လုပ်ရဲရင် ခံရဲရမယ်


စိန်သံလုံး

ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၅ ခုနှစ်က နေသူရိန် အစည်းအဝေးမှာ ပြောခဲ့ဖူးပါတယ်။ သူသည် စီးပွားရေးသမား မဟုတ်၊ သူဋ္ဌေးဖြစ်ချင်သူ မဟုတ်၊ သူ့မှာ ငွေရှာနိုင်သော အခွင့်အရေး ရှိတဲ့အပြင် သရဖူလုပ်ပြီး ဆောင်းနိုင်းသော အခွင့်အရေးတွေ ရရှိခဲ့သော်လည်း သူလိုချင်သော လွတ်လပ်ရေး သရဖူကိုသာ ဆောင်းလိုကြောင်း၊ သူ ဆောင်းလိုသော သရဖူမှာ လွတ် လပ်ရေးသရဖူသာ ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားသွားခဲ့ပါတယ်။ အဲဒီ အချိန်က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်ရော အင်္ဂလိပ်ကပါ မက်လုံးတွေ ပေးပြီး စည်းလုံးသိမ်းသွင်းဖို့ ကြိုးစားနေ ချိန် ဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းက ဘယ်သူ့လက်ကိုင်တုတ်မှ အလုပ်မခံဘူး။

အဲဒီလို နိုင်ငံ့ခေါင်းဆောင် ပီသမှုအတွက် ကျေနပ်ဂုဏ်ယူခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရောက်လေရာ နေရာတိုင်း မှာ ပြည်သူတွေက ချစ် ခင်လေးစားစွာနဲ့ ကြိုဆိုဂုဏ်ပြုနေခြင်းက လုပ်ယူ၍ ရသောအရာ မဟုတ်ကြောင်း ထင်ရှားလှပါ တယ်။ မနေ့တနေ့တုန်းဆီက လူကြီးတွေ နယ်ဆင်း တဲ့အခါ ကြိုဆိုကြတဲ့ ပြည်သူလူထုဆိုတာ နည်းလှပါတယ်။ တာဝန်အရ ကြိုခဲ့ကြတာပါ။ စိတ်ပါ လက်ပါ ကြိုဆိုကြတာ မဟုတ်ဘူးဆိုတာ အထူးပြော ဖို့တောင် လိုမယ်မထင်ပါ။

အဲဒါက ကွာခြားချက်တွေ အများကြီးကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်သူလူထုတွေက သူတို့အကျိုးကို ဘယ်သူ လိုလားတယ်ဆိုတာ သိကြပါတယ်။ အခြေအနေအရ မသိဟန်ဆောင်ချင်ဆောင်မယ်။ တကယ်တော့ သိနေကြပါတယ်။ ကိုယ်ကျိုးရှာသူတွေကို ဘယ်သူမှ မလေးစားပါဘူး။ နှစ် ၅၀ နီးပါး အာဏာရှင်တွေ ကိုယ်ကျိုးရှာခဲ့ကြတယ်မဟုတ်လား။

“စစ်ဗိုလ်ချုပ်တွေ အကုန်လုံးနီးပါးကို သူရဘွဲ့ ပေးသင့်တယ်။ တိုက်ပွဲမှာ ထူးချွန်လို့ ပေးတဲ့ သူရဘွဲ့တော့ မဟုတ်ဘူး။ သူတို့ ရဖို့အတွက်ပဲ ကိုယ်ကျိုး ရှာတာ တော်လွန်းလို့ သူရဘွဲ့ ပေးရမှာ။”

ရန်ကုန်မြို့တော်ကြီးမှာ အဓိကကျတဲ့နေရာ လူတိုင်း ကြိုးစားလို့ မရတဲ့နေရာတွေမှာ ကွန်ဒိုတိုက်ကြီးတွေ၊ အဆင့်မြင့် အိမ်ရာကြီးတွေ ဆောက်တဲ့   မြန်မာနိုင်ဂရု ဆောက်လုပ်ရေးရဲ့ နာမည်ခံပိုင်ရှင် ထွန်းနိုင်ရွှေ ဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့သားဆိုတာ သိတဲ့လူတွေ သိကြပါတယ်။ ဒီလိုအခွင့်အရေးမျိုးကို အပြင်လူ ဘယ်ရမှာလဲ။ အဖေရဲ့အရှိန်အ၀ါနဲ့ အခွင့်အရေးယူတယ်ဆိုတာ လူတိုင်း လုပ်နိုင်တာမှတ်လို့။ အဲဒီ မြန်မာနာမည် ရှေ့ဆုံးက တပ်ထားတဲ့ နိုင်ဂရု နောက်မှာ လူမျိုးခြားတွေ ရှိနေတယ်။ ရှေ့မှာ တပ်ထားတဲ့ မြန်မာအတွက် ကိုယ်စားပြုတာက ထွန်းနိုင်ရွှေ တယောက်ထဲ။ ကဲ … ဘာပြောချင်သေးလဲ။

စစ်ဗိုလ်ချုပ်များနဲ့ စစ်တပ်အသိုင်းအ၀ိုင်းအတွက် ၀င်ငွေရှာခဲ့တာ တော်တော်များနေပြီ။ နှစ်ပေါင်းလည်း မနည်းတော့ဘူး။ ၁၉၉၀ ပြည့်နှစ် စီးပွားရေး ဦးပိုင်လီမိတက်ကို ထူထောင်ခဲ့ပြီးတော့ နောက်ထပ် ၁၉၉၇ ခုနှစ်မှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဆိုတာကို ထပ်ပြီး ထူထောင်ခဲ့တယ်။

အဲဒီကုမ္ပဏီနှစ်ခုကတော့ မပိုင်ရင် ခြင်ကိုတောင် မရိုက်ဘူးဆိုတဲ့ ပေါ်လစီနဲ့ ထူထောင်ခဲ့ကြတာပါ။ နိုင်ငံတော်ကို အခွန်ပေးဆောင်ဖို့မလိုတဲ့ အခွင့် အရေးကို ဇွတ်ယူထားတယ်။ အဲဒီလောက် ပိုင်အောင် လုပ်ထားတာ။ စစ်ဗိုလ်ချုပ်များနဲ့ စစ်တပ်အသိုင်းအ၀န်းက လူတွေ ကောင်းစားသလား မမေး နဲ့. စိန်သံလုံး သူငယ်ချင်း ဗိုလ်မှူးတယောက်ဆို ဦးပိုင်က ချပေးတဲ့ စားအုန်းဆီပါမစ်နဲ့ မယားငယ်နှစ်ယောက် ယူထားတဲ့အထိ အိုကေမှာ စိုပြေ တယ်လေ။ သူက ဆီပါမစ်ရောင်းရင် တလကို ၆ သိန်း ရတယ်။ ဒါက အကင်းပဲရှိသေးတာ။ သူ့ထက်ကြီးတဲ့ လူတွေက သူ့ထက် အဆပေါင်းများစွာ သာတဲ့ အကျိုးအမြတ်ငွေတွေ ရကြတယ်ဆိုတာ ပြောမယုံ ကြုံဖူးမှ သိတာပါ။

အဲဒီ ဦးပိုင်လီမိတက်နဲ့ MEC တို့က သေချာပေါက် ပိုက်ဆံရမယ့် လုပ်ငန်းတွေပဲ လုပ်တယ်။ ရှုံးမယ့် လုပ်ငန်းမျိုးဆို အနားတောင် မကပ်ဘူး။ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းရဲ့ စက်မှု (၁) အရှုံးပေါ်နေတဲ့ စက်ရုံ ၂၀၀ ကျော် ရှုံးတာ ပြည်သူဘဏ္ဍာတွေပဲ ဆုံးရှုံးခဲ့ကြပေါ့။ အဲဒီလိုလူစား ခုချိန်ထိ   ကောင်းစားနေသေးတယ်။ ၀န်ကြီးရာထူး မရှိတော့ပေမယ့် ၀န်ကြီးလစာ အတိုင်းရတဲ့ လွှတ်တော်ကော်မတီ ဥက္ကဌ ဖြစ်နေသေးတယ်။ သူ့လိုပဲ အပြစ်ရှိတဲ့ ၀န်ကြီးဟောင်း သုံးမရတော့တဲ့ ၀န်ကြီးဟောင်း ၁၈ ယောက် လွှတ်တော်ကော်မတီ ဥက္ကဌတွေအဖြစ် တီထွင်ပြီး ခန့်ထားတဲ့ ဥာဏ်ကြီး ရှင် ဘယ်သူလဲဆိုတာ သိကြမှာပေါ့။ နောက်ကွယ်က ကြိုးကိုင်နေတဲ့ ရုပ်သေးဆရာကြီး သန်းရွှေ နောက်မှာရှိနေတယ်ဆိုတဲ့ သက်သေပဲ။

အဲဒီ လွှတ်တော်ကော်မတီ ၁၈ ယောက်ရဲ့ နာမည်တွေကိုရော သိချင်ကြလား။ ပြောပြမယ်နော်။ မှတ်ထားကြပါဗျ။

ဦးဋ္ဌေးဦး၊ဦးသိန်းဇော်၊ဦးအောင်သောင်း၊ဦးစိုးသာ၊ ဦးတင်ထွဏ်း၊ဦးလှမြင့်ဦး၊ ဦးမောင်မောင်သိမ်း၊ဦးသိန်းဆွေ၊သူရဦးအေးမြင့်၊ဦးစိုးနိုင်၊ ဦးဋ္ဌေးမြင့်၊ ဦးလွန်းသီ၊ ဒေါက်တာကျော်မြင့်၊ ဒေါက်တာချမ်းငြိမ်း၊ သူရဦးအောင်ကို၊ ဦးမောင်ဦး၊ ဦးမောင်မောင်ဆွေ၊ ဦးအောင်သိန်းလင်း … တို့ပေါ့၊ အဲဒီထဲမှာ ဦးအောင်သောင်းရဲ့သားက ဘဏ်တည်ထောင်ခွင့်ရခဲ့ပြီး သူ့အဖေ ဦးအောင်သောင်းက ဘဏ်အကြောင်း နားမလည်ဘဲ၊ ငွေစက္ကူတောင် အစစ်မှန်း အတုမှန်း မသိဘဲနဲ့ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်နေတာ တမင်တိုက်ဆိုင်တာ မဟုတ်ဖူးဆိုတာပဲ။

စစ်ဗိုလ်ချုပ်များနဲ့ စစ်တပ်အသိုင်းအ၀ိုင်းတွေ အထူးလက်ဝါးကြီးအုပ်ပိုင်ခွင့်၊ အခွင့်အရေးယူပိုင်ခွင့်ရတဲ့ စီးပွားရေးဦးပိုင်လီမီတက်နဲ့ စီးပွားရေးကော် ပိုရေးရှင်းတို့က အမြတ်အစွန်း သေချာပြီး တခြား ပုဂ္ဂလိကတွေ လုပ်ခွင့်မရတဲ့ လုပ်ငန်းကြီးတွေဖြစ်တဲ့ သစ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း (ကျောက်မျက်၊ ကျောက်စိမ်း) ဘဏ်လုပ်ငန်း၊ သံမဏီစက်ရုံ၊ သကြားစက်၊ သစ်အချောကိုင်စက်၊ ဆည်နဲ့ လမ်းတံတား၊ အရက်ချက်စက်ရုံ၊ ဂေါတန် ကျာက်လုပ်ငန်း၊ မိုးကုတ် မိုင်းရှူး ကျောက်မျက်လုပ်ပိုင်ခွင့်၊ ဖားကန့် ကချင် ကျောက်စိမ်းတူးဖော်ခွင့်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ၊   ပြည်ပပို့ကုန် တင်သွင်းမှုအမျိုးမျိုး၊ စာအုန်းဆီ၊ ကားတင်သွင်းမှု၊ ကားအပိုပစ္စည်း တင်သွင်းပြီး တပ်ဆင်ရောင်းချသည့် လုပ်ငန်း၊ တယ်လီဖုန်းလုပ် ငန်း၊ မြ၀တီ ရဟတ်ယာဉ်ငှားလုပ်ငန်း၊ ကြက် ငါး ပုဇွန် ထုတ်လုပ်ရေး၊ ရွှေတူးဖော်ရေး၊ စီးကရက်စက်ရုံများ၊ ဘီယာစက်ရုံများ၊ အရက်ချက်စက်ရုံ များ၊ နို့ချက်စက်ရုံလုပ်ငန်းများနဲ့ အာဏာလွှဲခါနီးမှာ သေချာပေါက် ငွေရတဲ့ ကုန်သေတ္တာစခန်း(ကွန်တိန်နာ)၊ ကြေးစင်တောင်က ကြေးနီထုတ်လုပ်မှု လုပ်ငန်းတွေကိုပါ သဲသဲမဲမဲ လွှဲပေးခဲ့တယ်။

ကိုယ်ရကိုယ်ယူစနစ်နဲ့ယူလို့ မ၀သေးတဲ့အပြင် သားသမီး မြေးမြစ်တို့တည်ထောင်ထားတဲ့ ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့သား အောင်သက်မန်း တည်ထောင်   ထောင်ထားတဲ့ ဧရာရွှေဝါ၊ ဒေါ်ကြိုင်ကြိုင်ကို လုပ်ကျွေးနေတဲ့ မွေးစားသား တေဇရဲ့ ထူးဒရေးဒင်းနဲ့ အဲပုဂံ၊ ဇော်ဇော်ရဲ့ မက် (စ်) မြန်မာ၊ တင်အောင်မြင့်ဦး ရဲ့သား ဗိုလ်မှူး နိုင်လင်းဦးရဲ့ TZ ကုမ္ပဏီ၊ ဗိုလ်ချုပ်ကြီး တင်အေးရဲ့သား ဥက္ကာအေးရဲ့ လင်းထက်အောင်ကုမ္ပဏီ၊ ဦးအောင်သောင်း ရဲ့သား နေအောင်နဲ့ မိုးအောင်တို့ရဲ့ IGE နဲ့ အောင်ရည်ဖြိုး ကုမ္ပဏီတွေကိုလည်း လုပ်ပိုင်ခွင့်တွေ အများကြီးပေးပြီး တဖက်က လှည့်ယူကြပြန်တယ်။

ဒါ့အပြင် ကမ္ဘောဇ၊ ဇေကမ္ဘာ၊ ယုဇန၊ ဧဒင်အုပ်စု၊ ရွှေသံလွင်၊ ရွှေနဂါးမင်း … စတဲ့ ကုမ္ပဏီများကိုလည်း အခွင့်အရေးတွေ ပေးပြီး အကန်တော့ခံနေ တုန်းပဲ။ ဒီလုပ်ငန်းတွေကို ဒီမိုကရေစီလို့ ပြောနေတဲ့ ဒီနေ့ခေတ်ထိ လည်ပတ်နေတုန်းနော်။ စားလို့ ၀ါးလို့ ကောင်းတုန်း …။

လွတ်လပ်ခြင်း၊ တရားမျှတခြင်းဆိုတာ နိုင်ငံတော်သီချင်းမှာပဲ ရှိတယ်။ ဘယ်မှာလဲ ဒီမိုကရေစီ။ နိုင်ငံသစ်ကြီးဆိုတာ သစ်နေရဲ့လား။

အဟောင်းတွေ ကောင်းစားတုန်းနော်။ အာဏာမလွှဲခင် အထူးစီမံကိန်း ၆ ခုကို အသဲအသန် အလျင်အမြန် ချပေးလိုက်တဲ့ ဦးသန်းရွှေရဲ့ စေတနာ   လေးစားလောက်ပါရဲ့။

မသေခင် ရိက္ခာယူသွားတဲ့သဘော။ စားလို့ပဲ မ၀နိုင်တော့ဘူး။ နောက်လူတွေ အကြွေးတင် ရန်ဖြစ်ကြပေါ့။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ .။ စစ်ဗိုလ်ချုပ်တွေ အကုန်လုံးနီးပါးကို သူရဘွဲ့ ပေးသင့်တယ်။ တိုက်ပွဲမှာ ထူးချွန်လို့ ပေးတဲ့ သူရဘွဲ့တော့ မဟုတ်ဘူး။ သူတို့ ရဖို့အတွက်ပဲ ကိုယ်ကျိုး ရှာတာ တော်လွန်းလို့ သူရဘွဲ့ ပေးရမှာ။

ဆရာဘုန်းကြီးက ဟောဘူးတယ်လေ။ အရှုပ်ထဲမှာ ရှင်းအောင်နေ။ ဟုတ်ကဲ့ .. ဒီအရှုပ်ထုပ်ကြီး မရှင်းဘဲနဲ့ ဒီမိုကရေစီလို့ အော်လို့မရဘူး။ ဒီအတိုင်း ပဲ ငုံ့ခံနေရမှာလား။ ခေတ်တွေ အမျိုးမျိုး ဖြတ်သန်းခဲ့ကြပြီ။ ၁၉၄၈ မှ ၁၉၅၈ အထိ ဖဆပလအစိုးရ၊ ၁၉၅၈ မှ ၁၉၆၀ အထိ အိမ်စောင့်အစိုးရ၊ ၁၉၆၀ မှ ၁၉၆၂ ထိ ပြည်ထောင်စုအစိုးရ၊ ၁၉၆၂ မှ ၁၉၇၄ ထိ တော်လှန်ရေးကောင်စီအစိုးရ၊ ၁၉၇၄ မှ ၁၉၈၈ အထိ မဆလအစိုးရ၊ ၁၉၈၈ မှ ၁၉၉၇ ထိ န၀တ အစိုးရ၊ ၁၉၉၇ မှ ၂၀၁၁ ထိ နအဖအစိုးရ၊ ၂၀၁၁ မတ်လ ၃၀ ရက်မှ ယနေ့အထိ ဒီမိုကရေစီအစိုးရဆိုပြီး ပြောင်းလဲလာခဲ့တယ်။

ဒါပေမယ့် မပြောင်းလဲသေးတဲ့ စစ်ဗိုလ်ချုပ်ကြီးများနဲ့ စစ်တပ်အသိုင်းအ၀ိုင်းကတော့ ရသမျှ အကုန်ယူပြီးပြီ။ မတရား ယူထားတဲ့၊ အခွန်မဆောင်ရ တဲ့ စီးပွားရေးလက်ဝါးကြီးအုပ်မှုတွေချည်းပဲ။ ဒီပုံစံနဲ့ ကမ္ဘာသိ ကြေညာထားတဲ့ ဒီမိုကရေစီစနစ်ကြီးကို ဘယ်လို ထူထောင်ကြမှာလဲ။ လုပ်ရက်ကြ ပါပေါ့၊ ကဲ … လုပ်ရဲရင်တော့ ခံရဲရမယ်နော်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: