စံပြုအပ်သော ပင်လုံအစဉ်အလာ


ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ခေတ်သစ်သမိုင်းတွင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် စံပြုအပ်သော သမိုင်းမှတ်တိုင် နေ့ တစ်နေ့ဖြစ်သည်။ ထိုနေ့တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာနိုင်ငံရေးခေါင်းဆောင်များနှင့် တိုင်းရင်းသား သွေးချင်းညီနောင် များ ခေါင်းဆောင်များသည် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး၍ လွတ်လပ်ရေးကို အတူတကွ ရယူကြမည်ဟူ၍ သိန္နိဋ္ဌာန် ချမှတ်ခဲ့ကြသည်။ ပင်လုံစာချုပ်သည် ပြည်ထောင်စုကြီးပေါ် ထွန်းရေးအတွက် တိုင်းရင်းသားခေါင်းဆောင်များ တညီတညွတ်တည်း သဘောတူညီခဲ့သော ကတိ စာချုပ်ဖြစ်သည်။

ပင်လုံစာချုပ်ရေးထိုးခဲ့သောနေ့ သည် နယ်ချဲ့သမားတို့၏ မြန်မာ ပြည်မကိုသာလွတ်လပ်ရေးပေးပြီး ချင်း၊ ကချင်၊ ရှမ်း စသော တောင်တန်းဒေသ များကို ချန်လှပ်ထားရန် ကြံစည်ခဲ့မှုကို လက်မခံဘဲ ပြည်မနှင့် ပြည်ထောင်စုသားတို့၏ အတူတကွ အေးအတူပူအမျှ ဥမကွဲသိုက်မပျက်ပဲ လွတ်လပ်ရေးယူမည်ဟူသော အခိုင်အမာ ဆုံးဖြတ်ချက်ချခဲ့သည့် ပြည်ထောင်စုနေ့ဖြစ်သည်။ ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သော အောင်မြင်မှု သည် မြန်မာ့ခေါင်းဆောင်ဗိုလ်ချုပ်အောင် ဆန်းအား တိုင်းရင်းသားလူမျိုးများ၏ ယုံကြည်စိတ်ချ လေးစားမြတ်နိုးအားကိုးမှုကို ပြသမှု မှတ်ကျောက်ဖြစ်သည်။

၁၉၄၅ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သော နေသူရိန်အစည်းအဝေးပွဲကြီး၏ တခဲနက် တောင်းဆိုချက်အရ နယ်ချဲ့အစိုးရသည် လွတ်လပ်ရေးအတွက်ဆွေးနွေးရန် မြန်မာကိုယ်စားလှယ်များကို ဖိတ်ခေါ်သည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလတွင် ဗိုလ်ချုပ်အောင်ဆန်း   ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်များသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သို့ သွားရောက်ခဲ့၍ နန်းရင်းဝန်အက်တလီနှင့် ဆွေးနွေးသည်။ နယ်ချဲ့အစိုးရသည် မြန်မာပြည်ကို လွတ်လပ်ရေး မပေးမဖြစ် ပေးရလျှင် ရှမ်းပြည်စသော တောင်တန်းဒေသများကို လွတ်လပ်ရေးမပေးလိုဘဲ ချုပ်ကိုင်ထားလိုသည်။

၁၉၄၅ ခုနှစ်တွင် ဗြိတိသျအစိုးရ၏ မြန်မာပြည်ဆိုင်ရာ အတွင်းဝန် အေလာရီသည် အိန္ဒိယတွင်ရှိသော မြန်မာပြည်ဘုရင်ခံ ဒေါ်မန်စမစ်က အစီရင်ခံစာတင်သွင်းရာ၌ မြန်မာပြည်ကို လွတ်လပ်ရေးပေးရမည့် အခြေအနေသို့ ရောက်သောအခါ ဗြိတိ သျှအစိုးရ၏ ကာကွယ်ရေးစီးပွားရေး ဘက်မှကြည့်လျှင် တောင်တန်းဒေသကို ဗြိတိသျှလက်အောက်၌ အနှစ် ၃၀ မျှထားမှသင့်မည်ဖြစ်သည်။ တောင်တန်းဒေသကို ဗြိတိသျတို့က ထိန်းသိမ်းထားရန် အထူးလိုအပ်သည်ဟူ၍ တင်ပြခဲ့သည်။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လွတ်လပ်ရေးအတွက် အင်္ဂလန်နိုင်ငံ လန်ဒန် (ဘိလပ်) တွင် ဆွေးနွေးနေစဉ်တွင် ဗြိတိသျှနှင့် ဗြိတိသျှအလိုတော်ရိများသည် နောက်ပိုင်းမှ တောင်တန်းနှင့် ပြည်မကိုသွေး ခွဲရန် အားထုတ်ကြံစည်ဆောင် ရွက်မှု ပြုခဲ့သည်။

နယ်ချဲ့လက်ပါးစေတို့သည် နူးညွတ်လွယ်သော စော်ဘွားအချို့ကို သွေးခွဲဆွဲဆောင်ခဲ့သည်။ နယ်ချဲ့လက်ပါးစေတို့၏ စကားကို နားယောင်ယုံလွယ် မိသော စော်ဘွားအချို့သည် ဗြိတိသျနန်းရင်းဝန် အက်တလီထံသို့ ‘ယခုရောက်ရှိနေသော ဗိုလ်ချုပ်အောင်ဆန်းသည် ကျွန်ုပ်တို့ ရှမ်းပြည်စော်ဘွား များ၏ ကိုယ်စားလှယ်မဟုတ်။ တောင်တန်းနယ်များကိစ္စကို ဆွေးနွေးရန်ရှိပါလျှင် ကျွန်ုပ်တို့စော်ဘွားများအား သီးသန့် ဖိတ်ခေါ်ဆွေးနွေးစေ လိုပါ သည်’ ဟူ၍ ကြေးနန်းတစ်စောင် ရိုက်ပေးပို့ခဲ့သည်။ ထိုကြေးနန်းစာကို နန်းရင်းဝန် အက်တလီလက်ခံရရှိသောအခါ ဗိုလ်ချုပ်အောင်ဆန်းကိုပြသ၍ ”ဘယ်လိုလဲအောင်ဆန်း” ဟု ပြုံးစစနှင့် ခနဲ့စကားဆိုသည်။ အခြေအနေအားလုံးကို အစအဆုံးသိထားပြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းက ထူးထူးခြားခြားအဖြေမပေးဘဲ နှုတ်ဆိတ်နေခဲ့သည်။

ထိုအချိန်တွင် မြန်မာနိုင်ငံတွင် ရှိနေသော ဖ-ဆ-ပ-လ ခေါင်းဆောင်တို့၏ ကြိုးပမ်းဆောင်ရွက်မှုဖြင့် နူးညွတ်လွယ်သော စော်ဘွားအချို့၏ ကြေးနန်း ရိုက်ပြီး နောက်တစ်နေ့၌ တောင်ကြီးမြို့တွင် လူထုစည်းဝေးပွဲ၊ အင်အားပြပွဲကြီးကို ကျင်းပခဲ့သည်။ ထိုအစည်းအဝေးပွဲကြီးမှ လူထုဆုံးဖြတ်ချက်များ ကို နန်းရင်းဝန် အက်တလီထံသို့ ကြေးနန်းရိုက်ပေးပို့ခဲ့သည်။ ထိုကြေးနန်းစာတွင် ‘တောင်တန်းဒေသများသည် ဗမာတို့နှင့်အတူ လွတ်လပ်ရေး ရလိုပါသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့၏ လိုလားချက်ကို လေးလေးနက်နက် ထောက်ခံပါသည်’ ဟူ၍ဖော်ပြထားသည်။ နန်းရင်းဝန်အက်တလီသည် ကြေးနန်း စာနှစ်စောင်ကြောင့် တွေဝေသွားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းဒေသမပါသော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်ရှိသော လွတ်လပ်ရေးမဟုတ်ဟု တင်ပြ၍ တောင်တန်းဒေသကို မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့သည်။ ဗြိတိသျှအစိုးရသည် အလွယ်တကူ အလျော့မပေးဘဲ ပရိယာယ်ဖြင့် တောင်တန်းဒေသသားတို့၏ ဆန္ဒကို ရယူရန်လို အပ်ကြောင်း ပြောဆိုလာခဲ့သည်။

၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် ချုပ်ဆိုခဲ့သော အောင်ဆန်း-အက်တလီ စာချုပ်တွင် တောင်တန်းဒေသများက ပြည်မကြီးနှင့်ပူးပေါင်းရန် သဘောတူပါက ပြည်မကြီးရော တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးရန်၊ တောင်တန်းဒေသများပါဝင်သော ကွန်ဖရင့်အစည်းအ ဝေးမှ ဆုံးဖြတ်ချက်အရ၊ တောင်တန်းဒေသသားတို့၏ ထုတ်ဖော်ပြောပြချက်အရ ဗြိတိသျှနှင့် မြန်မာအစိုးရတို့က ၎င်းတို့၏ဆန္ဒနှင့် လိုက်လျောညီထွေစွာ ဆောင်ရွက်ရန်ဟူသော အချက်ကို ထည့်သွင်းချုပ်ဆိုခဲ့သည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ဆွေးနွေးခဲ့သော ပင်လုံညီလာခံကြီးတွင် တောင်တန်းဒေသရှိ တိုင်းရင်းသားလူမျိုးများသည် မြန်မာ(ဗမ)နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိမည်ဖြစ်ကြောင်း မြန်မာ(ဗမာ)လူမျိုးများရရှိခံစားရမည့် အကျိုးခံစားခွင့်နှင့်အညီ ရှမ်း၊ ချင်း၊ ကချင်၊ ကရင် စသော တိုင်းရင်းသား လူမျိုးစုများသည်လည်း ရရှိခံစားရမည်ဖြစ်ကြောင်း . . .

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သို့ရောက်လျှင်ရောက်ချင်းပင် ပြည်နယ်နှင့် ပြည်မသွေး စည်းညီညွတ်ရေးကို အပြင်းအ ထန် ကြိုးစားဆောင်ရွက်ခဲ့သည်။ တချိန်တည်းမှာပင် ဗြိတိသျှအစိုးရ၏ လူယုံတော် ဓနသဟာယ ဒုတိယအတွင်းဝန် မစ္စတာဘော်တွမ်လီကြီးမှူးသောအဖွဲ့ကလည်း ပြည်နယ်နှင့် ပြည်မခွဲခြားရေး အစီအစဉ်အောင်မြင် ရန်အစွမ်းကုန် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလန်နိုင်ငံ လန်ဒန်(ဘိလပ်)သို့ မသွားမီအချိန်ကပင် ၁၉၄၆ ခုနှစ် ဇန်န၀ါရီလ၌ ရန်ကုန်မြို့ ရွှေတိဂုံကုန်းတော် အလယ်ပစ္စယံတွင် ဖ-ဆ-ပ-လ ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင်တိုင်းရင်း သားအားလုံးလက်တွဲဆောင်ရွက်ရန် အတူတကွ လွတ်လပ်သော ပြည်ထောင်စု ထူထောင်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်အရ ၁၉၄၆ ခုနှစ် ဇန်န၀ါရီလတွင် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များဖြစ်ကြသော သခင်နု၊ ဦးဘဂျမ်း၊ မန်းဘခိုင်တို့သည် ပင်လုံမြို့တွင်ကျင်းပခဲ့သည့် စော်ဘွားများ ညီလာခံသို့ တက်ရောက်စည်းလုံးဆောင်ရွက်ခဲ့သည်။ ၁၉၄၆ ခုနှစ် နိုဝင်ဘာလမှစတင်၍ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပင်တောင်တန်းဒေသများသို့ လှည့်လည်၍ စည်းရုံးဆောင်ရွက်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် တောင်တန်းလူထု စည်းဝေးပွဲကြီး၌ ဗိုလ်ချုပ်အောင်ဆန်းသည်’သွေးရင်းသားရင်း ရင်းရင်းချာချာရှိရမည်’ ဟူ၍ ဟောကြားလမ်းညွှန်ခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင်၍ ပင်လုံမြို့တွင် ပင်လုံညီလာခံကြီးကို ကျင်းပခဲ့သည်။ မြန်မာပြည်မမှ ဖ-ဆ-ပ-လ အဖွဲ့ ကြီး၏ ကိုယ်စားလှယ်များအဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးတင်ထွတ်၊ ဗိုလ်ခင်မောင်ကလေး၊ ရှမ်းပြည်နယ် ကိုယ်စားလှယ်များ အဖြစ် ညောင်ရွှေ စော်ဘွားစပ်ရွှေသိုက်နှင့် မိုင်းပွန်စော်ဘွား၊ကချင်နယ်ကိုယ်စားလှယ်အဖြစ် သမားဒူးဝါးဆင်ဝါးနောင်၊ ချင်းနယ်ကိုယ်စားလှယ် အဖြစ် ဦးဝမ်းကိုဟော၊ လူထုကိုယ်စားလှယ်များ၊ ရဲဘော်ကိုယ်စားလှယ်များ၊ ကျောင်းသားနှင့် လူငယ်ကိုယ်စားလှယ်များ၊ သတင်းစာတိုက်များမှ ကိုယ်စားလှယ်များ၊ ဆိုရှယ်လစ်ပါတီမှ ကိုယ်စားလှယ်များ၊ သထုံဦးလှဖေ၊ စောစံကေးနှင့် ဦးချစ်တီးတို့သည် လေ့လာသူအဖြစ် တက်ရောက် ခဲ့ကြသည်။ ဗြိတိသျှအစိုးရဘက်မှ ဒိုမီနီယံဆိုင်ရာအတွင်း ၀န်ဘော့တွမ်လေ၊ မြန်မာနိုင်ငံနယ်ခြားဒေသဆိုင်ရာ မင်းကြီးမစ္စတာစတီဗင်ဆင်နှင့် အရာရှိကြီးငယ်များ တက်ရောက်ခဲ့ကြသည်။ နာဂခရိုင်မှ ကိုယ်စားလှယ်များ မတက်ရောက်နိုင်ခဲ့ပေ။

ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ဆွေးနွေးခဲ့သော ပင်လုံညီလာခံကြီးတွင် တောင်တန်းဒေသရှိ တိုင်းရင်းသားလူမျိုးများသည် မြန်မာ(ဗမာ) နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လွတ်လပ်ရေးကိုပိုမိုလျင်မြန်စွာ ရရှိမည်ဖြစ်ကြောင်း မြန်မာ (ဗမာ) လူမျိုးများရရှိခံစားရမည့် အ ကျိုးခံစားခွင့်နှင့် အညီ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်စသောတိုင်းရင်းသား လူမျိုးစုများသည်လည်းရရှိခံစားရမည် ဖြစ်ကြောင်း အပြေအလည် ညှိနှိုင်း ဆွေးနွေး  ကြသည်။သို့သော် နယ်ချဲ့အစိုးရ၏ ပ ယောဂ၊ သပ်လျိုပူးဝင်မှုပယောဂ ကြောင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ တိုင်အောင် ပြီးပြတ်ခြင်းမရှိခဲ့ပေ။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် စော်ဘွားအချို့၏ လိုလားချက်၊ တောင်းခံလွှာသည် ဒိုမိုနီယံအတွင်းဝန်ဘော် တွမ်လေထံမှတစ်ဆင့် ဗိုလ်ချုပ်အောင်  ဆန်းထံသို့ ရောက်ရှိလာခဲ့သည်။

ထိုနေ့မှာပင် ဗိုလ်ချုပ်အောင်ဆန်းသည် ကရုဏာဒေါသဖြင့် သူ၏သဘောထားဖြစ်သော တောင်တန်းဒေသနှင့် ပြည်မကြီးတို့ ညီညီညွတ်ညွတ် ပူးပေါင်းကြရန် မိန့်ခွန်းကို ”ခင်ဗျားတို့ တောင်တန်းဒေသကို မြန်မာ(ဗမာ)နဲ့အတူ လွတ်လပ်စေချင်တယ်။ ဘယ်သူ့ကျွန်မှ မဖြစ်စေချင်ဘူး။ ကျုပ်တို့ရဲ့ကျွန်လည်းမဖြစ်စေချင်ဘူး” ဟူ၍ ပြတ်ပြတ်သားသား မိန့်ကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ စေတနာကို လေးစားမြတ်နိုး ယုံကြည်တန်ဖိုးထားကြသော တောင်တန်းဒေသခေါင်းဆောင်ကြီးများ သည် တောင်တန်းဒေသများနှင့် ပြည်မကြီးကိုပူးပေါင်း၍ သဘောတူညီခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလကို အခြေခံသော လွတ်လပ်ရေးတိုက်ပွဲဝင် ပင်လုံစာချုပ်ကြီးကို ပြည်ထောင်စုကိုယ်စားလှယ်  ၂၁ ဦးနှင့် ဓနသဟာယ ဒုတိယအတွင်းဝန် မစ္စတာဘော်တွမ်လေ စသော ဗြိတိသျှကိုယ်စားလှယ်တို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ပင်လုံစာချုပ်ကို တိုင်းရင်းသားခေါင်းဆောင်များ စည်းလုံး ညီညွတ်စွာစု ပေါင်းလက်မှတ်ရေးထိုးခဲ့ကြသော ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့သည် ပြည်ထာင်စုမြန်မာနိုင်ငံတော်၏ ခေတ်သစ်သမိုင်း၌ စံပြုအပ်သော သမိုင်းမှတ်တမ်းဝင် ‘ပြည်ထောင်စုနေ့’ အဖြစ် သမိုင်းဂုဏ်ဒြပ်ဝင့်ထည်စွာ ရပ်တည်လျက်ရှိနေသည်။

ပင်လုံညီလာခံသည် ဗြိတိသျှကိုယ်စားလှယ်များ၏ မျက်စိအောက်တွင် အထင်အရှား ကျင်းပခဲ့ခြင်းဖြစ်သည်။ လက်ညှိုးထောင်၊ ခေါင်းညိတ်ခြင်း မဟုတ်ကြောင်းကို ဗြိတိသျှကိုယ်စားလှယ်များ အမြင်အတွေ့ပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ စော်ဘွားများအပါအ၀င် တိုင်းရင်း သားခေါင်းဆောင်များ တညီတညွတ်တည်း စုစည်းရပ်တည်နေကြောင်းကို အတိအလင်းသက်သေပြခဲ့သော စံပြုအပ်သော သမိုင်းဝင်နေ့၊ သမိုင်းဝင်ဖြစ် ရပ်ဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စုနေ့သည် စံပြုအပ်သော၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု အစဉ်အလာ ကြီးမားသော နေ့ထူးနေ့မြတ်ဖြစ်သည်။   ပြည်ထောင်စုကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ပြည်သူအားလုံးသည် စံပြုအပ်သော ပင်လုံအစဉ် အလာကို လေးစားလိုက်နာ ထိန်းသိမ်းစောင့် ရှောက်ရမည်ဖြစ်သည်။

ကျမ်းကိုး –

၁။ မြန်မာ့ရေးရာသုတပဒေသာ (မောင်ဇနိယ)

၂။ အလေးအမြတ်ပြုအပ်သည့် ပင်လုံအစဉ်အလာ (အတွေးအမြင် ၂၀၀၈ ဖေဖော်ဝါရီလ) ခေါင်းကြီး

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: