ကတ္တီပါလမ်းခွဲ


ဒီနေ့အချိန်ဟာ နိုင်ငံရေးအမြင် အလွန်ရှုပ်ထွေးတဲ့ ကာလတခု ဖြစ်ပါတယ်။ ညီအစ်ကို မသိတသိ ကာလမျိုးလို့ ဆိုရပါမယ်။ ရန်သူလား၊ မိတ်ဆွေလား မကွဲပြားလောက်အောင် အမြင်ရှုပ်ထွေးတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီသမားပါလို့ ဆိုသူတွေထဲမှာတောင် ဗိုလ်ခင်ညွန့်ကို ခွင့်လွှတ် မေတ္တာထားပြီး ဦးဂမ္ဘီရ သော့ရိုက်ချိုး တာကို သဘောထားတင်းမာသူပါလို့ အပြစ်တင်ချင်သူတွေ ရှိနေကြတဲ့ ကာလဖြစ်ပါတယ်။

အတွေးအခေါ် ရှုပ်ထွေးရင် နိုင်ငံရေး ရှုပ်ထွေးပြီး ညီညွတ်ရေး ပြိုကွဲတတ်ပါတယ်။ ညီညွတ်ရေး ပြိုကွဲရင် ရန်သူဘက်က အနိုင်ရ အသာစီးရသွား တတ်ပါတယ်။ သတိကြီးကြီးထားနိုင်မှ တော်ကာကျပါလိမ့်မယ်။
စစ်အာဏာရှင်အုပ်စုအတွင်းမှာ အပျော့အမာကွဲနေတယ်လို့ ဆိုကြပါတယ်။ ဒီအပျော့အမာကိစ္စကို “ကြံ့ဖွံ့အစိုးရ၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ” ဆောင်းပါးမှာ ကျနော် ပြောခဲ့ဖူးပါတယ်။ အပျော့အမာတွေ ကွဲနေတယ်ဆိုတာ မှန်းဆချက်ပါ။ ဘယ်သူမှ အထောက်အထားနဲ့ သေသေချာချာ ပြောနိုင်တဲ့အရာ မဟုတ်ပါဘူး။ ဒါပေမယ့် အရင်က စစ်အာဏာရှင်အဆက်ဆက် လုပ်ခဲ့သလို ရာထူးဖြုတ် တာ တောရှင်းတာမျိုးတော့ မတွေ့ရသေးပါဘူး။ အဲသလို တောရှင်းတာမျိုး မတွေ့ရတဲ့အပြင် သူတို့ကို အပျော့အမာကွဲနေတယ်ဆိုပြီး လူတွေက ထင်ကြေးပေး မှန်းဆနေတာကို စစ်အစိုးရက နှစ်သက်နေသလား လို့တောင် ထင်စရာရှိပါတယ်။ သူတို့ကိုယ်တိုင်က တချို့က အမာပုံနဲ့ထွက်၊ တချို့က အပျော့ပုံနဲ့ထွက် ဆိုပြီး ဇာတ်တိုက် ကပြနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အရင်ကလည်း ဒါမျိုး လုပ်ခဲ့ဖူးပါတယ်။ စိန်လွင်က ဘီလူးဆိုင်းနဲ့ထွက်၊ ဒေါက်တာမောင်မောင်က အပျော့ဆွဲနဲ့ထွက် ဆိုတာမျိုး လုပ်ခဲ့ဖူးပါတယ်။ တကယ်တမ်းကျတော့ ဒီပုပ်ထဲက ဒီပဲတွေချည်းပါပဲ။
“ဘာပဲဖြစ်ဖြစ် ၈၈ မျိုးဆက်ကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုသဘောထားသလဲ ဆိုတာကတော့ အလွန်စိတ်ဝင်စား ဖို့ ကောင်းပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၀ ကျော်ကြာမှ လူချင်းပြန်ဆုံ တွေ့ခွင့်ရကြ သူတွေ ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ၈၈ အရေးတော်ပုံ၊ ၂၀၀၇ အရေးတော်ပုံကြီးတွေကို ကိုယ်တိုင် ဦးဆောင် ပါဝင်ခဲ့ကြသူတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူလူထုထောက်ခံမှု၊ နိုင်ငံတကာထောက်ခံမှုကို အကြီးမားဆုံးရရှိထားသူ ဖြစ်ပါ တယ်။ အားလုံးဟာ သူရဲကောင်းတွေပါ။ သူတို့ ဘယ်လိုများ လက်တွဲပြီး တိုင်းပြည်ကောင်းကျိုး သယ်ပိုးကြမလဲ ဆိုတာဟာ အားလုံးသိချင်ကြ သလို မျှော်လင့်နေကြတဲ့အရာလည်း ဖြစ်ပါတယ်” သူတို့ထဲမှာ အပျော့အမာ ကွဲမကွဲတော့ မသိဘူး။ ကျနော်တို့ထဲမှာတော့ အပျော့အမာ ကွဲနေပါပြီ။ ဗြန်းကနဲ နှစ်ခြမ်းကွဲထွက်တာမျိုးကို မျက်ဝါးထင်ထင် မတွေ့မြင်ရသေးပေမယ့် အတွေးအခေါ်အရ ကွဲနေပါပြီ။ စိတ်ဝမ်းကွဲနေကြပါပြီ။

ဒီလိုကွဲနိုင်တာမျိုးကို တွေးမိလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ရေး မဆုံးဖြတ်ခင်တုန်းက ရေးတဲ့ကျနော့်ရဲ့ “ကျုံးသွင်းခံရသော ဆင်ကြီး တကောင်” ဆောင်းပါးမှာ သတိပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် မူအရကွဲလာတဲ့အခါ လူအရတွဲဖို့ဆိုတာလည်း ခက်လာပါတယ်။ မလွဲမရှောင်သာ ကွဲလာကြပါတယ်။

အတွေးအခေါ်အကွဲရဲ့ အဓိကအက်ကြောင်းနေရာက ၂၀၀၈ အခြေခံဥပဒေ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေရဲ့ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်း ဖြစ် ပါတယ်။

၂၀၀၈ အခြေခံဥပဒေကို လုံးဝလက်မခံနိုင်တဲ့ အုပ်စုကို ခေါင်းမာသူတွေလို့ တခြားဒီမိုကရေစီသမားတွေက ခေါ်ကြပါတယ်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ပြတ်သားသူတွေလို့ ခံယူကြပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာမယ့် သူတွေကိုတော့ တခြားဒီမိုကရေစီအုပ်စု က ပျော့ညံ့သူတွေလို့ ခေါ်ကြပါတယ်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ပျော့ပျောင်းသူတွေလို့ ခံယူကြပါတယ်။ ဒီတော့ နှစ်ဦးနှစ်ဘက် လက်ခံနိုင် မယ့် ပြတ်သားသူနဲ့ ပျော့ပျောင်းသူ အပျော့နဲ့ အမာလို့ပဲ ကျနော်သုံးစွဲပါမယ်။

တချို့က ညီညွတ်ရေး ရှေးရှုပြီး အပျော့ကလည်း အပျော့၊ အမာကလည်း အမာ နည်းမျိုးစုံနဲ့ တပြိုင်တည်း လုပ်သွားကြမယ်လို့ ဆိုပါတယ်။ ဒီသဘောထားဟာ အမြော်အမြင်ကြီးမားတဲ့ အမြင်ပါ။ ဒါပေမယ့် တကယ်လက်တွေ့ ဖြစ်နိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာ ရှိလာပါတယ်။ ဘာ့ကြောင့် သံသယဖြစ်မိပါသလဲ။ ကျနော် ပြောပါမယ်။

ဒေါ်နော်အုန်းလှက လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ဖို့ ကြိုးစားတော့ Weekly Eleven က မီဒီယာပီပီ မီဒီယာနေရာ မနေဘဲ ဒီအချိန်မှာ ပွဲဖျက် နှောက်ယှက်လာရင် ဘယ်သူ့မှ သည်းမခံဘူးလို့ ပြောလာပါတယ်။ ဆရာဦးစိန်ဝင်းကလည်း ဒီအချိန်ဟာ လူကြီးလူကောင်းဆန်ဆန် လုပ်ရမယ့်အချိန်လို့ ဆိုလာပါတယ်။ ဒီမိုကရေစီဘက်ကနေ မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ ဆရာဦးစိန်ဝင်းလို ပုဂ္ဂိုလ်မျိုးကတောင် လမ်းပေါ်ထွက် ဆန္ဒပြသူတွေကို လူကြီးလူကောင်းမဟုတ်သလိုမျိုး ပြောထွက်လာတာကို တွေ့ရပါတယ်။ ၈၈ မှာ တနိုင်ငံလုံး လမ်းပေါ်ထွက်ခဲ့ကြလို့ ဒီနေ့ ဒီလောက် ဒီမိုကရေစီစကားပြောခွင့်ရလာတယ် ဆိုတာကိုတော့ သတိမေ့သွား သယောင်ယောင်ပါပဲ။ ဒါဟာ ပြတ်သားသူတွေကို ပျော့ပျောင်းသူတွေက ထိုးနှက်တိုက်ခိုက်ခဲ့တဲ့ နမူနာပါ။

မန္တလေးမှာ ဦးသောပါက ခေါင်းဆောင်တဲ့ ဆန္ဒပြသူ သံဃာတော်ငါးပါးကို ကြံ့ဖွံ့စစ်အစိုးရက ဖြိုခွဲတဲ့ကိစ္စမှာ ကျနော်တို့ရဲ့ ဒီမိုကရေစီ ဘက်တော်သားများဟာ သူတို့ဘက်ကနေ အားပေးကူညီမှု မပြုခဲ့ရုံသာမက အစိုးရဘက်ကိုကူညီပြီး ဆန္ဒပြသံဃာတော်တွေရဲ့ ရည်ရွယ်ချက် ပျက်ပြားအောင် လုပ်ဆောင်ခဲ့ပါတယ်။ သံဃာတော်တွေကို မစိုးရိမ်တိုက်ဟောင်းကနေ မောင်းထုတ်ခဲ့ပါတယ်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း စာနာစကားကလေးမှ ပြောဖော်မရဘဲ နှာစေးနေခဲ့ပါတယ်။ ဒါဟာလည်း ပြတ်သားသူ တွေကို ပျော့ပျောင်းသူတွေက တိုက်ခိုက်ထိုးနှက်ခဲ့တာနဲ့ လျစ်လျူရှုခဲ့တာရဲ့ နောက်ထပ် နမူနာပါ။
တောင်သူလယ်သမားတွေနဲ့ ကိုဖိုးဖြူတို့က လယ်သမားအခွင့်အရေးအတွက် ဆန္ဒပြကြတော့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နှာစေးပြန် ပါတယ်။ ဘာမှ အကူအညီမပေး။ ထောက်ခံမှု မပေးခဲ့ပါ။ ဖမ်းဆီးသူတွေ၊ တရားစွဲသူတွေကိုတောင်မှ တချက်ကလေး ဝေဖန်ဖော်မရပါ။

ဒီမိုကရေစီအခွင့်အရေးအတွက် ထောက်ခံပြောဆိုဖို့ရာ ဒီချုပ်ဘာကြောင့် ပျက်ကွက်ခဲ့ပါသလဲ။ ဦးသိန်းစိန်နဲ့ နားလည်မှု ပျက်ပြားမှာ စိုးလို့  နှုတ်ဆိတ်နေတာပါလား။ အသေးကလေးလို့ တွေးသူတွေ ရှိချင်ရှိကြပါလိမ့်မယ်။ ဒါပေမယ့် ဒီမိုကရေစီခေါင်းဆောင်တွေ ဒီမိုကရေစီအတွက် စကားမပြောရဲရင် ဒီတိုင်းပြည်ရဲ့ ဒီမိုကရေစီနောင်ရေးဟာ ရင်လေးစရာ ဖြစ်ပါလိမ့်မယ်။ တကယ်ဆိုရင် ဒေါ်စုနဲ့ NLD အနေနဲ့ ရေငုံနှုတ်ပိတ်နေတဲ့ အဖြစ်ဟာ မသင့်တော်ပါဘူး။ အချောင်ဆန်တဲ့ အပြုအမူ ဖြစ်ပါတယ်။ တာဝန်မဲ့တဲ့ အပြုအမူ ဖြစ်ပါတယ်။ လယ်သမားနဲ့ အစိုးရဖြစ်တာ ငါတို့နဲ့ မဆိုင်ဆိုပြီး ဘေးထွက်ထိုင်နေသလို ဖြစ်နေပါတယ်။ တကယ်လို့ ကိုဖိုးဖြူတို့လုပ်ရပ်ကို မကြိုက်လို့ မထောက်ခံနိုင်ဘူး ဆိုရင်လည်း မထောက် ခံနိုင်ကြောင်း ဘာ့ကြောင့် မလုပ်သင့်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောသင့်ပါတယ်။ ထောက်ခံတယ် ဆိုရင်လည်း ထောက်ခံကြောင်း ပြသသင့် ပါတယ်။ ဒီကိစ္စမျိုးမှာ ကြားနေလို့မရပါ။ လူထုခေါင်းဆောင်ဆိုတာ လူထုအရေးကို မသိချင်ယောင်ဆောင်နေရင်လည်း မသင့်တော်ပါ။

ဒီဖြစ်စဉ်ဟာလည်း ပျော့ပျောင်းသူတွေက ပြတ်သားသူတွေဘက်က မရပ်ဘဲ ဦးသိန်းစိန်ဘက်က ရပ်ခဲ့တဲ့ နောက်ထပ် ဥပမာတခု ဖြစ်ပါတယ်။
ထောင်ကျခံ တန်းကျခံပြီး ဟုတ်တိုင်းမှန်ရာကို ရဲရဲပြောခဲ့ကြသူတွေလည်း ဒီနေ့ခေတ်မှာ ဦးသိန်းစိန် အရိပ်အကဲကို အရိပ်တကြည့်ကြည့် ကြည့်ပြီး မပြောရဲ မဆိုရဲ ဖြစ်ကုန်ကြပါပြီလား။ ဒုက္ခခံစားကြရသူတွေကို ဥပေက္ခာပြုမှပဲ ဒီဆွေးနွေးရေးက အလုပ်ဖြစ်တော့မှာပါလား။ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ပါးစပ်လိုက်ပိတ်မှသာ ပြောင်းလဲရေးရှေ့ဆက်နိုင်မှာပါလား။ ဒါဆိုရင် သူတို့ပြောနေတဲ့ ပြောင်းလဲရေးဆိုတာ ဘယ်လိုပြောင်း လဲရေးပါလဲ။ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။

ဆရာတော် အသျှင်ဂမ္ဘီရက မဂ္ဂင်ကျောင်းတိုက်ကို သော့ရိုက်ချိုးပြီး ဝင်နေခဲ့ပါ တယ်။ နောက်ထပ် မတရားချိတ်ပိတ်ခံထားရတဲ့ကျောင်း နှစ်ကျောင်း ကိုလည်း သော့ ရိုက်ချိုးခဲ့ပါတယ်။ ဒါကိုလည်း ကျနော်တို့ရဲ့ ဒီမိုကရေစီသမားများဆိုသူတွေက ဥပဒေ ချိုးဖောက် ရကောင်းလားဆိုပြီး အပြစ်တင်ကြ ပါတယ်။ မတရားတဲ့ဥပဒေကို လိုက်နာ ဖို့ တောင်းဆိုနေကြပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီ အရေးအတွက် တောင်းဆို တိုက်ပွဲ ဝင်နေကြ သူတွေဖြစ်ပါတယ်။ စစ်အစိုးရထုတ်သမျှ ဥပဒေကို လိုက်နာနေမယ်ဆိုရင် ဘာမှ တိုက်ပွဲဝင် နေစရာ မလိုတော့ပါဘူး။ စစ်အစိုးရ ထုတ်ပြန်တဲ့ ဥပဒေတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တုပ်နှောင်ထားပြီး တိုက်ပွဲဝင်မယ်ဆိုရင် ကျနော်တို့ဟာ စစ်အစိုးရလက်ထဲမှာ ကလေး ကစားစရာ အရုပ်ကလေးတွေ လို ဖြစ်နေပါလိမ့်မယ်။ စစ်အစိုးရအနေနဲ့ ကျနော်တို့ ကို ဟန့်တားဖို့အတွက် ဘာမှ ကြိုးစားအားထုတ်နေစရာမလိုဘဲ ဥပဒေတမျိုးပြီးတမျိုး ထုတ်နေရုံပါပဲ။ ဥပဒေကို လေးစားလိုက်နာမှုမရှိတဲ့ ဆရာစံကို ဗြိတိသျှ နယ်ချဲ့အစိုးရက ပုန်ကန်သောင်းကျန်းသူ၊ သူခိုးဓားပြတွေလို့ခေါ်ပါတယ်။ ဆရာစံကို ကြိုးမိန့်ပေး သတ်ဖြတ်ခဲ့သူ ဒေါက်တာဘဦး ကိုတော့ လူကြီးလူကောင်း ဥပဒေသမား တရားသူကြီးလို့ သဘောထားပါတယ်။ ပြည်သူတွေရဲ့သမိုင်းက ဆရာစံနဲ့ ဒေါက်တာဘဦးကို ဘယ်လိုဆုံးဖြတ်သလဲ ဆိုတာကိုတော့ ပြည်သူအားလုံး သိကြတဲ့ အတိုင်းပါပဲ။

တကယ်တော့ ဆရာတော် ဦးဂမ္ဘီရကို ငြိုငြင်ကြတာဟာလည်း အပျော့သမားတွေရဲ့ စိုးရိမ်ပူပန်မှုဖြစ်ပါတယ်။ ဆရာတော်ရဲ့ ရဲရဲတောက် အပြုအမူတွေဟာ စစ်တပ်အတွင်းက သဘောထားတင်းမာသူတွေအတွက် စိုးရိမ်ပူပန်စရာတွေ ဖြစ်နေလေမလား။ သဘောထား တင်းမာသူတွေက စိုးရိမ်ပူပန်ကြရင် အပျော့သမားဆိုတဲ့ သမ္မတ ဦးသိန်းစိန် ဒုက္ခရောက်မလား။ ဒေါ်စုရဲ့ တွေ့ဆုံဆွေးနွေးရေးကို အနှောက်အယှက်ဖြစ်မလားဆိုတဲ့ စိုးရိမ်ပူပန်မှုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ စဉ်းစားကြဖို့က အပြောင်းအလဲ ဖြစ်လာဖို့အတွက် သူတို့ စိတ်ကောက်မှာကို စိတ်ပူနေကြရတယ် ဆိုရင် ကျနော်တို့မျှော်လင့်နေကြတဲ့ အပြောင်းအလဲဆိုတာဟာ ဘယ်လောက်ခိုင်မာသလဲ ဆိုတဲ့အချက်ပါ။ သူတောင်းစားလို လက်ဖြန့်တောင်း ခံနေလို့ ဒီမိုကရေစီရမယ်လို့ ကျနော်တို့မယုံကြည်ပါဘူး။ သူတို့ စေတနာ သဒ္ဓါပေါက်မှ ပေးမယ့် ဒီမိုကရေစီမျိုးကို ကျနော်တို့ မမျှော်ကိုးပါဘူး။
အခြေခံဥပဒေကို ပြန်ဖတ်ကြည့်ကြပါ။ ကျနော်တို့ သိပ်ကြိုးစားကြလို့ နောက်ဆုံးတနေ့မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရင်တောင် စစ်တပ်က ပြန်ပြီး အာဏာသိမ်းလိုက်ရင် တချက်ပါပဲ။ အခြေခံဥပဒေက သူတို့အတွက် ဒီလောက် အာမခံချက်ရှိလို့ စစ်အစိုးရဟာ အခုလို ဖွင့်ကစားနေတာပါ။

ခေါင်းမာတဲ့သူတွေ စိတ်ကောက်မှာစိုးလို့ ကိုယ်လူ့အချင်းချင်းကို ဟို့လူ့ပါးစပ် လိုက်ပိတ်၊ ဒီလူ့ပါးစပ် လိုက်ပိတ် လုပ်နေတာဟာ ဘယ်သူတွေ အကျိုးရှိနေပါသလဲ။ ကိုယ့်ရဲဘော်ရဲဘက်တွေအပေါ်မှာရော တရားပါရဲ့လား။ ဒီလိုလုပ်ရပ်တွေကြောင့် ကိုယ့်နောက်က လူထုတရပ်လုံးမှာ အတွေးအခေါ်တွေ ဘယ်လောက်ရှုပ်ထွေးကုန်ပါပြီလဲ။ လူထုကြားမှာ ဘယ်လောက် အငြင်းအခုန် ဖြစ်ကုန်ကြပါပြီလဲ။ ဘယ်လောက် တွေဝေ ကုန်ပါပြီလဲ။

ဘယ်လောက် တွေဝေကုန်ပြီလဲဆိုရင် လမ်းပေါ်ထွက်ဆန္ဒပြဖို့ ပြောရင် ပြောတဲ့သူကို ခေတ်မမီတဲ့သူ၊ ငပေါငကြောင်လို့တောင် ထင်လာပြောလာ ကြတဲ့ အထိပါပဲ။ လူထုအဖွဲ့အစည်းတွေဟာ ကျနော်တို့ရဲ့အင်အားဖြစ်ပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြတာဟာ လူထုအင်အားကို ပြသတာ ဖြစ်ပါ တယ်။ လမ်းပေါ်ထွက်ဆန္ဒပြတာလောက် ဘာကိုမှ စစ်အစိုးရက အရေးမလုပ်ဘူးဆိုတာကို ကျနော်တို့ အကြိမ်ကြိမ် တွေ့ခဲ့ကြပြီးပါပြီ။ ဘယ်လို အာဏာရှင်စနစ်မျိုးပဲ ဖြစ်ပါစေ၊ လူထုရဲ့သဘောထား၊ လူထုရဲ့ဆန္ဒကို လုံးဝလျစ်လျူရှု ပစ်ပယ်ပြီး ရေရှည်ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် တနည်းနည်းနဲ့ လူထုထောက်ခံမှုကို ရယူဖို့ ကြိုးစားကြ ပြသကြရတာချည်းပါပဲ။ ကြံ့ဖွံ့တွေက လူထုသဘောထား ဆန္ဒခံယူပွဲဆိုပြီး အတုအယောင်ပွဲကြီးတွေ ဖန်တီးခဲ့တာတွေဟာ အဲသလို ကြိုးစားမှုတွေရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။

တကယ်တမ်း စစ်အစိုးရကို ရွေ့လာအောင် လှုပ်လာအောင် လုပ်နိုင်တာဟာလည်း လူထုလှုပ်ရှားမှုတွေသာ ဖြစ်ပါတယ်။ ၁၉၈၈ လူထုလှုပ်ရှားမှု ကြီးကြောင့်သာ ၁၉၉၀ ခုနှစ်မှာ ဒီချုပ် မဲနိုင်တဲ့ ရွေးကောက်ပွဲ ပေါ်ပေါက်လာတာပါ။ ၂၀၀၇ ခု သံဃာ့အရေးအခင်းကြီးကြောင့်သာ ၂၀၁၀ ခုနှစ်မှာ စစ်အစိုးရဟာ မလွဲမရှောင်သာ ရွေးကောက်ပွဲကျင်းပလာခဲ့ရတာ ဖြစ်ပါတယ်။

ကိုမင်းကိုနိုင် ထောင်ကလွတ်လာတော့ ဓားအိမ်ကိုကြည့်လို့ ဓားကောင်းမှန်းမသိရင်၊ ဓားကိုထုတ်ပြရဲတဲ့ သတ္တိရှိသလားလို့ မေးခဲ့ ပါတယ်။ လူထုက တခဲနက်ထောက်ခံပါတယ်။ ကိုမင်းကိုနိုင်က အရပ်သားအစိုးရကို သံသယရှိပေမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ပါးစပ်ပိတ်ထားပေး မယ်လို့ ဆိုပါတယ်။ ကိုမင်းကိုနိုင်ဟာ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပါမယ့်အကြောင်း ဝန်ခံလက်မှတ်ရေးထိုးချင်စိတ် ရှိပုံမရပါဘူး။ ကိုကိုကြီးကလည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်တာကို ထောက်ခံရတာဟာ အင်မတန်စွန့်စားရတဲ့ ထောက်ခံမှုလို့ ဆိုပါတယ်။

ဒါပေမယ့် ၈၈ မျိုးဆက်ထဲမှာ ဒေါ်စု ရွေးကောက်ပွဲဝင်တာကို နှစ်နှစ်ကာကာထောက်ခံ သူတွေလည်း ရှိကြပါတယ်။

အပျော့သမားတွေက ကိုမင်းကိုနိုင်ရဲ့ဓားကိုလည်း စိုးရိမ်ပုံရပါတယ်။ ကိုမင်းကိုနိုင်ရဲ့ လူထုထောက်ခံမှုပမာဏကလည်း သိပ်ကြီးမားလို့ အတိ အလင်း ဝေဖန်ပြောဆိုသံမျိုးကိုတော့ သိပ်မကြားရပါဘူး။

ဒါပေမယ့် မစန္ဒာမင်းကို ထောင်ကလွတ်အလာစောင့်ပြီး ရွေးကောက်ပွဲဝင်ဖို့နေရာချန်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၈၈ မျိုးဆက်ကျောင်းသားတွေကိုတော့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တာမျိုး မတွေ့ရပါဘူး။ (ကျနော် မသိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။) ဘာပဲဖြစ်ဖြစ် ၈၈ မျိုးဆက်ကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုသဘောထားသလဲ ဆိုတာကတော့ အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၀ ကျော်ကြာမှ လူချင်းပြန်ဆုံတွေ့ခွင့်ရကြသူတွေ ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ၈၈ အရေးတော်ပုံ၊ ၂၀၀၇ အရေးတော်ပုံကြီးတွေကို ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ကြ သူတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူလူထုထောက်ခံမှု၊ နိုင်ငံတကာထောက်ခံမှုကို အကြီးမားဆုံးရရှိထားသူ ဖြစ်ပါတယ်။ အားလုံးဟာသူရဲကောင်းတွေပါ။ သူတို့ ဘယ်လိုများလက်တွဲပြီး တိုင်းပြည်ကောင်းကျိုး သယ်ပိုးကြမလဲဆိုတာဟာ အားလုံးသိချင်ကြသလို မျှော် လင့်နေကြတဲ့အရာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် စောစောက ပြောခဲ့တဲ့ ဥပမာတွေကို ထောက်ထားကြည့်ရင် ဒီမိုကရေစီသမားတွေ အကြားမှာ အပျော့အမာ လက်တွဲပြီး တအုပ်စုနဲ့ တအုပ်စုအကြားမှာ အကူအညီပေး ချီတက်ကြဖို့ ဆိုတာဟာ အပြောလွယ်သလောက် လက်တွေ့ သိပ်မလွယ်လှဘူးဆိုတာ တွေ့လာရပါတယ်။ ဒါ့ကြောင့် သံသယဖြစ်မိတယ်လို့ ကျနော် ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ကျနော်တို့မှာ ရွေးချယ်စရာ မရှိပါဘူး။ နည်းမျိုးစုံ၊ အသွင်သဏ္ဍန်မျိုးစုံနဲ့ ချီတက်ရေးလမ်းကြောင်းဟာ ကျနော်တို့အနေနဲ့ မလွဲမရှောင်သာ သွားရတော့မှာပါ။ ဒီတော့ မလွယ်လှဘူးဆိုတဲ့ ကိစ္စကို ဖြစ်အောင်လုပ်ကြရပါတော့မယ်။ တကယ်တမ်း ဒီလို သွားရတော့မယ်ဆိုရင် တဘက်နဲ့ တဘက် စည်းစောင့်ကြဖို့ တတ်နိုင်သမျှ တဘက်နဲ့တဘက် ကူညီကြဖို့၊ အတွေးအခေါ်အရရော၊ လက်တွေ့အရပါ တဘက်ကို တဘက် အနှောက် အယှက်မပေးကြဖို့ဟာ သိပ်အရေးကြီးပါတယ်။

ပြတ်သားသူတွေဘက်က ရွေးကောက်ပွဲဝင်သူတွေကို မဝင်ပါနဲ့လို့ မတားရုံသာမက သဘောထားကြီးကြီးနဲ့ ဝန်းရံပေးပါမယ်လို့တောင် ဆိုခဲ့ကြပါပြီ။ ပါးစပ်ပိတ်ပေးသူတွေကလည်း ပိတ်ပေးခဲ့ကြပါပြီ။ ပြတ်သားသူတွေဘက်က ဒီလို သဘောထားကြီးကြသလို ပျော့ပျောင်းသူတွေဘက်ကလည်း သဘောထားကြီးကြဖို့ လိုပါတယ်။ ဆန္ဒပြတာ ဒေါ်စုကို နှောက်ယှက်တယ်လို့ မပြောပါနဲ့။ ဒေါ်စုကို ဆန္ဒပြတာမဟုတ်၊ စစ်အစိုးရကို ဆန္ဒပြနေတာ ဆိုတာကို နားလည်ပေးဖို့ လိုပါတယ်။

ပြတ်သားသူတွေနဲ့ ဦးသိန်းစိန်ကြားမှာ ပျော့ပျောင်းသူက ကြားက ဝင်လာတာမျိုးဟာ ပြတ်သားသူတွေအတွက် အခက်တွေ့စေနိုင်ပါတယ်။ ဦးသိန်းစိန်ရှေ့မှာ ပျော့ပျောင်းသူတွေက ဒိုင်းလုပ်ပြီး အကာအကွယ်ပေးနေရင် ပြတ်သားသူတွေ အခက်တွေ့စေနိုင်ပါတယ်။ အဲသလို အခက်တွေ့ရင် စိတ်ဝမ်းကွဲပြားမှုတွေ တိုးပွားလာပြီး ညီညွတ်ရေး ပျက်ပြားမှာကို စိုးရိမ်ရပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်ကာလတုန်းက ဒေါ်အောင်ဆန်းစုကြည် ရှိနေသမျှမှာ လူထုဆန္ဒပြပွဲတွေဖြစ်မှာကို စိုးရိမ်စရာမလိုဘူးလို့ ဗိုလ်သန်းရွှေ က ပြောကြောင်း သတင်းတခု ထွက်ခဲ့ဖူးပါတယ်။ ဒီသတင်း မှန်နေသလားဆိုတာ အခု ပြန်စဉ်းစားစရာ ဖြစ်နေပါတယ်။ လူထုတွေ ဆန္ဒမပြဖို့၊ လူထုလှုပ်ရှားမှုတွေ မလုပ်ဖို့အတွက် ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေသလားဆိုတာမျိုးတောင် စဉ်းစားစရာ ဖြစ်လာပါပြီ။ လူထုဆန္ဒပြပွဲ၊ လူထုလှုပ်ရှားမှုတွေကို ဒေါ်အောင်ဆန်းစုကြည် တခါမှ ဦးမဆောင်ခဲ့ဖူး၊ မပါဝင်ခဲ့ဖူးပါဘူး။

၁၉၈၈ ခု၊ ၂၀၀၇ ခု လူထုလှုပ်ရှားမှုတွေဟာ ဒေါ်စု မပါတဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်ပြီး ဒေါ်စုကတော့ အဲဒီ လူထုလှုပ်ရှားမှုတွေရဲ့ အောင်သီးအောင်နှံ ကို စားသုံးခွင့်ရသူသာ ဖြစ်ပါတယ်။ တကယ်တမ်း ဒေါ်စုကသာ ခေါင်းဆောင်မယ်ဆိုရင် လူထုက နောက်ကလိုက်ဖို့ အဆင်သင့်ပါ။ ဒါပေမယ့် ဒေါ်စုဟာ လူထုလှုပ်ရှားမှုကို ဘယ်တုန်းကမှ အားမပေးခဲ့ပါဘူး။ ဦးမဆောင်သလို ကိုယ်တိုင်လည်း မပါဝင်ဖူးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူထုလှုပ်ရှားမှုကို မယုံကြည်ရင်လည်း ရှိပါစေ။ လူထုရဲ့ အားပေးယုံကြည်မှု ရထားသူ ခေါင်းဆောင်တယောက် အနေနဲ့ သူယုံကြည်တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်တာကို တလေးတစား စောင့်ကြည့်သည်းခံပါ့မယ်။ ဒါပေမယ့် လူထုလှုပ်ရှားမှုတွေကို မဟန့်တားစေ ချင်ပါ။ ဒေါ်စု ကိုယ်တိုင် ဟန့်တားတာမျိုးကို ကျနော် တွေ့လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ဒေါ်စု လုပ်သမျှ ထောက်ခံသူတွေက လူထုလှုပ်ရှားမှု ကို ဟန့်တားကန့်ကွက် ရှုတ်ချလာတာမျိုးတွေ၊ တိုက်ခိုက်ထိုးနှက်လာတာမျိုးတွေ ရှိနေလို့ ပြောတာပါ။ ဒီရှုတ်ချမှုတွေ၊ တိုက်ခိုက်ထိုးနှက်မှုတွေ ဟာ ဒေါ်စု နှုတ်ဖျားကနေ တိုက်ရိုက်ထွက်မလာပေမယ့် ဒေါ်စုရဲ့ဆန္ဒ၊ ဒေါ်စုရဲ့အမြင်ကို တိုက်ရိုက်ထင်ဟပ်နေပါတယ်။

ဒီအချိန် ဒီအခါမှာ ညီညီညွတ်ညွတ် ချီတက်ကြဖို့ဆိုရင် ကိုယ့်တပ်ကိုယ် ပြန်မနင်းကြဖို့ လိုပါတယ်။ ကိုယ့်လူပါးစပ်ကိုယ် လိုက်မပိတ်ဖို့ လိုပါတယ်။ သမ္မတကြီး အထင်လွဲမှာစိုးလို့၊ ခေါင်းမာဂိုဏ်းတွေ ကြောက်ပြီး နောက်ပြန်ဆုတ်သွားမှာစိုးလို့ ပြတ်သားသူတွေကို ငြိမ်ငြိမ်နေကြလို့ တားဆီးတာမျိုး မလုပ်ဖို့ လိုပါတယ်။

နောက်ထပ် ပြောချင်တာတခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကျနော် ဝေဖန်ခဲ့ပါတယ်။ ခုလည်း ဝေဖန်နေဆဲပါ။ ဒါပေမယ့် ဒါဟာ တိုက်ခိုက်တာ မဟုတ်ဘူးဆိုတဲ့ အချက်ကို အလေးအနက် ပြောချင်ပါတယ်။ ဒေါ်စုနဲ့ NLD ကို ဒီမိုကရေစီအရေးအတွက် ပြတ်ပြတ် သားသား ရပ်တည်စေချင်လို့သာ အခုလို ဝေဖန်တာဖြစ်ပါတယ်။ ဆက်ပြီးလည်း ဝေဖန်ဦးမှာပါ။

ဒီလို ဝေဖန်တာဟာ မျှော်လင့်ချက်ထားနေသေးလို့သာ ဖြစ်ပါတယ်။ ညီညွတ်ရေး ပျက်ပြားအောင် ဝေဖန်တာ မဟုတ်ပါဘူး။ ညီညွတ်ရေး မပျက်ပြားစေချင်လို့ ဝေဖန်တာဖြစ်ပါတယ်။

အခုထိ ပြောခဲ့တာဟာ ဒီမိုကရေစီအင်အားစုတွေအကြားမှာ ညီညွတ်ရေး မပျက်ပြား မထိခိုက်ဘဲ သူ့လမ်းသူလျှောက် ကိုယ်လမ်းကိုယ်လျှောက် နည်းအမျိုးမျိုးနဲ့ ချီတက်နိုင်ရေးအတွက် ညှိနှိုင်းတဲ့သဘောပါ။

ကျနော်တို့အကြားမှာ အမြင်ကွဲတွေ ရှိနေတာကိုတော့ အရှိကို အရှိအတိုင်း လက်ခံကြပါစို့။ ဒီနေ့အချိန်မှာ ကျနော်တို့ လက်မခံလို့ မရတော့ပါဘူး။ ဒါကို လက်ခံမှလည်း ကျနော်တို့ ရှေ့ဆက်လို့ ရမှာပါ။ အမြင်ကွဲတာကို လက်ခံပြီး ကျနော်တို့ လမ်းခွဲလျှောက်ကြရအောင်ပါ။ ဒါပေမယ့် လမ်းခွဲလျှောက်ကြတဲ့အခါ ရန်သူတွေလို မခွဲဖို့၊ သူစိမ်းတွေလို မခွဲဖို့ ဒီဆောင်းပါးကို ရေးတာဖြစ်ပါတယ်။ မိတ်ဆွေတွေလို ခွဲဖို့၊ ရဲဘော်ရဲဘက်တွေ လို ခွဲဖို့ ဒီဆောင်းပါးကို ရေးပါတယ်။ ညင်သာပျော့ပျောင်းတဲ့ ခွဲလျှောက်နည်း ကတ္တီပါလမ်းခွဲ ခွဲကြဖို့ ဖြစ်ပါတယ်။

နောက်တပတ်ဆက်ရေးမယ့် ဆောင်းပါးမှာတော့ ရွေးကောက်ပွဲမှမဝင်ရင် ဘာဆက်လုပ်မလဲ၊ ဒါကလွဲပြီး တခြား ဘာဆက်လုပ်စရာ ရှိသေးလို့လဲ လို့ မေးခွန်းထုတ်ကြသူတွေအတွက် ကျနော်တို့ ဘာဆက်လုပ်ကြမယ်ဆိုတာကို ပြောပါမယ်။

ဘာထားပြတ်သားသူ၊ ရွေးကောက်ပွဲလမ်းကြောင်း မလိုက်လိုသူတွေအတွက် ရှေ့ဆက်လုပ်ကြရမယ့် အပိုင်းကို ဆက်ပြီး ဆွေးနွေးချင်ပါတယ်။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

http://www.drlunswe.blogspot.com/2012/01/blog-post_1624.html မှ ကူးယူဖေါ်ပြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: