တန်းတူညီမျှ အမျိုးသမီး ၀ါဒ


တင်ညွန့်

ယောက်ျား မိန်းမ တန်းတူညီမျှ အခွင့်အရေး ရယူပိုင်ဆိုင် လိုသည့်ဆန္ဒသည် ”အမျိုးသမီးအခွင့်အရေး” ကို ကျယ်လောင်စွာ ဟစ်ကျွေးလာသည့် ကာလများတွင် ခေတ်စားလာသည်။ အမျိုးသမီး အခွင့်အရေးကို အမျိုးသားများနည်းတူ ရယူပိုင်ဆိုင်လိုသည့်လှုပ်ရှားမှု သို့မဟုတ် ဝါဒသဘောတရားကို အနောက်နိုင်ငံသားတို့က Feminism ဟူ၍ ခေါ်ကြသည်။ အမျိုးသမီး အခွင့်အရေးတိုက်ပွဲတွင် မဖြစ်မနေ သုံးစွဲလာကြသည့် ဝေါဟာရလည်း ဖြစ်သည်။
တန်းတူညီမျှဝါဒကို ၁၈ ရာစုနှောင်းပိုင်းလောက်ကတည်းက ဖော်ထုတ်လာခဲ့ကြသည်။ မူလကတည်းကပင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတို့တွင် အမျိုးသားများနှင့် အမျိုးသမီးများကြား အခွင့်အရေး ညီတူညီမျှ ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ ဤဆောင်းပါးသည် အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားမှုများတွင် နောက်ကွယ်မှ စိတ်ကူးအကြံဉာာဏ်များ၊ သဘောတရားများ ဖွံ့ဖြိုးတိုးတက်လာမှုကို ရည်ရွယ်တင်ပြခြင်း ဖြစ်ပါသည်။
အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်သူများသည် လူ့ဘောင်လောကတွင် အမျိုးသားများက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်များတွင် အမျိုးသမီးများအပေါ် ထိခိုက်နစ်နာစေသည်အထိ အခွင့်အရေး ယူလာသောကြောင့် တိုက်ပွဲဝင်ကြရခြင်း ဖြစ်သည်ဟု ဆိုကြသည်။
သမိုင်းအရ အမျိုးသမီးလှုပ်ရှားမှုနှင့် အတွေးအမြင်တို့ကို လှိုင်းနှစ်လှိုင်းဖြင့်ခွဲခြားနိ

ုင်ပါသည်။ ပထမလှိုင်းသည် ၁၈ဝဝ ပြည့်နှစ် ခန့်တွင်စတင်ပြီး ၁၉၃ဝ ပြည့်နှစ်ပိုင်းလောက်တွင်ပြီးဆုံးသည်။ ထိုကာလများတွင် အမျိုးသား အမျိုးသမီး တန်းတူအခွင့်အရေးအတွက် အောင်မြင်မှုများ အတော်လေးရရှိခဲ့သည့် ကာလဟူ၍ ဆိုရမည်။
ဒုတိယ လှိုင်းသည် ၁၉၆ဝ ပြည့်နှစ်နှောင်းပိုင်းလောက်တွင် ပေါ်ပေါက်ခဲ့သည်။ ထိုကာလများသည် တန်းတူညီမျှ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရရုံမျှမက အတွေးအမြင်သဘောတရားများ တိုးတက်ဖွံ့ဖြိုးရေးအပြင် ယောက်ျားနှင့် မိန်းမတို့အကြား ဖိစီးနေသည့် စိတ်ဝေဒနာတို့ကိုပါ အဖြေရှာလာကြသည့် ခေတ်ဖြစ်လာသည်။ အမျိုးသမီးများအတွက် အခွင့်အရေးကို တိုက်ပွဲဝင်ရင်း စိတ်ဖိစီးမှု ခံစားနေရသည်များကိုပါ အလေးပေးကြရန် တိုက်ပွဲဝင် လှုပ်ရှားလာသည့် ခေတ်လည်း ဖြစ်သည်။
အမျိုးသမီးများအပေါ် အစဉ်အလာအမြင်
ဥရောပတိုက်နှင့် အရှေ့အလယ်ပိုင်းဒေသများ၏ ရှေးဟောင်းအထောက်အထားများအရ ကျောက်ခေတ် ယဉ်ကျေးမှုတွင် အမျိုးသမီးကို နတ်ဘုရားအဖြစ် ကိုးကွယ်မှုများနှင့် မိခင်ကြီးစိုးသည့်ခေတ်ကာလရှိခဲ့ကြောင်း တွေ့ခဲ့ရသည်။ မိန်းမများသည် အုပ်စုခေါင်းဆောင်များဖြစ်ခဲ့ကြကြောင်း အထောက်အထား များစွာရှိခဲ့သည်။
သမိုင်းဆိုင်ရာ အထောက်အထားများအရ ယောက်ျားနတ်ဘုရားများကိုလည်း ကိုးကွယ်သည်ကိုတွေ့ရပြီး၊ ယောက်ျားများသည် နိုင်ငံရေး၊ ဘာသာရေး၊ စစ်ရေးခေါင်းဆောင်များအဖြစ် ရပ်တည်ခဲ့ကြကြောင်းလည်း တွေ့နေရပြန်သဖြင့် အမျိုးသမီးများသည် လက်အောက်ငယ်သားများကို ထိန်းသိမ်းစောင့်ရှောက်ပေးကြ ရသည့်နေရာကို ရယူပိုင်ဆိုင်ထားကြသူများဟူ၍လည်း ဆိုနိုင်သည်။
ရှေးဟောင်းဂရိနှင့် ရောမခေတ်၊ ခရစ်ယာန်အယူလွှမ်းမိုးသည့် ခေတ်များတွင် အမျိုးသမီးများကို လူတောတိုးခွင့် မရှိ လူရာမသွင်းဘဲ အမျိုးသားများ၏ လက်အောက်ငယ်သားပမာ ပြုမူဆက်ဆံခဲ့ကြသည်။
ဥပမာ ဂရိအတွေးအခေါ်ပညာရှင် အရစ္စတိုတယ်က သူရေးသားပြုစုသွားသည့် ”နိုင်ငံရေး” ကျမ်းတွင် အမျိုးသမီးများသည် ယုတ်ညံ့သူများဖြစ်ပြီး အမျိုးသားများ၏ အုပ်ချုပ်မှုကို ခံကြရမည်ဟုဆိုခဲ့သည်။ စိန့်ပေါလ် ကလည်း ခရစ်ယာန်အမျိုးသမီး အိမ်ထောင်ရှင်များသည် ခင်ပွန်းဖြစ်သူ၏စကားကို နာခံရမည်ဖြစ်ပြီး ဘုရားကျောင်းတွင် စကားပြောဆိုခွင့် မရှိဟု ဆိုခဲ့သည်။
သမိုင်းသည် ဒုတိယထောင်စုနှစ်သို့ ကျော်နင်းလာသည့်တိုင် အမျိုးသမီးအခွင့်အရေးဆိုသည်မှာ တိုက်ယူနိုင်မှ ပေးသည့်ကာလများ ဖြစ်ခဲ့ရသည်။ ပိုင်ဆိုင်မှု၊ ပညာရေး၊ ဥပဒေရေးရာတို့တွင် ဆုံးရှုံးနစ်နာရမှုတွေကလည်း များလှသည်။ လက်ထပ်လိုက်သည့်အမျိုးသမီးတစ်ဦးသည် ခင်ပွန်းသည်၏ ပိုင်ဆိုင်သော ပစ္စည်းတစ်ခုပမာ ဖြစ်သွားရုံမက ဆွေမျိုးနှင့်ယောက်က္ခမတို့ကို ကြောက်ရသည့်ဒုက္ခပါပိုလာသည်။
သို့သော်သမိုင်းတွင် ကိုယ့် ခင်ပွန်းကို ပြန်ပြီးစိန်ခေါ်ဝံ့သည့် အမျိုးသမီးများက ဓားစွမ်းထက် ကလောင်စွမ်းကို ပြပြီးတိုက်ပွဲဝင်ခဲ့ကြသည်။ ဥပမာ ဂျာမန်သီလရှင်ဆရာကြီးတစ်ဦး (Hildegard of Bingen) သည် ခရစ်ယာန် ကျောင်းတော်မှ ယောက်ျားသားအာဏာပိုင်များကို ဆန့်ကျင် တော်လှန်အာခံခဲ့သည်။
အီတလီစာရေးဆရာမနှင့် နန်းတွင်းသူ (Christine de Pisan) ကလည်း ခရစ်ယာန် အယူဝါဒပါ အယူအဆများနှင့် သမ္မာကျမ်းစာပါ အချက်များကို ထောက်ပြ ဝေဖန်ခဲ့သည်။ ၁၇ ရာစုကုန်ခါနီးတွင် စာရေးဆရာမ အတော်များများပေါ်လာသည်။ အင်္ဂလန်မှ Mary Astell သည် အမျိုးသမီးများပညာရေးနှင့် ပတ်သက်ပြီး အထူးတိုက်ပွဲဝင်ခဲ့သူ တစ်ဦးဖြစ်သည်။
အမျိုးသမီးတိုက်ပွဲ ပထမလှိုင်း
အမျိုးသမီးအခွင့်အရေးတိုက်ပွဲအတွက် Feminism ဟူသည့် ဝေါဟာရကို ၁၉ ရာစုအကုန်အထိ မသုံးစွဲ ကြသေးပေ။ အမျိုးသမီးများအတွက် တိုက်ပွဲဝင်နေသူများသည် ၁၈ ရာစုအကုန် လောက်ကတည်းကပင် လှုပ်ရှားနေကြပြီဖြစ်သည်။ အမျိုးသမီးအခွင့်အရေး တိုက်ပွဲအတွက် ပထမဦးဆုံးလှုပ်ရှားမှုမှာ အမျိုးသမီးများ သည် အမျိုးသားများနှင့် တန်းတူအခွင့်အရေး ရသင့်သည်ဆိုသော အယူအဆသာ ဖြစ်သည်။
ထိုစဉ်က တောင်းဆိုချက်များတွင် အများပြည်သူကြား တန်းတူညီမျှ နိုင်ငံသူ နိုင်ငံသားတစ်ဦးအနေဖြင့် ရပ်တည်ခွင့်နှင့် အိမ်တွင်း၌လည်း အချို့နေရာများတွင် တန်းတူအခွင့်အရေးရပိုင်ခွင့်များ ပါဝင်သည်။
ထိုအကြံအစည် စိတ်ကူးများသည် အမေရိကန်တော်လှန်ရေး (၁၇၇၅-၁၇၈၃) နှင့် ပြင်သစ်တော်လှန်ရေး (၁၇၈၉-၁၇၉၉) တို့ကိုများစွာ သက်ရောက်မှုရှိစေပြီး လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုသည့် သဘောတရားများကို အားပေး အားမြှောက် ဖြစ်စေခဲ့သည်။
ပြင်သစ်နိုင်ငံ အမျိုးသမီးရေးလှုပ်ရှားသူများက လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ချစ်ကြည် ရင်းနှီးခြင်းဆိုသည့် မူဝါဒကို လက်ကိုင်ထားလျှင် အားလုံးတန်းတူညီမျှ အခွင့်အရေးပေးရန်လည်းလိုသည်ဟု ထောက်ပြကြသည်။
အမေရိကန် အမျိုးသမီးရေးရာလှုပ်ရှားသူများက တစ်ပြိုင်တည်းတွင် အမေရိကန် လွတ်မြောက်ရေး ကြေညာစာတန်း၌ အမျိုးသမီးများအတွက် လွတ်လပ်ခွင့် နိုင်ငံသားဖြစ်ခွင့်၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်များကို ထည့်သွင်း ကြေညာနိုင်ခဲ့သည်။
အင်္ဂလန်တွင် Mary Wollstonecraft သည် A Vindication of the Rights of Women (1792) ဟူသည့်စာအုပ်ကို ရေးခဲ့သည်။ ထိုစာအုပ်တွင် အမျိုးသမီးများအတွက် တန်းတူညီမျှခွင့်နှင့် ပညာရေး ပိုမိုလေ့လာ သင်ကြားခွင့်များကို တောင်းဆိုတင်ပြထားသည်။ အမျိုးသမီးများကို နေရာမပေး ချောင်ထိုးထား ကြသည့်အဖြစ်နှင့် ယုတ်ညံ့နိမ့်ကျသည်ဆိုသော အယူအဆကို ပထမဦးဆုံး ဝေဖန်ပြစ်တင်ခဲ့သည့် စာပေလည်း ဖြစ်သည်။
၁၉ ရာစုအစောပိုင်းတွင် ဗြိတိန်နိုင်ငံ၌ လူလတ်တန်းစားအမျိုးသမီးများသည် အုပ်စုလေး တစ်စုဖွဲ့ပြီး ပညာသင်ကြားရေးနှင့် ဥပဒေရေးရာ (လက်ထပ်မှုဆိုင်ရာ) တို့တွင် ပိုမိုအခွင့် အရေးရရှိစေရေး၊ အလုပ်အကိုင် ရရှိရေး၊ မဲပေးပိုင်ခွင့်ရရှိရေးများကို တောင်းဆိုခဲ့ကြသည်။
အမျိုးသမီးများအတွက် တန်းတူညီမျှ အခွင့်အရေးပေးရန် သဘောတရားအရ ထောက်ခံဆွေးနွေး ရေးသားခဲ့သူများတွင် အတွေးအခေါ်ပညာရှင် John Stuart Mill သည် ထင်ရှားသည်။ သူရေးသားသည့် The Subjection of Women (1869) တွင် ထိုသဘော တရားများကို ရေးသားခဲ့သည်။ ဇနီးဖြစ်သူ Harriet Taylor ၏ ကြဇာမကင်းသော သဘောတရားများ ဖြစ်သည် ဟုလည်း ထောက်ပြကြသည်။
၁၈၅ဝ နောက်ပိုင်းကာလများတွင် အမျိုးသမီးရေးလှုပ်ရှားမှုများသည် တန်းတူညီမျှအခွင့်အရေးရရှိရေးမှ မဲပေးခွင့်ရရှိရေးသို့ ကူးပြောင်းသွားသည်။ အမျိုးသမီးများမဲပေးပိုင်ခွင့်လှုပ်ရှားမှုဟူ၍ လူသိများသည်။
ထိုတိုက်ပွဲကို ဦးဆောင်သူများတွင် အမေရိကန်နိုင်ငံမှ Susan B. Anthony နှင့် Elizabeth Cady Stanton တို့ ထင်ရှားသည်။ နောက်ပိုင်း အမျိုးသမီးများမဲပေးပိုင်ခွင့်သည် နယူးဇီလန်၊ ဆိုဗီယက်ယူနီယံ၊ ဂျာမနီ၊ ပိုလန်၊ ဩစတြီးယားနှင့် ဆွီဒင်နိုင်ငံများ သို့ ပျံ့နှံ့သွားသည်။
၁၉ ရာစုနှောင်းပိုင်းတွင် အမျိုးသမီးရေးရာလှုပ်ရှားသူများက အမျိုးသမီးများအတွက် စစ်မျက်နှာတစ်ခုဖွင့်ကာ တိုက်ပွဲဝင်လှုပ်ရှားလာကြပြန်သည်။ အမျိုးသမီးများသည် စာပေ၊ အနုပညာနှင့် အခြား လူမှုရေးလုပ်ငန်းများ တွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေး ရပိုင်ခွင့်များဖြစ်သည်။
၂ဝ ရာစုကိုပြန်ပြောင်းကြည့်လျှင် မြောက်အမေရိကနှင့် ဥရောပနိုင်ငံများ၏ မီဒီယာလောကတွင် ”အမျိုးသမီးသစ်” ဆိုသည့် လှုပ်ရှားမှုကို တွေ့ရမည်ဖြစ်သည်။ ထိုအမျိုးသမီးလှုပ်ရှားမှုကြီး၏ စိန်ခေါ်ချက်သည် လူမှုအဖွဲ့အစည်းအတွင်း တန်းတူညီမျှ အခွင့်အရေး ရပိုင်ခွင့်များအပြင်၊ အစဉ်အလာကိုဆန့်ကျင်ခွင့်၊ လွတ်လပ်စွာနေထိုင်ပိုင်ခွင့်၊ ရွေးချယ်ဝတ်ဆင်ခွင့် များလည်းပါဝင်နေကြောင်းတွေ့ရသည်။
၁၉၂ဝ ခုနှစ်များတွင် အမျိုးသမီးရေးရာလှုပ်ရှားသူများက တန်းတူညီမျှဆိုသည်ထက် အမျိုးသမီးများ ဘက်ကိုသာ အလေးပေး စဉ်းစားဆွေးနွေးမှုများလုပ်လာသည်။ ဥပမာ မိခင်နှင့်ကလေးများအတွက် ဖူလုံရေးနှင့် စောင့်ရှောက်ရေးတို့ကို ဦးစားပေးဆောင်ရွက် လှုပ်ရှားလာကြသည်။ ထိုလှုပ်ရှားမှုသည် အမျိုးသမီးရေး လှုပ်ရှားမှု ဒုတိယလှိုင်းအတွက် ပိုမိုအခြေခိုင်မာစေသည့် လှုပ်ရှားမှုလှိုင်းကြီးတစ်ခု ဖြစ်လာစေခဲ့သည်။
အမျိုးသမီးတိုက်ပွဲ ဒုတိယလှိုင်း
ဒုတိယလှိုင်းလုံးကြီးတွေ တက်လာစေရန် တွန်းအားပေးလိုက်သည့် လှုပ်ရှားမှုသည် အများပြည်နှင့် သက်ဆိုင် သည့် အခွင့်အရေးလှုပ်ရှားမှုတစ်ခုမှ စတင်လိုက်ခြင်းဖြစ်သည်။
၁၉၆ဝ ပြည့်နှစ်များတွင် မြောက် အမေရိကတိုက်၌ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ခေတ်စားလာသည်။ ဥရောပ၊ အာရှနှင့် ဩစတြေးလျှတို့တွင် စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ တိုးတက်များပြားလာသည်။ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုအနေဖြင့် ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်၊ လိင်ခွဲခြားမှုမရှိရေးတို့ကို အမေရိကန်ရှိ အမျိုးသမီးထုက တက်ကြွစွာလှုပ်ရှားလာခဲ့ကြသည်။
ထိုအယူအဆများသည် ၁၉၇ဝ နှင့် ၁၉၇၈ ခုနှစ်များတွင် တောင်းဆိုချက် ၇ ချက်ဖြစ်ပေါ်လာစေရန် အထောက် အကူပြုသည့် အတွေးအမြင်များ ဟူ၍လည်းဆိုရမည်။ တောင်းဆိုချက် ၇ ချက်တွင်…
(၁) လုပ်ခလစာ ညီတူညီမျှရခွင့်
(၂) တန်းတူညီမျှပညာသင်ခွင့်နှင့် အလုပ်အကိုင်ရရှိနိုင်သည့်အခွင့်အရေး
(၃) ငွေကြေးနှင့် တရားဥပဒေဆိုင်ရာ
(၄) ကလေးစောင့်ရှောက်မှုတွင် ၂၄ နာရီတာဝန်ယူရခြင်း
(၅) လွတ်လပ်စွာ ပဋိသန္ဓေတားပိုင်ခွင့်၊ ဖျက်ချပိုင်ခွင့်နှင့် ရယူပိုင်ခွင့်
(၆) လိင်ဆက်ဆံ မှုဆိုင်ရာလွတ်လပ်ပိုင်ခွင့်၊ လိင်တူချင်းဆက်ဆံမှုကို မိမိသဘောကျ ဆုံးဖြတ်ပိုင်ခွင့်
(၇) အတင်းအကျပ် အဓမ္မပြုကာ လိင်ဆက်ဆံခြင်း တို့မှကင်းလွတ်ခွင့်များပါဝင်သည်။
အမျိုးသမီးတိုက်ပွဲ ဒုတိယလှိုင်း၏အလယ် သဘောတရားများသည် တစ်ဦးချင်းဆိုင်ရာ နိုင်ငံရေးအယူအဆများ ဖြစ်လာသည်။
အမျိုးသမီးတစ်ဦးချင်းစီ၏ ခံစားချက်ပိုင်းနှင့် များစွာ သက်ဆိုင်လာသည်။ အမျိုးသမီးတစ်ဦးကို အထီးကျန်စွာ ပစ်ပယ်ထားပြီး ဖိနှိပ်ချုပ်ချယ်ထားခြင်းဖြင့် ဝေဒနာမခံစားစေသင့်ဆိုသော အယူအဆများ ခေတ်စားလာသည်။ ထိုအချိန်က လူမှုရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် အမျိုးသမီးများအတွက် နေရာသိပ် မရှိသေးသောကြောင့် ဖြစ်သည်။
ထိုအယူအဆများသည် ပြင်သစ်အတွေးအခေါ်ပညာရှင် Simone de Beauvoir နှင့် အမေရိကန် အမျိုးသမီးရေးလှုပ်ရှားသူ စာရေးဆရာမ Kate Millett တို့၏ အတွေးစာပေများဖြင့် ထွန်းကားလာစေခဲ့သည်။ အနောက်တိုင်း လူ့ဘောင်အဖွဲ့အစည်းသည် သူတို့၏ အရေးအသားများကြောင့် ဖိနှိပ်ခံနေရမှုများကို ပိုပြီး ဂရုစိုက်လာမိကြသည်။
Beauvoir က သူမ၏ The Second Sex (1949) တွင် အနောက်တိုင်းလူ့ဘောင်က ယောက်ျားတွေ မဟုတ်တာလုပ်လျှင် သာမန်ဟုယူဆပြီး၊ မိန်းမတွေ လိုက်လုပ်လျှင် ဖောက်ပြန်သည်ဟူ၍ ယူဆကြခြင်းကြောင့် မိန်းမများသည် ”သီးခြား” ဖြစ်သွားရသည်ဟု ထောက်ပြသည်။ အမျိုးသမီးများတွင်လည်း အထူးသီးသန့် ခံစားချက်များရှိသည်ကို အသိအမှတ်ပြုကြရန် သူက တောင်းဆိုထားသည်။
Kate Millett က သူမ၏ Sexual Politics (1970) တွင် အမျိုးသားများသည် အရာရာကို ဦးဆောင်ရမည် ဆိုသည့်အယူအဆကို မိသားစုနှင့် ယဉ်ကျေးမှုတွင် အတင်းအဓမ္မ လက်ခံစေခြင်း၊ အထူးသဖြင့် စာပေနယ်တွင် နေရာယူလွန်းခြင်းများကို ထောက်ပြဝေဖန်ထားသည်။
နောက်ပိုင်းတွင် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများပေါင်းစည်းညီညွတ်စွာဖြင့် သူတို့အပေါ် ယဉ်ကျေးမှုအရ လည်းကောင်း၊ နောက်ခံ သမိုင်းကြောင်းအရလည်းကောင်း ဖိနှိပ်မှုများကို တွန်းလှန်တိုက်ခိုက်ရန် တောင်းဆို လာကြသည်။
အမျိုးသမီးတိုက်ပွဲ ဒုတိယလှိုင်းသည် အမျိုးသမီးနှင့် အမျိုးသားများသည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကွဲပြားခြားနားမှုများကို အလေးအနက်ထားလာကြသည်။ စိတ်ပညာရှင် Sigmund Freud ၏ လေ့လာ ဆန်းစစ်ချက်အရ လူသားတိုင်းအတူတူဖြစ်သည်ဆိုသည့် အယူအဆကို ထောက်ပြကြသည်။
အမျိုးသမီးများ သည် အမျိုးသားများ နှင့်ကွာခြားချက်မှာ ခန္ဓာကိုယ်အချိုးအစား၊ ဟန်ပန်အနေအထားနှင့် ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းတို့သာဖြစ်သည်။ ယင်းအချက်သည် အဓိကကျသည့်အချက်ဖြစ်ပြီး ယောက်ျားထက် မိန်းမက သာလွန်သည့် အချက်ပင်ဖြစ်ရမည်။ ထိုကွာခြားချက်ကြောင့် နိမ့်ကျမှုမဖြစ်စေရဟူ၍ ထောက်ပြကြသည်။
အမျိုးသမီးတို့၏သဘာဝသည် အားနည်းချက်မဟုတ်။ အားနည်းသည်ဟူ၍ မယူဆသင့်ကြောင်း တင်ပြဆွေးနွေးလာကြသည်။ အမျိုးသမီးများသည် အသက်အန္တရာယ်ကြောင့်လည်းကောင်း၊ အလုပ်ခွင်တွင် အချိန်ပြည့်တာဝန်ထမ်းဆောင်လိုသည့်အတွက်ကြောင့်လည်းကောင်း လင်ယူသားမွေးခွင့်ကို ပြုချင်မှပြုနိုင် သည်ဆိုသည့် သဘောတရားများလည်း ခေတ်စားလာပြန်သည်။
အမျိုးသမီးတိုက်ပွဲတွင် သတိပြုစရာအချက်မှာ ယောက်ျားများသည် မိန်းမများကိုလွှမ်းမိုးလိုခြင်း၊ အားနွဲ့သူဟူ၍ ဆက်ဆံခြင်းများဖြစ်သည်။ ဥပမာ အမေရိကန်ပညာရှင် Mary Daly က သူမ၏ Gyn/Ecology (1979) စာအုပ်တွင် ယောက်ျားတွေကြီးစိုးသည့်ခေတ်တွင် မိန်းမများကို အတင်းအကျပ် ကာမဆက်ဆံခြင်းခံရရန် အတွက် မိန်းမဖြစ်နေရခြင်းနှင့်၊ ယောက်ျားတွေထင်တိုင်းပြုမူနိုင်ခွင့်ကို ငြိမ်သက်ခံရန် ဖြစ်နေရခြင်းကို ထောက်ပြထားသည်။
အမျိုးသမီးလှုပ်ရှားမှုကို ဦးဆောင်နေကြသူများက လိင်မှုဆိုင်ရာအကြမ်းဖက်မှုများကို မိမိ အိမ်တွင်းနှင့် ပြင်ပလောကခွဲခြားစရာမလိုကြောင်း၊ မိမိဇနီးမယားဆိုပြီး အဓမ္မကျင့်၍မရကြောင်း၊ ယောက်ျားကြီးစိုးသော ခေတ်ဆိုပြီး မိန်းမများကို ထင်တိုင်းနှိမ့်ချဆက်ဆံ၍ မရကြောင်း ဆွေးနွေးလာကြသည်။
အမျိုးသမီးရေးလှုပ်ရှားသူများတွင် ထင်ရှားသည့် အမေရိကန်မှ Andrea Dworkin ဆိုသူက ယောက်ျားများ သည် အမျိုးသမီးများ၏ ဝတ်လစ်စားလစ်ပုံများကို ကြည့်ပြီး အာသာဖြေခြင်းကို အကြမ်းဖက်မှုနှင့် နှိုင်းယှဉ် ထောက်ပြထားသည်။
အမျိုးသမီးများသည် မိမိကိုယ်ခန္ဓာကို မိမိပိုင်ဆိုင်ခွင့်ရှိသည်ဆိုသည့် အခွင့်အရေးသည် မိခင်လောင်းဘဝကို ခံယူချင်မှ ခံယူခွင့်ရှိသည်ဆိုသည့်အယူအဆနှင့်အတူ တိုက်ယူ၍ရလာသည့် သဘော တရားများဖြစ်သည်။
ယောက်ျားတွေကြီးစိုးလွှမ်းမိုးထား၍ မိန်းမဆိုသည်မှာ မျိုးဆက်ပြန့်ပွားရေးအတွက် တာဝန်ရှိသည်ဆိုသည့် အယူအဆနေရာတွင် မိန်းမများသည် အနာဂတ်အတွက် မိမိကိုယ်ပိုင် ရွေးချယ်ချက်ဖြင့် မျိုးဆက်ထားပိုင်ခွင့် ရှိသည်ဆိုသောအယူအဆများ ဝင်လာသည်။
အချို့သော အမျိုးသမီးရေး တိုက်ပွဲဝင် သူများက ဤနေရာတွင် အိမ်ထောင်ရှင်အမျိုးသမီးဘဝခံယူရန်ထက် တစ်ကိုယ်တည်း အပျိုကြီးဘဝခံယူပြီး မိခင်လောင်းဖြစ်ခွင့်၊ အမျိုးသမီးချင်း လိင်တူ ဆက်ဆံပေါင်းသင်းခွင့် များကို တိုက်ပွဲဝင်လာကြပြန်သည်။
မျက်မှောက်ခေတ်အမျိုးသမီးရေးရာ
အမျိုးသမီးရေးတိုက်ပွဲဝင်လှုပ်ရှားမှုများသည် ဥရောပဗဟိုပြု လှုပ်ရှားမှုများဖြစ်နေကြောင်းတွေ့ရသည်။ ဥရောပနှင့် မြောက်အမေရိက ယဉ်ကျေးမှုများကိုအခြေခံကာ တိုက်ပွဲဝင်လှုပ်ရှားနေကြခြင်းဖြစ်သည်။ အထူး သဖြင့် လူမည်းအမျိုးသမီးများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများအတွက် တိုက်ပွဲဝင်မှုများဖြစ်သည်။
ဥပမာ အိန္ဒိယနိုင်ငံသူ Gayatri Chakravorty Spivak က အင်္ဂလို-အမေရိကန် အမျိုးသမီးရေးဝါဒီများသည် သူတို့၏ သဘောတရားများကို ဖွံ့ဖြိုးဆဲနိုင်ငံများသို့ သွပ်သွင်းကာ အမျိုးသမီးများကို ”သီးခြား” မဖြစ်ဖြစ်အောင် အနောက်အမြင်ဖြင့် လုပ်နေကြသည်ဟု ဝေဖန်သွားသည်။
အနောက်မဟုတ်သည့် နိုင်ငံများတွင် အမျိုးသမီး ရေးရာနှင့်ပတ်သက်ပြီး သူ့လမ်းကြောင်းနှင့်သူ တိုက်ပွဲဝင်နေကြသည်သာ ဖြစ်သည်။ ဥပမာ လူမည်း အမျိုးသမီး များကို လူမျိုးစုအရ၊ လိင်အရ ခွဲခြားဆက်ဆံခြင်း ဆိုသည့် အယူအဆသည် အချို့နိုင်ငံများတွင် ဖြစ်နိုင်မည် မဟုတ်ပေ။
အာရှ၊ ကရစ်ဘီယံနှင့် အမေရိကန်ရောက်အာဖရိကတိုက် သားအမျိုးသမီးရေးဝါဒီများအနေဖြင့် နိုင်ငံရေးကို အသုံးချကာ လူမျိုးစု အစွမ်းပြရေးကို ဦးစားပေးဆောင်ရွက်နေကြသည်များလည်းတွေ့ရသည်။
လက်တင် အမေရိကနိုင်ငံ အမျိုးသမီးရေးဝါဒီများသည် မျိုးနွယ်၊ လူတန်းစား၊ လိင်ခွဲခြားမှုများကို တိုက်ပွဲဝင်နေကြသည် ဆိုသော်လည်း အမျိုးသမီးရေးရာကိစ္စများအပေါ်တွင်သာ အလေးထားဆောင်ရွက်လွန်းသည်ဟု ဝေဖန်ကြ သည်။
အစ္စလာမ်ဘာသာ ကိုးကွယ်သည့် တိုင်းပြည်များမှ တိုးတက်သည့် အမြင်ရှိသော ဘာသာရေး ခေါင်းဆောင်များသည် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်တိုက်ဖျက်ပေးလာပြီ ဖြစ်သည်။ တရားဝင်ဇနီးမယားများစွာယူခြင်း၊ အိမ်တွင်းပုန်းနေရခြင်း ဆိုသည့် အယူအဆများသာမက လင်ယောက်ျားကို ကွာရှင်းလိုလျှင် ကွာရှင်းပိုင်ခွင့်များကိုပါ အလေးထား စဉ်းစားလာကြပြီ ဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် အမျိုးသမီးရေးလှုပ်ရှားသူများက လက်ဖွဲ့ကြေးများစွာ ပေးဆောင်ရသည့်ဓလေ့ကို တိုက်ဖျက် နေကြပြီဖြစ်သည်။ လက်ဖွဲ့ကြေးနောက်ကွယ်တွင် ဖြစ်ပေါ်လာသည့် ” သေမင်းလက်ဖွဲ့ကြေး” ကိစ္စများသည် အိန္ဒိယနိုင်ငံတွင်ကြီးမားလာသည်။
သတို့သမီးဖြစ်သူဘက်က လက်ဖွဲ့ကြေးများစွာတင်တောင်းရခြင်းကြောင့် မပေးနိုင်သည့် မိဘများသည် ရှက်ရှက်နှင့် မိမိတို့သမီးကို သတ်ဖြတ်လိုက်ရမှု များလာသည့်အခါ အိန္ဒိယ လူ့ဘောင်တွင် လက်ဖွဲ့ကြေးကို တိုက်ပွဲဝင်သည်အထိ ဖြစ်လာသည်။
လိင်တူဆက်ဆံခြင်းကို ထောက်ခံသည့် စာရေးဆရာမများက အမျိုးသမီးရေးလှုပ်ရှားမှုသည် သူတို့လက်ခံသော စံကို အရေးမထားကြောင်း ထောက်ပြဝေဖန်ခဲ့သည်။ အမေရိကန်ကဗျာဆရာမ Adrienne Rich ဆိုသူသည် အမျိုးသမီးချင်းလိင်တူဆက်ဆံမှုကို သီဝရီများထုတ်ကာ တင်ပြဆွေးနွေးခဲ့သည့် လှုပ်ရှားသူတစ်ဦး အဖြစ်ထင်ရှားသည်။
သူမက အမျိုးသားများအနေဖြင့် အမျိုးသမီးများကို မျိုးဆက်ပြန့်ပွားရေးအတွက် မရှိမဖြစ် လိုအပ်သော သူများအဖြစ် သဘောထားကာ ဆက်ဆံနေသရွေ့ ထိုသဘောတရားကို ဆန့်ကျင်သည့်အနေဖြင့် လိင်တူချင်း ပေါင်းသင်းနေထိုင် ဆက်ဆံခြင်းကို ပြုသင့်ကြောင်းထောက်ခံ ဆွေးနွေးထားသည်။
လူမည်း အမျိုးသမီးရေးရာ လှုပ်ရှားသူများကဲ့သို့ Rich သည် နိုင်ငံရေးတွင် ပွင့်လင်းစွာ ပြောဆိုဆွေးနွေးပိုင်ခွင့် ရှိသကဲ့သို့ လိင်ကိစ္စတွင်လည်း လွတ်လပ်ခွင့်ရှိသင့်ကြောင်း ပြောဆိုဆွေးနွေး လှုပ်ရှားခဲ့သည်။
အမျိုးသမီးများ လွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး အတွေးအမြင်တင်ပြချက်များစွာရှိပါသည်။ အထူးသဖြင့် ဗြိတိန် နိုင်ငံတွင် မာ့က်စ်ဝါဒ အမျိုးသမီးရေး သဘောတရားက ပိုပြီးခေတ်စားသည်။ ဂျာမန်ဆိုရှယ်လစ် သဘော တရားရေးဆရာကြီးများဖြစ်ကြသည့် မာ့က်စ်နှင့် အိန်ဂျယ်တို့က အမျိုးသမီးများနှင့်ပတ်သက်သည့် အခွင့် အရေးကို စီးပွားရေးနှင့်နိုင်ငံရေးတွင် အပြည့်အဝရရှိနိုင်ရေး ဦးဆောင်ဆွေးနွေးခဲ့ ကြသည်။
လုပ်ငန်းခွင်အတွင်း ကျားမလိင်ခွဲခြားမှု မပြုရေး၊ ကလေးသူငယ်များ မခိုင်းစေရေး၊ တန်းတူညီမျှ အခွင့်အရေး ပေးရေးတို့အတွက် သီအိုရီများထုတ်ကာ ပြုစုရေးသားခဲ့ကြသဖြင့် နောင်အခါ ဆိုရှယ်လစ်၊ ကွန်မြူနစ် နိုင်ငံများအတွင်း အမျိုးသမီးထု၏ အခန်းကဏ္ဍသည် ရှေ့တန်းသို့ ရောက်လာခဲ့ရသည်။
အမေရိကန်နိုင်ငံတွင်လည်း ရုပ်ဝါဒ အမျိုးသမီးရေးလှုပ်ရှားမှုများခေတ်စားခဲ့သည်။ အမျိုးသမီးများသည် ရုပ်အခြေအနေ၊ လူမှုဆက်ဆံရေး အနေအထားများအရ လူတန်းစားတစ်ရပ်အနေဖြင့်သဘောထားကာ နှိမ့်ချဆက်ဆံခြင်းခံနေရသည်ဟု သူတို့က ထောက်ပြကြသည်။
မျက်မှောက်ကာလတွင် အမျိုးသမီးရေးတိုက်ပွဲများသည် ခေတ်လွန်ဝါဒတစ်ရပ်အနေဖြင့် နှောင်းကာလ အတွေးအခေါ်များကို တိုက်ပွဲဝင်နေကြသည်။ အမျိုးသမီးတိုင်း တန်းတူအခွင့်အရေးကို အပြည့်အဝ ရပိုင်ခွင့်ရှိကြောင်း၊ နောင်အနာဂတ်ကာလတွင် တိုက်ပွဲဝင်ရန်မလိုသည့်အနေအထားရရှိသည်အထိ လွတ်လပ် ခွင့်နှင့်တန်းတူ ညီမျှရပိုင်ခွင့်ရှိရမည်ဟု တိုက်ပွဲဝင်နေကြပြီဖြစ်သည်။
အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့၌ ယနေ့တိုင် လွတ်လပ်စွာ ပဋိသန္ဓေဖျက်ချခွင့်နှင့် တစ်လင်တစ်မယား စနစ်တို့အတွက်တိုက်ပွဲသည် မပြီးဆုံးသေး သည့် တိုက်ပွဲကြီးဖြစ်နေသေးသည်။
အမျိုးသမီးတိုက်ပွဲ၏ သက်ရောက်မှုများ
အမျိုးသမီး တိုက်ပွဲဝင်သူများကြောင့် အမျိုးသမီးရေးနှင့် ပတ်သက်ပြီး မျက်မှောက်ကာလတွင် အတော်လေး သတိမူလာကြသည်ဟု ဆိုနိုင်သည်။ တန်းတူညီမျှမဖြစ်မှု၊ နှိမ့်ချစွာဆက်ဆံခံနေရမှုများကို လူတို့ အလေး အနက်ထား စဉ်းစားလာကြသည်။
လုပ်ငန်းခွင်အတွင်း အမျိုးသမီးများ၏ အဆင့်အတန်းနှင့် မည်သို့ပြုမူ ဆက်ဆံနေရာပေးရမည်များကို ထည့်သွင်း စဉ်းစားလာကြရသည်။ လုပ်ငန်းခွင်အတွင်း အလုပ်ရှင် သို့မဟုတ် အထက်အရာရှိတို့၏ ထိကပါးရိကပါးလုပ်မှု၊ အဓမ္မဆက်ဆံခိုင်းစေမှု၊ လိင်မှုဆိုင်ရာအကြမ်းဖက်မှုများကို မပြုလုပ်ဝန့်သည်အထိ ဖြစ်လာကြသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အမျိုးသမီးများက အမျိုးသား များနည်းတူ တန်းတူ လုပ်ဆောင်ပြလာနိုင်ကြသဖြင့် အမျိုးသမီးအတွက် သီးခြားစဉ်းစားရမှုများ၊ လုပ်ခပြဿနာ များမရှိသည့် ခေတ်သို့ ရောက်လာသည်။
အမျိုးသမီးတိုက်ပွဲသည် လူ့ဘောင်ယဉ်ကျေးမှုကိုလည်း များစွာလွှမ်းမိုးခဲ့သည်။ မီဒီယာလောကတွင် သတင်းလိုက် သတင်းယူ သတင်းရေးရသည့်ကိစ္စများတွင် ကျားမခွဲခြား၍မရနိုင်အောင် တန်းတူ ညီမျှ အခွင့်အရေးတွေ ရလာသည်။ အမျိုးသမီးများ၏ အတွေးနှင့်အရေးကိုလည်း လူတိုင်းလက်ခံလာခဲ့ကြသည်။
အမျိုးသမီးတစ်ဦးသည် အမျိုးသားများနည်းတူ နေရာအနှံ့တာဝန်ယူလုပ်ဆောင်မှုများ၊ လှုပ်ရှားမှုများ ရှိလာ သည်။ အေအိုင်ဒီအက်စ်လှုပ်ရှားမှုများ၊ လိင်ခွဲခြားဆက်ဆံမှုမပြုရေး၊ နည်းပညာ၊ စစ်ပွဲစသည့် နေရာတိုင်းလိုလိုတွင် အမျိုးသမီးများ၏အခန်းကဏ္ဍသည် လျှော့တွက်၍မရနိုင်ပေ။
အချို့အမျိုးသမီးရေး လှုပ်ရှားမှုများသည် နျူကလီးယားလက်နက်များထိန်းချုပ်ရေး၊ ငြိမ်းချမ်းရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဆက်နွှယ်လာသည်ကိုလည်း တွေ့ရသည်။ နည်းပညာပိုင်းတွင် မျိုးဆက်ပြန့်ပွားရေးဆိုင်ရာ အယူအဆ သစ်များ၊ အငှားကိုယ်ဝန်ဆောင်မှုများကို အမျိုးသမီးများကို အမျိုးသားများက တာဝန်တစ်ရပ် အနေဖြင့် သတ်မှတ်ထားခြင်း၊ ထိန်းချုပ်နိုင်ရန်ကြံဆောင်ခြင်းတို့မှ ကင်းလွတ်စေရန် အားပေးထောက်ခံ တိုက်ပွဲဝင်လာမှုများလည်း လုပ်လာကြသည်။
အမျိုးသမီးရေး တိုက်ပွဲများသည် မျက်မှောက်ခေတ်ကာလ၏ မနုဿဗေဒ၊ လူမှုဗေဒ၊ စိတ်ပညာ၊ စာပေဝေဖန်ရေး၊ သမိုင်း၊ ဘာသာရေးနှင့် သိပ္ဋံပညာရပ်တို့ကိုလည်း များစွာသက်ရောက်မှု ရှိစေခဲ့သည်။
အမျိုးသမီးထုကို ကိုယ်စားမပြုသည့်အတွေးအမြင်များကို အမျိုးသမီး ပညာတတ်များက ညီညွတ်စွာလက်တွဲပြီး တိုက်ပွဲဝင်ခဲ့ခြင်းကြောင့် အမျိုးသမီးဆိုသည်မှာ နိမ့်ကျသည့်လူတန်းစားများ မဟုတ်တော့။ ဘဝရှင် မိန်းမသားများဟူ၍ ဟစ်ကြွေးနိုင်ရေးအတွက် ပေးဆပ်ခဲ့ရသည်တွေက များစွာရှိခဲ့သည်မှာ အမှန်ဖြစ်သည်။
အမျိုးသမီးဆိုသည်မှာလည်းလူ။ အမျိုးသားဆိုသည်မှာလည်းလူ။ နေရာတကာ ယောက်ျား နှင့်မိန်းမဆိုသည် မရှိ။ လူ့ဘောင်တွင် လူတွေက လူ့လုပ်ငန်းများ လုပ်ဆောင်ရင်းဖြင့် ချီတက်နေခြင်းဖြစ်သည်ဆိုခြင်းက လူသားသမိုင်း တစ်ခေတ်ကို ဆန်းသစ်စေခဲ့သည်ကတော့ အမှန်ပင်။
တင်ညွန့်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: