ကြံ့ဖွံ့အစိုးရ ဝင်္ကန္တ



ဒီနေ့ မဂ္ဂင်ကျောင်းက ဆရာတော်တွေ အထုပ်ကလေး ကိုယ်စီဆွဲပြီး ကျောင်းပေါ်က ဆင်းသွားကြတာကို မြင်လိုက်ရတဲ့ မြင်ကွင်းဟာ စိတ်အထိခိုက် ရဆုံးပဲ။ သိပ်ရင်နာဖို့ ကောင်းတယ်။ သာသနာကို စော်ကားလိုက်ပြန်ပြီ။ သံဃာတွေကို စော်ကားလိုက်ပြန်ပြီ။ သံဃာတွေကို ကျောင်းက မောင်း ထုတ် လိုက်ကြပြီ။ သူတို့မှာ ဘာအပြစ်ရှိလို့လဲ။

မတရားမှုကို လက်ပိုက်ကြည့်နေရင် အဲဒီလက်ပိုက်ကြည့်နေသူဟာ မတရားမှုကို အားပေးတာနဲ့ ဘာမှမထူးဘူး။ မတရားတာကို မတားမြစ်တဲ့အပြင် မတရားတာကို မတရားဘူးလို့မှ မပြောရဲရင် အဲဒီလို လူ့အဖွဲ့အစည်းရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုဟာ အန္တရာယ်ကျရောက်နေပြီလို့ ဆိုရပါတော့ မယ်။

ကြံ့ဖွံ့စစ်အစိုးရရဲ့လုပ်ရပ်ဟာ လူတွေ၊ သံဃာတွေကို နားလှည့်ပါးရိုက်တဲ့ လုပ်ရပ်ပဲ။ ကြံ့ဖွံ့စစ်အစိုးရဟာ ရက်စက်ရုံသာမက လှည့်ဖျားကောက်ကျစ် တတ်သေးတယ် ဆိုတာကို အခု မဂ္ဂင်ကျောင်းဖြစ်ရပ်က သက်သေခံပါတယ်။

ကဲ … အခု မဂ္ဂင်ကျောင်းဖြစ်ရပ်မှာ ကြံ့ဖွံ့အစိုးရရဲ့ အရင်နဲ့မတူ တမူထူးတဲ့ လုပ်ရပ်တွေကို ကြည့်ကြရအောင်ပါ။

“မတရားအပြုခံရတဲ့ ဆရာတော် အသျှင်ဂမ္ဘီရနဲ့ သံဃာတော်များဘက်မှာ အားလုံးရပ်တည် အကာအကွယ်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ သင့်မိတ်ဆွေအပေါ်မှာပြုတဲ့ မတရားမှုကို လျစ်လျူပြုရင် အဲဒီမတရားမှုဟာ သင့်အပေါ် ရောက်လာပါလိမ့်မယ်။ လူ့အဖွဲ့အစည်းထဲက လူတယောက် အပေါ်မှာ အစိုးရကိုယ်တိုင်က ကျူးလွန်တဲ့ မတရားမှုဟာ အဲဒီလူ့အဖွဲ့အစည်းဝင် အားလုံးနဲ့ သက်ဆိုင်ပါတယ်။ မတရားမှုကို ကာကွယ်ဖို့ တိုက်ဖျက် ဖို့ဟာ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့လို၊ ကိုမင်းကိုနိုင်တို့လို လူထုက အားထားယုံကြည်ကြတဲ့ ခေါင်းဆောင်တွေမှာ ပိုပြီးတော့ တာဝန်ရှိတယ်လို့ ဆိုချင်ပါတယ်။ ခေါင်းဆောင်တွေ ခေါင်းရှောင်မနေကြပါနဲ့။”

အမှုက ဘာမှုလဲဆိုတော့ ရိုးရိုးအရပ်သားစကားနဲ့ ပြောရရင် မဂ္ဂင်ကျောင်း ချိတ်ပိတ်ထားတာကို ဖွင့်တဲ့ အမှုပါ။ ပုဒ်မ ၁၄၅ တဲ့။ ဖြတ်သန်းသွား လာ နေထိုင်ခွင့်မရှိတဲ့ အရပ်ကို ကျူးကျော်မှုတဲ့။ ဒီအမှု ဒီပုဒ်မ အကြောင်းကို ပြီးမှ ဆက်ဆွေးနွေးတာပေါ့လေ။

ထူးတာက သူတို့တရားစွဲတာကို နိုင်ငံတော်သံဃမဟာနာယက (မဟန) အဖွဲ့က သိသွားပြီး မဖြစ်သင့်တာ မဖြစ်ရအောင် ကြားဝင်ဆောင်ရွက် ပေး ပါသတဲ့။ ဒီသံဃာတော်တွေကို အခုပဲ လွှတ်ပြီး အခုပြန်ဖမ်းရင်လည်း လူကြားမကောင်းဘူး။ ဒါ့ကြောင့် မဟနက ကြားဝင်ရသတဲ့။

မဟနက သံဃာတော်တွေကို လာတွေ့ကြဖို့ ပင့်ဖိတ်လိုက်တယ်။ ဆရာတော် ဦးဂမ္ဘီရက သွားမတွေ့ဘဲ ရှောင်သွားတယ်။ ဆရာတော်တချို့ သွားတွေ့ ပါတယ်။ သူတို့ မဟနနဲ့ ကြံ့ဖွံ့အာဏာပိုင်တွေဘက်ကတော့ ဆရာတော်ဦးဂမ္ဘီရ ကြွလာမှာပဲလို့ မျှော်လင့်ထားခဲ့တယ်။ ဒါ့ကြောင့်လည်း အသျှင်ဂမ္ဘီရ နာမည်ကို ထိပ်က တပ်ပြီး ဆုံးဖြတ်ချက်စာကို အသင့်ရိုက်ထားခဲ့တယ်။ လက်မှတ်ထိုးမယ့် ပုဂ္ဂိုလ်နေရာမှာလည်း ကျောင်းထိုင်ဆရာတော်ကို ထိပ်က မထားဘဲ အသျှင်ဂမ္ဘီရ နာမည်ကို ရှေ့က ထားပြီး ရေးထား၊ ပြင်ထားခဲ့တယ်။

အဲဒီဆုံးဖြတ်ချက်က ဘယ်လို ဆုံးဖြတ်ချက်လဲဆိုတော့ အကျဉ်းချုပ်ပြောရရင် …

သံဃာတော်တွေက ကျောင်းကနေ ယာယီထွက်ပေးရမယ်။
ကျောင်းကို ချိတ်ပြန်ပိတ်မယ်။
ချိတ်ကို ပြန်ဖွင့်ပေးမယ်။
သံဃာတွေ သူတို့ဘာသာ သင်္ကန်းပြန်ဝတ်တာ တရားမဝင်ဘူး။ တိုင်းသံဃနာယက က ပြန်ဝတ်ပေးမယ်။

အကျဉ်းချုပ်ပြောရရင် ဒါပါပဲ။ ကျောင်းမှာ သံဃာတွေ နေနေကြပြီ။ ပြီးရင်လည်း ပြန်ဖွင့်ပေးမှာပဲ။ ဘာလို့ ပိတ်လိုက် ဖွင့်လိုက် လုပ်နေတာပါလဲ။ သံဃာတော်တွေ သင်္ကန်းရုံပြီး ဝတ်ပြီးနေပြီ။ ဘာလို့ ပြန်ဝတ်ဦး လုပ်နေပြန်တာလဲ။ ဘာသဘောလဲ။ ဒီလုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးကစားကွက်တွေ အများကြီး ပါနေပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာကို စော်ကားတဲ့ ရည်ရွယ်ချက်၊ အများပြည်သူကို စော်ကားတဲ့ ရည်ရွယ်ချက်တွေ အများကြီး ပါနေပါတယ်။

ကြံ့ဖွံ့စစ်အစိုးရက သူတို့တရားစွဲမှာကို မဟနကို ကြိုအသိပေးခဲ့ပါတယ်။ အရင်က ဘယ်တုန်းက ဒါမျိုး အသိပေးခဲ့ဖူးလို့လဲ။ ဦးဂမ္ဘီရတို့ကို ဖမ်းတုန်း ကရော အသိပေးခဲ့သလား။ ကျောင်းတိုက်ကို ချိတ်ပိတ်တုန်းကရော အသိပေးခဲ့သလား။ ဘုန်းကြီးတွေကို စစ်ကြောရေးလုပ်တုန်းကရော အသိပေး ခဲ့သလား။ ငွေကြာယံကို ဝင်စီးပြီး ဘုန်းကြီးတွေကို ထိပ်ပေါက်ခေါင်းကွဲဖြစ်အောင် ရိုက်တုန်းနှက်တုန်းကရော မဟနဆီက ခွင့်ပြုချက်တောင်းခဲ့သ လား။ ဘုန်းကြီးတွေကို သင်္ကန်းဆွဲချွတ်တုန်းကရော မဟနကို ခေါ်ချွတ်ခိုင်းခဲ့သလား။ ဒါတွေ တခုမှ မလုပ်ခဲ့ဘူး မဟုတ်လား။ ကောင်းပြီ။ ဒါဆိုရင် အခုမှ ရုတ်တရက် ဘာ့ကြောင့် လူလိုသူလို သိတတ်လာသလဲ။ ဘာ့ကြောင့် အခုမှ လိမ္မာလာသလဲ။ သူတို့ကိုယ်သူတို့ ကြော်ငြာထိုးနေ သလို ပြောင်း လဲ လာတာလား။

မဟုတ်ပါဘူး။ ကြံ့ဖွံ့အစိုးရဟာ (ပြောင်) ဗြောင်ရက်စက်တဲ့ အဆင့်ကနေ၊ ကောက်ကျစ်ယုတ်မာမှု ထပ်ဖြည့် ကျင့်သုံးလိုက်တာသာ ဖြစ်ပါတယ်။ ကြံ့ဖွံ့အစိုးရရဲ့ ကောက်ကျစ်လှည့်ဖျားတဲ့ ဝင်္ကန္တလုပ်ရပ်သာ ဖြစ်ပါတယ်။ ခွေးအမြီးလိုကောက်၊ မြစ်လိုကောက်တဲ့ ကြံ့ဖွံ့အစိုးရရဲ့ ဝင်္ကန္တလုပ်ရပ်ပါပဲ။

ဆရာတော် အသျှင်ဂမ္ဘီရနဲ့ ရွှေဝါရောင်သံဃာတော်တွေကို ကြံ့ဖွံ့အစိုးရဟာ မလွဲမရှောင်သာတဲ့ အဆုံးမှာ ထောင်က လွှတ်ပေးခဲ့ရပါတယ်။ ဘာ့ကြောင့် လွှတ်ပေးခဲ့သလဲ။ အရင်ဆောင်းပါးတွေမှာ ရေးခဲ့သလိုပါပဲ။ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းစေချင်လို့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာကြစေချင်လို့၊ အိုင်အမ်အက်ဖ်နဲ့ ကမ္ဘာ့ဘဏ်ကနေ ချေးငွေတွေ ရချင်လို့၊ အဲဒီအခွင့်အရေးတွေကို ကြံ့ဖွံ့အလိုတော်ရိ သူဌေးတွေနဲ့ စစ်ဗိုလ်ချုပ် သားသမီးတွေကသာ မြက်မြက်ကလေး စားချင်ကြလို့ ဖြစ်ပါတယ်။

ဆရာတော် အသျှင်ဂမ္ဘီရကိုဆိုရင် ထောင်ထဲမှာတောင် အငြှိုးထား နှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။ အသေလုပ်ခဲ့သလားလို့တောင် တွေးလောက်တဲ့ နှိပ်စက်ညှင်းပန်းမှုမျိုး လုပ်ခဲ့တဲ့အကြောင်းကို ဆရာတော်ရဲ့ အစ်မတော်က ဖွင့်ပြောခဲ့ဖူးပါတယ်။ အဲသလို အငြှိုးထားပါတယ်။ ဒါပေမယ် သူတို့ လိုချင်တာတွေကလည်း ရှိနေ၊ လူထုကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ နည်းမျိုးစုံနဲ့ ဖိအားပေးလာတော့ မလွှဲမရှောင်သာ လွှတ်ပေးခဲ့ရပါတယ်။

အသျှင်ဂမ္ဘီရတို့ကို လွှတ်ပေးပေမယ့် သူတို့ကျောင်းကိုတော့ ချိတ်ပိတ်ထားတာကို ဖွင့်မပေးဘူး။ ဒါဟာ အရင်သံဃာတွေတုန်းက လုပ်သလို သူတို့ လုပ်နေကျအတိုင်း လုပ်တာပဲ။ ပြည်သူ့အရေး ဆောင်ရွက်တဲ့ သံဃာတော်တွေကို နေစရာမရှိအောင် လုပ်တာပါ။

ဒါပေမယ့် ရွှေဝါရောင်ဆရာတော်တွေဟာ ခေါင်းဆောင် ဆရာတော်တွေပါ။ သာမန်ဆရာတော်တွေ မဟုတ်ဘူး။ သူတို့က ခေါင်းဆောင်ပီသတဲ့ လုပ် ရပ်ကို လုပ်လိုက်ကြတယ်။ ကိုယ့်ကျောင်းကို သူများက မတရား ပိတ်ထားတာကို ကိုယ့်ဘာသာ ဖွင့်ပြီး ပြန်ဝင်လိုက်တယ်။ တကယ်တော့ ဒါဟာ ရိုးရိုးရှင်းရှင်း လုပ်ရပ်ကလေးပါ။ ကိုယ့်မှာ နေစရာမရှိလို့၊ အစိုးရကလည်း ဘာမှ စီစဉ်မပေးဘဲ မသိချင်ယောင်ဆောင်နေလို့ ကိုယ့်နေရာကိုယ် တံခါး ဖွင့်ပြီး ဝင်နေလိုက်တာပါပဲ။ ခြောက်တိုင်း မကြောက်တတ်တာကိုသာ အပြစ်ဆိုချင်ရင် ဆိုဖို့ရှိပါတယ်။

ဒါပေမယ့် ဦးသိန်းစိန်အဖို့ရာမှာတော့ ရွှေဥကြမ်းညပ်သည့်ပမာ ဆတ်ဆတ်ခါ နာတယ်။ ဒါဟာ နိုင်ငံရေးအရ စိန်ခေါ်တဲ့ လုပ်ရပ်လို့ မြင်တယ်။ အသျှင် ဂမ္ဘီရရဲ့လုပ်ရပ်ကို ခွင့်ပြုထားလိုက်ရင် ကြံ့ဖွံ့ သိက္ခာကျတယ်လို့ ထင်တယ်။ လူတွေကြောက်အောင် သူတို့ တသက်လုံး ရက်စက်မှု အမျိုးမျိုး သုံးပြီး ခြိမ်းခြောက်ခဲ့သမျှဟာ အသျှင်ဂမ္ဘီရ လုပ်ပြလိုက်တာနဲ့ ငပေါကြီး လုံးလုံးဖြစ်ရတော့မှာပဲလို့ တွေးပုံရတယ်။

အသျှင်ဂမ္ဘီရကို ပြန်ဖမ်းချင်လိုက်တာ လက်ကိုယားနေမှာ အမှန်ပဲ။ သူတို့လက်က သံဃာတော်တွေရဲ့ သွေးစွန်းဖူးတဲ့လက်ပဲ။ ဖမ်းဆီးထောင်ချဖို့ ဆိုတာလောက်ကတော့ သိပ်ကို လက်ယဉ်နေတယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး။ ဒါပေမယ့် ဒီလိုလုပ်ရင် သူတို့အစီအစဉ်တွေ ပျက်ပြားလိမ့်မယ်။ အခုပြန်လွှတ်ပေးပြီး အခုပြန်ဖမ်းရင် လူကြားမကောင်းဘူး မသင့်တော်ဘူးဆိုတဲ့ အချက်၊ နိုင်ငံတကာကရော ပြည်သူတွေကပါ သူတို့ကို ယုံကြည် ကြတော့မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကိုလည်း သူတို့သိတယ်။ ဒီတော့ ဦးဂမ္ဘီရနဲ့ ရွှေဝါရောင် ဆရာတော်တွေကို နိုင်ငံရေး ဦးချိုးဖို့ရာ အကွက်ချစီမံ ပါတော့တယ်။ မဟနနဲ့ လက်ဝါးချင်းရိုက် စီစဉ်ပါတော့တယ်။ မဟနကို ရုပ်သေးရုပ်ပမာ ကြိုးဆွဲအသုံးချပါတော့တယ်။ သံဃာအချင်းချင်း ရန်တိုက် ဂိုဏ်းခွဲပါတော့တယ်။

အထက်မှာ ပြောခဲ့သလိုပဲ ကြံ့ဖွံ့၊ နအဖ စစ်အစိုးရသက်တမ်းတလျှောက်မှာ ဘုန်းကြီးသံဃာတော်တွေကို စော်ကားဖိနှိပ်မှု အရေးယူမှုတွေ အမျိုးမျိုး လုပ်ခဲ့ပေမယ့် မဟနကို ဘယ်တုန်းကမှ အရေးလုပ် အသိပေးခဲ့တာ မဟုတ်ပါဘူး။ မဟနကလည်း ဒို့ဘုန်းကြီးတွေကို သတ်နေတယ်၊ ဒို့ဘုန်း ကြီးတွေကို ဖမ်းနေတယ်၊ ရိုက်နေတယ် ဆိုပြီး တခါမှ ကြားဝင်ပေးတာ၊ တာဝန်သိသိ ဆောင်ရွက်ပေးခဲ့တာ ဘာမှမရှိခဲ့ဖူးဘူး။ ဒါပေမယ့် အခုတော့ အစိုးရက တရားစွဲမှာကို မဟနက မဖြစ်သင့်တာ မဖြစ်ရအောင် ကြားဝင်ပေးပါသတဲ့။ ကြံ့ဖွံ့အစိုးရရဲ့ တချက်ခုတ်နဲ့ သုံးလေးချက်ပြတ်အောင် ကြံစည် တဲ့ လုပ်ရပ်ပါ။ ကြံ့ဖွံ့အစိုးရကိုလည်း လူတွေ အရိုအသေ မတန်ရအောင်၊ မဟနလည်း နာမည်ကောင်းရအောင်၊ အသျှင်ဂမ္ဘီရလည်း ဦးကျိုးအောင် ဆိုတဲ့ သားရွှေအိုးထမ်း စီမံကိန်းကြီး စီမံဆောင်ရွက်တာ ဖြစ်ပါတယ်။ အသျှင်ဂမ္ဘီရတို့ကို ဒီကျောင်းမှာ နေခွင့် မပေးလို့မဖြစ်တော့ ပေးရတော့မယ်။ ဒါပေမယ့် မင်းတို့ဘာသာ ဝင်နေလို့မရဘူး။ ဒို့ ဖွင့်ပေးမှ ဝင်လို့ရမယ်လို့ အာဏာပြချင်ပါတယ်။ ဒါ့ကြောင့် ကျောင်းကနေ ခဏ ထွက်ပေးရမယ်။ ချိတ်ပြန်ပိတ်မယ်။ ပြီးမှ ပြန်ဖွင့်ပေးမယ်။ ဒါမှ တရားဝင်မယ်လို့ ပလောင်းပလဲ လုပ်ပါတယ်။ ဒါက နိုင်ငံရေး ဦးချိုးတာ အာဏာပြတာ။ ဒါ့အပြင် အသျှင်ဂမ္ဘီရတို့ရဲ့ လုပ်ရပ်ကို တရားမဝင်ဘူး၊ ဆရာတော်ကြီးတွေကတောင် မကြိုက်ဘူး ဆိုတာမျိုးဖြစ်အောင် ဆရာတော်ကြီးတွေကို ဖိအားပေး အသုံးချလိုက်တာ ဖြစ်ပါတယ်။ သံဃာအချင်းချင်း တိုက်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီလောက်နဲ့တင် မကျေနပ်သေးဘူး။ မဟနကိုလည်း လူရိုသေအောင် အာဏာပြခိုင်းဦးမယ်လို့ ကြံစည်တယ်။ မဟနကို အရောင်တင်ပေးဖို့ ကြိုးစားတယ်။ အဲဒါကတော့ အသျှင်ဂမ္ဘီရတို့ ကိုယ့်ဘာသာ သင်္ကန်းပြန်စည်းတာ၊ သိက္ခာထပ်တာဟာ တရားမဝင်ဘူး။ တိုင်းသံဃနာယက က သင်္ကန်းစည်းပေးမှ တရားဝင်တာလို့ ဆိုလိုက်ပြန်တယ်။

ဒီနေရာမှာ ရှေ့နောက်မညီတာတွေ ရှိလာပါတယ်။ မဟန ဆရာတော်ကြီးတွေကိုလည်း မေးခွန်းထုတ်စရာ ရှိလာပါတယ်။ သင်္ကန်းချွတ်တုန်းကရော၊ အသျှင်ဘုရားတို့ သင်္ကန်းချွတ်ခဲ့တာပါလား။ ဒါမှမဟုတ် အသျှင်ဘုရားတို့ဆီက ခွင့်ပြုချက်တောင်းခံခဲ့ပါသလား။ အသျှင်ဘုရားတို့ ခွင့်ပြုခဲ့ပါသလား။ ဒါ့အပြင် အရင်သံဃာတော်တွေ ထောင်က ပြန်လွတ်လာတုန်းကရော အသျှင်ဘုရားတို့ တာဝန်သိသိနဲ့ ခေါ်ပြီး သင်္ကန်းပြန်စည်းပေးခဲ့ပါသလား။ ခုကျမှ ဘာကြောင့် စိတ်ကူးပေါ်လာပါသလဲဘုရား။ ဒီစည်းကမ်းက အသျှင်ဂမ္ဘီရတို့ လွတ်မယ်ကြားမှ ထုတ်လိုက်တာပါလား။ ထောင်ထဲမှာ သံဃာတော်တွေကို သင်္ကန်းဝတ်ခွင့် မပေးတာကို အသျှင်ဘုရားတို့ ကန့်ကွက်ခဲ့ဖူးပါသလား။ သံဃာတော်တွေကို ထောင်ထဲမှာ မင်းနဲ့ ငါနဲ့ ပြောပြီး ငါကိုင်တုတ်တာကို အသျှင်ဘုရားတို့ ဘာ့ကြောင့် မသိချင်ယောင်ဆောင်နေခဲ့ပါသလဲ။ သံဃာတော်တွေကို ထောင်ဝန်ထမ်းတွေက ပုံစံထိုင်ခိုင်းပြီး နားရင်းရိုက်တာကို အသျှင်ဘုရားတို့ ဘာ့ကြောင့် လက်ပိုက်ကြည့်ခဲ့ပါသလဲ။ ဒီသံဃာတွေကို သံဃာအတုတွေလို့ စစ်အစိုးရက ပြောနေတာတွေ၊ အခုမှ ကတုံးတုံးပြီး ဘုန်းကြီးယောင်ဆောာင်ထားတဲ့ လူတွေလို့ ပြောတာတွေကို အသျှင်ဘုရားတို့ ဘာ့ကြောင့် နှုတ်ပိတ်နေခဲ့ပါသလဲ။ အခု ဒီဘုန်းကြီးတွေဟာ သံဃာအစစ်တွေဆိုတာ အသျှင်ဘုရား တို့ရော၊ အစိုးရကပါ ဝန်ခံလိုက်ပြီ မဟုတ်ပါလား။ အတုတွေဆိုရင် အသျှင်ဘုရားတို့ ဘာလို့ သင်္ကန်းပြန်စည်းပေးမှာပါလဲ။

ကြံ့ဖွံ့စစ်အစိုးရအနေနဲ့ရော ဒီသံဃာတော်တွေဟာ သံဃာအစစ်မှန်း အစကတည်းကသိရင် ဘာ့ကြောင့် ပြည်သူကို လိမ်ညာခဲ့သလဲ။ ဘာ့ကြောင့် ထောင်ဝန်ထမ်းတွေကို သူတို့က သံဃာမဟုတ်ဘူး ဆိုပြီး သင်္ကန်းချွတ်ခိုင်းခဲ့သလဲ။ ဘာ့ကြောင့် ကိုယ့်ဝန်ထမ်းတွေ ငရဲကျအောင် လုပ်ခဲ့သလဲ။ ဘာ့ကြောင့် ဒီသံဃာတွေကို စစ်ကြောရေးမှာ မော်တော်ဆိုင်ကယ်စီးခိုင်း၊ ဒိုက်ထိုးခိုင်းခဲ့သလဲ။ ဘာ့ကြောင့် ငွေကြာယံကျောင်းတိုက် ထဲဝင်ပြီး ဘုန်းကြီးတွေကို ရိုက်နှက်၊ ဘုရားဆင်းတုတွေ ရိုက်ချိုးတာမျိုး လုပ်ခဲ့ပါသလဲ။ ဘာ့ကြောင့် ဘုန်းကြီးအစစ်၊ သံဃာအစစ်တွေကို သတ်ခဲ့ ပါသလဲ။

အသျှင်ဂမ္ဘီရကို စာပေးပို့ရာမှာလည်း မဂ္ဂင်ကျောင်းကိုမပို့ဘဲ မိတ္ထီလာက မိဘအိမ်ကို ပို့ခဲ့ပါတယ်။ ဘာ့ကြောင့်လဲ။ အသျှင်ဂမ္ဘီရ မဂ္ဂင်ကျောင်းမှာ ရှိတာကို သူတို့သိလို့ပဲ တရားစွဲမလို့ လုပ်နေဆိုမဟုတ်လား။ မာနတွေပါ။ တလွဲဆံပင်ကောင်းတဲ့ စစ်ဗိုလ်မာနတွေပါ။ အသျှင်ဂမ္ဘီရတို့ မဂ္ဂင်ကျောင်း မှာ နေတာကို အသိအမှတ်မပြုတဲ့ သဘောထားကို ဖော်ပြတာပါ။ ဒါပေမယ့် ဒီလုပ်ရပ်ကြောင့် သူတို့ရဲ့တာဝန်မဲ့မှုဟာ ပိုပြီး ပေါ်လွင်လာပြန်တယ်။ မိဘအိမ်ဆိုတာ သံဃာတော်တွေ တည်းခိုလို့ရပေမယ့် ကျောင်းထိုင်သီတင်းသုံးရာ အရပ်မဟုတ်ပါဘူး။ အသျှင်ဂမ္ဘီရမှာ မဂ္ဂင်ကျောင်းမှာ မနေရင် တခြားသင့်တင့်တဲ့ နေစရာမရှိဘူးဆိုတာ သူတို့သိကြောင်း ဖော်ပြရာရောက်ပါတယ်။ အသျှင်ဂမ္ဘီရကို နေစရာလည်း စီမံမပေး၊ မဂ္ဂင်ကျောင်းကို လည်း ပိတ်ထားတဲ့ သူတို့ရဲ့ညစ်ပတ်မှုဟာ ပေါ်လွင်နေပါတယ်။ အသျှင်ဂမ္ဘီရကတော့ တရားဝင် မူရင်းစာကို ယူဖို့ မိတ္ထီလာကို ကြွသွားတယ်လို့ ဆိုပါ တယ်။

နောက်တချက်က သံဃာတော်တွေဟာ ပိတ်ပင်ထားတဲ့ နေရာကို တရားမဝင် ဝင်ရောက်နေထိုင်တဲ့အတွက် ဆိုပြီး ရာဇဝတ်ပြစ်မှုနဲ့ တရားစွဲထား ပါတယ်။ ပုဒ်မ ၁၄၅ တဲ့။ နိုင်ငံတော်အစိုးရက ပိတ်ထားတဲ့ နေရာတဲ့။ ဒီကျောင်းကို ချိတ်ပိတ်ထားတာကရော တရားဝင် ပိတ်ထားတာဟုတ်ရဲ့လား။ ဥပဒေနဲ့အညီ ပိတ်တာ ဟုတ်ပါသလား။ ဘယ်တရားရုံးမှာ ဘယ်ဥပဒေနဲ့ တရားစွဲဆိုပြီး ပိတ်ခဲ့တာပါလဲ။ ကျောင်းထိုင်ဆရာတော် ကိုရော ကျောင်း ကို ချိတ်ပိတ်တဲ့အမှုအတွက် စစ်ဆေးမေးမြန်းခဲ့ပါသလား။ ဘာ့ကြောင့် ဘာအမှုနဲ့ ကျောင်းကို ချိတ်ပိတ်ခဲ့တယ်ဆိုတာကို ကျောင်းထိုင် ဆရာတော် ကို အသိပေးခဲ့ပါသလား။ လူတယောက်၊ သံဃာတပါး နေထိုင်တဲ့ အဆောက်အဦးကို ငါအစိုးရ၊ ငါအာဏာပိုင်ဆိုပြီး ဥပဒေမဲ့ ပိတ်ချင်တိုင်း ပိတ်လို့ရ သလား။ စစ်အစိုးရလက်ထက်မှာ ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဦးသိန်းစိန် ဖြေရှင်းဖို့ လိုပါတယ်။ ဘယ်သူက ကျူးကျော်တာလဲ။ သံဃာတွေက ကျူးကျော် တာလား၊ ခင်ဗျားတို့က ကျူးကျော်ခဲ့တာလားဆိုတာ သေသေချာချာ ပြန်စဉ်းစားကြပါဦး။

ဒါ့အပြင် ကြံ့ဖွံ့စစ်အစိုးရရဲ့ လုပ်ဇာတ်နဲ့ သူတို့ရဲ့အကြံအစည်ကို ဘူးပေါ်သလို ပေါ်စေတဲ့ နောက်ထပ် အချက်တချက် ရှိပါသေးရဲ့။ အဲဒါကတော့ တခြား မဟုတ်ဘူး။ ဆရာတော်တွေကို မဟနက ဆင့်ခေါ်တဲ့အချိန်မှာ ဆုံးဖြတ်ချက်စာကို ကြိုတင် ရိုက်နှိပ်ထားတဲ့ အချက်ပါ။ အထက်က ပေးလိုက်တဲ့စာကို ရိုက်နှိပ်ပြီး အသင့်ထုတ်ယူလာတယ်ဆိုတာ သိပ်ထင်ရှားပါတယ်။ ဝန်ခံလက်မှတ်ထိုးမယ့် စာထဲမှာ ဦးဂမ္ဘီရ စသော သံဃာတော်များလို့ ညွှန်းဆို ထားပါတယ်။ ဝန်ခံကတိ လက်မှတ်ရေးထိုးရမယ့် နေရာမှာလည်း ဦးဂမ္ဘီရကို ထိပ်က တင်ထားပါတယ်။ ဦးဂမ္ဘီရ မုချလာမယ်လို့ သူတို့က ထင်ထား တာကိုး။ ဒါပေမယ့် ဦးဂမ္ဘီရက သူတို့ ဆင့်ခေါ်တဲ့နေ့မှာ ရောက်မလာတော့ သူတို့ ကြိုတင်ကြံစည်ထားတာတွေဟာ ဘူးပေါ်သလို ပေါ်ကုန်ပါတယ်။ သူတို့ ဘယ်သူ့ကို ငြှိုးတယ်ဆိုတာလည်း ပိုပြီး ထင်ရှားသွားပါတယ်။ ဘာ့ကြောင့် ဦးဂမ္ဘီရကို ထိပ်က တင်ပါသလဲ။ ကျောင်းထိုင်ဆရာတော်ကိုသာ ထိပ်က တင်ဖို့ မသင့်ပေဘူးလား။ ဖြောင့်ဖြောင့်တန်းတန်း စဉ်းစားရင် ကျောင်းထိုင်ဆရာတော်က ပိုပြီး တာဝန်ရှိတယ်လို့ စဉ်းစားဖို့ မသင့်ပေဘူး လား။ ခုတော့ ဘယ်သူ့အပေါ်မှာ အာဃာတထားတယ်ဆိုတာ သိပ်ရှင်းသွားတယ်။ တကယ်တော့ သူတို့ စာကြိုရိုက်လာပေမယ့် ဆရာတော် ဦးဂမ္ဘီ ရ ကြွမလာရင် စာကို ပြင်ရိုက်လိုက်ရုံသာ ရှိတာပ။ ကွန်ပြူတာမှာ စာတစောင် ပရင့်ထုတ်ရတာ ဘာခက်တာလို့။ ဒါပေမယ့် ခက်တာက စာက အထက်က လာတဲ့စာ ဖြစ်နေတယ်။ မပြင်ရဲဘူး။ ဘယ်လိုပဲ ဘောင်းဘီချွတ်ထားထား၊ စစ်အစိုးရက စစ်အစိုးရပဲ။ အမိန့်ကို တရားသေ မလိုက်နာဘဲ အခြေအနေနဲ့ ကိုက်ညီဆီလျော်အောင် ပြုပြင်ကျင့်သုံးရဲတဲ့ သတ္တိ၊ သူတို့ငယ်သားတွေမှာ မရှိဘူး။ အဲဒီအခွင့်အရေး ပေးမထားဘူး။ ဗိုလ်ချုပ်တွေ   ခေါင်းပေါင်း ပေါင်းလိုက်ပေမယ့် လုပ်ထုံးလုပ်နည်းက မပြောင်းဘူး။ ဗိုလ်ချုပ်တွေ ခေါင်းပေါင်းပေါင်းထားတာဟာ ခွေးနဲ့ ပါးချပ် မဟပ်သလို ဖြစ်    နေလေရဲ့။

မဟနဆရာတော်ကြီးတွေဟာ ကြီးတဲ့အမှုကို ငယ်အောင်၊ ငယ်တဲ့အမှုကို ပပျောက်အောင် လုပ်ချင်တဲ့ စေတနာ ရှိမယ်လို့တော့ ယုံကြည်မိပါတယ်။ အထူးသဖြင့် ဥက္ကဌဖြစ်တဲ့ ဗန်းမော်ဆရာတော်ကြီးဟာ တပည့်သံဃာတော်တွေအပေါ် စောင့်ရှောက်ချင်တဲ့ စိတ်ဆန္ဒမျိုး ရှိတယ်လို့ သတင်းထွက်ပါ တယ်။ ဒါပေမယ့် ဒီဖြစ်စဉ်မှာ မဟနဟာ ဘာမှ မလုပ်နိုင်တဲ့ ရုပ်သေးရုပ်ဆိုတာ အထင်အရှားပေါ် လွင်ပါတယ်။ ကြံ့ဖွံ့အစိုးရက မဟနကို လက်ကိုင် တုတ်သဖွယ် အသုံးချနေတယ် ဆိုတာလည်း ထင်ရှားပါတယ်။ ဒီတော့ ဆရာတော်ကြီးများအနေနဲ့ အလေးအနက် ပြန်လည်သုံးသပ်သင့်ပါတယ်။ ဘုရားရှင်ရဲ့မျက်နှာ၊ ဒါယိကာ ပြည်သူတွေရဲ့မျက်နှာကို ကြည့်ပြီး အမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည်သင့်ပါပြီ။ အသျှင်ဘုရားတို့ မှန်ရာပြောရင်ရာထူးပြုတ်ချင်ပြုတ်ပါမယ်။ သူတို့အသျှင်ဘုရားတို့ကိုထောင်မချရဲပါဘူးဘုရား။ တတိုင်းတပြည်လုံးအမျိုးသားရေးကို ဝိုင်းဝန်း   ဆောင်ရွက်ကြရမယ့် အခုလို ကာလမျိုးမှာ အသျှင်ဘုရားတို့ဟာ အဓမ္မရှေ့မှာ အကာအကွယ်ပေးသူတွေ မဖြစ်ထိုက်ပါဘုရား။

တကယ်တော့ အခုလို မတရားစော်ကား ဖိနှိပ်ခံရတာမျိုးဟာ ဒီသံဃာတော်တွေသက်သက်နဲ့သာ ဆိုင်တဲ့ ပုဂ္ဂလိက ကိစ္စမဟုတ်ပါဘူး။ အများပြည်သူနဲ့ သက်ဆိုင်ပါတယ်။ အစော်ကားခံရသူ ကာယကံရှင်ကိုသာမက အဲသလို စော်ကားတဲ့ အပြုအမူလုပ်ရပ်ကို ဒီလူ့အဖွဲ့အစည်းမှာ လက်သင့်ခံလိုက်ရတဲ့ အများပြည်သူရဲ့ ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းထိခိုက်စေပါတယ်။ တခါ စော်ကားတာကို ငြိမ်ခံရင် နောင်လည်း ထပ်ခါထပ်ခါ စော် ကားနေဦးမှာပါပဲ။ ဒီ့ထက်ပိုဆိုးတာကတော့ အဲဒီ မတရားတဲ့လုပ်ရပ်ကို မှန်ကြောင်း တရားကြောင်း ပြောပြီး အတွေးအခေါ်အရ ရှေ့နေလိုက်တဲ့ လုပ် ရပ်ပါ။ မတရားလုပ်နေတဲ့သူတွေကို ပြောင်းလာပြီ၊ ကောင်းလာပြီ ပြောနေတဲ့ လုပ်ရပ်တွေပါ။ ဒါတွေက ပိုလို့တောင် အန္တရာယ်ကြီးပါသေးတယ်။

အခုလောလောဆယ်မှာပဲ ဆရာမောင်ဝံသက သူ့ရဲ့ “ဒီမိုကရေစီရပြီလား” ဆောင်းပါးမှာ မြန်မာပြည်ဟာ ဒီမိုကရေစီ မရသေးပေမယ့် စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေပြီတဲ့။ အခု ဒီနေ့လို လုပ်ရပ်မျိုးတွေကို ဘာလို့ ထည့်မပြော ထည့်မတွက်တာပါလဲ။ ဒါမှမဟုတ် ဒါတွေကို သိသည့်တိုင်အောင် ကောင်းသေးတယ်၊ ပြောင်းနေတယ်လို့ ယူဆနေတာပါလား။ လူမဆန်တဲ့လုပ်ရပ် အခု ၁၀၀ လုပ်ထားတဲ့ အထဲကနေ ၅ ခု ၆ ခုကို သူတို့ အကျိုးစီးပွားမျှော်ပြီး ပြန်လည်ရုပ်သိမ်းပေးလိုက်တာမျိုးကို ဘာ့ကြောင့် မှန်ကန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေပြီလို့ ကာကွယ်ပြောဆိုနေသလဲ။ ဒါဟာ လူထုကို အတွေးအခေါ်အရ မှိုင်းတိုက်တဲ့လုပ်ရပ် ဖြစ်ပါတယ်။ မျက်စေ့ထဲ သဲပက်တဲ့လုပ်ရပ် ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ မတရားတဲ့ အဓမ္မလုပ်ရပ်တွေကို မှန်ကြောင်း တရားကြောင်း ရှေ့နေလိုက်ပေးတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဘာ့ကြောင့် ဒီလိုပြောနေတာလဲ။ ဦးသိန်းစိန်နဲ့ နားလည်မှုလွဲမှာ စိုးလို့လား။ သူတို့ ပြောနေကြသလို ပြုပြင်ရေးတွေ နောက်ပြန်ဆုတ်သွားမှာ စိုးလို့လား။ သတင်းသမားကောင်း မှန်ရင် မှန်တာကို မှန်တယ်လို့ ပြောရဲရမယ်။ မှားတာကို မှားတယ်လို့ ရဲရဲ ထောက်ပြရဲရမယ်။ ဟိုဟာဖြစ်မှာ စိုး၊ ဒီဟာဖြစ်မှာ စိုးနေရင် အဲဒီစိုးရိမ်မှု အားလုံးဟာ ဘယာဂတိပဲ။ စိုးရိမ်မှု၊ အကျိုးမျှော်မှု တခုခုနဲ့ ရေးသားရင် အဂတိလိုက်စားတဲ့ သတင်းသမားလို့ပဲ ခေါ်ရပါလိမ့်မယ်။ စစ်အစိုးရရဲ့ လက်အောက်မှာ မှန်ရာကို ရေးခွင့်မရဘူးဆိုရင် နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် မမှန်တာကိုတော့ ရေးစရာမလိုဘူး ထင်ပါတယ်။ ထမင်းမစားရရင် ရှိပစေ၊ သတင်းသမားသိက္ခာကိုတော့ ရိုသေမယ်ဆိုတဲ့ စိတ်ထားမျိုး ရှိသင့်ပါတယ်။

ကြံ့ဖွံ့စစ်အစိုးရဟာ အမှန်တကယ် ပြောင်းလဲရမှာကို မလိုလားပါဘူး။ လူထုအားနဲ့ ပြောင်းလဲသွားကြမှာကိုလည်း ပိုစိုးရိမ်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးမှာ ဟိုနေရာ တရားမဟောရ၊ ဒီနေရာ လူမစုရဆိုပြီး နိုင်ငံရေး ဦးချိုးတဲ့ လုပ်ရပ်ကို လုပ်ခဲ့ပါတယ်။ စိတ်မကောင်းစရာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က ရိုကျိုးပါတယ်။ လိုက်နာပါတယ်။ မတရားတဲ့ ဥပဒေကို ခေါင်းငုံ့သည်းခံပါတယ်။   ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို နိုင်ငံရေး ဦးချိုးလို့ ရပေမယ့် ဦးဂမ္ဘီရကို နိုင်ငံရေး ဦးချိုးလို့ မရလိုက်ဘူး။ ဒါကို သူတို့ ကျေနပ်မှာ မဟုတ်ပါဘူး။ သူတို့ထပ်ပြီး ဖိနှိပ်ဦးမှာပါ။ သူတို့ ထပ်ပြီး စော်ကားဦးမှာပါ။

ဆရာတော်ဦးဂမ္ဘီရက …

“ချိတ်ပိတ်တာကိုက မှားနေပြီ သံဃာက ကျောင်းမှာ မနေလို့ ဘယ်မှာ နေရမလဲ။ ချိတ်ပိတ်တာကိုက မှားနေတယ်။ ဒါဟာ လက်ခံရမယ့် ကိစ္စမဟုတ် ဘူး။ ကျောင်းထိုင်ဆရာတော်ကြောင့် လက်ခံလိုက်ရတာလို့”

မိန့်ပါတယ်။ အလွန်ပြတ်သားတဲ့ အာဇာနည်စကားမျိုး ဖြစ်ပါတယ်။ ဒါမျိုးကို ကြံ့ဖွံ့အစိုးရဟာ အငြှိုးထားဦးမှာ သေချာပါတယ်။

ဒါ့ကြောင့် မတရားအပြုခံရတဲ့ ဆရာတော် အသျှင်ဂမ္ဘီရနဲ့ သံဃာတော်များဘက်မှာ အားလုံးရပ်တည် အကာအကွယ်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါ တယ်။ သင့်မိတ်ဆွေအပေါ်မှာပြုတဲ့ မတရားမှုကို လျစ်လျူပြုရင် အဲဒီမတရားမှုဟာ သင့်အပေါ် ရောက်လာပါလိမ့်မယ်။ လူ့အဖွဲ့အစည်းထဲက လူ တယောက်အပေါ်မှာ အစိုးရကိုယ်တိုင်က ကျူးလွန်တဲ့ မတရားမှုဟာ အဲဒီလူ့အဖွဲ့အစည်းဝင် အားလုံးနဲ့ သက်ဆိုင်ပါတယ်။ မတရားမှုကို ကာကွယ်ဖို့ တိုက်ဖျက်ဖို့ဟာ လူတိုင်းမှာ တာဝန်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့လို၊ ကိုမင်းကိုနိုင်တို့လို လူထုက အားထားယုံကြည်ကြတဲ့ ခေါင်းဆောင်တွေမှာ ပိုပြီးတော့ တာဝန်ရှိတယ်လို့ ဆိုချင်ပါ တယ်။ ခေါင်းဆောင်တွေ ခေါင်းရှောင်မနေကြပါနဲ့။ ခေါင်းဆောင်တွေ ရှေ့က ခေါင်းဆောင်ပေးကြမှာကို ကျနော်တို့ လိုလားမျှော်လင့်နေပါတယ်။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
၎ ရက်၊ ဖေဖော်ဝါရီ၊ ၂၀၁၂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: