ပင်လုံစိတ်ဓာတ်နှင့် ပြည်ထောင်စု စစ်စစ်မူဝါဒ


ပင်လုံညီလာခံတွင် ဖဆပလ၏သဘောထားကို တိုင်းရင်းသားကိုယ်စားလှယ်တို့အား ဗိုလ်ချုပ်အောင်ဆန်းက ပြတ်ပြတ်သားသားတင်ပြနေစဉ် ဗြိ တိသျှအစိုးရအနေဖြင့် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည့် အချိန်မှစ၍ လွတ်လပ်ရေးမရရှိစေရန်အတွက် နည်းမျိုးစုံဖြင့် ဟန့်တားခဲ့ကြပါသည်။



ထိုသို့ ဟန့်တားမှုများတွင် မြန်မာပြည်မနှင့် တောင်တန်းဒေသများ (တစ်နည်းအားဖြင့် တိုင်းရင်းသားအချင်းချင်း)ကို သွေးခွဲအုပ်ချုပ်သည့် နည်းဖြင့် လည်း အုပ်ချုပ်ခဲ့ကြသည်။ ဥပမာအားဖြင့် တောင်တန်းဒေသများကို သီးခြားစီမံကိန်းဒေသများအဖြစ် ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်ပြီး   ဒေသ တစ် ခုနှင့်တစ်ခု ကူးသန်းမှုကို ၁၈၉၆ ခုနှစ် ချင်းတောင်တန်းဥပဒေ၊ ၁၈၉၈ ခုနှစ် ကချင်တောင်တန်းလူမျိုးစုဥပဒေ အစရှိသည်တိုဖြင့် ကန့်သတ်ခဲ့သည်။

ထို့အပြင် အင်္ဂလိပ်လက်အောက်သို့ မရောက်ရှိမီ အချိန်များကလည်း ကိုယ့်ထီးကိုယ့်နန်း ကိုယ်ပိုင်အုပ်ချုပ်ရေးဖြင့် နေထိုင်ခဲ့သည့် တိုင်းရင်းသား လူမျိုးစုများကလည်း ရှိထားခဲ့ပြီးဖြစ်ပါသည်။  ယင်းကဲ့သို့သော သွေးခွဲအုပ်ချုပ်ထားမှုများက လွတ်လပ်ရေးကြိုးပမ်းမှု အရှိန်မြင့်ချိန်တွင်ပို၍ ရှုပ်ထွေးစေခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ လန်ဒန်ခရီးစဉ်တွင် ပြည်မနှင့်တောင်တန်းပူး ပေါင်းရေးကိစ္စမှာ အရေး ပါလာသော ကိစ္စဖြစ်လာခဲ့ပါသည်။ ပြည်မနှင့်တောင်တန်းပူးပေါင်းအရေးဆိုမှသာ လွတ်လပ်ရေးအတွက် အာမခံချက်ရရှိမည့် အခြေအနေဖြစ်လာ ခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ပြည်မနှင့် တောင်တန်းပူးပေါင်းမှု မပြုလုပ်နိုင်ရန် ဗြိတိသျအစိုးရမှ နည်းမျိုးစုံသုံးကြိုးပမ်းခဲ့ကြသည်။ ထိုသို့သော အခက် အခဲများရှိနေသည့်ကြားကပင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် လွတ်လပ်ရေးအတွက် ခိုင်မာသော ပြင်ဆင်မှု တစ်ရပ်ဖြစ်သည့် အောင်ဆန်း-အက်တလီ စာချုပ်ကို  ၁၉၄၇ခုနှစ် ဇန်န၀ါရီလ ၂၇ရက်နေ့တွင် ချုပ်ဆိုနိုင်ခဲ့ပါသည်။

အောင်ဆန်း-အက်တလီစာချုပ်တွင် ပါဝင်သော အချက်အလက်များအရ ပြည်ပနှင့်တောင်တန်းဒေသ ပေါင်းစည်းရေးအတွက် အရေးပါသော ပင်လုံ စာချုပ် ချုပ်ဆိုနိုင်ရန်အတွက် ပင်လုံညီလာခံကို ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၃ရက်နေ့တွင် စတင်ခဲ့ပါသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကချင်၊ ချင်း၊ ရှမ်း အမျိုးသား ကိုယ်စားလှယ်များအကြား ပြည်မတောင်တန်းပေါင်းစည်းရေးအတွက် သဘောတူညီ မှုရရှိခဲ့သည့် ပင်လုံစာချုပ်ကို ပင်လုံမြို့၌ ချုပ်ဆိုနိုင်ခဲ့သည်။ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းက ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး အပြည့်အ၀ရရှိရန် အတွက် လက်နက်တစ်ခုဖြစ်ခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကြီးကို အောင်မြင်စွာချုပ်ဆိုခဲ့သည့် အထိမ်းအမှတ်အဖြစ်စိုက်ထူခဲ့သော ‘တောင်တန်း -ပြည်မ ပူးပေါင်းရေးစာချုပ်’ ကျောက်တိုင်

ဖော်ပြပါအချက်အလက်များက လွန်ခဲ့သော ၆၅ နှစ်တာကာလ၌ စိုက်ထူခဲ့သော သမိုင်းမှတ်တိုင်များ ဖြစ်ခဲ့ပါသည်။

လွတ်လပ်ရေးရရှိခဲ့ပြီး နှစ်ပေါင်းခြောက်ဆယ်ကျော်လာခဲ့သည့်တိုင် မြန်မာ့နိုင်ငံရေးအခင်းအကျင်း၌ တိုင်းရင်းသားအ ရေးက အရေးပါသော ထိပ် တန်းနေရာတွင် ရှိနေဆဲဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုအတွင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ကြိုးပမ်းလာခဲ့ပါသည်။၂၀၁၂ခုနှစ်ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သော ပထမအကြိမ် လွှတ်တော် တတိယပုံမှန်အစည်းအဝေးများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပေးပို့ခဲ့သော သ၀ဏ်လွှာ၌-

”နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အတွင်းထာဝရ ငြိမ်းချမ်းရေးရရှိစေရန်အတွက် နိုင်ငံ၏ ပကတိအရှိတရားနှင့် အတိတ် သမိုင်းအတွေ့အကြုံများအပေါ်အခြေခံလျက် ယခင်ကနှင့်မတူသည့် မူများကို ကျင့်သုံးကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ယနေ့ အထိ ငြိမ်းချမ်းရေး ရယူနိုင်ခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၁)ဖွဲ့လုံးနှင့် ထိတွေ့ဆွေးနွေးညှိနှိုင်းပြီး အဖွဲ့(၆)ဖွဲ့နှင့် အခြေခံ သဘောတူညီချက်များကို လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကျန်အဖွဲ့(၅) ဖွဲ့နှင့်လည်း ထိတွေ့ညှိနှိုင်း ဆွေးနွေးဆောင်ရွက်လျက် ရှိရာ ခြုံငုံသုံးသပ်ရပါက ငြိမ်းချမ်းရေး ဖော်ဆောင်မလုပ်ငန်းစဉ်များ တိုးတက်အောင်မြင်ပြီး အခြေအနေကောင်းမွန်သည်ကို တွေ့မြင်နိုင်ပါသည်။ ဆက်လက်၍လည်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်” ဟု ပြောဆိုခဲ့ပါ သည်။

ယင်းသို့ လိုအပ်ချက်နှင့်အညီ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံကျင်းပစဉ်က သမိုင်းအကျဉ်းနှင့် မျက်မှောက်ခေတ်နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင် လှုပ်ရှား ဆောင်ရွက်နေသည့် တိုင်းရင်းသားများ၏ အမြင်ကို ၆၅ နှစ်ပြည့် ပြည်ထောင်စုနေ့ အထိမ်း အမှတ်အဖြစ် ဖော်ပြလိုက်ပါသည်။

”တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုး ရှိနိုင်မယ်။ အကျိုးရှိကြောင်း သိနိုင်တယ်”ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြည်မနှင့်တောင်တန်းဒေသပူးပေါင်း၍ လွတ်လပ်ရေး သဘောတူညီချက်ရ ရှိသည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့ပါသည်။

၁၉၄၇ ဖေဖော်ဝါရီ ရက်စွဲများ

၁၉၄၇၊ ဖေဖော်ဝါရီလ ၂ – ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ။

၁၉၄၇၊ ဖေဖော်ဝါရီ ၃ မှ ၁၃- ဒုတိယ ပင်လုံအစည်းအဝေး (ပင်လုံညီလာခံ)ကျင်းပ၊ ပထမ ပင်လုံအစည်းအဝေးကို ၁၉၄၆ခုနှစ် မတ်လ ၁ မှ ၁၂ အထိ ကျင်းပခဲ့။

ပထမအကြိမ်ပင်လုံအစည်းအဝေးသို့ သခင်နု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့က ဖဆပလကိုယ်စားလှယ်အဖြစ် တက်ရောက်ထားခဲ့။

၁၉၄၇၊ ဖေဖော်ဝါရီလ ၂ – ညပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းမှ အောင်ဆန်းအက်တလီ သဘောတူညီချက်ကို ဖဆပလအမှုဆောင်အစည်းအဝေး၌ တင်ပြ။ အမှုဆောင်အဖွဲ့ဝင်တို့ဆွေးနွေးပြီး သဘောတူညီချက်ကိုလက်ခံကြောင်း ဆုံးဖြတ်။

၁၉၄၇၊ ဖေဖော်ဝါရီ ၃ – ဗိုလ်ချုပ်အောင်ဆန်းမှ ဖဆပလအဖွဲ့ချုပ်သို့ သတင်းစာဆရာများကိုဖိတ်ကြားပြီး  လန်ဒန်၌ပြုလုပ်ခဲ့သော လွတ်လပ်ရေး   ဆွေးနွေးပွဲအကြောင်းရှင်းလင်း။

၁၉၄၇၊ ဖေဖော်ဝါရီ ၄ – အောင်ဆန်း အက်တလီစာချုပ်နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းမှ တိုင်းပြည်သို့ အသံလွှင့်အစီရင်ခံ။

၁၉၄၇၊ ဖေဖော်ဝါရီ ၅ – ကရင်ဗဟိုအဖွဲ့ချုပ်မှကြီးမှူး၍ ကရင်ညီလာခံသဘင် ကျင်းပပြီး အောင်ဆန်း-အက်တလီစာချုပ်သည် ကရင်အမျိုးသားတို့၏ အခွင့်အရေးကို ထိပါးနစ်နာစေသဖြင့် ကန့်ကွက်ကြောင်းဆုံးဖြတ်၊ ကန့်ကွက်ချက်ကို မြန်မာနိုင်ငံဘုရင်ခံမှတစ်ဆင့် ဗြိတိသျှနန်းရင်းဝန်ထံပေးပို့။ ညီလာခံတွင်လည်း စောဘဦးကြီးအား ဘုရင်ခံ၏အမှုဆောင်ကောင်စီမှ နှုတ်ထွက်ရန် ဆုံးဖြတ်။

၁၉၄၇၊ ဖေဖော်ဝါရီ ၅ – တောင်တန်းဒေသ သဘောထားစုံစမ်းရေးနှင့်ပတ်သက်ပြီး ဘုရင်ခံနေအိမ်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်။

၁၉၄၇၊ ဖေဖော်ဝါရီ ၇ – ပင်လုံညီ လာခံကျင်းပနေစဉ်အတွင်း တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့(Supreme Council of United Hill People/SCOUHP)ကို ဖွဲ့စည်း။

၁၉၄၇၊ ဖေဖော်ဝါရီ ၇ – ရှမ်းစော်ဘွားများနှင့် ရှမ်းပြည်သူ့ကိုယ်စားလှယ်များပူးပေါင်း၍ ရှမ်းပြည်ကောင်စီအမှုဆောင်အဖွဲ့(Shan State Council) ဖွဲ့စည်း။

၁၉၄၇၊ ဖေဖော်ဝါရီ ၈ – ပင်လုံညီလာခံသို့ တက်ရောက်ရန် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံသို့ရောက်ရှိ။

၁၉၄၇၊ ဖေဖော်ဝါရီ ၉ – ဗြိတိသျှ ဒိုမီနီယံရေးရာ လက်ထောက်အတွင်းဝန် ဘော်တွမ်မလီ၊ မစ္စတာလက်ဝဒ်ခ်ျ၊ ဂျွန်လေဒင်တို့ ပင်လုံသို့ရောက်ရှိ။

၁၉၄၇၊ ဖေဖော်ဝါရီ ၉ မှ ၁၁- ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသခေါင်းဆောင်များ အပြင်းအထန် ဆွေးနွေး။

၁၉၄၇၊ ဖေဖော်ဝါရီ ၁၀- ဘုရင်ခံ အမှုဆောင်ကောင်စီဝင်အဖွဲ့မှ သခင်ဗစိန်နှုတ်ထွက်။

၁၉၄၇၊ ဖေဖော်ဝါရီလ ၁၂- ပင်လုံသဘောတူစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင် ၂၂ ဦး လက်မှတ်ရေးထိုးခဲ့။

ပင်လုံစိတ်ဓာတ်နှင့် ပြည်ထောင်စုစစ်စစ်မူဝါဒအပေါ် အမြင်များ

‘ဒီအဖွဲ့နဲ့တွေ့ရတဲ့အခါမှာ တစ်ခါမှမတွေ့ရဖူးသေးတဲ့သူတွေဆိုပေမယ့် တော်တော်နွေးနွေးထွေးထွေးနဲ့ တရင်းတနှီးလည်း ရှိပါတယ်။ မိသားစုတွေ လိုပဲ ဖြစ်တဲ့အခါကျတော့ ကျွန်မတို့ပြည်ထောင်စုဆိုတာ ဒီလိုပဲဖြစ်ရမယ်လို့ စဉ်းစားမိပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ အားလုံးကအတူတူ ပါပဲ။ တန်းတူညီတူနဲ့ သွေးရင်းညီအစ်ကိုမောင်နှမတွေလို ဖြစ်ရပါမယ်။ ပြောတဲ့ဆိုတဲ့နေရာမှာလည်း ပွင့်ပွင့်လင်းလင်း ရှိတယ်။ အတွေးအမြင်တွေ ကလည်း တော်တော်တူပါတယ်။ အဲဒီလိုတိုက်ဆိုင်မှုတေ သိပ်များတဲ့အခါကျတော့ ကျွန်မတို့ နိုင်ငံရဲ့အနာဂတ်အတွက် အင်မတန်မှကောင်းတဲ့ လက္ခ ဏာလို့ မြင်ပါတယ်။ ကျွန်မတို့ ပြည်သူပြည်သားတွေအားလုံး နောင်လည်းဒီလိုလက်တွဲပြီးတော့ အတူလမ်းလျှောက်နိုင်ပါစေလို့ ကျွန်မအနေနဲ့ ဆန္ဒပြုပါတယ်’။

ဒေါ်အောင်ဆန်းစုကြည် (ဖေဖော်ဝါရီလ ၁၀ ရက်နေ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် တွေ့ဆုံပြီးနောက် ပြောကြားချက်)

‘ပြည်ထောင်စုလို့ပြောကြရင် အဓိကကတော့ အားလုံးတန်းတူရည်တူရှိမှုက အရေးကြီးပါတယ်။ တိုင်းရင်းသားအားလုံးတစ်ဦးချင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေ၊ ယဉ်ကျေးမှု၊ ဘာသာစကားဆိုတာ ရှိကြတယ်။ ဒါတွေအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးမှသာ တန်းတူညီမျှတဲ့ ပြည်ထောင်စုဖြစ်နိုင် တယ်။ အထူးသဖြင့်တော့ လူမျိုး၊ လူဦးရေများတဲ့ ဗမာတွေက သူတို့ကိုယ်သူတို့ အစ်ကိုကြီးနေရာကနေပြီးတော့ ကျန်တဲ့လူမျိုးလူဦးရေနည်းတဲ့ တိုင်းရင်းသား တွေအပေါ် ဦးစီးချုပ်ကိုင်လိုတဲ့ အဲလိုစိတ်ဓာတ်တွေကို စွန့်ပယ်ဖို့လို အပ်တယ်။ လူမျိုးကြီးတဲ့လူက လူမျိုးကြီးဝါဒကျင့်သုံးတာတွေ မလုပ်သင့်သလို လူမျိုးငယ်တဲ့လူတွေကို လူမျိုးငယ်ဝါဒ မထားသင့်ဘူး။ အားလုံး တန်းတူရည်မျှရှိမှသာလျှင် ပြည်ထောင်စုစစ်စစ် မူဝါဒဖြစ်နိုင်မယ်’။

လူထုဦးစိန်ဝင်း

ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ နှစ်ပတ်လည်နေ့ ရောက်တိုင်းရောက်တိုင်းမှာ အခမ်းအနားတွေ လုပ်နေကြတာပဲ။ ဒါပေမယ့် ပြည်ထောင်စုစိတ် ဓာတ်က ဘယ်လောက်အထိ အမြစ်တွယ်နေပြီလဲဆိုတာ ကျွန်တော်တို့အားလုံးမှာ မေးခွန်းတစ်ခုဖြစ်လာတယ်။ ကျွန်တော်ကတော့ မြန်မာနိုင်ငံ ကိုတကယ့်ကို နှစ်ပေါင်းထောင်ချီပြီးတော့ သမိုင်းကြောင်းရှိတဲ့နိုင်ငံအဖြစ်နဲ့ ကျွန်တော်တို့ဂုဏ်ယူခဲ့ကြတယ်။ ကျွန်တော်ပြန်လေ့လာကြည့်တော့ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်ဆိုတာတွေအားလုံး လက်ရုံးရည်ကို အခြေပြုပြီးတော့ တည်ဆောက် ခဲ့ကြတာ။ အဲဒီတော့ နှစ်ပေါင်းတစ်ထောင်ကျော်သက်တမ်းမှာ ကျွန်တော်တို့က နိုင်ငံတော်အဖြစ်နဲ့ စုစည်းနိုင်တဲ့ ကာလပြောပါဆိုရင် နှစ်တစ်ရာ ပတ်ဝန်းကျင်လောက်ပဲ ရှိတယ်။

အဲဒီတော့ ဒီပင်လုံစာချုပ်က စတုတ္ထမြန်မာနိုင်ငံကို တည်ဆောက်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေအား လုံး နှလုံးရည်နဲ့ စုစည်းခဲ့ကြတဲ့ တည်ဆောက်ခဲ့ကြတဲ့ ပင်လုံစာချုပ်။ ဒါပေမယ့်  ပြည်တွင်းစစ်လက်နက်ကိုင် ပဋိပက္ခတွေကြောင့်မို့လို့ အဲဒီတုန်း က နှလုံးရည်နဲ့ စုစည်းခဲ့ကြတဲ့ ရည်မှန်းခဲ့ကြတဲ့ နိုင်ငံတော်ဟာ ရုပ်လုံးပေါ်မလာခဲ့ဘူး။ အဲဒီတော့ ကျွန်တော်တို့မျိုးဆက်မှာတော့ ပဉ္စမနိုင်ငံတော်ကို မဖြစ်ဖြစ်အောင်လို့ တည် ဆောက်ကြတော့မယ်။ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးကနေ နိဒါန်းဖွင့်လိုက်တဲ့ ပဉ္စမမြန်မာနိုင်ငံတော် တည်ဆောက်   နေဆဲ အသွင်ကူးပြောင်းနေဆဲ ကာလတစ်ခုကို ကျွန်တော်တို့ ဖြတ်သန်းနေကြတယ်။ အဲဒီတော့ ကျွန်တော်တို့က အတိတ်သမိုင်းကြောင်းကို သင်ခန်းစာယူပြီးတော့ ပြီးခဲ့တဲ့ လက်နက်နိုင်ငံတော်တွေဟာ ကာလတိုအတွင်းမှာပဲ ပြိုကွဲသွားခဲ့ကြတယ်ဆိုတာကို အလေးအနက် သင်ခန်းစာယူဖို့ လိုတယ်။

ကျွန်တော်တို့တိုင်းရင်းသားချင်း ဖြေရှင်းတဲ့ကိစ္စမှာ အစဉ်အလာတစ္ဆေခြောက်နေတဲ့ ဖက်ဒရယ်ဆိုတာဟာ နိုင်ငံတော်ပြိုကွဲတော့မယ်ဆိုပြီးတော့ ၆၂ မှာ စစ်တပ်ကနေ အာဏာသိမ်းခဲ့တယ်။ အခုချိန်အထိ ဖက်ဒရယ်တစ္ဆေခြောက်နေတဲ့ကိစ္စဟာ အခုလိုကမ္ဘာနဲ့ချီပြီးတော့ ဂလိုဘယ်လိုက်ဇေးရှင်း အပြောင်းအလဲထဲမှာ ဒါကြီးက မဖြစ်သင့်တော့ဘူး။ နိုင်ငံတကာကို ကြည့်ရင်လည်း ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေဟာ ပြည်ထောင်စုပုံစံနဲ့ ဖွဲ့စည်း ထားတဲ့နိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်နေတယ်ဆိုတာ ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်နေရတယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံတော်ကို၊နိုင်ငံ   တော်သစ်ကို တည်ဆောက်ကြတော့မယ်ဆိုရင် နှလုံးရည်ကိုအခြေခံတဲ့ ပြည်ထောင်စုစစ်စစ်ဟာ နိုင်ငံရဲ့ တိုင်းရင်းသားပြဿနာတွေကို ဖြေရှင်းနိုင် တဲ့ တစ်ခုတည်းသော နည်းလမ်းပဲလို့ ကျွန်တော်ကတော့ ယုံကြည်တယ်။

ကိုကိုကြီး (၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်)

‘အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တိုင်းရင်းသားအရေးကိစ္စလည်း ပါပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စစ်မှန်တဲ့ အပြောင်း အလဲဆိုတာ တိုင်းရင်းသားပြဿနာကို ပြီးပြတ်အောင် ဖြေရှင်းနိုင်ခြင်းဖြစ်ပါတယ်။ လက်ရှိအစိုးရအနေနဲ့သူတို့ရဲ့ သက်တမ်းအတွင်းမှာ ဘယ်အစိုးရ ကမှ မရခဲ့ဘူးတဲ့ တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုတဲ့ ကတိကိုကြိုဆိုပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေလိုလား တဲ့ ပြည်ထောင်စု စစ်စစ်မူဝါဒနဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကြားက ကွာဟချက်၊ တပ်မတော်ရဲ့ အခန်းကဏ္ဍတွေအားလုံးကို ပြေလည်ပြီးပြတ်   အောင် အားလုံးညီညီညွတ်ညွတ် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြည်ထောင်စုစစ်စစ်မူဝါဒဟာ ပြည်ထောင်စုစိတ်ဓာတ်ကို မထိခိုက်နိုင်ဘူး ဆိုတာကို တိုင်းရင်းသားတွေသာမက ပြည်သူသန်း ၆၀ပါ နားလည်အောင်လုပ်ဖို့ ကျွန်တော်တို့သတင်းမီဒီယာတွေမှာ တာဝန်ရှိလာပါပြီ’။

ဒေါက်တာသန်းထွဋ်အောင် (CEO, Eleven Media Group)

‘ပြောပြီးသားစကားတွေကိုပဲ ထပ်ပြီးတော့ပြောရမှာပါပဲ။ ရိုးသားရမယ်၊ ဖြူစင်ရမယ်။ မီးကပူတာကတော့ ပူမှာပဲ။ ပူတာကိုပြောနေတာနဲ့ မရတော့ ဘူး။ တိုင်းရင်းသားတွေ ရချင်တာက ဖက်ဒရယ်ပဲ။ ဖက်ဒရယ်ဆိုတာနဲ့ ခွဲထွက်မယ်လို့ထင်နေတဲ့ အတွေးဟောင်းကြီးကို၊ mind-set ကို ဖယ်ထုတ် လိုက်ပါ။ ပြည်ထောင်စုကြီးကနေ ဘယ်သူမှ ခွဲမထွက်ပါဘူး။ တိုင်းရင်းသားတွေအကုန်လုံး ခွဲထွက်ချင်တာ၊ တော်လှန်ချင်တာ ဘယ်သူ့မှာမှ မရှိဘူး။

quality မရှိသရွေ့ ၊ harmony မဖြစ်သရွေ့ ကျွန်တော်တို့ပြည်ဟာ ငြိမ်းချမ်းရေးနဲ့ ဝေးနေမယ်။ အဲဒါလေး ကျွန်တော်ပြောချင်တယ်။ ရက်ခြောက် ဆယ်ဖြစ်ဖြစ်၊ ရက်ကိုးဆယ်ဖြစ်ဖြစ် အပစ်အခတ်ရပ်ပြီး ကွန်ဖရင့်ပဲပြောပြော အားလုံးအတူ တွေ့ကြပေါ့ဗျာ။ လုပ်ရပ်အမှန်တွေအတွက် အခုချိန်ဟာ အချိန်ကောင်းပါပဲ။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ ပြောနေခဲ့တာပါ။ အခုလည်း ဒီအစိုးရကအခွင့်အရေးရပြီ။

သူလည်း ရောဂါသိတယ်။ ဆေးလည်းသိတယ်။ ကျွန်တော်တို့လည်း ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရချင်တာပဲ။ တန်းတူညီမျှမှု ရှိချင်တာပဲ။ ခွဲထွက်တာ မဟုတ်ပါဘူး။ အဲဒီခွဲထွက်တယ်ဆိုတာကြီးက ၁၉၆၀၊ ၁၉၆၁ရောက်မှ ပေါ်လာပြီး ၁၉၆၂ မှာ ဦးနေ၀င်းက အာဏာသိမ်းလိုက်တာ။ အဲဒီတည်းက အရိုးစွဲလာတာက ဖက်ဒရယ်ဆို၊ ပြည်ထောင်စုစစ်စစ် မူဝါဒဆို ခွဲထွက်တယ်ဆိုတာမျိုး တရားသေမှတ်ထားတယ်။ အဲဒါမဟုတ်ပါဘူး။ တိုင်းရင်းသားတွေနဲ့အားလုံး စုံညီတွေ့ပါ။ စကားပြောပါ။ ကျွန်တော်ကတော့ ဒါပဲပြောချင်ပါတယ်’။

ဦးခွန်ထွန်းဦး (ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)

‘ကျွန်တော်တို့ ပါတီထောင်တယ်ဆိုကတည်းက အချက်က သုံးချက်ပဲရှိတယ်။ တိုင်းပြည်မှာ တိုင်းရင်းသားတွေအပါအ၀င် အားလုံးတန်တူညီမျှ ရှိရ မယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရမယ်။ ဖက်ဒရယ်စစ်စစ်ဖြစ်ရမယ်။ ဒီသုံးချက်ကိုပဲ ပါတီထောင်ပြီးကတည်းက ပြောခဲ့တယ်။

ကျွန်တော်တို့တွေ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။ ပြည်ထောင်စုလို့ပြောခဲ့ပေမယ့် ခြေလှမ်းတိုင်းမှာ ပြည်ထောင်စုမဖြစ်ခဲ့ဘူး။ ၁၉၅၈ ခုနှစ်မှာ ဖက်ဒရယ် လို့ ပြောပေမယ့် ပြည်ထောင်စုမဖြစ်ခဲ့ဘူး။ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၁၉၇၄ ခုနှစ်မှာ ပြည်ထောင်စုလို့ သုံးပေမယ့် သုံးတာပဲရှိခဲ့ပြီး ပြည်ထောင်စုရဲ့ အနှစ်သာရကို ကျွန်တော်တို့ မရရှိခဲ့ပြန်ဘူး။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ ဘာမှမရှိတော့ပြန်ဘူး။ နောက် ၁၃ နှစ်တာကာလမှာ အမျိုးသားညီလာ ခံဖြစ်လာပြီးတော့ အခြေအနေက အရင်ကထက် ပိုဆိုးလာသလို ဖြစ်လာပြန်တယ်။ တိုင်းရင်းသားတွေက ပြည်ထောင်စုစစ်စစ်လို့ဆိုရင်၊ ဖက်ဒရယ် လို့ဆိုရင် ခွဲထွက်မယ်ပဲ ထင်ခဲ့ကြတယ်။ ခွဲထွက်ဖို့ အကြောင်းမရှိပါဘူး။ တန်းတူညီမျှရှိရေးတို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရေးတို့၊ ဖက်ဒရယ်ဖြစ်ရေးတို့ ဆိုတာ ပင်လုံစိတ်ဓာတ်တွေပါပဲ။ ဒါကိုအားလုံးက လိုချင်ကြတာပဲ။ ခွဲထွက်၊ မခွဲထွက်တာတွေက လုပ်စရာအကြောင်းမရှိပါဘူး’။

ဦးနိုင်ငွေသိန်း (ဥက္ကဋ္ဌ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ)

‘ဒီနှစ်ကျွန်တော်တို့ ပြည်ထောင်စုနေ့ကို မြန်မာပြည်သမိုင်းမှာ တစ်စုံတစ်ရာသမိုင်းအရ ထူးခြားမှုရှိတယ်လို့ မြင်တယ်။ အရင်တုန်းက ဒီမိုကရေစီ တိုင်းရင်းသားပါတီဆိုပြီး မရှိခဲ့ဘူး။ အခုပြည်ထောင်စုနေ့ အချိန်ကာလမှာ တိုင်းရင်းသားပေါင်းစုတွေနဲ့ တပ်မတော်ကြား အပစ်အခတ်ရပ်စဲရေးတွေ ရှိနေပြီ။ ဒီနှစ်ပြည်ထောင်စုနေ့ဟာ အရင်နှစ်တွေထက်ပိုပြီး သမိုင်းတန်ဖိုးမြင့်လာတယ်လို့ ခံစားမိတယ်။ ပြည်ထောင်စုနေ့ဟာ မြန်မာပြည်သမိုင်းမှာ တကယ့်အထင်ကရနေ့ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်လွတ်လပ်ရေးရဖို့ရယ်၊ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာဖို့အတွက် ဒီပြည်ထောင်စုနေ့ ကပဲ အစပြုခဲ့တယ်။ ပြည်တွင်းစစ်ထဲမှာပဲ ဝေ့လည်လည်ဖြစ်နေပြီးတော့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး အဖက်ဖက်မှာ နိမ့်ကျလာပြီး ကြည်နူးစ ရာ အဖြစ်အပျက်ရယ်လို့ မရှိခဲ့ဘူးလို့ ခံစားရတယ်။ အခုကျတော့ တစ်စုံတစ်ရာ ရောင်နီသန်းလာပြီလို့ ခံစားရတယ်။

အခုဒီအခမ်းအနားကစပြီး ပြည်ထောင်စုစိတ်ဓာတ်ကို အခိုင်အမာထားပြီး တိုင်းရင်းသားတွေရော၊ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ၊ တပ်မတော်   ခေါင်းဆောင်များ အကုန်လုံး ညီညီညွတ်ညွတ် တည်ဆောက်ကြမယ်ဆိုရင် ဒီနိုင်ငံကြီးဟာ အင်မတန် ဂုဏ်သိက္ခာကျဆင်းနေရာကနေ တကယ် ကို ကောင်းမွန်တဲ့ နိုင်ငံကြီးဖြစ်လာမှာပါ။ အဲလိုဖြစ်လာဖို့အတွက် ရောင်နီလေးသန်းလာပြီလို့ မြင်တယ်။

ကျွန်တော်တို့ ပင်လုံစာချုပ်မှာ တိုင်းရင်းသာတွေက လွတ်လပ်ရေးကို အတူတူရယူကြမယ်ဆိုပြီးတော့ လုပ်ခဲ့တယ်။ တိုင်းရင်းသားတွေဟာ ဗမာ   ခေါင်းဆောင်တွေနဲ့ တစ်သွေးတည်း တစ်သားတည်း ညီတယ်ဆိုတာ ကိုပြခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက် ပိုင်း ဗိုလ်ချုပ်တို့ အာမခံခဲ့တဲ့ တိုင်းရင်းသား တန်းတူအခွင့်အရေး ပေါ်မလာခဲ့ဘူးလို့လည်း တိုင်းရင်းသားတွေကခံစားရတယ်။ ပြည်ထောင်စုအတွက် ပင်လုံစိတ်ဓာတ်ဆိုတာကတော့ တစ်ကယ်ကို ထာဝရမွေးမြူထားသင့်တဲ့ စိတ်ဓာတ်ပဲ။ ဒါပေမယ့် တာဝန်ခံမှုတွေကြားမှာ အားနည်းမှုတွေ ရှိခဲ့တယ်   ပေါ့လေ။

ဒါကြောင့်လည်း တိုင်းရင်းသားတွေကြားမှာ အထင်အမြင်လွဲမှားမှုတွေ ဖြစ်လာပြီးတော့ အဲလိုအထင်အမြင်လွဲမှားမှုတွေကို ဒီမိုကရေစီနည်းအရ မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ကြတော့ တိုင်းပြည်ရော ပြည်သူတွေအတွက်ပါ နစ်နာတယ်။ အများကြီး သေကျေပျက်စီးခဲ့ရတယ်။ ဘယ်လိုမှ   ကောင်းကျိုးပေးတဲ့အရာကြီး မဟုတ်ပါဘူး။ အဲတော့ ပြည် ထောင်စုစိတ်ဓာတ်ကိုပဲ ကိုင်စွဲပြီးတော့ ဒီပြဿနာတွေကို ဖြေရှင်းသွားမယ်ဆိုရင် တိုင်းပြည်အတွက် အင်မတန်ကောင်းမွန်တဲ့ အလားအလာပဲ၊ အဲဒီအလားအလာတွေကို အခုရေးရေးလေး မြင်နေရပြီ’။

ဦးဦးလှစော(အထွေထွေအတွင်းရေးမှူး၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ)

‘ပြည်ထောင်စုစစ်စစ်မူဝါဒဆိုတာ ပင်လုံစိတ်ဓာတ်ဆိုတာကိုက ပြည်ထောင်စုကြီးကနေ ဘယ်တော့မှ မခွဲထွက်ဘူးဆိုတာ ဖြစ်ပါတယ်။ ပင်လုံ ညီလာခံမှာကတည်းက တိုင်းရင်းသားတွေဟာ ပြည်ထောင်စုကြီးကနေ ခွဲထွက်မနေဖို့ သန္နိဋ္ဌာန်ချထားခဲ့ကြတာပါ။ တိုင်းရင်းသားတွေက တန်းတူ ညီမျှ ရချင်တယ်။ ငြိမ်းချမ်းစွာ နေထိုင်လိုတယ်။ ဒီလိုဖြစ်ချင်တဲ့ဆန္ဒက တိုင်းရင်းသားအားလုံးမှာ ရှိကြပါတယ်။ ဖက်ဒရယ်ဆိုတဲ့သဘောမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ရှိပါတယ်။ဒီအချက်က ခွဲထွက်ဖို့ ပြောတာမဟုတ်ပါဘူး။ ပြည်ထောင်စုအစိုးရက ပြည်နယ်တွေ လုပ်မပေးနိုင်တာတွေ ရှိပါတယ်။ ကျွန်မတို့အနေနဲ့ပြောရရင် ကျွန်မတို့ပြည်နယ်အတွင်းက သယံဇာတတွေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို ကျွန်မတို့ဘာသာ ကျွန်မတို့ စီမံခန့်ခွဲချင်တယ်၊ ကာကွယ်ချင်တယ်။ ထိန်းသိမ်းချင်တယ်။ နောက်ပြီး တိုင်းရင်းသားဒေသက ပြဿနာတွေကို ပြည်ထောင်စုအစိုးရက မကိုင် တွယ်ပေးနိုင်တာတွေ ရှိပါတယ်။ အဲဒါတွေကို ကျွန်မတို့ဘာသာကျွန်မတို့ ကိုင်တွယ်ဖြေရှင်းချင်တယ်။ တိုင်းရင်းသားဒေသက ပြဿနာ၊ တိုင်းရင်း သားတွေ ဘာလိုချင်လဲဆိုတာက အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသားတွေပဲ သိကြပါတယ်။ အခုချိန်မှာ ပြည်ထောင်စုအစိုးရက ပြည်နယ်အစိုးရတွေ ဖွဲ့ပြီး တိုင်းရင်းသားဒေသတွေမှာ ထားရှိပေးပေမယ့် တိုင်းရင်းသားတွေလိုချင်တဲ့ အဆင့်ကိုရောက်ရှိဖို့ အင်မတန်မှ နည်းနေပါသေးတယ်။

ပြည်နယ်အစိုးရတွေက အလုပ်မရှိသလိုတောင် ဖြစ်နေပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ခွဲထွက်တာမဟုတ်ဘဲ ကိုယ့်ဒေသမှာရှိနေတဲ့ ကိစ္စရပ်   တွေကို ကိုယ်တိုင်ထိန်းသိမ်းကာကွယ် စီမံခန့်ခွဲချင်တာပါ။ အခု တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားတွေ လိုချင်တာလည်း အဲဒါပါပဲ။ ကျွန်မတို့ကတော့ လွှတ်တော်ထဲကနေ တောင်းဆိုနေပါတယ်။ ရပ်တည်ချက်ချင်းမတူပေမယ့် တောင်းဆိုချက်ချင်းတော့ တူပါတယ်။ ကျွန်မတို့ကတော့ တိုင်းရင်းသား   ဒေသတွေကို သွားပါ၊ လေ့လာပါ။ သူတို့ဘာလိုချင်လဲဆိုတာကို ဆွေးနွေးပါ။ ပြီးသွားရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားတွေနဲ့ပတ်သက် လို့ မမျှတတဲ့အချက်တွေကို တိုင်းရင်းသားတွေရဲ့ ဆန္ဒကိုလေ့လာပြီး ပြင်ဆင်သွားပါ။ ဒီလိုသဘောမျိုးပဲ ဖြစ်စေချင်ပါတယ်။ အခုချိန်မှာ ပြည်ထောင် စုအစိုးရက ပေးတော့ပေးနေတာပါပဲ။ ဒါပေမယ့် ပေးတော့ပေးတယ်။ မရဆိုတာမျိုးဖြစ်နေတာတွေကို ပြင်ဆင်စေချင်တယ်။

ဒေါ်ဒွဲဘူ(ကချင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

‘ပင်လုံစိတ်ဓာတ်ဆိုတာ ပြည်ထောင်စုထဲမှာရှိနေတဲ့ တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း အေးအတူပူအမျှ နေထိုင်လိုတဲ့ စိတ်၊ တရားမျှတမှုရှိစွာ   နေထိုင်လိုတဲ့စိတ်၊ ငြိမ်းချမ်းစွာ နေထိုင်လိုတဲ့စိတ်။ အဲဒီစိတ်ဓာတ်တွေဟာ ပင်လုံစိတ်ဓာတ်တွေပါပဲ။ ဒီစိတ်တွေဟာ ပင်လုံရဲ့ပုံရိပ်တွေ၊ ပင်လုံရဲ့ ဂုဏ်ဒြပ်တွေပဲ ဖြစ်ကြပါတယ်။ အမှန်အတိုင်းပြောရရင် ပင်လုံစာချုပ်မှာပါတဲ့ အချက်တွေရဲ့ အကျိုးရလဒ်ကို အခုထိမရခဲ့ကြပါဘူး။ ဒါကိုပဲ တာဝန် ယူရဲတဲ့ အစိုးရကတာဝန်ယူပြီး ဖော်ဆောင်ပေးမယ်ဆိုရင်၊ ဖြေရှင်းပေးမယ်ဆိုရင် ပြည်ထောင်စုစစ်စစ် မူဝါဒဆိုတာ ဖြစ်လာမှာပါပဲ။ ဒါကိုပဲ ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့ကိုပဲ တိုင်းရင်းသားတွေက မျှော်မှန်းနေခဲ့ကြတာပါ။ တစ်နေ့နေ့တော့ ဖြစ်လာလိမ့်မယ်ဆိုပြီး မျှော်ခဲ့ကြတာပါ။

ဒီနေ့အချိန်မှာ တိုးတက်ပြောင်းလဲတာတွေ ရှိလာပြီလို့ပြောနိုင်ပေမယ့်အားမရနိုင်သေးပါဘူး။ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီအစ်ကိုတွေမျှော်လင့်   နေကြတာကလည်း ပင်လုံစိတ်ဓာတ်အခြေခံတဲ့ ပြည်ထောင်စုစစ်စစ် မူဝါဒကိုပါပဲ။ ပြည်ထောင်စုစစ်စစ် မူဝါဒဟာခွဲထွက်ရေးမူမဟုတ်ပါဘူး။   ပြည်ထောင်စုဆိုတဲ့ စကားလုံးနဲ့ ကိုက်ညီတဲ့ ပင်လုံစိတ်ဓာတ်တွေကို ဆိုလိုခြင်းပါပဲ။ကျွန်တော်ပြောဖူးပါတယ်။

ပြည်ထောင်စုဆိုတဲ့ပန်းဥယျာဉ်ထဲမှာပန်းအားလုံးစုံညီပွင့်နိုင်မှ ရောင်စုံအလှတွေနဲ့ ပြည့်စုံတဲ့ ပန်းဥယျာဉ်ကြီး ဖြစ်လာမှာပါ။ ဒီလိုမျိုး ပန်းပေါင်းစုံညီ ပွင့်နိုင်ဖို့ကို ကျွန်တော်တို့ဆက်ပြီး မျှော်လင့်လျက်ရှိနေပါတယ်’

ဦးဇိုဇမ်(ဥက္ကဋ္ဌ၊ ချင်းအမျိုးသားပါတီ)

ပင်လုံစိတ်ဓာတ်ဆိုတာကလည်း ဒီမျိုးစုကိုမှ ဒီလိုမျိုး ဟိုလိုမျိုး ခွဲခြားထားတာမရှိဘူး၊ တန်းတူထားတယ်။ သူတို့မို့ ဒီအခွင့်အရေး ရစေရမယ်ဆိုတဲ့ အချက်တွေမပါဘူး။ ဒီမျိုးနွယ်စုအတွက်ကတော့ ပိုသာတဲ့ အကြောင်းအရာတွေ ထားရမယ်ဆိုတာလည်း မပါဘူး။ ဒီပင်လုံစာချုပ်မှာ အားလုံးဟာ တန်းတူဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်ဟာ အခရာအကျဆုံးပဲ၊ ဒါဟာလူသားဆန်တဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ အခု ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ဟာ   ဖြတ်သန်းလာခဲ့သမျှ ပြည်ထောင်စုနေ့တွေထဲမှာ အထူးခြားဆုံးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေလဲ လွတ်မြောက်လာ တယ်၊ ၈၈ ကျောင်းသားတွေလဲ လွတ်မြောက်လာတာ ရှိတယ်။ ဒီမိုကရေစီလိုလားခြင်းကို ကူးပြောင်းလာတဲ့ အသွင်သဏ္ဍာန်တွေ ရှိတယ်။ ရောင် နီသန်းလာတဲ့အတွက်ကြောင့် ဒါဟာ မင်္ဂလာတစ်ပါးပါပဲ။ ဒါကိုကြိုဆိုတဲ့အတွက် ပြည်ထောင်စုနေ့ကိုလည်း ကျွန်တော်တို့ ကြိုဆိုတယ်။ နောက်များ မှာ လည်း ခြေလှမ်းခိုင်ခိုင်မာမာနဲ့ ဆက်သွားနိုင်ပြီး ခရီးရောက်နိုင်ဖို့ လမ်းလျောက်စက်ပေါ်မှာ လမ်းလျောက်ပြီး ဘယ်ခရီးမှမရောက်သလိုမျိုးမ ဟုတ်ဘဲ တကယ့်ခြေလှမ်းစစ်စစ်နဲ့ ခရီးရောက်ဖို့ ခရီးသွားခြင်းဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်’။

ကိုငယ်ပီး (အတွင်းရေးမှူး၊ ချင်းအမျိုးသားပါတီ)

‘အခုလိုကျွန်တော့် အနေနဲ့ ဒီကိုလာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့တယ်။ တွေ့ချင်တာလည်း ကြာပြီ။ အခုလိုလာတာကလည်း အားလုံး အတွက် လာတာနော်။ အခုလိုလာပြီးတွေ့ရတာ အများကြီး ကျေးဇူးတင်တယ်။ နောက်ပြီးတော့ အားလုံးကလည်း ၀မ်းသာကြမှာပါ။ ကျန်ခဲ့တဲ့လူ   တွေလည်း လာစေချင်တယ်။ ပထမဆုံး မလာခင်ကတော့ နည်းနည်းတော့ စိုးရိမ်တယ်၊ ကြောက်တာပေါ့နော်။ အစိုးရနဲ့ လာတွေ့တုန်းကလည်း။ အခုတော့ အားလုံးကအဆင်ပြေတယ်။ အစိုးရကလည်း ပွင့်ပွင့်လင်းလင်း။ ဒီမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့တယ်။ NLD နဲ့အားလုံးနဲ့ ကျွန်တော်တို့လက်တွဲပြီးတော့ ဗမာပြည်ရဲ့ ရှေ့အနာဂတ်ကောင်းစားရေး၊ လူထုတွေ တိုးတက်ရေးအတွက် ကျွန်တော်တို့ အတူတကွလက်တွဲပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်က အသက်အကြီးဆုံးပါ။ စစ်ထဲဝင်တုန်းကအသက် ၁၇ နှစ်ပဲ ရှိသေး တယ်။ အခုတော့ ကျွန်တော်အသက်ကြီးပြီ။ ဒါပေမယ့် ကျွန်တော်တို့က မခွဲခြားပါဘူး။ နောက်ဗမာလူမျိုးပဲဖြစ်ဖြစ်၊ ကရင်ပဲဖြစ်ဖြစ်၊ တခြားတိုင်းရင်း သားတွေဖြစ်ဖြစ် အားလုံးက ကျောသားရင်သားတွေပဲ။ ရှေ့ဆက်ပြီး ကျွန်တော်တို့ အတူတကွ လက်တွဲပြီး လုပ်သွားရမှာဖြစ်တယ်’။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဌေးမောင် (ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး   နောက်  ပြောဆိုချက်)

‘ပြည်ထောင်စုနေ့ဆိုတာက ၁၉၄၇ မှာ စတင်ဖြစ်ပေါ်လာခဲ့တယ်။ အဓိကကတော့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြသလိုက်တဲ့ ပွဲပါ။ ဒါပေမယ့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုဟာ တကယ်ကျတော့ အကောင်အထည်ပေါ်မလာခဲ့ပါဘူး။ တိုင်းရင်းသားတွေ အချင်းချင်း ဒီ့ထက်ပိုပြီး ညီညွတ်ဖို့ လိုအပ်ပြီး ဒီ့ထက်ပိုပြီး အသိအမှတ်ပြု အပြန်အလှန်လေးစားမှုတွေ ရှိဖို့လိုအပ်ပါတယ်။ ပင်လုံစိတ်ဓာတ်ဆိုတာကတော့ ပြည်ထောင်စုကြီး စည်းလုံး ညီညွတ်မှုအပေါ် အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စုစိတ်ဓာတ်ပါ။ ပြည်ထောင်စုကြီး စည်းလုံးညီညွတ်မှုအတွက် တောင်တန်းဒေသတွေ   မြေပြန့်ဒေသတွေ အားလုံးပေါင်းပြီး အပြန်အလှန် ညီညွတ်မှုတွေနဲ့ ပြည်ထောင်စုကြီးကို အပြန်အလှန်တည်ဆောက်ဖို့ လိုအပ်တယ်လို့ ထင်ပါ တယ်။ ဒီနှစ်ပြည်ထောင်စုနေ့က ထူးခြားပါတယ်။ ပြည်ထောင်စုကြီး စည်းလုံးညီညွတ်ဖို့အတွက် ရောင်ခြည်သန်းလာပြီလို့ မြင်ပါတယ်။ ဒီထက်ပိုပြီး လင်းလာဖို့အတွက်လည်း မျှော်လင့်ပါတယ်။ အထူးသတိထားရမှာကတော့ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်မှုမပြိုကွဲဖို့ ပိုခိုင်မာလာစေဖို့က တိုင်းရင်းသားတွေအပေါ်ပဲ မူတည်တာမဟုတ်ပါဘူး။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်တွင်းပြည်ပမှာရှိနေတဲ့ နိုင်ငံရေးပါတီအားလုံးနဲ့ ပြည်ထောင်စုတိုင်းရင်းသားအားလုံး ၀ိုင်းဝန်းလုပ်ဆောင်မှ   ပြည်ထောင်စု စစ်စစ်ကြီး ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်တဲ့အတွက် အဲလိုဖြစ်ပေါ်လာစေဖို့လည်း ဆုတောင်းပါတယ်’။

ဦးစောစိန်ဝင်းအောင် (ပြန်ကြားရေးတာဝန်ခံ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ)

ပင်လုံစာချုပ် ချုပ်ဆိုစဉ်က လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားခေါင်းဆောင်များ

၁။ ဗိုလ်ချုပ်အောင်ဆန်း(မြန်မာပြည်ခေါင်းဆောင်)၊ ၂။ စ၀်ခွန်ပန်းစိန် (တောင်ပိုင်းစော်ဘွား)၊ ၃။ စ၀်ရွှေသိုက်(ညောင်ရွှေစော် ဘွား)၊ ၄။ စ၀်ဟုန်ဖ (မြောက်ပိုင်းသိန္နီစော်ဘွား)၊ ၅။ စ၀်နွံ(လဲချားစော်ဘွား)၊ ၆။ စ၀်စံထွန်း(မိုင်းပွန်စော်ဘွား)၊ ၇။ ခွန်ဖုန်း(မြောက်ပိုင်းသိန္နီ လူထုကိုယ်စားလှယ်)၊ ၈။ စ၀်ထွန်းအေး(သာမိုင်းခမ်းစော်ဘွား)၊ ၉။ ဦးတင်အေး(တောင်ကြီးလူထုကိုယ်စားလှယ်)၊  ၁၀။ ဦးကြာပု(သီပေါလူထုကိုယ်စားလှယ်)၊ ၁၁။ စ၀်ယိင်ဖ(သီပေါလူထု ကိုယ်စားလှယ်)၊ ၁၂။ ဆမားဒူဝါဆင်ဝါနောင်(မြစ်ကြီးနား ကချင်ကိုယ်စားလှယ်)၊ ၁၃။ ဒူဝါဇော်ရစ်(မြစ်ကြီးနားကချင်ကိုယ် စားလှယ်)၊ ၁၄။ ဦးခွန်ထီး (ပင်လုံလူထုကိုယ်စားလှယ်)၊၁၅။ဦးထွန်းမြင့်(မောက်မယ် လူထုကိုယ်စားလှယ်)၊ ၁၆။ဦးခွန်စော(ပင်းတယလူထုကိုယ်စား လှယ်)၊ ၁၇။ဦးဖြူ(ဆီဆိုင်စော်ဘွား ကိုယ်စားလှယ်)၊ ၁၈။ဦးဒိန်ရတန်(ဗန်းမော် ကချင်ကိုယ်စားလှယ်)၊ ၁၉။ဒူဝါး ဇော်လွန်း(ဗန်းမော် ကချင်ကိုယ်စား လှယ်)၊၂၀။ဦးလဘန်းဂရောင်(ဗန်းမော် ကချင်ကိုယ်စားလှယ်)၊၂၁။ဦးလူမုန်း(ဖလမ်း ချင်းကိုယ်စားလှယ်)၊၂၂။ ဦးသောင်ဇာခုတ် (တီးတိန် ချင်း ကိုယ်စားလှယ်)၊ ၂၃။ ဦးကီယိုမာန်(ဟားခါး ချင်းကိုယ်စားလှယ်)

ပင်လုံစာချုပ်တွင် ပါဝင်သောအချက် ကိုးချက်

(၁) တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့(တစညဖ)၏ ကြိုးကိုင် အဖွဲ့ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် ခန့်ထားရမည်။

(၂) ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်တစ်ဦးအဖြစ် ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည် ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက် သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့် အာဏာကို ပေးအပ်ရမည်။

(၃) အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံနှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ် ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့်နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြားနယ်စပ်ဒေသအားလုံး တို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက်တာဝန် ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။

(၄) အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင် ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်   ကောင်စီတွင် တက်ရောက်နိုင်ခွင့် ရှိစေရမည်။

(၅) အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင် စီကိုတိုးချဲ့မည်ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ် ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစ်စုံတစ်ရာ လက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်း မရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည် ဟူသောမူကို သဘောတူညီကြ သည်။

(၆) ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တစ်ခု နယ်နိမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တစ်ခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထ   မြောက်ရန် အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် အစိုးရအက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း (၂)ဒေသ များကဲ့သို့ မြစ်ကြီးနားနှင့်ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင် ရမည်။

(၇)နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။

(၈) ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့်ပတ်သက် သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။

(၉) ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်မှာ မြန်မာပြည် အခွန်တော်ငွေများမှ ကချင်တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များ က ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေး အစီအစဉ်များ ကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင် ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။

နေထွန်းနိုင်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: