လက်ဆင့်မကမ်းသင့်သောအရာများ


ဒေါက်တာခင်မောင်ညို   
မျိုးဆက်သစ်တွေအတွက် မမှန်တာတွေနဲ့ အမှားတွေ မလုပ်ကောင်းတာတွေကို ပြောလိုတာပါ။

အကြင်အရပ်သည်သာယာ၏။ ဘာသာတရားထွန်းကား၏။ မေတ္တာတရားပွားများရာအရပ်ဖြစ် သည်။ပညာရှိသူတော်ကောင်းများ ပျော်မွေ့ရာအရပ်ဖြစ်သည်။ထိုအရပ် သို့ရောက်လျှင် ကောင်းလေစွ။ ရွာဦးဆရာတော် ပျံတော်မူသွားသောကြောင့် သူ၏စာတိုက်(စာအုပ်သေတ္တာ)ကို ကျွန်တော်တို့ရှင်းရင်း ဆရာတော်ရေးထားသောစာများကို သူငယ်ချင်းဝင်းမောင်က ဖတ်ပြနေသည်။

”ဒါက ဆရာတော်ငယ်စဉ်က နိဗ္ဗန်ကိုနားလည်အောင်ရေးထားတဲ့ စာလို့ပြောတယ်” ၀င်းမောင်က ကျွန်တော့်ကို ရှင်းပြသည်။ ဆက်လက်ပြီး သူက”အမှားအမှန်ခွဲခြားတတ်ရင် ပညာရှိပဲ” တဲ့။”လွယ်လှချည်လား” ”အေးကွ ပညာရှိတွေအတွက် အမှားအမှန် ခွဲခြားတတ်ဖို့ဆိုတာ လွယ်တယ်။ ခင်ဗျားကော အမှားအမှန်ခွဲ လို့တတ်ပြီလား”

”အင်း ကျွန်တော်ကတော့ အမှားအများစုကို သိနေတာပဲ။ ဒါပေမဲ့ အမှန်ကိုလုပ်ဖို့တော့ ခက်တာပါပဲ။ ဒီအတိုင်း သိရုံသိဖို့တော့ မခက်ဘူးလို့ ထင်တယ်”

”ဒါပေမဲ့ လူမှုရေးတွေမှာ အမှားအမှန်ဆိုတာ ဝေဖန်ပိုင်းခြားရတာ အရမ်းခက်တယ်။ နောက်ပြီး မမှန်တာတွေကို ပြဿနာပြေလည်သွားအောင်ဆိုပြီး လုပ်တတ်တာတွေလည်း ရှိပါသေးတယ်”

”ကျွန်တာ့်ကို ဥပမာလေးတစ်ခု နှစ်ခုလောက်ပေးပါလားဗျာ”

”ရပါတယ်။ ဥပမာတွေ အများကြီးရှိတယ်။ ဥပမာ စက်မှုဇုန်ထုတ် ကားတွေကိစ္စပါ။ ဒီလိုကားတွေထုတ်တာ မှန်လား၊ မှားလား”

”စက်မှုဇုန်ကားဆိုတာ ကားတွေရှားနေတဲ့ကာလက ခွင့်ပြုလိုက်တာလေ။ သူ့ခေတ်နဲ့သူ မှန်တာပဲပေါ့””ဘယ်လိုလုပ်မှန်မလဲ။ ကိုယ်တိုင်ဘာကိုမှ လုပ်မတတ်တာပဲ။ သူများတွေဆီက ပစ္စည်းတွေနဲ့ စုပေါင်းစပ်ပေါင်းလုပ်တယ်။ R&D ဆိုတာလည်းမရှိဘူး”

”ဘာလဲ R&D ဆိုတာ Research and Development လား”

”ဟုတ်ပါတယ်။ သုတေသနလုပ်ပြီး ဖွံ့ဖြိုးအောင်ဆောင်ရွက်ရတာကို ပြောတာ။”  ”ခင်ဗျားလည်း ၀ယ်သေးတယ်မဟုတ်လား” ”၀ယ်တာပေါ့ဗျာ။ တစ်ခုတော့ ရှိတယ်။ ဒီလိုကားတွေစီးတဲ့အခါ မိတ်ဆွေပေါတယ်”

”ဘယ်လို”

”ခဏ ခဏပျက်တယ်။ လမ်းတကာက ၀ပ်ရှော့တွေနဲ့ မိတ်ဆွေတွေဖြစ်လာတယ်။ ဟား ဟား”သူနောက်ကာ ရယ်နေပါသည်။ သူ ဆက်ပြောသည်။

”ဒါပေမဲ့ နောက်ပိုင်းမှာ စက်မှုဇုန်ကကားတွေဟာ မပျက်တော့ဘူး”

”အတွေ့အကြုံများလာပြီး သူတို့တော်လာ တတ်လာတယ်ဆိုပါတော့ ရည်ရွယ်ချက်အောင်မြင်တာပဲ” ”ထွတ် ဘယ်ကလာဟုတ်ရမှာလဲ။ ဒါဟာ ဥုံဖွလုပ်လို့ရတာတွေ မဟုတ်ဘူး””ခင်ဗျားပဲ ကားတွေမပျက်တော့ဘူး ကောင်းလာတယ်ဆို”

”သူတို့က ကားအစီးလိုက်ကို စက်မှုဇုန်ကလုပ်တယ်ဆိုပြီး နိုင်ငံခြားကနေ တိုက်ရိုက် တင်သွင်းလာတာကိုပြောတာ”

”ဟုတ်တယ်လေ ကျွန်တော်တို့ အသိုင်းအ၀ိုင်းက လူတွေအားလုံးဟာ ဒါကိုမသိတဲ့သူမရှိပါဘူး”  ”အားလုံးသိနေတဲ့ကိစ္စပါပဲ။ ကားတွေကို ယိုးဒယားကကုန်းလမ်းနဲ့ သွင်းတယ်။ ကွန်တိန်နာတွေနဲ့လည်း ရေလမ်းကနေ သွင်းတယ်”  ”ဒါက စက်မှုဇုန်က အမည်ခံတာပေါ့ ဟုတ်လား”  ”ဟုတ်တယ်လေ။ ဒါပေမဲ့ နောက်တစ်နှစ်မှာ ဒုက္ခရောက်တော့တာပဲ”

”ဘာကြောင့်”

”ပထမနှစ်က ဌာနဆိုင်ရာနဲ့ ဇုန်ကလူတွေ ရိုက်တယ်”

”ဒါပဲဖြစ်မှာပေါ့။ ဒါပေမဲ့လက် ဆုပ်လက်ကိုင်ပြဖို့တော့ခက်တယ်။ ဒါဟာ လူသိရှင်ကြားတွေမှ မဟုတ်တာပဲ။ ဒီလိုဖြစ်တယ်လို့ပြောရင်တောင် ခင်ဗျားတရားစွဲခံရနိုင်တယ်။ ဒီတော့ ဖြစ်နိုင်ခြေရှိတယ်ကို ပြောတာပါဗျာ။ ဒီနေရာကိုရောက်၏။ ထို့ကြောင့် ထိုသို့ဖြစ်၏လို့တော့ ပြောနိုင်တာပဲလေ။ တကယ်တမ်း စဉ်းစားကြည့် ဒီ Super Customs တို့  Alphad တို့ဆိုတာ စက်မှုဇုန် ထုတ်မဟုတ်တာပဲ။ ကြည့်တာနဲ့သိတယ်။ အဝေးပြေး (Express) ကားတွေတောင်ပါသေးတယ်။ ဒါ တွေကို စက်ရုံကြီးကသာ ထုတ်နိုင်တာပေါ့။ ပုစဉ်းခေါင်းလို့ခေါ်ကြတဲ့ တိုယိုတာပစ်ကပ်ကားတွေလည်း ဒီအတိုင်းပါပဲ။ သူတို့ကုန်းလမ်းမှာ လိုင်စင်ဝင်တယ်။  နံပါတ်ရတယ်”

‘မကြာသေးမီက ဖြစ်တဲ့ကိစ္စပါ။ မြန်မာနိုင်ငံမှာ ကားဟောင်းရှိသူက ကားအသစ်လိုချင်ရင် ကားဟောင်းကိုအပ်လိုက်တဲ့အခါ ပါမစ်ရတယ်’ ‘ ဟုတ်ပါတယ်။ ဒီလုပ်ရပ်ဟာ မမှန်ကန်ဘူးလား’ ‘ ဟင့်အင်း တကယ်တော့ ဒီလုပ်ရပ်ဟာ မမှန်ကန်ပေမယ့် ကားတွေအဆမတန်ဈေးတွေကြီးနေတဲ့ မြန်မာနိုင်ငံမှာ . . .

”နောက်နှစ်မှာ ပြဿနာတက်တာပေါ့ ဟုတ်လား” ”အစစ်ပေါ့။ အမိုးဖောက်ခိုင်း တယ်။ ဖရိန်တွေကို ၀ဲလ်ဒင်ရာတွေ ပြခိုင်းတယ်။ သုံး၊ လေးခါသွားပြီးမှ လိုင်စင်ရတယ်။ RTA ထုပေးလိုက်ရင်တော့ အဆင်ပြေသွားပြီ”
”ဘာလဲ RTA ဆိုတာ”

”ကျွန်တော်လည်း မသိဘူး။ Road Transport Acknowledgement ဆိုတာမျိုးလားပဲ။ အသိ အမှတ်ပြုယာဉ်ပေါ့”

”ကားတိုင်း ဒီလိုပဲလား” ”မဟုတ်သေးဘူး။ ဆူပါကပ် စတန်လိုကားတွေကတော့ ခုထိ ပြဿနာတွေတက်နေဆဲပဲ”ကျွန်တော့်ကို ရှင်းပြနေသည်။ တကယ်တော့ ဒီကိစ္စတွေအားလုံးသည် မမှန်ဟူသောဥပမာကို ပြောလို၍ ရှင်းပြခြင်းဖြစ်သည်ဟု သူကဆို ပါသည်။ အမှားတွေကို ကျွန်တော်စဉ်းစားနေသည်။ ဒါတွေ မမှန်ပါ။

”ဒါတွေကို ခင်ဗျားဘယ်လို ထင်လဲ”

”မလုပ်ကောင်းတာတွေလို့ မြင်ပါတယ်”

”ဘယ်လိုမျိုးလဲ”

”ဥပဒေတွေမှာ ပျော့ကွက်တွေရှိတယ်။ အဲဒီပျော့ကွက်ကိုနှိုက်ပြီး ကိုယ်ကျိုးစီးပွားရှာတာဟာ အင်မတန်ဆိုးတာပေါ့။ မလုပ်ကောင်းဘူးလို့မြင်တယ်”

”ဒီကားတွေရှိလာလို့ သယ်ယူပို့ဆောင်ရေးတွေ အဆင်ပြေလာတယ်မဟုတ်လား”

”မမှန်တဲ့နည်းတွေနဲ့ အဆင်ပြေတယ်ဆိုပြီး လုပ်လို့မရဘူး။ နောက်ပိုင်းကားဟောင်းအပ်ပြီး ကားသစ်အတွက် ပါမစ်တွေထုတ်ပေးတာနဲ့ ပတ်သက်ပြီးတော့လည်း မှားတာတွေ အများကြီးရှိတယ်”

”စိတ်ဝင်စားစရာပါပဲရှင်းပါဦး”သူက စိတ်ရှည်လက်ရှည်ပြောပြသည်။

”မကြာသေးမီကဖြစ်တဲ့ကိစ္စပါ။ မြန်မာနိုင်ငံမှာကားဟောင်းရှိသူက ကားအသစ်လိုချင်ရင် ကားဟောင်း ကိုအပ်လိုက်တဲ့အခါ ပါမစ်ရတယ်”

”ဟုတ်ပါတယ်။ ဒီလုပ်ရပ်ဟာ မမှန်ကန်ဘူးလား”

”ဟင့်အင်း တကယ်တော့ ဒီလုပ်ရပ်ဟာ မမှန်ကန်ပေမယ့် ကားတွေ အဆမတန်ဈေးတွေကြီးနေတဲ့ မြန်မာနိုင်ငံမှာ အဆင်ပြေသလို ဖြစ်သွားတယ်။ ဒါပေမဲ့ မမှန်ကန်တဲ့ နည်းနဲ့ဖြေရှင်းတာပဲ”

”မမှန်ဘူး ဟုတ်လား”

”ဟုတ်တယ်။ မမှန်ကန်တဲ့လုပ်ရပ်ဟာ တစ်ချိန်မှာဒုက္ခရောက်တတ်တယ်။ ပြဿနာတွေ တက်တတ်ပါတယ်။ ဘာကြောင့် မမှန်ကန်ဘူးလို့ ပြောရလဲဆိုတာကို အစကနေရှင်းရမယ်။ ၂၀၁၀ ပြည့်နှစ်မှာ စက်သုံးဆီတွေကို ပုဂ္ဂလိကရောင်းချ ခွင့်ပေးလိုက်ပေမယ့် ဓာတ်ဆီတွေကို အကန့်အသတ်နဲ့ပေးတယ်။ ဒီဓာတ်ဆီကို ပေါက်ဈေးထက်နည်းပြီး ဈေးနှုန်းသက်သာစွာနဲ့ ရနိုင်ဖို့ ဆီစာအုပ် လိုတယ်။ ကားတစ်စီးမှာ ဆီစာအုပ်တစ်အုပ်ဆိုရင် အလုပ်လုပ်တဲ့လူတစ်ယောက်လောက် ၀င်ငွေရှိတယ်”

”အလုပ်မလုပ်ဘဲ ဆီထုတ်စားတဲ့လူတွေရှိတာပဲ”

”ဟုတ်တယ် ဒီတော့ လုပ်ငန်းရှင်အညံ့စားတွေဟာ ကားစုတ်ကား ဟောင်းတွေကို ဈေးပေါပေါနဲ့ဝယ်ပြီး ဓာတ်ဆီတွေကို ထုတ်ရောင်းတယ်”

”ဟုတ်ကဲ့”

”ဒါနဲ့ ခြောက်လ၊တစ်နှစ်လည်းကြာရော ကားဟောင်းရှိတဲ့သူတွေ ကားအပ်ရင် ကားဝယ်ခွင့် ပါမစ်ထုတ်ပေးမယ်လို့ အစိုးရကကြေညာတယ်။ ဒီတော့ ဓာတ်ဆီမှောင်ခိုထုတ်ရောင်းတဲ့သူတွေ ပွသွားတာပေါ့။ သူတို့ ငါးသိန်း၊ ၁၀ သိန်းနဲ့ ၀ယ်တဲ့ကားတွေ ဟာ သိန်းတစ်ရာလောက် ရသွားတော့တယ်”

”ခင်ဗျားဆိုလိုတာကမဟုတ်တာ  လုပ်စားတဲ့သူတွေ အဆင်ပြေသွား တာပေါ့”

”ဒါပေါ့ တကယ်တမ်း ကြိုးစားပမ်စားနဲ့ နိုင်ငံတာဝန်ကို သစ္စာရှိရှိနဲ့ ထမ်းတဲ့ဝန်ထမ်းတစ်ဦးဟာ ဒီလောက်ငွေကို အိပ်မက်တောင် မက်လို့မရဘူး”

”အင်း ခင်ဗျားပြောတာ မှန်ပါတယ်။ မဟုတ်တာတွေကိုလုပ်ပြီး ဟုတ်သယောင်ယောင်ဖြစ်သွားတာ လူ့ဘောင်မှာ ခွင့်မပြုသင့်ဘူးလို့ ထင်တာပဲ”

”ကျွန်တော် ပုံပြင်လေးတစ်ပုံ ပြောပြမယ်”

သူ ကျွန်တော့်ကို အောက်ပါ ပုံပြင်လေးကိုပြောပြသည်။

”တစ်ခါက လူတစ်ယောက်မှာ အင်မတန်ကောင်းတဲ့မြင်းတစ်ယောက် ရှိသတဲ့။ သူ့ရဲ့မြင်းကို သူဌေးတွေက ကြိုက်ဈေးပေးပြီး ၀ယ်ကြတယ်။ ဒါပေမဲ့ ဒီမြင်းကို ဘယ်သူ့ကိုမှ မရောင်းနိုင်ဘူး။ သူဌေးတွေက အကြိမ်ကြိမ် ကြိုးစားကာလိုက်ဝယ်တယ်။ မရတဲ့နောက်ဆုံး သူဌေးတစ်ယောက်က အကြံအစည်တစ်ခု လုပ်တယ်။ သူသွားတဲ့လမ်းမှာ အစာရေစာငတ်ပြတ်နေလို့ လဲကျနေတဲ့ အဖိုးအိုလို ဟန်ဆောင်တယ်။ မြင်းပိုင်ရှင်က သူဌေးကို သူတောင်းစားအားပြတ်လို့ လဲနေတာထင်ပြီး သူ့မှာပါလာတဲ့ ရေဘူးလေးကိုကိုင်ပြီး သူဌေးကိုပွေ့ချီကာ ရေသွားတိုက်တယ်။ ဒီအခါမှာပဲ အယောင်ဆောင်နေတဲ့ သူဌေးဟာ အဲဒီလူရဲ့မြင်းပေါ်တက်စီးကာ အဝေးကိုနှင် သွားတယ်။ ဒီလူကလိုက်ပြီးပြောတယ်။

”ဟေ့လူ ခဏနေဦး ခဏနေဦး” တဲ့။ မြင်းပေါ်ရောက်နေတဲ့ သူဌေးက ကျီစယ်လိုတာကြောင့် ခေတ္တစောင့်ပြီး ”မင်းမြင်းကိုမင်းလိုက်မမီပါဘူး။ သွားတော့မယ်” လို့ လှမ်းအော်ပြောတယ်။

ဒီအခါမြင်းပိုင်ရှင်က”ဟေ့လူ ခင်ဗျား ဒီမြင်းကို ကျုပ်လိုက်မမီတာ သေချာပါတယ်။ ဒါပေမဲ့တစ်ခုတော့ မှာချင်ပါတယ်”၊ ”ဘာမှာမှာလဲ။”

”ခင်ဗျားမြင်းကို ဒီလိုနည်းနဲ့ရတာ အခြားလူတွေကိုမပြောပြပါနဲ့ဗျာ။ တကယ်လို့ ဆင်းရဲသားတွေဟာ ဒီလိုပဲ အစာရေစာပြတ်ပြီး လမ်းပေါ်မှာလဲနေရင် ဘယ်သူမှ မကယ်ရဲမှာစိုးလို့ပါ။ ကဲသွားပေတော့” တဲ့။သူပြောပြသည့်ပုံပြင်ကို ကျွန် တော်သဘောကျပါသည်။ ဗြဟ္မစိုရ်တရားသည် လောကမှာ အရေးကြီးပါသည်။ ဒီအတိုင်းပါပဲ။ အမှန်တရားဟာ အရေးကြီးပါသည်။

နောက်တစ်ခေတ်တွင် သားသမီး မြေးမြစ်တွေကို ”အဖေတို့ခေတ်က လေးဘီးကားဝယ် ဆီထုတ်စားလိုက်တာ ချမ်းသာသွားပါလေရော” ဆိုတာမျိုးကိုတော့ နောက်မျိုးဆက်ကို မပြောကြပါနဲ့လို့ တောင်းပန်ရပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: