီးက ပေးသော ဆုဟုပြောလျှင် ပို၍ မှန်နိုင် ပါသည်။ ဆုပေးပွဲ အခမ်းအနား မဟုတ်။ ကျွန်မအား အားကျသည့် ကျောင်းသူကျောင်းသား ကလေးတွေလည်း အနားမှာမရှိ။ လက်ခုပ်သံများကိုလည်း မကြားရ။ ကျောင်းအုပ်ကြီး၏ ရုံးခန်းထဲတွင် ကျောင်းအုပ်ဆရာကြီး ဦးနေ၀င်းနှင့် ကျောင်းသူကလေး ကျွန်မ၊ ဘေးမှာ ခပ်လှမ်းလှမ်းရှိနေသော ဆရာတစ်ယောက်။ ဒါပဲ။ ကျွန်မ၏ ဆုယူသော အခမ်းအနားမှာ တိတ်ဆိတ်လှသည်။ သို့သော် ထိုအဖြစ်အပျက်ကို ကျွန်မ ဘယ်တော့မှ မမေ့နိုင်အောင် စွဲမြဲသွားခဲ့စေသည်က ကျောင်းအုပ်ဆရာကြီး ပေးသော ဆုအမျိုးအစားနှင့် ဆရာကြီး၏ စကား ဖြစ်သည်။

 

စာအုပ်မှာ Daniel DefoeRobinson Crusoe  ဖြစ်သည်။ ကျွန်မ တစ်ခါမျှ မရဖူး သော ဆုအမျိုးအစား ဖြစ်သည်။ (ခါတိုင်း ကျွန်မ ရနေကျ ဆုတွေမှာ ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ဖောင်တိန်၊ မျက်နှာသုတ်ပ၀ါ၊ ကျောင်းစိမ်းထဘီစများ၊ အင်္ကျီချုပ်ဖို့ ပေါ်ပလင်စသည့် အဖြူရောင်အစများ စသည်တို့သာ ဖြစ်သည်) ကလေးတစ်ယောက် ဖတ်နိုင်သော အင်္ဂလိပ်စာများဖြင့် အစအဆုံး အနှစ်ချုပ် ရေးထားသော စာအုပ်ဖြစ်သည်။ အတွင်းမှာ သရုပ်ဖော် ပန်းချီပုံအချို့ ပါသည်။ ကလေးတစ်ယောက် ဖတ်ချင်စိတ်ကို ဆွဲဆောင်ပေးသော သရုပ်ဖော်ပုံကလေးများ ဖြစ်သည်။ စာအုပ်ကလေးကို ကျွန်မအား ပေးပြီးတော့ ဆရာကြီးက အပြုံးဖြင့် စကားပြောခဲ့ သည်။

          “တင်တင်ဝင်းက အင်္ဂလိပ်စာတော်တယ်။ အင်္ဂလိပ်စာကို ဆက်တော်အောင် ကြိုးစား စေချင်တယ်။ ဆရာကြီးတို့ ကျောင်းကို ပညာနဲ့ ဂုဏ်ဆောင် ပေးနိုင်ခဲ့သလို အခု ပြောင်းမယ့် ကျောင်းမှာလည်း ပညာနဲ့ ဂုဏ်ဆောင်ပေးပါ။ ပြီးရင် နောက်ထပ် တက္ကသိုလ် ဆိုတာကို ရောက်ရဦးမယ်။ အဲဒီမှာလည်း သမီးဘ၀အတွက် ကြိုးစားရင်း ကျောင်းကို ဂုဏ် တက်အောင် လုပ်ပါ။ ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်အတွက်၊ ပြီးတော့ ကိုယ့်တိုင်းပြည် အတွက် ဂုဏ်ဆောင်ပေးတဲ့ ထူးချွန်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်အောင် ဆက်ကြိုးစားပါ တဲ့။

 ဂုဏ်ထူး နှစ်ဘာသာ ကျောင်းသူ တစ်ယောက်အနေဖြင့် လက်ခံရသော ဆုမှာ Robinson Crusoe စာအုပ်ပါးပါးကလေး တစ်အုပ်။ ကုန်းစောင်းကျောင်းမှာ နှစ်စဉ်ဆုယူပြီး ပြန်ရတုန်းက ဆုတွေမှာ တပွေ့တပိုက်၊ မနိုင်မနင်းကြီး များပြားခဲ့၏။ ယခုအခါ ခပ်သေးသေး ခပ်ပါးပါး စာအုပ်တစ်အုပ်တည်း။ ကျွန်မ၏ ကျောင်းမှ အိမ်အပြန်ခရီးမှာလည်း မနိုင် မနင်း ဖြစ်စရာ ဘာမျှမပါ။ စာအုပ်ကလေးကို လက်က ခပ်ပေါ့ပေါ့ ကိုင်လျက် ပြန်လာခဲ့ရ သည်။

 သို့သော် ထိုစာအုပ်သည် ကျွန်မ၏ အင်္ဂလိပ်ဝတ္ထု ဖတ်သည့် အကျင့်ကို စတင် ပျိုးထောင် ပေးခဲ့၏။ ဆရာကြီးသည် ကျွန်မတို့ ကျောင်းသား ကျောင်းသူတွေနှင့် အလှမ်းဝေး သော အမြင့်တစ်နေရာမှာ ရှိနေသောကြောင့် ကျွန်မ စာရေးဆရာ ဖြစ်ချင်သည် ဆိုတာ ဆရာကြီး သိခဲ့စရာ အကြောင်း မရှိ။ သို့သော် ကျွန်မ၏ စိတ်ထက်သန်မှု တစ်ခုကို ဆရာကြီး ခန့်မှန်းနိုင်ခဲ့သလား။ သို့မဟုတ် ကျွန်မကို စာသင်သော ဆရာ၊ ဆရာမများမှ တစ်ဆင့် ခန့်မှန်းနိုင်ခဲ့သလား။ အဲဒါတော့ ကျွန်မ မသိပေ။ သို့သော် ကျွန်မအား ပေးလိုက်သော ဆုနှင့် ကျွန်မအား ပြောခဲ့သည့် စကားတို့မှာ ကျွန်မ ဖြစ်ချင်တာတွေနှင့် တစ်ထပ်တည်း။ ကျွန်မ၏ ဆန္ဒတွေကို အကောင်အထည် ဖော်နိုင်အောင် နောက်မှ တွန်းပေးလိုက်သည့် တွန်းအားတွေ ဖြစ်ခဲ့သည်။

 အမှတ်(၁) အစိုးရအထက်တန်းကျောင်း ရောက်တော့ ကိုးတန်းနှင့် ဆယ်တန်းမှာ ဆုတွေ ရခဲ့သည်။ ထိုဆုတွေမှာ ကျောင်းသား၊ ကျောင်းသူတွေအား ပေးနေကျ ဆုမျိုး။ ကျွန်မ ရနေကျ ဆုမျိုးတွေပဲ ဖြစ်ခဲ့၏။ ဆရာကြီး ဦးနေ၀င်း ပေးခဲ့သော Robinson Crusoe စာအုပ်လို ထူးခြားသည့်ဆု တစ်ခုမျှ မပါခဲ့။ ထို့ကြောင့် ကျွန်မ ဘာပစ္စည်းတွေကို ဆုအဖြစ် ရခဲ့သည်ဟုပင် ရေရေရာရာ မမှတ်မိတော့ပါ။

 နောက်ကာလ တော်တော်ကြာခဲ့တော့မှ ကျွန်မ ပြန်၍ စဉ်းစားမိသည်မှာ ကျွန်မ တက်ခဲ့သော ဆုပေးပွဲ အခမ်းအနားများစွာ ရှိပေမယ့်၊ ကျောင်းအုပ်တွေကလည်း ကျွန်မတို့ ကျောင်းသား ကျောင်းသူတွေအား မိန့်ခွန်းတွေ ပြောခဲ့ကြပေမယ့် ကျွန်မ တစ်ယောက် တည်းအား ဦးတည်သော စကားတို့ကို ကျွန်မ မရခဲ့။ ကျွန်မ၏ ၀ါသနာကို အထောက်အကူ ပေးမည့် ဆုအမျိုးအစားကို မရခဲ့။ ထိုကြောင့် ကျွန်မသည် ထိုဆုပေးပွဲများတွင် ပါဝင်တက်ရောက်ခဲ့သော ဆုယူခဲ့သော ကျောင်းသားများထဲက တစ်ယောက်ပဲဖြစ်ခဲ့သည်။ ယေဘုယျ ဆုများနှင့် ယေဘုယျ စာထူးချွန်သည့် ကျောင်းသူတစ်ယောက်ပဲပေါ့။ သည်တော့မှ သပြေတန်းကျောင်း ရုံးခန်း ကျဉ်းကျဉ်းကလေးထဲမှာ ဆရာကြီးက တိတ်ဆိတ်စွာ ပေးခဲ့သည့် အင်္ဂလိပ်ဝတ္ထု ဆုကလေး၏ တန်ဖိုးကို ကျွန်မ နှိုင်းယှဉ်ကာ ပို၍ ပို၍ သိခဲ့ရသည်။ ကျောင်းအုပ်ဆရာကြီး ကျွန်မအား တိုက်ရိုက်ဦးတည်ပြီး ပြောခဲ့သည့် ဆုံးမစကားကို ကျွန်မ ဘယ်တော့မျှ မမေ့နိုင်တော့ပါ။ ကျွန်မအား အင်္ဂလိပ်စာ လေ့လာသူ တစ်ယောက်ဖြစ်အောင် အစပျိုးပေးခဲ့သော၊ နိုင်ငံမှာ ထင်ရှားသူဖြစ်ဖို့ ကြိုးစားချင်အောင် တွန်းအားပေးခဲ့သော ထိုအဖိုးထိုက်တန်သည့် တခဏကလေးကို ကျွန်မ ခဏခဏ သတိရ နေခဲ့သည်။

 စာရေးဆရာဖြစ်ပြီးမှ တပည့်ဟောင်း တစ်ယောက်အနေနှင့် ဆရာကြီးထံ မရောက်  ဖြစ်ခဲ့ရခြင်းအတွက် ကျွန်မနောင်တတွေ ရနေခဲ့သည်။ ဆရာကြီးကတော့ ကျွန်မ၏သတင်း တွေကို သားသမီးများမှ တစ်ဆင့်၊ အခြားတပည့်တွေမှ တစ်ဆင့် ကြားနေခဲ့ရမှာပါ။ ၀မ်းလည်း သာနေခဲ့မှာပါ။ သူပေးခဲ့သည့် အင်္ဂလိပ်စာအုပ် သေးသေးကလေးက ကျောင်းသူ သေးသေးကလေး တစ်ယောက်အား စာရေးဆရာဘ၀ ရောက်အောင် တွန်းပို့ခဲ့သည့် တွန်းအားများအနက် တစ်ခု အပါအ၀င်ဖြစ်ခဲ့ရတာ ဆရာကြီး ဂုဏ်ယူခဲ့မှာပါ။

ယခုတော့ ကျွန်မ ဆရာကြီးအား လက်အုပ်ချီ၍ ကန်တော့ချင်နေပြီ။ ဆရာကြီးအား မကြာခဏ သတိရကာ ကျေးဇူးတင်နေမိပြီ။ သို့သော် ကျွန်မ သတိရ နောက်ကျခဲ့၏။ ဆရာကြီး ဦးနေ၀င်း ကွယ်လွန်ခဲ့ပြီးပါပြီ။ ကျွန်မ၏ ကျေးဇူးစကားကိုလည်း ဆရာကြီး မကြား နိုင်တော့ပြီ ဖြစ်သည်။

ယခုတော့ ကျွန်မ စဉ်းစားမိပြီ။ ဆုဆိုသည်မှာ လက်ခံရရှိသူအတွက် တကယ် အသုံးကျလျှင် ဘယ်လောက် တန်ဖိုးကြီး လိုက်ပါသလဲ။ တန်ဖိုး မဖြတ်နိုင်အောင် အဖိုးတန်၍ အကျိုးရှိသော ဆုမျိုးကို ပေးတတ်ဖို့ ကျွန်မအား ဆရာကြီးက သင်ပေးခဲ့ပါသည်။

ဂျူး

(ယခုဆောင်းပါးလေးသည် ၂၀၀၃ခုနှစ် မေလတွင် ဇွန်ပွင့် စာအုပ်တိုက်မှ ထုတ်ဝေခဲ့သော စာရေးဆရာစုံ ပါဝင်ရေးသားထားသည့် အမှတ်တရ ဘ၀သင်ခန်းစာများ စာအုပ်မှ ဖြစ်သည်။)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: