စစ်တကောင်းတောင်တန်းနယ်မှ ဗိုလ်မင်း အခွန်ဆက်သပွဲတော် ၅ ရက်တိုင်တိုင်ကျင်းပ


ထွန်းထွန်း
———–
ရှေးအစဉ်အလာမပျက် နှစ်စဉ်ကျင်းပနေသော ဗိုလ်မင်းအခွန်ဘဏ္ဍာ ဆက်သပွဲ(ဒေသ အခေါ် ပိုင်စရာ) ပွဲတော်ကို ဇန္န၀ါရီလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့ထိ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်)မြို့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းခဲ့ကြောင်း သတင်းရရှိသည်။

ပွဲတော် စတင်သည့် ဇန္န၀ါရီလ ၁၉ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် (၁၁) ဆက်မြောက် ဗိုလ်မင်း အောင်ရွှေဖြူသည် မင်းခန်း မင်းနားဖြင့် နောက်လိုက် နောက်ပါများ ခြံရံလျှက် သူ့၏ နေအိမ်အနီး ကွင်းပြင်တွင် ဆောက်လုပ်ထားသော မဏ္ဍပ်အတွင်းသို့ ၀င်ရောက်လာပြီး အခမ်းအနားကို ဗုဒ္ဓဘာသာ ဓလေ့ထုံးတန်းစဉ်လာနှင့်အညီ နမောတ ဿ သုံးကြိမ်ရွတ်ဆိုပြီး ဖွင့်လှစ် ပေးခဲ့သည်။

၎င်းနောက်ပိုင်း ဗိုလ်မင်း အောင်ရွှေဖြူသည် ရှေ့ရခိုင်- မြန်မာများ ၀တ်စားသည့် တောင်ရှည်ပုဆိုးနှင့် တိုက်ပုံအင်္ကျီကို ၀တ်ဆင်ပြီး ကိုယ်ရံတော်များ ခြံရံလျှက် သူအုပ်ချုပ်ခွင့်ရသော ရွာတော်ခရိုင် ဗိုလ်မင်းထောင်မှ ပြည်သူများ၏ ဂါရ၀ပြု ဘဏ္ဍာဆက်သခြင်းကို လက်ခံယူခဲ့သည်။

အဆိုပါ ဗိုလ်မင်းထောင် (ရွာတော်)ခရိုင်အတွင်းရှိ နယ်ပယ် အသီးသီးကို အပိုင်စားရသော ကာလာဘာရီ၊ ဟေရ်မန်နှင့် ရွာစားများက ဗိုလ်မင်းအား ဂါရ၀ပြုပြီး နယ်ပယ်အသီးသီးမှ ကောက်ခံရရှိထားသော အခွန် ဘဏ္ဍာငွေများနှင့် အရက်တစ်ပုလင်း၊ ကြက်တစ်ကောင်စီကို ဗိုလ်မင်းအား အခမ်းအနားတွင် ဆက်သခဲ့ကြသည်။

ပွဲတော်သို့ စစ်တကောင်း တောင်တန်းနယ်တွင် နေထိုင်သော ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ ဟိန္ဒူ များနှင့် နတ်ကိုးကွယ်သူ တောင်ပေါ်သားများလည်း တက်ရောက်ကြသည်။ ပွဲတော် အခမ်းအနားတွင် တက်ရာက် လာသော လူမျိုး အသီးသီးက သူတို့ ဘာသာစကားများဖြင့် ဗိုလ်မင်းအား ကောင်းချီး သြဘာ ပေးကြပြီး ဗိုလ်မင်း အောင်ရွှေဖြူမှလည်း တက်ရောက် လာကြသည့် ပရိသတ်များကို နုတ်ဆက် ကျေးဇူးတင် စကား ပြောကြားသည်။

ဗိုလ်မင်းထောင် ဒေသရှိ မာရမာ၊ မြို၊ မြုံ၊ တရိပူရ၊ သက်၊ လင်းဂဲ၊ ဒိုင်းနက် စသည့်လူမျိုးပေါင်းစုံမှလည်း ဗိုလ်မင်းအောင် ရွှေဖြူအား သူတို့ ရိုးရာအကများဖြင့် နံနက်ပိုင်းတွင်ကပြ တင်ဆက်ခဲ့ကြပြီး ညဥ့်ပိုင်းအချိန်တွင် ဘင်္ဂလီအကများ ဖြစ်သည့် စတိတ်ရှိုး၊ ဒေသခေါ် ဇက်တရာ အကများဖြင့်ဖြေဖျော်ကြသည်။ ရိုးရာစားသောက်ဆိုင် အများအပြားကို ဖွင့်လှစ်ရောင်းချကြပြီး ထိုအထဲတွင် ဒေသရိုးရာ အရက်ဆိုင်များမှာ အစည်ကားဆုံး ဖြစ်သည်။

ပိုင်စရာခေါ် ပဏ္ဍာဆက်သပွဲကို တနှစ်တွင် တစ်ကြိမ်ပြုလုပ်ပြီး ပွဲတော် ဖြစ်မြောက်ရေး အတွက် အစိုးရမှ တာဝန် ဆောင်ရွက်ပေးကြောင်း သိရသည်။ ပွဲတော် အခမ်းအနားသို့ ဒေသခံ ပြည်သူများသာမက အစိုးရကိုယ်စားလှယ်တော်များ၊ အရာရှိများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ လည်း တက်ရောက်ကြသည်။

သို့သော်ယခုနှစ်ပွဲမှာ တခြားနှစ်တွေကလိုစည် ကားမှုမရှိကြောင်း ရွာတော်မြို့တွင်နေထိုင်သူ ဦးသာကျော်က နိရဉ္စရာသို့ ပြောသည်။

“တခြား နှစ်တွေနဲ့စာရင် ဒီနှစ်ပွဲတော်ကို လူသိပ်မရောက်ဘူးလို့ပြောလို့ရတယ်။ လူတွေက စားဝတ်နေရေးအဆင်မပြေကြဘူး။ မာရမာခေါ် ကျွန်တော်တို့ ရခိုင်မျိုးနွယ်စုတွေက အရက်ချက်ဘ၀နဲ့ အငှားခံအလုပ်သမားတွေအဖြစ် တစစများလာတယ်။ တိုက်ပိုင်ရှင်၊ လယ်ပိုင်ရှင်တွေ မရှိသလောက် နည်းလာပါတယ်။ အစစအရာရာ လူမျိုးခြားလက်အောက် ရောက်ကုန်ပါပြီ။ အဲဒါကြောင့် တနှစ်ထက်တနှစ် လူအရောက် အပေါက်တွေ နည်းလာတာကို တွေ့ရပါတယ်” ဟုပြောသည်။

ဒေသခံပြည်သူများ အလာနည်းသွားသော်လည်း ဗိုလ်မင်းအား အခွန်ပဏ္ဍာဆက်သရန် ကာလာဘာရီ၊ ဟေရ်မန်နှင့် ရွာစားများ စုံစုံညီညီ တက်ရောက်ခဲ့သည်ဟု ရွာစားတစ်ဦးက ပြောသည်။

” သူတို့ကတော့ မလာလို့ မရဘူး။ ဒါကြောင့် နယ်တိုင်း ရွာတိုင်းက ကာလာဘာရီ၊ ဟေရ်မန်နှင့် ရွာစားတွေက စုံစုံညီညီ လာကြပါတယ်။ ဒီပွဲကလည်း ရွာစားတွေ၊ နယ်စား တွေက ဗိုလ်မင်းကို အခွန်ဆက်သဖို့ ကျင်းပရတာဖြစ်တဲ့အတွက် သူတို့က မလာလို့ မရဘူ။ ဒါကြောင့် ဗိုလ်မင်း လက်အောက်ခံ ဗိုလ်မင်းထောင်မှာရှိတဲ့ ရွာစားတွေ နယ်စား တွေ အားကုန်လုံးး မဖြစ်မနေစုံစုံညီညီလာကြရတယ်” ဟု ရွာစားက ပြောသည်။

အခွန်ဆက်သပွဲမှာ ယခုလက်ရှိ ဗိုလ်မင်းအောင်ရွှေဖြူအား ၁၅ ကြိမ်မြောက်အခွန်ဆက်သပွဲဖြစ်သည်။ လက်ရှိ ဗိုလ်မင်းထောင်တွင် နေထိုင်သည့် ဗိုလ်မင်းနှင့် သူ၏ ဆွေမျိုးများမှာ ဟံသာဝတီဘုရင် တပင်ရွှေထီးသားတော် မောင်စောပျံနှင့် နောက်လိုက်များဖြစ်ကြောင်း ယနေ့တိုင် ခံယူလျှက်ရှိသည်ဟု သိရသည်။ သူတို့အဆက်အနွယ်များအား ရခိုင်ဘုရင်မင်းရာဇာကြီးမှ ဟံသာဝတီမှ ယူဆောင်လာပြီး ဗိုလ်မင်းထောင်ကို အပိုင်စားပေးခဲ့ပြီး စစ်တကောင်းဒေသ ဗိုလ်မင်းထောင်ကို ၁၆၁၄ ခုနှစ် မောင်စောပျံ လက်ထက်မှ ယနေ့တိုင် အဆက်ဆက် အုပ်ချုပ်လျက် ရှိကြောင်း သူတို့ကပြောသည်။

အဆိုပါ ဒေသကို အုပ်ချုပ်ခဲ့သူ အင်္ဂလိပ်များလက်ထက်မှစပြီး စည်းမျဉ်းခံ အုပ်ချုပ်ရေးပုံစံ စနစ်ဖြင့်ထားရှိခဲ့ရာ ထိုစနစ်မှာတည်တံ့လျှက်ရှိသည်။ ဗိုလ်မင်းသည် ၎င်းကို၎င်း ဗိုလ်မင်းထောင် ( ဘင်းရိုင်ဘင် ခရိုင်)အား အပိုင်စား ရသူ နယ်စား တစ်ဦးအဖြစ်သာ သဘောထားပြီး ဘုရင်အဖြစ် သဘောမထားကြောင်း သိရသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: