သေပန်းပွင့်သူ


ထူးခြားတိုက်ဆိုင်စွာ မြောက်ကိုရီးယားနိုင်ငံရဲ့ ကြီးမြတ်တဲ့ ရှေ့ ဆောင်လမ်းပြ ခေါင်းဆောင်ကြီး ကင်ဂျုံအီ ကွယ်လွန်သွားတဲ့ နေ့ ဝန်းကျင်မှာပဲ ကျွန်တော့် အဘွားလည်း ဘဝ တစ်ပါးကို ပြောင်းသွား ခဲ့ရရှာပါပြီ။ ခေါင်းဆောင်ကြီး ကင်ဂျုံအီရဲ့ ဈာပန အခမ်းအနားကတော့ ကြီးကျယ် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးနှင့် ထိုက်တန်စွာပဲ အလွန် ကြီးကျယ် ခမ်းနားလှပါတယ်။ ပြုံယမ်း မြို့တော်သူ မြို့တော်သားများ စွာဟာ ခေါင်းဆောင်ကြီး တိုင်းပြည်တာ ဝန် ထမ်းဆောင်ရင်း နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားတဲ့သတင်း ထွက်ပေါ်လာချိန်မှာ ရင်ဘတ် စည်တီး လူးလှိမ့် ငိုကြွေး နေကြတာကို မြင်တွေ့ကြ ရပါတယ်။ ခေါင်းဆောင်ကြီးရဲ့ ရုပ် အလောင်းကို နောက်ဆုံး လာရောက် ဂါရဝ ပြုကြတဲ့ လူတန်းကြီးကလည်း တမျှော်တခေါ်ပါပဲ။ ခေါင်းဆောင်ကြီးရဲ့ နောက်ဆုံး ဈာပနခရီးကို ကြေကွဲ ဝမ်းနည်းစွာ မျက်ရည် ဖြိုင်ဖြိုင် ကျပြီး လိုက်ပါ ပို့ဆောင်ကြတဲ့ ပြည်သူတွေ သိန်း နှင့်ချီပြီး ရှိခဲ့ကြသလို စစ် အရာရှိကြီးနှင့် စစ်သည်တွေကလည်း ထောင်သောင်း ချီပြီး ရှိပါလိမ့် မယ်။ ပြည်သူ အများ မြင်သာအောင် အသုဘ ယာဉ်ပေါ်မှာ ထောင်ထား တဲ့ ခေါင်းဆောင်ကြီးရဲ့ တည်ကြည် ခံ့ညားလှတဲ့ ဓာတ်ပုံကြီးကလည်း လူတစ်ရပ်စာ လောက် မြင့်ပြီး လက်တွေ ဆန့်ထုတ် ထားသလောက် ကျယ်ပါလိမ့်မယ်။ ဘာပဲပြောပြော ခေါင်းဆောင်ကြီး ကင်ဂျုံအီရဲ့ ဈာပန အခမ်းအနားဟာ ကြီးကျယ် ခမ်းနား လွန်းလှတာ မို့ သေပန်းပွင့်တယ်၊ အသေလှတယ်လို့ပဲ ပြောရ ပါလိမ့်မယ်။

ဒါပေမဲ့ ခေါင်းဆောင်ကြီးနဲ့ မရှေးမနှောင်း ဆိုသလို ကွယ်လွန်ခဲ့ တဲ့ ကျွန်တော့် အဘွားကတော့ ဝမ်းနည်းစရာ ကောင်းစွာ သေပန်းမလှ ခဲ့ရှာပါဘူး။ ကျွန်တော့် အဘွားကို သုသာန်မှာ မြေချချိန်က သူ့ သား နှစ်ယောက်၊ မြေးနှစ်ယောက်နှင့် သင်းအုပ် ဆရာတော်တစ်ပါးပဲ ရှိခဲ့ ကြပါတယ်။ အဘွားက အသက် (၉ဝ) အရွယ်မှာ ဆုံးခဲ့တာ ဆို တော့ သေထိုက်ပြီလို့ ယူဆခဲ့ကြလို့လား တော့ မသိပါဘူး။ အလူးအလိမ့် ငိုကြွေးမည့် လူထားလို့၊ မျက်ရည် ကျမယ့် လူရယ်လို့တောင် မရှိခဲ့ကြပါဘူး။ အသုဘ ချချိန်ကလည်း အဘွားရဲ့ ဓာတ်ပုံလေးတောင် သယ်ဆောင်လာခဲ့ကြတာ မရှိကြပါဘူး။

အဘွားရဲ့ နောက်ဆုံး ဈာပန ခရီးကို ကြည့်ပြီး အဘွားခမျာ သေရတာ မလှပဘူး၊ သေပန်း မပွင့်ခဲ့ ရှာဘူးလို့ ခံစားခဲ့မိပါတယ်။ တကယ် တော့ ကျွန်တော့် အဘွားဟာ အသေတင်မလှတာ မဟုတ်ပါဘူး။ ဘဝ လည်း မလှခဲ့ရှာပါဘူး။ အဘွားရဲ့ အဖေ နောက် အိမ်ထောင်ပြုသွားလို့ ငယ်စဉ် ကတည်းက အမေနဲ့ နေခဲ့ရတာပါ။ အဘွား (၁၃) နှစ် အရွယ် မှာပဲ အဘွားရဲ့အမေ ဆုံးသွားပြန်လို့ ဆွေမျိုးတွေနဲ့ပဲ ဆင်းရဲ ချို့တဲ့စွာ နေခဲ့ရရှာတယ်။ ပိုဆိုးတာ ၁၉၈၄ ခုနှစ် မှာ ကျွန်တော့် အဘိုးဆုံးခဲ့တော့ ဘဝ တစ်လျှောက်လုံး တစ်ယောက်တည်း ကိုယ့်ဟာကိုယ် ရုန်းခဲ့ရပြန်ပါတယ်။ အခု နောက်ဆုံး ဘဝဆုံးသွားပြန် တော့လည်း ပို့မည့်သူ မရှိ ငိုတဲ့သူ နတ္ထိနဲ့ သေပန်း မလှခဲ့ရှာပါဘူး။

ဒီမှာတင် စိတ်မကောင်းခြင်း ကြီးစွာနဲ့ အဘွားခမျာ သူများလို သေပန်း မပွင့်နိုင်ရတာလဲ ဆိုတာကို ကျွန်တော်စဉ်းစား အဖြေရှာကြည့် ခဲ့မိပါတယ်။ ဒီလို ဖြစ်ရတာ ကျွန်တော့် အဘွားဟာ ဘယ်သူ့မှ မနှိပ်စက် ဒုက္ခမပေးဘဲ တစ်သက်လုံး သူများအပေါ် စိတ် စေတနာကောင်း၊ ထားခဲ့လို့လား၊ အဘွား မှာ ဘယ်သူ တွေ ဘယ်လောက်သေ ပါစေ၊ ငတေမာရင် ပြီးရောဆိုတဲ့ စိတ်ဆိုးစိတ်ယုတ်များ မထားမိခဲ့လို့လား၊ ဒါမှမဟုတ် သူကိုယ်တိုင် အငတ်ခံ ခဲ့ပြီး သူများတွေကို အငတ်ခံ၊ အသေ ခံခိုင်းတဲ့ စိတ်ရိုင်း စိတ်မိုက် မျိုးတွေ မမွေးနိုင်ခဲ့လို့လား။ ကျွန်တော့်အဘွားမှာ လူများစွာ သေစေ နိုင်တဲ့ အဏုမြူ လက်နက် မပြောနဲ့ လူအများကို ကြောက် လန့်အောင် ခြောက်လှန့်နိုင်တဲ့ ဗျောက်အိုး တောင် ပိုင်ဆိုင်မထားလို့လား စတဲ့ လားပေါင်းများ စွာနှင့် အမျိုးမျိုး စဉ်းစားခဲ့မိပါတယ်။ ဒီလို စဉ်းစားမိတိုင်း အဖြေရှာမရ ခဲ့ပေမယ့် အဘွားလို အသေမလှ မှာကိုတော့ စိုးရိမ် ထိတ်လန့်မိပါတယ်။ ဒါကြောင့်လည်း တခြား သေပန်းလှနိုင်တဲ့ နည်းနာ ဘာများ ရှိလေမလဲလို့ စူးစမ်းလေ့ လာကြည့်ခဲ့ မိပါတယ်။

ဒါနဲ့ပဲ စာရေးဆရာမ ယာကူချီ ကူလင် (Yakuchi Culle) ရေးသားတဲ့ ‘ကျွန်မကို သတိရကြပါ’  (Remember Me) သို့မဟုတ် ‘အမေရိကန် ဈာပနချနည်း မျိုးစုံ’ ( New American Ways of Death) စာအုပ်ကို ဖတ်ကြည့်မိ ပါတယ်။ ဒီစာအုပ်ထဲမှာ ဈာပန အခမ်းအနားကို ဘယ်လို ကြီးကျယ် ခမ်းနား စည်ကားအောင် လုပ်တဲ့ အကြံအဖန် နည်းလမ်းမျိုးစုံကို တင်ပြထားတယ်။ သူမ ပထမဆုံးပေး တဲ့ အကြံဥာဏ်ကတော့ ဈာပန ကိုရင်ကွဲနာ ကျလောက်အောင်လွမ်းပြ တတ်တဲ့လူမျိုး ရှာဖွေငှား ရမ်းနိုင်ဖို့ ပါပဲ။ ဒီလူဟာ အပြော၊ အဆို၊ အငို၊ အရှိုက် အားလုံးခိုက် သွားလောက်အောင် သရုပ်ဆောင်ပြနိုင် တဲ့သူမျိုး ဖြစ်ရမယ်။ ဒါပေမဲ့ ယောက်ျား တော့ မဖြစ်စေနှင့်၊ ဖြစ်နိုင်ရင် အမျိုးသမီး ငယ်ငယ်၊ ချောချော၊ အပြော ချိုချို၊ ဟန်မူပိုပိုလေး ဆိုရင် ပိုကောင်းတယ်။ သူက တစ်ဆင့် ဈာပနကို စိတ်ဝင်စားအောင် အဆို အ ငိုတွေနှင့် ပရိသတ်ကို ဆွဲဆောင် စည်းရုံးထားရမယ်။ အရေးကြီးဆုံး က သဏ္ဌာန်လုပ် သရုပ် တူအောင် ဟန်ဆောင်ကောင်းဖို့ပါပဲ။

စာရေးဆရာမ ကူလင်ရဲ့ အဆိုအရတော့ ဒီလို အသုဘမှာ ကြေးစား သရုပ်ဆောင်တဲ့ ဓလေ့ မျိုးက အမေရိကန်မှာ သိပ်ခေတ် မစားလှသေးပေမယ့် အီတလီ၊ တရုတ်၊ ကိုရီးယား၊ ဂျပန် စတဲ့အရှေ့ အာရှနိုင်ငံတွေမှာတော့ အလွန် ရေပန်းစားတယ်။ အဲဒီနိုင်ငံတွေမှာ တော့ ဈာပနမှာ ပွင့်ပွင့်လင်းလင်း  ရင်ဖွင့်ငိုပြလေ့ ရှိတာမို့ အသုဘ မချမချင်း နာမည်ကြီး ကြေးစား သရုပ်ဆောင်တွေ ငှားပြီး ညစဉ် ဧယင်ကျူးကာ ပရိသတ်ကို မျက်ရည်ကျ လောက်အောင် စည်းရုံး ဆွဲဆောင်ကြလေ့ ရှိပါတယ်။ ဒီလို နည်းနဲ့ ဂျပန်မှာ စာရေးဆရာမ ကူ လင်ရဲ့ အဘိုး ဈာပနကို လူထောင်ချီ ပြီး လိုက်ပါ ပို့ဆောင်ကြအောင် စည်းရုံး ဆွဲဆောင်နိုင်ခဲ့ ကြတယ်လို့ သူမက သက်သေ ပြခဲ့ တယ်။ ဒါကြောင့်လည်း မြောက်ကိုရီးယား ခေါင်းဆောင်ကြီးရဲ့ ဈာပနမှာ ရင်ဘတ် စည်တီး၊ ရှိုက်ကြီးတငင် ငိုပွဲဆင်ခဲ့ကြ သူတွေ များနေသလား တော့ မပြောတတ်ပါဘူး။

နောက်ထပ် ဈာပနအခမ်း အနားကိုလူတွေ ပိုမို စိတ်ဝင်တစား စောင့် စား ကြည့်ရှုစေချင်ရင်တော့ ဘင်ခရာ တီးဝိုင်း တစ်ဝိုင်းကို ငှားပြီး အသုဘ ကားရှေ့က တီးမှုတ်ခိုင်း လိုက်ပါလို့ စာရေးဆရာမ ကူလင် က အကြံပေးပြန်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ နယူးအော်လင်း ပြည်နယ်ဟာ ဒီထုံးစံ ဓလေ့ခေတ် အစားဆုံး နေရာ လို့ လည်း ဆိုပါတယ်။ နယူးအော်လင်း ပြည်နယ်မှာ တော့ ဘင်ခရာ တီးမှုတ်သံ ကြားပြီ ဆိုတာနဲ့ ကြီးကျယ် ခမ်းနားတဲ့ အသုဘ တစ်ခုချလာပြီ ဆိုပြီး တစ်မြို့လုံး ထွက်ကြည့်ကြလေ့ ရှိပါတယ်။ တေးသံစုံ တီးလာတဲ့ ဘင်ခရာအဖွဲ့ ဟာ ကြေးဝါရောင် တူရိယာ ပစ္စည်း အရောင် တပြောင်ပြောင်၊ တူညီ ဝတ်စုံပေါ်က သိုင်းကြိုး၊ ပခုံး တံဆိပ် ရောင်တလက်လက်၊ ရှေ့က ‘ကျိုင်း’ ကစားပြီး ထွက်လာတဲ့ တီး ဝိုင်းခေါင်းဆောင်ရဲ့ စီးချက်ကျကျ လှမ်းလာပုံနှင့် အသုဘက အတော် ကြီးကျယ် ခမ်းနားပြီး စိတ်ဝင်စားစရာ ဖြစ်လာတတ်ပါတယ်။ တစ်နှစ်မှာ (၃၅) ကြိမ်လောက် တီးမှုတ်ရတဲ့ နယူးအော်လင်း အသုဘ ဘင်ခရာ တီးဝိုင်းမှာ ထူးခြားတာကတော့ အားလုံး နီးပါးဟာ အာရှတိုက်သား တွေချည်း ပါပဲ။ ခေါင်းဆောင်ကြီးရဲ့ ဈာပန အခမ်းအနားမှာ တီးခတ်တဲ့ ဘင်ခရာ တီးဝိုင်းသမားတွေကတော့ အမေရိကန်နှင့် အနောက်တိုင်းသား တွေ ပဲ ဖြစ်ဖို့ များပါတယ်။

ဒီလို အသုဘ ဘင်ခ၇ာ တီး ဝိုင်းမျိုးက နယူးအော်လင်းမှာတင် ရှိတာတော့ မဟုတ်ပါဘူး။ လော့စ်အိတ်ဂျလီစ်က ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင် မြို့တော်ကြီး မှာလည်း ရှိပါတယ်။ ဟောလီးဝုဒ်က Forever သုသာန်မှာ တီးမှုတ်ကြတဲ့ အဖွဲ့ကတော့ ရောင်းလ်ဘန်(Rheul Band) ဘင်ခရာ တီးဝိုင်းပါပဲ။ ဒီ Forever သုသာန် ထဲမှာ ဒေါက်က လတ်စ် ဖဲရားဘင့်၊ ဂျွန်ဝိန်းနှင့် ရော့ခ် ဟတ်ဆန် တို့ရှိနေကြသလို မွန်ရိုး ကနေ လစ်ဇ်တေလာ အထိ လဲ လျောင်း အနားယူသွား ခဲ့ကြပါပြီ။ သူတို့ အားလုံး ဟာ တစ်ချိန်က ကမ္ဘာကျော် Celebrities တွေချည်းပါပဲ။ ဒါကြောင့်လည်း နွေရာ သီရောက်ရင် ဒီသုသာန်ထဲမှာ သူတို့ ရဲ့ နာမည်ကျော် ရုပ်ရှင် ကားတွေ၊ အမှတ်တရ အဖြစ် တစ်ကားပြီး တစ်ကား ပြသလေ့ ရှိပါတယ်။ ဒါပေမဲ့ ဒီသင်္ချိုင်းထဲမှာ ကမ္ဘာကျော် ပုဂ္ဂိုလ် တွေရဲ့ ရုပ်တု ဆိုတာမျိုးတော့ တစ်ခုမှ မရှိပါဘူး။ ဒီလူတွေက ထင်ရှားကျော်ကြားကြပေမယ့် ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးတွေ မဟုတ်လို့ လည်း ဖြစ်နိုင်ပါတယ်။

ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ပုဂ္ဂိုလ်ကြီးရဲ့ အကြီးမားဆုံး ရုပ်တု ကြီးကတော့ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်အီဆွန်းရဲ့ ရုပ် တုကြီး ပဲဖြစ်မယ် ထင်ပါတယ်။ ပြုံ ယမ်းမြို့တော် တော်လှန်ရေး ပြတိုက် ရှေ့မှာရှိတဲ့ ကြီးမြတ်တဲ့ ခေါင်းဆောင်ကြီး၊ အရှေ့ဆီက နေဝန်းနီကြီး ဖြစ်တဲ့ ရဲဘော် ကင်အီဆွန်းရဲ့ ရုပ်တုကြီး ဟာ ပေ (၇ဝ) လောက် မြင့်တယ် လို့ ဆိုပါတယ်။ ဒီ ထာဝရ မြင့်မြတ် တဲ့ ခေါင်းဆောင်ကြီး ကင်အီဆွန်း ရဲ့ ရုပ်တုကြီးကို ကြီးမြတ်တဲ့ အမွေ ဆက်ခံသူ သားလည်းဖြစ် သူ ခေါင်းဆောင်ကြီး ကင်ဂျုံအီ ကိုယ်တိုင် ဦးဆောင်လမ်းညွှန် တည်ဆောက် ခဲ့ခြင်း ဖြစ်ပါတယ်။

အခုတော့ ကြီးမြတ်တဲ့ ခေါင်းဆောင်ကြီး ကင်ဂျုံအီလည်း ကွယ်လွန် အနိစ္စ ရောက် သွားခဲ့ရပြန်ပါပြီ။ မြောက်ကိုရီးယား တွေဟာ National Geographic (NGC) ရဲ့ ကြော်ငြာဆောင်ပုဒ်လို “The bigger, the better” (ကြီးလေ -ကောင်းလေ) ဆိုတဲ့ သဘောထား မျိုးများ ရှိကြလေ သလား မသိပါဘူး။ ခေါင်းဆောင်ကြီးရဲ့ အသုဘ ယာဉ်ပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံကြီးကလည်း ဘယ်နေရာ ကနေ ကြည့်ကြည့် ထင်ထင်ရှား ရှား မြင်ရလောက်အောင် ကြီးမားပါတယ်။ ဒီအတိုင်း ဆိုရင်တော့ ကြီးမြတ်တဲ့ အမွေဆက်ခံသူ ကင်ဂျုံအန် အနေနှင့် ကြီးမြတ်တဲ့ ဖခင်   ခေါင်းဆောင်ကြီး ကင်ဂျုံအီအတွက် ကြီးကျယ် မြင့်မားတဲ့ ရုပ်တုကြီး တစ်ခုဆောက် ရပါလိမ့်ဦးမယ်။ မကြာခင် ပြုံယမ်းမြို့တော်ကြီးမှာ ပေတစ် ရာကျော်လောက် မြင့်မားတဲ့ ခေါင်းဆောင်ကြီး ကင်ဂျုံအီရဲ့ ရုပ်တုကြီးကို ကမ္ဘာကြီးက မြင်ကြရလိမ့်ဦးမယ် ထင်ပါတယ်။

နောက်ဆုံးတော့ ကြီးမြတ်တဲ့ ခေါင်းဆောင်ကြီး မဟုတ်တဲ့ ကျွန်တော်တို့လို သာမန် ပြည်သူတွေ အနေနှင့် ကြီးကျယ် ခမ်းနားမှု နောက်ကို အပင်ပန်း ခံ လိုက်မနေဘဲ ကျွန်တော့် အဘွားလို လူမသိ သူမသိ ငိုသူမရှိဘဲ ဘဝကို အဆုံးသတ်သွား ကြတာ အကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။

အဘွားဟာ လောကကြီးရဲ့ ဒုက္ခ ဝေဒနာတွေကို ဘဝတစ်လျှောက်လုံး အခြား ပြည်သူတွေလို ခါးစည်း ခံစားခဲ့ပေမယ့် သူချစ်တဲ့ ပြည်သူ တွေ အတွက် မျက်ရည်တစ်စက် တောင်မှ ချန်မထားရက်ခဲ့သူပါ။ ဒါကြောင့် ကျွန်တော့် အဘွားဟာလည်း ကြီးကျယ် မြင့်မြတ်သူ တစ်ဦးလို့ ကျွန်တော် ယုံကြည်နေဆဲပါ။

သန်းစိုးနိုင်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: