၂၁ ရာစုနှစ်တွင် ဗဟုသုတ၏ အရေးပါသောအခန်းကဏ္ဍ


၂၁ ရာစုနှစ်ကို ‘ဗဟုသုတ ရာစုနှစ်’ ဟု ခေါ်တွင်၏။ ယခုအခါ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သတင်းအချက်အလက် များ (information)၊ ဆက်သွယ်ရေး (communication) ၊ ပညာရေး (education) နှင့် ဗဟုသုတ (knowledge) ပြည့်လျှံလျက်ရှိ၏။ မကြာသေးမီကာလက သက်ရှိသက်မဲ့လောကနှင့်စပ်လျဉ်း၍ ကြီး ကျယ်ပြီး အခြေခံကျလှသော တိုးတက်မှု များ ဖြစ်ပေါ်ခဲ့၏။
ကမ္ဘာ့နိုင်ငံများ၏ ချမ်းသာကြွယ်ဝမှုနှင့် ဩဇာအာဏာရှိမှု၏ အခြေခံတစ်ခုမှာလည်း ဗဟုသုတပင်ဖြစ်၏။

နိုင်ငံတို့၏ ချမ်းသာမှု၊ အောင်မြင်မှုနှင့် ဩဇာအာဏာတို့ကို ဆုံးဖြတ်ချက်ပေးသော အရာများအနက် သယံ ဇာတ၊ နိုင်ငံ၏ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ၊ ပထ၀ီ ဒေသနှင့် နိုင်ငံရေးဆိုင်ရာတည်ရှိပုံ(geopolitics) နှင့် အရေးပါဆုံးအနေဖြင့် လူ့စွမ်းအား (human resources) တို့က ပြဋ္ဌာန်းပေးမည်။

ဗဟုသုတနယ်ပယ်များအနေဖြင့် သိပ္ပံနှင့်နည်းပညာ(science & technology)သည် နိုင်ငံတို့၏ တိုးတက် မှုအတွက် အရေးပါလှသော လိုအပ်ချက်တစ်ရပ်ဖြစ်သည်။

သိပ္ပံနည်းပညာနှင့် အဆက်အစပ်ရှိသော စက်မှုလက်မှုလုပ်ငန်းများလည်း လူမှုစီးပွားရေး ဖွံ့ဖြိုးမှုအတွက် လိုအပ်ချက်တစ်ရပ် ဖြစ်ပေသည်။
သမိုင်း ခေတ်အဆက်ဆက်တွင် ယခုခေတ်သည် စက်မှုလုပ်ငန်းခေတ်ကို ကျော်လွန်နေသောခေတ် (post industrial) သို့ ရောက်ရှိနေပြီဟု ယူဆကြ သည်။

ကုန်ထုတ်လုပ်ငန်းနှင့် ၀န်ဆောင်မှု လုပ်ငန်းမှအစ ခေတ်သစ်စစ်တိုက်ခိုက်ရေးနှင့် အာကာသကို စူးစမ်းမှုတို့သည် သိပ္ပံပညာဖွံ့ဖြိုးမှုနှင့် တိုးတက်မှုပေါ် မူတည်ပေသည်။ ဤသို့ဆိုသော်လည်း အနုပညာများ (arts)၊ ဒဿနဗေဒ (philosophy) နှင့် အထူးသဖြင့် ယဉ်ကျေးမှု (culture) တို့သည် လူ့အဖွဲ့ အစည်းများနှင့် နိုင်ငံတို့၏ ကြွယ်ဝမှုအတွက် အရေးကြီးကြောင်း တင်ပြရန်လိုပေသည်။

ထို့ပြင် လူမျိုးတစ်မျိုး၏ ဖွံ့ဖြိုးမှုတွင် သမိုင်းဆိုင်ရာ၊ လူမှုယဉ်ကျေး မှုဆိုင်ရာ (sociocultural) နှင့် ပထ၀ီ အနေအထားတို့၏ အရေးပါ ပုံကိုလည်း သတိပြုရန် လိုအပ်ပေသည်။

ပညာရေးသည် လူတို့၏ ဆင်းရဲမွဲတေမှုနှင့် ဒုက္ခပေါင်းစုံမှ ကယ်တင်မြှင့်တင်မှုကို ပေးစွမ်းနိုင်သည့် အရေးပါဆုံးသော ကဏ္ဍတစ်ခု ဖြစ်သည်။ ထို့ပြင် ပညာရေး သည် ဖွံ့ဖြိုးမှု၏ ကျောထောက်နောက်ခံ ဖြစ်၏။

ထို့ကြောင့် ကျွန်ုပ်တို့၏ နိုင်ငံနှင့်လူမျိုးသည် ပညာရေးစနစ်တစ်ခုလုံးကို ကောင်းမွန်အောင် ပြန်လည်ပြုပြင်ခြင်း နှင့် ရရှိနိုင်သော အကျိုးကျေးဇူးတို့ကို ခံစားထိုက်ပေသည်။

ကျွန်ုပ်တို့အားလုံး သိရှိသည့်အတိုင်း အထက်ပါပြုပြင် ပြောင်းလဲမှုကို အခြေခံအကျဆုံး ပညာရေးအဆင့်မှစ၍ အမြင့်ဆုံးတက္ကသိုလ် ပညာရေးအဆင့် အထိ ပြုပြင်ရန် လိုအပ် ပေသည်။

ပညာရေးနှင့် ကျန်းမာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုအတွက် အရေးအကြီးဆုံး အကြောင်းရပ်များဖြစ်ကြောင်း သက်သေ အထောက်အထား အရ ငြင်းဆိုဖွယ်အကြောင်း လုံးဝမရှိပေ။

‘သင်ကြား-သင်ယူခြင်း'(Teaching- Learning)နှင့်စပ်လျဉ်း၍ လုံးဝခေတ်မမီတော့ဘဲ ဟောင်းနွမ်းနေသောနည်းနိသျှ (methods & techniques) များကို အမြစ်မှ တော်လှန်ပြုပြင်ရန် လိုအပ်နေပေသည်။

ကျွန်ုပ်တို့သည် ခေတ်ကုန်ပြီဖြစ်သော ‘သင်ကြားမှု- သင်ယူမှု’ အစီအစဉ်နှင့် နည်းများ၏ ဒဏ်ကို ကာလအစဉ်အဆက်ကပင် ခံစားခဲ့ရ၏။
ဤစနစ်တွင် သင်ကြားသူ ဆရာ/ဆရာမများက ကျောင်းသူ/ ကျောင်းသားများအား ကလေးသူငယ်ကို အစားအစာ ဇွန်းဖြင့်ခွံ့ကျွေး (Spoonfeed) ကဲ့သို့ ပညာသင်ကြားပေး၏။

ကျောင်းသူ/ကျောင်းသားများကမူ ကိုယ်တိုင်တက်ကြွမှုမရှိသည့် (passive) ဆရာ၏ သင်ကြားမှုကိုခံယူပြီး စာကိုအလွတ်ကျက်မှတ် (rote learning) ကာ ယင်းအကြောင်းအရာကိုပင် စာသင်ခန်းတွင်ဖြစ်စေ၊ စာစစ်ဆေးခြင်းခံရလျှင်ဖြစ်စေ ပြန်လည်အန်ထုတ်ခြင်း (regurgitate)ကို ပြုလုပ်ကြပေသည်။

ဤကဲ့သို့ ‘သင်ကြား-သင်ယူခြင်း’ သည် လုံးဝခေတ်မမီ၊ အဓိပ္ပာယ်မဲ့၍ တန်ဖိုးမရှိသော လုပ်ရပ်ဖြစ်သည်။

အခြေခံပညာရေးအဆင့်မှစ၍ အမြင့်ဆုံးအဆင့်များအထိ ပညာသင်သူ (learners) တို့ကို ပညာရေးဖြစ်စဉ်တွင် မိမိကိုယ်တိုင် တက်ကြွစွာပါဝင်ဆောင် ရွက်မှု (active participation) ဖြစ်ထွန်း စေရန် ဆရာများက သင်ယူသူတို့အတွက် လှုံ့ဆော်ခြင်း (stimulate) နှင့် လမ်းညွှန်ခြင်း (guidance) မျှ သာပေးပြီး သင်ယူသူတို့ကမူ မိမိတို့ကိုယ်တိုင် ဆတက်ထမ်းပိုး တိုးမြှင့်၍ ပညာဗဟုသုတနှင့် ကျွမ်းကျင်မှု (skills) တို့ကို ရှာဖွေ ဆည်းပူးရန် လိုအပ်ပေ သည်။

အဆင့်မြင့် ပညာရေးကဏ္ဍ (တက္ကသိုလ်အဆင့်)တို့ တွင် သင်ယူသူသည် လူကြီးဆန် (adult style) ၍ ရင့်ကျက် (mature) သည့် မိမိ ဘာသာ သင် ယူခြင်း(independent learning) နှင့် မိမိကိုယ်ကိုယ်စေ့ဆော်ခြင်း(self-motivation)တို့ကို သင်ယူမှု ဖြစ်စဉ်တစ်ခုလုံးတွင် တက်ကြွစွာပါဝင်   ဆောင်ရွက်ရန် လိုအပ်ပေသည်။

ပညာ ရေးဖြစ်စဉ်တစ်ခုလုံးသည် ပညာရေး၏ အဓိက အနှစ်သာရ (core essence) ဖြစ်သော ဝေဖန်တွေးတော စဉ်းစားခြင်း (critical thinking) နှင့် ဆင်ခြင်ခြင်း (reasoning) တို့ ဖွံ့ဖြိုးစေခြင်းနှင့် ဆက်စပ်နေရပေမည်။

ဤတွင် ကျွန်ုပ်တို့ အနေဖြင့် မျိုးဆက်သစ်ဖြစ်သော ကျောင်းသူ/ကျောင်းသားများသာမက ဆရာများကိုပင် ပြန်လည်ဖန်တီးဖော် ထုတ်ရန် လိုအပ်ပေ သည်။

ဆရာများအား ခေတ်ဆန်သည့် အသစ်ဆုံးသင်ကြားခြင်း နည်းနာဗေဒများ(methodologies) ရရှိစေရန် လေ့ကျင့်ပေးဖို့ လိုပေမည်။

‘သင်ယူမှု’ဆိုသည်မှာ အဘယ်နည်းဟူသော မေးခွန်း၏ အဖြေတစ်ခုရှိပါသည်။

တစ်နည်းဆိုရသော် သင်ယူမှုသည် ‘အပြုအမူပြောင်းလဲခြင်း’ (behaviour change) ပင် ဖြစ်၏။

အပြု အမူဟူသော ဝေါဟာရကို မှတ်ယူရာ၌ ယင်းတွင် စိတ်ပိုင်းနှင့် အာရုံသိမှု၊ စိတ်လှုပ်ရှားမှု၊ အပြုအမူနှင့် လူ၏ ရုပ်ပိုင်းကို ကျော်လွန်သော ယုံကြည်မှု အယူအဆ (spiritual) များပင် ပါဝင်သည်။

ကျွမ်းကျင်မှု (skill)ကို ရယူခြင်းမှာလည်း သင်ယူမှု၏ လိုအပ်ချက်တစ်ရပ်ဖြစ်၏။
အကြောင်းမှာ များစွာသော သင်ယူမှုတို့၌ လေ့ကျင့်ခြင်းဖြင့် ကျွမ်းကျင်မှုရယူရန် လိုအပ်ပေသည်။
ထို့ပြင် သင်ယူမှုသည် လူ့ဘ၀တစ်လျှောက် မရပ်စဲဘဲ အစဉ်တစိုက် ဖြစ်ပေါ်နေရုံသာမက ဖြစ်ပေါ်နေစေရမည်။
ယင်းသည် သာမန် နေ့စဉ်ဘ၀တွင်သာမကဘဲ နည်းလမ်းတကျ အသက်မွေးဝမ်းကျောင်းမှုပညာရပ်နှင့်ဆိုင်သော အခြေအနေများ (ဥပမာ- ဆရာဝန် များ၊ အင်ဂျင်နီယာများ အစရှိသော ပညာရှင်များ)သည် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ဖွံ့ဖြိုးမှု ပညာရေး (professional development education) ကို လုပ်သက်ဘ၀တစ်လျှောက်လုံး၌ ခံယူရပေသည်။

ထိုသို့ မလိုက်နာပါက ပညာရပ်ဆိုင်ရာ ပြစ်ဒဏ်ပေးမှုကို ခံရယူရပေသည်။
ခေတ်သစ်လူထုဆက်သွယ်ရေး မီဒီယာ (communication media) အကြောင်း အနည်းငယ်ဖော်ပြလိုပါသည်။
ဤမီဒီယာဖြစ်သော သတင်းစာ၊ စာနယ်ဇင်း၊ ရေဒီယို၊ရုပ်မြင်သံကြား (television/ TV)နှင့် အထူးသဖြင့် အင်တာနက်(internet)တို့သည် လူထုအား သတင်းနှင့် ပညာပေးရေးတွင် အလွန်ပဓာနကျပေသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လူထုဆက်သွယ်ရေးသည် လူ့အဖွဲ့အစည်းအတွင်း အလွန်ကျယ်ပြန့်စွာ ပျံ့နှံ့လျက်ရှိ၏။
လူထုသည်လည်း ကောင်းသောအခြေခံပညာရေး အသင့်အတင့်ရှိသောကြောင့် ယင်းတို့သည် သူတို့၏ နိုင်ငံနှင့် အခြားနိုင်ငံများနှင့် စပ်လျဉ်း၍ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအကြောင်း အတော်အသင့် သိရှိပေသည်။

သို့ပါ၍ ထိုလူ့ အဖွဲ့အစည်းတွင် နေထိုင်သူများသည် ဥပမာ- ကျန်းမာရေးနှင့်စပ်လျဉ်း၍ အတော်ပင် ဗဟုသုတရှိပေသည်။
သို့သော် အချို့သော သုတေသနတွေ့ရှိ ချက်များအရ ဖွံ့ဖြိုးမှုအမြင့်ဆုံးနိုင်ငံများမှ လူအချို့သည်ပင်လျှင် တိကျသောအကြောင်းအရာအချို့ (ဥပမာ- စိတ် ကျန်းမာရေးနှင့် စပ်လျဉ်း၍ အခြေခံဗဟုသုတမရှိကြောင်း အမေရိကန်ပြည်ထောင်စုတွင် တွေ့ရှိရ၏။)

ဤတွင် မီဒီယာသည်ပင်လျှင် ဘက်လိုက်၍ အချို့သောလူတစ်စု၊ သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်တို့၏ အကျိုးကျေးဇူးကိုသာ ကိုယ်စားပြုကြောင်း (ဥပမာ- နိုင်ငံရေး နယ်ပယ်တွင်) တွေ့ရှိရ၏။

ဖွံ့ဖြိုးပြီးနိုင်ငံများမှ TV အစီအစဉ်တို့တွင် တန်ဖိုးမဲ့သောပါရှိချက်များ (ဥပမာ- ကြော်ငြာများ)ကို တွေ့ရပေသည်။
သို့သော် ထိုရုပ်မြင်သံကြားအစီအစဉ်များတွင်ပင် အလွန်စိတ်ဝင်စား ဖွယ်ကောင်း၍ အကျိုးကျေးဇူးရှိပြီး အဖိုးတန်သော ဗဟုသုတ ပါဝင်ပေသည်။
ထို့ပြင် ဖွံ့ဖြိုးပြီးနိုင်ငံမှ TV အစီအစဉ်တို့တွင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် စပ်လျဉ်း၍ ပညာပေးပြီး အသိဥာဏ်ကို တိုးပွား စေသော အကြောင်း အရာများ ပါဝင်ပေသည်။

ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံတွင် ပြည်သူလူထုအတွက် ကွန်ပျူတာများ အသုံးပြု နိုင်ခြင်းနှင့် လျင်မြန်သော အင်တာနက် ဆက်သွယ်မှု (internet connectivity) တို့သည် အလိုအပ်ဆုံးသော အီလက်ထရွန်းနစ် ဆက်သွယ်မှုတစ်ခုဖြစ်ပေသည်။

World Wide Web (WWW) နှင့် အင်တာနက်သည် သတင်း၊ အသိပညာနှင့် ဗဟုသုတရရှိရန် အဖိုးတန်ဆုံးသော အရင်းအမြစ် တစ်ခုဖြစ်ပေသည်။
ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယင်းတို့၏ ပြည်သူ လူထုအတွက် အများဆုံး ယုံကြည် စိတ်ချ၍ (reliable) အမြန်ဆုံးသော အင်တာ နက်ဆက်သွယ်မှုရရှိရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။

အင်တာနက်မှ သတင်းအချက်အလက်မျိုးစုံ ရရှိနိုင်သည်။
ဤတွင် သတိပြုရန်မှာ သတင်းအချက်အလက်နှင့် ဗဟုသုတကို အင်တာနက်တွင် ရှာဖွေရာ၌ မည်သည့် Websites များသည် အများဆုံး ယုံကြည် စိတ်ချရကြောင်း (reliable) နှင့် အစစ်အမှန် (authentic)အဖြစ်ဆုံးကို ရှာဖွေသူမှသိရှိရန် လိုအပ်ပေသည်။

(ဥပမာ ပညာရှင်တစ်ဦးသည် မိမိပညာရပ်နှင့် ဆိုင်သော အကြောင်းအရာကို ရှာဖွေရာ၌ မည်သည့် Websites များသည် အကောင်းဆုံးဖြစ်ကြောင်း သိရှိခြင်း၊ သို့မဟုတ် စိစစ်နိုင်ခြင်း လိုအပ်ပေသည်။)

အင်တာနက်တွင် အပြုသဘောမဟုတ်သော အဖျက်သဘောဆောင်သည့် အကြောင်းအရာများ (ဥပမာ- လိင်ဆိုင်ရာ ညစ်ညမ်းမှု- Pornography ) ပါရှိပေသည်။

ယင်းကဲ့သို့သောအကြောင်းအရာများကို နိုင်ငံအစိုးရများအနေဖြင့် ပြည်သူများနှင့် ထိတွေ့မှုမရှိရန် ပိတ်ပင်တားဆီးချက်များ ပြုလုပ်လေ့ရှိ၏။
သို့သော် အင်တာနက်သည် သတင်းအချက်အလက်နှင့် ဗဟုသုတတို့ကို တန်ဖိုးမဖြတ်နိုင်အောင်ရရှိသည့် အရင်းအမြစ် ဖြစ်ပေသည်။
ထို့ကြောင့် အများသိရှိသည့်အတိုင်း ငယ်ရွယ်သောကလေးသူငယ်များကိုပင် အိမ်၊ သို့မဟုတ် ကျောင်းတွင် ကွန်ပျူတာများနှင့်ထိတွေ့ သုံးစွဲခြင်းကို   ဆောင်ရွက်သင်ကြားပေးလျက်ရှိ၏။

အလုပ်ကိစ္စများကို ဆောင်ရွက်ရန် ကွန်ပျူတာစနစ်သုံးစွဲခြင်း အသွင်သဏ္ဌာန်သို့ ပြောင်းလဲခြင်း(computerization)နှင့် အီလက်ထရွန်းနစ် ဆက်သွယ်ရေးပုံစံအားလုံး၊ စက်ရုပ် (robots) နှင့် စက်ရုပ်ပညာ (robotics) အသုံးပြုခြင်း အပါအ၀င်တို့သည် အနာဂတ်တွင် အသစ်ဆန်းဆုံးနှင့် အတိုးတက်ဆုံး (cutting edge) သော နည်းများ ဖြစ်ပေမည်။

ထို့ကြောင့် ဥပမာအားဖြင့် ယခုပစ္စုပ္ပန်ကာလနှင့် အနာဂတ်တွင် စစ်တိုက်ခိုက်ရေး၌ပင် လူသည် ရန်သူနှင့် ထိတွေ့မှုမရှိဘဲ အီလက်ထရွန်းနစ်နည်းပညာ   နှင့်တိုက်ခိုက်မှုပြုလုပ်နေပြီး နောင်တွင် ယင်းသို့ပင် ဆက်လက်ဖြစ်ပေါ်သွားပေမည်။

ထို့ပြင် အီလက်ထရွန်းနစ်ဆက်သွယ်မှုကို ကမ္ဘာတစ်ဝန်းလုံးတွင် အကြောင်း ကိစ္စအမျိုးမျိုးဖြစ်သော ပညာရေး၊ ကုန်သွယ်စီးပွား ရေးနှင့် အထူးသဖြင့် လူသား ၀န်ဆောင်မှုလုပ်ငန်းများ(human services) အတွက် ကျယ်ပြန့် စွာ သုံးစွဲလျက်ရှိ၏။

သာဓကတစ်ခု အနေဖြင့် ယခုအခါ ကျွန်ုပ်တို့သည် ကုန်သွယ်ရေး၊ ကျန်းမာရေးနှင့် စပ်လျဉ်း၍ ‘e-commerce’ နှင့် ‘e-health’ ဟူ၍ အသုံးပြုလျက်ရှိ ၏။
ကျန်းမာရေးနှင့် စပ်လျဉ်း၍ ဝေးလံသော အရပ်ဒေသမှ ဆေးပညာရှင်များသည် ဆေးဘက်နှင့် ကုသမှုဆိုင်ရာလုပ်ငန်းများကို ပြည်သူ အတွက် အီလက် ထရွန်းနစ် ဆက်သွယ်ရေးဖြစ်သော တယ်လီဖုန်းနှင့် လူနှစ်ဦးထက်ပို၍ ပြောဆိုဆွေးနွေးခြင်း၊ ဗီဒီယို ရုပ်မြင်သံကြား ဖြင့် ပြောဆိုဆွေးနွေးခြင်း တို့ ကို ပြုလုပ်ပေးလျက်ရှိ၏။

သတင်းအချက်အလက်၊ ဆက်သွယ် ရေး၊ ဗဟုသုတနှင့် ပညာရေးတို့သည် အထွေထွေဘ၀နှင့် ပုဂ္ဂိုလ်နှင့် သက်ဆိုင် သောအရာ များကို အသိဥာဏ် ပညာ ရှုထောင့်မှ သုံးသပ်ခြင်းကို ပေးစွမ်းနိုင်၏။
ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းနှင့် အထူးသဖြင့် အထက်တန်းလွှာမှ လူတို့ အနေဖြင့် ပညာနှင့် ဗဟုသုတကင်းမဲ့နေလျှင် ပြည်သူ လူထုအတွက် များစွာ ထိခိုက်နစ်နာပေမည်။

လူများအနေဖြင့် အလွန်ဆင်းရဲနွမ်းပါးပါက မိမိတို့၏ ရှင်သန်မှုအတွက် အဓိကလုံးပန်းနေခြင်းဖြင့် အချိန်ကုန်နေမည်ကို နားလည်နိုင်ပါသည်။
လူ့အဖွဲ့အစည်းမှ လူလတ်တန်းနှင့် အထက်တန်းတို့ကလည်းသူတို့၏ ဘ၀တစ်သက်တာကို အချိန်ပြည့်၊သို့ မဟုတ် အချိန်တော်တော်များများ ပိုက်ဆံနှင့် ကြွယ်ဝမှုရရှိဖို့ အသုံးပြုနေ ပေမည်။ ထို့ပြင် ကျွန်ုပ်တို့အနေဖြင့် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လူမှုစီးပွားရေး ခေတ်နောက်ကျ ကျန်ခဲ့၏။

ထို့ကြောင့် အလယ်လတ်တန်း လူတန်းစားသည် မိမိနှင့်နီးစပ်ရာသူများ နှင့် စားသုံးမှု (consumerism) တန်းတူ ဖြစ်ရန် အဓိက အာရုံစူးစိုက်နေပေမည်။

ထို့ပြင် သတိပြုသင့်သည့်အချက်တစ်ခုမှာ ကျွန်ုပ်တို့သည် မိမိတို့၏ ဥစ္စာပစ္စည်းချမ်းသာကြွယ်ဝမှုကို သူတစ်ပါး အထင်ကြီးစေ လိုသောဆန္ဒဖြင့် ပြသခြင်း ပြုလုပ်တတ်ကြပေသည်။

တစ်နည်းအားဖြင့် ဂုဏ်ပကာသနကို အတော်ပင် ဦးစားပေး တတ်ပေသည်။
အထက်ဖော်ပြပါဖြစ်ရပ်များက ဘ၀တွင် အလွန်အရေးပါ၍ အစစ်အမှန်တန်ဖိုးရှိသော အရည်အသွေးများဖြစ်သည့် ဗဟုသုတ၊ စစ်မှန် သော ပညာရေး   နှင့် အသိဥာဏ်တို့၏ ကိုယ်စား အရေးပေးမှုရရှိနေ၏။
သို့သော် ဤအခြေအနေသည် ဆက်လက်၍ ဖြစ်ပေါ်နေမည်ဆိုပါက လူ့အဖွဲ့ အစည်းပင် သတင်းအချက်အလက်နှင့် ဗဟုသုတ ဆုံးပါးမှု ခံရပေမည်။
နောက်ဆုံး၌ လူ၏အထွေထွေနှင့် နေ့စဉ်ဘ၀ ၌ပင် အသိဉာဏ်၏ကဏ္ဍသည် ပျက်စီး ယိုယွင်း၍ လူ့အဖွဲ့အစည်းတစ်ရပ်လုံး ၌ပင် မလုံလောက် ခေါင်း ပါးသောအဖြစ် သို့ ရောက်ရှိနိုင်၏။
တစ်ဖက်တွင် ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းသည် လူမှုရေး နှင့်ယဉ်ကျေးမှုတန်ဖိုးများ (social & cultural values) အရ ဗဟုသုတကို ဧကန်မုချ တန်ဖိုး ထား၊ မထား သိရှိဖို့ လည်း လိုအပ်ပေသည်။
လူ့ဘ၀နှင့် အလုပ်အကိုင်နှင့် ဆက်စပ်၍ အသိ ဉာဏ်နှင့် ဝေဖန်စဉ်းစား တွေးခေါ်နိုင်ခြင်း စွမ်းရည်၏ တန်ဖိုးကို လျှော့ပေါ့၍ မယူဆနိုင်ပေ။
မိမိလူ့အဖွဲ့အစည်းတွင် ယခုတည်ရှိနေသော အခြေအနေကို မိမိနိုင်ငံမှ အခြားကမ္ဘာအရပ်ရပ်သို့ ခရီးထွက်သွားပါက ထီးထီးကြီး သိမြင်နိုင်၏။
လူပုဂ္ဂိုလ်တစ်ဦးသည် ထက်မြက်သော အသိဉာဏ်၊ ယင်းကို အသုံပြုတတ် ခြင်းမရှိဘဲ၊ ဗဟုသုတလည်း ကင်းမဲ့နေလျှင် ထိုပုဂ္ဂိုလ်သည် ယခုခေတ်၌ အလွန် ကြီးလေးသော ချို့ယွင်းချက်ရှိသူဖြစ်မည်။

ဤအကြောင်းနှင့်ဆက်စပ်၍ အရေးကြီးလှသော နောက်အကြောင်း ရပ်တစ်ခုမှာ နိုင်ငံနှင့် အစိုးရသည် ပြည်တွင်းနှင့် ပြည်ပတွင် ရှိနေသော အသက်မွေးဝမ်းကျောင်းပညာရှင်များနှင့်ပညာတတ်လူစွမ်းအင်ကို အသုံးချ နိုင်မှုရှိ၊ မရှိဆိုသော အကြောင်းပင်ဖြစ်၏။

အရှိကိုအရှိအတိုင်း လက်ခံမည် ဆိုလျှင် ကျွန်ုပ်တို့တိုင်းပြည်မှ ပညာတတ် သော စက်မှုလက်မှုသိပ္ပံပညာ (techincal) နှင့် အသက် မွေးဝမ်း ကျောင်း ပညာဆိုင်ရာ လူစွမ်းအားသည် လွန်စွာဆုတ်ယုတ်ခဲ့သောကြောင့် အပြည်ပြည်ဆိုင်ရာ သတ်မှတ်စံများနှင့် လိုက်၍ မမီတော့ပေ။

ဤချို့ယွင်းချက် ကို ပြုပြင်ရန် အလွန်ပင် အရေးကြီးပေသည်။
ထို့ပြင် ဦးနှောက် ယိုစီးမှု (brain drain) ကြောင့် ပြင်ပနိုင်ငံများတွင် အလွန်များပြားသော စက်မှုလက်မှု ပညာနှင့် အသက်မွေးဝမ်း ကျောင်းမှု ပညာ တတ်သော မြန်မာ လူစွမ်းအင် ရှိနေ ပေသည်။ ဤကြီးမားလှသော လူစွမ်း အင်ကို တစ်နည်းတစ်ဖုံ အသုံးပြုနိုင် မည်ဆိုပါက ကျွန်ုပ်တို့နိုင်ငံကို လျင်မြန် စွာ တိုးတက်ဖွံ့ဖြိုးအောင် ပြုလုပ်နိုင် ပေမည်။

ဤခေတ်အခါ၌ သိပ္ပံပညာနှင့် စပ် လျဉ်းသည့် တိုးတက်မှုများသည် အံ့မခန်းလိလိဖြစ်၏။
မည်သည့် ဗဟုသုတကဏ္ဍတွင်ဖြစ်စေ ဥပမာ- ရုပ်လောက၊ သို့ မဟုတ် အသက်ဇီဝနှင့်စပ်လျဉ်း၍ တိုးတက်မှုများမှာ ကြီးကျယ်လှ၏။
ယင်းသည် ဆေးသိပ္ပံနှင့် ဇီဝဗေဒသိပ္ပံများဖြစ်သော ဥပမာ မော်လီကျူးအဆင့်ရှိ ဇီဝဗေဒ (molecular biology) ၊ မျိုးပွားပညာ (genetics)၊ ဇီဝ ဓာတုဗေဒ (bio-chemistry) နှင့် အာရုံနဗ်ကြောသိပ္ပံများ (neurosciences) အစရှိသည်တို့တွင် ဖြစ်၏။

တစ်ချိန်တစ်ခါက ကျွန်ုပ်တို့အနေဖြင့် အလွန်အတွေးခေါင်သော စိတ်ကူး၊ စိတ်သန်းဖြင့်ပင် စိတ်မကူးနိုင်သော အသစ်သော တွေ့ရှိချက်များသည် ယခုအခါ သာမန်အဖြစ်သာ ရှိနေ၏။

သာဓကအချို့ဖြစ်သော ထပ်တူ သတ္တ၀ါကို သဘာဝနည်းဖြင့်မဟုတ်ဘဲ မျိုးထုတ်ခြင်း(cloning)၊ တစ်ရှူး ကလာပ်စည်းစုကို ဓာတ်ခွဲခန်းတွင် မွေး ယူခြင်း (tissue culture) ၊ လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို ဖော်ထုတ်အစားထိုးခြင်း၊ ဆေးသိပ္ပံဆိုင်ရာ ရောဂါဖော်ခြင်း (diagnosis) နှင့် နည်း ပညာအပေါ် အခြေပြုသည့် ကုသမှုများ အစရှိသည့် များစွာသော သာဓကတို့သည် စိတ်ကူး ယဉ်အဖြစ်မှ လက်တွေ့ ဘ၀အသွင် သဏ္ဌာန်သို့ ယခုပြောင်းလဲသွားပြီးဖြစ်သည်။

ဥပမာ- မကြာသေးခင်က တွေ့ရှိသော မမျိုးဥအိမ် (ovary) နှင့် ရင်သား ကင်ဆာနှင့်စပ်လျဉ်းသည့် အန္တရာယ်ပြုသော BRAC 1 မျိုးရိုးဗီဇ(gene) ။ ထို့ပြင် အာကာသကို စူးစမ်းရှာဖွေခြင်းနှင့် အထူးသဖြင့် ခေတ်သစ်လက်နက် ကိရိယာနှင့် စစ်တိုက်ခြင်း အစ ရှိသော ဖြစ်အင်များမှာ လူသားတို့၏ သာယာ ၀ပြောရေးအတွက် ကြောက်ခမန်းလိလိ စိုးရိမ်ဖွယ်အခြေအနေတို့ကို ညွှန်ပြနေ၏။

သဘာဝမဟုတ်ဘဲ အတုဖြစ်သောဥာဏ် (artificial intelligence) နှင့် စက်ရုပ်ပညာ (robotics) တို့နှင့် ပတ်သက်သည့် ခေတ်သစ် တိုးတက်မှုများ လည်းအနာဂတ်တွင် မတွေးဝံ့သော အခြေအနေများကို ညွှန်ပြနေ၏။

ထို့ ကြောင့် ယခုအခါ အချို့ပညာရှင်များနှင့် စာရေးဆရာများသည် နည်းပညာ (technology)၊ လွှမ်းမိုးသော အနာဂတ် ဗေဒညာရှင် (futurology) ကို အထူးပြု လိုက်စားလျက်ရှိ၏။ (တစ်နည်းအားဖြင့် အလယ်အလတ်နှင့် အနာဂတ်ကာလတွင် ကျွန်ုပ်တို့သည် မည်သို့သောဘ၀နှင့် ကမ္ဘာကို မျှော် လင့်နိုင်သည်ကို မီးမောင်းထိုးပြနေပေသည်။)

နိဂုံးအနေဖြင့် ကျွန်ုပ်တို့နိုင်ငံနှင့် လူ့အဖွဲ့အစည်း၌ ယခုတည်ရှိနေသော သတင်းအချက်အလက် (information)၊ ဆက်သွယ်ရေး၊ ပညာရေးနှင့် ဗဟု သုတ မလုံလောက်မှုကို ဖြည့်ဆည်းရန် အရေးတကြီး လိုအပ်နေပေသည်။

ဤအရေးကြီးသော လိုအပ်ချက်ကို ဖြည့်ဆည်းရန် ပညာရေးနစ်တစ်ခုလုံးကို အမြစ်ကစ၍ ပြုပြင်ပြောင်းလဲရန်လည်း လိုအပ်သည်။

ထို့ပြင် ပညာရေးနှင့် ကျန်းမာရေးသည်သာလျှင် ဖွံ့ဖြိုးမှုကို ပေးနိုင်စွမ်းကြောင်း ကျွန်ုပ်တို့ လက်ခံယုံကြည်ဖို့ လိုပေသည်။

ဤသို့ပြုလုပ်နိုင်မှသာလျှင် ကျွန်ုပ်တို့ ၏ အိမ်နီးချင်းနိုင်ငံများနှင့် ကွာဟချက်ကို တန်းတူဖြစ်အောင် ဆောင်ရွက်နိုင်ပေမည်။

အမှန်အားဖြင့် နှစ်ပေါင်း ၅၀ ကျော်ကာလက ကျွန်ုပ်တို့သည် အိမ်နီးချင်းနိုင်ငံများထက် လူမှု-စီးပွားရေး ပိုမို တိုးတက်ခဲ့ပေသည်။

အထက်ဖော်ပြပါ နည်းဖြင့်သာလျှင် ကျွန်ုပ်တို့၏ လူမှု- စီးပွားရေးအရ မလုံမလောက်ဖြစ်နေသော လူအများစုကို မြှင့်တင်နိုင်ပေမည်။

လူလတ်တန်းနှင့် အဆင့်ပိုမိုမြင့် သော လူတန်းစားများက ပိုက်ဆံကြေး ငွေနှင့် ချမ်းသာကြွယ်ဝမှုကိုသာ မည်သည့်နည်းဖြင့်မဆို ရရှိအောင်သာ အာရုံစူး စိုက်နေမည်ဆိုပါက ကျွန်ုပ်တို့၏ ဆင်းရဲသူ၊ ဆင်းရဲသားများအား မည်သို့ မျှ မမြှင့်တင်ပေးနိုင်ပေ။

ထို့ပြင် ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းနှင့် နိုင်ငံ၏ဖွံ့ဖြိုးမှုကိုလည်း ဆောင်ရွက်နိုင်မည်မဟုတ်ပေ။

မည်သည့်လမ်းကိုလိုက်၍ ရှေ့သို့ သွားမည့်လမ်းစဉ်ကို ရွေးချယ်မည်ဆိုသည်မှာ ကျွန်ုပ်တို့၏ တာဝန်သာ လုံးလုံး လျားလျား ဖြစ်ပေသည်။

ဆောင်းပါးရှင် ဒေါက်တာညီဝင်းမှန်သည် ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနမှ အငြိမ်းစား တွဲဖက်ပါမောက္ခတစ်ဦး ဖြစ်သည်။

ကုခန်းစိတ်ပညာရှင် (Clinical Psychlogist)တစ်ဦးလည်း ဖြစ်သည်။

ယခုဆောင်းပါးသည် နိုင်ငံနှင့် လူ့အဖွဲ့အစည်း၏ သတင်းအချက်အလက်၊ ဆက်သွယ်ရေး၊ ပညာရေးနှင့် ဗဟုသုတ ဖွံ့ဖြိုးရေးကို ဦးတည်ထားပြီး ထိုသို့   ပြုလုပ်ခြင်းဖြင့် နိုင်ငံနှင့် လူ့အဖွဲ့အစည်းတိုးတက်ရေးကို အကောင်အထည်ဖော်နိုင်ရန် တင်ပြထားခြင်း ဖြစ်သည်။

ဒေါက်တာညီဝင်းမှန် (ကုခန်းစိတ်ပညာရှင်)
မြန်မာ့တိုင်း(မ်) အတွဲ ၂၈ ၊ အမှတ် ၅၅၆-၅၅၇

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: